Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

 ၁၁.၃.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. သမ္မတစနစ်နှင့် လုပုဂ္ဂိုလ်၏အခန်းကဏ္ဍ

*****************************************

ဆောင်းပါးကဏ္ဍ

သမ္မတစနစ်နှင့် လုပုဂ္ဂိုလ်၏အခန်းကဏ္ဍ

အောင်မောင်း

သမ္မတကြီး ဦးသိန်းစိန်က အစိုးရသက်တမ်း တစ်နှစ်ပြည့်တွင် ပြည်သူလူထုသို့ တိုက်ရိုက်မိန့်ခွန်းပြောကြားခဲ့ပြီး အစိုးရသစ် စတင်ဖွဲ့စည်းစက ပြောကြားခဲ့သည့်မိန့်ခွန်းထက် ပိုမိုဆွဲဆောင်မှုရှိခဲ့သည်ကို အများပြည်သူက အသိအမှတ် ပြုခဲ့ပါသည်။ သမ္မတကြီး၏ မိန့်ခွန်းတွင် အစိုးရအဖွဲ့အတွင်း အကွဲအပြဲမရှိဟူသော ဖြေရှင်းချက်နှင့်ပတ်သက်၍ စာရေးသူ တီးမိခေါက်မိသမျှ အနည်းငယ် တင်ပြလိုပါသည်။ သမ္မတကြီးက အစိုးရအဖွဲ့ထဲတွင် ခေါင်းမာဂိုဏ်းနှင့် အပျော့ဂိုဏ်းဟူ၍ မရှိကြောင်းနှင့် ၎င်းအပါအဝင် အစိုးရအဖွဲ့တွင်းမှ ပုဂ္ဂိုလ်များသည် တစ်ဦးချင်း၏ ဗီဇ၊ စရိုက်နှင့် အမူအကျင့်တို့ အပေါ်မူတည်ပြီး စီမံခန့်ခွဲမှုကွဲပြားသည်မှလွဲ၍  အစိုးရ၏မူဝါဒကို အားလုံးက မမှိတ်မသုန် ယုံယုံကြည်ကြည် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဤနေရာတွင် သမ္မတကြီး၏ဆိုလိုရင်းမှာ အစိုးရအဖွဲ့ဝင်အားလုံးသည် ကိုယ့်အတွေးနှင့် ကိုယ်အလုပ်လုပ်နေကြသည်ဟူ၍ ဖြစ်နိုင်ပါသည်။ ထိုကဲ့သို့ အစိုးရအဖွဲ့ဝင်များအနေဖြင့် ကိုယ့်အတွေးနှင့်ကိုယ် အလုပ် လုပ်နိုင်ခွင့်ရှိမရှိနှင့် ပါတ်သက်၍ စာရေးသူ၏ အမြင်များကို သုံးသပ်တင်ပြလိုပါသည်။

သမ္မတစနစ်( Presidential)

မြန်မာနိုင်ငံသည် သမ္မတစနစ်ကို ကျင့်သုံးသော နိုင်ငံဖြစ်ပါသည်။ သမ္မတ စနစ်ကို ကျင့်သုံးသည့် နိုင်ငံတွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး စသည့် မဏ္ဍိုင်ကြီးသုံးခုကို သီးခြားစီ လည်ပတ်စေသည်ကို တွေ့ရပါသည်။ သမ္မတစနစ်တွင် အုပ်ချုပ်ရေးကို သမ္မတက ဦးဆောင်ပြီး နိုင်ငံတော်၏ အထွဋ်အထိပ် ပုဂ္ဂိုလ်မှာ သမ္မတ ဖြစ်ပါသည်။ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၃)ပုဒ်မ(၅၈)အရ “ နိုင်ငံတော် သမ္မတသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွဋ်အထိပ် နေရာရရှိသည်” ဟူ၍ ပြဌာန်းထားပါသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ အထွဋ်အထိပ်မှာ သမ္မတကြီး ဦးသိန်းစိန်ဖြစ်သည်ဟု ယူဆနိုင်ပါသည်။ သမ္မတသည် နိုင်ငံတော်၏ အထွဋ်အထိပ်ဖြစ်သကဲ့သို့ အုပ်ချုပ်ရေး မဏ္ဍိုင်၏ ဦးဆောင်သူလည်းဖြစ်ပါသည်။  ထို့ပြင် နိုင်ငံတော်ကို ကိုယ်စားပြုသူ လည်းဖြစ်ပါသည်။ အကြောင်းတိုက်ဆိုင်၍ တင်ပြရလျှင် သမ္မတစနစ်ကို ပီပြင်စွာကျင့်သုံးသော အမေရိကန်ပြည်ထောင်စုတွင် သမ္မတ၏အခန်းကဏ္ဍကို အမြင့်ဆုံးနေရာတွင် ထားသည်ကိုတွေ့ရပြီး သမ္မတမှာ ကာကွယ်ရေး ဦးစီးချုပ်( Commander in Chief) လည်းဖြစ်ပါသည်။ ထို့ကြောင့် အမေရိကန်တွင် အမေရိကန် အစိုးရအဖွဲ့ဟူ၍ မရှိဘဲ သမ္မတ၏ အမည်ဖြင့်သာ အစွဲပြု၍ ရေဂင်အစိုးရ၊ ကလင်တန်အစိုးရ၊ ဘုရှ်အစိုးရနှင့် အိုဘားမားအစိုးရဟု ခေါ်ဝေါ်သုံးစွဲသည်ကို တွေ့ရပါသည်။

ထို့ပြင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို ပါလီမန်စနစ်မှာကဲ့သို့ Minister ဟူ၍ သုံးစွဲခြင်းမပြုဘဲ Secretary of the……ဟူ၍ ဖြစ်ပါသည်။ ဥပမာပေးရလျှင် လက်ရှိ အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ၏ရာထူးမှာ Secretary of the State ဖြစ်ပါသည်။ State ဆိုသည်မှာ အိုဘားမားကို ရည်ညွှန်းပြီး အိုဘားမား၏ နိုင်ငံခြားရေးဆိုင်ရာ အတွင်းရေးမှူးလက်ထောက်ဟု အဓိပ္ပါယ်ရပါသည်။ ထို့ကြောင့် ဟီလာရီ ပြောဆိုသမျှ သည် အိုဘားမား၏ သဘောထားမူဝါဒ ဖြစ်ပါသည်။ တဖန် အမေရိကန်ပုံစံအရ ဘဏ္ဍာရေးဝန်ကြီးကိုလည်း Secretary of the Treasury ဟူ၍ခေါ်ပြီး အိုဘားမား၏ ဘဏ္ဍာရေးဆိုင်ရာ အတွင်းရေးမှူးလက်ထောက်ဖြစ်ပါသည်။ ထို့ကြောင့် အမေရိကန်အစိုးရအဖွဲ့ဟူ၍ မရှိဘဲ သမ္မတကသာ တာဝန်ယူရ သည့် အားလျော်စွာ သမ္မတအမည်ကို အစွဲပြု၍ အစိုးရအဖွဲ့၏အမည်ကို သတ်မှတ်ပါသည်။ သမ္မတစနစ်တွင် သမ္မတအားလုံးမှာ အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို အမိန့်ပေးညွှန်ကြားရသည်ဖြစ်ရာ သမ္မတဆိုသူများမှာ လူစွမ်းကောင်းများ ဖြစ်လေ့ရှိကြပါသည်။ အစိုးရအဖွဲ့ဝင် ဝန်ကြီးများမှာ သမ္မတ၏  အမိန့်ပေး ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ရခြင်းဖြစ်ပါသည်။ ဝန်ကြီးများအနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင်အိုင်ဒီယာများရှိ လျှင်လည်း သမ္မတထံ တင်ပြပြီး သမ္မတက သဘောတူမှသာ ဆောင်ရွက်ခွင့်ရှိပါသည်။ ဤသည်မှာ သမ္မတ စနစ်( Presidential) ၏ အနှစ်သာရ ဖြစ်ပါသည်။ ပါလီမန်စနစ်မှာကဲ့သို့ ဝန်ကြီးများတွင် လုပ်ပိုင်ခွင့်အာဏာရှိ သည့် ၊ လုပ်ပိုင်ခွင့်အာဏာပေးထားသည့် ကက်ဘိနက်ပုံစံမျိုးမဟုတ်ပေ။

လူနဲ့မူ

စာရေးသူတို့ နိုင်ငံမှာ စစ်တပ်မှ အရပ်သားအစိုးရသို့ အသွင်ကူးပြောင်းသည့် နိုင်ငံရေးအပြောင်းအလဲကို ကြုံတွေ့နေရခြင်းဖြစ်ရာ ထိုကဲ့သို့ အသွင်ပြောင်းမှုကို ကြုံတွေ့ခဲ့ရသည့် နိုင်ငံများနည်းတူ နိုင်ငံတော်၏ ဦးဆောင်အဆင့်များတွင် စစ်ဗိုလ်ချုပ်ဟောင်းများ ဖြစ်နေပါသည်။ သို့ရာတွင် ၂၀၁၀ ရွေးကောက်ပွဲသည် နိုင်ငံရေးစနစ် အပြောင်းအလဲ၏ ထွက်ပေါက်ဖြစ်သဖြင့် မည်သည့်ပုဂ္ဂိုလ်ပင် အုပ်ချုပ်စေကာမူ ဒီမိုကရေစီ၏ အနှစ်သာရများ ဖြစ်သည့် ရွေးကောက်တင်မြှောက်ခြင်း၊ ပါတီစုံ၊ အစိုးရအပြောင်းအလဲ စသည်တို့အတွက် လိုအပ်မည့် စည်းမျဉ်းစည်းကမ်းများ တနည်းအားဖြင့် ဆိုရလျှင် Rules of Game များ ပီပီပြင်ပြင်ဖြစ်ပေါ်လာစေရန် ထိုရွေးကောက်ပွဲက ဆောင်ကြဉ်းနိုင်လိမ့်မည်ဟု ယူဆခဲ့ကြ၍ နိုင်ငံရေးစနစ်ကို ပြောင်းလဲခဲ့ ကြရခြင်း ဖြစ်ပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြီးပြည့်စုံသည့် ဖွဲ့စည်းပုံတစ်ခု မဟုတ်သော်လည်း ထိုစနစ်၏ ပေးထားချက် အတိုင်းလိုက်နာ ဆောင်ရွက်နိုင်လျှင်ပင် မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲမှာ အတိုင်းအတာတစ်ရပ်အထိ ခရီးရောက်နိုင်သည်ဖြစ်ရာ နိုင်ငံတော်သမ္မတမှအစ အောက်ခြေ ပြည်သူလူထုအထိ မိမိတို့ ရွေးချယ်ထားသော နိုင်ငံရေးစနစ်ကို တီးမိခေါက်မိ ရှိသင့်ပါသည်။ သို့မှသာ မိမိတို့ ဖြစ်ချင်သော အခြေအနေ၊ ဖြစ်နေသော အနေအထားနှင့် မိမိတို့ရောက်ရှိနေသည့် အခြေအနေတို့ကို သဘောပေါက်နိုင်မည်ဖြစ်ပြီး ရှေ့သို့ဆက်လက် ချီတက် နိုင်လိမ့်မည် ဖြစ်ပါသည်။

ကိုယ့်နေရာကိုယ်သိဖို့လို

သမ္မတကြီးအနေဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအမွေပေးခဲ့သော အခင်းအကျင်းကြီးကို ထိန်းထိန်းသိမ်းသိမ်းလုပ် နေရသည်ဟု ထင်မိပါသည်။ ထို့ကြောင့်သာ ဒုသမ္မတအပါအဝင် သဘောထားတင်းမာပြီး အပြောင်းအလဲ မလိုလားသည့်အုပ်စုများကို ပြတ်သားစွာ ကိုင်တွယ်ခြင်းမပြုသေးဟု ယူဆမိပါသည်။ သို့ရာတွင် စနစ်၏ပေးထားချက်အရ သမ္မတကြီးသည်  အုပ်ချုပ်ရေး၏ အမြင့်ဆုံးတာဝန်ရှိသူဖြစ်ရာ အစိုးရအဖွဲ့အတွင်း ပါဝင်နေ သော ဝန်ကြီးများကို သမ္မတကြီး၏ စိတ်တိုင်းကျ အမိန့်ပေးညွှန်ကြားခွင့်ရှိပြီး ၎င်းတို့၏ ဗီဇ၊စရိုက်နှင့် အမူအကျင့်များကို ထည့်သွင်းစဉ်းစားရန် မလိုဟု ဆိုရမည် ဖြစ်ပါသည်။ ထို့ကြောင့် သမ္မတကြီးအနေဖြင့် မိမိရောက်ရှိနေသည့်နေရာမှာ နိုင်ငံတော်သမ္မတဖြစ်ပြီး မည်သူတစ်ဦး တစ်ယောက်မျှ မိမိနှင့်တန်းတူ သော်လည်းကောင်း၊ အထက်တွင်သော်လည်းကောင်း ရှိသည်ဟု သဘောထားရန်မလိုဘဲ ပြတ်ပြတ်သားသား ဦးဆောင် ညွှန်ကြားနိုင်ရန်သာ လိုအပ်မည် ဖြစ်ပါသည်။

သမ္မတကြီးနှင့် လက်တွဲဆောင်ရွက်မည်ဆိုသည့် အတိုက်အခံများသည်လည်း မိမိတို့အနေဖြင့် အလွန်ဆုံးရောက်နိုင်သည်မှာ လွှတ်တော် အမတ်နေရာသာဖြစ်ပြီး အကယ်၍ ဝန်ကြီးနေရာရခဲ့လျှင်ပင် သမ္မတကြီး၏ ညွှန်ကြားချက်အောက်တွင်သာ လုပ်ဆောင်ရမည်ဖြစ်ရာ သမ္မတနှင့် လက်တွဲ လုပ်ဆောင်နိုင်သည့် အခွင့်အာဏာမျိုးကို ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးမထားပါဟူ၍သာ ဆိုရမည် ဖြစ်ပါသည်။ ယင်းအစား သမ္မတကြီးနှင့် ပူးပေါင်း ဆောင်ရွက်ပါမည် ဆိုသည့် စကားရပ်ကိုသာ သုံးသင့်သည်ဟုလည်း ယူဆမိပါသည်။

နိဂုံးချုပ်ဆိုရလျှင် မိမိတို့ရွေးချယ်ထားသည့်စနစ်မှာ သမ္မစနစ်ဖြစ်ရာ ထိုသမ္မတစနစ်၏ အနှစ်သာရကိုမသိဘဲ ထင်ရာမြင်ရာ ပြောဆိုနေကြ သည်များကို ရှောင်ရှားပြီး လူနှင့်မူအနက် မူဝါဒကို ပီပီပြင်ပြင်ဖြစ်စေခြင်းကသာ အနာဂတ် ဒီမိုကရေစီ အပြောင်းအလဲအတွက် အခြေခံကောင်းများ တည်ဆောက်ပြီး ဖြစ်ပါလိမ့်မည်။

*****************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၁၁.၃.၂၀၁၂

ပြည်တွင်းသတင်းများ

  1. အလုပ်သမားအဖွဲ့အစည်းဥပဒေ အာဏာတည်ကြောင်း သတ်မှတ်ကြေညာ
  2. မြန်မာနိုင်ငံသို့ ကာတာလေကြောင်းလိုင်းပြေးဆွဲမည်
  3. သဘာဝပတ်ဝန်းကျင် ထိခိုက်ပါကအုတ်သဲကျောက် လုပ်ငန်းလိုင်စင်ရုတ်သိမ်းမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ကွင်တားနား၏ ကဏ္ဍအသီးသီးဖြင့် ဖော်ပြထားသည့် စာမျက်နှာ ၂၁မျက်နှာအားကုလသို့ တင်ပြမည်
  2.  ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်း ဆင်ဆာဖြတ်ခံရ

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

အလုပ်သမားအဖွဲ့အစည်းဥပဒေအာဏာတည်ကြောင်းသတ်မှတ်ကြေညာ

မြန်မာနိုင်ငံ အလုပ်သမားအဖွဲ့အစည်းဥပဒေ စတင်အာဏာတည်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ မတ်လ ၉ ရက်နေ့ ရက်စွဲဖြင့် အမိန့်ကြေညာ စာအမှတ် ၂၂/၂၀၁၂ ကို နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့သည်။

၂၀၁၂ ခုနှစ်၊ မတ်လ ၉ ရက်နေ့မှစတင်၍ အလုပ်သမားအဖွဲ့အစည်း ဥပဒေပုဒ်မ ၁၊ ပုဒ်မခွဲ(ခ) အရ အလုပ်သမားအဖွဲ့အစည်း ဥပဒေ စတင် အာဏာတည်ပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ကြေညာခဲ့သည်။

ထို့ပြင် အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းတည်ထောင်ရာတွင် မှတ်ပုံတင်ပြုလုပ်နိုင်ရန် နိုင်ငံတော်သမ္မတရုံးမှ မတ်လ ၉ ရက်နေ့ ရက်စွဲဖြင့် မှတ်ပုံတင်အရာရှိချုပ် ခန့်အပ်ကြောင်း အမိန့်ကြေညာစာအမှတ် ၂၃/၂၀၁၂ ကို ထုတ်ပြန် ကြေညာခဲ့သည်။

၎င်း မှတ်ပုံတင်အရာရှိချုပ် ခန့်အပ်တာဝန်ပေးခြင်း အမိန့်ကြေညာစာ၌ အလုပ်သမားအဖွဲ့အစည်း ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ(က) အရ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်အား မှတ်ပုံတင်အရာရှိချုပ်အဖြစ် ခန့်အပ်တာဝန် ပေးလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာနိုင်ငံအတွင်းရှိ အလုပ်သမားရေးရာကိစ္စရပ်များ ဖြေရှင်းဆောင်ရွက်နိုင်ရန် အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းတည်ထောင်ရာတွင် ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်တွေနှင့်အညီ သက်ဆိုင်ရာ မြို့နယ်မှတ်ပုံတင်အရာရှိထံ၌ အလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းခွင့် လျှောက်ထားရမည် ဖြစ်ပြီး မြို့နယ်မှတ်ပုံတင်အရာရှိမှတစ်ဆင့် မှတ်ပုံတင်အရာရှိချုပ်ထံသို့ ဆက်လက်တင်ပြရမည်ဖြစ်ကြောင်း အလုပ်သမားအဖွဲ့အစည်း ဥပဒေ၌ ဖော်ပြပါရှိသည်။

“အခုခန့်အပ်လိုက်တဲ့ မှတ်ပုံတင်အရာရှိချုပ်က အလုပ်သမားအဖွဲ့အစည်းတွေ ဖွဲ့စည်းခွင့်ရှိတယ်၊ မရှိဘူးဆိုတာ ဆုံးဖြတ်ပေးမှာလို့ အလုပ်သမား နည်းဥပဒေမှာ ဖော်ပြထားပါတယ်။”ပာုရှေ့နေတစ်ဦးကဆိုသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံသို့ ကာတာလေကြောင်းလိုင်းပြေးဆွဲမည်

ကာတာနိုင်ငံ၊ ဒိုပာာမြို့မှ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ ကမ္ဘာ့အကောင်းဆုံးလေကြောင်းစာရင်းဝင် ကာတာလေကြောင်းလိုင်းမှ လေကြောင်း ခရီးစဉ် ပျံသန်းပြေးဆွဲမှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ကာတာလေကြောင်းလိုင်းမှ ပြီးခဲ့သည့် မေလမှစတင်၍ လေကြောင်းခရီးစဉ် တိုးချဲ့ပြေးဆွဲနေမှုတွေကို စတင်လုပ်ဆောင်ခဲ့ပြီး ၎င်းလေကြောင်း ခရီးစဉ် တိုးချဲ့ပြေးဆွဲမှုအစီအစဉ်တွင် မြန်မာနိုင်ငံပါဝင်ပြီး ကာတာနိုင်ငံ၏ လေကြောင်းခရီးစဉ်သစ် တိုးချဲ့ပြေးဆွဲမှုများတွင် ခရီးစဉ်သစ် ငါးခုနှင့် ကုန်စည်ပို့ဆောင်မှုလုပ်ငန်းစဉ်များပါ ပါဝင်ကြောင်း Gulf Time သတင်းစာ၌ ဖော်ပြပါရှိသည်။

ကာတာလေကြောင်းလိုင်း၏ မေလမှ စတင်၍ ပြေးဆွဲမည့် ခရီးစဉ်များထဲတွင် မြန်မာနိုင်ငံနှင့်အတူ အီရတ်၊ တန်ဇင်းနီးယားနိုင်ငံနှင့် ဆာဗီးယားနိုင်ငံတို့ ပါဝင်ကြောင်းသိရသည်။

ထိုသို့ကာတာလေကြောင်းလိုင်း၏ ခရီးစဉ်သစ်ပြေးဆွဲမှု အစီအစဉ်တွင် မြန်မာနိုင်ငံပါဝင်သော်လည်း လက်ရှိအချိန်တွင် မြန်မာနိုင်ငံရှိ လေကြောင်းဆိုင်ရာ တာဝန်ရှိသူများနှင့် တရားဝင်လာရောက် စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ခြင်း မရှိသေးကြောင်း နိုင်ငံတကာလေကြောင်း ကိုယ်စားလှယ် တစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ၂၀၀၅ ခုနှစ်ဝန်းကျင်တွင် ကာတာလေကြောင်းလိုင်းသည် ရန်ကုန်နှင့် ဒိုပာာအကြား လေကြောင်းခရီးစဉ်များ ပြေးဆွဲခဲ့ပြီး အခြေ အနေ အကြောင်းအမျိုးမျိုးကြောင့် ၂ ကြိမ် ရပ်နားခဲ့ကြောင်း သိရသည်။

              Ref:The Voice

-----------------------------------------------------------------------------------------------------------------------------------

သဘာဝပတ်ဝန်းကျင် ထိခိုက်ပါကအုတ်သဲကျောက် လုပ်ငန်းလိုင်စင်ရုတ်သိမ်းမည်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းထုတ်လုပ်လျက်ရှိသည့် အုတ်၊ သဲ၊ ကျောက်လုပ်ငန်းများမှ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ ဖြစ်ပေါ်လာပါက ထုတ်ယူခွင့်လုပ်ငန်းလိုင်စင်အား ပြန်လည်ရုတ်သိမ်းသွားမည်ဖြစ်ကြောင်း ကျောက်ဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

သက်ဆိုင်ရာတာဝန်ရှိသူများမှ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် အုတ်၊ သဲ၊ ကျောက် ထုတ်လုပ်ခွင့်နှင့် မြေနှင့်မြေထွက် ပစ္စည်းတူးဖော်ထုတ်လုပ်ခွင့် လိုင်စင်ကို စိစစ်ခွင့်ပြုပေးလျက်ရှိပြီး ၂၀၁၁-၂၀၁၂ အတွက် သဲထုတ်လုပ်သူ ၃ ဦး၊ ကျောက်စရစ်ထုတ်လုပ်သူ ၂ ဦး၊ သဲကျောက် ထုတ်လုပ်သူ ၂၁ ဦးအား လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ ရေဖြူမြို့နယ်အတွင်း အုတ်သဲကျောက်ထုတ်လုပ်ငန်း လုပ်ကိုင်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရန် လူနေ ထိုင်မှုနှင့် ဝေးသော ကုန်းတွင်းကျောက်တောင်များ၊ ရေအောက်မြေများနေရာတွင်သာလုပ်ကိုင်ရန် သက်ဆိုင်ရာက ခွင့်ပြုခဲ့ကြောင်း သိရသည်။

“သဘာဝပတ်ဝန်းကျင်ထိခိုက်စေမယ့် လုပ်ငန်းမျိုးဆိုရင် နိုင်ငံတော်အနေနဲ့လည်း တားဆီးသင့်ပါတယ်။ ခုဆို ကမ္ဘာ့နိုင်ငံအသီးသီးမှာလည်း သဘာဝပတ်ဝန်းကျင်ထိခိုက်စေမယ့် လုပ်ငန်းမျိုးတွေကို အနည်းငယ်လျှော့ချမှုတွေ လုပ်နေပါပြီ”ပာု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း ကျောက်ဖြူရေနက်စီမံကိန်း၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းနှင့် ကျောက်ဖြူလေယာဉ်ကွင်း၏ လေယာဉ်ပြေးလမ်းတိုးချဲ့မှုစီမံကိန်းများကို  နိုင်ငံတော် စီမံကိန်းများအဖြစ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

                Ref:Favourite News

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ကွင်တားနား၏ ကဏ္ဍအသီးသီးဖြင့် ဖော်ပြထားသည့် စာမျက်နှာ ၂၁မျက်နှာအားကုလသို့ တင်ပြမည်

ကုလသမဂ္ဂမှ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Mr. Thomas Quantanaသည် မတ်လ ၁၂ရက်နေ့တွင် စာမျက်မှာ ၂၁မျက်နှာပါရှိသည့် အစီရင်ခံစာအားကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်သို့ တင်သွင်းမည်ဟုသတင်းများအရသိရသည်။

၎င်း၏ စာမျက်နှာ ၂၁မျက်နှာပါ အစီရင်ခံစာထဲတွင် လက်ရှိအချိန်၌ အကျဉ်းထောင်များအသီးသီးတွင် ကျန်ရှိနေသေးသည့် နိုင်ငံရေး အကျဉ်းသားများအခြေအနေနှင့် ပြည်တွင်းတွင် လက်ရှိဖြစ်ပွားလျက်ရှိသည့် တိုင်းရင်းလူမျိုးစုနယ်မြေကိစ္စရပ်များတို့ ပါဝင်သည်ဟု သတင်းရရှိသည်။

ထို့ပြင် ယင်းစာမျက်နှာများထဲ၌ မြန်မာနိုင်ငံ၏ လက်ရှိပြုပြင်ပြောင်းလဲမှုများတွင် လူ့အခွင့်အရေးကိစ္စနှင့် ပတ်သက်၍ အပြုသဘောဆောင် သည့် လုပ်ရပ်များဖြစ်နေပြီးနောက်ပိုင်းတွင် နောက်ပြန်လှည့်နိုင်သည့် စိုးရိမ်ဖွယ်ရာရှိသည့် အခြေအနေဖြစ်သွားမည်ဟု ယင်းအစီရင်ခံစာထဲတွင် ထည့်သွင်း ဖော်ပြထားသည်။

၎င်းသည် လူ့အခွင့်အရေးကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံမှ အကျဉ်းထောင်များသို့ သွားရောက်လေ့လာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသားခေါင်းဆောင်အချို့နှင့်လည်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု သတင်းများအရသိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်း ဆင်ဆာဖြတ်ခံရ

လာမည့် ဧပြီလ ၁ ရက်နေ့တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် နိုင်ငံပိုင် အသံလွှင့်ဌာနများမှတဆင့် မဲဆွယ်စည်းရုံးခွင့် ပြုထားရာတွင် ပြောဆိုသော အဓိကမိန့်ခွန်းများကို မြန်မာအစိုးရအာဏာပိုင်များက ဆင်ဆာတည်းဖြတ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့မဲဆွယ်ရာ၌ ယခင်စစ်အစိုးရအပေါ် ဝေဖန်ပြောဆိုချက်များကို အာဏာပိုင်များက ဆင်ဆာတည်းဖြတ်ခြင်း ဖြစ်သည်ဟု ဒေါ်အောင်ဆန်း စုကြည်က RFA နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားမည့်မိန့်ခွန်းပါ အကြောင်းအရာတချို့ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လက်မခံခဲ့ခြင်းဖြစ်ပြီး မတ်လ ၁၂ ရက်နေ့ နေပြည်တော်၊ တပ်ကုန်းတွင် ကြိုတင်ရိုက်ကူးမည့် ၁၅မိနစ်စာ မဲဆွယ်စည်းရုံးရေး မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားမည့်အထဲက ဥပဒေစိုးမိုးရေးနှင့် ဆိုင်သည့် အပိုဒ်တပိုဒ်အား ပြင်ဆင်ခိုင်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“အစီအစဉ်မလုပ်မီ ကျွန်မပြောဆိုမယ့် စာသားတွေကို သူတို့ကိုတင်ပြရတယ်။ စာပိုဒ်တစ်ခု အဖြတ်ခံရတယ်” ဟု ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“ကျွန်တော်တို့ မဲဆွယ်စည်းရုံးဟောပြောပွဲ တယ်လီဗေးရှင်းဟောပြောပွဲအတွက် ဟောပြောမယ့်ဟာကို ပြည်ထောင်စုကော်မရှင်ကို တင်ရပါ တယ်။ ပြီးခဲ့တဲ့တပတ်ကပဲ ကျွန်တော်တို့တင်ခဲ့ပါတယ်။ စာပိုဒ်တချို့ကို ဖြုတ်ခိုင်းတယ်။ အဲ့ဒီ ဖြုတ်ခိုင်းတဲ့အပိုဒ်ကို ကျွန်တော်တို့ အစားထိုး ထပ်တင် တယ်။ အချိန်ကနည်းတော့ ကျွန်တော်တို့ဘက်ကလည်း Faxနဲ့ ပို့တယ်။ သူတို့ဘက်ကလည်း Fax နဲ့ ပြန်လာတယ်။ အဲ့ဒါ အခု အဆင်ပြေသွားပါပြီ။ Pass ဖြစ်သွားပါပြီ”ဟု NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ခေါင်းဆောင် ဦးဉာဏ်ဝင်းက ဆိုသည်။

"အဖြတ်ခံရတာတွေကတော့ တရားဥပဒေစိုးမိုးမှု မရှိခဲ့တဲ့ကိစ္စရယ်၊ ယခင်စစ်အစိုးရက ပြည်သူတွေအပေါ် ဖိနှိပ်တဲ့ ဥပဒေကို ထပ်ခါတလဲလဲ ကျင့်သုံးခဲ့တဲ့ ကိစ္စတွေပဲ ဖြစ်ပါတယ်” ဟု ၎င်း၏ ဆက်လက်ပြောဆိုသည်။

ထို့အပြင် ဒီိမိုကရက်တစ် ပါတီ(မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေ၏ ရုပ်သံနှင့် ရေဒီယိုများတွင် ပြောကြားရန် ရေးသားထားသည့် မူကြမ်းထဲက ပါတီမူဝါဒ ဆိုင်ရာ ဆောင်းပါးနှစ်ခုဖြစ်သည့် မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပညာရေးစနစ်များကို အိမ်နီးချင်း ထိုင်းနိုင်ငံနှင့်ယှဉ်ပြီး သုံးသပ်ပြထား ခြင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောခွင့်မပြုခဲ့ခြင်းကြာင့် ယင်းအချက်များချန်လှပ်ပြီး ပြောခဲ့ရကြောင်းလည်း သတင်းရရှိသည်။

Moe Z

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

လာမယ့် ကြာဖြတ်ရွေးကောက်ပွဲမှာသေပြီးသူတွေကမဲပေးဖို့ြ့ပင်နေကြပုံပါပဲ။ ဒါမျိုးလက်သင့်မခံနိုင်ပါဘူး

မတ်လ ၁၀ရက်နေ့ထုတ် The Voice Weekly  အတွဲ(၈) အမှတ်(၁၃) တွင်ပါသည့် “မဲစာရင်းတွင် သေဆုံးသူများပါဝင်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်မှ ကနေဒါနိုင်ငံခြားရေးဝန်ကြီးအား ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

နိုင်ငံရေးလုပ်တယ်ဆိုတာ နိုင်ငံသားတွေနဲ့ ထိတွေ့ပြီးလုပ်တဲ့အလုပ်၊ အဲဒီလိုထိတွေ့မှု မလုပ်နိုင်အောင် ပိတ်ထားရင် လူထုကြားထဲမှာ ကိုယ် တွေ့ချင် တဲ့သူကို မတွေ့ရဘူးဆိုရင် မတတ်သာလို့နေမယ် စိတ်ထဲကတအုံအုံနွေးနွေးနဲ့ မကျေနပ်မှုတွေကို မွေးမြူထားတယ်ဆိုတာကို သတိထားစေချင်တယ်

မတ်လ ၁၀ရက်နေ့ထုတ် STREET VIEW  အတွဲ(၁) အမှတ်(၁၀) တွင်ပါသည့် “၈၈မျိုးဆက်ခေါင်းဆောင် ကိုကိုကြီး၏ သဘောထား” သတင်းမှ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

ဒေါ်လာအရာင်းအဝယ် သိပ်မရှိဘူး။ FECကတော့ ငွေလဲကောင်တာတွေဆို ပြတ်နေပြီ။ ကားတင်သွင်းတဲ့သူတွေက အခွန်ဆောင်ရင် FEC နဲ့ ပေးဆောင်ရတော့  FECကိုပဲ လိုက်ဝယ်နေကြတာဆိုတော့   အဝယ်အရမ်းလိုက်နေတယ်

မတ်လ ၁၀ရက်နေ့ထုတ်  STREET VIEW  အတွဲ(၁) အမှတ်(၁၀) တွင်ပါသည့် “FECဈေးနှုန်း ဒေါ်လာထက်ရောက်ပြီး ဝယ်သူများပြားနေ၍ ဆက်လက် ဈေးမာလျက်ရှိ” သတင်းမှ ရွှေဘုံသာလမ်းရှိဝါရင့် ငွေကြေးရောင်းဝယ်သူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

**************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs