Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁၆.၃.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း (၂)

  1. အနာဂတ် စားနပ်ရိက္ခာဖူလုံမှု မြန်မာ အာမခံနိုင်

(The Daily Star မှ 16 March 2012 ရက်စွဲပါ Myanmar promises future food security ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာအပေါ် ပိတ်ဆို့အရေးယူမှုများ ပြန်လည်သုံးသပ်ရန် ကင်တားနားပြော

(Gulf Times မှ 14 March 2012 ရက်စွဲပါ UN Expert Calls for Myanmar sanctions rethink ကို ဘာသာ ပြန်ဆိုသည်)

  1. တရုတ်ပြည်သူ့ကွန်ဂရက် နောက်ဆုံးဆွေးနွေးပွဲ ပြီးဆုံး

(BBC မှ 14 March 2012 ရက်စွဲပါ China's National People's Congress holds final meeting ကို ဘာသာ ပြန်ဆိုသည်)

  1. တောင်ကိုရီးယားနှင့် အမေရိကန် လွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက် စတင်အသက်ဝင်

(BBC သတင်းဌာမှ 15 March 2012 ရက်စွဲပါ Trade deal between South Korea and the US takes effect ကို ဘာသာပြန်ဆိုသည်)

************************************************************

အနာဂတ် စားနပ်ရိက္ခာဖူလုံမှု မြန်မာ အာမခံနိုင်

(The Daily Star မှ 16 March 2012 ရက်စွဲပါ Myanmar promises future food security ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်တွင်သာမက တောင်အာရှရှိ အခြားနိုင်ငံများတွင်ပါ စားနပ်ရိက္ခာ ဖူလုံမှု အာမခံချက်ရှိရန် ကူညီနိုင်ကြောင်း သုံးသပ်သူများက ယမန်နေ့တွင် ပြောကြားလိုက်သည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးနိုင်သော မြေများစွာ ကျန်ရှိနေသေးပြီး လူဦးရေမှာလည်း အိမ်နီးချင်းများ ဖြစ်သော ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် တရုတ်တို့ထက် စာလျှင် များစွာနည်းသေးကြောင်း သုံးသပ်သူများက ဆိုသည်။

သို့သော် မြန်မာနိုင်ငံတွင် တစ်ဧကစပါးအထွက်နှုန်းမှာ နည်းပါးနေဆဲ ဖြစ်သည်။ မြန်မာသည် ဘင်္ဂလားဒေ့ရှ် အပါအဝင် အိမ်နီးချင်းနိုင်ငံများက အနာဂတ် စားနပ်ရိက္ခာ ဖူလုံရေးအတွက် ပူးပေါင်း ဆောင်ရွက်မှု ပိုမို ပြုလုပ်လာနိုင်သည်။ "ဘင်္ဂလားဒေ့ရှ်အနေနဲ့ မြန်မာနိုင်ငံမှာ မြေငှားရမ်းပြီး ဆန်စပါးထွက်ရှိမှုနှုန်း တိုးတက်အောင် စိုက်ပျိုးရေး နည်းပညာတွေကို လယ်သမားတွေကြားမှာ ပေးဝေပြီး လုပ်ဆောင်နိုင်ပါတယ်" ဟု BRAC မှ အမှုဆောင် ဒါရိုက်တာ Mahabub Hossain က ဆိုသည်။ Hossain သည် စိုက်ပျိုးရေးလေ့လာသူတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံတွင် ဒေသဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အခွင့်အလမ်းများ ရှာဖွေရေးအတွက် တစ်ရက်တာ ဆွေးနွေးမှုတွင် ယင်း၏အမြင်ကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာအစိုးရသည် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်လျက်ရှိရာ ဒေသဆိုင်ရာနှင့် နှစ်နိုင်ငံ ဆက်ဆံရေးများ အတွက် အခွင့်အလမ်းများ ပွင့်လာပါသည်။

အဆိုပါဆွေးနွေးပွဲကို မူဝါဒဆွေးနွေးမှုဗဟို (CPD) နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့က ဒါကာမြို့တွင် ပူးတွဲကြီးမှူးကျင်းပခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နှင့် အိမ်နီးချင်းနိုင်ငံများမှ ခွဲခြမ်းစိတ်ဖြာ သုံးသပ်သူများ တက်ရောက်ခဲ့ကြသည်။ CPD ဥက္ကဋ္ဌ Rehman Sobhan က သဘာပတိအဖြစ် ဆောင်ရွက်၍ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး GM Quader က အဖွင့် မိန့်ခွန်းပြောကြားခဲ့ပြီး ဆွေးနွေးပွဲတွင် စွမ်းအင်နှင့် ပို့ဆောင်ရေးကဏ္ဍတွင် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် ကိစ္စကိုလည်း ဆွေးနွေးခဲ့သည်။

Hossain က ပြောကြားရာတွင် ဘင်္ဂလားဒေ့ရှ်အနေဖြင့် စိုက်ပျိုးရန်မြေမလုံလောက်မှုကြောင့် တိုးတက်လာသော လူဦးရေအတွက် စားနပ်ရိက္ခာ ပိုမိုတင်သွင်းရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် ဆန်စပါးထုတ်လုပ်မှု မြှင့်တင်ရာတွင် စိုက်ပျိုးသူများအား စိုက်ပျိုးရေးနည်းပညာများ ဖြန့်ဝေပေးရန် သာမက ဆန်ထုတ်လုပ်မှုလုပ်ငန်းအဆင့်ဆင့်နှင့် ရောင်းဝယ်ရေး အခြေခံအဆောက်အဦးကိုပါ ဖွံ့ဖြိုးတိုးတက်ရန် ကူညီနိုင်သည်ဟု ယင်းက ပြောသည်။ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဖြင့် စိုက်ပျိုးရေး ထုတ်ကုန်ထုတ်လုပ်မှုကို ကူညီခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်သည် မြန်မာနိုင်ငံမှ ဆန်ဝယ်ယူရရှိရေး အာမခံချက် ရရှိနိုင်ကြောင်း၊ မြန်မာနိုင်ငံသည် အနာဂတ်တွင် အဓိကဆန်တင်ပို့သူ ဖြစ်လာမည် ဖြစ်ကြောင်း Hossain က ပြောသည်။ ထို့ပြင် မြန်မာနိုင်ငံနှင့် ပဲရောင်းဝယ်ရေး ပမာဏ မြင့်တက်လာရေးကိုလည်း ကြည့်ရမည် ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်သည် ပြည်တွင်းစားသုံးမှု ပြည့်မီရေးအတွက် ပဲမျိုးစုံပမာဏများစွာ တင်သွင်းရကြောင်း ယင်းက ဖြည့်စွက်ပြောသည်။

မြန်မာနိုင်ငံတွင် မစိုက်ပျိုးရသေးသော မြေများစွာ ကျန်ရှိနေသေးကြောင်း တစ်ဧက အထွက်နှုန်းမှာလည်း အလွန်နည်းကြောင်း ဂျပန်နိုင်ငံ ကျိုတို တက္ကသိုလ်မှာ ပါမောက္ခ Koichi Fujita က ပြောကြားသည်။ သို့သော် မြန်မာတွင် စိုက်ပျိုးနိုင်သောမြေ ၁၁.၉ သန်း ဟက်တာ ရှိသောကြောင့် စိုက်ပျိုးရေး ကဏ္ဍသည် တိုးတက်ရန် အလားအလာ များစွာ ရှိသည်ဟုလည်း ဆိုသည်။ မြန်မာနိုင်ငံသည် သဘာဝဓာတ်ငွေ့ များစွာ ပိုင်ဆိုင်ပြီး သုတေသနနှင့် အခြေခံ အဆောက်အအုံ တိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံရန် လိုအပ်ကြောင်း ယင်းကပင် ပြောသည်။

စားနပ်ရိက္ခာဖူလုံမှု ရရှိရေးသည် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုအတွက် အလားအလာကောင်းသော ကဏ္ဍတစ်ခုတွင် အပါအဝင် ဖြစ်သင့်ကြောင်း ယူနန်လူမှုသိပ္ပံ အကယ်ဒမီမှ တွဲဖက်ပါမောက္ခ Deng Lan က ဆိုသည်။ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာကြား နှစ်နိုင်ငံ ဆက်ဆံရေးသည် ဆန်အပါအဝင် စိုက်ပျိုးရေးထုတ်ကုန်များ ရောင်းဝယ်ခြင်းဖြင့် တိုးတက်နိုင်ကြောင်း သူမက ပြောသည်။

အငြိမ်းစား ပညာရေးဝန်ကြီး Osman Farruk က ဘင်္ဂလားဒေ့ရှ်သည် မြန်မာနိုင်ငံ၏ အမျိုးမျိုးသော စိုက်ပျိုးရေးများတွင် ပူးပေါင်း ဆောင်ရွက်ရေးကို တိုးချဲ့နိုင်ကြောင်း ပြောကြားခဲ့သည်။

************************************************************

မြန်မာအပေါ် ပိတ်ဆို့အရေးယူမှုများ ပြန်လည်သုံးသပ်ရန် ကင်တားနားပြော

(Gulf Times မှ 14 March 2012 ရက်စွဲပါ UN Expert Calls for Myanmar sanctions rethink ကို ဘာသာ ပြန်ဆိုသည်)

အနောက်နိုင်ငံကြီးအချို့အနေဖြင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုမူဝါဒများကို ပြန်လည် သုံးသပ်ပေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ ပညာရှင်တစ်ဦးက တိုက်တွန်းပြောကြားသည်။

အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံ ဖြစ်သော မြန်မာသည် ယခုအခါ ဧပြီ ၁ ရက်နေ့ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများကို အစဉ်လိုက် လုပ်ကိုင်ဆောင်ရွက်ခဲ့ပြီးဖြစ်ရာ မြန်မာအပေါ်ထားရှိသော ပိတ်ဆို့မှုများကို ပြန်လည် သုံးသပ်စေလိုကြောင်း ၎င်းက တိုက်တွန်းခြင်း ဖြစ်သည်။ "ပိတ်ဆို့အရေးယူမှုတွေကိုဖယ်ရှားရမယ်လို့ ကျွန်တော်ပြောနေတာမဟုတ်ပါဘူး။ အသေးစိတ်ပြန်လည် ဆန်းစစ်ကြည့်ဖို့ ပြောတာ ဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် သောမတ်ကင်တားနားက ပြောသည်။ "ဘာဖြစ်လို့လဲဆိုတော့ လူ့အခွင့်အရေးကိစ္စ ဖြစ်နေလို့ပါ" ဟု ၎င်းက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာတင်သွင်းပြီးနောက် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဆိုသည်။

"ပိတ်ဆို့အရေးယူမှုတွေကို လူ့အခွင့်အရေးကိစ္စနဲ့ တွဲဖက်လုပ်ကိုင်သွားရမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ အထူးသဖြင့် မတူညီတဲ့ နယ်ပယ်တွေ ဖြစ်တဲ့ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေး စတာတွေမှာ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့အနေနဲ့ လူသိရှင်ကြား ပွင့်လင်းစွာလုပ်ကိုင်ဆောင်ရွက်ရမယ့် တာဝန်ရှိပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာအောင် ခြောက်လှန့်ပြတဲ့သဘောမျိုး သက်သက် အတွက် ပိတ်ဆို့အရေးယူမှုတွေကို မပြုလုပ်သင့်ပါဘူး" ဟု ၎င်းကဖြည့်စွက်ပြောဆိုသည်။

အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ(အီးယူ) နှင့်အခြားသော အနောက်နိုင်ငံများသည် ယခုနှစ်အတွင်း မြန်မာနိုင်ငံအပေါ် သတ်မှတ် ထားသော ပိတ်ဆို့အရေးယူမှုအချို့ကို စတင်လျှော့ချလာခဲ့ကြသည်။ ဆယ်စုနှစ်များစွာ စစ်ဘက်အုပ်ချုပ်ရေး လက်အောက် ရောက်ခဲ့ပြီးနောက် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုဆီသို့ ဦးတည်သည့် အပြုသဘောဆောင်သော လုပ်ကိုင်ဆောင်ရွက်မှုများကို အသိအမှတ်ပြုသည့်အနေဖြင့် လျှော့ချလာကြခြင်းလည်း ဖြစ်သည်။

အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူမှု တစ်စိတ်တစ်ပိုင်း လျှော့ချပေးလိုက်ခြင်းကြောင့် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ တို့ကဲ့သို့သော အဖွဲ့ကြီးများအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ကာ နည်းပညာအကူအညီများ ပေးနိုင်ပြီဖြစ်သည်။ ထို့အတူ အဖွဲ့ဝင် ၂၇ နိုင်ငံပါ အီးယူအဖွဲ့ကလည်း မြန်မာခေါင်းဆောင်များ ခရီးသွားလာခွင့်ဗီဇာ ပိတ်ပင်မှုအား ဇန်နဝါရီလမှစ၍ ဖယ်ရှားပေးလိုက်သည်။ အကယ်၍ ပြုပြင် ပြောင်းလဲမှုများ ဆက်လက်လုပ်ကိုင်သွားမည် ဆိုပါက ပိတ်ဆို့မှုများကို ထပ်မံလျှော့ချပေးဦးမည်ဟု ကတိပြုထားသည်။

ဆုံးဖြတ်ရခက်နေပြီး ချိန်ခွင်ညှာပေါ်တွင် ရှိနေသည့်ကိစ္စမှာ လက်နက်ရောင်းချမှု၊ သစ်ထုတ်လုပ်မှု နှင့် သတ္တုတွင်းလုပ်ငန်း လုပ်ကိုင်မှုများအပေါ် ပိတ်ပင်ထားမှုများပင် ဖြစ်သည်။ မြန်မာနိုင်ငံသို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း လာရောက်လည်ပတ်ခဲ့သော မစ္စတာကင်တားနားက လက်ရှိ ပြုပြင် ပြောင်းလဲမှုများသည် အပြုသဘောဆောင်သည့် အကျိုးသက်ရောက်မှုရှိကြောင်း၊ သို့သော် လူ့အခွင့်အရေးကိစ္စနှင့် ပတ်သက်၍ အလေးအနက်ထား ဖြေရှင်းရန် များစွာ ကျန်ရှိနေသည်ကို စိုးရိမ်မိကြောင်း ပြောကြားသည်။ "ပြုပြင်ပြောင်းလဲမှုတွေ အရေးတကြီးလုပ်ကိုင်ပြီး လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို လစ်လျူရှုထားလို့ မရပါဘူး" ဟု ဆိုသည်။ ထို့ပြင် တရားဥပဒေစိုးမိုးရေးအတွက် လွတ်လပ်မှုရှိသော၊ ဘက်မလိုက်သော တရားစီရင်ရေး စနစ်ကောင်း တစ်ရပ် လိုအပ်ကြောင်း ထောက်ပြ ပြောဆိုသည်။

*********************************************************

တရုတ်ပြည်သူ့ကွန်ဂရက် နောက်ဆုံးဆွေးနွေးပွဲ ပြီးဆုံး

(BBC မှ 14 March 2012 ရက်စွဲပါ China's National People's Congress holds final meeting ကို ဘာသာ ပြန်ဆိုသည်)

တရုတ်နိုင်ငံတွင် လက်ရှိအစိုးရလက်ထက် နောက်ဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်သော အမျိုးသား ပြည့်သူ့ကွန်ဂရက် ဆွေးနွေးပွဲကြီးကို ခေါင်းဆောင် အပြောင်းအလဲ မပြုလုပ်မီ အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပြီ ဖြစ်သည်။

ဆွေးနွေးပွဲတွင် ဥပဒေရေးဆွဲသူများက အစိုးရလုပ်ငန်းပိုင်းဆိုင်ရာ အစီရင်ခံစာနှင့် ဘတ်ဂျက် အစီရင်ခံစာတို့ကို မဲပေးခဲ့ကြသလို ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် အတိုက်အခံများအား ဖမ်းဆီးထိန်းသိမ်းနိုင်မည့် ရာဇဝတ်မှု လုပ်ထုံးဥပဒေကိုလည်း ပြင်ဆင်ခဲ့ကြသည်။ ပြီးခဲ့သည့် သတင်းပတ်အတွင်း ဝန်ကြီးချုပ် ဝမ်ကျားပေါင်ကိုယ်တိုင် အဆိုပါ ကွန်ဂရက် ဆွေးနွေးပွဲ အခမ်းအနားကို မိန့်ခွန်းပြောပြီး ဖွင့်လှစ်ပေးခဲ့သည်။ ဝမ်ကျားပေါင်က စီးပွားရေး တိုးတက်မှု နှုန်းထားဆိုင်ရာ ဦးတည်ချက်ကို လျှော့ချခဲ့ပြီး မြေယာနှင့် စစ်ဘက်ရေးရာအရေးကိစ္စများကို အလေးအနက်ထား ပြောဆိုခဲ့သည်။ ကွန်ဂရက် ဆွေးနွေးပွဲ ကျင်းပ ပြီးဆုံးသွားသည့်နောက် ဝန်ကြီးချုပ်ဝမ်ကျားပေါင်က ပြည်တွင်း၊ ပြည်ပ သတင်းစာ ဆရာများနှင့် တွေ့ဆုံခဲ့သည်။

နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနအဆိုအရ တရုတ်ကွန်ဂရက်သည် ယခုနှစ်အတွက် အမျိုးသားစီးပွားရေး၊ လူမှုဖွံ့ဖြိုးရေးနှင့် ဘတ်ဂျက်သုံးစွဲရေး အတွက် အစီအစဉ်တစ်ရပ်ကို ဖော်ထုတ်နိုင်ခဲ့သည်။ ရာဇဝတ်မှုဆိုင်ရာဥပဒေ ပြင်ဆင်ပြောင်းလဲမှုကြောင့် လျှို့ဝှက်ဖမ်ဆီးထိန်းသိမ်းမှုမှာ တရားဝင် ဖြစ်လာနိုင်ကြောင်း၊ အဆိုပါဥပဒေကို ကွန်ဂရက်ကိုယ်စားလှယ် ၃၀၀၀ ခန့်မှ အများစုက မဲပေးခဲ့ကြခြင်းဖြစ်ကြောင်း ဝေဖန်ရေးသမားများက ဆိုသည်။

ယမန်နှစ်အတွင်း နာမည်ကျော်အစိုးရအတိုက်အခံ ပုဂ္ဂိုလ်များကို ရုတ်တရက်ဖမ်းဆီးထိန်းသိမ်းမှု ဖြစ်ပေါ်ခဲ့ပြီးနောက် အဆိုပါဥပဒေ ထွက်ပေါ်လာခြင်း ဖြစ်သည်။ တရုတ်ပြည်တွင် ၂၀၁၂ နှစ်ကုန်ပိုင်း၌ ခေါင်းဆောင်ပိုင်းအပြောင်းအလဲ ပြုလုပ်မည်ဖြစ်ရာ ယခု ကွန်ဂရက်ကို လက်ရှိအစိုးရ လက်ထက် နောက်ဆုံးအကြိမ်အဖြစ် ကျင်းပခြင်းဖြစ်သည်။ ဆယ်စုနှစ်တစ်ခုတွင် တစ်ကြိမ် ပြုလုပ်လေ့ရှိသည့် အဆိုပါ ခေါင်းဆောင်ပြောင်းလဲမှုကို အောက်တိုဘာလတွင် စတင်လုပ်ကိုင်လိမ့်မည်ဟု သိရသည်။ လက်ရှိဒုတိယသမ္မတ ဇီကျားပင်က သမ္မတဟူဂျင်တောင်၏ ကွန်မြူနစ်ပါတီ ခေါင်းဆောင်နေရာကို ရယူလိမ့်မည်ဟုလည်း အများစုက ယုံကြည်လျက်ရှိသည်။ သတင်းထောက်များအဆိုအရ ပါဝါလွှဲပြောင်းရယူမည့် ကိစ္စအတွက် စီနီယာ ခေါင်းဆောင်များ အလုအယက်နေရာရရှိရန် နောက်ကွယ်၌ ကြိုးပမ်းလျက်ရှိသည်။ သို့သော် ကွန်မြူနစ်ပါတီအနေဖြင့် ပါတီတွင်း ခေါင်းဆောင်ပိုင်းတွင် အကွဲအပြဲဖြစ်မည့် ကိစ္စမှန်သမျှကို ဖုံးကွယ်ထားရန် ဆုံးဖြတ်ထားသည်ဟု ဆိုသည်။

***********************************************************

တောင်ကိုရီးယားနှင့် အမေရိကန် လွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက် စတင်အသက်ဝင်

(BBC သတင်းဌာမှ 15 March 2012 ရက်စွဲပါ Trade deal between South Korea and the US takes effect ကို ဘာသာပြန်ဆိုသည်)

အချိန်ကာလကြာမြင့်စွာ နှောင့်နှေးခဲ့သည့် တောင်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စု အကြား လွတ်လပ်စွာ ကုန်သွယ်ခွင့် သဘော တူညီချက်မှာ ယခုအခါ သက်ဝင်လာပြီဖြစ်သလို အဆိုပါကိစ္စအတွက် ဆိုးလ်မြို့တော်၌ ဆန္ဒပြမှုများပေါ်ထွက်ခဲ့ကြောင်း သိရသည်။

ယင်းသဘောတူညီချက်ကို လွန်ခဲ့သည့် ငါးနှစ်တာကာလက လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်ပြီး အမေရိကန်အတွက် နှစ်ပေါင်း ၁၆ နှစ်တာ ကာလအတွင်း အကြီးဆုံး သဘောတူညီချက်တစ်ရပ် ဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံကလည်း အခြားသော ကုန်သွယ်ဖက်နိုင်ငံများနှင့် ချိတ်ဆက်နိုင်ရေး အတွက် ဈေးကွက်ဖွင့်လှစ်ရန် ကြိုးစားလျက်ရှိသောကြောင့် ယခုကဲ့သို့ လွတ်လပ်စွာ ကုန်သွယ်ခွင့် သဘောတူညီချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အမေရိကန်သမ္မတ ဘားရက်အိုဘားမားက တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်ထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ကာ လွတ်လပ်စွာကုန်သွယ်မှု စတင်ဖွင့်လှစ်ရန် ပြောဆိုခဲ့ကြောင်း သိရသည်။ သို့ရာတွင် အဆိုပါ ကုန်သွယ်ခွင့်ကြောင့် မည်သည့်နိုင်ငံ အကျိုးဖြစ်ထွန်းနိုင်မည် ဟူသောအရေးကိစ္စနှင့် ပတ်သက်၍ တောင်ကိုရီးယား နိုင်ငံသား အတော်များများက သံသယဖြစ်လျက် ရှိကြသည်။

ယင်းလွတ်လပ်စွာ ကုန်သွယ်ခွင့် သဘောတူညီချက်ကို ၂၀၀၇ ခုနှစ်တွင် အမေရိကန်ကွန်ဂရက်က သဘောတူခွင့် ပြုခဲ့ပြီး တောင်ကိုရီးယား ပါလီမန်ကမူ ယမန်နှစ်က သဘောတူခဲ့ခြင်းဖြစ်သည်။ သဘောတူညီချက်အရ နှစ်နိုင်ငံအကြား ကုန်သွယ်သည့် ထုတ်ကုန်ပစ္စည်း ၈၀ ရာခိုင်နှုန်းအပေါ် အခွန် ကောက်ခံမှု အမြန်ဆုံး ကွယ်ပျောက်သွားတော့မည် ဖြစ်သည်။

မစ္စတာ လီမြောင်ဘတ်က အိုဘားမားနှင့် ၁၀ မိနစ်တာကြာမျှ တယ်လီဖုန်းပြောရာတွင် "ယခု သဘောတူညီချက်သည် ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်စွာ ကုန်သွယ်ခွင့်အတွက် မိုဒယ်လ်ကောင်းတစ်ခု ဖြစ်သည်ဟု ယုံကြည်သည်" ဟုပြောဆိုခဲ့ကြောင်း တောင်ကိုရီးယားသမ္မတရုံးက ကြေညာချက် ထုတ်ပြန်သည်။ အိမ်ဖြူတော် သတင်း ထုတ်ပြန်ချက်အရ ယခုကဲ့သို့သော သဘောတူညီချက် ပြီးမြောက်အောင် လုပ်ဆောင်ခဲ့ခြင်းအတွက် အိုဘားမားက လီမြောင်ဘတ်ကို ကျေးဇူးတင်ရှိကြောင်း ပြောဆိုခဲ့သည်။

တောင်ကိုရီးယားအစိုးရအရာရှိကြီးများကမူ အမေရိကန်ပြည်ထောင်စုနှင့် လွတ်လပ်စွာ ကုန်သွယ်ခွင့် သဘောတူညီချက်ကြောင့် လာမည့် ၁၀ နှစ်အတွင်း အလုပ်အကိုင်ပေါင်း သုံးသိန်းခန့် ဖန်တီးပေးနိုင်ကာ စီးပွားရေး တိုးတက်မှုကိုလည်း မြှင့်တင်နိုင်မည်ဟု ယုံကြည်လျက်ရှိကြသည်။ သို့ရာတွင် ယင်း သဘောတူညီချက်အတွက် တောင်ကိုရီးယားနိုင်ငံသားတိုင်း ပျော်ရွှင်ကြခြင်းမရှိကြောင်း BBC သတင်းထောက် Lucy Williamson က ဆိုးလ်မြို့တော်မှနေ၍ သတင်းပေးပို့သည်။ တက်ကြွလှုပ်ရှားသူများကမူ အဆိုပါ သဘောတူညီချက်အား ဆက်လက် သပိတ်မှောက်သွားမည် ဖြစ်ကြောင်း ပြောသည်။

**************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၆.၃.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၁)

  1. ဗီယက်နမ်ဆိပ်ကမ်းသို့ မြန်မာစစ်သင်္ဘောများ ဆိုက်ကပ်

(Thanh Nien News မှ 12 March 2012 ရက်စွဲပါ Myanmar warships dock in central Vietnam ကို ဘာသာ ပြန်ဆိုသည်)

  1. ပြုပြင်ပြောင်းလဲရေး အစိုးရက လစ်လျူရှုနေဆဲ ရပိုင်ခွင့်များ

(The New York Times မှ 15 March 2012 ရက်စွဲပါ Matthew F. Smith ရေးသားသော Where Myanmar keeps trampling rights ကို ဘာသာ ပြန်ဆိုသည်)

************************************************************************

ဗီယက်နမ်ဆိပ်ကမ်းသို့ မြန်မာစစ်သင်္ဘောများ ဆိုက်ကပ်

(Thanh Nien News မှ 12 March 2012 ရက်စွဲပါ Myanmar warships dock in central Vietnam ကို ဘာသာ ပြန်ဆိုသည်)

ဗီယက်နမ်နိုင်ငံသို့ ၃ ရက်ကြာ တရားဝင်ခရီးစဉ် လာရောက် လည်ပတ်သော မြန်မာရေတပ်မှ ဖရီးဂိတ် စစ်သင်္ဘောနှစ်စီးသည် ဗီယက်နမ်နိုင်ငံ အလယပိုင်း ဒါနန်းမြို့တော် တီယန်ဆာ ဆိပ်ကမ်းသို့ တနင်္လာနေ့က ဆိုက်ကပ် ရောက်ရှိခဲ့သည်ဟု သိရသည်။

မဟာဗန္ဓုလ (F-21) နှင့် မဟာသီဟသူရ (F-23) ဖရီးဂိတ် စစ်သင်္ဘောနှစ်စီးစလုံးသည် ၁ဝ၃.၂ မီတာ ရှည်လျား၍ အကျယ် ၁ဝ.၈ မီတာ ရှိသည်ဟု ဆိုသည်။ တစ်စီးလျှင် တပ်ဖွဲ့ဝင် ၁၂၃ ဦးစီ အသီးသီး လိုက်ပါလာသော ရေတပ်အရာရှိများနှင့် ရေတပ်သင်္ဘောသာများသည် ဒါနန်းမြို့တော် ပြည်သူ့ ကော်မတီ ခေါင်းဆောင်များနှင့်လည်းကောင်း၊ အမှတ် ၃ ဒေသ ရေတပ်ကွပ်ကဲမှု ဌာနချုပ်သို့ လည်းကောင်း သွားရောက် တွေ့ဆုံ နှုတ်ဆက်ကြမည်ဟု သိရသည်။ ထို့အပြင် ဒါနန်းမြို့တော်အနီး ကွမ်နန်ခရိုင်မှ နာမည်ကျော် ဟွိုင်အန်မြို့ကိုလည်း သွားရောက်လည်ပတ်ကြမည် ဖြစ်သည်။

ဗီယက်နမ်နိုင်ငံသို့ မြန်မာစစ်သင်္ဘောများ လာရောက်လည်ပတ်မှုသည် ယခု ပထမဆုံးအကြိမ် ဖြစ်ပြီး ဒါနန်းဆိပ်ကမ်းသို့ ယခုနှစ်တွင် ပထမဆုံး ရောက်ရှိ ဆိုက်ကပ်သော စစ်သင်္ဘောများလည်း ဖြစ်သည်ဟု ဆိုသည်။

***********************************************************

ပြုပြင်ပြောင်းလဲရေး အစိုးရက လစ်လျူရှုနေဆဲ ရပိုင်ခွင့်များ

(The New York Times မှ 15 March 2012 ရက်စွဲပါ Matthew F. Smith ရေးသားသော Where Myanmar keeps trampling rights ကို ဘာသာ ပြန်ဆိုသည်)

နိုင်ငံတကာက မြန်မာအပေါ် အကောင်းမြင်မှုအရှိန်အဟုန်မှာ အမြင့်ဆုံးသို့ ရောက်လျက်ရှိသည်။ အစိုးရသည် မကြာမီအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်သို့ ဝင်ရောက်ခွင့်ပြုတော့မည် ဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားဟောင်းများလည်း လမ်းပေါ်ထွက်လာနိုင်ပြီး မီဒီယာဆင်ဆာများကိုလည်း ဖြေလျော့ပေးခဲ့သည်။ ကမ္ဘာတစ်ဝှမ်းရှိ အစိုးရများနှင့် မူဝါဒချမှတ်သူများသည် အမှန်တကယ် လေးစားလျက်ရှိသည်။

သို့သော်မြန်မာအစိုးရသည် လူ့အခွင့်အရေးကို မည်မျှအထိ တိုးတက်အောင် လုပ်ဆောင်နိုင်မည်နည်း။ ဝေးလံခေါင်းပါးသော မြောက်ပိုင်း ကချင်ပြည်နယ်တွင် မြန်မာစစ်တပ်သည် ပြီးခဲ့သည့်ဇွန်လကစ၍ ကချင်စစ်တပ် KIA နှင့် ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲထားမှုအား ချိုးဖောက်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ထိုသို့ တိုက်ပွဲများ ဖြစ်ရာတွင် မြန်မာစစ်တပ်သည် ကချင်အရပ်သားများနှင့် ရွာသားများအပေါ် ပြင်းထန်သော ပြစ်မှုများ ကျူးလွန်ခဲ့သည်။

စာရေးသူသည် အဆိုပါ ပဋိပက္ခ ဖြစ်နေသော ဒေသများသို့ နှစ်ကြိမ်တိုင် သွားရောက်ကာ ရက်သတ္တပတ် ခြောက်ပတ်ခန့် အချိန်ယူ၍ လူတစ်ရာကျော်အား အင်တာဗျူးများ ပြုလုပ်ခဲ့သည်။ မြန်မာစစ်သားများသည် ကချင် အမျိုးသမီးများကို အဓမ္မပြုကျင့်ခြင်း၊ အရပ်သားများကို နှိပ်စက်ခြင်း၊ ရှေ့တန်းတွင် အတင်းအဓမ္မ လုပ်အားပေးစေခြင်း နှင့် မော်တာများ လက်နက်ငယ်များဖြင့် ပစ်ခတ်၍ ရွာများကို မီးရှို့ခြင်းများကြောင့် ထောင်ပေါင်း များစွာသော လူများအား ထွက်ပြေးစေခြင်းများ ဖြစ်စေခဲ့သည်။ "ဒါတွေကို တမင်ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာပါ" ဟု မြန်မာစစ်တပ်မှ ထွက်ပြေးလာသူ တစ်ဦးက ပြောသည်။ ယင်းက စစ်တပ်သည် ရွာတစ်ရွာအား ပစ်ခတ်၍ ရွာသားများထွက်ပြေးအောင် လုပ်ခဲ့ပုံကို ပြောပြသည်။ အသက် ၁၆ နှစ်ရှိ ကချင်လူငယ် တစ်ဦးကမူ အသက် ၁၄ နှစ်အရွယ် ညီဖြစ်သူနှင့်အတူ မြန်မာစစ်တပ်မှ KIA သတင်းရရှိရန် နှိပ်စက်ခဲ့ကြောင်း၊ ထို့နောက် ယင်းတို့အား ရှေ့တန်းတွင် ပေါ်တာအဖြစ် အသုံးပြုကြောင်း ဆိုသည်။

"သူတို့က ကျွန်တော့်ဗိုက်ကို ဓားနဲ့ထောက်တယ်။ ညီလေးရဲ့ လည်ပင်းကို ဓားနဲ့ ထောက်တယ်။ ပြီးတော့ KIA ဘယ်မှာလဲ။ လက်နက်တွေ ဘယ်မှာ ဖွက်ထားလဲလို့ မေးတယ်။ နောက်စစ်သားက မင်းတို့မပြောရင် သတ်ပစ်မယ်။ လက်ကို ဖြတ်ပစ်မယ်လို့ ပြောတယ်" ဟု ပြောသည်။ ယခု ပဋိပက္ခများနှင့် နှိပ်စက်မှုများကြောင့် ပြီးခဲ့သည့်ဇွန်လမှစ၍ ခန့်မှန်းခြေ ကချင်လူမျိုး ခုနှစ်သောင်းခွဲခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ရသည်ဟု အားလုံးက ဆိုသည်။ သို့သော် ကမ္ဘာတစ်ဝှမ်းက စစ်မြေပြင်ကို မကြည့်ဘဲ မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲမှုများကိုသာ ချီးကျူးနေကြသည်။ အိုးမဲ့အိမ်မဲ့ဖြစ်ရသူများတွင် လေးသောင်းခွဲခန့်သည် တရုတ်-မြန်မာ နယ်စပ်တစ်လျှောက် KIA ထိန်းချုပ်ထားသော နယ်မြေများတွင် ယာယီတဲစခန်း ၃ဝ ခန့်တွင် နေထိုင်လျက် ရှိသည်။ ယင်းတို့အား နိုင်ငံတကာ လူသားချင်း စာနာသော အကူအညီများ ပေးရန် အာဏာပိုင်များက ငြင်းဆိုခဲ့သည်။

သမ္မတဦးသိန်းစိန်သည် ပြီးခဲ့သည့် ဒီဇင်ဘာက တစ်ကြိမ်သာ ကုလသမဂ္ဂ အေဂျင်စီများအား ထိုဒေသတွင် အကူအညီများ သွားရောက်ပေးအပ်ရန် ခွင့်ပြုခဲ့သည်။ အောက်ခြေလူတန်းစား အဖွဲ့အစည်းများက လက်ရှိတွင် အကူအညီများ ပေးလျက်ရှိသော်လည်း နိုင်ငံတကာ အကူအညီများ လိုအပ်နေဆဲ ဖြစ်သည်။ စားနပ်ရိက္ခာ၊ ဆေးဝါး၊ စောင်များနှင့် အနွေးထည်ကဲ့သို့သော ပစ္စည်းများ လိုအပ်လျက်လည်း ရှိသည်။

KIA ကလည်း ကလေးစစ်သားများ အသုံးပြုခြင်းနှင့် မိုင်းများထောင်ခြင်း စသည့် စိုးရိမ်ဖွယ် ကျူးလွန်မှုများတွင် ပါဝင် ပတ်သက်လျက် ရှိသည်။ ပြဿနာများ ပြီးဆုံးသွားသော တစ်နေ့တွင် အရပ်သားများ ရွာသို့ ပြန်လာပါက အဆိုပါမိုင်းများသည် ဒုက္ခပေးလိမ့်မည် ဖြစ်သည်။ ကလေးငယ်များ၊ လူ့အသက်များ၊ ခြေလက်အင်္ဂါများ စွန့်လွှတ်ခဲ့ကြရပြီး ဖြစ်သည်။

အဆိုပါ အခြေအနေများသည် ယနေ့ မြန်မာနိုင်ငံအကြောင်း ပြောဆိုနေမှုများနှင့် များစွာ ခြားနားနေသည်။ မြန်မာနိုင်ငံမှ လူအများစုနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာနိုင်ငံတွင် ပိုမိုကောင်းမွန်သော အနာဂတ်အတွက် မျှော်လင့်နေကြပြီး ဦးသိန်းစိန်ကလည်း တိုင်းရင်းသားပဋိပက္ခများ ချုပ်ငြိမ်းရေးကို လူသိရှင်ကြား ကတိပေးထားသည်။ ထို့အပြင် သေနတ်ကိုင်နေသော တိုင်းရင်းသားလူငယ်များကို Laptop ကိုင်နိုင်ရန ကူညီလိုကြောင်းလည်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။

မည်သို့ပင် ဆိုစေ ကချင်ပြည်နယ်ရှိ အခြေအနေသည် လွန်ခဲ့သည် ဆယ်စုနှစ်နှစ်ခုကထပ် ပိုမို ဆိုးရွားနေသည်။ ဦးသိန်းစိန်အစိုးရသည် ကချင်များ၏ ရပိုင်ခွင့်များကို အကာအကွယ်မပေးနိုင်ရုံမက ဒုက္ခပင် ပေးလျက် ရှိသည်။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲရေး သမားများနှင့် ပြုပြင်ပြောင်းလဲမှုများကို ဆက်လက် ထောက်ခံ ရပ်တည်ပေးသင့်နေသည်။ ထိုသို့ရပ်တည်ရာတွင် နိုင်ငံတကာ ယန္တရားသည် တိုင်းပြည် တစ်ဝှမ်းနှင့် တိုင်းရင်းသားဒေသများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးသင့်ပေသည်။ လူ့အခွင့်အရေး ကော်မရှင်မင်းကြီးရုံးကို မြန်မာ နိုင်ငံတွင် ဖွင့်လှစ်၍ ကျူးလွန်မှုများကို စောင့်ကြည့်စစ်ဆေးခြင်းကို စတင် ပြုလုပ်သည်မှာ အကောင်းဆုံးဟု ယူဆပါသည်။

ဘက်လိုက်မှုကင်းသော စုံစမ်းစစ်ဆေးမှုများကို မြန်မာအစိုးရသည် ယခုသော်လည်းကောင်း၊ နောင်တွင် လည်းကောင်း လုပ်ဆောင်လာလိမ့်မည် မဟုတ်ပေ။ စစ်တပ်သည် ဥပဒေအရ အရေးကြီးသော နိုင်ငံရေးအာဏာ ဆက်လက်ရှိနေဆဲ ဖြစ်ပြီး တည်ထောင်ကာစ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ကလည်း လွတ်လပ်မှု မရှိသေးဘဲ ကန့်သတ်မှုများ ရှိနေဆဲဖြစ်သည်။ လွတ်လပ်သော တရားစီရင်ရေးစနစ်မှာလည်း ခိုင်မာစေရန် နှစ်များစွာ ကြာဦးမည် ဖြစ်ပြီး အခန့်မသင့်ပါက ဆယ်စုနှစ်များ ကြာသွားနိုင်ပါသည်။

တစ်ချိန်တည်းမှာပင် လူသားချင်းစာနာမှုဆိုင်ရာ အေဂျင်စီများ ပဋိပက္ခဒေသများ အပါအဝင် ပြည်တွင်းမှ အိုးမဲ့အိမ်မဲ့လူများကို အကန့်အသတ် အထိန်းအချုပ်မရှိ ထိတွေ့နိုင်ရေး အတွက် အစိုးရအား ဖိအားပေးသင့်ပါသည်။

ယခုအချိန်သည် မြန်မာတိုင်းရင်းသားများအတွက် အရေးကြီးသော အချိန်ရောက်ရှိနေပြီ ဖြစ်သည်။ ပြုပြင် ပြောင်းလဲမှုများ ခက်ခဲမည်ကို စိုးရိမ်နေသောကြောင့် ယင်းတို့၏ အခြေအနေဆိုးများကို လစ်လျူရှုခြင်းသည် ရေရှည်တွင် ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒီမိုကရေစီကို အဟန့်အတား ဖြစ်စေသည်။

(ရေးသားသူ Matthew F. Smith သည် Human Rights Watch မှ အကြံပေးတစ်ဦးဖြစ်ပြီး ကချင်ပြည်နယ်မှ စစ်အတွင်း ကျူးလွန်မှုများအတွက် အဖွဲ့၏ အစီရင်ခံစာကို ရေးသားခဲ့သူတစ်ဦး ဖြစ်သည်)

***********************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs