Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၎.၃.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ရန်ကုန် နည်းပညာ နွေဦး

(The Economist မှ 3 March 2012 ရက်စွဲပါ Yangon digital spring ကို ဘာသာ ပြန်ဆိုသည်)

  1. ပိုမိုနီးကပ်လာသော မြန်မာ့ အိမ်နီးချင်းများ

(Bangkok Post မှ 28 Feb 2012 ရက်စွဲပါ Neighbours to the West get closer ကို ဘာသာ ပြန်ဆိုသည်)

***********************************************************************

ရန်ကုန် နည်းပညာ နွေဦး

(The Economist မှ 3 March 2012 ရက်စွဲပါ Yangon digital spring ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံသည် နည်းပညာ ဆီလီကွန်တောင်ကြားကို လွန်ခဲ့သော ၇ နှစ်က ဖွဲ့စည်း ထူထောင်ပြီးနောက်ပိုင်း ပထမဦးဆုံး စုဝေးကျင်းပသည့် Barcamp က နည်းပညာ ဂုရုလေးများကို အတူတကွ စုဝေးပေးခဲ့သော နေရာမှာ Sam Jose လည်း မဟုတ်။ Banglore လည်း မဟုတ်။ ကမ္ဘာ့နည်းပညာ အနိမ့်ကျဆုံး တိုင်းပြည်တစ်ခုဖြစ်သော မြန်မာနိုင်ငံ၏ ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၁ ရက်က လုပ်ငန်းရှင်များ၊ ဘလော့ဂါများ ငါးထောင်ကျော် စုဝေးခဲ့ကြသည်။

ထိုပွဲ၌ ရေပန်းစားသော ဟောပြောသူမှာ နိုင်ငံ၏ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပင် ဖြစ်သည်။ လက်ရှိမြန်မာအစိုးရသည် အပြောင်းအလဲကို လက်သင့်ခံခြင်းဖြင့် ကမ္ဘာကြီးကို ဆက်လက် အံ့အားသင့်စေလျက် ရှိသည်။ ဘက်စုံထောင့်စုံ ချို့တဲ့နေသည့် အိုင်တီကဏ္ဍ ဖွံ့ဖြိုးလာအောင် ပြုလုပ်ရန် သိသိသာသာ ဆန္ဒရှိလာခြင်းကိုလည်း ငြင်း၍ မရနိုင်ပါ။ မြန်မာအစိုးရသည် အင်တာနက် အတားအဆီးများကို လျှော့ချပေးပြီး Facebook နှင့် Twitter ကဲ့သို့သော လူမှုကွန်ရက် မီဒီယာများကို ခွင့်ပြုထားပြီး ဖြစ်သည်။ မြန်မာလူထုသည် နိုင်ငံတကာသတင်းစာများကို ဖတ်ကာ Skype မှတစ်ဆင့် ဆက်သွယ်နေကြပြီ ဖြစ်သည်။ Barcamp ၏ စပွန်ဆာများထဲတွင် အစိုးရဆက်သွယ်ရေး ဝန်ကြီးဌာနလည်း အပါအဝင် ဖြစ်လာသည်။

ယခုအခါ မြန်မာအစိုးရအနေဖြင့် စီးပွားရေးနှင့် ဖွံ့ဖြိုးရေးကဏ္ဍတွင် အိုင်တီလုပ်ငန်း အရေးကြီးကြောင်း နားလည် သိရှိလာပြီ ဖြစ်သော်လည်း ဆောင်ရွက်စရာ များစွာ ကျန်ရှိနေပေသည်။ မြန်မာနိုင်ငံတွင် ကွန်ပျူတာပိုင်ဆိုင်သူမှာ အနည်းငယ်မျှသာ ရှိသည့်အပြင် ကမ္ဘာ့နေရာတကာတွင် လူတကာ အလွယ်တကူ အသုံးပြုနိုင်သော အင်တာနက်ကိုလည်း မြန်မာနိုင်ငံတွင် လက်တစ်ဆုပ်စာကသာ အသုံးပြုနိုင်ကြသေးသည်။ အင်တာနက် ချိတ်ဆက်ခ စရိတ် ဒေါ်လာ ၈၅ဝ (ကျပ် ၆ သိန်း)၊ လစဉ်ကြေး ဒေါ်လာ ၄ဝ မှ ၁၅ဝ (ကျပ် ၃ သောင်းမှ တစ်သိန်းနှစ်သောင်း) ခန့် ကုန်ကျသော မြန်မာနိုင်ငံတွင် နိုင်ငံတကာ၌ အလကားနီးပါး ရောင်းချနေသော မိုဘိုင်းဖုန်း Sim ကတ်ကိုလည်း ဒေါ်လာ ၇ဝဝ (ကျပ် ငါးသိန်း) ဖြင့် ရောင်းချလျက် ရှိသည်။

လတ်တလောတွင် အိုင်တီကဏ္ဍအတွက် တောင်းဆိုမှုများ လိုအပ်ချက်များ ကြီးထွားလျက်ရှိသည်။ အာရှနှင့် အနောက် ကုမ္ပဏီများကလည်း လုပ်ဖော်ကိုင်ဖက်များအဖြစ် လက်တွဲရန် မျှော်လင့်နေကြသည်။ ထို့ပြင် မိုဘိုင်းဖုန်း စရိတ်စကကို မည်သို့ လျှော့မည်နည်။အိန္ဒိယနှင့် ဖိလစ်ပိုင်မှ အိုင်တီလုပ်ငန်းများကို ယှဉ်ပြီုင်ရန် သတင်းအချက်အလက် စင်တာများ မည်သို့ ထူထောင်မည်နည်း စသည့် အဆိုပြုမှုများကို အစိုးရအနေဖြင့် ပြေးပေါက်မရှိ ရင်ဆိုင်နေရသည်။ Call Center ကို ထူထောင်ထားသော်လည်း အွန်လိုင်းဈေးဝယ်ကဏ္ဍများက အဆင်မပြေဖြစ်ကြသည်ကို တွေ့ရသည်။ အွန်လိုင်းမှ ဆက်သွယ်ဆောင်ရွက်မှု များကို ယခုနှစ်အတွင်း စတင်နိုင်မည်ဟု အများစုက မျှော်လင့်လျက် ရှိသည်။

လက်ရှိ မြန်မာနိုင်ငံတွင် အားတက်စရာ အပြောင်းအလဲ လက္ခဏာများ တွေ့မြင်နေရသော်လည်း မြန်မာ့ ဆိုက်ဘာ နယ်ပယ် နိုးထမှုများ၊ Broadband အမြန်နှုန်းဖြင့် တိုးတက်လာမည်ဟု မျှော်လင့်သူ တစ်ဦးမျှ မရှိသေးပါ။

*********************************************************************

 ပိုမိုနီးကပ်လာသော မြန်မာ့ အိမ်နီးချင်းများ

(Bangkok Post မှ 28 Feb 2012 ရက်စွဲပါ Neighbours to the West get closer ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ စတင်နေဆဲ ဒီမိုကရေစီနှင့် စီးပွားရေးအသွင်ကူးပြောင်းမှုသည် တောင်အာရှနှင့် အရှေ့တောင် အာရှအကြား စီးပွားရေး ဆက်နွယ်မှုများ ခိုင်မာအားကောင်းအောင် ပူးပေါင်း ဆောင်ရွက်လိုကြသော အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့အတွက် မကြုံစဖူး အခွင့်အလမ်းကို ဖန်တီးလျက် ရှိသည်။ ထို့အတွက်ကြောင့် ဇန်နဝါရီ ၂၆ ရက်တွင် ကျင်းပခဲ့သော နိုင်ငံတော်နေ့ အခမ်းအနားသို့ ထိုင်းဝန်ကြီးချုပ် ရင်းလက်ရှင်နာဝပ်ထရာအား အထူး ဧည့်သည်တော် အဖြစ် အိန္ဒိယအစိုးရက ဖိတ်ကြားခဲ့ခြင်းမှာ တိုက်ဆိုင်မှုတစ်ခုကား မဖြစ်နိုင်ပေ။ ထို့ထက် ပိုထင်ရှားသော အချက်မှာ စီးပွားရေးနှင့် လုံခြုံရေးကိစ္စများ လာရောက်ဆွေးနွေးရင်း အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းကို မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ရန် ဖိတ်ကြားခဲ့သည့် မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၏ ခရီးစဉ်နှင့် ထိုင်းဝန်ကြီးချုပ်၏ နယူးဒေလီခရီးစဉ်တို့ တိုက်ဆိုင်နေခြင်း ဖြစ်သည်။

စစ်အေးတိုက်ပွဲအပြီး ၁၉၉၁ နောက်ပိုင်း စီးပွားရေးအရ ပြန်လည် ဆက်ဆံမှု တိုးတက်ကာ အိန္ဒိယ-ထိုင်း သံတမန် ဆက်ဆံရေး နွေးထွေးလာပြီးနောက် ယခု ထိုင်းဝန်ကြီးချုပ်ရင်းလပ် ဖန်တီးနေသော အခွင့်အလမ်း ပြတင်းပေါက်ကို အထူးဂရုစိုက်ရန် လိုအပ်ပြီး ပေါ့ပေါ့ဆဆ သဘောထား၍ မရနိုင်ပါ။  အိန္ဒိယ၏ အရှေ့မျှော်ဝါဒနှင့် ထိုင်း၏ အနောက်ကြည့်ဝါဒများကို ၁၉၉၂ ခုနှစ်နှင့် ၁၉၉၆ ခုနှစ်များတွင် အသီးသီး ရေးဆွဲခဲ့ကြသော်လည်း လတ်တလော မြန်မာနိုင်ငံ၏ တံခါးဖွင့် ပြောင်းလဲမှုများက အိန္ဒိယ-ထိုင်း နှစ်နိုင်ငံ ဆက်ဆံမှု ညှိနှိုင်းဆောင်ရွက်မှုကို ပိုမို နီးကပ်လာစေရန်အတွက် မမျှော်လင့်ခဲ့ဖူးသော အခွင့်အလမ်းကို ဖန်တီးပေးနေပြီ ဖြစ်သည်။ အိန္ဒိယနှင့် ထိုင်း နှစ်နိုင်ငံစလုံးသည် မြန်မာနိုင်ငံကို အရေးယူသည့် အနောက်အုပ်စု၏ အရေးယူမှုအစီအစဉ်တွင် ပါဝင်ရန် အမြဲတမ်း ငြင်းပယ်ခဲ့သည့် အလျှောက် မြန်မာနိုင်ငံအပေါ် ထားရှိခဲ့သော ယခင် မူဝါဒများ မှားယွင်းခြင်းမရှိဟု သတ်မှတ် ယူဆထားခဲ့ကြသည်။ ယခုအခါ မြန်မာအစိုးရက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို တံခါးဖွင့်ပေးထားပြီ ဖြစ်၍ အငြင်းပွားစရာများ ရှင်းလင်းသွားပြီ ဖြစ်သည်။

လွန်ခဲ့သော ၁ဝ နှစ်အတွင်း ထိုင်းဝန်ကြီးချုပ်များက နယူးဒေလီသို့ ၇ ကြိမ်၊ အိန္ဒိယဝန်ကြီးချုပ်က ဘန်ကောက်သို့ ၃ ကြိမ် အပြန်အလှန် လည်ပတ်ခြင်း အပါအဝင် နှစ်နိုင်ငံ ဆက်ဆံရေး နွေးထွေး တိုးတက်လာသည့် အလျှောက် နှစ်နိုင်ငံလုံးအတွက် မြန်မာ့ခွင်အသစ်မှာ မူလကပင် ခိုင်မာနေခဲ့ပြီး ဖြစ်သည်။ စီးပွားရေး ဆက်ဆံမှုများ ဖွံ့ဖြိုးလာခဲ့ပြီးနောက် ထိုင်းတို့၏ အနောက်မျှော် မူဝါဒသည် အိန္ဒိယနှင့် ထိတွေ့ဆက်ဆံခြင်းကို ပိုမို စောင်းပေးလာခဲ့သည်။ အိန္ဒိယနိုင်ငံ၏ အလွန်ကြီးမားသော လူလတ်တန်းစားအလွှာသည် ထိုင်းကုန်စည်များအတွက် အရေးကြီးသော ဈေးကွက်ဟု ရှုမြင်ခဲ့ကြကာ အိန္ဒိယဈေးကွက်တွင် စားသုံးသူသန်း ၁၃ဝဝ ခန့်၏ အားပေးမှုကို ရရှိနေကြောင်း တရားဝင် အစီရင်ခံစာများက ထပ်တလဲလဲ ဖော်ပြသည်။

၂ဝဝ၃ တွင် အာဆီယံနိုင်ငံများအနက်မှ ပထမဦးဆုံး အိန္ဒိယနှင့် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် ရရှိခဲ့သော ထိုင်းနိုင်ငံသည် ကုန်စည် ၈၂ မျိုးကို အခွန်စည်းကြပ်မှု မရှိသလောက်နီးပါးဖြင့် မြန်ဆန်စွာ တင်ပို့နိုင်ခဲ့သည့်အလျောက် ချက်ခြင်း လက်ငင်းပင် အကျိုးအမြတ်များ ရရှိခဲ့သည်။ ထိုင်းဘတ်ငွေ တန်ဖိုး တက်မှု ရှိလာသော်လည်း နှစ်နိုင်ငံ ကုန်သွယ်မှုတန်ဖိုးသည် ၂ဝ၁၁ တွင် ဒေါ်လာ ၇ ဘီလျံမှ ၂ဝ၁၄ တွင် ဒေါ်လာ ၁၄ ဘီလျံသို့ ထိုးတက်သွားမည်ဟု မျှော်လင့်ရသည်။ ထိုင်းနိုင်ငံသည် အိန္ဒိယနှင့် ကုန်သွယ်ရာ၌ ၂ဝဝဝ ခုနှစ်များ အစောပိုင်းတွင် ပျမ်းမျှဒေါ်လာသန်း ၂ဝဝ ခန့် လိုငွေ ပြခဲ့သော်လည်း ယခုအခါ ပိုငွေဒေါ်လာ ၁ ဘီလျံခန့် အသာစီးရနေပြီ ဖြစ်သည်။

လုံခြုံရေးကဏ္ဍတွင်လည်း အန်ဒမန်ပင်လယ်ပြင် ရေပြင်ပိုင်နက် မျှဝေ သုံးစွဲမှု ရလဒ်အဖြစ် ပုံမှန်ပူးတွဲ ကင်းလှည့်ခြင်း၊ လေ့ကျင့်ခြင်းနှင့် ၂ဝ၁၁ တွင် ကာကွယ်ရေး ဒိုင်ယာလော့ခ်အသစ် ဆွေးနွေးခြင်း အပါအဝင် ရေတပ်ပူးပေါင်း ဆောင်ရွက်မှုများ တိုးတက်လာသည်။ နယူးဒေလီနှင့် ဘန်ကောက်တို့သည် အရှေ့အာရှ ဖိုရမ်၊ အာရှ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲများတွင် အိန္ဒိယနှင့် ဆွေးနွေးဘက်ဖြစ်နေသော အာဆီယံ အဖွဲ့မှ တစ်ဆင့် ဆက်သွယ်ဆောင်ရွက်လျက် ရှိသည်။ ထို့ပြင် ကဏ္ဍပေါင်းစုံ၊ နည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ဘင်္ဂလားပင်လယ်အော် လှုပ်ရှားမှု အဖွဲ့နှင့် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့များတွင်လည်း တည်ထောင်သူများအဖြစ် နှစ်နိုင်ငံစလုံး ပါဝင်ကြသည်။ ထိုနှစ်ဖွဲ့တွင် မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ် ပါဝင်သော်လည်း တရုတ်က ပါဝင်ခြင်းမရှိပေ။

လက်ရှိနှစ်များတွင် အာရှတိုက်၌ တရုတ်ဩဇာ ကြီးမားလာခြင်းကြောင့် အိန္ဒိယနှင့် ထိုင်းတို့သည် ယင်းတို့၏ အစဉ်အလာ၊ ပထဝီနိုင်ငံရေး အနေအထားကို ပြန်လည် ဟန်ချက် ထိန်းညှိနေကြပြီး နယူးဒေလီနှင့် ဘန်ကောက်သည် တစ်ဦးအပေါ် တစ်ဦး အမြင်သစ်များဖြင့် ချဉ်းကပ်လျက် ရှိသည်။ အိန္ဒိယ အနေဖြင့် အရှေ့နှင့် အရှေ့တောင်အာရှ၊ ဖွံ့ထွားနေသော တရုတ်၊ အမေရိကန်၏ ပစိဖိတ် ဗဟိုချက်နှင့် စွမ်းအင်ရင်းမြစ်အသစ်၊ စားသုံးသူ ဈေးကွက်အသစ်၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းအသစ်များ ရရှိရေးတို့ကို အထူးအာရုံကျလျက် ရှိသည်။ ရင်းလပ်သည် အိန္ဒိယ သမ္မတနိုင်ငံနေ့ကို ၂ဝ၁ဝ နောက်ပိုင်း သုံးကြိမ်ဆက်တိုက် တက်ရောက်ခဲ့သော အရှေ့တောင်အာရှ ခေါင်းဆောင်တစ်ဦး ဖြစ်သည်။

ထိုင်းအတွက်မူ အိန္ဒိယသည် မိတ်ဆွေ ဖွဲ့ရမည့် အင်အားကြီးနိုင်ငံ အဖြစ်သာမက ထိုင်းကိုယ်ပိုင် ယဉ်ကျေးမှုကို လွှမ်းမိုးထားသော လူ့အဖွဲ့အစည်း တစ်ခုလည်း ဖြစ်သည်။ ထိုင်းတို့သည် တရုတ်နှင့် ကုန်သွယ်ရေး လိုငွေပြမှု ကြီးမားလာခြင်းကို တန်ရုံသင့်ရုံသာ စိုးရိမ်သော်လည်း အမေရိကန်နှင့် ပူးကပ်စွာ ရပ်တည်ခဲ့သည့် သမိုင်း သင်ခန်းစာကို မေ့လျော့ခြင်း မရှိသောကြောင့် ဒေသတွင်း အခြားနိုင်ငံများကိုပါ ရင်းနှီးစွာဆက်ဆံရန် ကြိုးစားလျက် ရှိသည်။ ယင်းသို့ ကောင်းမွန်လာသော ဆက်ဆံရေးက နယူးဒေလီနှင့် ဘန်ကောက်အား အစိုးရခေါင်းဆောင်ပိုင်းထိ "မြန်မာနိုင်ငံမှ အခွင့်အလမ်းသစ်" အတွက် ပူးပေါင်းဆောင်ရွက်မှုကို ဖြစ်ပေါ်စေသည်။ အိန္ဒိယ-ထိုင်း ပူးတွဲကြေညာချက်တွင် ပါဝင်သော တတိယနိုင်ငံတစ်ခု၌ စွမ်းအင် ရင်းမြစ် ပူးတွဲရှာဖွေရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ရေကြောင်းကဏ္ဍ ပူးတွဲအကောင်အထည် ဖော်ရေး အစီအစဉ်၌ မြန်မာနိုင်ငံသည် ရုတ်တရက် ဦးစားပေး အဆင့်သို့ ရောက်ရှိလာခဲ့သည်။

နောက်ထပ် ကိစ္စတစ်ခုမှာ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် စက်မှုစီးပွားရေးဇုန် စီမံကိန်း ဖြစ်သည်။ ယင်းစီမံကိန်းသည် တောင်အာရှနှင့် အရှေ့တောင်အာရှကြား မဟာဗျူဟာမြောက် စင်္ကြန်လမ်းဖြစ်လာမည့် အပြင် တောတောင် ထူထပ်၍ မအေးချမ်းသော အရှေ့မြောက် အိန္ဒိယ-မြန်မာ နယ်စပ် လမ်းကြောင်းအတွက် ကုန်ကျစရိတ် သက်သာခြင်း၊ တိုက်ရိုက် လမ်းပေါက်ခြင်း၊ ပိုမိုလုံခြုံစိတ်ချရခြင်း၊ ရေကြောင်းလိုင်းကျပ်သော မလက္ကာ ရေလက်ကြားကို ရှောင်လွှဲနိုင်ခြင်း စသော အားသာချက်များ ရှိနေသည်။

ထားဝယ်စီမံကိန်းကို အကောင်အထည်ဖော်ရန် အီတာလျံ-ထိုင်း ကုမ္ပဏီကို ကန်ထရိုက်ပေးခဲ့သော မြန်မာအစိုးရ၏ ဆုံးဖြတ်ချက်သည် အဆိုပါ စီမံကိန်းကို စိတ်ဝင်စားကြောင်း ထုတ်ဖော် ပြောဆိုကြသော အိန္ဒိယနှင့် တရုတ်ကြားတွင် ခက်ခဲစွာ ဆုံးဖြတ်ရသော အနေအထားကို လွတ်မြောက်သွားစေသည်။ ယင်းစီမံကိန်းအတွက် အီတာလျံ-ထိုင်း ကုမ္ပဏီကို ရံပုံငွေ ပံ့ပိုးရန် ဘန်ကောက်အစိုးရက ကတိပြုထားပြီ ဖြစ်သော်လည်း နိုင်ငံခြား ရင်းနှီး ထည့်ဝင်ငွေ များစွာ ရရှိရန် လိုအပ်နေဆဲ ဖြစ်သည်။ ရင်းလပ်၏ နယူးဒေလီ ခရီးစဉ်တွင် အီတာလျံ-ထိုင်း တာဝန်ရှိသူများပါ လိုက်ပါလာကြပြီး အာရှ၏ အရေးပါသော အရှေ့ အနောက် စင်္ကြန်လမ်းအဖြစ် တံခါးပွင့်သွားမည့် ယင်းစီမံကိန်းတွင် အိန္ဒိယ ပူးပေါင်းပါဝင်ရန် ထိုင်းဝန်ကြီးချုပ်က ကမ်းလှမ်းခဲ့သည်ဟု သိရသည်။

ထို့ပြင် အိန္ဒိယနှင့် ထိုင်းတို့၏ ရှိရင်းစွဲ ကုန်သွယ်ရေးလမ်းကြောင်းများအတွက် အခြားအခွင့်အလမ်းများလည်း ရှိနေသည်။ အိန္ဒိယတို့၏ အရှေ့မျှော်ဝါဒတွင် ယင်း၏ ကုန်းတွင်းပိတ် အရှေ့မြောက် ၇ ပြည်နယ်ကို အရှေ့တောင်အာရှ ထွက်ပေါက် စီးပွားရေးပလက်ဖောင်း အဖြစ် အသွင်ပြောင်းရန် ကြံစည်ထားသည်။ ထိုင်းကလည်း အိန္ဒိယ အရှေ့မြောက်ပိုင်း ရေအားလျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများကို စိတ်ဝင်စားကြောင်း ပြောကြားထားပြီး ထိုင်းကုန်စည်များ ပိုမိုထိုးဖောက်နိုင်ရန် ကျယ်ပြန့်သော ကုန်သွယ်ရေးလွတ်လပ်ခွင့်များ ရရှိအောင် အဆက်မပြတ် စည်းရုံးလျက် ရှိသည်။

နောက်ဆုံးတွင် လွန်ခဲ့သော နှစ်ပေါင်း ငါးဆယ်က ကုလသမဂ္ဂက ပထမဆုံးစိတ်ကူးယဉ်ခဲ့သော ဒေလီ-ဘန်ကောက် အာရှအမြန်လမ်းမကြီး စီမံကိန်း အမှန်တကယ် ဖြစ်လာရန် အခွင့်အရေး ရှိလာပြီ ဖြစ်သည်။ နှစ်နိုင်ငံ စလုံးသည် ယင်းတို့ နယ်စပ်ဂိတ်များနှင့် မြန်မာအကြား ဆက်သွယ်ရေးလမ်းကြောင်းများကို တိုးချဲ့ ရင်းနှီးမြှုပ်နှံနေကြပြီး မြန်မာနိုင်ငံအတွင်း ပြတ်တောက်နေသော လမ်းပိုင်းများကိုလည်း အပြီးသတ်ရန် ကြိုးစားနေကြသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ များစွာ ခေတ်နောက်ကျနေသော အခြေခံ အဆောက်အဦးနှင့် လမ်းများကို အဆင့်မြှင့်ရန် စိတ်ဝင်စားကြောင်း နယူးဒေလီနှင့် ဘန်ကောက်က ထုတ်ဖော် ပြောဆိုထားသည်။ မြန်မာနိုင်ငံ၏ နောက်ဆုံး တံခါးဖွင့် ပြောင်းလဲမှုသည် တောင်အာရှနှင့် အရှေ့တောင်အာရှကြား ဆက်သွယ်ရေးနှင့် စီးပွားရေး ပေါင်းစည်းမှုကို တွန်းတင်ပေးနိုင်မ&#