Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁ဝ.၄.၂ဝ၁၂

ဘာသာပြန်သတင်းများ

  1. ဗြိတိသျှ ဝန်ကြီးချုပ် သောကြာနေ့တွင် မြန်မာနိုင်ငံသို့ လာမည်

(Channel News Asia မှ 9 April 2012 ရက်စွဲပါ British PM to visit Myanmar on Friday ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာ့သံတမန် ဆက်ဆံရေး

(The Telegraph မှ 9 April 2012 ရက်စွဲပါ Burmese Diplomacy ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာတို့ကို အခြားရှုထောင့်တစ်ခုမှ မြင်ကြည့်ခြင်း

(Bangkok Post မှ 10 April 2012 ရက်စွဲပါ Putting people in another perspective သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

***********************************************

ဗြိတိသျှ ဝန်ကြီးချုပ် သောကြာနေ့တွင် မြန်မာနိုင်ငံသို့ လာမည်

(Channel News Asia မှ 9 April 2012 ရက်စွဲပါ British PM to visit Myanmar on Friday ကို ဘာသာ ပြန်ဆိုသည်)

ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းသည် ယခုအပတ် သောကြာနေ့တွင် မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ပြီး အဆိုပါ ခရီးစဉ်သည် အနောက်နိုင်ငံ ထိပ်တန်း ခေါင်းဆောင်တစ်ဦး၏ ပထမဆုံးခရီးဖြစ်ကြောင်း အစိုးရတာဝန်ရှိသူများက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

ကင်မရွန်းသည် သောကြာနေ့တွင် သမ္မတဦးသိန်းစိန်နှင့် နေပြည်တော်တွင် တွေ့ဆုံမည်ဖြစ်ပြီး ယင်းနေ့တွင်ပင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်တွင် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း အမည်မဖော်လိုသူ အစိုးရ တာဝန်ရှိသူ တစ်ဦးက AFP သို့ ပြောသည်။ "သူ့ရဲ့ ခရီးစဉ်က တစ်ရက်တည်းပါ" ဟု ယင်းက ဆိုသည်။

အခြား အစိုးရ တာဝန်ရှိသူ တစ်ဦးကလည်း ခရီးစဉ်ကို အတည်ပြု ခဲ့သော်လည်း အစီအစဉ်များကိုမူ နောက်ဆုံးအဆင့် ညှိနှိုင်းဆဲဖြစ်သည်ဟု ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လူတစ်ဦးကလည်း သူမသည် ကင်မရွန်းနှင့် သောကြာနေ့တွင် ရန်ကုန်၌ တွေ့ဆုံရန် မျှော်လင့်ကြောင်း AFP သို့ ပြောကြားသည်။

NLD သည် ပြည်သူ့လွှတ်တော်တွင် အဓိက အတိုက်အခံ အင်အားစု ဖြစ်လာမည် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဧပြီ ၂၃ တွင် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ ပထမဆုံးအကြိမ် အဖြစ် တက်ရောက်မည် ဖြစ်ကြောင်း သူမ၏ ပါတီက ပြောကြားသည်။

ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ဝီလျံဟေ့ဂ်ကလည်း ဒေါ်အောင်ဆန်းစုကြည်၏ အနိုင်ရမှုသည် မြန်မာပြည်သူများ၏ သမိုင်းဝင်ရလဒ်ဖြစ်ကြောင်း ချီးကျူးခဲ့ပြီး ဦးသိန်းစိန်အား ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်တွင် ဆက်လက် ရပ်တည်ရန် တိုက်တွန်းခဲ့သည်။ ကင်မရွန်း၏ ခရီးစဉ်သည် မှတ်တိုင်ဖြစ်သည့် ကြားဖြတ် ရွေးကောက်ပွဲအပြီး အီးယူက မြန်မာအပေါ် ချမှတ်ထားသော အရေးယူမှုများ ရုတ်သိမ်းပေးရန် စဉ်းစားနေချိန်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အချို့နိုင်ငံများက အရေးယူမှုအားလုံး ရုတ်သိမ်းရန် တိုက်တွန်းနေသော်လည်း ဗြိတိန်နှင့် နော်ဒစ်နိုင်ငံများက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ဆက်လက် လုပ်ကိုင်နိုင်ရေးအတွက် တစ်ဆင့်ပြီးတစ်ဆင့် ချဉ်းကပ်ရေးကိုသာ လုပ်ဆောင်သင့်ကြောင်း အီးယူသံတမန်များက ပြောကြားခဲ့သည်။

ယခုနှစ်တွင် အချို့အရေးယူမှုများကို ရုတ်သိမ်းပေးခဲ့ပြီးဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီးသည် နောက်တစ်ဆင့် အနေဖြင့် ဧပြီ ၂၃ ရက် လူဇင်ဘတ်တွင် တွေ့ဆုံသည့်အခါ ဆုံးဖြတ်ချက် ပေးမည် ဖြစ်သည်။

*****************************************

မြန်မာ့သံတမန် ဆက်ဆံရေး

(The Telegraph မှ 9 April 2012 ရက်စွဲပါ Burmese Diplomacy ကို ဘာသာ ပြန်ဆိုသည်)

ယခုတစ်ပတ် လာရောက်မည့် ဒေးဗစ်ကင်မရွန်း၏ မြန်မာခရီးစဉ်သည် ပြီးခဲ့သည့်နှစ် စစ်အစိုးရမှ အရပ်သားအစိုးရသို့ အာဏာ လွှဲပေးပြီး နောက်ပိုင်း အနောက်နိုင်ငံ အစိုးရ ခေါင်းဆောင်တစ်ဦး၏ ပထမဆုံး ခရီးစဉ် ဖြစ်ပြီး နိုင်ငံရေးနှင့် စီးပွားရေးများကို ဖြေလျော့ပေးခြင်းအတွက် အသိအမှတ်ပြု ကြိုဆိုသည့် ခရီးစဉ်တစ်ခုလည်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည်လည်း ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်အတွက် ရွေးကောက် တင်မြှောက်ခံရပြီး NLD သည်လည်း နေရာ ၄၅ နေရာအနက် ၉ဝ% အနိုင်ရရှိခဲ့သည်။ မြစ်ဆုံမှ ရေလှောင်တမံ လုပ်ငန်းကို ရပ်ဆိုင်းလိုက်ခြင်းသည် မြန်မာက တရုတ်အပေါ် မှီခိုမှုများ လျှော့ချလိုက်သည်ကို သိသာစေသည်။ မြန်မာ့ငွေကြေး ဖြစ်သော ကျပ်ကိုလည်း ဒေါ်လာနှင့် လဲလှယ်ရာတွင် နှုန်းရှင်ထားပေးခဲ့ပြီး နိုင်ငံခြား တိုက်ရိုက် ရင်းနှီး မြှုပ်နှံမှု ဥပဒေကိုလည်း မကြာခင် ခွင့်ပြုတော့မည် ဖြစ်သည်။

မြန်မာနိုင်ငံသည် ဆယ်စုနှစ်များစွာ စစ်တပ်၏ ဖိနှိပ်မှုမှ နိုးထလာပြီးနောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဝီလျံဟေ့ဂ်တို့ လာရောက်လည်ပတ်ခဲ့ကြပြီး အရေးယူပိတ်ဆို့မှုများမှ အချို့ အစိတ်အပိုင်းများကို ဖြေလျှော့ပေးခဲ့ပြီးလည်း ဖြစ်သည်။ ကင်မရွန်းသည် သောကြာနေ့တွင် လာရောက်မည် ဖြစ်ရာ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များ အထူးသဖြင့် နိုင်ငံရေး မျက်နှာစာတွင် ရှေ့ဆက် လုပ်ဆောင်ရန် တိုက်တွန်းမှုများ ပြုနိုင်မည့် အခွင့်အရေး ရရှိမည် ဖြစ်သည်။

ဧပြီ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD အနိုင်ရမှုကို လေးစား အသိအမှတ် ပြုရမည် ဖြစ်သော်လည်း ပြည်သူ့လွှတ်တော်တွင် NLD က ၁ဝ% သာ ရှိဦးမည် ဖြစ်ပြီး အခြေခံ ဥပဒေအရ စစ်သား ၂၅% နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အများစုကသာ လွှမ်းမိုးထားဦးမည် ဖြစ်သည်။ မြောက်ပိုင်းတွင်လည်း မြန်မာတပ်များနှင့် တိုင်းရင်းသား ကချင်များ၏ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။

ပြီးခဲ့သည့်အပတ်က ရွေးကောက်ပွဲ ရလဒ်သည် ၂ဝ၁၅ ရွေးကောက်ပွဲတွင် NLD က အားလုံး အနိုင်ရသွားနိုင်သည်ဟု နိမိတ်ပေးနေပြီ ဖြစ်သည်။ ထိုအခါ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတ ဖြစ်လာနိုင်ပြီး စစ်တပ်မှ သုံးနေသော ဘတ်ဂျတ်နှင့် စီးပွားရေး လုပ်ငန်းများအတွက် ခြိမ်းခြောက်မှုများ ရှိလာနိုင်သည်။ ထို့ကြောင့် ဒီမိုကရေစီ အပြည့်အဝ ရရှိရေးသို့ သွားရာလမ်းသည် အန္တရာယ်များနှင့် ရောပြွန်းလျက် ရှိသည်။ ထို့အတွက်ပင် ဗြိတိန် ဝန်ကြီးချုပ် မစ္စတာကင်မရွန်း၏ ခရီးစဉ်သည် မြန်မာနိုင်ငံအတွက် လွန်စွာ အရေးပါလာပေသည်။

*******************************************

မြန်မာတို့ကို အခြားရှုထောင့်တစ်ခုမှ မြင်ကြည့်ခြင်း

(Bangkok Post မှ 10 April 2012 ရက်စွဲပါ Putting people in another perspective သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

မြန်မာလူမျိုးများကို လူသတ်တတ်ကြသူ များအဖြစ် ပုံဖော်ခဲ့ခြင်းအတွက် ထိုင်းပြည်တွင်း မီဒီယာများကိုပင် အပြစ်တင်ရပါလိမ့်မည်။ ထိုင်းမီဒီယာ များသည် မြန်မာအလုပ်သမားများ၊ အိမ်အကူများက သူတို့၏ ထိုင်းအလုပ်ရှင်ကို ပြန်သတ်သော သတင်းများကို နှစ်ပေါင်းများစွာ ဖော်ပြခြင်းဖြင့် ရက်စက် ကြမ်းတမ်းသူများအဖြစ် ရေးသား တင်ပြခဲ့ကြခြင်းကြောင့် ဖြစ်သည်။

မကြာသေးမီက ရန်ကုန်သို့ သွားရောက်ခဲ့သော ခရီးစဉ်တွင် မြန်မာလူမျိုးတို့၏ အခြားဆိုက်တစ်ခုကို မြင်တွေ့ခဲ့ရသည်။ ဒေသခံမြန်မာများနှင့် ၅ ရက်ကြာ ပြောဆိုဆက်ဆံခဲ့ခြင်းကြောင့် မြန်မာလူမျိုးများသည်လည်း ထိုင်းနှင့် လာအိုတို့ကဲ့သို့ပင် ရင်းနှီးပွင့်လင်း၊ ယဉ်ကျေးပျူငှာ နွေးထွေးသူများ ဖြစ်ကြောင်း စာရေးသူ သိရှိသွားခဲ့သည်။

ဥပမာပြရလျှင် ရန်ကုန် အနောက်တောင်ဖက် ကော့မှူးမြို့နယ် မဲရုံအနီးမှ အိမ်ခြံဝင်းတစ်ခုရှေ့တွင် စာရေးသူတို့ ရပ်နေစဉ် အသက် ၅ဝ အရွယ် အိမ်ရှင် အမျိုးသမီးကြီးက သူမ၏အိမ်အတွင်း ဝင်ရောက်နားနေရန် ပျူငှာသောအပြုံးဖြင့် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။ ထိုမြို့တွင်ပင် တဲတစ်လုံးရှေ့မှာ စာရေးသူတို့ မတ်တပ်ရပ်ပြီး ရန်ကုန်မြို့မှဝယ်လာခဲ့သော မနက်စာကို စားသောက်နေစဉ် အမျိုးသမီးတစ်ဦးက ကုလားထိုင်ယူမလားဟု လာရောက် မေးမြန်းသည်ကိုလည်း ကြုံဆုံခဲ့ ရသည်။

ရန်ကုန်မြို့မှ အိမ်များစွာ၏ရှေ့နှင့်ပလက်ဖောင်းများဘေးတွင် ခရီးသွားများသောက်ရန် သောက်ရေအပြည့် ရေအိုးနှင့် ပလပ်စတစ်ခွက်များကို သစ်သားစင်ကလေးများနှင့် တွေ့ရခြင်းသည် လွန်ခဲ့သောနှစ်ပေါင်းများစွာက ထိုင်းနိုင်ငံ အစွန်အဖျား ကျေးရွာများမှ မြင်ကွင်းနှင့် ဆင်တူနေပေသည်။ မြန်မာနိုင်ငံတွင် မည်သူ့ကိုမဆို ဓာတ်ပုံရိုက်ရန် ကင်မရာဖြင့် ချိန်လိုက်လျှင် ပြုံးပြတတ်ကြသည်။ ကလေးများကလည်း ဓာတ်ပုံရိုက်ခံရသည်ကို ပျော်နေကြသည်။ သူတို့မိဘများက “ပြုံးလိုက်လေ”ဟု ပြောသောအခါ ကလေးများက နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြကြသည်။ လမ်းဘေးဈေးသည်များကလည်း ဓာတ်ပုံ ရိုက်ခံရခြင်းကို အနှောင့်အယှက် မဖြစ်ကြသည့်အပြင် ဓာတ်ပုံကိုကြည့်ပြီး တစ်ဦးနှင့်တစ်ဦး နောက်ပြောင်ကျီစယ် နေကြသည်ကိုပင် တွေ့ရသည်။

မြန်မာ့ရိုးရာ ထမင်းဟင်း တည်ခင်းရောင်းချသော စားသောက်ဆိုင်များတွင်လည်း အဓိက အသားဟင်းမှလွဲပြီး အခြား အရန်ဟင်းများကို မှာယူစရာ မလိုပေ။ အရန်ဟင်းပွဲများကို အခမဲ့ပေးပြီး ထမင်းဖြူ၊ လက်ဖက်ရည်ကြမ်းပူပူ၊ ဒေသထွက် ဟင်းသီးဟင်းရွက် တစ်ပန်းကန်နှင့် ငါးပိရည်နှင့် တို့စရာ၊ ဟင်းချိုတို့ ပါဝင်ပါသည်။ စားသောက်ပြီးချိန် တွင်လည်း ရိုးရာအချိုပွဲနှင့် လက်ဖက်အကြော်စုံတို့ကို စားပွဲတိုင်းတွင် အမြဲတမ်း တည်ခင်းပေးပြီး ယင်းတို့ အပေါ် အခကြေးငွေ မယူသည့်အပြင် ကုန်လျှင် ထပ်ဖြည့်ပေးလေ့ရှိသည်။

မြန်မာလူမျိုးများသည် အလွန်ယဉ်ကျေးသူများ ဖြစ်ပြီး စားပွဲထိုးကလေးများကလည်း မြန်မာ့ဓလေ့အတိုင်း ရိုကျိုးစွာ ပြောဆိုနေထိုင်ကြသည်။ ဒေသခံများအား လမ်း သို့မဟုတ် သတင်းမေးရာတွင်လည်း အင်္ဂလိပ်စာ ပြောနိုင်သူ တစ်ဦးကို ရှာပေးခြင်း သို့မဟုတ် စာရေးသူတို့ သဘော ပေါက်သည်အထိ လက်ဟန်ခြေဟန်ဖြင့် ရှင်းပြခြင်းဖြင့် ကူညီကြသည်။ မြန်မာတို့၏ နွေးထွေးပျူငှာပုံမှာ ကမ္ဘာက စံတင်လောက်ပေသည်။ နောက်ဆုံးနေ့ ကားငှားရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသော တက္ကစီမောင်းသူက သူမ၏ မဲဆွယ်ခရီးစဉ်မှတ်တမ်း ဒီဗီဒီ ၄ ချပ်ကို လက်ဆောင်ပေးသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ရှာတွေ့ဖို့ ကားပတ်မောင်းခိုင်းနေသော စာရေးသူတို့ကို သူမ၏ ပရိသတ်များဟု ထင်ပုံရသည်။ သို့သော် ဘာအလုပ်လုပ်သလဲ၊ ဘာကြောင့်လဲဆိုသော မေးခွန်းများကို မမေးသည့်အပြင် အချိန်တိကျသူ တစ်ဦးလည်း ဖြစ်သည်။

နောက်ထပ်ပြောချင်သော အချက်မှာ ရန်ကုန်တွင် လမ်းလျှောက်စဉ် လုံခြုံစိတ်ချရသော်လည်း တံထွေး စင်ခံရမည်ကို သတိထားနေရသည်။ ကွမ်းဝါး နေခြင်းဖြင့် ကွမ်းတံတွေး ထွေးခြင်းတို့ကြောင့် ရန်ကုန်မြို့လမ်းများကို ကွမ်းသွေးများက ညစ်နွမ်းစေနေသည်ကို တွေ့မြင်ရသည်။ အရှိန် လျှော့ပေးလိုခြင်း သို့မဟုတ် ရပ်ပေးလိုခြင်း မရှိသော ယာဉ်မောင်းသူများကြောင့်လည်း စိတ်အနှောင့်အယှက် ဖြစ်ရသည်။ ယင်းတို့က မျဉ်းကျား၌ လမ်းဖြတ် ကူးရန် စောင့်နေသူများကို မြင်လျှင် အရှိန် မလျှော့သည့် အပြင် ဟွန်းကိုပင် တီးလိုက်ကြသေးသည်။ မြန်မာယာဉ်မောင်းများသည် ဟွန်းမတီးရ သတ်မှတ်ထားသော အစိုးရရုံးများ အနီးမှလွဲလျှင် ကျန်နေရာများ၌ ကားဟွန်းကို အရူးများကဲ့သို့ ဆက်တိုက် နှိပ်တတ်သူများ ဖြစ်သည်။

တစ်စုံတစ်ယောက်ကို လှမ်းခေါ်လိုသည့်အခါ ရွှတ် ဟု အသံပေးတတ်ကြခြင်းကို ရိုင်းသည်ဟု အချို့က ယူဆကြသော်လည်း စာရေးသူကမူ ပျော်စရာ ကောင်းသည်ဟု ထင်ပါသည်။ ဒေသခံ မြန်မာများက ထိုကဲ့သို့ အသံပေးခြင်းကို အကြိမ်များစွာ ကြားခဲ့သည့်တိုင် အစပိုင်းတွင် စာရေးသူ ကောင်းစွာ နားမလည်ပါ။ ယင်းဓလေ့သည် တစ်စုံတစ်ဦးကို လှမ်းခေါ်ရန်အတွက် လူအများစု သုံးစွဲနေသော စရိုက်တစ်ခုသာ ဖြစ်ပြီး စာရေးသူ ဖိလစ်ပိုင်ကို သွားခဲ့စဉ်ကလည်း အလားတူ ဓလေ့စရိုက်ကို တွေ့မြင်ခဲ့ရသည်။

နေရာသစ်တစ်ခုသို့ သွားမည်ဆိုလျှင် နှစ်သက်စရာများကို တွေ့နိုင်သကဲ့သို့ မနှစ်သက်ဖွယ်များကိုလည်း တွေ့ရမည်သာ ဖြစ်သည်။ မြန်မာတို့နှင့် ဆက်ဆံရသော အတွေ့အကြုံသည် စာရေးသူအတွက် အမြဲတမ်း မေ့နိုင်ဖွယ် မရှိသော အမှတ်တရများသာ ဖြစ်သည်။ ဤသို့ဖြစ်ရခြင်းမှာ စာရေးသူ၏ ကံကောင်းခြင်းကြောင့်သာ မဟုတ်ဘဲ မြန်မာလူမျိုးတို့၏ နွေးထွေး ပျူငှာသော ယဉ်ကျေးမှု သဘာဝကြောင့်ဟုသာ ဆိုချင်ပါသည်။

ခရီးသွားခြင်းက လူတစ်ဦး၏ အမြင်ကို ပြောင်းလဲသွားစေနိုင်သည်ဟူသော ပညာရှိတစ်ဦး၏ စကားသည် အလွန် မှန်ကန်လှကြောင်း စာရေးသူက ထောက်ခံသည်ဟု ရေးသားလိုက်ရပါသည်။

****************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs