Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၉.၃.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. အားသစ်လောင်းဖို့အချိန်တန်ပြီ

*****************************************

ဆောင်းပါးကဏ္ဍ

အားသစ်လောင်းဖို့အချိန်တန်ပြီ

မိုးမြင့်ငြိမ်း

မြန်မာနိုင်ငံရေးအပြောင်းအလဲများကိုလက်ရှိခေါင်းဆောင်များ (ruling elites)မှ ဆွဲ၍ ဆောင်ရွက်ခဲ့သည့်အတွက် ၂၀၁၂ ခုနှစ် နိုင်ငံရေးအခင်း အကျင်းမှာ မြန်မာပြည်တွင်ရှိနိုင်ဖို့ ခဲယဉ်းခဲ့သော အမျိုးသားညီညွတ်ရေးကို တစ်ဖန်ပြန်ရလာသည့် အခင်းအကျင်းမျိုးဖြစ်သည်။ တနည်းဆိုရလျှင် လူ့အ ဖွဲ့အစည်းတွင် အပေါ်ထပ်အဆောက်အအုံကြီးတစ်ခုလုံး ပုံသဏ္ဍန်ပြောင်းလဲသွားခဲ့သည်။ ပြောင်းလဲသွားခဲ့သည့် အပေါ်ထပ် အဆောက်အအုံကြောင့် အခြေခံ အဆောက်အအုံဖြစ်သည့် ပြည်သူများ၏ စီးပွားရေးဘဝမှာ ထင်ထင်ရှားရှား သက်ရောက်မှုမရှိသေးသည်ကို တွေ့နေရသည်။ သို့သော် ကြားဖြတ် ရွေးကောက်ပွဲအပြီးတွင် အပေါ်ထက် အဆောက်အအုံနှင့် အခြေခံ အဆောက်အအုံတို့၏ အပြန်အလှန် အကျိုးသက်ရောက်မှုများ ပိုမို ဖြစ်ထွန်းလာနိုင် သည့် အနေအထားတချို့ကိုတော့ မြင်တွေ့နေရသည်။ စီးပွားရေးပညာရှင်များ၏ မြန်မာ့စီးပွားရေးနှင့် ပတ်သက်သည့် ဟောပြောပွဲများ၊ ဖိုရမ်များ၊ အစိုးရကို စီးပွားရေးအပြောင်းအလဲများနှင့် ပတ်သက်သည့် အကြံပေးမည့် ပညာရှင်အဖွဲ့အစည်းကို ပြင်ပရောက် မြန်မာပညာရှင်များ ပါဝင်လာနိုင်မှုနှင့် ပညာရှင်များကြား ပြင်ဆင်သင်သည့် စီးပွားရေးမူဝါဒရေးရာ ငြင်းခုံမှုများကို သတင်းမီဒီယာများမှ ဖော်ပြခြင်းတို့ ခပ်စိပ်စိပ် ဖြစ်ပေါ်လာလျက်ရှိသည်။ ထို အတွက်ကြောင့် ၂၀၁၂ခုနှစ် နှစ်လယ်လောက်မှ စတင်၍ မူဝါဒချမှတ်သူများကြား စီးပွားရေးပြုပြင်ပြောင်းလဲမှုများ အရှိန်အဟုန်နှင့် ဆောင်ရွက် လာဖို့ရှိလာသည်။ သို့သော် အပေါ်ထပ် အဆောက်အအုံအပြောင်းအလဲလိုဆွဲ၍ ပြောင်းလဲရမည်မဟုတ်ဘဲ အခြေခံ အဆောက်အအုံအပြောင်းအလဲကို ပြည်သူတစ်ရပ်လုံးပါဝင်နိုင်ဖို့ တွန်း၍ ဆောင်ရွက်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးမှုနောက်ကျသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ဒေသတွင်း အိမ်နီးချင်းနိုင်ငံများနှင့်ယှဉ်လျှင် မြန်မာနိုင်ငံမှာ နောက်ဆုံးတန်း တွင်ရှိနေသည်။ မတိမ်းမယိမ်းနိုင်ငံဟူ၍ လာအို၊ ကမ္ဘောဒီယား၊ ဗီယမ်နမ်၊ ဘရှုနိုင်းနိုင်ငံတို့သာ ရှိသည်။ သို့တိုင်အောင် ၎င်းနိုင်ငံများတွင် ဈေးကွက်စီးပွား ရေးနှင့် ပတ်သက်သည့် အင်စတီကျူးရှင်း (ဥပမာ- ဘဏ္ဍရေးဈေးကွက်)များ တစ်စုံတစ်ရာ အတိုင်းအတာထိ တည်ဆောက်ပြီးဖြစ်သည်။ မြန်မာနိုင်ငံမှာ တော့ ယခုမှ စလုံးရေးစရမည့် အနေအထားဖြစ်သည်။ ယခုအခါတွင် မြေယာပိုင်ဆိုင်ခွင့် ဥပဒေများကို ပြဋ္ဌာန်း၍ မြေယာ ပြုပြင်ပြောင်းလဲမှုများကို လုပ် ဆောင်နေလျက်ရှိသည်။ ယင်းမှာလယ်ယာစိုက် ပျိုးရေးသာအဓိကလုပ်ကိုင်သည့် နိုင်ငံတစ်ခုဖို့ အရေးကြီးသည့် ခြေလှမ်းတစ်ရပ်ဟုမြင်မိပါသည်။ တောင် ကိုရီယားနိုင်ငံသည်လည်း ကိုရီးယားစစ်ပွဲအပြီး မြေယာ ပြုပြင်ပြောင်းလဲမှုကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ ထို့အပြင် ယင်းမြေယာ ပြုပြင် ပြောင်းလဲမှုနှင့်အတူ စက်မှုထူထောင်ရေးကိုပါ ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခဲ့သည်။ ယအခုအချိန်အခါသည် မြန်မာနိုင်ငံမှာ ယခင် ကုန်ထုတ် ဆက်ဆံရေးအဟောင်း (mode of production)၏ ပုံသဏ္ဍန်မကျမှုများကို အားထုတ်ပြင်ဆင်ရင်းဖြင့် ကုန်ထုတ်ဆက်ဆံရေးအသစ်သို့ ချင်းနင်း ဝင်ရောက် လာသည့် တနည်းစက်မှုဖွံ့ဖြိုးတိုးတက်မှုအတွက် အားယူသည့် (take off) အချိန်လည်းဖြစ်သည်။

မြန်မာနိုင်ငံမှာ စီးပွားရေးအပြောင်းအလဲကို ယခုမှ အားယူလုပ်ဆောင်ရမည်ဖြစ်သော်လည်း ကိုယ့်ရှေ့က ဖွံ့ဖြိုးတိုးတက်မှုကို ရယူသွားနိုင်သည့် အရှေ့အာရှနိုင်ငံများ၏ ဥပမာများကို လေ့လာသုံးသပ်နိုင်သည့် အခွင့်အလမ်းရှိသွားသည့် နောက်မှလိုက်သည့် နိုင်ငံတစ်ခု(late comer) ဖြစ်သည်။ ဂျပန်၊ တောင်ကိုရီးယား၊ တိုင်ဝမ်၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် တရုတ်တို့မှာ တောင်အမေရိကနိုင်ငံများနှင့် ယှဉ်လျှင် ဆယ်စုနှစ် လေးစုအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အရယူနိုင်ခဲ့သည့်အတွက် အာရှအံ့ဘနန်းဟုပင် ဝိဂြိုလ်ပြုခဲ့ကြသည်။ ယင်းနိုင်ငံများ၏ ဖွံ့ဖြိုးရေးမော်ဒယ်ကို လေ့လာ သုံးသပ်ကြည့်ပါက တူညီသည်အချက်နှစ်ခုမှာ နိုင်ငံအဆင့် စီးပွားရေးတည်ငြိမ်အောင် ထိန်းသိမ်းထားနိုင်ခြင်း (macroeconomic stability)နှင့် ပို့ကုန် ဦးစားပေးမူဝါဒ (export-oriented policy)ကို အဓိက ကျင့်သုံးခဲ့သည်။ ယင်းနိုင်ငံများ နိုင်ငံအဆင့် စီးပွားရေးတည်ငြိမ်အောင် မူဝါဒလေးခု အလေးထား အကောင်အထည်ဖော်ခဲ့သည်။

(၁) ဘတ်ဂျက်လိုငွေပြမှုကို စနစ်တကျ စီမံခန့်ခွဲနိုင်ခြင်း

နိုင်ငံအဆင့်စီးပွားရေးမတည်ငြိမ်မှု မဖြစ်ပေါ်စေဘဲလို ငွေဖြည့်တင်းနိုင်လောက်သည့် အနိမ့်ဆုံးပမာဏကို ထိန်ထားနိုင်အောင် ဆောင်ရွက်ခဲ့သည်။ စင် ကာပူနိုင်ငံ၏ စီးပွားရေးအင်စတီကျူးရှင်းဖြစ်သော ငွေကြေးဘုတ်အဖွဲ့မှ ဘတ်ဂျက်လိုငွေပြမှု မဖြစ်ပေါ်အောင် မပြတ်စောင့်ကြည့်ခဲ့သည်။ စင်ကာပူ နိုင်ငံလို အင်စတီကျူးရှင်းမှ စောင့်ကြည့်သည့် နိုင်ငံရှိသလို အင်ဒိုနီးရှားနိုင်ငံမှ ဘတ်ဂျက်ညီမျှရေးဥပဒေ (balance budget law)နှင့် ထိုင်းနိုင်ငံမှ ငွေလဲ နှုန်းစီမံခန့်ခွဲမှု မူဘောင် (exchange rate management framework)အစရှိသည့် စည်းမျဉ်းစည်းကမ်း အခြေခံချဉ်းကပ်မှုဖြင့် ဘတ်ဂျက်လိုငွေပြမှု ကိုစနစ်တကျ စီမံခန့်ခွဲနိုင်ခဲ့သည်။

(၂) ငွေကြေးဖောင်းပွမှု အလယ်အလတ်မှ အနိမ့်အဆင့်ရောက်အောင် ပြင်ဆင်ခြင်း

ငွေကြေးဖောင်းပွမှုကို အလယ်အလတ်မှ အနိမ့်အဆင့် ထားရှိနိုင်ရန်နှင့် ပြောင်းလွယ်ပြင်လွယ်ရှိသော ဘဏ္ဍရေးမူဝါဒများ၏ အကျိုးကျေးဇူးကြောင့် အရှေ့အာရှ နိုင်ငံများ၏ စီးပွားရေးလုပ်ငန်းများမှာ တည်ငြိမ်သည့် အစစ်အမှန်အတိုးနှုန်းကိုရရှိခဲ့ကြသည်။

(၃) ပြည်ပကြွေးမြီကို ထိန်းသိမ်းထားနိုင်ခြင်း

ပို့ကုန်ပမာဏ မြင့်မားမှုဟာ ပြည်ပကြွေးမြီးကို အဆင့်သင့် ဝန်ဆောင်မှုပေးနိုင်သည်ဟူသော အဓိပ္ပါယ် သက်ရောက်မှုရှိနေသည်။ အရှေ့အာရှနိုင်ငံများ၏ ဖွံ့ဖြိုးမှုမြင့်မားခြင်းကြောင့် အရင်းအနှီးအတွက် လိုအပ်သောချေးငွေများကို အတိုးနှုန်းနှင့်အတူ ပြန်လည်ပေးဆပ်နိုင်ခဲ့သည်။

(၄) နိုင်ငံခြားငွေလဲနှုန်းကို ဆီလျှော်မှုရှိသောမူဝါဒချမှတ်၍ ကျင့်သုံးအကောင်အထည်ဖော်ခြင်း

အရှေ့အာရှနိုင်ငံများသည် မိမိတို့၏ ငွေကြေးကို အမေရိကန်ဒေါ်လာနှင့် နှုန်းသေ(fixed rate) ချိတ်ဆက်ထားကြသည်။  ကမ္ဘာ့ရေနံဈေးတက်မှုကြောင့် ဖြစ်ပေါ်လာရသော နိုင်ငံအဆင့် စီးပွားရေးမတည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ရန် အရှေ့အာရှ နိုင်ငံအများစုမှာ နိုင်ငံခြားငွေလဲနှုန်းကို အသေ ချိတ်ဆက်ထား ရာမှာ စီမံခန့်ခွဲမှုနှင့်ယှဉ်သည့် နှုန်းရှင်စနစ်ကို(managed floated) ပြောင်းလဲ၍ အကြိမ်ကြိမ်အခါခါပြင်ဆင်ခဲ့ကြသည်။

အရှေ့အာရှနိုင်ငံများ၏ နောက်ထပ်တူညီသည့်အချက်မှာ ပို့ကုန်ဦးစားပေးခြင်းမူဝါဒ ဖြစ်သည်။ ပို့ကုန်ဦးစားပေးနှင့်အပြိုင် နိုင်ငံအများစု ကျင့် သုံးခဲ့သည့် စီးပွားရေးမူဝါဒတစ်ခုမှာ သွင်းကုန်အစားထိုးရေး (import substitution) ဖြစ်သည်။ သို့သော် နှစ်ပေါင်း ၄၀ ကျင့်သုံးပြီးနောက်တွင် ပို့ကုန် ဦးစားပေးသည့် နိုင်ငံများသာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်ကို ရောက်ရှိခဲ့ကြသည်။ မြန်မာနိုင်ငံသည်လည်း မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ တစ်ခေတ်လုံး သွင်းကုန်အစားထိုးရေးကိုသာ အဓိက ကျင့်သုံးခဲ့သည့်အတွက်ကြောင့် မှောင်ခိုဈေးကွက် ကြီးထွားလာခြင်း၊ နိုင်ငံခြားကြွေးမြီးများ မပေး ဆပ်နိုင်ခြင်းတို့ ဖြစ်ပေါ်လာကာ ကမ္ဘာ့ကုလသမဂ္ဂ၏ ကမ္ဘာ့အဆင်းရဲဆုံးစာရင်းဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ ပို့ကုန်ဦးစားပေးမူဝါဒ ကျင့်သုံးမှသာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည့် စီးပွားရေးပညာရှင်များထဲတွင် မြန်မာ့စီးပွားရေးပညာရှင် ဒေါက်တာ လှမြင့် လည်း တစ်ဦးအပါအဝင်ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်တွင် ပါမောက္ခချုပ် ဖြစ်ခဲ့ဖူးသည့် ဒေါက်တာလှမြင့်၏ ပြည်တွင်းဖူလုံလျှင် ပြည်ပသို့ တင်ပို့ပြီး စီးပွားရေးဖွံ့ဖြိုးမှု ရယူနိုင်သည်ဟူသော ပိုလျှံမှု၏တိုးတက်မှု (advance of surpluses) သဘောတရားမှာ  ရိုးရိုးလေးပင်ဖြစ်သည်။ သို့သော် ယင်းသ ဘောတရားမှာ မြန်မာနိုင်ငံတွင် မကျင့်သုံးနိုင်ခဲ့ဘဲ အရှေ့အာရှနိုင်ငံများတွင်သာ ကျင့်သုံးခဲ့ကြသည်။ ရလဒ်အားဖြင့် ဖွံ့ဖြိုးတိုးတက်မှုနှုန်း ကွာဟချက် ကြီးမားသွားခဲ့သည်။ ယခုအခါတွင်တော့ ပို့ကုန်ဦးစားပေးရေးကို ပညာရှင်များကြား အဓိကထား ပြောကြားလာခဲ့ကြသည့်အတွက် ယင်းသဘောတရားမှာ မြန်မာနိုင်ငံတွင် ပြန်လည် အသက်ဝင်လာတော့မည် ဖြစ်သည်။ အစိုးရမှ မက်ကရိုအဆင့် စီးပွားရေးတည်ငြိမ်မှုနှင့် ပို့ကုန်ဦးစားပေးမူဝါဒကို ဟန်ချက်ညီညီ ထိန်းကျောင်းပဲ့ကိုင်သွားနိုင်မှသာလျှင် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးရေးပန်းတိုင်ကိုအရောက်လှမ်းနိုင်မည်။

                                                     မြန်မာ့စီးပွားရေးကိုအားသစ်လောင်းဖို့ အချိန်တန်ပြီ။

**********************************************************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၁၉.၃.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ပထမဦးဆုံးအကြိမ်အဖြစ် အမျိုးသားသတင်းဆုငါးဆုအား ဆုချီးမြှင့်
  2. မြန်မာအစိုးရနှင့် ILO အကြားနားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ကချင်ပြည်နယ်တိုးတက်ရေးပါတီမှတ်ပုံတင်ရန် ဆောင်ရွက်မည်
  2. ဖဒိုမန်းငြိမ်းမောင်အား ပုဒ်မ ၄၀၁ဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပြု
  3. ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းတစ်ဦးအား ဒီချုပ်ကန့်ကွက်လွှာတင်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

ပထမဦးဆုံးအကြိမ်အဖြစ် အမျိုးသားသတင်းဆုငါးဆုအား ဆုချီးမြှင့်

မတ်လ ၁၈ရက်နေ့ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒဂုံမြို့နယ်ရှိ အမျိုးသားကဇာတ်ရုံတွင် ကျင်းပပြုလုပ်သည့် အမျိုးသားသတင်းဆုပေးပွဲ အခမ်းအနားအား နေ့လည် ၁နာရီမှစ၍ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းမှ ပထမဦးဆုံးအကြိမ် အဖြစ် အမျိုးသားသတင်းဆုအား ချီးမြှင့်ခဲ့သည်ဟု သတင်းရရှိသည်။

“ဆုမပေးခင် ဝန်ကြီးက အမျိုးသားသတင်းဆုချီးမြှင့်တာ ဒါက ပထမဆုံးအကြိမ်ဖြစ်တာရယ်၊ ပြီးတော့ ဒီမိုကရေစီနည်းကျင့်စဉ်အတိုင်းပေါ့ ဂျာနယ်လစ်တွေနဲ့ စာနယ်ဇင်းဆရာများအား ဥပဒေနဲ့အညီ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ ရေးသားခွင့်တွေကို ရရှိမှာဖြစ်လို့ ဂျာနယ်လစ်တွေက လည်း စာနယ်ဇင်းကျင့်ဝတ်ကို လိုက်နာရန်လိုကြောင်း၊ နောက်ပြီး စာနယ်ဇင်းကျင့်ဝတ်တွေနဲ့ ပတ်သက်ပြီးတော့လည်း အကျယ်တဝင့် ပြောကြားသွား ပါတယ်။ ပြီးတော့ မှန်ကန်တဲ့ သတင်းတွေဖြစ်ဖို့ ဘက်ပေါင်းစုံကနေ ကြည့်ပြီး ရေးသားသင့်တယ်ဆိုတာရယ် စတာတွေကို ပြောကြားသွားပါတယ်”ဟု ယင်းပွဲသို့ တက်ရောက်သည့် သတင်းစာဆရာတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ထို့နောက် အမျိုးသားသတင်းဆုကော်မတီ ဥက္ကဋ္ဌ ဦးစိုးသိမ်း(မောင်ဝံသ)မှ အမှာစကားပြောကြား၍ အကောင်းဆုံးသတင်းဆုအဖြစ် ကုမုဒြာ ဂျာနယ်မှ သတင်းထောက်ငါးဦးရေးသည့် “နိုင်ငံအနာဂတ်အသစ်အတွက် အစပျိုးခြင်း” ဆိုသည့်သတင်းအား အမျိုးသားသတင်းဆုကော်မတီ နာယကဖြစ် သည့် စာရေးဆရာ ဖိုးသောကြာမှ ဆုချီးမြှင့်ခဲ့ပြီး ယင်းကော်မတီမှ ဥက္ကဋ္ဌ ဦးစိုးသိမ်း(မောင်ဝံသ)က “လက်နက်ကိုင်အရေး စားပွဲဝိုင်းပေါ်ရောက်ပြီလား” ဆို သည့် သတင်းဆောင်းပါးအားရေးသူ 7Day News Journalမှ မငြိမ်းငြိမ်းနိုင်အား ဆုချီးမြှင့်ခဲ့သည်ဟု သတင်းများအရ သိရသည်။

“ပထမဦးဆုံးဆုချီးမြှင့်တာက ကုမုဒြာဂျာနယ်က သတင်းထောက်ငါးယောက်ပေါင်းပြီးရေးတဲ့ “နိုင်ငံအနာဂတ်အသစ်အတွက် အစပျိုးခြင်း”ဆိုတဲ့ သတင်းကို ကော်မတီနာယ ဖိုးသောကြာက ပေးတာပါ။ အဲဒီ ငါးယောက်မှာ နန်းလွင်၊ အေးသီရိဝင်း၊ နှင်းရတနာဇော်နဲ့ ဝင့်ဝတီတို့ငါးယောက်ပေါ့။ ပြီးတော့ ကော်မတီဥက္ကဋ္ဌ ဦးစိုးသိမ်း(မောင်ဝံသ)က 7Day News Journal က မငြိမ်းငြိမ်းနိုင်ရေးတဲ့ “လက်နက်ကိုင်အရေး စားပွဲဝိုင်းပေါ်ရောက်ပြီလား”ဆိုတဲ့ သတင်းဆောင်းပါးဆုကို ချီးမြှင့်ခဲ့ပါတယ်။ အကောင်းဆုံး သတင်းဓာတ်ပုံဆုကိုတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဥက္ကဋ္ဌ ဦးမြင့်သိန်းဖေက ပေါ်ပြု လာနယူးစ်ဂျာနယ်က ကိုအောင်နိုင်ကို ချီးမြှင့်ခဲ့ပါတယ်”ဟု အထက်ပါပုဂ္ဂိုလ်တစ်ဦး၏ ထပ်မံပြောပြချက်အရ သိရသည်။

ထို့ပြင် အကောင်းဆုံး သတင်းဓာတ်ပုံဆုအား “အငြိမ်းစားဝန်ထမ်းပင်စင်နှင့် နိုင်ငံရေးပင်စင်အရွေ့(သို့မဟုတ်) နေညိုချိန် တိမ်တောက်ခြင်း” ဆို သည့် ခေါင်းစဉ်နဲ့ သတင်းဓာတ်ပုံကိုရိုက်ခဲ့တဲ့ ပေါ်ပြုလာနယူးစ်ဂျာနယ်က ကိုအောင်နိုင် ကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ဥက္ကဋ္ဌ ဦးမြင့်သိန်းဖေမှ ချီးမြှင့်ခဲ့ပြီး “ပုံပြင်ထဲကလိုတော့”ဆိုသည့် အမည်ပါ ကာတွန်းကို ရေးသားဖော်ပြခဲ့သည့် True News Journal မှ ကိုသီဟ(စခန်းသစ်)အား အကောင်းဆုံး သတင်းကာတွန်းဆုအဖြစ် ရွေးချယ်ခံရပြီး အကဲဖြတ်ရွေးချယ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးရွှေမင်းသားမှ ဆုချီးမြှင့်ခဲ့သည်ဟု သိရသည်။

“တစ်နှစ်တာအတွင်း အကောင်းဆုံး သတင်းဓာတ်ပုံဆုကိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ နေပြည်တော်မှာတွေ့တုန်းက ရိုက်ပြီး ဖော်ပြခဲ့တဲ့ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းက မြန်မာ့သတင်းစဉ်(ပြည်တွင်း)က ဓာတ်ပုံ အကြီးတန်းသတင်းထောက် ဖြစ်တဲ့ မောင်မောင်သန်း(ကော့မှူး)က ရသွားပါတယ်။ ပြီးတော့ အမျိုးသားသတင်းဆုကော်မတီ Logoတွေ ပြိုင်ကြရာမှာလည်း ချိုဇော်အောင်က ရသွားပါ တယ်”ဟု ယင်းပွဲသို့ တက်ရောက်ခဲ့သည့် စာနယ်ဇင်းသမားတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ထို့နောက် တက်ရောက်ကြသည့် ပြည်တွင်းဂျာနယ်များနှင့် ကုမ္ပဏီများမှ အလှူငွေများအား အသီးသီး လှူဒါန်းခဲ့ကြပြီး ဦးကိုကို(ကိုကို-စက်မှု တက္ကသိုလ်)နှင့် ဒေါ်နန်းကလျာဝင်းတို့မှ လက်ခံခဲ့ကြသည်ဟု နိုင်ငံပိုင်သတင်းစာများ၏ ဖော်ပြချက်အရ သိရသည်။

ထို့သတင်းဆုပေးပွဲနှင့် ပတ်သက်၍ သတင်းကြီးဆုဖြစ်သည့် ထင်မြင်ချက်အာဘော်ဆုအား ဒေါ်အောင်ဆန်းစု ကြည်ရေးသားသည့် (ရာမယန) ခေါင်းစဉ်နှင့် ဆောင်းပါးကို ဆုပေးရန်အတွက် အငြင်းပွားမှုတစ်ခုဖြစ်ပွားခဲ့သည်ဟု လည်း သတင်းဖော်ပြချက်များအရ သိရသည်။

ATM

--------------------------------------------------------------------------------------------------------------------------------

မြန်မာအစိုးရနှင့် ILO အကြားနားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး

၂၀၁၂ မတ်လ ၁၆ရက်နေ့တွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ မြန်မာအစိုးရနှင့် အပြည်ပြည်ဆိုင်ရာ အလုပ် သမားရေးရာ အဖွဲ့(ILO)တို့အကြား မြန်မာနိုင်ငံ၌ အဓမ္မစေခိုင်းမှု ပပျောက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြပါရှိသည်။

ယင်းလက်မှတ်ရေးထိုးမှုအား မြန်မာနိုင်ငံဘက်မှ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်သိန်းမှ လက်မှတ်ရေးထိုးခဲ့ပြီး အပြည်ပြည်ဆိုင် ရာ အလုပ်သမားရေးရာအဖွဲ့ရုံး(ILO)ကိုယ်စား ရန်ကုန်မြို့ရှိ ILO ဆက်သွယ်ရေးအရာရှိ မှ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ လက်မှတ်ရေးထိုးရခြင်းမှာလာမည့် ၂၀၁၅ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း အဓမ္မစေခိုင်းမှုများ ပပျောက်စေရေးအတွက် အစိုးရနှင့် ILO မှပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန်နှင့် မြန်မာနိုင်ငံအတွင်းရှိ အလုပ်သမားများ၏ ရပိုင်ခွင့်များ ရရှိနိုင်စေရန်အတွက် ဖြစ်ကြောင်း သိရသည်။

“ခုလို မြန်မာနိုင်ငံထဲမှာ အဓမ္မစေခိုင်းမှု ပပျောက်ရေးအတွက် ခုလိုအစိုးရသစ်က ILOနဲ့ ပူးပေါင်း ဆောင်ရွက်တော့မယ်ဆိုတော့ အလုပ်သမား တွေအတွက် ဝမ်းသာစရာပဲပေါ့။ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေ၊ လုပ်ပိုင်ခွင့်တွေ ရရှိလာနိုင်မယ်လို့ မျှော်လင့်ရတာပေါ့ဗျာ။ မကြာသေးခင်ကလည်း အလုပ်သမားဝန်ကြီးဌာနက အလုပ်သမားအဖွဲ့အစည်းတွေ ဖွဲ့စည်းနိုင်ဖို့အတွက် နည်းဥပဒေတွေ ထုတ်ပြန်ပေးခဲ့တာပဲ။ လာမယ့် ၂၀၁၅မှာ မြန်မာနိုင်ငံ ထဲမှာ အဓမ္မစေခိုင်းမှုတွေ ပပျောက်သွားနိုင်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်”ပာု စီးပွားရေးလေ့လာနေသူတစ်ဦးက ဆိုသည်။

ထို့ပြင်  ၂၀၁၂ ဖေဖော်ဝါရီ ၂၉ရက်နေ့တွင် အလုပ်သမားဝန်ကြီးဌာနမှ အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းတည်ထောင်ရာတွင် အခြေခံ အကျဆုံးဖြစ်သည့် အလုပ်သမားအဖွဲ့အစည်း နည်းဥပဒေများကို ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။

YC

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ကချင်ပြည်နယ်တိုးတက်ရေးပါတီမှတ်ပုံတင်ရန် ဆောင်ရွက်မည်

ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်ရန် ကချင်ပြည်နယ် တိုးတက်ရေးပါတီ(KSPP)အား ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင် ပါတီမှတ်ပုံတင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ်တိုးတက်ရေးပါတီ(KSPP)မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ကျွန်တော်တို့ရဲ့ (KSPP)ပါတီကို ကြားဖြတ်ရွေးကောက်ပွဲအပြီး ဧပြီလထဲမှာပဲ ပါတီမှတ်ပုံတင်သွားမှာပါ။ ပါတီဖွဲ့စည်းပုံကလောလောဆယ် အမှုဆောင် ၁၉ဦးရှိပါတယ်။ ပါတီမှတ်ပုံတင်နိုင်ဖို့ကိစ္စတွေကိုပဲ ဆောင်ရွက်နေရတဲ့အတွက် ခုချိန်ထိဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတွေကို မရွေးချယ်ရသေး ပါဘူး”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

ကချင်ပြည်နယ်တိုးတက်ရေးပါတီ(KSPP)ပါတီသည်  ပြီးခဲ့သည့် ၂၀၁၀ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံသို့ ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့သော်လည်း မှတ်ပုံတင်ခွင့်မရရှိခဲ့သည့် ပါတီတစ်ခုဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ရဲ့ပါတီမှာ KIOတို့၊ KIAတို့က ထွက်ခဲ့တဲ့လူတွေ မပါပါဘူး။ အရင်တုန်းက ၂၀၁၀ ရွေးကောက်ပွဲမှာ ပါတီမှတ်ပုံတင်ခွင့်မရခဲ့ပေမယ့် KSPPပါတီရဲ့ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့တဲ့ ဒေါက်တာမနာမ်တူးဂျာက ခုကြားဖြတ်ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလအဖြစ် မိုးကောင်းလစ်လပ်မဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်တယ်လို့ ကြားပါတယ်”ပာု ကချင်ပြည်နယ် တိုးတက်ရေးပါတီ(KSPP)မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

ကချင်ပြည်နယ်အတွင်းရှိ KIO/KIAတပ်များနှင့် တပ်မတော်အကြား တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ဒေသခံပြည်သူများမှာ ထွက်ပြေးတိမ်း ရှောင်လျက်ရှိပြီး လက်ရှိအချိန်တွင် အစိုးရသစ်မှ KIO ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ဘေးဒုက္ခသည်စခန်းမှ ပြည်သူများကို KIOမှ ခွင့်ပြုလျှင် ကူညီနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

YC

--------------------------------------------------------------------------------------------------------------------------------

ဖဒိုမန်းငြိမ်းမောင်အား ပုဒ်မ ၄၀၁ဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပြု

မတ်လ ၁၉ရက်နေ့ မနက် ၈နာရီတွင် နိုင်ငံတော်ပုန်ကန်မှုဖြင့် အင်းစိန်အကျဉ်းထောင်တွင် တစ်သက်တစ်ကျွန်း ချခံခဲ့ရသည့် ကရင်မျိုးသား အစည်းအရုံး(KNU)မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဖဒိုမန်းငြိမ်းမောင်အား နိုင်ငံတော်မှ ပုဒ်မ ၄၀၁ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်ဟု သတင်းရရှိ သည်။

“ပြီးခဲ့တဲ့အပတ် ၁၃ရက်နေ့က သူ့ကို နိုင်ငံတော်က မတရားအသင်းဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၇(၁)နဲ့ နိုင်ငံတော် အစိုးရကို လက်နက် ကိုင် ပုန်ကန်ခြင်းဆိုင်ရာ ပုဒ်မ ၁၂၂(၁)တို့နဲ့ တစ်သက်တစ်ကျွန်း ချခဲ့တာပါ။ ဒီနေ့ကျမှ နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပုဒ်မ ၄၀၁နဲ့ အင်းစိန် ထောင်ကနေ ပြန်လွှတ်ပေးလိုက်တာဖြစ်ပါတယ်”ဟု ဖဒိုမန်းငြိမ်းမောင်၏ ရှေ့နေ ဦးကြီးမြင့်မှ ပြောသည်။

ဖဒိုမန်းငြိမ်းမောင်၏ ရှေ့နေဖြစ်သည့် ဦးကြီးမြင့်သည် ယနေ့မနက်တွင် ၎င်းအမှုနှင့် ပတ်သက်၍ အယူခံဝင်ရန်အတွက် ဖဒိုမန်းငြိမ်းမောင်နှင့် တွေ့၍ ဆွေးနွေးမည်ဖြစ်ပြီး မတွေ့၍ မဖြစ်ကြောင်းပြောသောအခါတွင် အကျဉ်းဦးစီးဘက်မှ အယူခံဝင်စရာမလိုတော့ကြောင်းနှင့် ယနေ့ မနက် ၈နာရီ တွင် ပုဒ်မ ၄၀၁ဖြင့် ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ပြောသည့်အခါမှသာ သိရခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့ လွှတ်မြောက်ခဲ့သည့် ဖဒိုမန်းငြိမ်းမောင် အား မြန်မာနှင့် ထိုင်းနယ်စပ်သို့ ပို့မည်ဟု သိရ ကြောင်း အင်းစိန်ထောင်မှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

“ဒီလို လက်ရှိအစိုးရနဲ့ KNUနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့အချိန်မှာ သူ့ကိုပြန်လွှတ်ပေးလိုက်တယ်ဆိုတော့ ဘာပဲပြောပြော ငြိမ်းချမ်းရေးဆွေး နွေးတဲ့အခါမှာ အလားအလာကောင်းတစ်ခုဖြစ်တာပေါ့။ KNUကလူတွေကလည်း ဝမ်းသာနေကြပါတယ်”ဟု KNUမှ တာဝန်ရှိသူတစ်ဦးအား ဆက်သွယ် မေးမြန်းချက်မှ ဖော်ပြခြင်းဖြစ်သည်။

KNUမှ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဖဒိုမန်းငြိမ်းမောင်အား ပြန်လည်လွတ်မြောက်ရေးအတွက် နိုင်ငံတော်အစိုးရအဖွဲ့နှင့် ငြိမ်းချမ်းရေးယူနေ သည့် ကရင်အမျိုးသားအစည်းအရုံးမှလည်း တောင်းဆိုမှုများပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီလတွင်း၌ ကျင်းပပြုလုပ်ခဲ့သည့် ကရင်ညီလာခံတွင်လည်း တောင်းဆို မှုများ ပြုလုပ်ခဲ့ကြသည်ဟု သတင်းဖော်ပြချက်များအရ သိရသည်။

ATM

--------------------------------------------------------------------------------------------------------------------------------

ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းတစ်ဦးအား ဒီချုပ်ကန့်ကွက်လွှာတင်

ဧပြီလ ၁ ရက်နေ့၌ ကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုအဖြစ် တောင်ငူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်း ဒေါက်တာဝေဝေသာအား ဘာသာရေးအကြောင်းပြု၍ မဲဆွယ်စည်းရုံးခဲ့သည်ပာုဆိုကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ မတ်လ ၁၄ ရက်နေ့တွင် ကန့်ကွက်လွှာတင်သွင်းခဲ့ကြောင်း သိရသည်။

“အခုကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ တောင်ငူမဲဆန္ဒနယ်က ဝင်ရောက်မည့် ဒေါ်ဝေဝေ သာကို ရွေးကောက်ပွဲဆိုင်ရာပြစ်မှုတွေ ကျူးလွန်နေတဲ့အတွက် ကော်မရှင်ကို ကန့်ကွက်လွှာတင်သွင်းထားပါတယ်”ပာု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုကဲ့သို့ ပြည်ခိုင်ဖြိုးပါတီမှ ဒေါက်တာဒေါ်ဝေဝေသာအား NLDပါတီမှ ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းရခြင်းမှာ တောင်ငူမြို့ သမိုင်းဝင် ရွှေဆံတော်ဘုရားကြီး၏ ဓာတ်ပုံနှင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ဇနီးဒေါ်ဝေဝေသာတို့၏ ဓာတ်ပုံများကို ယှဉ် တွဲဖော်ပြခဲ့သော ၂၀၁၂ ခုနှစ်၊ ပြက္ခဒိန်ထုတ်ဝေခဲ့ရာတွင် ရွေး ကောက်ပွဲဥပဒေများနှင့် ငြိစွန်းနေသည့်အတွက်ကြောင့်ဖြစ်ကြောင်း သိရသည်။

“တောင်ငူမြို့ သမိုင်းဝင်ရွှေဆံတော်ဘုရားကြီး၏ ဓာတ်ပုံနဲ့အတူ ပြက္ခဒိန်မှာ တောင်ငူပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့်ဇနီး ဒေါက်တာဒေါ်ဝေဝေသာမိသားစု လှူဒါန်းသည်ဆိုပြီး ရေးသားထားပါတယ်။ ဒီကိစ္စပာာ ပြည်သူ့ လွှတ်တော်ဥပဒေပုဒ်မ ၅၈ (ဂ)အရ ဥပဒေကို ကျူးလွန်ဖောက်ဖျက်နေရာကျပါတယ်”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေအခန်း(၁၄) ပုဒ်မ ၆၆(ဋ)တွင် ဖော်ပြထားသည်မှာ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး ရွေးချယ် တင်မြှောက်ရေးအတွက် ဘာသာရေးအထိမ်းအမှတ်များကို ရွေးကောက်ပွဲတွင် အသုံးပြုခြင်း (သို့) လူမျိုးကိုဖြစ်စေ၊ ကိုးကွယ်ရာဘာသာကိုဖြစ်စေ၊ အ ကြောင်းပြုမဲပေးကြရန် (သို့) မဲမပေးဘဲနေကြရန် အစီအစဉ်ပြုလုပ်လျက် လှုံဆော်ခြင်းကိစ္စရပ်များကို မပြုလုပ်ကြရန် ဥပဒေပြဋ္ဌာန်းပေးထားကြောင်း သိရ သည်။

YC

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ဒါနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ရက်အတွင်းက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ကို မိမိရုံးခန်းထံခေါ်ပြီး ပြည်ထောင်စုလွှတ်တော်နာယကနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတို့ ညှိနှိုင်းဆောင်ရွက်မှု အခြေအနေကို ရှင်းပြပါတယ်။ ရှင်းပြတဲ့ အခြေအနေက အခုအမျိုးသားလွှတ်တော်မှာ ဖြန့်ဝေထားတဲ့ Anti-Corruption Law နဲ့ သက်ဆိုင်ရာ နိုင်ငံအသီးသီးက ထုတ်ပြန်ထားတာတွေကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံ ထပ်မံဖြန့်ဝေပြီးတော့ လေ့ လာဖို့ လေ့လာပြီးရင် မိမိတို့ဆီမှာရှိတဲ့ တည်ဆဲဥပဒေများကို ပြန်လည်သုံးသပ်ပြီး လိုအပ်သည်များ ပြင်ဆင်ဖြည့်စွက် အတည်ပြုဖို့နဲ့ အဲဒီလို အတည်ပြု လာတဲ့အခါမှာ ဒီဥပဒေအတိုင်း သက်ဆိုင်ရာ တာဝန်ရှိတဲ့သူများက လိုက်နာဆောင်ရွက်ဖို့ အမှန်တကယ် ဒီနေ့ လိုအပ်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီ အဆို တင်သွင်းထားတဲ့ ဦးသိန်းညွန့်ရဲ့ သဘောထားပြောပါဆိုတဲ့အခါမှာ ဥက္ကဋ္ဌကြီးနဲ့ နာယကကြီးတို့ရဲ့ စီစဉ်မှုကောင်းပါတယ်။ ဒါကြောင့်မို့ ဒီအဆိုကို သင့်တော်သလို ဆောင်ရွက်ပေးပါလို့ ပြန်လည်တင်ပြခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များသိတဲ့အတိုင်းပဲ အဆိုတစ်ခုကို လွှတ်တော်က လက်ခံဆွေးနွေးပြီးဆိုလို့ရှိရင် ဒီအဆိုကို ပြန်လည်ရုပ်သိမ်းဖို့ ကာယကံရှင်က တောင်းဆိုသော်လည်း လွှတ်တော်ကခွင့်ပြုချင်မှ ခွင့်ပြုမယ့် အနေအထားဖြစ်ပါတယ်။ သို့ရာတွင် ဒီအဆိုကတော့ အဆိုကို ရုပ်သိမ်းမှာမဟုတ်ဘဲ ပိုမို ခိုင်မာအောင် ဆောင် ရွက်ရမယ့်ကိစ္စ ဖြစ်တဲ့အတွက် ဒါကိုတော့ မိမိတို့ ပြည်ထောင်စုလွှတ်တော်က ဆက်လက်ဆောင်ရွက်ရမယ့်ကိစ္စ ဖြစ်ပါတယ်”

မတ် (၁၈) ထုတ် Weekly ELEVEN အတွဲ (၇) အမှတ် (၂၅) တွင်ပါသည့် “အဂတိလိုက်စားမှုများကို ထိရောက် စွာအရေးယူရန် အဂတိလိုက် စားမှုဥပဒေ ပြင်ဆင်ရေးဆွဲရေးနှင့် ဥပဒေပြဋ္ဌာန်းပြီးနောက် တိကျစွာ လိုက်နာဆောင်ရွက်ရေး ပြည်ထောင်စုလွှတ်တော်တွင် အဆုံးအဖြတ် ခံမည်”သတင်းမှ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေ မန်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

အဆိုပါ ဥပဒေကြမ်း၏ အခန်း (၂)၊ အပိုဒ်(၄)တွင် ကော်မရှင်သည် အစိုးရ၏ ကြိုတင်သဘောတူညီချက်ဖြင့် အောက်ပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ကန့် သတ်သည့် သို့မဟုတ် တားမြစ်သည့် လုပ်ငန်းများအဖြစ် သတ်မှတ်နိုင်သည်ဟု ဖော်ပြပါရှိသည်။

ကန့်သတ်သည့် သို့မဟုတ် တားမြစ်သည့် လုပ်ငန်းများအဖြစ် သတ်မှတ်နိုင်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှာ နိုင်ငံတော်အတွင်း တိုင်းရင်းသားလူမျိုး များ၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံနှင့် သက်ဆိုင်သောလုပ်ငန်းများ၊ ပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်စေနိုင်သော လုပ်ငန်းများ၊ ပြည်သူတို့၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သော လုပ်ငန်းများ၊  သဘာဝအရင်းအမြစ်နှင့် ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသော လုပ်ငန်းများ၊ နိုင်ငံအတွင်းရှိ တိရ စ္ဆာန်၊ ကျေးငှက်၊ ကုန်းနေရေနေသတ္တ၀ါများ၊ သစ်ပင်၊ ပန်းမန်၊ စိုက်ပျိုးသီးနှံ စသည်တို့ကို ထိခိုက်စေနိုင်သော လုပ်ငန်းများ၊ နိုင်ငံအတွင်းသို့ အဆိပ်အ တောက်ရှိသော စွန့်ပစ်ပစ္စည်းများ သယ်ဆောင်လာနိုင်သည့် လုပ်ငန်းများ၊ နိုင်ငံတကာ သဘောတူညီချက်များအရ အဆိပ်အတောက်ရှိသော  ဓာတု ပစ္စည်း ထုတ်လုပ်မှုစက်ရုံများ သို့မဟုတ် အသုံးပြုသော လုပ်ငန်းများဖြစ်ကြောင်း သိရသည်။

မတ် (၁၈) ထုတ် Weekly ELEVEN အတွဲ (၇) အမှတ် (၂၅) တွင်ပါသည့် “သဘာဝအရင်းအမြစ်နှင့် ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသော ရင်းနှီးမြှပ်နှံမှု လုပ်ငန်းများကိုကန့်သတ်၊ တားမြစ်သည့်လုပ်ငန်းအဖြစ် သတ်မှတ်နိုင်” သတင်းမှ ကောက်နှုတ်ချက်

**************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs