Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၄.၃.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ယိုယွင်းနေဆဲ စိတ်ဓာတ်များနှင့် ပြန်လည်ရှာဖွေရဦးမည့် ပညာရေး

****************************************

ဆောင်းပါးကဏ္ဍ

ယိုယွင်းနေဆဲ စိတ်ဓာတ်များနှင့် ပြန်လည်ရှာဖွေရဦးမည့် ပညာရေး

အောင်မောင်း

သမ္မတကြီး ဦးသိန်းစိန် အစိုးရသက်တမ်း တစ်နှစ်ပြည့်တွင် ပြောကြားခဲ့သည့်မိန့်ခွန်း၌ မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရှိနေပြီလောဟု မေးလာပါက များစွာကြိုးစားရပါဦးမည်ဟု ထည့်သွင်းဖြေကြားခဲ့သည်။ ဤသည်မှာ လက်တွေ့အကျဆုံးနှင့် ဖြစ်သင့်ဖြစ်ထိုက်သော အဖြေတစ်ခုဟု ဆိုရမည်ဖြစ်ပါသည်။ ၎င်း၏မိန့်ခွန်းတွင် မတူကွဲပြားမှုများကို လက်ခံနိုင်စွမ်းရှိမှုကိုလည်း ထည့်သွင်းပြောကြားသွားသည်။ ဒီမိုကရေစီ၏ အနှစ်သာရမှာ မတူကွဲပြားမှုများ ကို လက်ခံ၍ အများဆန္ဒနှင့်အညီဆုံးဖြတ်၍ အနည်းစု၏ အခွင့်အရေးကိုလည်း ကာကွယ်ပေးရခြင်းဖြစ်သည်မဟုတ်လော။

လက်ဝဲဝါဒဖြင့် ရာစုနှစ်တစ်ဝက်ကျော် ပျော်မွေ့ခဲ့ရသည့် မြန်မာ့နိုင်ငံရေးမှာ ကွန်မြူနစ်တို့၏ ရန်၊ငါစည်း စိတ်ဓာတ်အကြွင်းအကျန်များ ရှိနေကြဆဲဖြစ်သလို မိမိဟာဒယနှင့်မတွေ့လျှင် လက်ခံနိုင်စွမ်းခဲယဉ်းသည့် မိမိတို့လူမျိုးစိတ်ဓာတ်မှာလည်း သမိုင်းတင်တည်းက ရှိနေခဲ့သည်ဖြစ်ရာ မတူကွဲပြားမှုကို လက်ခံနိုင် စွမ်းရှိသည့် အလေ့အကျင့်ကောင်းများကို မွေးမြူနိုင်ရန် အချိန်ယူကြိုးပမ်းရပေလိမ့်ဦးမည်။ ထိုသို့ကြိုးပမ်းရာတွင် တစ်ရက်တည်းတစ်နေ့တည်းဖြင့် ကြိုးပမ်း ၍မရဘဲ အနည်းဆုံး မျိုးဆက်တစ်ခုခန့် အချိန်ယူရဦးမည်ဖြစ်ရာ ယနေ့လူငယ်တွေသည် စစ်မှန်သော ဒီမိုကရေစီနိုင်ငံအတွက် မျိုးစေ့ကလေးများ ဖြစ်ကြ သည်။ မျိုးစေ့မှန်မှ အပင်သန်မည်ဖြစ်ရာ ယနေ့လူငယ်တွေကို ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းနှင့် ဆုံးဖြတ်နိုင်စွမ်းရှိရန် လေ့ကျင့်ပျိုးထောင်ပေးရမည် ဖြစ်ပါ သည်။ ထိုသို့ လေ့ကျင့်ပျိုးထောင်ပေးရာ၌ အရင်းစစ်တော့ အမြစ်ပေါ်ဆိုသကဲ့သို့ ပညာရေးက အဓိကကျလာသည်ဟု ဆိုရမည်ဖြစ်သည်။ ပညာဆိုသည်မှာ အဆိုးအကောင်း အကျိုးအကြောင်းကို ဆင်ခြင်တတ်သောဥာဏ်ဟုဆိုပေရာ စာတတ်သည်နှင့် ပညာတတ်သည်ဟူသော သဘောသဘာဝ နှစ်ရပ် ခြားနား နေသည်ကို သတိပြုရာသည်။ ယနေ့လူငယ်တွေကြားမှာ စာတတ်တွေများသော်လည်း ပညာမတတ်တွေများနေသည်ဟု ဆိုရမည်ဖြစ်သလို စာပင် မတတ်တော့သည့် လူငယ်တွေလည်း များပြားလာသည်။ ဒီမိုကရေစီဟူသောစနစ်တွင် အားလုံးက ကိုယ့်တာဝန်ကိုယ်ယူရသည်ဖြစ်ရာ သဘောထား ကွဲပြားမှုတွေ လက်သင့်ခံနိုင်ရုံ၊ ကျိုးကြောင်းဆင်ခြင်နိုင်ရုံထက် မိမိကိုယ်ကို ပရော်ဖက်ရှင်နယ်ပီသအောင်လည်း ပြုမူနေထိုင်ရတော့မည်ဖြစ်သည်။ ထောင်ကျဖူးရုံဖြင့် နိုင်ငံရေး လုပ်၍မရ၊ ပြည်သူ့ရေးရာမူဝါဒနှင့် နိုင်ငံရေးဘောဂဗေဒ ဘာသာရပ်တွေကို ပေါက်မြောက်အောင်မြင်ဖို့လိုသည်။ အစိုးရ ရုံးတစ်ရုံးတွင် ညွှန်ကြားရေးမှူးဖြစ်ရန် စစ်မှုထမ်းဟောင်း ဖြစ်ရုံဖြင့်မရ၊ ဗျူရိုကရေစီ၏ သဘောသဘာဝ၊ မားကတ်တင်းအမြင်နှင့် သက်ဆိုင်ရာလုပ်ငန်းပိုင်း ကျွမ်းကျင်မှုရှိရန် လိုအပ်လာမည်ဖြစ်သည်။ ထိုပညာတွေသည် စာကိုအလွတ်ကျက်ရုံဖြင့် ရနိုင်မည်မဟုတ်ဘဲ ကိုယ်တိုင်လေ့လာ၍  ကိုယ်တိုင်တတ်ကျွမ်း ရန် လိုအပ်သည်။ ထိုဘာသာရပ်တွေ မတတ်ဘဲ ဒီမိုက ရေစီ စနစ်ကို တည်ဆောက်ရန် ကြိုးပမ်းခြင်းသည် ဝမရှိဘဲ ဝိလုပ်သည့် ကိစ္စပင်ဖြစ်သည်။

ယနေ့ မြန်မာနိုင်ငံတွင် လူငယ်အမျိုးအစားတွေ များစွာခွဲရန်မလိုသလို ၎င်းတို့တတ်သည့် ပညာတွေကလည်း ထူးမခြားနားသာရှိသည်။ ဤသည်မှာ အပြစ်မဲ့လူငယ်တွေမှာ စစ်အာဏာရှင်စနစ်အောက်တွင် စနစ်တကျ ဖျက်ဆီးခြင်းခံထားရသော ပညာရေးကိုသင်ယူခဲ့ရသည့် အကျိုးဆက်ပင် ဖြစ်သည်။ ရပ်ကွက်ထဲတွင် ဆယ်တန်းမအောင်ဘဲ လေလွင့်နေသည့်လူငယ်နှင့် ဆယ်တန်းအောင်ဘွဲ့ရလူငယ်မှာ များစွာကွာခြားမှုမရှိလှ။ စနစ်တကျ ဖျက်ဆီးထားသည့် သင်ရိုးညွှန်းတမ်းကို နည်းနည်းသာကျက်နိုင် ၍ ဆယ်တန်းမအောင်သူနှင့် များများကျက်နိုင်၍ ဘွဲ့ရသူဟူ၍ နှစ်မျိုးသာရှိသည်။ ဘွဲ့မရ လျှင် ရေခဲရေပင်ရောင်းရန် မလွယ်သော အခြေအနေကြောင့်သာ ဘွဲ့ရပညာတတ်ဟု ဟန်ကိုယ့်ဖို့လုပ်နိုင်ခြင်းဖြစ်သည်။ ပညာမတတ်သော လူငယ်များ နိုင်ငံရေးနယ်ပယ်အတွင်း ဝင်လာခြင်းက ဒီမိုကရေစီ အခြေခံတည်ဆောက်ရာတွင် ဘိလပ် မြေအစား သဲရောသကဲ့သို့ ဖြစ်စေမည်။ ယနေ့ ရပ်ကွက်ထဲတွင် လူပေလူတေလေး နှစ်ဖွဲ့ရှိပြီး တစ်ဖွဲ့နှင့်တစ်ဖွဲ့မတည့်ကြ၊ အလုပ်အကိုင် မယ်မယ်ရရမရှိ၍ ကြံ့ခိုင်ရေးပါတီထဲ ရောက်သူကရောက်၊ မီးသတ်ထဲ ရောက်သူကရောက်၊ စွမ်းအားရှင်ထဲ ရောက်သူကရောက် NLDနှင့် အခြားဒီမိုကရေစီပါတီထဲ ရောက်သူကရောက်ဖြင့် ထူးမခြားနားသော လူငယ်တွေ၏ အဖြစ်ကို တွေ့မြင်ရမည်ဖြစ်သည်။ ကြံ့ခိုင်ရေးဖြစ်စေ၊ NLD ဖြစ်စေ အရည်အချင်းမရှိသည့် လူငယ်ဆိုသောအချက်က အဓိကဖြစ်နေသည်။ ဒို့တာဝန် အရေးသုံးပါးကို နှုတ်တိုက်ရွတ်ဆိုခြင်းသည် ဒီမိုကရေစီမဟုတ်သလို ဒေါ်အောင်ဆန်းစုကြည်ပုံကို ခုတုံးလုပ်၍ လမ်းပေါ်တက်ကြွေးကြော်ခြင်းသည် လူငယ် နိုင်ငံရေးသမားမဟုတ်ပါဟု ဆိုရပေလိမ့်မည်။ ထိုလူငယ်များက နိုင်ငံတော်ကြီးကို ကယ်တင်မည်ဆိုသည်မှာ သံသယဖြစ်ဖွယ်ကောင်းသည်။ အရူးက တမူးသာဆိုသကဲ့သို့ ဘွဲ့လေးတခုအချောင်ရ၍ NGO လိုလို၊ မီဒီယာလိုလိုဖြစ်သွားသည့် လူငယ်တွေမှာလည်း သူတို့သာလျှင် နိုင်ငံတော်ကြီးကို ကယ်တင် မည့်သူများဟု စိတ်ကြီးဝင်၍ ကြံ့ခိုင်ရေးရော၊ NLDရော သုံးစား၍မရသည့်အမှိုက်တွေဟု ခပ်နှိမ်နှိမ်သုံး ပြောဆိုလေ့ရှိသည်။ စာရေးသူမှာလည်း ထိုအမျိုး အစားတွင် ပါဝင်သည်။ နွားခြေရာခွက်ထဲမှ ဆင်ခြေရာခွက်ထဲရောက်၍သာ အမြင်ကျယ်နေသယောင်ရှိပြီး ပြင်ပလောကကမ္ဘာကြီးကို အမှန်တကယ် မတွေ့သေးသည့် စာရေးသူတို့ကဲ့သို့ လူငယ်အမျိုးအစားဖြစ်သည်။  လခကောင်းကောင်းနှင့် အဖမ်းမခံရသော နိုင်ငံရေး၊ လူမှုရေးလုပ်၍ ရနေသော အီလစ် ဂိုက်ဖမ်း လူငယ်လေးများသာဖြစ်သည်။ အရည်အချင်းမှာ ဒေသတွင်းနိုင်ငံများမှ လူငယ်တွေ အသာထား၍ International School များမှ အလယ်တန်း ကျောင်းသားမျှပင် တွေးခေါ်နိုင်စွမ်းမရှိသည့် လူငယ်များပင်ဖြစ်သည်။  မြန်မာ့နိုင်ငံရေးတွင် လက်ဝဲအပျက်တွေ ကြီးစိုးနေသည်ဟုဆိုရလျှင် အဆိုပါ အီလစ်ဂိုက်ဖမ်းလူငယ်လေးများမှာ ဇော်ကန့်လန့် လက်ယာသမားလေး တွေပင်ဖြစ်ပေတော့သည်။

ယနေ့အချိန်အခါသည် မြန်မာလူငယ်များအတွက် အကောင်းဆုံးအချိန်အခါပင် ဖြစ်သည်။ မြန်မာ့ဒီမိုကရေစီရေးအတွက် နိုင်ငံတကာ အသိုင်း အဝိုင်းမှ လူသားအရင်းအမြစ်နှင့် သက်ဆိုင်သော အကူအညီများပေးလျှက်ရှိနေရာ ပြည်သူ့ရေးရာမူဝါဒ၊ နိုင်ငံရေးသိပ္ပံ၊ ဖွံ့ဖြိုးရေး စသည့် ဘာသာရပ်များ အတွက် စကော်လားရှစ်များ အလွယ်တကူ ပေးအပ်နေသော အချိန်အခါလည်းဖြစ်သည်။ လာမည့်သုံးနှစ်အတွင်း ထိုကဲ့သို့ အခွင့်အရေးများရရန် ခက်ခဲ လာမည်ဖြစ်သည်။ လက်ရှိအခြေနေတွင် အရည်အချင်းစစ်ဆေးမှုတွေက သာမန်မျှသာရှိသေးသည်ဖြစ်ရာ မိမိတို့အတွက်လိုအပ်သည့် ဘာသာစကားနှင့် စာဖတ်လေ့ကျင့်မှုတို့ကို အလျင်အမြန်ဖြည့်တင်း၍ နိုင်ငံအတွက် လိုအပ်မည့်ဘာသာရပ်တွေ သင်ယူရန်ကြိုးပမ်းသင့်သည့် အခါလည်းဖြစ်သည်။ မည်သူ့ မည်သူမျှ အပြစ်မတင်ဘဲ ယခုမှစတင်ပြောင်းလဲကြပါစို့ဟူသော စကားသည် အပြောလွယ်သလောက် အလုပ်ခက်လှပြီး ဖန်တရာတေအောင် ပြောဆိုခဲ့ကြ သည့်တိုင် ယနေ့မြန်မာ့နိုင်ငံရေးတွင် တစ်ဦးနှင့်တစ်ဦး လက်ညှိုးထိုးမှုတွေက လည်းရှိနေဆဲသာဖြစ်သည်။ ယခုလည်း စာရေးသူအနေဖြင့် ရှိသမျှ လူငယ်တွေကို လက်ညှိုးထိုး ပြစ်တင်နေခြင်းသာဖြစ်သည်။ သို့ရာတွင် လူငယ်များဖြစ်သည့်အားလျော်စွာ လက်ညှိုးထိုးမှုတွေလျော့၍ အနာဂတ်အတွက် ယခုမှစတင်ပြင်ဆင်ပြီး ပါဝါနိုင်ငံရေးကို ကစားနိုင်သော လူငယ်နိုင်ငံရေးသမားများအဖြစ် အနာဂတ်မြန်မာ့နိုင်ငံရေးကို စိတ်ကူးယဉ်မိသည်ကတော့ အမှန်ပင်ဖြစ်သည်။

********************************************************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၂၄.၃.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ပြည်ပသို့ဆန်တင်ပို့ရေး ဆန်စက်စာရင်းများကောက်ယူ
  2. နိုင်ငံခြားငွေ တရားဝင်ကိုင်ဆောင်ခွင့်ရတော့မည်
  3. ရန်ကုန်သင်္ကြန်မဏ္ဍာပ်ကြီးများ၌ CCTV နှင့် လုံခြုံရေးဝန်ထမ်း ထားရှိရမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. တိုင်းရင်းသားအခွင့်အရေးနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေအား လေ့လာမည်
  2.   ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းအား နွားထိုးကြီးကော်မရှင် ခေါ်ယူသတိပေး

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

ပြည်ပသို့ဆန်တင်ပို့ရေး ဆန်စက်စာရင်းများကောက်ယူ

မြန်မာနိုင်ငံမှ ထွက်ရှိသည့်ဆန်များကို ပြည်ပနိုင်ငံများသို့ တိုက်ရိုက် တင်ပို့ရောင်းချနိုင်ရေးအတွက် ဆန်စက်အဆင့် သတ်မှတ်ချက်နှင့် ဆန်စက် စာရင်းများကို ကောက်ယူလျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ပြည်ပနိုင်ငံတွေကို ဆန်တင်ပို့နိုင်ဖို့အတွက် ဆန်စက်စာရင်းတွေ ကောက်ယူနေပါတယ်။ အဓိကတော့ ဆန်အများဆုံးထွက်ရှိတဲ့ ဧရာဝတီ၊ ပဲခူးနဲ့ ရန်ကုန်က ဆန်စက်စာရင်းတွေပေါ့။ မြန်မာနိုင်ငံထဲမှာ ဆန်စက်အဆင့် သတ်မှတ်ချက်နဲ့ ဆန်စက်ဘယ်နှစ်လုံး ရှိတယ်ဆိုတာကို စာရင်းကောက်ယူနေ ပါတယ်။ ဒီကိစ္စတွေကို ဆောင်ရွက်ပြီးသွားရင်တော့ ပြည်ပကိုဆန်တင်ပို့နိုင်ဖို့အတွက် ဆောင်ရွက်သွားမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်ကဆက်လက်ဆိုသည်။

မြန်မာနိုင်ငံမှ အဓိကထွက်ရှိသည့်ဆန်စပါးကို ပြည်ပသို့ တိုက်ရိုက်တင်ပို့ရောင်းချရာ၌ လက်ရှိအချိန်တွင် ယခင်နှစ်များထက် ၈ ရာခိုင်နှုန်း ပိုမို တင်ပို့နိုင်ခဲ့ပြီး နောက်ပိုင်းကာလများတွင် ၎င်းထက်ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေးအတွက် ဆန်စက်အရည်အသွေးပိုင်းဆိုင်ရာများကို မြှင့်တင်သွားမည် ဖြစ်ကြောင်း သိရသည်။

“လက်ရှိ ဆန်စက် အဆင့်(၁) သတ်မှတ်ချက်ကို (က) အဆင့်၊ (ခ) အဆင့်နဲ့ (ဂ) အဆင့်ဆိုပြီး သတ်မှတ်ခွဲခြား ထားပါတယ်။ နောက်ပိုင်း ဆန်စက် တည်ထောင်ချင်တဲ့ လုပ်ငန်းရှင်တွေကိုလည်း ကူညီဆောင်ရွက်ပေးသွားမှာပါ”ပာု ၎င်းကဆက်လက်ပြောကြားသည်။

နိုင်ငံတော်မှလည်း ပြည်ပသို့ဆန်တင်ပို့မှုမြင့်တက်၍ မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်စေရန် တောင်သူများအား ချေးငွေထုတ်ပေးခြင်း၊ တောင်သူလယ်သမားများ ဘဝအဆင်ပြေနိုင်စေရန် ဆန်တိုက်ရိုက် ဝယ်ယူခြင်းနှင့် ဆန်ရောင်းချရာတွင် သင့်တင့်မျှတသည့် ဈေးနှုန်း သတ်မှတ်ပေးခြင်းများကို လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

နိုင်ငံခြားငွေ တရားဝင်ကိုင်ဆောင်ခွင့်ရတော့မည်

မြန်မာနိုင်ငံအတွင်းသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားများ၊ ပြည်တွင်းရှိ နိုင်ငံခြားငွေလစာရရှီသည့် နိုင်ငံသားများနှင့် နိုင်ငံခြားငွေဖြင့် အလုပ် လုပ်ကိုင်လျက်ရှိသော ပြည်သူများအနေဖြင့် မကြာမီကာလအတွင်း ပြည်တွင်း၌ နိုင်ငံခြားငွေ တရားဝင်ကိုင်ဆောင်ခွင့် ရရှိနိုင်စေရန် နိုင်ငံခြား သုံးငွေဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းတော့မည်ဖြစ်ကြောင်း သိရသည်။

“နိုင်ငံခြားသုံးငွေဆိုင်ရာ ဥပဒေထွက်လာပြီဆိုရင်တော့ ပြည်တွင်းနေနိုင်ငံခြားငွေနဲ့ အလုပ် လုပ်ကိုင်နေတဲ့သူတွေနဲ့ လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားတွေအတွက် ကောင်းသွားမှာပါ။ ဗပိာုဘဏ်က သတ်မှတ်ထားတဲ့အတိုင်း ပြည်ပကိုထွက်ခွာတာပဲဖြစ်ဖြစ်၊ ပြည်တွင်းကို ပြန်ဝင်လာတာပဲ ဖြစ်ဖြစ် ဗပိာုဘဏ်က သတ်မှတ်ထားတဲ့ ငွေပမာဏအလိုက် ကိုင်တွယ်သုံးစွဲခွင့်ရှိပါတယ်။ ဗပိာုဘဏ်က သတ်မှတ်ထားတာထက် ပိုယူချင်တယ်ဆိုရင်တော့ ဥပဒေပါ သတ်မှတ်နည်းလမ်းတွေနဲ့ အညီဆောင်ရွက်ရမှာပါ”ပာု မြန်မာနိုင်ငံဗပိာုဘဏ်က တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထိုသို့ နိုင်ငံခြားသုံးငွေဆိုင်ရာ ဥပဒေကြမ်း၌ ဖော်ပြထားသည်မှာ မြန်မာနိုင်ငံအတွင်း နိုင်ငံခြားငွေသုံးစွဲလိုပါက မြန်မာနိုင်ငံတော်ဗပိာုဘဏ်၏ သတ်မှတ်ချက်နှင့်အညီ လွတ်လပ်စွာပိုင်ဆိုင်ခွင့်နှင့် သုံးစွဲရမည်ဖြစ်ပြီး နိုင်ငံခြားငွေကိုင်ဆောင်လိုသူတိုင်း ဗပိာုဘဏ်၏ သတ်မှတ်ချက်နှင့်အညီ ပြည်တွင်း၊ ပြည်ပရှိဘဏ်များတွင် နိုင်ငံခြားငွေစာရင်းဖွင့်လှစ်၍ အခွန်ဆောင်ပြီးသည်နှင့် ပြည်တွင်း၌ လွတ်လပ်စွာသုံးစွဲခွင့် ရရှိမည်ဖြစ်ကြောင်း ဘဏ်လုပ်ငန်း ပညာရှင်တစ်ဦးက ဆိုသည်။

ပြည်တွင်း၌ နိုင်ငံခြားငွေ တရားဝင်ကိုင်ဆောင်ခွင့်ရရှိမည့်သူများမှာ နိုင်ငံတော်အတွင်း၌ နေထိုင်သူများ၊ နိုင်ငံတော်အတွင်း နေထိုင်ခြင်းမရှိသည့် နိုင်ငံသားမား၊ ပြည်ထောင်စု မြန်မာနိုင်ငံရှိ အစိုးရဌာန၊ အဖွဲ့အစည်းများနှင့် အစိုးရမပာုတ်သောဌာန၊ အဖွဲ့အစည်းများ၊ နိုင်ငံတော်တွင် နေထိုင်ခြင်း မရှိ သော်လည်း နိုင်ငံတော်အတွင်း နိုင်ငံခြားငွေဖြင့် လုပ်ကိုင်ဆောင်ရွက်နေရသော နိုင်ငံခြားသားများနှင့် တရားဝင် အဖွဲ့အစည်းများပင်ဖြစ်ကြောင်း သိရ သည်။

နိုင်ငံခြားသုံးငွေဆိုင်ရာ ဥပဒေအတည်ပြူပြဋ္ဌာန်းပြီးပါက ၁၉၄၇ ခုနှစ်၌ ပြဋ္ဌာန်းခဲ့သည့် နိုင်ငံခြားငွေကိုင်ဆောင်ခွင့် အက်ဥပဒေကို (The Foreign Exchange) ကို ပြန်လည်ရုတ်သိမ်းသွားမည်ဖြစ်ပြီး ၂၀၁၂ ဧပြီလ ၁ ရက်နေ့မှ စတင်၍ နိုင်ငံခြားငွေလဲလှယ်နှုန်းများကို နှုန်းရှင် ငွေလဲလှယ်မှု ပုံစံသို့ ပြောင်းလဲသွားမည်ဖြစ်ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ရန်ကုန်သင်္ကြန်မဏ္ဍာပ်ကြီးများ၌ CCTV နှင့် လုံခြုံရေးဝန်ထမ်း ထားရှိရမည်

              ၂၀၁၂ ဧပြီလ ၁၂ ရက်နေ့၌ ကျရောက်မည့် သင်္ကြန်ကာလအတွင်း ရန်ကုန်ရှိ မဏ္ဍပ်ကြီးများတွင် CCTV ကင်မရာများ တပ်ဆင်ခြင်းနှင့် လုံခြုံရေး ဝန်ထမ်းများထားရှိ၍ လုံခြုံရေးကိစ္စရပ်များကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထုတ်ပြန်ကြေညာခဲ့သည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ ၂၀၁၂ မပာာသင်္ကြန်တွင် ရန်ကုန်မြို့၌ မဏ္ဍပ်ကြီးနှင့် မဏ္ဍပ်စုစုပေါင်း ၃၉ ခုကို ဆောက်လုပ်ခွင့်ပြုသွားမည်ဖြစ်ပြီး ၎င်းမဏ္ဍပ်များတွင် သံချပ်သီချင်းများတိုင်၍ သီဆို ဖျော်ဖြေမှုများကိုပါ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

“အခုနှစ် သင်္ကြန်မဏ္ဍပ်တွေမှာ သံချပ်သီချင်းတွေကို သီဆိုဖျော်ဖြေခွင့် ပြုထားပါတယ်။ ဒီလို သံချပ်သီချင်းတွေ သီဆိုဖျော်ဖြေခွင့် ပြုထားပေမယ့် သံချပ်သီချင်းတွေမှာ အမျိုးသားစည်းလုံးမှုအား ပျက်စီးစေအောင် ရေးသားသီဆိုမှုတွေ၊ တစ်ဖက်နဲ့တစ်ဖက် စောင်းမြောင်းပြီး ခိုက်ရန်ဖြစ်ပွားစေမယ့် သံချပ် သီဆိုဖျော်ဖြေမှုတွေကိုတော့ ခွင့်မပြုထားပါဘူး” ပာု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထိုသို့ ၂၀၁၂ ခုနှစ် မပာာသင်္ကြန်အတွင်း မဏ္ဍပ်များကို ယခင်နှစ်များကဲ့သို့ အင်းလျားလမ်းတစ်လျှောက်တွင် ဆောက်လုပ်ရန် ခွင့်မပြုထားဘဲ ကန်တော်ကြီးပတ်လမ်းတွင် မဏ္ဍပ် ၂၀၊ ကမ္ဘာအေးဘုရားလမ်းတွင် မဏ္ဍပ် ၁၃ ခု၊ ပြည်လမ်းတွင် မဏ္ဍပ် ၄ခုနှင့် ဒဂုံမြို့နယ် အလုံလမ်းတွင် မဏ္ဍပ်နှစ်ခု ကိုသာ ဆောက်လုပ်ခွင့်ပြုထားကြောင်း သိရသည်။

မဏ္ဍပ်ကြီးများ ဆောက်လုပ်ခွင့်ရရှိပါက သင်္ကြန်ပထမရက်တွင် မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကို ဖော်ကျူးသည့်အနေဖြင့် ငွေဖလားတွင် အမွှေး နံ့သာရည်များထည့်၍ ကစားရမည်ဖြစ်ပြီး မဏ္ဍပ်ဆောက်လုပ်ခွင့်ရရှိသူများအနေဖြင့် တခြားသူကို ပြန်မငှားရန်၊ ယဉ်ကျေးမှုနှင့်မညီသော ဝတ်စားဆင်ယင် မှုများနှင့် အမျိုးသမီးငယ်များအားလည်း ကြီးကြပ်တားမြစ်သွားရန်၊ မဏ္ဍပ်ရှိ အမှိုက်များအား တာဝန်ယူ၍ ရှင်းလင်းရန်၊ အရက်သေစာများ ရောင်းချခြင်း မပြုရန်နှင့် မဏ္ဍပ် အမည်များကို မြန်မာအမည်ဖြင့်သာ သုံးစွဲရန် သက်ဆိုင်ရာမှ ထုတ်ပြန်ကြေညာခဲ့သည်။

                YC

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

တိုင်းရင်းသားအခွင့်အရေးနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေအား လေ့လာမည်

တိုင်းရင်းသားအခွင့်အရေးနှင့် ပတ်သက်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာ၍ ပြင်ဆင်ရမည့်အချက်များကို ပြည်သူ့လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တိုင်းရင်းသားရေးရာ အခွင့်အရေး၊ ရပိုင်ခွင့်တွေနဲ့ပတ်သက်ပြီးတော့ အရင်ဆုံး လေ့လာမယ်။ လေ့လာပြီး ပြင်ဆင်ရမည့်အချက်တွေကို ပြည်သူ့လွှတ်တော်ကိုတင်ပြပြီး ပြင်ဆင်နိုင်ဖို့အတွက် ဆောင်ရွက်သွားပါမယ်”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြား သည်။

“တိုင်းရင်းသားအခွင့်အရေးတွေနဲ့ ပတ်သက်ပြီး လေ့လာတဲ့နေရာမှာ ဒီကော်မတီတစ်ခုတည်းကပဲ လေ့လာနေလို့ မရပါဘူး။ မြန်မာနိုင်ငံထဲမှာရှိတဲ့ တိုင်းရင်းသားဒေသခံတွေ၊ တိုင်းရင်းသားရေးရာအဖွဲ့တွေနဲ့ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တွေကို တွေ့ဆုံပြီးတော့ တိုင်းရင်းသားလူမျိုးတွေရဲ့ လိုလားချက်တွေနဲ့ လိုအင်ဆန္ဒတွေကို သိရှိနိုင်ဖို့အတွက် လုပ်ဆောင်သွားမှာပါ”ပာု ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီကို ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်ဦးဆောင်၍ အဖွဲ့ဝင်(၁၅)ဦးဖြင့်ဖွဲ့စည်းခဲ့ပြီး ၎င်းကော်မတီ သည် တိုင်းရင်းသားအခွင့်အရေး ရပိုင်ခွင့်များနှင့် ပတ် သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်များအပေါ်မူတည်၍ ဖျက်သိမ်းရမည့် ဥပဒေများ၊ ပြင်ဆင် သင့်သည့်အချက်များနှင့် တိုးမြှင့်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို လေ့လာ၍ ပြည်သူ့လွှတ်တော်သို့ တင်ပြဆောင်ရွက်သွားနိုင်ရန် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သိရသည်။

                ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ဖော်ပြထားသည်မှာ နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားများ၏ ဘာသာ၊ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု  များနှင့် ပတ်သက်၍ ကူညီဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

 ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းအား နွားထိုးကြီးကော်မရှင် ခေါ်ယူသတိပေး

နွားထိုးကြီးမြို့နယ်အတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီကိုယ်စားလှယ်လောင်းမှ ဥပဒေနှင့်မညီသည့် လုပ်ဆောင်နေမှုများကို အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်မှ တိုင်ကြားခဲ့သည့်အတွက် နွားထိုးကြီးမြို့နယ် ကော်မရှင်အဖွဲ့ခွဲက ၎င်း ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းအား ခေါ်ယူ သတိပေး လက်မှတ်ရေးထိုးစေခဲ့ကြောင့် သိရသည်။

“နွားထိုးကြီးမြို့နယ်မှာ ပြည်ခိုင်ဖြိုးပါတီက ဥပဒေကိုဆန့်ကျင်ပြီးတော့ သာသနာ့အဆောက်အအုံတွေဖြစ်တဲ့ ဇရပ်တွေ၊ ဓမ္မာရုံတွေက ခန်းမ ဆောင်တွေကို ဌားရမ်းသုံးပြုမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ပြီးတော့ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းကြည်နှင့် NLD ကိုယ်စားလှယ်တွေကို ထောင်ထွက် တွေ၊ သူခိုးတွေဆိုပြီး ဥပဒေနဲ့မညီညွှတ်ဘဲ ပြောဆိုသွားပါတယ်။ ဒါကြောင့် နွားထိုးကြီးကော်မရှင်အဖွဲ့ခွဲကို တိုင်လိုက်ရတာပါ”ပာု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထိုသို့ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်း၏ ဥပဒေနှင့် မညီညွှတ်သည့် လုပ်ဆောင်နေမှုများနှင့် အသေရေဖျက် စွပ်စွဲမှုများကို NLD ပါတီမှ တိုင်ကြားခဲ့သည့်အတွက် နွားထိုးကြီးမြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ ပြည်ခိုင်ဖြိုးပါတီ၏ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်အောင်ညွှန့်နှင့် အဖွဲ့ဝင် ဦးအောင်ဇော်မြင့် တို့အား ခေါ်ယူ၍ ဥပဒေနှင့် ပောာပြောမှုများကို လုပ် ဆောင်ရန် ခေါ်ယူသတိပေးခဲ့ရကြောင်း  သိရသည်။

“ကြားဖြတ်ရွေးကောက်ပွဲ စည်းရုံးမဲဆွယ်တာတွေကို လုပ်တဲ့နေရာမှာ ကော်မရှင်က ပြဋ္ဌာန်းထားတဲ့ ဥပဒေတွကို ဆန့်ကျင်ပြီးလုပ်တဲ့အတွက် ခုလို ခေါ်ယူသတိပေးရတာပါ။ အခုလာမယ့် ကြားဖြတ်ရွေးကောက်ပွဲကို တရားမျှမျှတတနဲ့လုပ်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတိပေးထားပါ တယ်”ပာု နွားထိုးကြီးကော်မရှင်ရုံးခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

YC

 ****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“အောက်က မြို့နယ်နဲ့ ရွက်ကွက်အဆင့်ကော်မရှင်တွေမှာ ဘာအားနည်းတာတွေ့လဲဆိုတော့ သူတို့အလုပ်လုပ်တာ အားနည်းတယ်လို့ ယေဘုယျအားဖြင့် ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုရင် အခုပဲပြဿနာတော်တော်များများ တက်နေတဲ့ ကိစ္စကမဲစာရင်းကိစ္စ။ မဲစာရင်းကဘာဖြစ်လို့ ပြီးခဲ့တဲ့နှစ်ကအတိုင်း ဖြစ်နေရသလဲဆိုရင်တော့ ဒီကြားထဲမှာ အလုပ်မလုပ်လို့ သွားတွေ့ရတယ်။ မဲစာရင်းတွေ အသစ်ပြုစုတာမျိုး မရှိဘူး။ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ရွေးကောက်ပွဲကော်မရှင်ကလုပ်ခဲ့တာသိပ်မရှိဘူးဆိုတာသွားတွေ့ရတယ်”

မတ် ၂၂ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၈) အမှတ် (၁၂) တွင်ပါသည့် “ကြားဖြတ်ရွေးကောက်ပွဲ တရားမျှတမှု အရှုံးအနိုင်ရလဒ် ပေါ်မူမတည်ဘဲ ကျင်းပရေးလုပ်ငန်းစဉ်ကို အကဲဖြတ်မည်ဟု အမေရိကန်အထူးကိုယ်စားလှယ် ပြောကြား” သတင်းမှ မြန်မာနိုင်ငံရေးလေ့လာသူ တစ်ဦးဖြစ်သူ ဦးကျော်လွင်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

 “မီဒီယာတွေအနေနဲ့ ကိုယ်ကြုံရတဲ့ အခက်အခဲ၊ စိစစ်ဖြတ်တောက်မှုတွေနဲ့ ပတ်သက်လို့ လွှတ်တော်ကို တင်ပြလို့ရတယ်။ အဓိကရေးရာ ကော်မတီတွေကို စာတင်လိုက်ရင် ရေးရာကော်မတီတွေကစိစစ်ပြီးလွှတ်တော်ဥက္ကဋ္ဌ ဆီတင်ပြလို့ရတယ်။ လုပ်နိုင်တဲ့ နည်းလမ်းတွေက ဒီလိုစိစစ်ဖြတ်တောက်မှုတွေနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ဝန်ကြီးကိုမေးခွန်းမေးလို့ရမယ်။ လွှတ်တော်ဥက္ကဋ္ဌကလည်း သမ္မတဆီသ ဝဏ်လွှာပို့တာတို့ ဘာတို့လုပ်နိုင်တယ်။ မီဒီယာဥပဒေ ကြမ်းတင်ပြလာရင် ဒီ အချက်အလက်တွေကိုသုံးသပ်ပြီးဒါတွေ မဖြစ် အောင် လုပ်ပေးတာတို့လည်းလုပ်လို့ရပါတယ်”

မတ် ၂၂ ထုတ် Venus News အတွဲ (၃) အမှတ် (၃၆) တွင်ပါသည့် “သတင်းမီဒီယာအပေါ် စိစစ်ဖြတ်တောက်မှုနှင့် အခက်အခဲများ လွှတ်တော် သို့ တင်ပြရန် ဖိတ်ခေါ်” သတင်းမှ သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးရဲထွန်း၏ ပြောကြားချက်အပေါ် ကောက် နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

မေး- Conference ဖွင့်ပွဲနေ့မှာပဲ ပြန်ကြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။ မီဒီယာ ပြုပြင်ပြောင်းလဲမှုတွေအတွက် အဆင့်သုံးဆင့် ခွဲပြီးလုပ်နေ တယ်။ ပထမအဆင့်က ဖြေလျော့ပေးမယ်။ ဒုတိယအဆင့်က ၁၉၆၂ ပုံနှိပ်ထုတ်ဝေဥပဒေကို ဖျက်သိမ်းပြီး ပုံနှိပ်မီဒီယာဥပဒေ ရေးဆွဲမယ်။ တတိယအချက်က ပုံနှိပ်မီဒီယာဥပဒေ ပြဋ္ဌာန်းပြီးစာနယ်ဇင်းတွေ လွတ်လပ်မှုနဲ့ တာဝန်ယူမှု၊ လွတ်လပ်မှုနဲ့ ဆင်ခြင်တုံတရား ဟန်ချက်ညီ အောင် ပြန်ကြားရေးဝန်ကြီးဌာနက ကူညီပံ့ပိုးဆောင်ရွက်ပေးမယ် ဆိုတော့ သူပြောခဲ့တာအပေါ် ဆရာ့အနေနဲ့ရော ဘယ်လို မှတ်ချက်ပေးချင် ပါလဲ။

ဖြေ - ခုနကပြောသလိုပဲ။  ဒါဟာထိန်းချုပ်မှုပဲ။ ထိန်းချုပ်မှု မှန်သမျှကိုဆန့်ကျင်တယ်။ ဘယ် သတင်းမီဒီယာသမားစစ်စစ်၊ ဘယ် Professional မဆို ကိုယ့်လည်ပင်းကိုစွပ်မယ့် ကြိုးကွင်းကိုဘယ်သူမှ ၀င်ပြီးတော့ ကျစ်မပေးဘူး။ အဲလိုဆိုရင် အဲဒီ လူဟာ Professional သတင်းသမားစစ်စစ် မဟုတ်တော့ ဘူး။ ဒါကို ဝင်ပြီးတော့ ကြိုးကျစ်တဲ့အထဲမှာ ဝင်ပါတဲ့သူတွေဟာ ခေတ်ပျက်ဂျာနယ်လစ်တွေ၊ သူတို့ အခွင့်အရေးကို မျှော်ကိုးပြီးတော့၊ သူတို့ အကျိုးစီးပွား တစ်ခုအတွက် ဒီထဲမှာ ရော ယိမ်း လိုက် ဘသားယိမ်းလိုက် ၀င်ယိမ်းကြတာဟာ ခေတ်ပျက် ဂျာနယ်လစ်တွေပဲ ဖြစ်တယ်။ Professional ဂျာနယ်လစ်တွေ မဟုတ်ဘူး။

မတ် ၂၁ ထုတ် Biweekly ELEVEN အတွဲ (၄) အမှတ် (၄၉) တွင်ပါသည့် "မီဒီယာ ဖွံ့ဖြိုးတိုးတက်စေချင်တယ်၊ စတုတ္ထမဏ္ဍိုင် ကြံ့ခိုင်စေ ချင်တယ် ဆိုရင်၊ မီဒီယာဖွံ့ဖြိုးတိုးတက်အောင်၊ လုပ်ကိုင်နိုင်တဲ့ အခြေအနေကို ဖန်တီးပေးဖို့ပဲ ဖြစ်တယ်။ မီဒီယာတွေကို ထပ်ပြီးတော့ ချုပ်ကိုင်ဖို့ မလုပ်သင့်ဘူး" ၀ါရင့် သတင်းစာဆရာ လူထုဦးစိန်ဝင်းနှင့် တွေ့ဆုံခြင်း”မှကောက်နှုတ်ချက်

**************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs