Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁၇.၂.၂၀၁၂

ဘာသာပြန်သတင်းများ အပိုင်း(၃)

  1. မြန်မာ့ပြုပြင်ပြောင်းလဲရေးအတွက် မရေရာသေးသောမျှခြေ

(Asia Times On Line မှ 16 February 2012 ရက်စွဲပါ Larry Japan ၏ Precarious balance for Myanmar reform ကို ဘာသာ ပြန်ဆိုသည်)

**************************************************************************

မြန်မာ့ပြုပြင်ပြောင်းလဲရေးအတွက် မရေရာသေးသောမျှခြေ

(Asia Times On Line မှ 16 February 2012 ရက်စွဲပါ Larry Japan ၏ Precarious balance for Myanmar reform ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ၏ အနာဂတ်သည် သဘောထားထင်းမာသူများနှင့် လစ်ဘရယ်သမားများကြား ပိုမို ပြင်းထန်လာသော အာဏာလွန်လွန်ဆွဲမှုများကြားတွင် မေးခွန်းမေးစရာဖြစ်လာခဲ့သည်။ ပြုပြင်ပြောင်းလဲရေး လက္ခဏာအချို့သည် အားတက်ဖွယ်ရှိပြီး၊ နိုင်ငံတကာက သမ္မတဦးသိန်းစိန်အပေါ် ကောင်းမွန်သော အမြင်များ ရှိခဲ့သော်လည်း မြန်မာနိုင်ငံမှ ပြောင်းလဲမှုများသည် အချိန်မရွေး ပျက်ယွင်း သွားနိုင်သည့် အနေအထားတွင် ရှိနေဆဲဖြစ်သည်။

ယခုချိန်အထိ သမ္မတဦးသိန်းစိန်၏ ကောင်းမွန်သော ရည်ရွယ်ချက်များသည် လက်တွေ့ကျသော ပြောင်းလဲမှု အနည်းငယ်သာ လုပ်နိုင်ခဲ့ပါသည်။ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းနှင့် လာမည့်ကြားဖြတ် ရွေးကောက်ပွဲတွင် အတိုက်အခံ NLD အားပါဝင်ခွင့်ပြုခြင်း အပါအဝင်ယခုရရှိထားသော နိုင်ငံရေးအရ တိုးတက် မှုများသည် အချိန်မရွေး နောက်ပြန်လှည့်သွားနိုင်ကြောင်း စိုးရိမ်မှုများတိုးပွားလျက်ရှိသည်။ အကြောင်းမှာ ဦးသိန်းစိန်နှင့် ၎င်း၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကိုထောက်ခံသော လစ်ဘရယ် ဖြစ်သော ဝန်ကြီးများကို ဒုသမ္မတဦးတင်အောင်မြင့်ဦးဦးဆောင်သော သဘောထား တင်းမာသူများနှင့် ဒီမိုကရေစီပြောင်းလဲမှုများကို ထောက်ခံသည်ဟု လူသိရှင်ကြားကြေညာထားသော်လည်း ပြုပြင်ပြောင်းလဲရေးများကို နှောင့်နှေးအောင် ပြုလုပ်နေသော ဝန်ကြီးအချို့၏ ဖိအားပေးမှုများက နှောက်ယှက်နေသောကြောင့် ဖြစ်သည်။

သုံးသပ်သူများနှင့် နိုင်ငံရေးလှုပ်ရှားသူများသည် ယခုပြောင်းလဲမှုများသည် အမှန်တကယ်ဖြစ်သလော (သို့မဟုတ်)အရပ်သားအစိုးရပုံဖြင့် စစ်တပ်သြဇာ လွှမ်းမိုးရေးကိုသာ ဆက်လက်လုပ်ဆောင်နေသလော ဆိုသည်ကို ဝိဝါဒကွဲလျက်ရှိသည်။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယခုအချိန်အထိ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးကို ထောက်ခံလျက်ရှိသော်လည်း သူမနှင့် နီးစပ်သော သတင်းများအရ သူမသည် သတိကြီးစွာ ထားလျက် ရှိသည်ဟု သိရှိရသည်။ ဥရောပသမဂ္ဂရော အမေရိကန်ပြည်ထောင်စုကပါ ဧပြီလကြားဖြတ်ရွေးကောက်ပွဲတွင် လွတ်လပ်၍ တရားမျှတခြင်း အပါအဝင် ပြုပြင်ပြောင်းလဲမှုများတွင် ပိုမိုတိုးတက်မှုများရှိပါက ၎င်းတို့၏ စီးပွားရေးနှင့် ငွေကြေးဆိုင်ရာ အရေးယူမှုများကို ရုတ်သိမ်းမည်ဟု ပြောခဲ့ပြီး ဖြစ်သည်။ ရွေးကောက်ပွဲများသည် ပြုပြင် ပြောင်းလဲရေးသမားများကသော်လည်း၊ သဘောထားတင်းမာသူများကသော် လည်းကောင်း အနာဂတ်ပြု ပြင်ပြောင်းလဲရေးများတွင် သြဇာလွှမ်းမိုးလိမ့်မည် ဆိုသည်ကို ပြဆိုမည်ဖြစ်သည်။

အစိုးရအဖွဲ့အတွင်း လူတစ်ဦး၏ ခန့်မှန်းချက်အရ လက်ရှိဝန်ကြီးများ၏ ၂၀% သည် လစ်ဘရယ် များဖြစ်ပြီး၊ အခြား ၂၀% သည် သဘောထား တင်းမာသူများ ဖြစ်ကြောင်းသိရသည်။ ကျန် ၆၀% မှာ ခြံစည်းရိုးခွထိုင်သူများဖြစ်ကြောင်း ခန့်မှန်းသည်။

အချို့စောင့်ကြည့်လေ့လာသူများကမူ အစိုးရအဖွဲ့အတွင်း မည်သို့ကွဲပြားနေစေကာမူ ၎င်းတို့သည် စစ်တပ်မှ လာသူများဖြစ်၍ စစ်အစိုးရက အသေအချာ စီမံထားခြင်းဖြစ်ရုံမက စစ်အစိုးရ၏ သဘာဝများကို ပြောင်းလဲနိုင်လိမ့်မည် မဟုတ်ဟု ယုံကြည်နေပါသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် အနားယူသွားပြီဆိုသော်လည်း နောက်ကွယ်မှ ကြိုးကိုင်နေဆဲဖြစ်ကြောင်း ၎င်းတို့က ယုံကြည်နေဆဲဖြစ်သည်။ “သမ္မတဦးသိန်းစိန်ဟာ မြန်မာအစိုးရသစ် မဟာဗျူဟာရဲ့ ရုပ်သေးရုပ်ပါ။ ဦးသန်းရွှေက မူဝါဒတိုက်ရိုက်ချပြီး နောက်ကွယ်ကနေ ကြိုးကိုင်နေတုန်းပါပဲ”ဟု ဝါရှင်တန်တွင် နိုင်ငံရေးခိုလှုံခွင့်တောင်းခဲ့သူ ဦးအောင်လင်းထွဋ်က Asia Times Online သို့ ပြောသည်။

ဦးသိန်းစိန်အစိုးရ၏ ထိပ်တန်းအဖွဲ့ဝင်များနှင့် အဆက်အသွယ်ရှိသူအချို့ကမူ အရပ်သားအစိုးရသစ်သည် ပြုပြင်ပြောင်းလဲရေး၊ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် လုပ်ဆောင်ရန် ဆန္ဒပြင်းပြပြီး ရိုးသားကြောင်း ငြင်းချက် ထုတ်သည်။ “ဦးသိန်းစိန်နဲ့ သူ့ကို ထောက်ခံသူတွေဟာ လူကြီးလူကောင်းဆန်ဆန်(Gentlemen’s Agenda) လုပ်ရတာကို စိတ်တက်ကြွနေကြပါတယ်”ဟု အစိုးရသစ်ကို ကိုယ်တိုင်အကြံပေးခဲ့သူ၊ ဇန်နဝါရီလ(၁) ရက်နေ့က နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့သော မြန်မာပညာရှင်၊ စာရေးဆရာ၊ အယ်ဒီတာ နေဝင်းမောင်က မကြာခဏ ပြောသည်။

အစိုးရအဖွဲ့ဝင်အများစုက အကျင့်ပျက်ချစားမှုကြီးမားခြင်း၊ နိုင်ငံတကာ၏ အပစ်ပယ်ခံဖြစ်ခြင်းနှင့် တိုင်းပြည်တစ်ဝှမ်း စစ်တပ်ပုံရိပ် ပျက်စီးခြင်းများ အပါအဝင် ဦးသန်းရွှေ၏ ဖိနှိပ်သောအုပ်ချုပ်မှုကို မုန်းတီးကြောင်း ဆိုကြသည်။ ဦးသန်းရွှေ၏ အမွေဆိုးများကို တွန်းလှန်ရေးသည် ဦးသိန်းစိန်၏ ပြုပြင် ပြောင်းလဲရေး  အစီအစဉ်များ၏ နောက်ကွယ်မှ တွန်းအားဖြစ်ကြောင်း ၎င်းတို့ကဆိုကြသည်။

                ဦးသိန်းစိန်က ၎င်းသည် ဦးသန်းရွှေ၏ ချုပ်ကိုင်မှုကို စိတ်မချမ်းမသာဖြစ်ပြီးရပြီး၊ ကာလအတန်ကြာ ကတည်းက တိုင်းပြည်ကို ပြုပြင်ပြောင်းလဲရေး ပြုလုပ်ရန် ဆန္ဒရှိကြောင်း နော်ဝေဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးသို့ မကြာမီကပြောခဲ့သည်ဟု ရန်ကုန်ရှိသံတမန်များ၏ အဆိုအရသိရှိရသည်။ ဦးသိန်းစိန်၏ အမျီုးသမီးကလည်း ဒေါ်အောင်ဆန်းစုကြည်သို့ ပြောကြားရာတွင် သူမ၏ခင်ပွန်းသည် လွန်ခဲ့သော ဆယ်နှစ်ကျော်ကတည်းက ပြုပြင်ပြောင်းလဲရေးများကို စတင် လုပ်ဆောင်လိုခဲ့ကြောင်း ပြောဆိုခဲ့သည်ဟုသိရှိပါသည်။

ဦးသိန်းစိန်နှင့် နီးကပ်သူများက ဦးသိန်းစိန်သည် ၂၀၀၇ ခုနှစ်ဘုန်တော်ကြီး အရေးအခင်းအပြီးနှင့် ၂၀၀၈ ဆိုက်ကလုံးနာဂစ်အပြီးတွင် အရေးကြီးသော ပြောင်းလဲမှုများလိုအပ်ကြောင်းသိရှိလာသည်ဟု ယုံကြည် နေကြသည်ဟု နေပြည်တော်ရှိ စစ်တပ် အသိုင်းအဝိုင်းမှလာသော သတင်းများ အရ သိရှိရသည်။

ဦးသိန်းစိန်သည် မုန်တိုင်းဒဏ်ခံရသော ဒေသများသို့ သွားရောက်ကြည့်ရှုပြီးနောက် တုန်လှုပ်သွားခဲ့ကြောင်း၊ ဦးသိန်းစိန်အား အနီးကပ် ကူညီနေသူ တစ်ဦးက Asia Times Online သို့ ပြောသည်။ ထိုသို့ အမြင်ရှိသူများမှာ ဦးသိန်းစိန် တစ်ဦးတည်းမဟုတ်ပဲ၊ အစိုးရအတွင်းတွင်ရော စစ်တပ် အတွင်းမှာပါ ၎င်း၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို စွဲမြဲစွာလိုလားသူများ ရှိသည်။ “စပ်တပ်ထဲမှာ အများက လေးစားနံမည်ကောင်းရဖို့ ရည်ရွယ်ချက် ရှိသူတွေ၊ ပြည်သူ အမြင်မှားနေတာ ပြန်ကောင်းစေလိုသူတွေ ရှိပါတယ်” ဟု အမေရိကန် Georgetown တက္ကသိုလ်မှ မြန်မာအရေး ကျွမ်းကျင်သူ David Steinberg က ပြောသည်။

ယခုအထိ ပြုပြင်ပြောင်းလဲရေးများ အကောင်အထည်ဖော်နေခြင်းမှာ အသေအချာ စီမံရေးဆွဲထားခြင်း မဟုတ်ပဲ ကြုံသလိုလုပ်ဆောင်နေခြင်းသာ ဖြစ်သည်။ ဥပမာ ပြောရလျှင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ဦးဆောင်နေသော ရထားဝန်ကြီး ဦးအောင်မင်းကို ပြရမည်ဖြစ်သည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များတွင် ပါဝင်ခဲ့သော တိုင်းရင်းသားခေါင်းဆောင် အချို့က စာရေးသူအား ပြောပြရာတွင် ၎င်းတို့သည် ဦးအောင်မင်း၏ ရိုးသားမှုကို ယုံကြည်သည်ဟု ဆိုကြသည်။

“ဒါက ပုဂ္ဂိုလ်ရေးကြောင့်ပါ” ဟု ပြီးခဲ့သည့်လက KNU သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးပြီး မကြာမီ ကရင်ခေါင်းဆောင် တစ်ဦးက Asia Time Online သို့ ပြောသည်။ ပြီးခဲ့သည့် နိုဝင်ဘာက ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ်တွင် အကြိုညှိနှိုင်းဆွေးနွေးပွဲ၌ ခေတ္တနားပြီး လက်ဖက်ရည် သောက်ချိန်တွင် ကရင်နှင့် ယုံကြည်မှု တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ အခမ်းအနားနှင့် နီးစပ်သူ သတင်းတစ်ရပ်က ဆိုသည်။

လက်ဖက်ရည်သောက်ချိန် တစ်ခုတွင် ဦးအောင်မင်းသည် KNU အား ရထားလမ်းများ တိုက်ခိုက်မှုမလုပ်ရန် ကိုယ်ရေးကိုယ်တာ တောင်းပန်ခဲ့ရာ ကရင် ကိုယ်စားလှယ်များ ဦးအောင်မင်းအား နှစ်သက်သဘောကျသွားခဲ့ကြခြင်း ဖြစ်သည်။ ယခုနှစ်ပိုင်းတွင် မြန်မာရထားလမ်းများအား တိုက်ခိုက်မှု အချို့ ရှိခဲ့ရာ KNU က ပြုလုပ်သည်ဟု ယုံကြည်မှုများ ရှိခဲ့သည်။

အချို့စောင့်ကြည့်လေ့လာသူများက ပုဂ္ဂိုလ်ရေးပုံစံချဉ်းကပ်မှုများသည် နောက်ဆုံးတွင် ဆန့်ကျင်ရလဒ်များ ရတတ်သည်ဟု ယုံကြည်နေကြသည်။ “အရာရာတိုင်း ကြည့်ရတာ ပုဂ္ဂိုလ်ရေး ဆက်သွယ်မှုတွေရဲ့ ရလဒ်တွေလို့ ထင်တာပဲ။ သမ္မတကြီး နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ ဆက်ဆံရေးကို ကြည့်ပါလား” ဟု မြန်မာနိုင်ငံတွင် 15 နှစ်ခန့် နေထိုင်ခဲ့သူ ဥရောပသံတမန်ဟောင်းတစ်ဦးက ပြောသည်။ “ဒါဟာ လုပ်ငန်းစဉ်ကြီးတစ်ခုလုံးရဲ့ မဟာ အမှားကြီးပါပဲ။ ခြုံပြီး စီမံချက် ရေးဆွဲထားတာမရှိတော့၊ အကယ်၍ အခြေအနေတွေ ပြောင်းသွားခဲ့ရင်၊ တစ်ညတည်းနဲ့ အားလုံး တစ်မျိုး ဖြစ်သွားနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

“ဒီပြောင်းလဲမှုတွေဟာ အဖွဲ့အစည်းအတွင်း စနစ်တကျစီမံထားခြင်းမရှိရင်၊ အနာဂတ်မှာ နောက်ပြန် လှည့်သွားနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ အထူးသဖြင့် အကျင့်ပျက်ချစားမှုများ ဆက်ရှိနေရင်၊ ရက်စက်မှုတွေ ဆက်ရှိနေရင် ဖြစ်ပါတယ်” ဟု ထိုင်းနိုင်ငံ အခြေစိုက် ဖွံ့ဖြိုးရေးကျွမ်းကျင်သူ ဦးအောင်နိုင်ဦးက ပြောသည်။

မြန်မာအစိုးရသစ်သည် နိုင်ငံရေးအရ အသွင်ကူးပြောင်းရေးကာလအတွင်း အားလုံးထက် ဦးစားပေးရမည့်ကိစ္စမှာ ငြိမ်းချမ်းရေးနှင် တည်ငြိမ်ရေးကို ထိန်းသိမ်းရေးဖြစ်သည်ကို သိထားရာ လစ်ဘရယ်ဖြစ်သူများရော သဘောထား တင်းမာသူများကပါ သဘောထားတူညီကြသည်။ လူထုအတွင်း မငြိမ်သက်မှုများ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်ခြင်းသည် အများ မျှော်လင့်နေသော နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန် လအတန်ကြာ နှောင့်နှေးရခြင်း၏ အကြောင်းရင်း ဖြစ်ပေမည်။ ထိုသို့ ကြောက်ရွံ့ခြင်းကြောင့်ပင် မကြာမီက လွှတ်ပေးခဲ့သော အရှင်ဂမ္ဘီရအား ယခုတလော ခေတ္တ ဖမ်းဆီးခေါ်ယူ မေးမြန်းခဲ့ခြင်း ဖြစ်လိမ့်မည်။

ဦးသန်းရွှေ၏ အသွင်ကူးပြောင်းရေးကာလ စီမံချက်မှာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ အချိန်ဆွဲရန်နှင့် စစ်တပ် အုပ်စုများကြား သွေးခွဲအုပ်ချုပ်ရေး ပုံစံကို ရှင်းရှင်းလင်းလင်း ရည်ရွယ်သည်။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအနာဂတ်နှင့်ပတ်သက်၍ ဦးသန်းရွှေ၏ အမြင်ကို ထင်ဟပ်နေသည်။ အခြေခံဥပဒေတွင် ဦးသန်းရွှေက ၎င်း၏ နေရာနှင့် မိသားစုစည်းစိမ်ချမ်းသာကို စိန်ခေါ်မည့် အာဏာကို မည်သည့် ပုဂ္ဂိုလ်တစ်ဦးကိုမျှ မတည်စေတော့ပဲ၊ အာဏာကို ခွဲဝေအပ်နှင်းထားသည့် စနစ်ကို ဖန်တီးထားသည်။ ဦးသန်းရွှေသည် ယခင်စစ်အာဏာရှင် ဦးနေဝင်း၏ မိသားစုများကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ဦးသန်းရွှေသည် စနစ်သစ်တွင် ဥပဒေများပြောင်းလဲရေး ခက်ခဲစေရန်လည်း လုပ်ဆောင်ထားသည်။ အခြေခံဥပဒေကို ပြင်ဆင်ရာတွင် လိုအပ်သည်ထက်ပို၍ လွှတ်တော်၏ လေးပုံသုံးပုံက သဘောတူမှသာ ပြင်ဆင်နိုင်ရန် သတ်မှတ်ထားသည်။ လွှတ်တော်၏ လေးပုံတစ်ပုံသည် စစ်တပ်မှ ကိုယ်စားလှယ်များ ပါဝင်နေရာ ဥပဒေပြင်ဆင်ရေးများနှင့် ပတ်သက်၍ စစ်တပ်က ဗီတိုအာဏာ ရထားသည့် သဖွယ် ဖြစ်နေသည်။

သို့သော် ဦးသန်းရွှေသည် ကြိုတင်တွက်ဆရာတွင် မတွက်မိသောအချက်မှာ သမ္မတဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဌ ဦးရွှေမန်းနှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့သည် လူကြီးလူကောင်းဆန်စွာ လုပ်ဆောင်လာလိမ့်မည် ဟူသော အချက် ဖြစ်သည်။ ထိုသို့ လုပ်ဆောင်မှုများကြောင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ အရှိန်ရ အားကောင်းလာပြီး၊ ဒေါ်အောင်ဆန်းစုကြည်အား လုပ်ငန်းစဉ်အတွင်း ပါဝင်လာရန် စိတ်ဓါတ် ခွန်အားများ ဖြစ်ပေါ်လာစေသည်။ အသွင်ကူးပြောင်းရေးကာလတွင် အများက ထည့်သွင်းစဉ်းစားမိခြင်းမရှိသော အချက်မှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် ပါဝင်သော လွှတ်တော်၏ကဏ္ဍ ဖြစ်သည်။ ဝေဖန်သုံးသပ်သူများနှင့် နိုင်ငံရေးလှုပ်ရှားသူများက ယခု လွှတ်တော်နှစ်ရပ်သည် ယခင် ဦးနေဝင်း လက်ထက်က ဆိုရှယ်လစ်လွှတ်တော် ကဲ့သို့ ရာဘာတံဆိပ်တုံးလွှတ်တော်သာ ဖြစ်လိမ့်မည်ဟု ယုံကြည်နေခဲ့ကြသည်။ ယခုအထိမူ ထိုကိစ္စသည် မှန်ကန်ခြင်း မရှိခဲ့ပေ။ ဦးရွှေမန်းသည် ၎င်းအား လစ်လျူရှုပြီး ဦးသိန်းစိန်အား သမ္မတအဖြစ် ရွေးချယ်ခဲ့စဉ်က အကြီးအကျယ် စိတ်ပျက်သွားခဲ့ဖူးသည်။ လွှတ်တော်အား ပြည်သူများ၏ ကိုယ်စားပြုမှုအတွက် ပို၍ မျက်နှာပန်းလှစေရန် ဦးရွှေမန်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD က လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ပါဝင်လာခြင်းကို ထောက်ခံခဲ့သည်။

၎င်းသည် ပြီးခဲ့သည့် ဒီဇင်ဘာလ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် တွေ့ဆုံစဉ်က ပြောကြားရာတွင် ၎င်းအနေဖြင့် မြန်မာနိုင်ငံ၏ လွှတ်တော်သစ်အား အမေရိကန်ကွန်ဂရက်ကဲ့သို့ ကောင်းမွန်အောင် လုပ်ဆောင်လိုကြောင်း ပြောခဲ့သည်ဟု သတင်းများက ဆိုသည်။ “ကျွန်တော်တို့ လိုအပ်တဲ့ လုပ်ဆောင်မှုတွေ လုပ်ဆောင်နေပါတယ်။ ဒါကြောင့် လာမည့် ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိမယ်။ အများကလည်း ထောက်ခံနိုင်မှာပါ” ဟု ဦးရွှေမန်းက ဥရောပ သမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်နာမင်းကြီး Andris Piebalgs အား စကားပြန်မှတဆင့် ယခုအပတ် အစောပိုင်းတွင် ပြောကြားခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲများတွင် လက်တွေ့ရလဒ်ထက်စာလျှင် ကျင်းပပုံ တရားမျှတမှု ရှိသည် မရှိသည် ဆိုသည်များက အနာဂတ် လူကြီးလူကောင်း ဆန်သော လုပ်ဆောင်မှုများအတွက် လမ်းကြောင်းကို သက်သေထူမည် ဖြစ်သည်။ အနည်းဆုံးအားဖြင့် ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်များသည် အနိုင်ရထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အား လာမည့် 2015 အထွေထွေရွေးကောက်ပွဲတွင် အကြိတ်အနယ် ယှဉ်ပြိုင်ရလိမ့်မည်ဟု သဘောပေါက်စေလိမ့်မည် ဖြစ်သည်။

ဦးသိန်းစိန်က သမ္မတအဖြစ် သက်တမ်းတစ်ခုသာ ထမ်းဆောင်မည် ဖြစ်ကြောင်း တရားမဝင် ကြေညာထားသည်။ ဦးရွှေမန်းကလည်း တစ်နေ့တွင် သမ္မတ ဖြစ်လိုကြောင်း ပြသထားပြီး ဖြစ်သည်။ ၂ဝ၁၅ ခုနှစ် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲတွင် အနိုင်ရရန် ဦးရွှေမန်းအနေဖြင့် သဘောထား တင်းမာသော ဦးအောင်သောင်း၊ ဦးဌေးဦး၊ ဦးမောင်မောင်သိမ်း တို့ကဲ့သို့သော သုံးမရသည့် အတားအဆီးများကို USDP မှ ဖယ်ရှားရန် လိုအပ်မည် ဖြစ်သည်ဟု ဦးရွှေမန်း၏ အကြီးတန်းအကြံပေးများ၏ အဆိုအရ သိရသည်။

အစိုးရအဖွဲ့တွင်းမှ ဦးရွှေမန်း၏ မဟာမိတ်များ မျှော်လင့်နေသောအချက်မှာ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD မှ အနိုင်ရရှိလာခြင်းကြောင့် လွှတ်တော် သန့်ရှင်းရေးနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ခြင်းမရှိသော သဘောထား တင်းမာသူများအား ရှင်းပစ်ရန် နိုင်ငံရေးအရ အကြောင်းပြချက် ရရှိနိုင်မည် ဆိုသော အချက် ဖြစ်သည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်နေရာအတွက် အနိုင်ရရှိခဲ့ပါက ဦးရွှေမန်းသည် ယင်းအား အတိုက်အခံ ခေါင်းဆောင်အဖြစ် ခွင့်ပြုလိမ့်မည်ဟု မျှော်လင့်ရသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်အတွက် သဘောထား တင်းမာသူများကို ဆန့်ကျင်လျက် နိုင်ငံရေးအရ ခြေကုတ်ရပြီး ဩဇာလွှမ်းမိုးရေး မဟာဗျူဟာသည် အန္တရာယ်များရှိနိုင်ပြီး ပြုပြင်ပြောင်းလဲရေးကို လက်ရှိ ထောက်ခံနေသူ များနှင့်လည်း သဘောထား မတူမှုအသစ်များ ထွက်ပေါ်လာနိုင်သည်။

“အံ့ဩစရာကောင်းတဲ့ အချက်ကတော့ ဦးသိန်းစိန်နဲ့အဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဩဂုတ်လက တွေ့ပြီးကတည်းက ဆက်ဆံရေး ပြုလုပ်ခဲ့တာကိုပါ” ဟု ဒေါ်အောင်ဆန်းစုကြည်၏ အတ္ထုပ္ပတ္တိကို ရေးသားသူ ဗြိတိသျှပညာရှင် ဂျပ်စတင်ဝင်တယ် (Justin Wintle)က ပြောသည်။ “လက္ခဏာ ကြည့်ရတာတော့ မရိုးမသားမရှိပါဘူး။ ကိုယ့်ရဲ့ နိုင်ငံရေးရန်သူကို ဆက်ဆံရာမှာ ကိုယ့်အထဲကို ခေါ်သွင်းရတာပဲ။ အဲဒါ မြန်မာနိုင်ငံ ပြန်လည် တည်ဆောက်ရေးအတွက် အစစ်အမှန် ကြိုးပမ်းမှုတစ်ခုပါ” ဟု ယင်းက ဆိုသည်။

အဆိုပါ အရေးပါလှသော နိုင်ငံရေးလုပ်ဆောင်မှုသည်ပင် စနစ်တကျစီမံခြင်းမဟုတ်ဘဲ အစိုးရ၏ သဘာဝအတိုင်း ကြုံသလို လုပ်ဆောင် လိုက်ခြင်းပင် ဖြစ်သည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်သာ လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက သူမသည် ဦးရွှေမန်းနှင့် USDP ၏ လွှမ်းမိုးမှုများအား ၂ဝ၁၅ ရွေးကောက်ပွဲတွင် စိန်ခေါ်မည့်သူအဖြစ် ထွက်ပေါ်လာတော့မည် ဖြစ်သည်။ "ငါသိပါတယ်။ ဒီအခြေအနေမှာ ဒီတံတားကိုတော့ ဖြတ်ရမှာပါ" ဟု ဦးရွှေမန်းက ယင်း၏ သားဖြစ်သူ တိုးနိုင်မန်းအား ပြောခဲ့သည်ဟု မိသားစုနှင့် နီးစပ်သော သတင်းများအဆိုအရ သိရသည်။

*******************************************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁၇.၂.၂၀၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. တရုတ်လက်မှ မြန်မာကို ခိုးပြေးရန် ကြိုးပမ်းနေသည့် အနောက်နိုင်ငံကြီးများ

(ရုရှား သတင်းဝက်ဆိုက်တစ်ခု ဖြစ်သော Pravda.ru မှ ဆာဂျီဘာမာဆော့ဖ်ရေးသားသည့် The West tries to steal Burma from China ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

**************************************************************************************

တရုတ်လက်မှ မြန်မာကို ခိုးပြေးရန် ကြိုးပမ်းနေသည့် အနောက်နိုင်ငံကြီးများ

(ရုရှား သတင်းဝက်ဆိုက်တစ်ခု ဖြစ်သော Pravda.ru မှ ဆာဂျီဘာမာဆော့ဖ်ရေးသားသည့် The West tries to steal Burma from China ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

ယခုအခါ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂ(အီးယူ)တို့သည် တရုတ်ဆီက မြန်မာနိုင်ငံကို "အနောက်တိုင်းတန်ဖိုး" များဖြင့် ပြန်လည် ဖိုးကပ်စ်လုပ်ရန် ကြိုးစားလျက်ရှိကြသည်။ မြန်မာအာဏာပိုင်များ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကြောင့် မြန်မာအပေါ် သတ်မှတ် ပြဋ္ဌာန်းထားသည့် နိုင်ငံရေးနှင့် စီးပွားရေးပိတ်ဆို့အရေးယူမှုအချို့ကို စတင်ဖယ်ရှားပေးရန်လည်း ပြင်ဆင်လျက် ရှိကြလေသည်။ ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့မှ ကျွမ်းကျင်သူ ပညာရှင်များသည်လည်း မြန်မာနိုင်ငံသို့ သွားရောက်ပြီး ဘဏ်လုပ်ငန်းများအတွက် နည်းပညာဆိုင်ရာ အထောက်အပံ့များ ပေးအပ်နိုင်ရန် ပြင်ဆင်လျက် ရှိကြပေသည်။

အမေရိကန်နှင့် အီးယူတို့သည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်နှောင်းပိုင်းကာလမှစတင်၍ မြန်မာအပေါ် ပိတ်ဆို့ထားမှုများဖယ်ရှားရန် ညီညွတ်စွာ ခြေလှမ်းပြင် လာကြခြင်းဖြစ်သည်။ မြန်မာအစိုးရအဖွဲ့သစ်၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများနှင့် အချိုးအစားကိုက်ညီမှုရှိသော ပိတ်ဆို့အရေးယူမှု ဖယ်ရှားမည့် လုပ်ငန်းစဉ်များကို လုပ်ဆောင်ပေးမည်ဟု အနောက်နိုင်ငံများက ထောက်ပြပြောဆိုထားသည်။

မြန်မာနိုင်ငံသည် ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်လာလတွင် ဒီမိုကရေစီရွေးကောက်ပွဲကြီးတစ်ရပ်ကို နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ကျင်းပနိုင်ခဲ့သည်။ ထို့နောက် လူမှုစီးပွားရေး အခြေအနေဆိုးများ၊ အနောက်၏ ဖိအားပေးမှုများနှင့် ရင်ဆိုင်နေခဲ့ရသော စစ်အစိုးရက အရပ်သားအစိုးရကို အာဏာ လွှဲပြောင်းပေးရန်ဆုံးဖြတ်လိုက်သည်။

သို့တိုင်အောင် လက်ရှိအရပ်သားအစိုးရသစ်၏ အရေးပါသော အုပ်ချုပ်ရေးရာထူးများကို သမ္မတဦးသိန်းစိန် (ဗိုလ်ချုပ်ကြီးဟောင်း) အပါအဝင် ယခင် စစ်အာဏာရှင် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ စစ်အစိုးရအဖွဲ့ဝင် စစ်ဗိုလ်ချုပ်ကြီးများက ဆက်လက်ထိန်းချုပ်ထားဆဲပင်ဖြစ်သည်။ သို့သော်လည်း မြန်မာသမ္မတ ဦးသိန်းစိန်က အနောက်နိုင်ငံများ တောင်းဆိုထားသော အရာများကို စတင်အကောင်အထည်ဖော် လုပ်ကိုင်ခဲ့ရာ မြန်မာပြည်အပေါ် ယခင်စစ်အစိုးရ၏ အလုံးစုံ ထိန်းချုပ်ထားမှုမှာ တဖြည်းဖြည်းချင်းလျော့ပါးလာသည်။

မြန်မာနှင့် အနောက်နိုင်ငံများအကြား နှင်းခဲစတင်ပျော်ကျလာမှုကို ဖော်ကျူးပြသည့် ဖြစ်ရပ်တစ်ခုမှာ ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းအတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာပြည်သို့ သွားရောက် လည်ပတ်မှုပင် ဖြစ်သည်။ မြန်မာမီဒီယာများ၏ ရေးသားဖော်ပြချက်အရ ဟီလာရီကလင်တန်သည် စစ်တပ် အာဏာသိမ်းပိုက်မှု ဖြစ်ပေါ်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းကာလများအတွင်း မြန်မာပြည်သို့ပထမဆုံးလာရောက်သည့် 'ကန်' နိုင်ငံခြားရေးဝန်ကြီးဖြစ်သည်။ ဖမ်းဆီး ထိန်းသိမ်းခံထားရသော နိုင်ငံရေးအကျဉ်းသား ၆၅၁ ဦးကို လွှတ်ပေးပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် မြန်မာအစိုးရ၏ ဆုံးဖြတ်ချက်အပေါ် ထောက်ခံမှု ပြုပါကြောင်း ဟီလာရီ ကလင်တန်၏ ယင်းသမိုင်းဝင်ခရီးစဉ်က ဖော်ကျူးသည်။

ယခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့တွင်မူ သမ္မတဘားရက်အိုဘားမားက မြန်မာနိုင်ငံ၌ အမေရိကန်ပြည်ထောင်စု၏ သံအမတ်ကြီး ပြန်လည် ခန့်အပ်ထားရှိရန် ဆုံးဖြတ်ခဲ့သည်။ အမေရိကန်အစိုးရသည် ၁၉၉၀ ပြည့်နှစ် မြန်မာ့ဒီမိုကရေစီ ရွေးကောက်ပွဲရလဒ်အား စစ်တပ်က မသိကျိုးကျွံပြုကာ နာမည်ကျော် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် အကျဉ်းချခဲ့ပြီးနောက် မြန်မာနိုင်ငံအား သံတမန်ဆက်ဆံရေး အဆင့်နှိမ့်ချသည့် အနေဖြင့် သံအမတ်ကြီး ထားရှိမှုကို ပယ်ဖျက်ခဲ့သည်။

ယခုအခါတွင်မူ မြန်မာ့ဒီမိုကရေစီအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာပြီဖြစ်သလို နိုင်ငံရေး လှုပ်ရှားမှုများကိုလည်း လွတ်လွတ်လပ်လပ်ပင် လုပ်ကိုင် ဆောင်ရွက်နိုင်ပြီ ဖြစ်ကာ လာမည့် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန်လည်း ပြင်ဆင်လျက်ရှိသည်။ ကြားဖြတ်ရွေးကောက်ပွဲအတွက် သူမ၏ မဲဆွယ်ဆောင်ပုဒ်မှာ "ခေတ်မီနည်းပညာ စွမ်းပကားဖြင့် လူငယ်များအား အထောက်အပံ့ ပေးရေး" ဟူ၍ဖြစ်လေသည်။

ဤအတောအတွင်းမှာပင် တစ်ချိန်က မြန်မာနိုင်ငံကို ကိုလိုနီလုပ်အုပ်ချုပ်ခဲ့သော ဗြိတိန်နိုင်ငံကလည်း မြန်မာ့ အပြောင်းအလဲများကို အသိအမှတ်ပြုလာသည်။ မည်သို့ပင် ဆိုစေ မြန်မာခေါင်းဆောင်ပိုင်းအနေဖြင့် ၎င်းတို့ထားရှိသော ဦးတည်ချက်များ မည်မျှအတိုင်းအတာအထိ ရိုးရှင်းမှုရှိကြောင်း သက်သေထူနိုင်ရေးအတွက် လုပ်ကိုင်ပြရန် များစွာ ရှိနေသည်ဟု အနောက်နိုင်ငံများက ထောက်ပြပြောဆိုထားသည်။ ဖေဖော်ဝါရီလဆန်းပိုင်းတွင်မူ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလီယံဟေ့ဂ် မြန်မာပြည်သို့ လာရောက်လည်ပတ်သည်။ ၎င်း၏ ခရီးစဉ်သည် ၁၉၅၅ ခုနှစ်နောက်ပိုင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးတစ်ဦး၏ ပထမဆုံးခရီးစဉ်ဖြစ်ခဲ့သည်။ "မြန်မာ အစိုးရရဲ့ နောက်ထပ်ဖြစ်မယ့် လုပ်ကိုင်ဆောင်ရွက်မှုတွေကိုကြည့်ပြီး သူ့ရဲ့ရိုးစင်းမှုအပေါ် ကမ္ဘာ့အသိုင်းအဝိုင်းက အကဲဖြတ်ကြမှာဖြစ်ပါတယ်" ဟု မစ္စတာ ဝီလီယံဟေ့ဂ်က မှတ်ချက်ပေးပြောဆိုခဲ့သည်။ ယင်းအဆိုသည် မြန်မာအစိုးရအနေဖြင့် ဒီမိုကရေစီ အင်အားစုများကို ဝင်ရောက်စွက်ဖက်မှုပြုလုပ်မည် မဟုတ်သလို မြောက်ကိုရီးယား နိုင်ငံနှင့် လျှို့ဝှက်သော ဆက်ဆံရေးကိုလည်း စွန့်လွှတ်မည်မဟုတ်ဟူသောအချက်ကို အခြေခံကာထွက်ပေါ်လာခြင်းဖြစ်ဟန်ရှိသည်။ အထူးသဖြင့် နျူကလီးယား အရေးကိစ္စနှင့် များစွာသက်ဆိုင်ပေလိမ့်မည်။

ဤအတောအတွင်းမှာပင် မြန်မာနိုင်ငံသည် "ရွှေဝါရောင် မြွေဟောက်" အမည်ရသည့် နိုင်ငံပေါင်းစုံပါ နှစ်စဉ်စစ်ရေးပူးတွဲလေ့ကျင့်မှု၌ ပူးပေါင်းပါဝင်လိုသည်ဟု ထုတ်ဖော် ပြောဆိုထားကြောင်း ထိုင်းအစိုးရ၏ အဆိုအရသိရသည်။ ဂျပန်သတင်းမီဒီယာ ရေးသားချက်များအရ အဆိုပါ စစ်ရေးလေ့ကျင့်မှုများသည် အာရှနဂါးကြီး တရုတ်ကို ထိန်းချုပ်ရန် ဦးတည်ခြင်းဖြစ်သည်။ မြန်မာ၏သဘောဆန္ဒကို အမေရိကန်သမ္မတအိုဘားမားက သဘောတူ ခွင့်ပြုခဲ့သည့်တိုင် အမေရိကန်ကွန်ဂရက် လွှတ်တော်က မြန်မာအနေဖြင့် နှစ်အနည်းငယ်အတွင်းလောက်ရောက်မှ အသင့်ဖြစ်လိမ့်မည်ဟု ဆိုကာ ကန့်ကွက်ပိတ်ပင်ခဲ့သည်။ အမေရိကန်ပညာရှင်အချို့ကမူ မြန်မာသည် 'ထရိုဂျန်မြင်းရုပ်' (သူလျှို) အဖြစ် စစ်ရေးပူးပေါင်းလေ့ကျင့်မှုသို့ဝင်ရောက်ကာ အမေရိကန်၏ လျှို့ဝှက်ချက်များကို တရုတ်ပြည်အား အသိပေးလိမ့်မည်ဟု ယုံကြည်လျက် ရှိကြသည်။

အဆိုပါအပြောင်းအလဲများက တရုတ်ပြည်အတွက် များစွာ ဂယက်ရိုက်ခတ်စေခဲ့သည်။ အကြောင်းမှာ မြန်မာပြည်သည် ၁၉၈၀ နောက်ပိုင်းကာလများမှစ၍ တရုတ်ပြည်၏ သြဇာခံနိုင်ငံသဖွယ်ဖြစ်လာခဲ့သောကြောင့်ပင်။ တရုတ်ပြည်နှင့် ထိစပ်နေခြင်း၊ ကီလိုမီတာ ၁၆၀၀ နီးပါးရှည်လျားသည့် နယ်စပ်ဒေသရှိခြင်း အစရှိသည် တို့က မြန်မာနိုင်ငံအတွက် မဟာဗျူဟာအရ သိသာထင်ရှားမှုတစ်ခုဖြစ်နေသည်။ ထို့ပြင် အနောက်နှင့်  အိန္ဒိယအစိုးရတို့က ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုတို့ကြောင့် မြန်မာအာဏာပိုင်များအပေါ် ပြစ်တင်ပြောဆိုခဲ့ပြီးနောက် တရုတ်ပြည်မှာ မြန်မာအတွက် လွန်စွာအရေးပါသော နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့သည်။ ၁၉၈၀ ပြည့်နှစ် မတိုင်မီ ကာလများတွင်မူ မြန်မာနှင့် တရုတ်ဆက်ဆံရေးမှာ လွန်စွာဆိုးရွားခဲ့ရသည်။ အကြောင်းမှာ ဘေဂျင်းအစိုးရက တရုတ်ပြည် နယ်ချဲ့ရေး အယူဝါဒကို အားပေးအားမြှောက် ပြုခဲ့သောကြာင့်ဖြစ်၏။ ၁၉၈၆ ခုနှစ်နောက်ပိုင်းကာလများအရောက်တွင် တရုတ်ပြည်က မြန်မာပြည်တွင်းမှ သူပုန်များအပေါ် အထောက်အပံ့ ပေးမှုများကို ကန့်သတ်လိုက်ကာ မြန်မာစစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှုများ အစားထိုး လုပ်ကိုင်လာသည်။ မြန်မာ့စီးပွားရေးဈေးကွက်အတွင်း ဝင်ရောက်နိုင်ရေး အတွက်လည်း တိုးမြှင့်လုပ်ကိုင်လာသည်။ အိန္ဒိယနိုင်ငံကမူ အက်ဒမန်ပင်လယ်အတွင်းမှ မြန်မာပိုင် ကိုကိုးကျွန်း၌ တရုတ်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများ ဖွင့်လှစ်ရန် မြန်မာစစ်အစိုးရ၏ ကူညီ ထောက်ပံ့ပေးမှုအပေါ် စိုးရိမ်ပူပန်မိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

သို့သော် စိတ်ဝင်စားစရာကောင်းသည့်အချက်မှာ အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှု ခံနေရချိန်တွင် မြန်မာနိုင်ငံ အနေဖြင့် တရုတ်နိုင်ငံနှင့် စီးပွားရေးအရ ဆက်ဆံမှု အနေအထားကို မည်သို့သော အကြောင်းမျိုးဖြင့် ပြောင်းလဲပစ်နိုင်မှု မရှိခြင်းပင်ဖြစ်သည်။ အမှန်တွင် မြန်မာသည် ဆင်းရဲတွင်းမှ ရုန်းထွက်နိုင်အောင် ကြိုးပမ်းနေရသော နိုင်ငံဖြစ်သည်။ လူဦးရေ သန်း ၆၀ ၏ သုံးပုံတစ်ပုံခန့်မှာ တစ်နေ့လျှင် တစ်ဒေါ်လာအောက်မျှသော ဝင်ငွေဖြင့်သာ ရပ်တည်နေထိုင်ကြရသည်။ အနောက်နိုင်ငံများကမူ အပေးအယူသဘောမျိုးဖြင့် အကယ်၍ မြန်မာအစိုးရကသာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပါက စီးပွားရေးရင်းနှီးမြှုပ်နှံမှုများ ဆောင်ကြဉ်း ပေးမည်ဟု ကမ်းလှမ်းနေခြင်း ဖြစ်သည်။ သို့မှသာ လတ်တလော မြန်မာ့အကျပ်အတည်းများ ကျော်လွှားနိုင်မည်ဖြစ်သည်။ အထူးသဖြင့် အနောက်က မြန်မာ့ ခရီးသွားလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် ကတိပေးထားသည်။ များစွာထူးခြားထင်ရှားသည့်အချက်မှာ အနောက်မီဒီယာများက ယခုလပိုင်းများအတွင်း မြန်မာသည် ကမ္ဘာပေါ်တွင် ကမ္ဘာလှည့်ခရီးသည်များအတွက် တတိယမြောက် ဆွဲဆောင်မှုအကောင်းဆုံးနေရာတစ်ခုအဖြစ် သတ်မှတ်ဖော်ပြလာခြင်းပင်ဖြစ်လေသည်။

မည်သို့ပင်ဆိုစေ အနောက်နိုင်ငံများအမှန်တကယ် စိတ်ဝင်စားနေသည်မှာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း မဟုတ်ပေ။ ရှာဖွေတူးဖော်မှုမပြုရသေးသည့် မြန်မာ့ သဘာဝရင်းမြစ်များသာဖြစ်သည်။ မြန်မာဟူသည် ရေနံ၊ သဘာဝဓာတ်ငွေ့၊ ဇင့်၊သံ၊ ကြေးနီ အပါအဝင် အခြားသောသံယံဇာတများနှင့် ပတ်သက်၍ ထင်ပေါ် ကျော်ကြားသည်။ အထူးသဖြင့် ကျောက်မျက်ရတနာလုပ်ငန်းအတွက် နာမည်ကောင်းထွက်သော နိုင်ငံဖြစ်သည်။ ကမ္ဘာပေါ်တွင်ရှိသော ပတ္တမြား ၉၀ ရာခိုင်နှုန်းမှာ မြန်မာပြည်မှထွက်ရှိခြင်းဖြစ်သည်။

သို့အတွက်ကြောင့် မြန်မာကို တရုတ်လက်ဝယ်မှ ပြန်လည်ရယူနိုင်ရေးသည် အနောက်နိုင်ငံများအတွက် "တရုတ်နဂါးကြီးအား ထိန်းချုပ်ရေး" ဟူသည့် သဘောတရားထဲမှ အရေးကြီးသည့် ပန်းတိုင်တစ်ခုပင်ဖြစ်လေသည်။ မည်သို့ပင်ဆိုစေ အဆိုပါပန်းတိုင်ကို အရောက်လှမ်နိုင်ရေးမှာ ခပ်ပေါ့ပေါ့အလုပ်မျိုးတော့ မဟုတ်ချေ။ ယခုအခါ တရုတ်သည် မြန်မာ့ထွက်ကုန်များ ဝယ်ယူရာ၌ တတိယအကြီးဆုံးအဆင့်သို့ ရောက်ရှိလာပြီဖြစ်ပြီး မြန်မာသို့ ကုန်ပစ္စည်းအများဆုံး တင်သွင်းသည့်နိုင်ငံလည်း ဖြစ်သည်။ ပို၍ဆိုပါက တရုတ်သည် မြန်မာနှင့် စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုအရ လွန်စွာနီးကပ်သော မဟာမိတ်နိုင်ငံဖြစ်သည်။ ဂျက်တိုက်လေယာဉ်မှအစ စစ်သင်္ဘောအပါအဝင် များစွာသော စစ်ဘက်ပစ္စည်းများ ထောက်ပံ့ပေးနေသည့် နိုင်ငံလည်းဖြစ်သည်။

ထို့ကြောင့် မည်သည့်အရေးကိစ္စကိုကြည့်စေကာမူ မြန်မာသည် တရုတ်ပြည်အပေါ် အလွန်အမင်း မှီခိုအားထားနေရသည်။ မြန်မာ့ဈေးကွက်ကို လွှမ်းမိုးထားသော တရုတ်လုပ်ကုန်ပစ္စည်းများ ဖယ်ရှားပစ်ရေးမှာလည်း လုံးလုံးလျားလျား မဖြစ်နိုင်သည့်ကိစ္စတစ်ခုပင်ဖြစ်သည်။ ဆင်းရဲနွမ်းပါးလှသော မြန်မာ နိုင်ငံသားများ အတွက်တော့ တန်ဖိုးကြီးလှသည့် အနောက်နိုင်ငံများထုတ်ကုန်ပစ္စည်းများထက် တရုတ်နိုင်ငံလုပ်ကုန်ပစ္စည်းများက ဘုရားပေးသော ဆုများပင် ဖြစ်နေပေလိမ့်မည်။

*************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs