Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁ဝ.၃.၂ဝ၁၂

ဘာသာပြန်သတင်းများ

  1. မဲဆန္ဒရှင်စာရင်းတွင် မရိုးသားမှုများရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် သတိပေး

(The Associated Press မှ 8 March 2012 ရက်စွဲပါ “Myanmar A Warning on Voter Lists” သတင်းကို ဘာသာ ပြန်ဆိုသည် )

  1. မြန်မာ တံခါးဖွင့်မှု မလေးရှား FDI ကို မထိခိုက်ဟုဆို

(Bernama မှ 8 March 2012 ရက်စွဲပါ Myanmar’s open door policy will not affect FDI flows into Malaysia, says Mukhriz ကို ဘာသာ ပြန်ဆိုသည်)

  1. အာဆီယံအကြီးအကဲက ထိုင်းကုမ္ပဏီများကို လုပ်သားမလုံလောက်မှုကိစ္စသတိပေး

(Bangkok Post မှ 10 Mar 2012 ရက်စွဲပါ Asean chief warns firms of labour shortage သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

  1. တရုတ် လူမှုရေး ကွန်ရက်များ ဆင်ဆာကြုံနေရ

(BBC News မှ 9 March 2012 ရက်စွဲပါ China's social networks hit by censorship, says study ကို ဘာသာ ပြန်ဆိုသည်)

******************************************************************

မဲဆန္ဒရှင်စာရင်းတွင် မရိုးသားမှုများရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် သတိပေး

(The Associated Press မှ 8 March 2012 ရက်စွဲပါ “Myanmar A Warning on Voter Lists” သတင်းကို ဘာသာ ပြန်ဆိုသည် )

မြန်မာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လာမည့်ဧပြီလဆန်း ကြားဖြတ် ရွေးကောက်ပွဲအတွက် တရားဝင် မဲဆန္ဒပေးခွင့် ရှိသူ စာရင်းများတွင် ကွယ်လွန်ပြီးသောလူများ၏ အမည်များ ပါဝင်နေသည်ဟု ပြောကြားလိုက်ပြီး ရွေးကောက်ပွဲမဲလိမ်မှု ဖြစ်နိုင်ခြေရှိသော သံသယ မေးခွန်းများကို ထုတ်ဖော်လိုက်သည်။

အနောက်နိုင်ငံများအနေဖြင့် မြန်မာအစိုးရကို လူရာသွင်းဆက်ဆံမည့် သံတမန်ရေးရာမူဝါဒများကို မဆုံးဖြတ်မှီ မြန်မာရွေးကောက်ပွဲ ကော်မရှင်၏ “ရွေးကောက်ပွဲမသမာမှု ကိုင်တွယ်ဆောင်ရွက်ပုံ” ကို အနီးကပ် လေ့လာ စောင့်ကြည့်ကြပါဟု ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသည့် နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အခြားကမ္ဘာ့နိုင်ငံများကို တောင်းဆိုထားသည်။

မြန်မာနိုင်ငံမှ ယခင်တပ်မတော်အစိုးရသည် ၎င်း၏ မြန်မာပြည်သူလူထုအပေါ် လူမဆန်သော ညှင်းပန်းနှိပ်စက်မှုများ ကျူးလွန်ခဲ့ခြင်းကြောင့် အမေရိကန်ပြည်ထောင်စုနှင့် အခြားအနောက်နိုင်ငံများက စီးပွားရေးနှင့် နိုင်ငံရေး Sanctions များချမှတ်ကာ အရေးယူဒဏ်ခတ် ပိတ်ဆို့ထားခဲ့ကြသော်လည်း မနှစ်က အာဏာလွဲပြောင်း ရယူထားသည့် အစိုးရအဖွဲ့သစ်က ပြုပြင်ပြောင်းလဲမှုများကို သိသိသာသာ စတင် ပြုလုပ်လာပြီးနောက်ပိုင်း ယခင်က ချမှတ်ထားသော Sanctions များကို ဖြေလျော့ပေးရန် စတင်စဉ်းစား သုံးသပ်နေကြပြီဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးပါတီ NLD သည် လာမည့်ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်ကိုယ်စားလှယ် ၄၈ နေရာစလုံး၌ ပါဝင်ယှဉ်ပြိုင်ရန် မဲဆွယ်စည်းရုံး ပြင်ဆင်လျက်ရှိသည်။

*********************************************************************

မြန်မာ တံခါးဖွင့်မှု မလေးရှား FDI ကို မထိခိုက်ဟုဆို

(Bernama မှ 8 March 2012 ရက်စွဲပါ Myanmar’s open door policy will not affect FDI flows into Malaysia, says Mukhriz ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေးမူဝါဒသည် မလေးရှား၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ကို ထိခိုက်လိမ့်မည် မဟုတ်ကြောင်း မလေးရှားနိုင်ငံ၏ နိုင်ငံတကာကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Datak Mukhriz Tun Mahathir က ပြောကြားခဲ့သည်။

၎င်းကပြောကြားရာတွင် မလေးရှားသည် လက်ရှိအားဖြင့် အဆင့်မြင့်နည်းပညာစက်မှုလုပ်ငန်းများကို အားထည့် လုပ်ဆောင်နေခြင်းကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်အာရုံပြုဆွဲဆောင်သွားမည်ဟု ဆိုသည်။

“မြန်မာနိုင်ငံက သစ်အခြေခံစက်မှုလုပ်ငန်းနဲ့ သစ်အပေါ်မှာပိုပြီးအားရုံပြုနေပါတယ်။ ကျွန်တော်တို့ကလည်း လုပ်အား အများကြီးသုံးရတဲ့ ကဏ္ဍတွေမှာရင်းနှီးမြှုပ်နှံဖို့ စိတ်မဝင်စားပါဘူး” ဟု ၎င်းက Tanjung Langsat ရှိ Technip Asiaflex Products Sdn Bhp အဆောက်အဦးသို့ လာရောက် လည်ပတ်စဉ် သတင်းထောက်များသို့ ပြောကြားခဲ့သည်။ ၎င်းက ဆက်လက်ပြောကြားရာတွင် မလေးရှားနိုင်ငံတွင် မလေးရှားရင်းဂစ်( ၅၆.၁) ဘီလီယံတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုများပါဝင်သော ထုတ်လုပ်မှုစီမံကိန်း (၈၄၆) ခုကို ပြီးခဲ့သည့်နှစ်က အတည်ပြုပေးခဲ့သည်ဟုဆိုသည်။

ထိုပမာဏတွင် ပြည်တွင်းတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (DDI) သည် ရင်းဂစ်(၂၂) ဘီလီယံရှိပြီး ၃၉.၂% ရှိသည်။ ကျန်ရှိနေသော ရင်းဂစ် ၃၄.၁ ဘီလီယံဖြစ်သော ၆၀.၈% ကို FDI မှ ပါဝင်သည်ဟု ၎င်းကရှင်းပြသည်။ “Johor မှာ ရင်နှီးမြှုပ်နှံမှုတန်ဖိုး စုစုပေါင်း ရင်းဂစ် ၆.၆ ဘီလီယံရှိပြီး အတည်ပြုပြီး ထုတ်လုပ်မှုစီမံကိန်း ၁၈၈ ခု ရှိသည့်အတွက် ပီနန်၊ ဆီလီဂေါနဲ့ ဆာရာဝတ်တို့နောက်မှာ စတုတ္ထလိုက်ပါတယ်။ ၂၀၁၀ တုန်းက Jahor မှာ ထုတ်လုပ်မှုစီမံကိန်း ၁၇၂ ခုအတွက် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ရင်းဂစ် ၅.၇ဘီလီယံကို အတည်ပြုပေးခဲ့ပါတယ်” ဟု ၎င်းကပြောသည်။

Mukhriz ၏ အဆိုအရ အတည်ပြုပြီးသော ထုတ်လုပ်မှုစီမံကိန်းများ၏ ရင်းဂစ် ၆.၆ ဘီလီယံတန်ဖိုးအနက် ရင်းဂစ် ၃.၃ ဘီလီယံမှ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများမှ ဝင်ရောက်ခဲ့ပြီး ကျန်ပမာဏမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖြစ်ကြောင်း သိရသည်။

ကွေးနိုင် ချိုးနိုင်သောပိုက်များ( Flexible Pipes) များထုတ်လုပ်သော Technip Asiaflex သို့ လာရောက်ရာတွင် Mukhirz ကပြောကြားရာ၌ အလုပ်သမားများကို အဆင့်မြင့်နည်းပညာလုပ်ငန်းစဉ်များ လေ့ကျင့်သင်ကြားပေးခြင်းသည် မလေးရှားနိုင်ငံအတွက် အဆင့်မြင့်နည်းပညာသုံးပစ္စည်းများ ထုတ်လုပ်ရန် စွမ်းရည်တိုးလာစေသည်ဟု ပြောကြားခဲ့သည်။                 “အလုပ်သမားတွေကို ပြင်သစ်၊ ဘရာဇီးနဲ့ အခြားနိုင်ငံတွေမှာ လေ့ကျင့်သင်ကြားဖို့ လွှတ်တယ်ဆိုတော့ ကောင်းပါတယ်။ ကျွန်တော်တို့ ဒါမျိုးရင်းနှီးမြှုပ်နှံမှုမျိုးကို ကြိုဆိုရမှာပါ” ဟု ၎င်းကပြောသည်။

*************************************************************

အာဆီယံအကြီးအကဲက ထိုင်းကုမ္ပဏီများကို လုပ်သားမလုံလောက်မှုကိစ္စသတိပေး

(Bangkok Post မှ 10 Mar 2012 ရက်စွဲပါ Asean chief warns firms of labour shortage သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

၂၀၁၅ တွင် အာဆီယံစီးပွားရေးအသိုင်းအဝိုင်းထူထောင်ဖွဲ့စည်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံ၌ မြန်မာ အလုပ်သမားများ လျော့နည်းသွားနိုင်ကြောင်း အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်က စိုးရိမ်ပူပန်စွာပြော ကြားလိုက်သည်။

မြန်မာနိုင်ငံသည် ၎င်း၏ အထူးစီးပွားရေးဇုံအသစ်(၃)ခုအတွက် အိမ်နီးချင်းနိုင်ငံများအထူးသဖြင့် ထိုင်းနိုင်ငံရောက် မြန်မာ လုပ်သားများကို ပြန်လည် ခေါ်ယူဖွယ်ရှိသည်ဟု ဆူရင်ပစ်ဆူဝမ်က ဆိုသည်။ မြန်မာလုပ်သားတွေအပေါ်မှာ ကြီးကြီးမားမားအားပြုရပ်တည်နေကြတဲ့ ထိုင်းကုမ္ပဏီ အများစု ဒုက္ခရောက်ကြပါလိမ့်မယ် ဟု မစ္စတာဆူရင်က ပြောကြားသည်။

မစ္စတာဆူရင်က ထိုင်းနိုင်ငံမှအာဆီယံစီးပွားရေးအသိုင်းအဝိုင်း AEC အနေအထားနှင့် ပြောင်းလဲနိုင်ချေ များနှင့်ပတ်သက်၍ ထိုင်းတရားစီရင်ရေး ဝန်ထမ်းများကို မနေ့က ဆွေးနွေးဟောပြောခဲ့ခြင်း ဖြစ်သည်။

မစ္စတာဆူရင်က ထိုင်းကုမ္ပဏီများအနေဖြင့် ခေတ်မှီနည်းပညာများဖြင့် အဆင့်မြင့်ရေးကို အာရုံစိုက်ရန် လိုအပ်ကြောင်း သို့မှသာ ၎င်းတို့အတွက် အလုပ်လုပ်ပေးနေသည့် မြန်မာလုပ်သားများမရှိတော့ချိန်တွင် အခက် အခဲများကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း တိုက်တွန်း ပြောဆိုသည်။

ထို့အပြင် အခြားအာဆီယံနိုင်ငံများတွင် ထိုင်းလုပ်ငန်းရှင်များရင်းနှီးမြှုပ်နှံနိုင်အောင် ထိုင်းအစိုးရက တာဝန်ယူကာ ထိထိရောက်ရောက် ပံ့ပိုးပေးရန်လိုအပ်သည်။ အာဆီယံစီးပွားရေးအသိုင်းအဝိုင်း(AEC)၏ အောက်တွင် အခွန်ကင်းလွတ် သက်သာခွင့်များ ဈေးပေါသော လုပ်သားများ၊ ကြွယ်ဝသော သယံဇာတများကို အခွင့်ထူးရရှိနိုင်သည်ဟုလည်း မစ္စတာဆူရင်က ထောက်ပြသည်။

“ထိုင်းကုမ္ပဏီများ၊ အထူးသဖြင့် အသေးစားနှင့်အလတ်စားလုပ်ငန်းများအနေဖြင့် AEC စတင်ခြင်းမပြုမှီ အခြား အာဆီယံနိုင်ငံများ၌ လုပ်ငန်းများ ကြိုတင်တိုးချဲ့ထားသင့်သည်။ ယခုအချိန်သည် ထိုင်းနိုင်ငံအတွင်း တစ်ဦးနှင့်တစ်ဦးယှဉ်ပြိုင်နေရုံမျှဖြင့် မလုံလောက်တော့ပါ။ ထိုင်းလူမျိုးများကို မြှင့်ပေးရမည်။ စိတ်ဓာတ်တွေကို ပြောင်းပေးရမည်”ဟု ဆူရင်ပစ်ဆူဝမ်က ပြောဆိုခဲ့သည်။ အာဆီယံနိုင်ငံအများစု၌ ဖြစ်ပေါ်နေသော ပုံစံသစ်သည် စီးပွားရေးပူးပေါင်းချဲ့ထွင်မှုဖြစ်သည်။ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပြည်တွင်း၌သာ ရပ်တည်လည်ပတ်နေရန် မျှော်လင့်၍မရပဲ အခြားနိုင်ငံများ သို့ တိုးချဲ့ရန် လိုအပ်နေသည်ဟု ဆူရင်က ပြောကြားသည်။

၃နှစ်အတွင်း စတင်သက်ရောက်လာတော့မည့် အာဆီယံစီးပွားရေး အသိုင်းအဝိုင်း AEC သည် အာဆီယံ ကုမ္ပဏီများ အချင်းချင်း ပူးပေါင်းဖွဲ့စည်းမှုကို မလွှဲမရှောင်သာဖန်တီးမည်ဖြစ်၍ ကုမ္ပဏီလုပ်ငန်းရှင်များ ရှင်သန်နိုင်စွမ်းရှိရန် လိုအပ်သည်ဟုလည်း သိရှိရသည်။

အခြားအာဆီယံနိုင်ငံဈေးကွက်များ၌ စီးပွားရေးအခွင့်အလမ်းများ မည်သို့ရှာရမည်ကိုသိရှိသော ထိုင်းမျိုးဆက်သစ်များကို မြင်တွေ့လိုသည် ဟုလည်း မစ္စတာဆူရင်က ပြောကြားသည်။

ဆူရင်က သူ့အနေဖြင့် ဤကိစ္စအကြောင်းအရာကို ထိုင်းကုန်သည်ကြီးများအသင်းတွင် ဆွေးနွေးခဲ့ပြီး ဖြစ်ကြောင်း၊ ယခုအခါ အာဆီယံ ထူထုသည် ဝယ်ယူနိုင်စွမ်း အားကောင်းလာသော်လည်း ဘဝအရည်အသွေး၊ ဘေးကင်းစိတ်ချရမှု၊ သုံးစွဲတတ်မှုတို့ ပိုမိုကောင်းမွန်ရန် လိုအပ်နေသေးကြောင်း ဆက်လက်ပြောဆိုခဲ့သည်။

မနှစ်က အာဆီယံ၏ စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၈၀ ဘီလျံခန့်ရှိခဲ့ပြီး၊ လူသုံးပစ္စည်း၊ ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ခရီးသွားလုပ်ငန်းနှင့် ဖျော်ဖြေရေးကဏ္ဍများသို့ ၇၀ ရာခိုင်နှုန်းခန့်စီးဝင်ရောက်ရှိသွားသည်ဟုသိရှိရသည်။

**********************************************************************

တရုတ် လူမှုရေး ကွန်ရက်များ ဆင်ဆာကြုံနေရ

(BBC News မှ 9 March 2012 ရက်စွဲပါ China's social networks hit by censorship, says study ကို ဘာသာ ပြန်ဆိုသည်)

တရုတ်ဆင်ဆာများသည် လူမှုရေးမီဒီယာများက ပိတ်ပင်ထားသော အကြောင်းအရာများ ဆွေးနွေးခြင်း၊ သုတေသနပြုခြင်းများကို ပိတ်ပင်ရန် တက်ကြွစွာ ပစ်မှတ်ထား လုပ်ကိုင်လျက် ရှိသည်။

အမေရိကန်မှ လေ့လာမှုတစ်ခုက Microblogging ဝက်ဘ်ဆိုက်များတွင် ဆွေးနွေးခြင်းများအပေါ် တရုတ် မူဝါဒများအား ထဲထဲဝင်ဝင် လေ့လာတင်ပြခဲ့သည်။ Twitter နှင့် အလားတူသော တရုတ်ဝက်ဘ်ဆိုက်မှ သန်း (၆ဝ) နီးပါးရှိသော သတင်းစကား (မက်ဆေ့) များအား လေ့လာ သုံးသပ်ပြီး မည်သည့်အကြောင်းအရာများကို ပိတ်ပင်ထားသည်ကို ဖော်ထုတ်ခဲ့သည်။

Carnegie Mellon မှ Language Technologies Institute မှပါမောက္ခဖြစ်သူ နိုအာစမစ်၊ ဒေးဗစ်ဘန်းမန့်နှင့် ဘရန်ဒန် အိုကွန်နာ တို့၏ News Scientist တွင်ဖော်ပြထားသော လေ့လာမှုစာတမ်းတွင် Sina Weibo Service မှတစ်ဆင့် ပေးပို့သော မက်ဆေ့တိုများကို ခွဲခြမ်းစိတ်ဖြာ သုံးသပ်ခဲ့သည်ဟု ဆိုသည်။

Sina Site တွင် ဇွန်လ၊ ၂၇ မှ စက်တင်ဘာ၊ ၃ဝ အတွင်းပေးပို့သော မက်ဆေ့တိုပေါင်း ၅၇ သန်းကို စောင့်ကြည့်ခဲ့သည်။ သုံးလအကြာတွင် စစ်ကြည့်သောအခါ အချို့မက်ဆေ့များ ပျောက်သွားကြောင်း တွေ့ရသည်။ အဆိုပါ ပျောက်သွားသော သတင်းတိုများတွင် ဆင်ဆာ သတိပြုမိလောက်သော မည်သည့်အသုံးအနှုန်းကို ဖော်ပြထားသည်ဆိုသည်ကို ရှာဖွေခဲ့ကြသည်။

ထိုသို့ လုပ်ဆောင်ခြင်းကြောင့် တွေ့ရှိရသည့် အချက်မှာ လူမှုရေးမီဒီယာဆင်ဆာသည် Chinese Web အား စောင့်ကြည့်သည့် စနစ်နှင့် အတူတူပင်ဖြစ်ကြောင်း တွေ့ရှိရသည်။ အဆိုပါစနစ်ကို Great Firewall ဟု လူသိများပြီး ပြည်သူအများ တရုတ်နိုင်ငံ ပြင်ပမှ ဝက်ဘ်ဆိုက်များ ဝင်မကြည့်နိုင်အောင် ပြုလုပ်ထားသည်။ ပိတ်ပင်ထားသော ဝေါဟာရများ၊ ဆင်ဆာပြုလုပ်ထားသော စကားပြောခန်းများ (Chat)နှင့် ဘလော့များကို ရှာမတွေ့နိုင်အောင် ပြုလုပ်ထားခြင်း စသည်တို့ကိုလည်း ပြုလုပ်ထားသည်။ ပိတ်ပင်ထားသော အကြောင်းအရာများတွင် Falun Gong ဘာသာရေး လှုပ်ရှားမှုနှင့် လူ့အခွင့်အရေး လှုပ်ရှားသူ Ai Weiwei အကြောင်းလည်း ပါဝင်သည်။

ထိုနည်းအတိုင်းပင် Sina Weibo Service တွင် အဆိုပါ အကြောင်းအရာများ ပါသော သတင်းစကားများ ဖျက်ပစ်ခြင်း ခံရသည်ဟု လေ့လာမှုစာတမ်းက တွေ့ရှိခဲ့သည်။ ထို့အပြင် စကားလုံးများ သို့မဟုတ် စာပိုဒ်များသည် နိုင်ငံရေး အဓိပ္ပာယ်များ ပိုမိုပါဝင်သည်ဟု သိရှိသည်နှင့် တစ်ပြိုင်နက် ဆင်ဆာစနစ်သည် လျှင်မြန်စွာ အလုပ်လုပ်သည်ကို တွေ့ရသည်။ ဥပမာအားဖြင့် "Jianghui" ဆိုသည့် စကားလုံးသည် ဆန္ဒပြရန် စီစဉ်ခြင်းအတွက် လျှို့ဝှက်စကားလုံးဟု သိလာသည်နှင့် ဆင်ဆာက ထိုစကားလုံးကို အလွတ်မပေးတော့ခြင်း ဖြစ်သည်။

ထို့အတူပင် "တစ်ဦးဦးအား နုတ်ထွက်ပေးရန် တောင်းဆိုမှု" ဟု အဓိပ္ပာယ်ရှိသော စကားလုံးမှာလည်း ၂၀၁၁ ဇူလိုင်က လူ ၄ဝ သေဆုံးသော မြန်နှုန်းမြင့် ရထားတိမ်းမှောက်မှု အပြီးတွင် ဆင်ဆာက အလွတ်မပေးသော စကားလုံး ဖြစ်ခဲ့သည်။ ထိုသို့သော အဖြစ်ဆိုးမှာ တာဝန်ရှိသူများ၏ မှားယွင်းမှုကြောင့်ဟု ပြည်သူများက အပြစ်တင်ခဲ့ကြသည်။

တရုတ်နိုင်ငံတွင် ဒေသအလိုက် ဆင်ဆာစနစ်နှင့် အလုပ်လုပ်ပုံနှုန်း မတူညီမှုကိုလည်း လေ့လာမှုက တွေ့ရှိခဲ့သည်။ တိဗက်တွက် သတင်း မက်ဆေ့များ၏ ၅ဝ% ဖျက်ပစ်ခံနေရချိန်တွင် ဘေဂျင်း၌ ၁၂% နှင့် ရှန်ဟိုင်းတွင် ၁၁% ဖျက်ပစ်ခံနေရသည်။

ပိတ်ပင်ထားသော စကားလုံးများ ဖြစ်သော Falun Gong ကဲ့သို့သော စကားလုံးများ ပြန်လည် တွေ့မြင်နေရခြင်းအပေါ် မစ္စတာ ဘန်းမန်းက အံ့ဩရပြန်သည်ဟု ဆိုသည်။ "မက်ဆေ့တွေမှာ ဒီစကားလုံးတွေ ပြန်တွေ့နေရတော့ ဆင်ဆာစနစ်က အလိုအလျောက် စနစ်မဟုတ်ဘူးလို့ ထင်ရပါတယ်" ဟု ယင်းက BBC သို့ ပြောသည်။ ထိုသို့ ဖြစ်ရခြင်းမှာ အစိုးရက မူဝါဒများ တက်ကြွစွာ လုပ်ဆောင်ရန် တောင်းဆိုမှုနှင့် ကုမ္ပဏီများက လိုက်နာရန် တုံ့ဆိုင်းနေခြင်းကြောင့် တင်းမာမှုများ ဖြစ်နေရခြင်းကြောင့် ဖြစ်ပုံ ရသည်ဟုလည်း ယင်းက ပြောသည်။

လူမှုရေးမီဒီယာများတွင် ပျံ့နှံ့နေသော မက်ဆေ့များသည် များပြားလှသောကြောင့် အစိုးရအနေဖြင့် ဆင်ဆာ ပြုလုပ်ရန် မလွယ်ကူနိုင်ဟု ယင်းက တွက်ဆသည်။ လူအများသည် ထိန်းချုပ်မှုများကို ရှောင်ရှားသော နည်းလမ်းများ ရှာကြလိမ့်မည်ဟုလည်း ဖြည့်စွက်ပြောသည်။ "လူတွေက ပြောချင်တာ ပြောကြမှာပဲ။ ပြောနိုင်မယ့် နည်းလမ်းလည်း ရှာကြမှာပါ" ဟု ဆိုသည်။

အဆိုပါ အသေးစိတ် လေ့လာမှုစာတမ်းကို မတ်လတွင် ထုတ်ဝေမည့် First Monday ဂျာနယ်တွင် ဖော်ပြမည် ဖြစ်သည်။

*********************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၀.၃.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. မင်္ဂလာရှိသော နေ့ထူးနေ့မြတ်ရက်စွဲများမှသည် နောင်အနာဂတ်ဆီသို့

*****************************************

ဆောင်းပါးကဏ္ဍ

မင်္ဂလာရှိသော နေ့ထူးနေ့မြတ်ရက်စွဲများမှသည် နောင်အနာဂတ်ဆီသို့

ကိုသိန်း(ကျောက်ကြီး)

(Myanmar Times အတွဲ (၂၈) အမှတ် (၅၆၀)မှ ထုတ်ယူဖော်ပြသည်)

အရင်ဦးဆုံး စာဖတ်သူများကို ဝန်ခံလိုတာကတော့ ကျွန်တော်ဟာ စာရေးဆရာတစ်ယောက်မဟုတ်သလို နိုင်ငံရေးသမား တစ်ယောက်လည်း မဟုတ်ပါဘူး။ သာမန်ပြည်သူတစ်ဦးသာလျှင် ဖြစ်ပါတယ်။ ကျွန်တော့ရဲ့ အရေးအသားအတွေးအခေါ် အယူအဆတွေဟာ အမြီးအမောက်တည့်ချင်မှ တည့်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော့ရင်ထဲ၊ စိတ်ထဲမှာ ကျွန်တော်တို့တိုင်းပြည်ကြီး ကမ္ဘာ့အလယ်မှာ ထည်ထည်ဝါဝါနဲ့ တည်ငြိမ် အေးချမ်းစေချင်တဲ့ ဆန္ဒ၊ နိုင်ငံသူ နိုင်ငံသားတွေလည်း ကမ္ဘာ့အလယ်မှာ ဘယ်နိုင်ငံဘယ်တိုင်းပြည်ပဲသွားသွား မျက်နှာမငယ်စေချင်တဲ့ဆန္ဒ၊ ပြည်သူပြည်သားအားလုံး ဆင်း ရဲခပ်သိမ်း ကင်းစေချင်တဲ့ ဆန္ဒ၊ ဒေါသခပ်သိမ်း ကင်းစေချင်တဲ့ဆန္ဒ၊ စိုးရိမ်ခပ်သိမ်း ကင်းဝေးပြီး နှလုံးစိတ်ဝမ်း အေးချမ်းစေချင်တဲ့ ဆန္ဒတွေ ပြည့်လျှံ လျက်ရှိနေပါတယ်။

ဤကမ္ဘာကြီး တည်ရှိနေသရွေ့ ကျွန်တော်တို့ရဲ့ သားစဉ်မြေးဆက်တွေ ကမ္ဘာ့အလယ်မှာ မျက်စိသူငယ်၊ နားသူငယ်နဲ့ မကျန်ရစ်ခဲ့ရလေအောင် ပြည်သူတစ်ဦးချင်းစီမှအစ နယ်ပယ်အသီးသီး၊ အဖွဲ့အစည်းအသီးသီးမှာ တာဝန်ရှိသူများအဆုံး လူ့အဖွဲ့အစည်းမှာ အခြေခံကျလှတဲ့ ကိုယ်ကျင့်တရား များကို လက်ကိုင်ထားပြီး မိမိတို့မှာရှိကြတဲ့ လိုအပ်ချက်တွေကို အကောင်းဆုံး ပြုပြင်ဖာထေးကြရပါမယ်။ (ဖာထေး၍ မရသည်များကို အသစ်နဲ့ လဲလှယ် ပစ်ရပါမယ်)။ လူ့အဖွဲ့အစည်းအတွင်းမှာ ပွင့်လင်းမြင်သာလာတဲ့ နည်းပညာအဆင့်အတန်းတွေကို မျက်ခြည်မပြတ် ချိတ်ဆက်ဆောင်ရွက်ခွင့် ပြုပေး သင့်သလို နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်အောင်လည်း အားလုံးက လက်တွေ့ကျကျ အသုံးချနိုင်အောင် လေ့လာလိုက်စား ဆည်းပူးကြရမှာပါ။

မိမိတို့တိုင်းပြည်ကြီး အမြန်ဆုံး တိုးတက်စေချင်တယ်ဆိုရင်တော့ မိမိတို့ထက် အတွေ့အကြုံ၊ နည်းပညာ၊ လူမှုရေးအခြေခံကောင်းတွေ ရင့် ကျက်လှတဲ့ လူ့အဖွဲ့အစည်း (ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံများကို ဆိုလိုပါသည်) အသီးသီးနဲ့ ရဲရင့်ပြတ်သားစွာ ပူးပေါင်းဆောင်ရွက်ဖို့ အချိန်အခါကောင်းကို ရောက်ရှိနေတဲ့အချိန်လည်း ဖြစ်ပါတယ်။ ချီတုံချတုံ ဟိုတွေးဒီတွေးနဲ့ လက်တွန့်နေဦးမယ်ဆိုရင်တော့ ရရှိလာမယ့် အခွင့်အရေးတွေ ဆုံးရှုံးသွားနိုင်ပါ တယ်။ အရိုးစွဲနေတဲ့ အကျင့်ဆိုးတွေကို ပြုပြင်လို့မှမရရင် အများပြည်သူတွေအတွက် စတေးသင့်ရင် ပြတ်ပြတ်သားသား စတေးပစ်လိုက်ဖို့ အချိန်တန် ပါပြီ။

နယ်ပယ်အသီးသီး၊ အလွှာအသီးသီးမှာရှိကြတဲ့ လူထုလူတန်းစားတွေနဲ့ အုပ်ချုပ်သော တာဝန်ရှိသူတွေ အသီးသီးဟာ မိမိတို့ တာဝန်ယူ ဆောင် ရွက်နေကြတဲ့ တစ်ပိုင်တစ်နိုင်လုပ်ငန်းမှအစ နိုင်ငံတော်စီမံကိန်းကြီးတွေအဆုံး တာဝန်ယူကြရမှာဖြစ်သလို မိမိတို့ရဲ့လုပ်ရပ်၊ မိမိတို့ရဲ့ အရေးအသား၊ မိမိတို့ရဲ့ပြောစကား၊ မိမိတို့ရဲ့ညွှန်ကြားချက်၊ ဆုံးဖြတ်ချက်များအပေါ် ရဲရဲရင့်ရင့်နဲ့ ဗမာ့သွေးပါသူများပီပီ တာဝန်ယူကြရမှာ။ သွေးကြောင်နေကြရမယ့် အချိန် မဟုတ်တော့ပါဘူး။

မိမိတို့ အိမ်ထောင်စုတစ်စုမှာတောင် အိမ်ထောင်ဦးစီး ယောက်ျားလုပ်တဲ့သူက အိမ်ထောင့်တာဝန်ကို ဦးစီးပြီး တာဝန်မယူနိုင်ဘူးဆိုရင် မိမိထက် အရည်အချင်းရှိပြီး အိမ်ထောင်ဦးစီး တာဝန်ယူ ဆောင်ရွက်နိုင်တဲ့ မိန်းမလုပ်သူကို အိမ်ထောင်ဦးစီးတာဝန်ပေးအပ်ပြီး လိုအပ်တဲ့ ပံ့ပိုးမှုကို နောက်ကနေ ပံ့ပိုးပေးကြရမှာပါ။ ရှေ့ကလည်းမနေ၊ နောက်ကလည်းမလိုက်၊ ဘေးကနေလည်း ပါမလာသလိုမျိုး လုပ်နေမယ်ဆိုရင်တော့ အဲဒီ မိသား စုဟာ ဘယ်တော့မှ ကြီးပွား တိုးတက်လာမှာမဟုတ်ပါဘူး။ မိသားစုတစ်စုချင်းအလိုက် မကြီးပွားမတိုးတက်ရင် နိုင်ငံတစ်နိုင်ငံအနေနဲ့လည်း မကြီးပွား မတိုးတက်နိုင်ပါဘူး။ အရည်အချင်းရှိသူတွေကို အရည်အချင်းရှိတဲ့အလျောက် မြှောက်စားရမယ့်အချိန် ရောက်နေသလို ကိုယ့်ထက်သာ မနာလိုဆိုတဲ့ စိတ်ထားမျိုးတွေကိုလည်း ဖယ်ထုတ်ပစ်ကြရမှာပါ။ ကိုယ့်လူမျိုးအချင်းချင်း မစ္ဆရိယစိတ်တွေ ပွားနေရမယ့်အချိန် မဟုတ်တော့ပါဘူး။

လူမျိုးပေါင်းစုံ လက်ချင်းချိတ်လို့ 'သာတူညီမျှ'ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး 'ညီမျှခြင်း'ဆိုတဲ့အရာအပေါ် အလေးအနက်ထား ဆောင်ရွက်သွားကြမယ်ဆိုရင် တန်ဖိုးရှိတဲ့ရက်စွဲများကို ကျွန်တော်တို့ သားစဉ်မြေးဆက် ပိုင်ဆိုင်နိုင်ကြမှာပါ။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရှိကြတဲ့ ပြည်သူ ပြည်သား အများစုတွေဟာ အားလပ်ရက်တွေ၊ အပန်းဖြေရက်တွေ၊ ပွဲလမ်းသဘင် အမျိုးမျိုးတွေနဲ့ အပတ်စဉ်၊ လစဉ်၊ နှစ်စဉ် ကျင်းပနေကြတဲ့ အချိန်မှာ ကျွန်တော်တို့ပြည်သူ မိသားစုဝင်အများစုဟာ နေ့စဉ် မနက်စာ၊ ညစာကို ဟင်းကောင်းကောင်းလေးနဲ့ နပ်မှန်အောင်စားနိုင်ဖို့ မနည်းရုန်းကန် နေကြရ တာပါ။ ပျော်ရွှင်မှု၊ ပျော်ပွဲရွှင်ပွဲဆိုတာ သာမန်မိသားစုတွေအဖို့ အိပ်မက်တောင် မမက်နိုင်ကြပါဘူး။

ကျွန်တော်တို့ သာမန်ပြည်သူတွေဟာ ဟက်ဟက်ပက်ပက် ရယ်မောပြီး မပျော်ရွှင်နိုင်တာ နေ့ရက်များစွာ ကြာခဲ့ပါပြီ။ မိသားစု အများစုဟာ လည်း ကျွန်တော်တို့လိုပဲ ခံစားကြရမယ်လို့ ထင်မိပါတယ်။ တစ်ပိုင်တစ်နိုင်နဲ့ မိသားစု ဝင်ငွေလေးရဖို့၊ မိသားစု စားဝတ်နေရေးပြေလည်ဖို့ သမ္မာအာဇီဝ ကျစွာနဲ့ ရိုးရိုးသားသား နေ့စဉ်ရုန်းကန် နေကြရပေမယ့်လည်း ဒီနေ့ဒီအချိန်အထိ လွတ်လပ်စွာနဲ့ လှုပ်ရှားသွားလာ လုပ်ကိုင်စားသောက်နိုင်မှု မရှိကြရ သေးပါဘူး။ အမျိုးမျိုးသော ကန့်သတ် ချုပ်ချယ် ပိတ်ပင်မှုတွေ ရှိနေပါသေးတယ်။

အထက်က မူဝါဒကောင်းတွေ ချမှတ်ပေးထားပေမယ့်လည်း အောက်ခြေက အကောင်အထည်ဖော်နေကြတဲ့ အချို့အချို့သော အဖွဲ့အစည်း တွေမှ ပုဂ္ဂိုလ်တွေဟာ တာဝန်နဲ့ လုပ်ပိုင်ခွင့်အပေါ် အခွင့်အရေးယူပြီး လုပ်ကိုင်ဆောင်ရွက်နေကြဆဲ ဖြစ်ပါတယ်။ အဆိုပါ ပုဂ္ဂိုလ်တွေကိုလည်း ကိုယ်ချင်း စာတရား ထားစေချင်ပြီး ကိုယ့်ရဲ့စီးပွားရေး၊ ကိုယ့်ရဲ့မိသားစု အရေးများဖြစ်ခဲ့ရင်ဆိုတဲ့ အသိလေးတွေ ဝင်စေချင်ပါတယ်။ မြို့နယ်၊ ရပ်ကွက် အဖွဲ့အ စည်း အသီးသီးမှသည် နိုင်ငံတော်အဆင့် အဖွဲ့အစည်းအထိ တာဝန်ရှိကြတဲ့ ပုဂ္ဂိုလ်ကြီးငယ်များဟာ မိမိတို့ သာမန်ပြည်သူတွေရဲ့ဘဝတွေကို ထဲထဲဝင် ၀င် သိရှိအောင် လေ့လာစေချင်ပါတယ်။

ခေတ်အဆက်ဆက် အထက်နဲ့အောက် ကွာဟချက်တွေ ကျဉ်းမြောင်းအောင် မဆောင်ရွက်နိုင်ခဲ့ကြလို့သာ ကျွန်တော်တို့ ပြည်သူတွေဟာ စားဝတ်နေရေး ကျပ်တည်းခဲ့ကြရတာပါ။ တာဝန်ရှိသူတွေအနေနဲ့ ပြည်သူတွေရဲ့ ရုန်းကန်နေကြရတဲ့ ဘ၀အမှန်ကိုသိရှိပြီး ကိုယ်ချင်းစာတရားထားကာ ရင်ဝယ်သားလို ဆက်ဆံဆောင်ရွက်ပေးကြမယ်ဆိုရင် ကျွန်တော်တို့တိုင်းပြည်ရဲ့ အနာဂတ်ဟာ သာယာလှပလာမှာဖြစ်သလို အခြားကမ္ဘာ့နိုင်ငံက ပြည်သူပြည်သားတွေနည်းတူ ပျော်ရွှင်စရာနေ့ရက်များစွာ ပိုင်ဆိုင်လာနိုင်ကြမှာပါ။ ကျွန်တော်တို့ သာမန်ပြည်သူတွေဟာ ရွှေဈေး၊ ဒေါ်လာဈေး၊ အိမ်ခြံမြေဈေးတွေနဲ့ ကားဈေးတွေပေါ် စိတ်မ၀င်စားနိုင်ကြပါဘူး။ (စိတ်ဝင်စားနိုင်လောက်တဲ့ အင်အားလည်း မရှိကြပါဘူး)။ ဘယ်နေရာမှာ မုန့်ဟင်းခါး တစ်ပွဲ ၁၀၀ နဲ့ ရောင်းလဲဆိုတာ စုံစမ်းပြီး ဗိုက်ဖြည့် နေကြရတဲ့ဟာတွေက များပါတယ်။ အထူးယာဉ်တွေ အသီးသီးပေါ်လာခဲ့ပေမယ့် ကျပ် ၂၀၀ တန် အထူးယာဉ် မစီးနိုင်ကြလို့ ၅၀ တန် ရိုးရိုးယာဉ်တွေကိုသာ တိုးဝှေ့ စီးနေကြရတဲ့ ပြည်သူအများစု ရှိနေဆဲပါ။

ကျွန်တော်တို့ပြည်သူအများစုဟာ သိပ်ပြီး ကြီးကြီးမားမား မမျှော်လင့်တတ်ကြပါဘူး။ ဒါကြောင့်မို့ ပြည်သူတွေ လွတ်လွတ်လပ်လပ်နဲ့ လုပ်ကိုင် စားသောက်နိုင်အောင်၊ အခွန်အခတွေ အသက်သာဆုံးနှုန်းထား ရောက်ရှိလာအောင် တာဝန်ရှိသူ အဖွဲ့အစည်းအသီးသီးက စီစဉ်ဆောင်ရွက်ပေးမှသာ ပြည်သူအများစုဟာ အခက်အခဲ အကျပ်အတည်းကြားကနေ လွတ်မြောက်နိုင်မှာပါ။ ပြည်သူအများ စားဝတ်နေရေး ပြေလည်ပြီး အခက်အခဲ အကျပ်အတည်းကြားနေ လွတ်မြောက်မှသာ သာယာဝပြောတဲ့ မိသားစုဘ၀တွေကို ပိုင်ဆိုင်နိုင်ကြမှာပါ။ မိသားစုတိုင်း မိသားစုတိုင်း သာယာဝပြော လာမှသာ ကျွန်တော်တို့ တိုင်းပြည်ကြီး သာယာဝပြောတဲ့ နေ့ထူးနေ့မြတ်တွေကို ပိုင်ဆိုင်လာမှာပါ။

နေ့ထူးနေ့မြတ်တွေဆိုလို့ ကမ္ဘာပေါ်မှာလည်း နေ့ထူးနေ့မြတ်တွေက တိုင်းပြည်နိုင်ငံအလိုက် တည်ရှိနေကြသလို ထီးမွေနန်းမွေ ဆက်ခံတဲ့နေ့၊ သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုတဲ့နေ့၊ လွတ်လပ်ရေးနေ့၊ အမျိုးသားနေ့၊ အာဇာနည်နေ့၊ လွတ်ငြိမ်းချမ်းသာပေးတဲ့နေ့၊ မင်္ဂလာအခမ်း အနားကျင်းပတဲ့ နေ့များစွာရှိသလို နေ့ထူးနေ့မြတ်အသီးသီးကိုလည်း သတင်းစာ၊ ဂျာနယ်၊ ရုပ်သံသတင်းတွေမှာ ကြားသိမြင်တွေ့နေကြမှာပါ။ အထူးသဖြင့်တော့ လူအများစိတ်ဝင်စား အတုယူ စံထားလေးစားလောက်တဲ့ နိုင်ငံ့အမျိုးသားခေါင်းဆောင် ပုဂ္ဂိုလ်ကြီးတွေရဲ့ ဆောင်ရွက်ခဲ့တဲ့ သမိုင်းဝင်ရက်စွဲတွေ၊ သမိုင်း ဦး စွန့်ဦးတီထွင်ခဲ့ကြတဲ့ ပုဂ္ဂိုလ်ကြီးတွေနဲ့ယှဉ်တွဲပြီး သူတီထွင်အောင် မြင်ခဲ့တဲ့ နေ့စွဲနေ့ရက်တွေ၊ ကိုလိုနီနယ်ချဲ့ပဲ ပြောပြော၊ နယ်မြေသစ် ရှာဖွေကြတဲ့ ပုဂ္ဂိုလ်တွေလို့ပဲဆိုဆို ကမ္ဘာတစ်လွှား ရွက်လှေလွှင့်ပြီး ကမ္ဘာ့နယ်မြေသစ်တွေကို ရှာဖွေတွေ့ရှိခဲ့တဲ့ရက်စွဲတွေဟာ သူ့နိုင်ငံ သူ့လူမျိုးတွေအတွက် ဂုဏ်ယူစရာ နေ့စွဲများပင် ဖြစ်ပါသည်။

ကျွန်တော်တို့ တိုင်းပြည်မှာလည်း လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ အာဇာနည်နေ့ဆိုပြီး နေ့ထူးနေ့မြတ်တွေ ရှိခဲ့ကြပေမယ့်လည်း အများစုဟာ နှစ်တွေကြာသွားလို့လား၊ သွေးအေးသွားကြလို့လား၊ အစဉ်အလာ အရသာ ပြုလုပ်နေကျမို့လားမသိ၊ စိတ်ဝင်စားမှု လျော့နည်းနေကြတာ ကတော့ အမှန်ပါပဲ။ ဒါပေမယ့် ၂၀၁၀ ပြည့်နှစ်ကလို ၂၀၁၂ နှစ်ဆန်းပိုင်းလောက်မှာပဲ နေ့ထူးနေ့မြတ်တွေဟာ ဆက်တိုက်ဆိုသလို ပေါ်ပေါက်လာတာ ကိုတော့ လူတိုင်း ငြင်းဆိုနိုင်မယ် မထင်ပါဘူး။ အရပ်သား အစိုးရတစ်ရပ် ပေါ်ထွန်းတဲ့နေ့၊ သမ္မတကြီးဦးသိန်းစိန် နိုင်ငံတော်သို့ မိန့်ခွန်းခြွေတဲ့နေ့၊ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့နေ့၊ မြစ်ဆုံစီမံကိန်းရပ်ဆိုင်းဖို့ အမိန့်ထုတ်ပြန်တဲ့နေ့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတကြီး တွေ့ဆုံခဲ့တဲ့နေ့၊ တိုင်းရင်းသားပေါင်းစုံနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပတဲ့နေ့များ၊ ကုလသမဂ္ဂ အထူးသံတမန်တွေနဲ့ EUက အထင်ကရပုဂ္ဂိုလ်တွေ၊ အင်္ဂလန်၊ အမေရိကန် အစရှိတဲ့ အနောက်နိုင်ငံခြား တိုင်းပြည်များက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ လွှတ်တော်အမတ်တွေ လာရောက်ခဲ့တဲ့ နေ့တွေဟာဆိုရင် ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနာဂတ်မျှော်လင့်ချက်တွေအတွက် ရောင်ခြည်သန်းလာမယ့် နေ့ထူးနေ့မြတ်တွေဆိုတာ ပြောစရာလိုမယ် မထင်ပါဘူး။

ယနေ့အချိန်အခါမှာ ကျွန်တော်တို့ တိုင်းပြည်မှာ အရေးတကြီး လိုအပ်နေတာက တိုင်းရင်းသားအားလုံးချစ်ကြည် ရင်းနှီးစွာနဲ့ အတူတကွ လက်တွဲပြီး လျှောက်လှမ်းရမယ့်အချိန် ရောက်နေပါပြီ။ မကြာတော့သော အချိန်ကာလမှာ တိုင်းရင်းသားအားလုံး ငြိမ်းချမ်းရေး အသီးအပွင့်တွေ စံစား ခံစားရမယ့်အချိန် ရောက်ရှိလာတော့မှာပါ။ အဲဒီအတွက်လည်း ဒေသခံ ပြည်သူတွေအပါအ၀င် နိုင်ငံတစ်နိုင်ငံလုံးက ပြည်သူများအားလုံး ရင်ခုန်စိတ် လှုပ်ရှားစွာနဲ့ မျှော်လင့်စောင့်စား နေကြပါပြီ။ တိုင်းရင်းသား ညီရင်းအစ်ကိုမောင်နှမ၊ တောင်ပေါ် မြေပြန့်မကျန် သွေးစည်းညီညွတ်ပြီး ငြိမ်းချမ်းသာယာ မှသာ ကျွန်တော်တို့ တိုင်းပြည် အေးချမ်း သာယာပြီး စည်ပင် တိုးတက်လာမှာပါ။

မကြာတော့တဲ့ ကာလတစ်ခုမှာပဲ ကြားဖြတ်ရွေးကောက်ပွဲကြီး ကျင်းပပြုလုပ်တော့မှာမို့ ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ အချိန်အတွင်းမှာ တိုင်းရင်းသား ညီရင်းအစ်ကိုတွေ အားလုံး စည်းစည်းလုံးလုံးနဲ့ အတူတကွ ပါဝင်ဆင်နွှဲစေချင်တဲ့ ဆန္ဒကြောင့်ပါ။ရွေးကောက်ပွဲကြီး သန့်ရှင်းမျှတစွာနဲ့ အောင်အောင်မြင်မြင် ကျင်းပပြီးစီးနိုင်ပါစေလို့လည်း ဆန္ဒပြုပါတယ်။ ဆန္ဒပြုရတဲ့အတိုင်းလည်း ဖြစ်ပေါ်လာလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲကြီးကနေ ဖြစ်တည်လာမယ့် လွှတ်တော်အမတ်တွေ ပြည်သူ့လွှတ်တော်ထဲရောက်ရှိမယ့် ရက်စွဲတွေ၊ ပြည်သူ့လွှတ်တော်ထဲမှာ ပြည်သူတွေရဲ့ ကိုယ်စားပြုပြီး ပြည်သူတွေ အကျိုးရှိမယ့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အစရှိတဲ့ မဏ္ဍိုင်တွေကို တည့်မတ်ပေးနိုင်မယ့် ရက်စွဲတွေကို ပြည်သူ ပြည်သားတွေ အများစုက စောင့်မျှော် စောင့်ကြိုနေကြပါပြီ။

အိမ်ထောင်စု တစ်စုမှာ သားသမီးတစ်ဦးဟာ သူ့ဆန္ဒမပြည့်ဝလို့ ငိုယိုပူဆာနေမယ်ဆိုရင် အဲဒီအိမ်ထောင်စု မိသားစုရဲ့အိမ်ဟာ မင်္ဂလာ မရှိနိုင်ပါဘူး။ သားသမီးအလိုဆန္ဒ ပြည့်ဝအောင် ဖြည့်ဆည်းပေးရမယ့်တာဝန်က မိဘနှစ်ပါးပါ။ ထိုနည်းတူစွာပဲ မိဘနဲ့တူတဲ့ နိုင်ငံတော် အကြီးအကဲ များက သားသမီးတွေနဲ့တူတဲ့ တိုင်းရင်းသား ပြည်သူတွေရဲ့အလိုဆန္ဒ ပြည့်ဝအောင် ဖြည့်ဆည်းပေးနိုင်မယ်ဆိုရင် မင်္ဂလာရှိတဲ့ မိသားစု အသိုင်းအ ၀ိုင်းကြီး ပေါ်ထွန်းလာမှာဖြစ်သလို မင်္ဂလာရှိတဲ့ တိုင်းပြည်ကြီးနဲ့အတူ မင်္ဂလာရှိတဲ့နေ့စွဲများကိုလည်း ကျွန်တော်တို့ ပြည်သူတွေ ပိုင်ဆိုင်လာကြမှာ ဧကန်မလွဲပါပဲ။ အဲဒီလိုသာ ကျွန်တော်တို့ မင်္ဂလာရှိတဲ့ မိသားစုဘ၀တွေကို ပိုင်ဆိုင်လာကြပြီဆိုရင် ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနာဂတ်ဟာလည်း သာယာလှပ လာတော့မှာပါ။

မင်္ဂလာရှိတဲ့ရက်စွဲတွေ ပိုင်ဆိုင်ကြဖို့ လူတိုင်းလူတိုင်းဟာ ကိုယ်ကျင့်တရားကောင်းကြဖို့ လိုအပ်သလို စည်းကမ်းကောင်းပြီး တစ်ဦးချင်း ဉာဏ်ရည် ထက်မြက်မြင့်မားဖို့လည်း လိုအပ်လှပါတယ်။  နယ်ပယ်အသီးသီးမှာ မနာလိုကင်း ၀န်တိုရှင်းဆိုတဲ့ စကားလိုပဲ တစ်ဦးကြီးပွားတာကို တစ်ဦးက မုဒိတာပွားများ ကြရမှာပါ။  ဒီနေ့ဒီအချိန်အခါဟာ တော်ရင်တော်သလို ချီးမြှင့်မြှောက်စားရမယ့်အချိန်ကို ရောက်ရှိနေပါပြီ။ နိမ့်ကျလှတဲ့ စိတ်ထား အတွေးအခေါ်တွေကို ဖယ်ထုတ်ကြရတော့မှာပါ။ နယ်ပယ်အသီးသီးမှာ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အပုပ်ချ၊ အမြင်စောင်း ပြောဆိုနေကြရမယ့် အချိန် မဟုတ်တော့ပါဘူး။ ဝန်ထမ်းလည်း ဝန်ထမ်းအလျောက်၊ ပြည်သူလည်း ပြည်သူ့အလျောက်၊ ကျောင်းသားလည်း ကျောင်းသားအလျောက် တစ်ဦးချင်းစီရဲ့ စိတ်ဓာတ်တွေ၊ စည်းကမ်းတွေ၊ ကိုယ်ကျင့်တရားတွေ အထူးကောင်းမွန်ကြဖို့ ကျင့်ကြံကြရတော့မှာပါ။ ကျွန်တော်တို့ရဲ့ အမိနိုင်ငံတော် ကြီး သားစဉ်မြေးဆက် ကမ္ဘာ့အလယ်မှာ တည်ငြိမ်အေးချမ်း တိုးတက်ပြီး သာယာလှပတဲ့ နိုင်ငံတော်ကြီးအဖြစ် မော်ကွန်းတင် ကမ္ပည်းထိုးနိုင်ဖို့ ယနေ့ လူငယ်လူရွယ်များနှင့်တကွ ပြည်သူပြည်သားအားလုံး တာဝန်အသီးသီး ရှိကြပါတယ်။

ယနေ့နိုင်ငံတော်ရဲ့ လူမှုရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်တွေအပေါ်မှာ ကျန်စစ်သားတို့ထုံး နှလုံးမူပြီး ပြည်သူပြည်သားတွေနဲ့တကွ ပါတီအသီးသီး၊ အဖွဲ့အစည်းအသီးသီးတွေနဲ့အတူ တက်ညီလက်ညီ လက်တွဲဆောင်ရွက်သွားမယ်ဆိုရင် ကျွန်တော်တို့ တိုင်းပြည်ရဲ့ နောင်အနာဂတ်ဟာ သာယာလှပလာပြီး ကျွန်တော်တို့ ပြည်သူပြည်သားတွေဟာလည်း လူမျိုးအလိုက် ဂုဏ်ပြုဖွယ်ရာ မင်္ဂလာရှိသော နေ့မြတ်များကို မလွဲဧကန် ပိုင်ဆိုင် နိုင်ကြတော့မှာပါ။

*****************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs