Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၎.၃.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ရန်ကုန် နည်းပညာ နွေဦး

(The Economist မှ 3 March 2012 ရက်စွဲပါ Yangon digital spring ကို ဘာသာ ပြန်ဆိုသည်)

  1. ပိုမိုနီးကပ်လာသော မြန်မာ့ အိမ်နီးချင်းများ

(Bangkok Post မှ 28 Feb 2012 ရက်စွဲပါ Neighbours to the West get closer ကို ဘာသာ ပြန်ဆိုသည်)

***********************************************************************

ရန်ကုန် နည်းပညာ နွေဦး

(The Economist မှ 3 March 2012 ရက်စွဲပါ Yangon digital spring ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံသည် နည်းပညာ ဆီလီကွန်တောင်ကြားကို လွန်ခဲ့သော ၇ နှစ်က ဖွဲ့စည်း ထူထောင်ပြီးနောက်ပိုင်း ပထမဦးဆုံး စုဝေးကျင်းပသည့် Barcamp က နည်းပညာ ဂုရုလေးများကို အတူတကွ စုဝေးပေးခဲ့သော နေရာမှာ Sam Jose လည်း မဟုတ်။ Banglore လည်း မဟုတ်။ ကမ္ဘာ့နည်းပညာ အနိမ့်ကျဆုံး တိုင်းပြည်တစ်ခုဖြစ်သော မြန်မာနိုင်ငံ၏ ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၁ ရက်က လုပ်ငန်းရှင်များ၊ ဘလော့ဂါများ ငါးထောင်ကျော် စုဝေးခဲ့ကြသည်။

ထိုပွဲ၌ ရေပန်းစားသော ဟောပြောသူမှာ နိုင်ငံ၏ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပင် ဖြစ်သည်။ လက်ရှိမြန်မာအစိုးရသည် အပြောင်းအလဲကို လက်သင့်ခံခြင်းဖြင့် ကမ္ဘာကြီးကို ဆက်လက် အံ့အားသင့်စေလျက် ရှိသည်။ ဘက်စုံထောင့်စုံ ချို့တဲ့နေသည့် အိုင်တီကဏ္ဍ ဖွံ့ဖြိုးလာအောင် ပြုလုပ်ရန် သိသိသာသာ ဆန္ဒရှိလာခြင်းကိုလည်း ငြင်း၍ မရနိုင်ပါ။ မြန်မာအစိုးရသည် အင်တာနက် အတားအဆီးများကို လျှော့ချပေးပြီး Facebook နှင့် Twitter ကဲ့သို့သော လူမှုကွန်ရက် မီဒီယာများကို ခွင့်ပြုထားပြီး ဖြစ်သည်။ မြန်မာလူထုသည် နိုင်ငံတကာသတင်းစာများကို ဖတ်ကာ Skype မှတစ်ဆင့် ဆက်သွယ်နေကြပြီ ဖြစ်သည်။ Barcamp ၏ စပွန်ဆာများထဲတွင် အစိုးရဆက်သွယ်ရေး ဝန်ကြီးဌာနလည်း အပါအဝင် ဖြစ်လာသည်။

ယခုအခါ မြန်မာအစိုးရအနေဖြင့် စီးပွားရေးနှင့် ဖွံ့ဖြိုးရေးကဏ္ဍတွင် အိုင်တီလုပ်ငန်း အရေးကြီးကြောင်း နားလည် သိရှိလာပြီ ဖြစ်သော်လည်း ဆောင်ရွက်စရာ များစွာ ကျန်ရှိနေပေသည်။ မြန်မာနိုင်ငံတွင် ကွန်ပျူတာပိုင်ဆိုင်သူမှာ အနည်းငယ်မျှသာ ရှိသည့်အပြင် ကမ္ဘာ့နေရာတကာတွင် လူတကာ အလွယ်တကူ အသုံးပြုနိုင်သော အင်တာနက်ကိုလည်း မြန်မာနိုင်ငံတွင် လက်တစ်ဆုပ်စာကသာ အသုံးပြုနိုင်ကြသေးသည်။ အင်တာနက် ချိတ်ဆက်ခ စရိတ် ဒေါ်လာ ၈၅ဝ (ကျပ် ၆ သိန်း)၊ လစဉ်ကြေး ဒေါ်လာ ၄ဝ မှ ၁၅ဝ (ကျပ် ၃ သောင်းမှ တစ်သိန်းနှစ်သောင်း) ခန့် ကုန်ကျသော မြန်မာနိုင်ငံတွင် နိုင်ငံတကာ၌ အလကားနီးပါး ရောင်းချနေသော မိုဘိုင်းဖုန်း Sim ကတ်ကိုလည်း ဒေါ်လာ ၇ဝဝ (ကျပ် ငါးသိန်း) ဖြင့် ရောင်းချလျက် ရှိသည်။

လတ်တလောတွင် အိုင်တီကဏ္ဍအတွက် တောင်းဆိုမှုများ လိုအပ်ချက်များ ကြီးထွားလျက်ရှိသည်။ အာရှနှင့် အနောက် ကုမ္ပဏီများကလည်း လုပ်ဖော်ကိုင်ဖက်များအဖြစ် လက်တွဲရန် မျှော်လင့်နေကြသည်။ ထို့ပြင် မိုဘိုင်းဖုန်း စရိတ်စကကို မည်သို့ လျှော့မည်နည်။အိန္ဒိယနှင့် ဖိလစ်ပိုင်မှ အိုင်တီလုပ်ငန်းများကို ယှဉ်ပြီုင်ရန် သတင်းအချက်အလက် စင်တာများ မည်သို့ ထူထောင်မည်နည်း စသည့် အဆိုပြုမှုများကို အစိုးရအနေဖြင့် ပြေးပေါက်မရှိ ရင်ဆိုင်နေရသည်။ Call Center ကို ထူထောင်ထားသော်လည်း အွန်လိုင်းဈေးဝယ်ကဏ္ဍများက အဆင်မပြေဖြစ်ကြသည်ကို တွေ့ရသည်။ အွန်လိုင်းမှ ဆက်သွယ်ဆောင်ရွက်မှု များကို ယခုနှစ်အတွင်း စတင်နိုင်မည်ဟု အများစုက မျှော်လင့်လျက် ရှိသည်။

လက်ရှိ မြန်မာနိုင်ငံတွင် အားတက်စရာ အပြောင်းအလဲ လက္ခဏာများ တွေ့မြင်နေရသော်လည်း မြန်မာ့ ဆိုက်ဘာ နယ်ပယ် နိုးထမှုများ၊ Broadband အမြန်နှုန်းဖြင့် တိုးတက်လာမည်ဟု မျှော်လင့်သူ တစ်ဦးမျှ မရှိသေးပါ။

*********************************************************************

 ပိုမိုနီးကပ်လာသော မြန်မာ့ အိမ်နီးချင်းများ

(Bangkok Post မှ 28 Feb 2012 ရက်စွဲပါ Neighbours to the West get closer ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ စတင်နေဆဲ ဒီမိုကရေစီနှင့် စီးပွားရေးအသွင်ကူးပြောင်းမှုသည် တောင်အာရှနှင့် အရှေ့တောင် အာရှအကြား စီးပွားရေး ဆက်နွယ်မှုများ ခိုင်မာအားကောင်းအောင် ပူးပေါင်း ဆောင်ရွက်လိုကြသော အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့အတွက် မကြုံစဖူး အခွင့်အလမ်းကို ဖန်တီးလျက် ရှိသည်။ ထို့အတွက်ကြောင့် ဇန်နဝါရီ ၂၆ ရက်တွင် ကျင်းပခဲ့သော နိုင်ငံတော်နေ့ အခမ်းအနားသို့ ထိုင်းဝန်ကြီးချုပ် ရင်းလက်ရှင်နာဝပ်ထရာအား အထူး ဧည့်သည်တော် အဖြစ် အိန္ဒိယအစိုးရက ဖိတ်ကြားခဲ့ခြင်းမှာ တိုက်ဆိုင်မှုတစ်ခုကား မဖြစ်နိုင်ပေ။ ထို့ထက် ပိုထင်ရှားသော အချက်မှာ စီးပွားရေးနှင့် လုံခြုံရေးကိစ္စများ လာရောက်ဆွေးနွေးရင်း အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းကို မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ရန် ဖိတ်ကြားခဲ့သည့် မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၏ ခရီးစဉ်နှင့် ထိုင်းဝန်ကြီးချုပ်၏ နယူးဒေလီခရီးစဉ်တို့ တိုက်ဆိုင်နေခြင်း ဖြစ်သည်။

စစ်အေးတိုက်ပွဲအပြီး ၁၉၉၁ နောက်ပိုင်း စီးပွားရေးအရ ပြန်လည် ဆက်ဆံမှု တိုးတက်ကာ အိန္ဒိယ-ထိုင်း သံတမန် ဆက်ဆံရေး နွေးထွေးလာပြီးနောက် ယခု ထိုင်းဝန်ကြီးချုပ်ရင်းလပ် ဖန်တီးနေသော အခွင့်အလမ်း ပြတင်းပေါက်ကို အထူးဂရုစိုက်ရန် လိုအပ်ပြီး ပေါ့ပေါ့ဆဆ သဘောထား၍ မရနိုင်ပါ။  အိန္ဒိယ၏ အရှေ့မျှော်ဝါဒနှင့် ထိုင်း၏ အနောက်ကြည့်ဝါဒများကို ၁၉၉၂ ခုနှစ်နှင့် ၁၉၉၆ ခုနှစ်များတွင် အသီးသီး ရေးဆွဲခဲ့ကြသော်လည်း လတ်တလော မြန်မာနိုင်ငံ၏ တံခါးဖွင့် ပြောင်းလဲမှုများက အိန္ဒိယ-ထိုင်း နှစ်နိုင်ငံ ဆက်ဆံမှု ညှိနှိုင်းဆောင်ရွက်မှုကို ပိုမို နီးကပ်လာစေရန်အတွက် မမျှော်လင့်ခဲ့ဖူးသော အခွင့်အလမ်းကို ဖန်တီးပေးနေပြီ ဖြစ်သည်။ အိန္ဒိယနှင့် ထိုင်း နှစ်နိုင်ငံစလုံးသည် မြန်မာနိုင်ငံကို အရေးယူသည့် အနောက်အုပ်စု၏ အရေးယူမှုအစီအစဉ်တွင် ပါဝင်ရန် အမြဲတမ်း ငြင်းပယ်ခဲ့သည့် အလျှောက် မြန်မာနိုင်ငံအပေါ် ထားရှိခဲ့သော ယခင် မူဝါဒများ မှားယွင်းခြင်းမရှိဟု သတ်မှတ် ယူဆထားခဲ့ကြသည်။ ယခုအခါ မြန်မာအစိုးရက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို တံခါးဖွင့်ပေးထားပြီ ဖြစ်၍ အငြင်းပွားစရာများ ရှင်းလင်းသွားပြီ ဖြစ်သည်။

လွန်ခဲ့သော ၁ဝ နှစ်အတွင်း ထိုင်းဝန်ကြီးချုပ်များက နယူးဒေလီသို့ ၇ ကြိမ်၊ အိန္ဒိယဝန်ကြီးချုပ်က ဘန်ကောက်သို့ ၃ ကြိမ် အပြန်အလှန် လည်ပတ်ခြင်း အပါအဝင် နှစ်နိုင်ငံ ဆက်ဆံရေး နွေးထွေး တိုးတက်လာသည့် အလျှောက် နှစ်နိုင်ငံလုံးအတွက် မြန်မာ့ခွင်အသစ်မှာ မူလကပင် ခိုင်မာနေခဲ့ပြီး ဖြစ်သည်။ စီးပွားရေး ဆက်ဆံမှုများ ဖွံ့ဖြိုးလာခဲ့ပြီးနောက် ထိုင်းတို့၏ အနောက်မျှော် မူဝါဒသည် အိန္ဒိယနှင့် ထိတွေ့ဆက်ဆံခြင်းကို ပိုမို စောင်းပေးလာခဲ့သည်။ အိန္ဒိယနိုင်ငံ၏ အလွန်ကြီးမားသော လူလတ်တန်းစားအလွှာသည် ထိုင်းကုန်စည်များအတွက် အရေးကြီးသော ဈေးကွက်ဟု ရှုမြင်ခဲ့ကြကာ အိန္ဒိယဈေးကွက်တွင် စားသုံးသူသန်း ၁၃ဝဝ ခန့်၏ အားပေးမှုကို ရရှိနေကြောင်း တရားဝင် အစီရင်ခံစာများက ထပ်တလဲလဲ ဖော်ပြသည်။

၂ဝဝ၃ တွင် အာဆီယံနိုင်ငံများအနက်မှ ပထမဦးဆုံး အိန္ဒိယနှင့် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် ရရှိခဲ့သော ထိုင်းနိုင်ငံသည် ကုန်စည် ၈၂ မျိုးကို အခွန်စည်းကြပ်မှု မရှိသလောက်နီးပါးဖြင့် မြန်ဆန်စွာ တင်ပို့နိုင်ခဲ့သည့်အလျောက် ချက်ခြင်း လက်ငင်းပင် အကျိုးအမြတ်များ ရရှိခဲ့သည်။ ထိုင်းဘတ်ငွေ တန်ဖိုး တက်မှု ရှိလာသော်လည်း နှစ်နိုင်ငံ ကုန်သွယ်မှုတန်ဖိုးသည် ၂ဝ၁၁ တွင် ဒေါ်လာ ၇ ဘီလျံမှ ၂ဝ၁၄ တွင် ဒေါ်လာ ၁၄ ဘီလျံသို့ ထိုးတက်သွားမည်ဟု မျှော်လင့်ရသည်။ ထိုင်းနိုင်ငံသည် အိန္ဒိယနှင့် ကုန်သွယ်ရာ၌ ၂ဝဝဝ ခုနှစ်များ အစောပိုင်းတွင် ပျမ်းမျှဒေါ်လာသန်း ၂ဝဝ ခန့် လိုငွေ ပြခဲ့သော်လည်း ယခုအခါ ပိုငွေဒေါ်လာ ၁ ဘီလျံခန့် အသာစီးရနေပြီ ဖြစ်သည်။

လုံခြုံရေးကဏ္ဍတွင်လည်း အန်ဒမန်ပင်လယ်ပြင် ရေပြင်ပိုင်နက် မျှဝေ သုံးစွဲမှု ရလဒ်အဖြစ် ပုံမှန်ပူးတွဲ ကင်းလှည့်ခြင်း၊ လေ့ကျင့်ခြင်းနှင့် ၂ဝ၁၁ တွင် ကာကွယ်ရေး ဒိုင်ယာလော့ခ်အသစ် ဆွေးနွေးခြင်း အပါအဝင် ရေတပ်ပူးပေါင်း ဆောင်ရွက်မှုများ တိုးတက်လာသည်။ နယူးဒေလီနှင့် ဘန်ကောက်တို့သည် အရှေ့အာရှ ဖိုရမ်၊ အာရှ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲများတွင် အိန္ဒိယနှင့် ဆွေးနွေးဘက်ဖြစ်နေသော အာဆီယံ အဖွဲ့မှ တစ်ဆင့် ဆက်သွယ်ဆောင်ရွက်လျက် ရှိသည်။ ထို့ပြင် ကဏ္ဍပေါင်းစုံ၊ နည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ဘင်္ဂလားပင်လယ်အော် လှုပ်ရှားမှု အဖွဲ့နှင့် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့များတွင်လည်း တည်ထောင်သူများအဖြစ် နှစ်နိုင်ငံစလုံး ပါဝင်ကြသည်။ ထိုနှစ်ဖွဲ့တွင် မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ် ပါဝင်သော်လည်း တရုတ်က ပါဝင်ခြင်းမရှိပေ။

လက်ရှိနှစ်များတွင် အာရှတိုက်၌ တရုတ်ဩဇာ ကြီးမားလာခြင်းကြောင့် အိန္ဒိယနှင့် ထိုင်းတို့သည် ယင်းတို့၏ အစဉ်အလာ၊ ပထဝီနိုင်ငံရေး အနေအထားကို ပြန်လည် ဟန်ချက် ထိန်းညှိနေကြပြီး နယူးဒေလီနှင့် ဘန်ကောက်သည် တစ်ဦးအပေါ် တစ်ဦး အမြင်သစ်များဖြင့် ချဉ်းကပ်လျက် ရှိသည်။ အိန္ဒိယ အနေဖြင့် အရှေ့နှင့် အရှေ့တောင်အာရှ၊ ဖွံ့ထွားနေသော တရုတ်၊ အမေရိကန်၏ ပစိဖိတ် ဗဟိုချက်နှင့် စွမ်းအင်ရင်းမြစ်အသစ်၊ စားသုံးသူ ဈေးကွက်အသစ်၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းအသစ်များ ရရှိရေးတို့ကို အထူးအာရုံကျလျက် ရှိသည်။ ရင်းလပ်သည် အိန္ဒိယ သမ္မတနိုင်ငံနေ့ကို ၂ဝ၁ဝ နောက်ပိုင်း သုံးကြိမ်ဆက်တိုက် တက်ရောက်ခဲ့သော အရှေ့တောင်အာရှ ခေါင်းဆောင်တစ်ဦး ဖြစ်သည်။

ထိုင်းအတွက်မူ အိန္ဒိယသည် မိတ်ဆွေ ဖွဲ့ရမည့် အင်အားကြီးနိုင်ငံ အဖြစ်သာမက ထိုင်းကိုယ်ပိုင် ယဉ်ကျေးမှုကို လွှမ်းမိုးထားသော လူ့အဖွဲ့အစည်း တစ်ခုလည်း ဖြစ်သည်။ ထိုင်းတို့သည် တရုတ်နှင့် ကုန်သွယ်ရေး လိုငွေပြမှု ကြီးမားလာခြင်းကို တန်ရုံသင့်ရုံသာ စိုးရိမ်သော်လည်း အမေရိကန်နှင့် ပူးကပ်စွာ ရပ်တည်ခဲ့သည့် သမိုင်း သင်ခန်းစာကို မေ့လျော့ခြင်း မရှိသောကြောင့် ဒေသတွင်း အခြားနိုင်ငံများကိုပါ ရင်းနှီးစွာဆက်ဆံရန် ကြိုးစားလျက် ရှိသည်။ ယင်းသို့ ကောင်းမွန်လာသော ဆက်ဆံရေးက နယူးဒေလီနှင့် ဘန်ကောက်အား အစိုးရခေါင်းဆောင်ပိုင်းထိ "မြန်မာနိုင်ငံမှ အခွင့်အလမ်းသစ်" အတွက် ပူးပေါင်းဆောင်ရွက်မှုကို ဖြစ်ပေါ်စေသည်။ အိန္ဒိယ-ထိုင်း ပူးတွဲကြေညာချက်တွင် ပါဝင်သော တတိယနိုင်ငံတစ်ခု၌ စွမ်းအင် ရင်းမြစ် ပူးတွဲရှာဖွေရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ရေကြောင်းကဏ္ဍ ပူးတွဲအကောင်အထည် ဖော်ရေး အစီအစဉ်၌ မြန်မာနိုင်ငံသည် ရုတ်တရက် ဦးစားပေး အဆင့်သို့ ရောက်ရှိလာခဲ့သည်။

နောက်ထပ် ကိစ္စတစ်ခုမှာ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် စက်မှုစီးပွားရေးဇုန် စီမံကိန်း ဖြစ်သည်။ ယင်းစီမံကိန်းသည် တောင်အာရှနှင့် အရှေ့တောင်အာရှကြား မဟာဗျူဟာမြောက် စင်္ကြန်လမ်းဖြစ်လာမည့် အပြင် တောတောင် ထူထပ်၍ မအေးချမ်းသော အရှေ့မြောက် အိန္ဒိယ-မြန်မာ နယ်စပ် လမ်းကြောင်းအတွက် ကုန်ကျစရိတ် သက်သာခြင်း၊ တိုက်ရိုက် လမ်းပေါက်ခြင်း၊ ပိုမိုလုံခြုံစိတ်ချရခြင်း၊ ရေကြောင်းလိုင်းကျပ်သော မလက္ကာ ရေလက်ကြားကို ရှောင်လွှဲနိုင်ခြင်း စသော အားသာချက်များ ရှိနေသည်။

ထားဝယ်စီမံကိန်းကို အကောင်အထည်ဖော်ရန် အီတာလျံ-ထိုင်း ကုမ္ပဏီကို ကန်ထရိုက်ပေးခဲ့သော မြန်မာအစိုးရ၏ ဆုံးဖြတ်ချက်သည် အဆိုပါ စီမံကိန်းကို စိတ်ဝင်စားကြောင်း ထုတ်ဖော် ပြောဆိုကြသော အိန္ဒိယနှင့် တရုတ်ကြားတွင် ခက်ခဲစွာ ဆုံးဖြတ်ရသော အနေအထားကို လွတ်မြောက်သွားစေသည်။ ယင်းစီမံကိန်းအတွက် အီတာလျံ-ထိုင်း ကုမ္ပဏီကို ရံပုံငွေ ပံ့ပိုးရန် ဘန်ကောက်အစိုးရက ကတိပြုထားပြီ ဖြစ်သော်လည်း နိုင်ငံခြား ရင်းနှီး ထည့်ဝင်ငွေ များစွာ ရရှိရန် လိုအပ်နေဆဲ ဖြစ်သည်။ ရင်းလပ်၏ နယူးဒေလီ ခရီးစဉ်တွင် အီတာလျံ-ထိုင်း တာဝန်ရှိသူများပါ လိုက်ပါလာကြပြီး အာရှ၏ အရေးပါသော အရှေ့ အနောက် စင်္ကြန်လမ်းအဖြစ် တံခါးပွင့်သွားမည့် ယင်းစီမံကိန်းတွင် အိန္ဒိယ ပူးပေါင်းပါဝင်ရန် ထိုင်းဝန်ကြီးချုပ်က ကမ်းလှမ်းခဲ့သည်ဟု သိရသည်။

ထို့ပြင် အိန္ဒိယနှင့် ထိုင်းတို့၏ ရှိရင်းစွဲ ကုန်သွယ်ရေးလမ်းကြောင်းများအတွက် အခြားအခွင့်အလမ်းများလည်း ရှိနေသည်။ အိန္ဒိယတို့၏ အရှေ့မျှော်ဝါဒတွင် ယင်း၏ ကုန်းတွင်းပိတ် အရှေ့မြောက် ၇ ပြည်နယ်ကို အရှေ့တောင်အာရှ ထွက်ပေါက် စီးပွားရေးပလက်ဖောင်း အဖြစ် အသွင်ပြောင်းရန် ကြံစည်ထားသည်။ ထိုင်းကလည်း အိန္ဒိယ အရှေ့မြောက်ပိုင်း ရေအားလျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများကို စိတ်ဝင်စားကြောင်း ပြောကြားထားပြီး ထိုင်းကုန်စည်များ ပိုမိုထိုးဖောက်နိုင်ရန် ကျယ်ပြန့်သော ကုန်သွယ်ရေးလွတ်လပ်ခွင့်များ ရရှိအောင် အဆက်မပြတ် စည်းရုံးလျက် ရှိသည်။

နောက်ဆုံးတွင် လွန်ခဲ့သော နှစ်ပေါင်း ငါးဆယ်က ကုလသမဂ္ဂက ပထမဆုံးစိတ်ကူးယဉ်ခဲ့သော ဒေလီ-ဘန်ကောက် အာရှအမြန်လမ်းမကြီး စီမံကိန်း အမှန်တကယ် ဖြစ်လာရန် အခွင့်အရေး ရှိလာပြီ ဖြစ်သည်။ နှစ်နိုင်ငံ စလုံးသည် ယင်းတို့ နယ်စပ်ဂိတ်များနှင့် မြန်မာအကြား ဆက်သွယ်ရေးလမ်းကြောင်းများကို တိုးချဲ့ ရင်းနှီးမြှုပ်နှံနေကြပြီး မြန်မာနိုင်ငံအတွင်း ပြတ်တောက်နေသော လမ်းပိုင်းများကိုလည်း အပြီးသတ်ရန် ကြိုးစားနေကြသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ များစွာ ခေတ်နောက်ကျနေသော အခြေခံ အဆောက်အဦးနှင့် လမ်းများကို အဆင့်မြှင့်ရန် စိတ်ဝင်စားကြောင်း နယူးဒေလီနှင့် ဘန်ကောက်က ထုတ်ဖော် ပြောဆိုထားသည်။ မြန်မာနိုင်ငံ၏ နောက်ဆုံး တံခါးဖွင့် ပြောင်းလဲမှုသည် တောင်အာရှနှင့် အရှေ့တောင်အာရှကြား ဆက်သွယ်ရေးနှင့် စီးပွားရေး ပေါင်းစည်းမှုကို တွန်းတင်ပေးနိုင်မည့် အခွင့်အလမ်းဖြစ်ကြောင်း သုံးသပ် တင်ပြလိုက်ရသည်။

************************************************************************

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၎.၃.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၁)

  1. စီးပွားရေးတံခါး ဖွင့်ရန် မြန်မာ အသင့်

(The Economist မှ 3 March 2012 ရက်စွဲပါ Opening soon ကို ဘာသာ ပြန်ဆိုသည်)

  1. တရုတ်မြို့ကြီးများလေထုစံနှုန်းအသစ်များနှင့် မကိုက်ညီဟုဆို

(BBC News မှ 2 March 2012 ရက်စွဲပါ China cities will not meet new air standards ကို ဘာသာပြန်ဆိုသည်)

  1. မြန်မာ့ပြုပြင်ပြောင်းလဲမှုများ မျက်နှာကြီးရာဟင်းဖတ်ပါသည့်လုပ်ဆောင်မှုမျိုးကင်းရှင်းရန်လိုအပ်

(Reuters သတင်းဌာနမှ 1 March 2012 ရက်စွဲပါ Reforming Myanmar should avoid sweetheart deals – UN offical ကို ဘာသာ ပြန်ဆိုသည်)

*************************************************************

စီးပွားရေးတံခါး ဖွင့်ရန် မြန်မာ အသင့်

(The Economist မှ 3 March 2012 ရက်စွဲပါ Opening soon ကို ဘာသာ ပြန်ဆိုသည်)

"စွမ်းအားတွေ အပြည့်ရှိနေတဲ့ ဒေသတွင်းက လူဦးရေ သန်း ၆ဝ ရှိတဲ့ နိုင်ငံတစ်နိုင်ငံဟာ စီးပွားရေးအတွက် ရုတ်တရက် တံခါးဖွင့်ပေးတယ် ဆိုတဲ့ ဖြစ်ရပ်ဟာ နေ့တိုင်း ဖြစ်နေနိုင်တဲ့ ကိစ္စတစ်ခု မဟုတ်ပါဘူး" ဟု စင်ကာပူမှ အကြံပေးပညာရှင် Hans Vriens က ဆိုလိုက်သည်။ တစ်ချိန်က အပယ်ခံနိုင်ငံ ဖြစ်ခဲ့ပြီး ယခုအခါ စိတ်ပျက်စရာများ လျော့ပါးလာနေသော မြန်မာနိုင်ငံ၏ အလားအလာများ အကြောင်းကို ဖော်ပြခဲ့သည်။

လွန်ခဲ့သော ရာစုနှစ် တစ်ဝက်ကျော်က ကျွန်းသစ်များ၊ သတ္တုများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့များနှင့် အခြား သယံဇာတများ ပေါကြွယ်သော မြန်မာနိုင်ငံသည် ဒေသတွင်း ချမ်းသာသော နိုင်ငံများတွင် ပါဝင်ခဲ့သည်။ ဆယ်စုနှစ်များစွာ ဆိုရှယ်လစ်နိုင်ငံ ဖြစ်ခဲ့ခြင်း၊ ဖိနှိပ်ခြင်းများနှင့် အရေးယူ ပိတ်ဆို့မှုများသည် အရာရာကို ပျက်စီးခြင်း အဖြစ်သို့ ရောက်စေခဲ့သည်။ သို့သော် ယခုအခါ မြန်မာနိုင်ငံသည် အမှန်တကယ် ပြင်ပကမ္ဘာနှင့် ပြန်လည် ဆက်သွယ်နေသည့်အသွင် ရှိနေပေပြီ။ စစ်တပ်သည် ချုပ်ကိုင်ထားမှုများကို အတိုင်းအတာတစ်ခုထိ လျှော့ပေးခဲ့ပြီး အစိုးရသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်လျက်ရှိသည်။ စီးပွားရေးသည် ယခင်က ရွှေထီးဆောင်းခဲ့သော ဘဝကို ပြန်ရလေဦးမည်လားဟု မေးခွန်း ထွက်ပေါ်လာသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများသည် သံတမန်ရေးအရ ဆုလာဘ် များ ရကောင်းရနိုင်ပေသည်။ အမေရိကန်နှင့် အီးယူတို့သည် ၁၉၉ဝ ခုနှစ်များဆီက စစ်အစိုးရကို ဒဏ်ခတ်သောအားဖြင့် စီးပွားရေး ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။ ယခုမူ ယင်းအရေးယူမှုများကို ဖယ်ရှားကောင်း ဖယ်ရှားနိုင်သည်။ ထို့ကြောင့် နိုင်ငံခြားကုမ္ပဏီများ၊ အထူးသဖြင့် အနောက်နိုင်ငံ ကုမ္ပဏီများ ဝင်ရောက်လာနိုင်ပါသည်။ အချို့တိုင်းပြည်များသည် လှုပ်ရှားနေကြပြီး ဖြစ်သည်။ အမေရိကန်သည် IMF နှင့် ကမ္ဘာ့ဘဏ်မှ အဖွဲ့များအား မြန်မာနိုင်ငံသို့ စေလွှတ်၍ သဘာဝမကျသော ငွေကြေးစနစ်အား ခေတ်မီအောင် ပြုပြင်ရန် အကူအညီပေးစေသည်။ အီးယူက အစိုးရအဖွဲ့ဝင်များအပေါ် ဗီဇာကန့်သတ်ထားခြင်းများကို ပယ်ဖျက်ပေးခဲ့ပြီး လာမည့် ဧပြီလတွင် နောက်ထပ် ဖြေလျှော့မှုများ ကြေညာလိမ့်မည်ဟု မျှော်လင့်ရသည်။

အနောက်နိုင်ငံ ကုမ္ပဏီများသည် မြန်မာနိုင်ငံ၏ များပြားသော လူဦးရေ၊ သယံဇာတ ကြွယ်ဝမှု၊ ခေတ်မီပစ္စည်းနှင့် ဝန်ဆောင်မှုများအတွက် ဈေးကွက်များအပေါ် များစွာ မျှော်လင့်လျက် ရှိသည်။ မြန်မာနိုင်ငံမှ နာရီများသည် ၁၉၆ဝ အစောပိုင်းကာလများကတည်းက ရပ်သွားခဲ့ပြီး ယခုအခါ တိုင်းသူပြည်သားများသည် အရာရာကို တက်ကြွလျက် ရှိသည်။ ယခင်က လူအနည်းငယ်ကသာ ကားပိုင်ဆိုင်နိုင်ကြပြီး စူပါမားကတ်ကြီးများမှာလည်း ခြောက်ကပ်လျက် ရှိသည်။

Mr.Vriens ကပြောကြားရာတွင် ရင်းနှီးမြှုပ်နှံသူများသည် ငွေကြေးကဏ္ဍအစ ဟိုတယ်များနှင့် စားသောက်ကုန် ထုတ်လုပ်မှု လုပ်ငန်းအဆုံး နေရာတကာတွင် အခွင့်အလမ်းများ မြင်တွေ့နေရသည်ဟု ဆိုသည်။ မြန်မာအစိုးရသစ်သည် အနောက်နိုင်ငံ ရင်းနှီးမြှုပ်နှံသူများကို လက်ကမ်းကြိုဆိုလျက် ရှိသည်။ အရေးယူမှုများ ချမှတ်ထားသော နှစ်များက အဓိကကြီးမားသော ရင်းနှီးမြှုပ်နှံသူများမှာ တရုတ်ကုမ္ပဏီများ ဖြစ်ပြီး ယင်းတို့သည် ရေနံ၊ သစ်နှင့် အခြားသယံဇာတများ ထုတ်ယူရန် စိတ်အားထက်သန်ခဲ့ကြသည်။ ယင်းတို့အနက် အနည်းငယ်ကသာ ဒေသခံလုပ်သားများ၊ ပတ်ဝန်းကျင်ဆိုင်ရာများအတွက် လုပ်ဆောင်ပေးခြင်း၊ လိုက်နာခြင်းများ ရှိခဲ့သည်။ ယခုအခါ မြန်မာနိုင်ငံအတွက် အခြား ရွေးချယ်စရာများ ရှိလာပြီ ဖြစ်သည်။

တိုင်းပြည်ကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက် ဆွဲဆောင်မှု ရှီစေရန် အစိုးရသည် ဥပဒေများ၊ စီးပွားရေးစနစ်များကို တစ်နှစ်အတွင်း လျှင်မြန်စွာ ကျယ်ကျယ်ပြန့်ပြန့် ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်။ မြေယာဥပဒေသစ်၊ ရင်းနှီးမြှုပ်နှံမှုဥပဒေသစ် မူကြမ်းများ ရေးဆွဲလျက်လည်း ရှိသည်။ အထူးစီးပွားရေးဇုန်များ တည်ထောင်၍ အဖက်ဖက်မှ အကြံဉာဏ်များလည်း တောင်းခံနေသည်။ မြန်မာနိုင်ငံကို တရုတ်၊ အိန္ဒိယနှင့် အရှေ့တောင်အာရှကြားတွင် မဟာဗျူဟာကျသော ဆက်သွယ်မှု ဖြစ်ရန် ကြိုးစားလျက်ရှိရာ ကမ္ဘာပေါ်တွင် လျင်မြန်စွာ ကြီးထွားနေသော ဈေးကွက်ကြီး ၃ ခုနှင့် အလွယ်တကူ ဆက်ဆံနိုင်ရန် လုပ်ဆောင်လျက် ရှိသည်။

သို့သော် မြန်မာနိုင်ငံသည် စီးပွားရေးလုပ်ကိုင်ရန် ခက်ခဲသော နေရာတစ်ခု ဖြစ်နေဆဲ ဖြစ်သည်။ ပထမအချက်မှာ ငွေလဲလှယ်နှုန်းသည် အမှားအယွင်းများ ရှိနေသည်။ တရားဝင်နှုန်းမျာ တစ်ဒေါ်လာလျှင် ၆ ကျပ် ဖြစ်သော်လည်း ပို၍ လက်တွေ့ကျသော မှောင်ခိုဈေးနှုန်းမှာ ၈ဝဝ ကျပ် ဖြစ်သည်။ ပုံမှန် ဘဏ်စနစ်လည်း မရှိပါ။ ယခု တံခါးအဖွင့်တွင် အကျင့်ပျက် ခြစားမှုက နေရာတကာတွင် ရှိနေသည်ကို အစိုးရတာဝန်ရှိသူများက ဝန်ခံထားကြသည်။ စောင့်ကြည့်အဖွဲ့တစ်ခုဖြစ်သော Transparency International က အကျင့်ပျက်ခြစားမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသည် နိုင်ငံ ၁၈၃ နိုင်ငံတွင် နံပါတ် ၁၈ဝ တွင် ရှိကြောင်း သတ်မှတ်ထားသည်။ အကျင့်ပျက် ခြစားမှုအတွက် ဥပဒေစနစ်တစ်ခု အသက်ဝင်ရန် အချိန်များစွာ ကြာလိမ့်ဦးမည်လည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် အရေးယူမှုများ ရှိသော်လည်း ကုမ္ပဏီအချို့သည် ကောင်းစွာ လုပ်ကိုင်နိုင်ခဲ့သည်။ ပြင်သစ် ရေနံကုမ္ပဏီဖြစ်သော Total သည် ဆိုးရွားသည့် တိုင်းပြည်များတွင် စီးပွားရေးလုပ်ကိုင်သည့် အကျင့် ဖြစ်နေပြီ  ဖြစ်သည်။ ဂျာမန် ဖြန့်ဝေရေးကုမ္ပဏီတစ်ခု ဖြစ်သော DHL သည် အားကိုးအားထား ပြုလောက်သည့် စာပို့စနစ် မရှိသည်ကို အခွင့်ကောင်းယူ၍ အကျိုးအမြတ်များ ရရှိခဲ့သည်။ သို့သော် ယင်းကိစ္စများမှာ ချွင်းချက်များသာ ဖြစ်သည်။ အကယ်၍ မြန်မာနိုင်ငံသည် အာရှတိုက်၏ ကြီးပွားတိုးတက်မှုတွင် ပူးပေါင်းပါဝင်လိုလျှင် ပြုပြင်ပြောင်းလဲမှုများကို နှစ်ပေါင်းများစွာ ဆက်လုပ်သွားကြရမည်သာ ဖြစ်သည်။

**********************************************************************

တရုတ်မြို့ကြီးများလေထုစံနှုန်းအသစ်များနှင့် မကိုက်ညီဟုဆို

(BBC News မှ 2 March 2012 ရက်စွဲပါ China cities will not meet new air standards ကို ဘာသာပြန်ဆိုသည်)

တရုတ်နိုင်ငံ မြို့ကြီးများ၏ သုံးပုံနှစ်ပုံသည် လေထုအရည်အသွေးစံအသစ်များ ပြည့်မီခြင်းမရှိဟု ပတ်ဝန်းကျင်ဆိုင်ရာ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါမှတ်ချက်ကို ကတ်ဘိနက်က 2016 တွင် သက်ဝင်လာရန်ရှိသောစောင့်ကြည့်မည့် စံနှုန်းအသစ်များကို ပြန်လှန်သုံးသပ်ရန် ကြေညာပြီး ပတ်ဝန်းကျင်ကာကွယ်ရေးဆိုင်ရာ ဒုတိယဝန်ကြီး Wu Xiaoqing က ပြောကြားခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ၏ လေထုအရည်အသွေးမှာ လျင်မြန်သော စီးပွားရေးတိုးတက်မှုနှင့်အတူ ပို၍ဆိုးရွားလာလျက် ရှိသည်။ ပြီးခဲ့သောလပိုင်းအတွင်းက ပြည်သူများသည် လေထုညစ်ညမ်းမှုကို စောင့်ကြည့်သော ပိုမိုကောင်းမွန်သည့်စနစ်တစ်ခု ပြောင်းလဲရန် တောင်းဆိုခဲ့ကြသည်။

စံနှုန်းအသစ်များအရ အိုဇုန်းကို တိုင်းတာမည်ဖြစ်ပြီး PM 2.5 ပါဝင်မှုနှုန်းကို စောင့်ကြည့်မည် ဖြစ်သည်။ PM 2.5 ဆိုသည်မှာ ညစ်ညမ်းသော အမှုန် (particulate matter) အချင်း 2.5 မိုက်ခရိုမီတာထက်သေးသော အမှုန်ကို ဆိုလိုသည်။

PM 2.5 ပါဝင်မှုနှုန်းကို တစ်ရက်လျှင် ပျမ်းမျှလေထု တစ်ကုဗမီတာတွင် 75 မိုက်ခရိုဂရမ် အောက်တွင်သာရှိရန် ထိန်းသိမ်းရေးဖြစ်သည်။ အမေရိကန်စံနှုန်းအရ 35 မိုက်ခရိုဂရမ်သာပါဝင်ရန် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ပို၍ကြီးသော PM 10 အမှုန်များပါဝင်မှုကိုလည်းလက်ခံနိုင်သည့် အဆင့်တွင် ထိန်းချုပ်နိုင်ရေး ဖြစ်သည်။

Mr. Wu က သုံးပုံနှစ်ပုံသော တရုတ်မြို့ကြီးများသည် ယခုစံနှုန်းအသစ်များနှင့် ကိုက်ညီမည် မဟုတ်ကြောင်း ခန့်မှန်းခဲ့သည်။ “ဒါဟာ ကျွန်တော်တို့ စိန်ခေါ်မှုကိုပိုမိုရင့်ဆိုင်လာရပြီဆိုတာ ပြတာပါပဲ” ဟု ၎င်းက ပြောသည်။ PM 2.5 ပါဝင်နှုန်းစောင့်ကြည့်ရေးကိုယခုနှစ်တွင် Beijing, Tianjin, ရှန်ဟဲ နှင့် Chongqing မြူနီစပါယ်ဒေသလေးခုနှင့် ပုလဲမြစ်ဝကျွန်းပေါ် ယန်စီမြစ်ဝကျွန်းပေါ် မြို့ကြီးများတွင် စတင်မည် ဖြစ်သည်။ အခြားမြို့ကြီးများတွင်မှု PM 2.5 စောင့်ကြည့်ခြင်းအား 2015 ထိစတင်လိမ့်မည် မဟုတ်ပေ။

Mr. Wu က ပြောကြားရာတွင် အစိုးရသည် နိုင်ငံတဝှမ်း လေထု စောင့်ကြည့်တိုင်းတာသည့် စခန်းပေါင်း (1500) ထူထောင်ရန် စီမံထားပြီး ဖြစ်သည်။ “အဆိုပါ အချက်အလက်များနဲ့ ပတ်သက်ပြီး ကျွန်တော်တို့က ပြည်သူတွေကို ပိုမိုကောင်းမွန်အောင် အလုပ်အကျွေး ပြုတာနဲ့အညီ ပြည်သူများရဲ့ ယုံကြည်မှုကိုလည်း တည်ဆောက်လိုပါတယ်” ဟု ၎င်းက ပြောသည်။

ထိုသို့ ပြုပြင်ပြောင်းလဲရေးများ ဖြစ်ပေါ်လာခြင်းမှာ ပိုမိုတင်းကြပ်သော ဥပဒေများဖြင့် စောင့်ကြည့်ရေး အွန်လိုင်း လှုပ်ရှားမှုသည် တရုတ်နိုင်ငံ တဝှမ်း အချို့နာမည်ကြီးပုဂ္ဂိုလ်များ အပါအဝင် ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှုများ ရှိလာခြင်းကြောင့် ဖြစ်သည်။

“ကျွန်တော်တို့ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခု ဖြစ်နေဆဲဖြစ်တာကြောင့် ကျွန်တော်တို့ရဲ့ စီးပွားရေးနဲ့ နည်းပညာ ဖွံ့ဖြိုးမှုအဆင့်တွေဟာ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ PM 10 နဲ့ PM 2.5 လေထုအတွင်းပါဝင်မှု ကန့်သက်ချက်အဆင့် (1) နှင့် အညီဖြစ်အောင် ဆုံးဖြတ်ချက်ချထားပါတယ်” ဟု Mr. Wu က ပြောသည်။

၎င်းက ပြောကြားရာတွင် တရုတ်နိုင်ငံသည် စွမ်းအင်အခြေခံအဆာက်အအုံများ တိုးတက်အောင် ပြုလုပ်၍ လည်းကောင်း၊ စက်မှုနှင့် မော်တာတို့မှ ထုတ်လွှတ်မှုများကို ပိုမိုထိန်းချုပ်ခြင်းဖြင့်လည်းကောင်း မြို့ကြီးများမှ လေထု အရည်အသွေးကို မြှင့်တင်သွားမည်ဟု ဆိုသည်။

******************************************************************

မြန်မာ့ပြုပြင်ပြောင်းလဲမှုများ မျက်နှာကြီးရာဟင်းဖတ်ပါသည့်လုပ်ဆောင်မှုမျိုးကင်းရှင်းရန်လိုအပ်

(Reuters သတင်းဌာနမှ 1 March 2012 ရက်စွဲပါ Reforming Myanmar should avoid sweetheart deals – UN offical ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် ယခုအခါ ဆင်းရဲမွဲတေမှုမှ ရုန်းထွက်နိုင်ရေးအတွက် ကြီးမားသောပြောင်းလဲမှုများပြုလုပ်ရန် ဆန္ဒရှိနေရာ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အမှားမျိုးကိုထပ်မံမပြုလုပ်မိရန် သတိပြုသင့်သလို မျက်နှာကြီးရာဟင်းဖတ်ပါသည့် အပေးအယူလုပ်မှုမျိုး မပြုလုပ်ရန်အရေးကြီးကြောင်း ကုလသမဂ္ဂမှ စီနီယာ အရာရှိကြီးတစ်ဦးကပြောကြားသည်။

သဘာဝသယံဇာတပေါကြွယ်ဝသော မြန်မာနိုင်ငံသည် ရာစုနှစ်ဝက်တာကာလမျှ စစ်ဘက်အုပ်ချုပ်ရေးစနစ်အောက်တွင်ရှိခဲ့ရာမှ ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင်ကျင်းပခဲ့သော ဒီမိုကရေစီရွေးကောက်ပွဲဖြင့် အရပ်သားအုပ်ချုပ်ရေးစနစ်ဆီသို့ အသွင်ကူးပြောင်းနိုင်ခဲ့သည်။

ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်(UNDP) မှလက်ထောက်အုပ်ချုပ်ရေးမှူး Ajay Chibber က မြန်မာသမ္မတဦးသိန်းစိန်သည် မြန်မာနိုင်ငံကို နိုင်ငံတကာနှင့် ချိတ်ဆက်မိစေရေးအတွက် တံခါးဖွင့်စနစ် ကျင့်သုံးရန် ဆန္ဒရှိနေကြောင်း၊ သို့သော် ပြည်ပမှ ကုမ္ပဏီများနှင့် အဖွဲ့အစည်းများ အဆမတန် ဝင်ရောက်လာမည့်ကိစ္စအပေါ် သတိထားလျက်ရှိကြောင်းပြောကြားသည်။ ၎င်းသည် မကြာသေးခင် ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်ခဲ့သည်။

“နိုင်ငံတကာရဲ့ပိတ်ဆို့အရေးယူမှုတွေရှိနေပေမယ့်လည်း မြန်မာပြည်မှာ ပုဂ္ဂလိကအခန်းကဏ္ဍအတွက် စိတ်ဝင်စားစရာတွေ အများကြီး ရှိနေပါတယ်။ မြန်မာပြည်မှာဝင်ရောက်ပြီး ရင်းနှီးမြှုပ်နှံလိုတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေနဲ့ လူပုဂ္ဂိုလ်တွေအများကြီးရှိပါတယ်။ စိုးရိမ်စရာတစ်ခုကတော့ မျက်နှာကြီးရာဟင်းဖတ်ပါတဲ့လုပ်ရပ်တွေ၊ လက်သင့်ရာ ခေါ်တဲ့လုပ်ရပ်မျိုးတွေ ရှိလာနိုင်တာပါပဲ” ဟု ၎င်းကဆိုသည်။

“ဘာလဲဆိုတော့ ကုမ္ပဏီတွေနဲ့ အစိုးရအရာရှိကြီးတွေကြားမှာ အပြန်အလှန်အမြတ်ထွက်အောင်လုပ်ကြတဲ့ကိစ္စမျိုးကိုဆိုလိုတာပါ။ အဲဒီလို လုပ်ရပ်တွေကြောင့် အဂတိလိုက်စားမှုတွေကို ပိုမိုဖြစ်ထွန်းစေလာနိုင်ပါတယ်” ဟုလည်း ပြောသည်။ သို့အတွက်ကြောင့် မြန်မာအစိုးရအနေဖြင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရန် စီမံဆောင်ရွက်မှုကဲ့သို့ အခြေခံကျသောလုပ်ငန်းစဉ်များအပါအဝင် အရေးပါသောလုပ်ထုံးလုပ်နည်းများကို ကန်ထရိုက်စာချုပ် မချုပ်ဆိုမီပြုလုပ်ထားသင့်ကြောင်း ၎င်းကဆိုသည်။ လူဦးရေသန်း၅၀ ကျော်ရှိပြီး သစ်တော၊ သဘာဝဓာတ်ငွေ့နှင့် ရေနံ ပေါကြွယ်ဝသော မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကြောင့် အနောက်နိုင်ငံများမှ အလှူရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများက ပြည်တွင်းသို့ ဝင်ရောက် လုပ်ကိုင်ရန် လွန်စွာစိတ်ဝင်စားလာကြသည်။

“ဖွံ့ဖြိုးမှုနှေးကွေးလွန်းတာကြောင့် မြန်မာနိုင်ငံမှာ ယနေ့အချိန်အထိ သဘာဝသယံဇာတတွေနဲ့ တွင်းထွက်ပစ္စည်းတွေပေါကြွယ်ဝနေတာပါ။ ကျွန်တော်တို့ အနေနဲ့ ဖွံ့ဖြိုးမှုကြီးထွားလာပြီး သဘာဝရင်းမြစ်ထုတ်ယူမှုတွေ အဆမတန်မြင့်တက်ကာ နောက်ဆုံးမှာ အဲဒီသဘာဝရင်းမြစ်တွေ ကျိန်စာသင့်သလိုဖြစ်ခဲ့ရတဲ့နိုင်ငံအတော်များများကိုတွေ့ဖူးပါတယ်။ အဲဒီလို အမှားမျိုးတွေမဖြစ်အောင် ရှောင်ရှားနိုင်မယ့်အခွင့်အရေးတွေ မြန်မာနိုင်ငံမှာ ရှိနေပါတယ်” ဟု Chibber ကပြောကြားသည်။

မြန်မာသည် ၂၀ ရာစုအစောပိုင်းကာလများအတွင်း အာရှ၌ချမ်းသာကြွယ်ဝသောနိုင်ငံများစာရင်းဝင်ခဲ့ဖူးသည်။ သို့သော် ရက်စက်ကြမ်းတမ်းသော စစ်အာဏာရှင်စနစ်အောက်သို့ နှစ်ပေါင်း ၆၀ နီးပါးမျှ ရောက်ရှိခဲ့ပြီးနောက် ယခုအခါ ကမ္ဘာပေါ်တွင် ဆင်းရဲနွမ်းပါးဆုံးနိုင်ငံအဖြစ်သို့ ရောက်ရှိသွားပြီဖြစ်သည်။ မြန်မာနိုင်ငံသား သန်း ၆၀ ခန့်ရှိသည့်အနက် သုံးပုံတစ်ပုံခန့်မှာ တစ်နေ့လျှင် တစ်ဒေါ်လာအောက်မျှသာ ရှိသောဝင်ငွေဖြင့် ရပ်တည်နေထိုင်လျက်ရှိသည်။

စစ်အစိုးရလက်ထက်ကာလများအတွင်းဖြစ်ပေါ်ခဲ့သော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် စစ်မက်ပဋိပက္ခကြောင့် ထောင်ပေါင်းများစွာ ဒုက္ခသည်အဖြစ် ပြောင်းရွှေ့နေထိုင်ခဲ့ကြရသည်။ မြန်မာစစ်တပ်နှင့် အဆိုပါတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက သဘာဝရင်းမြစ်နှင့် သယံဇာတများကို အပိုင်သိမ်းခဲ့ကြပြီး ကိုယ်ကျိုးစီးပွားရှာဖွေခဲ့ကြသောကြောင့် အဓမ္မလုပ်သားများနှင့် ကလေးအလုပ်သမားများစွာထွက်ပေါ်ခဲ့သည်။

ယခုလာမည့် ဧပြီ်လ ၁ ရက်နေ့တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ယခင်က ပိတ်ပင်ခံခဲ့ရသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ပါတီ(NLD) ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ရာ အဆိုပါဖြစ်စဉ်ကြောင့် အနာဂတ်ကာလတွင် မြန်မာအပေါ် ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားလာလိမ့်မည်ဟု မြန်မာအစိုးရကမျှော်လင့်ထားသည်။ “အဲဒီကြားဖြတ်ရွေးကောက်ပွဲဟာ မြန်မာပြည်အတွက် သမိုင်းဝင်ဖြစ်ရပ် တစ်ခုလို့ဆိုရမှာပဲ။ မြန်မာအစိုးရအနေနဲ့ ဂျီဒီပီတိုးတက်လာဖို့အတွက်သာမက လူ့စွမ်းအားရင်းမြစ်ဖွံ့ဖြိုးလာရေးအတွက် အပြောင်းအလဲတွေ အများကြီး ဆက်လုပ်သွားလိမ့်မယ်လို့လည်း ကျွန်တော်ထင်ပါတယ်” ဟု Chibber ကပြောကြားသည်။

အာရှဒေသနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နောက်ကျကျန်ရစ်ခဲ့သည့်အနေအထားတွင်ရှိသည့်တိုင် မြန်မာအစိုးရသည် ဖွံ့ဖြိုးရေးဟူသော သတ်မှတ်ချက်ဖြင့် ပြုပြင်ပြောင်းလဲမှုများကို ရိုးရှင်းစွာ စတင်လုပ်ကိုင်လျက်ရှိကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။ ဖွံ့ဖြိုးဆဲနိုင်ငံအဆင့်တွင်ပါရှိသော မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းခွင်တွင် အော်ဂဲနစ်စိုက်ပျိုးမှုများ ကျန်ရှိနေခြင်းက မြန်မာနိုင်ငံအတွက် အရည်အသွေးပြည့်ဝသော စိုက်ပျိုးရေးထုတ်ကုန်များ ထွက်ရှိရန် များစွာအလားအလာကောင်းကြောင်း ၎င်းကဆိုသည်။ ထို့ပြင် ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည့်အားလျော်စွာ ဘုရား၊ပုထိုး၊ စေတီကျောင်းကန် မြောက်မြားစွာရှိနေခြင်းက ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းအတွက် များစွာဆွဲဆောင်မှုဖြစ်ပေါ်စေသည်။ “သူတို့ကို ကျွန်တော် အများကြီးအကြံပေးခဲ့ပါတယ်။ အဲဒီထဲကတစ်ခုကိုပြောပြရမယ်ဆိုရင် သူတို့သွားတဲ့ခြေလှမ်းက အရမ်းကို သွက်လက်မြန်ဆန်လွန်းနေလို့ ဖြေးဖြေးနဲ့ မှန်မှန်သွားဖို့ ပြောခဲ့ပါတယ်” ဟု ပြောကြားသွားသည်။

******************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs