Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၂၃.၃.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း (၂)

  1. လွတ်လပ်သော ရွေးကောက်ပွဲ အကဲခတ်အဖွဲ့ Anfrel က မြန်မာအစိုးရအား ရိုးသားဖြောင့်မတ်ရန်ဆို

(Bangkok Post မှ 22 March 2012 ရက်စွဲပါ Anfrel calls for Myanmar sincerity သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. နုနယ်သေးသော ဒီမိုကရေစီနှင့် အောင်ပွဲခံရန် စောသေး

(The Guardian မှ 22 March 2012 ရက်စွဲပါ Simon Tisdall ရေးသားသော It is too soon to celebrate Burma's fragile democracy ကို ဘာသာ ပြန်ဆိုသည်)

*********************************************************

လွတ်လပ်သော ရွေးကောက်ပွဲ အကဲခတ်အဖွဲ့ Anfrel က မြန်မာအစိုးရအား ရိုးသားဖြောင့်မတ်ရန်ဆို

(Bangkok Post မှ 22 March 2012 ရက်စွဲပါ Anfrel calls for Myanmar sincerity သတင်းကို ဘာသာ ပြန်ဆိုသည်)

လွတ်လပ်သော အာရှ ရွေးကောက်ပွဲ စောင့်ကြည့်သူများ ကွန်ရက်အဖွဲ့ (Asian Networks for Free Elections- Anfrel) အမှုဆောင် ဒါရိုက်တာ ဆွမ်ဆရီ ဟာနာနမ်တာဆပ်နှင့် လက်ထောက်နှစ်ဦးကို မြန်မာအာဏာပိုင် များက ပြည်နှင်ဒဏ် ပေးပြီးနောက် ကြာသပတေးနေ့တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး လွတ်လပ်ခွင့်ပေးမှုသည် ချွင်းချက် မရှိသင့်ဟု ဆွမ်ဆရီက ပြောကြားလိုက်သည်။

မစ္စဆွမ်ဆရီက မြန်မာအာဏာပိုင်များသည် သူမအား အင်္ဂါနေ့ ညပိုင်းက အတင်းအကျပ် ပြန်လည် ထွက်ခွာခိုင်းခဲ့ပြီး သူမ၏ လက်ထောက်များ ဖြစ်ကြသော ရန်ဆီမာနှင့် တက်ဆရူးတို့သည်လည်း နောက်တစ်နေ့တွင် အလားတူ ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။

ရွေးကောက်ပွဲ လေ့လာ စောင့်ကြည်သူ စစ်မှုထမ်းဟောင်း မစ္စ ဆွမ်ဆရီသည် မြန်မာနိုင်ငံတွင် ၆ ရက်ကြာ နေထိုင်ပြီးနောက် ပြည်နှင်ဒဏ် ပေးခံရခြင်း ဖြစ်ပြီး လက်ထောက်နှစ်ဦးမှာမူ ဗုဒ္ဓဟူးနေ့ညက ဘန်ကောက်သို့ ပြန်လည် ထွက်ခွာကြရန် မြန်မာ အာဏာပိုင်များ၏ အဓမ္မ ဖိအားပေးမှုကို ရင်ဆိုင်ခဲ့ကြရသည်။ anfrel အဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်မည့် ကြားဖြတ် ရွေးကောက်ပွဲ ကာလအတွင်း အဖွဲ့အစည်းနှင့် မဟုတ်သည့် လွတ်လပ်သော အကဲခတ်စောင့်ကြည့်သူများအား အစိုးရက ခွင့်ပြုမပြု ဆိုသည်ကို အတိအကျ စုံစမ်းရန်အတွက် မြန်မာနိုင်ငံသို့ မတ်လ ၁၅ ရက်ကပင် ရောက်ရှိနေကြခြင်း ဖြစ်သည်။ anfrel အာရှ ရွေးကောက်ပွဲ အကဲခတ် အုပ်စုသည် ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်မှတစ်ဆင့် နေပြည်တော်သို့ တရားဝင် တောင်းဆို လျှောက်ထားခဲ့သော်လည်း မည်သည့် တုံ့ပြန်မှုကိုမျှ မရခဲ့ကြပေ။ ထို့ပြင် ယင်းတို့ ၃ ဦးသည် မှားယွင်းသော ပြည်ဝင်ဗီဇာဖြင့် ဝင်ရောက်လာခြင်း ဖြစ်သည်ဟု အာဏာပိုင်များ၏ ပြန်လည် စွပ်စွဲမှုကို ခံကြရသည်။

anfrel အဖွဲ့ကို ပြည်နှင်ဒဏ် ပေးပြီးနောက်တွင် နေပြည်တော် အာဏာပိုင်များက ကုလသမဂ္ဂ၊ အမေရိကန် ပြည်ထောင်စု၊ အီးယူ၊ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား နိုင်ငံများမှ ရွေးကောက်ပွဲ အကဲခတ်သူ နှစ်ဦးစီနှင့် သတင်းထောက် ၃ ဦးစီကိုသာ ခွင့်ပြုမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။ အာဆီယံ အဖွဲ့ဝင်နိုင်ငံ များသည်လည်း မြန်မာနိုင်ငံသို့ ရွေးကောက်ပွဲ လေ့လာသူများ စေလွှတ်နိုင်ကြမည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၌ နောက်ဆုံးပြုလုပ်ခဲ့သော ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ကြိုတင် စည်းဝါးရိုက်ထားသော အကဲခတ် လေ့လာသူ အနည်းသာ ရှိခဲ့ပြီး တစ်ကမ္ဘာလုံးက ဝိုင်းဝန်း ရှုတ်ချခဲ့သော အဆိုပါရွေးကောက်ပွဲကို ဂုဏ်ပြု ချီးကျူးသော နိုင်ငံဟူ၍ မြောက်ကိုရီးယား တစ်နိုင်ငံတည်းသာ ရှိခဲ့သည်။ နေပြည်တော် အာဏာပိုင်များ ပြုလုပ်နေသော နိုင်ငံရေး လွတ်လပ်ခွင့် ဆိုသည်မှာ အစိုးရနှင့် အဆက်အသွယ်ရှိသူများ အတွက် သီးသန့် ဖြစ်ပုံရသည်ဟု မနှစ်က ဆွမ်ဆရီက ဘန်ကောက်တွင် ပြောကြားခဲ့သည်။

"တကယ်လို့ ဒီနိုင်ငံမှာ ဒီမိုကရေစီ ကူးပြောင်းမှုကို အဆက်မပြတ် ပြုလုပ်မယ်၊ မြန်မာအစိုးရကလည်း ပွင့်လင်း ရိုးသား ဖြောင့်မတ်မယ် ဆိုရင် ဒေသတွင်းက အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ လွတ်လွတ်လပ်လပ် စောင့်ကြည့် အကဲခတ်နိုင်အောင် ခွင့်ပြုရမှာပေါ့" ဟု သူမက ဆိုသည်။

အရေးယူ ပိတ်ဆို့မှုများ ရုတ်သိမ်းရေးနှင့် အလဲအလှယ် လုပ်ရန် အနောက်နိုင်ငံ အကဲခတ်များကို ခွင့်ပြုခဲ့ခြင်းနှင့် ပတ်သက်၍ နေပြည်တော် အစိုးရတွင် မြှုပ်ကွက်တစ်ခုခု ရှိနေသည်ဟု မစ္စဆွမ်ဆရီက သံသယ ရှိလျက် ရှိသည်။ "အရေးကြီးဆုံး အချက်ကတော့ ဒီအကဲခတ် လေ့လာသူတွေဟာ ဘယ်မဲဆန္ဒနယ်ကိုမဆို ဘယ်မဲရုံကိုမဆို လွတ်လွတ်လပ်လပ် သွားခွင့် ရှိဖို့ လိုပါတယ်။ အစိုးရက ရွေးချယ် ပြသတဲ့ နေရာတွေကို ကြည့်ရုံနဲ့ မလုံလောက် ပါဘူး။ ဒီလိုမှမဟုတ်ရင် စောင့်ကြည့် လေ့လာတယ်ဆိုတာကလည်း အပေါ်ယံ အတုပဲ ဖြစ်မှာပေါ့" ဟု ပြောသည်။

ဆွမ်ဆရီအနေဖြင့် စီးပွားရေး ပြည်ဝင်ဗီဇာ ပြန်လည်လျှောက်ထား၍ ရွေးကောက်ပွဲကို သွားရောက် လေ့လာ ရမည်လား ဆိုသည်ကို မဆုံးဖြတ်ရသေးပါဟု မစ္စ ဆွမ်ဆရီက ဆက်လက် ပြောသည်။

လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ကြိုတင် အကွက်ချ ကြံစည်မှုများ ရှိနိုင်သည်ဟု ပြည်တွင်း ပြည်ပ လေ့လာသူများက သံသယ ရှိနေကြသည်။

*****************************************

နုနယ်သေးသော ဒီမိုကရေစီနှင့် အောင်ပွဲခံရန် စောသေး

(The Guardian မှ 22 March 2012 ရက်စွဲပါ Simon Tisdall ရေးသားသော It is too soon to celebrate Burma's fragile democracy ကို ဘာသာ ပြန်ဆိုသည်)

အစိုးရက လာမည့်ရွေးကောက်ပွဲများတွင် နိုင်ငံတကာ လေ့လာသူများ ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ခြင်းသည် မြန်မာနိုင်ငံ၌ ဆယ်စုနှစ်များစွာ နိုင်ငံရေးအရ ဖိနှိပ်မှုများ၊ ချိုးဖောက်မှုများအပြီးတွင် နွေဦး ရောက်ပြီ ဆိုသည့် နောက်ထပ် သက်သေပြချက် တစ်ခုအဖြစ် ရှုမြင်နိုင်ပေသည်။

သို့ရာတွင် သတိထားရမည့် အကြောင်းပြချက် များစွာလည်း ရှိနေသေးသည်။ မကြာသေးမီက ဒေါ်အောင်ဆန်းစုကြည်က ပြောကြားရာတွင် "လူအများစုက အခု ဒီမိုကရေစီ လုပ်ငန်းစဉ်တွေ နောက်ပြန် မလှည့်နိုင်တော့ဘူးလို့ စပြောနေကြပြီ။ အဲဒီလိုလည်း မဟုတ်သေးပါဘူး" ဟု ဆိုခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို နိုင်ငံရေးနယ်ပယ်သို့ ပြန်ဝင်ရန် ခွင့်ပြုခဲ့ခြင်း၊ နိုင်ငံရေး အကျဉ်းသား ရာပေါင်းများစွာအား လွှတ်ပေးခြင်း၊ မီဒီယာ ချုပ်ကိုင်မှုအချို့ ဖြေလျော့ပေးခြင်း၊ တိုင်းရင်းသား ပဋိပက္ခများကို ပြီးဆုံးအောင် ကြိုးစားလာခြင်းများ ရှိလာသည်။ အကယ်၍ လာမည့် ရွေးကောက်ပွဲများသည် လွတ်လပ်တရားမျှတသည်ဟု အကဲဖြတ်ခဲ့လျှင် အီးယူနှင့် အမေရိကန်တို့သည် ပိတ်ဆို့အရေးယူမှုများကို ဖြေလျှော့ပေးနိုင်မည့် အခွင့်အလမ်းကို ရရှိမည် ဖြစ်သည်။ ဟီလာရီ ကလင်တန်နှင့် ဝီလျံဟေ့ဂ် တို့သည် ခရီးစဉ်များအပြီး ကတိပေးမှုများလည်း ရှိခဲ့သည်။

နေ့ချင်းညချင်း အသွင်ပြောင်းသွားရန် မျှော်လင့်ခြင်းမှာမူ သဘာဝမကျလှပေ။ သို့သော် သမ္မတဦးသိန်းစိန်သည် အမှန်တရားများကိုသာ အသံပြုခဲ့သည်။ ယခုလက လွှတ်တော်တွင် မိန့်ခွန်း ပြောကြားခဲ့ရာ၌ တရားဥပဒေ စိုးမိုးရေး အားကောင်းရန်၊ စီးပွားရေး တံခါးဖွင့်ရန်နှင့် အခြေခံ အဆောက်အဦးများ တိုးတက် ဖွံ့ဖြိုးရန် လိုအပ်ပုံကို အလေးအနက်ထား ပြောကြားခဲ့သည်။ ထို့ပြင် အမှားများစွာ လုပ်ဆောင်ခဲ့ကြကြောင်းလည်း သမ္မတက ပြောသည်။ "ကျွန်တော်တို့ ပြည်သူတွေဟာ အစိုးရအမျိုးမျိုး၊ စနစ်အမျိုးမျိုး ဒဏ်ကို ခံစားခဲ့ကြရပါတယ်၊ ကျွန်တော်တို့ အစိုးရကိုလည်း ပြည်သူတွေက တကယ့် အောင်မြင်မှု ရတာတွေနဲ့ပဲ အခြေခံပြီး အကဲဖြတ်ကြပါလိမ့်မယ်။ တိုင်းရင်းသား အုပ်စုတွေနဲ့ အစိုးရကြားမှာ နားလည်မှု လွဲနေတာတွေနဲ့ မယုံကြည်မှုတွေ အဆုံးသတ်ဖို့ လိုပါတယ်" ဟု မိန့်ခွန်းတွင် ပြောကြားသွားသည်။ အရေးကြီးသော အချက်အနေဖြင့် ယင်းက အစိုးရအဖွဲ့တွင်း၌ ခေါင်းမာသူများနှင့် ပြုပြင်ပြောင်းလဲရေးသမားများကြား ပြိုင်ဆိုင်မှု ရှိနေသည် ဆိုသည်မှာ မဟုတ်ကြောင်း ငြင်းဆိုသွားသည်။

စောင့်ကြည့်လေ့လာသူများကမူ သဘောမတူကြသေးပေ။ "အကြီးတန်း အစိုးရ တာဝန်ရှိသူ အတော်များများကြား အဖွဲ့တွင်း ကွဲပြားမှုများ နက်ရှိုင်းစွာ ရှိနေကြပါတယ်" ဟု ဧရာဝတီက မိန့်ခွန်းနှင့်ပတ်သက်၍ မှတ်ချက်ပေးသည်။ "အငြိမ်းစား ဗိုလ်ချုပ်ဟောင်းများ အပါအဝင် ခေတ်နောက်ပြန် ဆွဲသူများသည် နိုင်ငံရေးလောကထဲသို့ အတိုက်အခံများ ပြန်ဝင်လာခြင်းအပေါ် တိုး၍ ကြောက်ရွံ့လာကြသည်။ ဦးသိန်းစိန်နှင့် ပြုပြင် ပြောင်းလဲရေးသမား အနည်းငယ်ကို ဘေးသို့ ဖယ်ထုတ်ရန်မှာ ခက်ခဲလှသည်မဟုတ်။ ဦးသိန်းစိန်သည် အသက် ၆၇ နှစ် ရှိပြီ ဖြစ်ကာ ၂ဝ၁၅ ရွေးကောက်ပွဲထက် ကျော်၍ ရှိမနေနိုင်" ဟု ဧရာဝတီတွင် ဖော်ပြထားသည်။

ပြည်တွင်း ပြည်ပရှိ သံသယရှိသူများကမူ ယခု ပြုပြင် ပြောင်းလဲမှုများသည် မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အထီးကျန်ပြုထားမှုများ အဆုံးသတ်ရန်နှင့် အစိုးရအနေဖြင့် အာဆီယံနှင့် နိုင်ငံတကာတွင် ပြန်လည် ဝင်ဆံ့နိုင်ရန်သာ ရည်ရွယ်၍ အပေါ်ယံ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ပြောကြသည်။ ထိုနေရာတွင် ဦးသိန်းစိန်သည် ကျန်းမာရေး မကောင်းလှ၍ မြန်မာပြည်အနာဂတ်တွင် မသေချာလှပေ။ ဝေဖန်သုံးသပ်သူ မင်းဇင်က သမ္မတကြီးသည် မကြာသေးမီက နှလုံးတွင် စက်သစ်တပ်ခဲ့ရသည်ဟု ဆိုသည်။

အစိုးရ၏ နက္ခတ်ကြည့်သူတစ်ဦးက ဦးသိန်းစိန်သည် ယခုနွေတွင် ကျန်းမာရေး ဆိုးနိုင်ကြောင်း ဟောခဲ့သည်ဟု မင်းဇင်က ပြောသည်။ မြန်မာနိုင်ငံတွင် ထိုကဲ့သို့သော အဟောများကို အလေးအနက် အဓိပ္ပာယ် ကောက်လေ့ရှိသည်။ အကယ်၍ သမ္မတ၏ အာဏာသည် အကြောင်း တစ်ခုခုကြောင့် အားနည်းသွားပါက အတိတ်က သမိုင်းကြောင်းအတွေ့အကြုံအရ သဘောထား တင်းမာသူများ ခေါင်းထောင်လာပြီး အာဏာ ပြိုင်ဆိုင်မှု အားကောင်းလာနိုင်သည်။ အကယ်၍ အဓိကကျသော နိုင်ငံရေးဇာတ်ကောင် ဆုံးပါးသွားပါက မြန်မာနိုင်ငံ၏ နုနယ်သေးသော နိုင်ငံရေးအသွင် ကူးပြောင်းရေး ကာလတွင် ရှုတ်ထွေးမှုများ ဖြစ်လာပြီး အဖြစ်အပျက်မျိုးစုံ ဖြစ်လာနိုင်ပေသည်။ အကွဲအပြဲများ၊ ရာထူးပြုတ်မှုများ၊ အာဏာရှင်သစ် ပေါ်လာခြင်း၊ စစ်တပ်မှ ကြားဝင်လာခြင်းနှင့် ဆန္ဒပြမှုများ ဖြစ်ပေါ်လာနိုင်သေးသည်။ ထိုသို့ ဖြစ်ခြင်းကြောင့် နှစ်ဖက် မည်သူမျှ မကောင်းနိုင်ဟုလည်း မင်းဇင်က ပြောသည်။

သမ္မတဦးသိန်းစိန်သည် ပြန်လည်စည်းလုံး ညီညွတ်ရေးအတွက် အစီအစဉ်များ ရေးဆွဲလျက် ရှိသော်လည်း မြန်မာစစ်တပ်သည် ကချင်နှင့် တိုက်ပွဲများ ဆင်နွှဲလျက် ရှိသည်။ Human Rights Watch က ပြောကြားရာတွင် စစ်သားများသည် အရပ်သားများကို ပစ်ခတ်ခြင်း၊ အမျိုးသမီးများကို အဓမ္မပြုကျင့်ခြင်းနှင့် ကလေးငယ်များကို ရှေ့တန်းတွင် အသုံးပြုခြင်းများ ရှိကြောင်း ဆိုသည်။ အခြားတိုင်းရင်းသား လက်နက်ကိုင်များနှင့်လည်း တိုက်ပွဲ အချို့ ဖြစ်ပွားကြောင်း သတင်းပေးပို့မှုများ ရှိပြီး ထိုဒေသများသို့ NGO များနှင့် မီဒီယာများ သွားရောက်ခြင်းကို ကန့်သတ်ထားသည်။

ရွေးကောက်ပွဲ စည်းရုံးရေးဆင်းသည့် ကိစ္စတွင်လည်း ပြီးခဲ့သည့်အပတ် နေပြည်တော်တွင် NLD ထောက်ခံသူများ တိုက်ခိုက်ခံရကြောင်း NLD က ဆိုသည်။ ရွေးကောက်ပွဲ လေ့လာသူများကို ခွင့်ပြုရန် ဆုံးဖြတ်ခြင်းသည် အထက်ပါ ကိစ္စများကို လျော့ပါးစေရန် လုပ်ဆောင်ခြင်း မဟုတ်ပေ။ လေ့လာသူ အများစုသည် အချိန်အနည်းငယ်အတွင်း မသမာမှုများကို ဖော်ထုတ်ရန်လည်း မဖြစ်နိုင်ပေ။ မူမမှန်မှုများမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေကြောင်း NLD ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောသည်။ "နိုင်ငံတကာက လေ့လာသူတွေအနေနဲ့ ရွေးကောက်ပွဲနေ့ မတိုင်မီ ၂ ရက် ၃ ရက်လောက်မှ ရောက်လာပြီး မသမာမှုတွေ ရှာဖွေ ဖော်ထုတ်ဖို့က မလွယ်ပါဘူး" ဟု ယင်းက ဆိုသည်။

ရွေးကောက်ပွဲ လေ့လာသူများကို အစိုးရက လှည့်စားပြီး ရှုတ်ထွေးအောင် ပြုလုပ်၍ မသမာမှုများ မပေါ်အောင် ပြုလုပ်လိမ့်မည်ဟု ယူဆရသည်။ အကျင့်ပျက် ခြစားမှုမှာလည်း လုပ်ရိုးလုပ်စဉ် ဖြစ်နေလျက် ရှိသည်။ မီဒီယာဥပဒေသစ်တွင် သတင်းစာလွတ်လပ်ခွင့်ကို ဆက်လက် ချုပ်ကိုင်မှုများ ရှိဆဲ ဖြစ်သည်။ လွတ်လပ်စွာ စုဝေးခွင့်နှင့် ပတ်သက်သော ဥပဒေတွင်လည်း အပြစ်အနာအဆာများ ရှိနေသည်။ အခြေခံဥပဒေတွင် နောက်ကွယ်မှ စစ်တပ်က ချုပ်ကိုင်ထားမှုကို အာမခံထားသည်။ အထက်ပါ အချက်များသည် အဆက်မပြတ် တိုးတက်ရေး အတွက် အားနည်းစေမည့် အကြောင်းများ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အားလည်း ကြားဖြတ် ရွေးကောက်ပွဲ ဝင်၍ ဥပဒေတွင် မပါဝင်သော လုပ်ငန်းစဉ်များကို တရားဝင်အောင် ပြုလုပ်မည် ဆိုပါက နိုင်ငံရေးအရ ကြီးမားစွာ ပေးဆပ်ရလိမ့်မည်ဟု သတိပေးခဲ့သည်။

"အလွန်အကျွံ ပူးပေါင်းဆောင်ရွက်ခြင်းသည် သူမ၏ ဒီမိုကရေစီ စံပြ ဇာတ်ကောင်ဇာတ်ရုပ်ကို မှေးမှိန်သွားစေပါသည်။ ယခုအခါ သူမသည် ရွေးကောက်ပွဲတွင် အနိုင်ရတော့မည်ဖြစ်ရာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ရည်မှန်းချက်များကို စောင့်ရှောက်မည့် သူတော်စင်တစ်ဦးနေရာတွင် မဟုတ်တော့ဘဲ အပြိုင်အဆိုင် များ၍ ညစ်ပတ်လှသော တကယ့်နိုင်ငံရေးလောကတွင် ပါဝင်ကပြရတော့မည် ဖြစ်ပါသည်။ သူမ စိတ်ပျက် သွားနိုင်ပါသလား။ အတိုင်းအတာ တစ်ခုထိ မလွှဲမရှောင်သာ စိတ်ညစ်သွားနိုင်သည်မှာကား အမှန်ပင် ဖြစ်သည်"

အထက်ပါကဲ့သို့ လူအများ မနှစ်သက်ဘဲ ကန့်ကွက်ပြောဆိုမှုများ ရှိသည့်တိုင် မြန်မာ့နိုင်ငံရေးဝန်းကျင်သည် လွန်ခဲ့သော ၁၂ လအတွင်း သာမန်ထက် ထူးကဲပြီး အပေါင်းလက္ခဏာဆောင်သော ပြောင်းလဲခြင်းတို့ ဖြစ်ခဲ့သည်မှာမူ အသေအချာပင် ဖြစ်သည်။ မြန်မာနိုင်ငံမှ ပြောင်းလဲမှုများမှာ အာရပ် နွေဦးနှင့် မတူဘဲ ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့သည်။ သို့သော် ပြုပြင်ပြောင်းလဲရေးများ မအောင်မြင်ဖြစ်သွားနိုင်သည့် အကြောင်းတရားများလည်း များစွာ ရှိနေပါသေးသည်။

*******************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၃.၃.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း (၁)

  1. စွမ်းအင်ရောင်းချမှုတွင် အစိုးရ ပွင့်လင်းမှုမရှိသေးဟု ဆို

(Reuters မှ 22 March 2012 ရက်စွဲပါ Myanmar still not open on oil, gas wealth- activists ကို ဘာသာ ပြန်ဆိုသည်)

  1. ရွေးကောက်ပွဲအလားအလာ ကောင်းလိမ့်မည်ဟု ကုလအကြီးအကဲ မျှော်လင့်

(Evening Echo News မှ 22 March 2012 ရက်စွဲပါ UN Chief hopeful of successful Burma poll သတင်းကို ဘာသာ ပြန်ဆိုသည်)

***************************************************

စွမ်းအင်ရောင်းချမှုတွင် အစိုးရ ပွင့်လင်းမှုမရှိသေးဟု ဆို

(Reuters မှ 22 March 2012 ရက်စွဲပါ Myanmar still not open on oil, gas wealth- activists ကို ဘာသာ ပြန်ဆိုသည်)

မြန်မာအရပ်ဘက်အစိုးရသည် နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ကြိုးပမ်းလျက် ရှိသော်လည်း ရေနံနှင့်သဘာဝဓာတ်ငွေ့ ရောင်းဝယ်မှု ဆိုင်ရာ အရေးကိစ္စနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှု ရှိကြောင်း ထုတ်ဖော်ပြသရန် ကြိုးပမ်းခြင်းမရှိသေးကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့တစ်ဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံအတွက် အဓိကအများဆုံးသော ဝင်ငွေရရှိစေသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော် ရောင်းချသည့် အခန်းကဏ္ဍမှ ရရှိသော အခွန်ဘဏ္ဍာငွေနှင့် ပတ်သက်၍ ယခင်စစ်အစိုးရလက်ထက်က အတိုင်းပင် လက်ရှိအရပ်သားအစိုးရက အများပြည်သူတို့ တရားဝင်သိရှိနိုင်ရန် အသေးစိတ် ထုတ်ပြန် ကြေညာခြင်း မရှိကြောင်း Arakan Oil Watch အဖွဲ့၏ အဆိုအရသိရသည်။ "စစ်အစိုးရခေါင်းဆောင်များသည် အဆိုပါ ရင်းမြစ်များကို ဆယ်စုနှစ် တစ်ခုကျော်ကြာမျှ ပြည်ပသို့ တင်ပို့ရောင်းချခဲ့ရာ ပြည်သူများမှာ စွမ်းအင်ပြတ်လပ်မှုကို ဆိုးရွားစွာခံစားခဲ့ကြရပြီး မြန်မာပြည်သည် ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး အဆင့်သို့ ရောက်ရှိခဲ့ရသည်" ဟု အဆိုပါအဖွဲ့က "ကျိန်စာသင့် မြန်မာ့ရင်းမြစ်" ဟူသော ခေါင်းစဉ်ဖြင့်ထုတ်ပြန်သော အစီရင်ခံစာတွင် ရေးသား ဖော်ပြထားသည်။

အဆိုပါ အဖွဲ့က အစီရင်ခံစာကို ပြုစုရာတွင် ယခုအခါ ပြည်ပတွင် နေထိုင်လျက်ရှိသည့် မြန်မာအစိုးရ အငြိမ်းစားဝန်ထမ်းများထံမှ ရရှိသည့် သတင်း အချက်အလက် အသေးစိတ်ကို ရယူခဲ့ကြပြီး မြန်မာအစိုးရအနေဖြင့် စွမ်းအင်ရောင်းချမှုဖြင့် အခွန်ဘဏ္ဍာ မည်မျှအတိုင်းအတာအထိ ရရှိခဲ့သည် ဟူသော အချက်နှင့် ယင်းအခွန်ဘဏ္ဍာများကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည် ဟူသောအချက်တို့ကို စုစည်းတင်ပြထားသည်။ (အဆိုပါ သတင်း အချက်အလက်များကိုမူ ရိုက်တာသတင်းဌာန အနေဖြင့် အတည်ပြုနိုင်ခြင်း မရှိပေ)

နိုင်ငံခြားကုမ္ပဏီကြီးများက သဘာဝဓာတ်ငွေ့ ဝယ်ယူရောင်းချမှုအတွက် ပေးချေသောငွေများမှာ ဘဏ္ဍာရေးဝန်ကြီးဌာနသို့ မရောက်ရှိဘဲ မြန်မာ့ စီးပွားရေးဦးပိုင် လီမိတက် (UMEHL) ၏ နိုင်ငံခြားဘဏ်စာရင်းထဲသို့ ရောက်ရှိသွားကြောင်း Arakan Oil Watch အဖွဲ့က စွပ်စွဲရေးသားသည်။ အိမ်နီးချင်းနိုင်ငံများ ဖြစ်သော တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်တို့က စွမ်းအင်လုပ်ကွက်များတွင် အဆမတန် တူးဖော်မှုများပြုလုပ်လျက်ရှိရာ မြန်မာနိုင်ငံ အတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရောင်းချငွေများမှာ ယခုနှစ်ပိုင်းအတွင်း သိသိသာသာ မြင့်တက်လာခဲ့သည်ဟု ယုံကြည်ရသည်။ အဆိုပါ နိုင်ငံများ၌လည်း ၎င်းတို့၏ စီးပွားရေးပမာဏ ကြီးမားလာသည့်နည်းတူ စွမ်းအင်လိုအပ်ချက်လည်း မြင့်တက်လျက် ရှိသည်။ မြန်မာနိုင်ငံတွင် လျှို့ဝှက်မှုများနှင့် တာဝန်ခံမှုမရှိခြင်းတို့ကြောင့် အဂတိလိုက်စားမှုကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်သည့် အခြေအနေမျိုး ဖြစ်ပေါ်ခဲ့သည်။

စွမ်းအင်ရှာဖွေရေး နိုင်ငံခြားကုမ္ပဏီကြီးများက အစိုးရထံသို့ ငွေကြေး မည်မျှအတိုင်းအတာအထိ ပေးချေသည် ဟူသောကိစ္စ၊ အကျိုးအမြတ် ခွဲဝေ ယူသည့်ကိစ္စ၊ အခွန်ပေးဆောင်သည့်ကိစ္စ၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုမှ ရရှိသည့် အမြတ်အစွန်းကိစ္စ အစရှိသည်တို့နှင့် ပတ်သက်၍ သတင်း အချက်အလက် ထုတ်ပြန်မှုမရှိခြင်း အပေါ် Arakan Oil Watch အဖွဲ့က ပြစ်တင်ဝေဖန်သည်။ ယင်းအဖွဲ့၏ ခန့်မှန်းချက်အရ M-9 သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ကွက်မှ အသားတင်အမြတ် ၃ ဒဿမ ၈၆ ဘီလီယံအထိရရှိခဲ့ကြောင်းသိရသည်။ လာမည့် ၂၀၁၃ ခုနှစ်တွင် ပြီးဆုံးမည့် တရုတ် တောင်ပိုင်းသို့ သွယ်တန်းသည့် ရွှေဓာတ်ငွေ့ပိုက်လိုင်းကြောင့် မြန်မာနိုင်ငံအနေဖြင့် ၂၉ ဘီလီယံဒေါ်လာ ရှာဖွေရရှိနိုင်မည် ဖြစ်ကြောင်း၊ ပိုက်လိုင်း ဖြတ်သန်းခ အဖြစ်လည်း နှစ်စဉ် ဒေါ်လာ သန်း ၁၅၀ ရရှိမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့က ခန့်မှန်းသည်။

မြန်မာနိုင်ငံသည် ကုန်းတွင်းနှင့် ကမ်းလွန်သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ငန်းများ၌ လာရောက် ရင်းနှီးမြှုပ်နှံရန် နိုင်ငံခြား လုပ်ငန်းကြီးများကို ဖိတ်ခေါ်ထားရာ အာရှနိုင်ငံများမှ ကုမ္ပဏီများသာ အခွင့်အရေးများစွာ ရရှိကြသည်။ အနောက်နိုင်ငံ ကုမ္ပဏီများမှာမူ စီးပွားရေးပိတ်ဆို့အရေးယူမှုများကြောင့် လာရောက်နိုင်ခြင်း မရှိပေ။ သို့သော် မကြာမီကာလအတွင်း ပိတ်ဆို့အရေးယူမှုများကို အနောက်နိုင်ငံများက ဖယ်ရှားပေးလာနိုင်ကြောင်း သံတမန်ကြီးများက ခန့်မှန်းထားသည်။ မြန်မာ့စွမ်းအင်ဝန်ကြီးဌာနက မြန်မာပြည်တွင်း အရန်ဓာတ်ငွေ့ပမာဏ ၂၂ ဒဿမ ၅ ထရီလီယံ ကုဗလက်မထိ ရှိကြောင်း ဇန်နဝါရီလအတွင်း ထုတ်ပြန် ကြေညာခဲ့သည်။

***********************************************

ရွေးကောက်ပွဲအလားအလာ ကောင်းလိမ့်မည်ဟု ကုလအကြီးအကဲ မျှော်လင့်

(Evening Echo News မှ 22 March 2012 ရက်စွဲပါ UN Chief hopeful of successful Burma poll သတင်းကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံမှ လက်ရှိ ပြုပြင်ပြောင်းလဲမှုများသည် လာမည့်လ ကြားဖြတ်ရွေးကောက်ပွဲများ ပွင့်လင်းမြင်သာမှု ရှိအောင် ကောင်းစွာ အထောက်အကူ ဖြစ်လိမ့်မည်ဟု မျှော်လင့်ကြောင့် ကုလ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားလိုက်သည်။

ကြားဖြတ် ရွေးကောက်ပွဲများ အပြီးတွင် မြန်မာနိုင်ငံသို့ သွားရောက်ရန် စဉ်းစားနေသည်ဟုလည်း မစ္စတာ ဘန်က ပြောသည်။ မြန်မာနိုင်ငံ၌ ပြီးခဲ့သော နှစ်အတွင်း လစ်လပ်သွားသော လွှတ်တော်အမတ် ၄၈ နေရာကို ပြန်ဖြည့်ရန်အတွက် ကြားဖြတ်ရွေးကောက်ပွဲကို စီစဉ်ခြင်း ဖြစ်သည်။

ကုလသမဂ္ဂအဖွဲ့ အနေဖြင့် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲများကို ယုံကြည် လေးစားဖွယ် ကောင်းအောင်၊ ဒီမိုကရေစီ နည်းလမ်းကျအောင်၊ ပွင့်လင်း မြင်သာအောင်၊ လွတ်လပ်မျှတအောင် ကျင်းပစေရန်အတွက် သက်ဆိုင်သူများနှင့် ဆွေးနွေးလျက်ရှိသည်ဟု မနေ့က မလေးရှားတွင် သတင်းထောက်များအား မစ္စတာဘန်က ရှင်းလင်းပြောကြားသည်။

မစ္စတာဘန်က မြန်မာ့ ပြုပြင်ပြောင်းလဲမှုများအပေါ် များစွာ အားတက် ကျေနပ်မိကြောင်း၊ နိုင်ငံခြား ရွေးကောက်ပွဲ အကဲခတ်အချို့ကို ခွင့်ပြုမည့် အစီအစဉ်ကို လတ်တလော ထုတ်ပြန်ကြေညာခဲ့ခြင်းသည်လည်း ကြိုဆိုရမည့် သတင်းကောင်းတစ်ခု ဖြစ်ကြောင်း ဆက်လက် ဆိုသည်။

မြန်မာအာဏာပိုင်များ၏ ပြုပြင် ပြောင်းလဲမှုများသည် နိုင်ငံတကာ အသိုင်းအဝိုင်းအား ကျေနပ်လောက်ဖွယ် မျှော်လင့် မှန်းဆမှုများကို ပေးခဲ့သည်ဟု ကုလ အထွေထွေ အတွင်းရေးမှူးချုပ်က ပြောကြားခဲ့သည်။

************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs