Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၂၆.၃.၂ဝ၁၂

ဘာသာပြန်သတင်းများ

  1. ကုလ အကူအညီအဖွဲ့များ မြန်မာနိုင်ငံမြောက်ပိုင်းသို့ ထပ်မံသွားမည်

(Gulf News မှ 26 March 2012 ရက်စွဲပါ UN aid reaches displaced in north Myanmar ကို ဘာသာပြန်ဆိုသည်)

  1. ရေလှောင်တမံစီမံကိန်းများသည် တိုင်းရင်းသားများနှင့် အဓိကပြဿနာဖြစ်

(The Bangkok Post မှ 25 March 2012 ရက်စွဲပါ Mega dams holding back tide of goodwill in Myanmar ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာ-မလေးရှား စီးပွားရေးလုပ်ငန်း မိတ်ဆက်တွေ့ဆုံပွဲ ရန်ကုန်တွင် ကျင်းပမည်

(Bernama News မှ 24 March 2012 ရက်စွဲပါ Myanmar-Malaysian business matching to be launched in Yangon သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. ဒီမိုကရေစီသို့ သွားရာလမ်းသည် ခက်ခဲပင်ပန်းမည်ဟု ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်ဆို

(Asahi Shimbun မှ 22 March 2012 ရက်စွဲပါ Ex-Myanmar prime minister: tough road ahead for democracy အင်တာဗျူး ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

****************************************************

ကုလ အကူအညီအဖွဲ့များ မြန်မာနိုင်ငံမြောက်ပိုင်းသို့ ထပ်မံသွားမည်

(Gulf News မှ 26 March 2012 ရက်စွဲပါ UN aid reaches displaced in north Myanmar ကို ဘာသာပြန်ဆိုသည်)

ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပွားနေသောတိုက်ပွဲများကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားရသော ထောင်ပေါင်းများစွာသော လူများအနက် အချို့ကို လိုအပ်သောပစ္စည်းများ ထောက်ပံ့နိုင်ရေးအတွက် သွားရောက်နိုင်ရန် လုပ်ဆောင်နိုင်ခဲ့ပြီဟု ကုလသမဂ္ဂက ယမန်နေ့က ပြောကြားခဲ့သည်။

မြန်မာစစ်တပ်များနှင့် ကချင်လက်နက်ကိုင်များကြားတွင် ၂၀၁၁ ခုနှစ်၊ ဇွန်လမှစ၍ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းကြောင့် လူပေါင်း ၅၅၀၀၀ ခန့် နေအိမ်များ စွန့်ခွာထွက်ပြေးခဲ့ရကြောင်း ကုလသမဂ္ဂခန့်မှန်းမှုများ အရ သိရသည်။ ကုလသမဂ္ဂက နောက်ဆုံးထောက်ပံ့ရေးပစ္စည်းများ သွားရောက် ပေးအပ်ခဲ့ခြင်းမှာ ဒီဇင်ဘာလက ဖြစ်သည်။ ပြည်တွင်းအုပ်စုများကမူ ထိုစဉ်ကတည်းက ၄င်းတို့ လုပ်ဆောင်နိုင်သမျှ လုပ်နေကြောင်း ရန်ကုန်ရှိ အမျိုးသား ပြန်ကြားရေး အရာရှိ အေးဝင်းက ပြောကြားခဲ့သည်။

လူတစ်ထောင်စာအတွက် တစ်လစာ အခြေခံလိုအပ်ချက်များ တင်ဆောင်ထားသော ကားတန်းသည် ဒုက္ခသည် များ ရှိရာ နယ်မြေသို့ အဖွဲ့၏ ဖိအားပေးမှုအရ သောကြာနေ့က သွားရောက်နိုင်ပြီ ဖြစ်သည်။ “…. ကုလသမဂ္ဂနှင့် ၄င်း၏လူသားချင်းစာနာမှုဆိုင်ရာ လုပ်ဖော်ကိုင်ဖက်များအနေဖြင့် ယခု ပေးပို့နိုင်မှုမှသည် အဆက်မပြတ် ထောက်ပံ့နိုင်ရန် မျှော်လင့်ပါသည် … ”ဟု လူသားချင်း စာနာမှုဆိုင်ရာ ညိနှိုင်းရေးမှူးဌာန ကိုယ်စားလှယ် Ashok Nigam က ကြေညာချက်တွင် ဖော်ပြခဲ့သည်။ ကုလသမဂ္ဂက ပြောကြားရာတွင် ၄င်းသည် ယာဉ်တန်းသည် ၄င်း၏ တာဝန်ပြီးဆုံးပါက သတင်း ထုတ်ပြန်မည်ဟု ဆိုခဲ့သည်။

အင်္ဂါနေ့က Human Rights Watch မှ ထုတ်ပြန်သောအစီရင်ခံစာတွင် မြန်မာစစ်တပ်သည် ကချင်ပြည်နယ်မှ အရပ်သားများအပေါ် စိုးရိမ်ဖွယ် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စွပ်စွဲဖော်ပြခဲ့သည်။ နယူးယောက်အခြေစိုက် အဆိုပါအဖွဲ့က ခန့်မှန်းရာတွင် အနည်းဆုံး ၇၅၀၀၀ ခန့်သည် အိုးမဲ့အိမ်မဲ့ ဖြစ်ကြရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် နေစရာများ လိုအပ်လျက်ရှိကြောင်း ဆိုသည်။

********************************************

ရေလှောင်တမံစီမံကိန်းများသည် တိုင်းရင်းသားများနှင့် အဓိကပြဿနာဖြစ်

(The Bangkok Post မှ 25 March 2012 ရက်စွဲပါ Mega dams holding back tide of goodwill in Myanmar ကို ဘာသာ ပြန်ဆိုသည်)

သံလွင်မြစ်မှ အငြင်းပွားဖွယ် ရေလှောင်တမံ စီမံကိန်းသည် စစ်တပ်နှင့် တိုင်းရင်းသားအုပ်စုများကြား ထာဝရ ငြိမ်းချမ်းရေး ကြိုးပမ်းရာတွင် အဓိက အတားအဆီးတစ်ခု ဖြစ်လာသည်။ တိုင်းရင်းသားအုပ်စုသည် နေပြည်တော်အပေါ် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ မှန်ကန်သော ရည်ရွယ်ချက် ရှိလိမ့်မည်ဟု မထင်ချေ။ ယခုနှစ် အစောပိုင်းက အစိုးရနှင့် KNU တို့သည် အပစ်အခတ် ရပ်စဲရေးအတွက် သဘောတူခဲ့သည်။ သို့သော် သံလွင်မြစ်ကမ်း နံဘေးရှိ Ban Sob Moei ရွာအတွက်မူ အဆိုပါ သဘောတူညီချက်မှာ စာရွက်ပေါ်တွင်သာ ဖြစ်နေသည်။

အပစ်အခတ် ရပ်စဲရေး သဘောတူပြီးနောက် မြန်မာတပ်များသည် အဆိုပါရွာ၏ တစ်ဖက်ခြမ်း တောင်ထူထပ်သော နေရာများတွင် ဝင်ရောက် နေရာ ယူခဲ့သည်။ KNU ကလည်း မလှမ်းမကမ်း သံလွင်မြစ်အနီးတွင် ရှိနေသည်။ လွန်ခဲ့သည့် ၁ဝ နှစ်ကျော်က တရုတ်နှင့် မြန်မာ ကုမ္ပဏီများသည် ရေလှောင်တမံ ၁၈ ခု တည်ဆောက်ရန် စီစဉ်ခဲ့သည်။ ရေလှောင်တမံမှ ထွက်ရှိသော လျှပ်စစ်ကို အဓိက ဝယ်ယူသူမှာ ထိုင်း ဖြစ်သည်။ အချို့ ရေလှောင်တမံများသည် ရှမ်း၊ ကရင်နှင့် ကရင်နီများ ထိန်းချုပ်သော နယ်မြေတွင် ရှိနေသည်။

မြစ်အထက်ပိုင်းရှိ ရေလှောင်တမံ အချို့ ပြီးစီးပြီ ဖြစ်သော်လည်း အောက်ပိုင်းရှိ တမံများမှာ တိုင်းရင်းသား ပဋိပက္ခများကြောင့် ကြန့်ကြာလျက် ရှိသည်။ ထိုင်းနှင့် အနီးဆုံး ဟပ်ကြီးရေလှောင်တမံမှာ Sob Moei နှင့် ၄ဝ ကီလိုမီတာသာ ဝေးသည်။ ၂ဝဝ၉ ခုနှစ်က ဒေသခံများ၏ ဆန္ဒပြမှုကြောင့် ရေလှောင်တမံ ဆောက်လုပ်ရေးကို ရပ်နားခဲ့သော်လည်း တရုတ် Sinohydro Cooperation နှင့် ထိုင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး အာဏာပိုင် တို့ ဖိအားပေးမှုကြောင့် KNU သည် ပြီးခဲ့သည့်နှစ်က ဟပ်ကြီးတွင် တိုင်းတာရေးအဖွဲ့များကို ခွင့်ပြုခဲ့သည်။

ယခုကဲ့သို့ အပစ်ရပ်စဲရေးမခိုင်မာသေးသော အဆင့်တွင် ဟပ်ကြီးရေလှောင်တမံနှင့် အခြားစီမံကိန်းများကို ဆောက်လုပ်ရန် တွန်းအား ပေးခြင်းသည် ပဋိပက္ခများ ပြန်လည် ဖြစ်ပေါ်ရန် စနက်တံ မီးရှို့ခြင်းနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို သွေဖယ်သွားနိုင်ပေသည်။ အဆိုပါ စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းသည် ထာဝရ ငြိမ်းချမ်းရေး အတွက် ကရင်လူမျိုးတို့၏ မျှော်လင့်ချက်ကို ဖျက်ဆီးသကဲ့သို့ ဖြစ်သည်ဟု ကရင်မြစ်များ စောင့်ကြည့် လေ့လာရေး အဖွဲ့ (KRW) က ကြေညာချက် ဖော်ပြသည်။

ယခုနှစ် အစောပိုင်းက အစိုးရနှင့် အပစ်ရပ် လက်မှတ် ထိုးထားသော SSA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး လောင်ဆိုင်းက မြန်မာအစိုးရသည် တပ်များ ဆုတ်ခွာရန် အမိန့်ညွှန်ကြားထားသော်လည်း အမိန့်လိုက်နာရမည့်အစား တပ်များ ပိုမို ချထားသည်ကို တွေ့ရကြောင်း ရေလှောင်တမံ ဆောက်လုပ်ရန် နေရာ အနီးတွင် မြန်မာတပ်စခန်းချရန် ကြိုးစားနေကြောင်း၊ တမံ တည်ဆောက်ရန် တရုတ်အပါအဝင် နယ်စွန်နေရာနှစ်ခုကို တိုင်းတာခဲ့ကြောင်း ဆိုသည်။

"မြန်မာတပ်တွေ တိုးချထားမှုဟာ ရေလှောင်တမံ ဆောက်လုပ်ဖို့ တစ်ခုခုလုပ်တော့မယ် ဆိုတာ ရှင်းရှင်းလင်းလင်း ပြလိုက်တာပါပဲ" ဟု ယင်းက ပြောသည်။ ရေလှောင်တမံစီမံကိန်းမှ ကိုယ်စားလှယ်များသည် SSA ခေါင်းဆောင်များနှင့်လည်း စီမံကိန်းကိစ္စ တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု လောင်ဆိုင်းက ဆိုသည်။

***********************************************************

မြန်မာ-မလေးရှား စီးပွားရေးလုပ်ငန်း မိတ်ဆက်တွေ့ဆုံပွဲ ရန်ကုန်တွင် ကျင်းပမည်

(Bernama News မှ 24 March 2012 ရက်စွဲပါ Myanmar-Malaysian business matching to be launched in Yangon သတင်းကို ဘာသာ ပြန်ဆိုသည်)

မြန်မာ-မလေးရှား နှစ်နိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများ ပိုမိုရှာဖွေ လေ့လာရန် အတွက် စီးပွားရေးလုပ်ငန်း မိတ်ဆက် တွေ့ဆုံ ဆွေးနွေးပွဲကို ရန်ကုန်တွင် မတ်လကုန်၌ ကျင်းပမည်ဟု ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) က စနေနေ့တွင် ပြောကြားသည်။

စီးပွားရေးမိတ်ဆက် တွေ့ဆုံဆွေးနွေးပွဲကို UMFCCI နှင့် မလေးရှားသံရုံးတို့၏ အကူအညီဖြင့် မလေးရှား ပြည်ပကုန်သွယ်မှု ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်းက ကမကထပြုကျင်းပခဲ့ခြင်း ဖြစ်သည်ဟု တရုတ် ဆင်ဟွာသတင်းဌာနက ထုတ်ပြန်သည်။ မတ် ၂၉ တွင် ကျင်းပမည့် တွေ့ဆုံပွဲသို့ မလေးရှား ပို့ကုန်လုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံသူများ၊ စီမံကိန်း အကောင်အထည် ဖော်သူများ ၄ဝ ကျော်ပါဝင်သည့် မလေးရှား ကိုယ်စားလှယ် အဖွဲ့ တက်ရောက်၍ မြန်မာ ကုမ္ပဏီများနှင့် ပူးပေါင်း ဆောင်ရွက်ရေးကို လေ့လာ ဆွေးနွေးကြမည်ဟု ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာကလည်း ရေနံဓာတ်ငွေ့ ကဏ္ဍဆိုင်ရာ အလားတူ ဆွေးနွေးပွဲကို ကျင်းပခဲ့သည်။ မလေးရှား စာရင်းအင်း ဌာန အဆိုအရ ၂ဝ၁ဝ တွင် မြန်မာ-မလေးရှား နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ၅၉၃.၉ သန်းခန့် ရှိသည်ဟု သိရသည်။

မြန်မာမှ မလေးသို့ အဝတ်အထည်များ၊ သစ်တောထွက်ကုန်များ၊ ရာဘာစိမ်းများနှင့် ဟင်းသီးဟင်းရွက်များ တင်ပို့ပြီး မလေးမှ မြန်မာသို့ သံနှင့် သံမဏိ ထွက်ကုန်များ၊ ပြုပြင်ပြီး အစားအစာများ၊ လျှပ်စစ်ပစ္စည်း၊ ပို့ဆောင်ရေးပစ္စည်း၊ မျက်စိနှင့်မျက်မှန်ဆိုင်ရာ ခေတ်မီကိရိယာများ ပြန်လည် တင်ပို့သည်။ ၂ဝ၁၂ ဇန်နဝါရီထိ မြန်မာနိုင်ငံ၌ မလေးရှားရင်းနှီးမြှုပ်နှံမှုမှာ စီမံကိန်း ၃၉ ခုအတွက် အမေရိကန် ဒေါ်လာ ၉၇၇.၄၆ သန်း ရှိခဲ့သည်ဟု တရားဝင် ကိန်းဂဏန်းများအရ သိရသည်။

***********************************************

ဒီမိုကရေစီသို့ သွားရာလမ်းသည် ခက်ခဲပင်ပန်းမည်ဟု ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်ဆို

(Asahi Shimbun မှ 22 March 2012 ရက်စွဲပါ Ex-Myanmar prime minister: tough road ahead for democracy အင်တာဗျူး ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

အာဏာအလွဲသုံးစားလုပ်မှု၊ လစ်ဘရယ်ပြောင်းလဲရေး မျှော်လင့်ချက်ပေးမှုတို့ဖြင့် စွပ်စွဲခံရကာ အကျဉ်းကျခဲ့သူ ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်က ယခုအခါ နိုင်ငံအပေါ် သတိကြီးကြီးဖြင့် အကောင်းဖက်မှ ရှုမြင်လျက် ရှိသည်ကို အဆာဟိရှင်ဘွန်းနှင့် မတ်လ ၂၁ ရက်နေ့တွင် ပြုလုပ်သော အင်တာဗျူးအရ သိရသည်။

အင်တာဗျူးတွင် ဦးခင်ညွန့်က "အရပ်ဖက်အစိုးရ၏ အစီအစဉ်များက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကို ဖြစ်ပေါ်စေမည်လား ဆိုသည်ကို အကဲဖြတ်ရန် အချိန် စောလွန်းနေသည်" ဟု ပြောကြားခဲ့သည်။ "သမ္မတက အရမ်းတော်ပြီး ရိုးသား ဖြောင့်မတ်တဲ့ ပုဂ္ဂိုလ်ပါ။ ဒါပေမဲ့ အစိုးရအဖွဲ့ထဲမှာ မတူညီတဲ့ လူပေါင်းစုံ၊ အုပ်စုပေါင်းစုံ ပါဝင်နေတာ ဆိုတော့ ဒီအချက်တွေကို ကျွန်တော်တို့ သတိပြုရပါလိမ့်မယ်" ဟု အသက် ၇၂ နှစ်ရှိပြီ ဖြစ်သော ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်က ရန်ကုန်မြို့နေအိမ်တွင် ပြောကြားသည်။

၁၉၈၃ မှစ၍ တပ်မတော် ထောက်လှမ်းရေး အဖွဲ့ကို ဦးဆောင်ခဲ့သူ ဦးခင်ညွန့်သည် ယခင် တပ်မတော် အစိုးရဟောင်း၏ အရိုက်အရာဇယားတွင် နံပါတ် ၃ နေရာ၌ ရှိခဲ့သူ ဖြစ်သည်။ တပ်မတော်အစိုးရ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့) ၌ အတွင်းရေးမှူး(၁)အဖြစ် အချိန်ကြာမြင့်စွာ ဆောင်ရွက်ခဲ့ပြီးနောက် ၂ဝဝ၃ တွင် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်း ခံရသည်။

အာဏာရှိစဉ်အချိန်က အပျော့နည်းလမ်းဖြင့် ကိုင်တွယ်ခဲ့ပြီး အရပ်ဖက်အစိုးရ ကူးပြောင်းရေးအဆင့် ၇ ဆင့် လမ်းညွှန်မြေပုံကို ထုတ်ပြန် ကြေညာခဲ့သူ ဦးခင်ညွန့်သည် ထိုစဉ်က အကျယ်ချုပ်ထိန်းသိမ်းခံ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးနိုင်ရန် အားထုတ်မှုကိုလည်း စတင်လုပ်ဆောင်ခဲ့သူ ဖြစ်သည်။ သို့သော် ဦးခင်ညွန့်သည် နိုင်ငံရေးရန်သူများ ဖြစ်သော ဒီမိုကရေစီလှုပ်ရှားသူ များစွာကိုလည်း ဖမ်းဆီး ထောင်ချခဲ့သူ ဖြစ်သည်။ ထောက်လှမ်းရေး ဌာန အကြီးအကဲဟောင်း ဦးခင်ညွန့်သည် တပ်မတော် အကြီးတန်းခေါင်းဆောင်များ၏ လူသိများ အဂတိ လိုက်စားမှုများကို စုံစမ်း စစ်ဆေးရန် ကြိုးစားလာချိန်၌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် ထိပ်တန်း စစ်ဖက်ခေါင်းဆောင်များနှင့် ကွဲလွဲ ကွာဟမှု နက်ရှိုင်းလာခဲ့ခြင်း ဖြစ်သည်။

၂ဝဝ၄ အောက်တိုဘာတွင် အဂတိ လိုက်စားမှု စွပ်စွဲချက်ဖြင့် ဝန်ကြီးချုပ်ရာထူးမှ ထုတ်ပယ်ခြင်း ခံလိုက်ရပြီး ၂ဝဝ၅ တွင် ထောင်ဒဏ် ၄၄ နှစ် ချမှတ်ခံရပြီးနောက် နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခြင်း ခံခဲ့ရသည်။ ထိုကဲ့သို့ လူမြင်ကွင်းမှ ရုတ်တရက် ပျောက်သွားခဲ့ပြီး ၈ နှစ်ခန့်အကြာ ယခု အချိန်တွင်မူ ဦးခင်ညွန့်သည် စကားလုံးများကို ဂရုတစိုက် ရွေးချယ် သုံးနှုန်းလျက် ရှိသည်။ နိုင်ငံခြား သတင်းဌာနတစ်ခုနှင့် ရှားရှားပါးပါး သီးသန့် ပြုလုပ်သော တစ်နာရီကြာ အင်တာဗျူးတွင် တစ်ခါတစ်ရံ ငြိမ်သက် တိတ်ဆိတ်နေသည်ကိုလည်း တွေ့ရသည်။

ပြီးခဲ့သော ဇန်နဝါရီ ၁၃ တွင် အစိုးရက နိုင်ငံရေးအကျဉ်းသားများစွာကို လွှတ်ပေးခဲ့ရာ ထိုနေ့မနက် လေ့ကျင့်ခန်း ပြုလုပ်နေစဉ် အကျယ်ချုပ်မှ လွတ်မြောက်ကြောင်း သိရှိရခြင်း ဖြစ်သည်ဟု ဆိုသည်။ ၄၄ နှစ်ထောင်ဒဏ်မှ ၇ နှစ်ဖြင့် လွတ်မြောက်လိမ့်မည်ဟု လုံးဝ မျှော်လင့် မထားသောကြောင့် ရုတ်တရက် အံ့အားသင့် ပျော်ရွှင်ခဲ့ရသည်ဟုလည်း ယင်းက ဆိုသည်။

သမ္မတဦးသိန်းစိန်၏ လုပ်ဆောင်ချက်များကို အားပေး ထောက်ခံလျက် ရှိသော ဦးခင်ညွန့်က "လက်ရှိအစိုးရက ကျွန်တော့်သဘောထားကို အပြည့်အဝ သိနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော့် သားမက်အပါအဝင် အနီးကပ် တပည့် ၂ဝ ကျော်လောက် ထောင်ထဲမှာ ရှိနေပါသေးတယ်။ ကျွန်တော့်ရဲ့ သွားလာ လှုပ်ရှားမှုတွေကိုတော့ ကန့်သတ်ထားတာ မရှိပါဘူး။ ထောင်က မလွတ်သေးတဲ့ တပည့်တွေအတွက် စဉ်းစားမိပြီး စိတ်ထဲမှာ လွတ်လပ်မှု မရှိသလို ဖြစ်နေပါတယ်" ဟု ရှင်းလင်းပြောဆိုသည်။

ယင်းကို ဖမ်းဆီးရန် အမိန့်ပေးခဲ့သူ ယခင် အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေက ယခုကဲ့သို့ လွတ်မြောက်လာခြင်းကို သဘောတူ ထောက်ခံသည်ဟု ထင်ပါသလားဟု မေးမြန်းသောအခါ ဦးခင်ညွန့်က မသိပါဟု တုန့်ပြန်သည်။ "လက်ရှိ အခြေအနေကို တိတိကျကျမသိပါဘူး။ တစ်ချိန်တုန်းကတော့ ကျွန်တော်တို့ဟာ ရဲဘော်ရဲဖက်တွေပါ။ ဒါပါပဲ" ဟု ယင်းက ဆိုသည်။

ဦးခင်ညွန့်က ဆက်လက်၍ "ယခုအခါ အစိုးရနှင့် တိုင်းရင်းသားများအကြား ဆွေးနွေးမှုများ ပြုလုပ်နေခြင်းမှာ ကောင်းသောကိစ္စဖြစ်ကြောင်း၊ သူကိုယ်တိုင်လည်း စေ့စပ်ညှိနှိုင်းဖူးသည့် အတွေ့အကြုံ ရှိခဲ့ကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးခြင်း မပြုမီ အခက်အခဲများ ရှိလိမ့်မည်ဟု မျှော်လင့်ထားခဲ့ကြောင်း၊ အယူအဆအမျိုးမျိုး ကွဲပြားနေသောကြောင့် အချိန်ယူရမည် ထင်ကြောင်း" သုံးသပ် ပြောကြားသည်။

ထို့ပြင် ဦးခင်ညွန့်က ကြားဖြတ်ရွေးကောက်ပွဲသို့ ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်ခြင်းကို ကြိုဆိုထောက်ခံပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူအများစု အားပေး ထောက်ခံမှုကို ရရှိထားတဲ့ အရည်အသွေးမြင့် ခေါင်းဆောင်တစ်ဥိး ဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။ နိုင်ငံတည်ဆောက်မှုတွင် ပါဝင်ရန် တစ်ချိန်တွင် နိုင်ငံရေးလောကသို့ ပြန်ဝင်လာမည်ဟူသော အချက်ကိုမူ ငြင်းဆန်ခဲ့သည်။ "ဒီလိုကိစ္စတွေ၊ တာဝန်တွေကို ကျွန်တော် မလုပ်ချင်တော့ဘူး။ တကယ်လို့ အကြံဉာဏ်ပေးဖို့ တောင်းဆိုလာရင်တော့ ပေးဖို့ ရှိပါတယ်" ဟု ပြောသည်။

"ကျွန်တော် လွတ်တဲ့အချိန်မှာ သားတွေ၊ မြေးတွေ ရောက်လာပါတယ်။ မိသားစုဘဝရဲ့ အပျော်ဆုံးအချိန်ပါပဲ" ဟု ပြောကြားသည်။ ယင်းသည် အထိန်းသိမ်းခံ ကာလအတွင်း ဇနီး၊ သမီးနှင့် သမီးမှမွေးသော မြေးတစ်ဦးတို့နှင့် အတူ အကျယ်ချုပ် နေထိုင်ခဲ့ရသည်။ "ဒီ ၇ နှစ်အတွင်းမှာ ကျန်းမာရေး ကိစ္စက လွဲရင် အပြင်ထွက်ခွင့် မရပါဘူး။ သွားဆရာဝန်ဆီ ၂ ခါ သွားရတယ်။ ဇနီးက မျက်စိခွဲရတယ်" ဟု ဆိုသည်။

ယင်းသည် အချိန်အများစုကို တရားစာပေများ ဖတ်ရှုခြင်း၊ တရားထိုင်ခြင်းတို့ဖြင့် ကုန်လွန်ခဲ့သည်ဟုလည်း သိရသည်။ အိမ်တွင် ဂြိလ်တုစလောင်း တပ်ဆင်ထားသော်လည်း အာဏာပိုင်များက လိုင်းဖြတ်ထားသည်ဟု ဆိုသည်။ ၂ဝဝ၇ ဆန္ဒပြပွဲ၊ ၂ဝဝ၈ နာဂစ်သတင်းတို့ကို ရေဒီယိုမှသာ ကြားသိခဲ့ရသည်လည်း ပြောသည်။

"ဒီတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘဝတူ ဖြစ်သွားတာပေါ့" ဟု မေးလိုက်သောအခါ ဦးခင်ညွန့်က တိတ်တိတ်ဆိတ်ဆိတ်သာ တုံ့ပြန်ခဲ့သည်။

*******************************************

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၆.၃.၂၀၁၂

သတင်းဆောင်းပါးကဏ္ဍ

  1. ယဉ်ကျေးမှုဆက်လက်ထွန်းကားဖို့

*****************************************

သတင်းဆောင်းပါးကဏ္ဍ

ယဉ်ကျေးမှုဆက်လက်ထွန်းကားဖို့

မိုးမြင့်ငြိမ်း

ယနေ့အချိန်အခါသည် ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းမှာ အပြောင်းအလဲများနှင့် ကြုံတွေနေရသော ကာလဖြစ်သည်။ အကြောင်းတိုက်ဆိုင်စွာပင် မြန်မာ့နိုင်ငံရေး အပြောင်းအလဲမှာလည်း ကမ္ဘာ့နိုင်ငံရေး အပြောင်းအလဲနှင့်အတူ ယှဉ်တွဲ ဖြစ်ထွန်းလာလျက်ရှိသည်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို လေ့လာရာ၌ ယင်းနိုင်ငံ၏ ပြည်တွင်းရေးရာ မူဝါဒအပြင် ယင်းနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ၊ အင်အားကြီးနိုင်ငံများ၏ ဆက်ဆံရေးကိုပါ ထည့်သွင်း သုံး သပ်ကြသည်။

မိတ်ဖက်လော၊ ရန်ဖက်လော

အမေရိကန်နိုင်ငံမှာ ကမ္ဘာပေါ်တွင် စစ်ရေး၊ စီးပွားရေး အင်အားကြီးနိုင်ငံတစ်နိုင်ငံအဖြစ် ဒုတိယကမ္ဘာစစ် နောက်ပိုင်းမှစတင်၍ ကမ္ဘာရေးရာ ကိစ္စရပ်များတွင် ထဲထဲဝင်ဝင် ပါဝင်ခဲ့သည်။ ၂၁ရာစုသို့အဝင် အမေရိကန် အထူးသတိထား စောင့်ကြည့်နေသည့် နိုင်ငံမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဖြစ်သည်။ တရုတ်နိုင်ငံမှာ အမေရိကန်နိုင်ငံလောက် စစ်ရေးအင်အား မတောင့်တင်းသော်ငြားလည်း စီးပွားရေးတွင်တော့ အင်အားကြီးနိုင်ငံ တစ်နိုင်ငံ ဖြစ် လာလေပြီ။ ပြီးခဲ့သည့် ၂၀၀၈ခုနှစ်တွင် ဖြစ်ပွားခဲ့သော ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းတွင် တရုတ်နိုင်ငံမှာ စီးပွားရေး အင်အားကြီးနိုင်ငံ တစ်နိုင်ငံဖြစ် ကြောင်း ပိုမိုပေါ်လွင်လာခဲ့သည်။ အမေရိကန်နိုင်ငံမှ ထုတ်ဝေသော ငွေတိုက်စာချုပ်များ အများအပြား ဝယ်ယူထားသည့် နိုင်ငံမှာ တရုတ်နိုင်ငံ ဖြစ်သည့် အတွက် တရုတ်နှင့် အမေရိကန်ဆက်ဆံရေးမှာ မြီးရှင်၊ မြီးစား ဆက်ဆံရေးလို ဖြစ်နေသည်။ ထိုကြောင့် အမေရိကန်မှာ တရုတ်ကို မဟာဗျူဟာမြောက် မိတ်ဖက်အဖြစ် သဘောထားမည်လား၊ မဟာဗျူဟာမြောက် ရန်ဘက်အဖြစ် သဘောထားမည်လောဟု မေးခွန်းများ အမေရိကန် မူဝါရေးရာ ချမှတ်သူများ အသိုင်းအဝိုင်းတွင် ငြင်းခုံဆွေးနွေးမှုများ ဖြစ်ပေါ်လျက်ရှိသည်။ တရုတ်နိုင်ငံဆိုသည်မှာလည်း နိုင်ငံတကာဆက်ဆံရေး ပညာရှင်များက ၂၁ရာစုတွင် အင်အားကြီးနိုင်ငံ တစ်နိုင်ငံ ဖြစ်လာနိုင်သည်ဟု ကြိုတင်သုံးသပ် ဟောကိန်းထုတ်ထားသည့် နိုင်ငံ တစ်နိုင်ငံဖြစ်သည်။

အိမ်နီးချင်း ပေါက်ဖော်

မြန်မာနိုင်ငံ၏ ပထဝီဝင် နယ်နိမိတ်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နီးကပ်စွာ တည်ရှိနေသည့် အိမ်နီးချင်းနိုင်ငံဖြစ်သည့်အတွက် တရုတ်နှင့် မြန်မာဆက်ဆံရေးမှာ တစ်စုံတစ်ရာ နားလည်မှု ရယူထားနိုင်ပြီး ဖြစ်သည်။ အမေရိကန်နှင့် ဂျပန်နိုင်ငံတို့ထက် တရုတ်နိုင်ငံမှာ အာဆီယံနိုင်ငံများအပေါ် သြဇာ လွှမ်းမိုးထားနိုင်သည်။ တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများ၏ ဆက်ဆံရေးတွင် တရုတ်နိုင်ငံမှာ မိမိတို့၏ အမျိုးသား အကျိုးစီးပွားအတွက် စီးပွားရေး အကျိုးအမြတ်ကို အဓိက ထားသော်လည်း ဆက်ဆံသည့် နိုင်ငံ၏ ဖွံ့ဖြိုးရေးအတွက်ပါ အလေးထား အကူအညီပေးအပ်ခြင်းမျိုးလည်း ရှိသည်။ သို့သော် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးရေး အကူအညီများတွင် ဒီမိုကရေစီ ထွန်းကားရေးအတွက် မပါဝင်ပေ။ ထို့ပြင် တရုတ်အစိုးရမှ ထုတ်ပြန်သည့် ဈေးကွက်စီးပွားရေး နှင့် အာဏာပိုင်စနစ် ကျင့်သုံးရေးဟူသော ဘေဂျင်းသဘောတူအမြင်(Beijing Consensus) မှာ ဒီမိုကရေစီ အသွင်ကူးပြောင်းနေသည့် နိုင်ငံများနှင့် အိုင် ဒီယာချင်း အတော်ဝေးကွာစေပါသည်။

တန်ဖိုးနှင့် အကျိုးစီးပွား

မြန်မာအစိုးရသစ်၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများအပြီး မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံမှု များလာသည့် နိုင်ငံများမှာ အမေရိကန်နှင့် ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံများဖြစ်သည်။ အမေရိကန်သည် အခြားနိုင်ငံများနှင့် ဆက်ဆံရေး၌ တန်ဖိုးအခြေခံ (value)နှင့် အကျိုးစီးပွားအခြေခံ (interest) မူကြီး နှစ်ခုကို အလျဉ်းသင့်သလို ကိုင်စွဲကျင့်သုံးသည်။ ၁၉၆၀ အလွန်မှ ၂၀၁၀အထိ အမေရိကန်နှင့် မြန်မာနိုင်ငံ၏ ဆက်ဆံရေးကို သုံးသပ်ကြည့်ပါက အာရှတွင် ကွန်မြူနစ်များ မကြီးစိုးရေးအတွက် ဒီမိုကရေစီအစိုးရကို အာဏာသိမ်းခဲ့သော တော်လှန်ရေးကောင်စီတစ်ဖြစ်လဲ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ ကို ထောက်ပံ့ ကူညီခဲ့သည့် အကျိုးစီးပွားအခြေခံ ဆက်ဆံရေးမျိုးဖြစ်ထွန်းခဲ့သည်။ ၁၉၉၀ နောက်ပိုင်းတွင် နှစ်နိုင်ငံ ဆက်ဆံရေးမှာ  အကျိုးစီးပွား အခြေခံ ဆက်ဆံရေးမှ တန်ဖိုးအခြေခံဆက်ဆံရေးသို့ ၁၈၀ဒီဂရီ ရုတ်ချည်း ပြောင်းလဲသွားခဲ့သည်။ သို့သော်  မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် လူအခွင့်အရေး ချိုး ဖောက်မှုများ ရှိနေခြင်းကို အမေရိကန်အပါအဝင် အနောက်အုပ်စုဝင် နိုင်ငံများက အရေးယူပိတ်ဆို့မှုများပြုလုပ်ခဲ့သည်။ ထိုအတွက်ကြောင့် မြန်မာနိုင်ငံမှာ ကမ္ဘာ့နိုင်ငံရေးတွင် မိမိတို့ဘက်မှ ရပ်တည်ပေးနိုင်မည့် တရုတ်နိုင်ငံနှင့် မဟာဗျူဟာမြောက် မိတ်ဘက်အဖြစ် ဆက်ဆံခဲ့သည်။ ယခင် အမေရိကန်သမ္မတ ဟောင်း ဂျော့ဘုရ်(အငယ်) အစိုးရလက်ထက်တုန်းက အမေရိကန်မှာ အာဆီယံ၏ဒေသကို စိတ်မဝင်စားခဲ့ဘဲ အရှေ့အလယ်ပိုင်း အရေးကိုသာ အဓိက ထားခဲ့သည်။ ယခု အိုဘားမားအစိုးရလက်ထက်တွင် အမေရိကန်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ အပြောင်းအလဲများ ဖြစ်ပေါ်လာပြီး အာဆီယံဒေသနှင့် ပြန် လည်၍ ထိတွေ့ဆက်ဆံမှုများ ပြုလုပ်လာခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း အားလုံးပါဝင်သည့် နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ်လာလျက်ရှိပေရာ အမေရိကန်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးမှာလည်း တကျော့ပြန်နွေးထွေးလာခဲ့သည်။

ဟန်ချက်ညီညီ

ထိုသို့ ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲများနှင့် ယခုဖြစ်ထွန်းနေသော မြန်မာနိုင်ငံရေး အပြောင်းအလဲများ ဟန်ချက်ညီညီဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက် မှုကို အရယူနိုင်ဖို့ဆိုသည်မှာ မြန်မာနိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်နေသော Players များ၏ အမြော်အမြင်ရှိမှုမှာ အရေးကြီးလာပါသည်။ ယခုအခါတွင် တရုတ် လိုလားသောအုပ်စု၊ အမေရိကန်လိုလားသောအုပ်စု အစရှိသည့် အိုင်ဒီယိုလိုဂျီအခြေခံ ဆက်ဆံရေးထက် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို ရှေ့ရှု၍သာ အင် အားကြီးနိုင်ငံများနှင့် ဆက်ဆံသင့်သည်။ ထို့အပြင် ဒီမိုကရေစီအသွင်ကူးပြောင်းမှု အောင်မြင်ရေး၊ နိုင်ငံဖွံ့ဖြိုးရေးပန်းတိုင် ရောက်ရှိရေးကို ကြိုးစားရာ ဝယ် နိုင်ငံရေးအင်အားစုများကြား နည်းလမ်းများ မတူညီသည့်တိုင် ထိုနည်းလမ်းမတူညီမှုကို အကြောင်းပြု၍ အမျိုးသား စည်းလုံးညီညွတ်မှု အားနည်း သွားစေခြင်းမျိုးလည်း မဖြစ်ထိုက်ပါ။ နိုင်ငံတော်သမ္မတကြီး ၁.၃.၂၀၁၂၌ ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားခဲ့သော နိုင်ငံတော် အခြေပြမိန့်ခွန်းတွင် လည်း “နိုင်ငံတော်လည်း ပန်းတိုင်ရောက်၊ တိုင်းရင်းသားများလည်း ပန်းတိုင်ရောက်၊ နိုင်ငံသားအားလုံးလည်း ပန်းတိုင်ရောက်” ဟူ၍ ထည့်သွင်း ပြော ကြားသွားခဲ့သည်မှာလည်း ပန်းတိုင်သို့ ရောက်ရှိရေးတွင် အမျိုးသားစည်းလုံးညီညွတ်မှုကိုပါ အလေးထားဆောင်ရွက်သွားမှ ဖြစ်ထွန်းနိုင်မည်ဟု ဆိုခဲ့ခြင်း ဖြစ်သည်။ စည်းလုံးညီညွတ်မှု(Unity) နှင့် အသွင်ကွဲ အဆင်ကွဲဖြစ်မှု (Diversity) မှာ ဒီမိုကရေစီ၏ အခြေခံ အလှတရား နှစ်ပါးပင်ဖြစ်သည်။ ယခုမြန်မာ နိုင်ငံရေးတွင် လွှတ်တော်တွင်းနိုင်ငံရေး၊ လွှတ်တော်ပြင်ပ နိုင်ငံရေးဟူ၍ အသွင်ကွဲ အဆင်ကွဲဖြစ်မှုများ ဖြစ်ထွန်းလာမှုမှာ ဒီမိုကရေစီ၏ ကြန်အင် လက္ခ ဏာဖြစ်သော်လည်း ယင်းအသွင်ကွဲ အဆင်ကွဲဖြစ်မှုကို ဉာဏ်အမြော်အမြင်နည်းစွာ ကျင့်သုံးလျှင်တော့ စည်းလုံးညီညွတ်မှုမှာ ပျောက်သွားနိုင်သည်။

နိုင်ငံရေးသိမှုနယ်ပယ်

မြန်မာလူမျိုးတို့၏ နိုင်ငံရေးသိမှုနယ်ပယ်တွင် အာဏာပိုင်စနစ်နှင့်သာ ယဉ်ပါးခဲ့သည်ဖြစ်ရာ ဒီမိုကရေစီ အလေ့အကျင့်များ တနည်း ဒီမိုကရေစီ ဝိဉာဉ် ဖြစ်ထွန်းပေါ်ပေါက်လာအောင် ယခုမှစတင်၍ မွေးမြူရမည်ဖြစ်သည်။ ဒီမိုကရေစီ ခိုင်မာအားကောင်းဖို့ဆိုလျှင် ဒီမိုကရေစီနှင့်အတူ ယှဉ်တွဲဖြစ်ပေါ် သည့် အရပ်ဖက်လူ့အဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို အလေးထားရမည်ဖြစ်သည်။ အရပ်ဖက် လူ့အဖွဲ့အစည်းများ အားကောင်းလာဖို့မှာလည်း လူအဖွဲ့ အစည်းအတွင်းရှိ လူမှုအရင်းအနှီးနှင့် တိုက်ရိုက် သက်ဆိုင်ပေသည်။ လူမှုအရင်းအနှီးအား ကောင်းမှသာလျှင် လူ့အဖွဲ့အစည်းအတွင်း တရားနည်းလမ်းမ ကျမှု၊ မမျှမတဖြစ်မှုများ ဖြစ်ပေါ်မှုနည်းအောင် ဆောင်ရွက်နိုင်မည်။ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသော နိုင်ငံသားများ၏ အခွင့်အရေးနှင့် တာဝန် များကို ပြည်သူများက ဖွဲ့စည်းပုံဘောင်ထဲကပင် နိုင်ငံရေးရင့်ကျက်မှုဖြင့် ရယူနိုင်ရေးမှာ နိုင်ငံသားအားလုံး ပန်းတိုင်ရောက်ရှိရေးအတွက် မရှိမဖြစ်သော အခြေခံ အကြောင်းတရားတစ်ပါးလည်း ဖြစ်သည်။

ကမ္ဘာမြေပုံပေါ်တွင် မြန်မာနိုင်ငံအဖြစ် ဖြစ်တည်နေသည်မှာ နှစ်ပေါင်း နှစ်ထောင်ခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။ ဘေးပတ်ဝန်းကျင် နိုင်ငံများ၏ လွှမ်း မိုးမှုကိုမခံဘဲ ယဉ်ကျေးမှုမြင့်မားအောင် တည်ဆောက်နိုင်ခဲ့သည့် ရှေုးမြန်မာမနုများ၏ အသိပညာ အားကောင်းမှုမှာ ချီးကျူးဂုဏ်ယူဖွယ်ပင် ဖြစ်သည်။ ထို သို့ ယဉ်ကျေးမှု မြင့်မားခဲ့သည့် နိုင်ငံတစ်နိုင်ငံမှာ ယခုကြုံတွေ့နေရသည့် နိုင်ငံတည်ဆောက်ရေး အတားအဆီးများ၊ အခက်အခဲများကို ကြံ့ကြံ့ခံ ရင်ဆိုင် တွန်းလှန်နိုင်မည်လော ဆိုသည်မှာ စောင့်ကြည့်ရဦးမည့် အားစမ်းမှုဖြစ်သည်။ မြန်မာတစ်မျိုးသားလုံး၏ စည်းလုံးညီညွတ်မှု၊ နိုင်ငံခေါင်းဆောင်များ၏ အ မြော်အမြင်ရှိမှုနှင့် ပြည်သူများ၏ နိုင်ငံရေး ရင့်ကျက်မှုတို့သည် မြန်မာနိုင်ငံမှာ ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာပြည့်ဝသည့် နိုင်ငံတစ်ခုအဖြစ် ရှင်သန်       ရပ်တည်နိုင်မည့် ဆင်ခြင်များပင် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ပါသည်။ 

********************************************************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs