Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၄.၄.၂ဝ၁၂

ဘာသာပြန်သတင်းများ

  1. ဒီမိုကရေစီ ကူးပြောင်းခြင်းကို နောက်ပြန်မလှည့်ဟု သမ္မတပြော

(AFP မှ 23 April 2012 ရက်စွဲပါ No U-turn on democratisation: Myanmar president ကို ဘာသာ ပြန်ဆိုသည်)

  1. ပိတ်ဆို့အရေးယူမှု အများစု အီးယူ ဆိုင်းငံ့

(EU Business မှ 23 April 2012 ရက်စွဲပါ EU suspends most sanctions against Myanmar ကိုဘာသာပြန်ဆိုသည်)

  1. ကုလအတွင်းရေးမှူးချုပ် မြန်မာနိုင်ငံသို့ သွားမည်

(Reuters မှ 23 April 2012 ရက်စွဲပါ UN Chief to visit Myanmar to encourage reform ကို ဘာသာ ပြန်ဆိုသည်)

  1. ယင်းလပ်၏ တရုတ်ခရီးစဉ် (သို့)  ဘေဂျင်း ဩဇာ ကြီးလာသည့် လက္ခဏာ

(VOA News မှ 19 April 2012 ရက်စွဲပါ Thai PM's visit to China a sign of Beijing's rising influence ကို ဘာသာ ပြန်ဆိုသည်)

****************************************

ဒီမိုကရေစီ ကူးပြောင်းခြင်းကို နောက်ပြန်မလှည့်ဟု သမ္မတပြော

(AFP မှ 23 April 2012 ရက်စွဲပါ No U-turn on democratisation: Myanmar president ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံသည် ဒီမိုကရေစီ ကူးပြောင်းမှု ဖြစ်စဉ်သည် နောက်ပြန် လှည့်လိမ့်မည် မဟုတ်ကြောင်း သမ္မတဦးသိန်းစိန်က ဂျပန်နိုင်ငံတွင် သတင်းထောက်များကို တနင်္လာနေ့ (မနေ့)က ပြောကြားလိုက်သည်။

"ဘယ်လို ဂငယ်ကွေ့မှ ရှိလာမှ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ ပြည်သူတွေအကျိုးအတွက် တူညီတဲ့ ပန်းတိုင်ကို ဦးတည်ခြင်းအားဖြင့် အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ဆန္ဒရှိပါတယ်" ဟု သမ္မတဦးသိန်းစိန်က ပြောသည်။ "သူမအနေနဲ့ လွှတ်တော်ထဲ ရောက်လာမလား ဆိုတာကတော့ သူမ အပေါ်မှာပဲ မူတည်ပါတယ်။ လွှတ်တော်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဝင်တွေ ပါဝင်လာကို ကြိုဆိုကြမှာပါ။ ဒီလိုဆိုရင် နှောင့်နှေးနေတဲ့ NLD ကို စိတ်အား တက်ကြွလာစေမှာပါ" ဟုလည်း ဆက်လက် ပြောသည်။

စစ်အုပ်ချုပ်ရေး ကာလအတွင်း ယခင်အကြီးအကဲ စိတ်ကြိုက် ရေးဆွဲခဲ့သော ၂ဝဝ၈ အခြေခံ ဥပဒေသည် ဒီမိုကရေစီနှင့် ကိုက်ညီခြင်း မရှိဟု အဓိက အတိုက်အခံဖြစ်သော NLD ပါတီက ပြစ်တင် ဝေဖန်ထားသည်။

အဆိုပါ တနင်္လာနေ့တွင်ပင် သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် အထောက်အကူ ဖြစ်စေမည့် နည်းပညာနှင့် ငွေကြေး အရင်းအနှီး အကူအညီများ ဂျပန်နိုင်ငံမှ ရရှိရန် တောင်းဆိုခဲ့သည်။ "ဂျပန်နိုင်ငံဟာ ကမ္ဘာ့နည်းပညာ အတိုးတက်ဆုံးနဲ့ အချမ်းသာဆုံး နိုင်ငံ တစ်ခု ဖြစ်ပါတယ်။ လယ်ယာ စိုက်ပျိုးရေး နိုင်ငံကနေ စက်မှု စီးပွား နိုင်ငံအဖြစ် ကူးပြောင်းမယ့် မြန်မာနိုင်ငံရဲ့ အားထုတ်မှုတွေအတွက် နိုင်ငံခြား အကူအညီ လိုအပ်ပါတယ်" ဟု တိုကျို သတင်းစာ ရှင်းလင်းပွဲတွင် သမ္မတက ပြောကြားသည်။

ထို့ပြင် မြန်မာက ပေးရန်ရှိသော ကြွေးမြီ ယန်းငွေ ၅ဝဝ ဘီလျံအနက် ၃ဝဝ ဘီလျံ လျှော့ပေါ့ပေးပြီး အတိုးနည်း ချေးငွေ အစီအစဉ် ပြန်လည် စတင်ခြင်းအတွက် ဂျပန်နိုင်ငံကို ကျေးဇူး အထူး တင်ရှိကြောင်း ထပ်မံ ပြောသွားခဲ့သည်။

၂၈ နှစ်အတွင်း ပထမဆုံးအနေနှင့် ဂျပန်သို့ ရောက်ရှိသွားသော မြန်မာ အကြီးအကဲ ဖြစ်သူ သမ္မတ ဦးသိန်းစိန်သည် ဂျပန် ဝန်ကြီးချုပ် ယိုရှီဟီကိုနိုဒါနှင့် စနေနေ့က တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဖြစ်သည်။

**************************************

ပိတ်ဆို့အရေးယူမှု အများစု အီးယူ ဆိုင်းငံ့

(EU Business မှ 23 April 2012 ရက်စွဲပါ EU suspends most sanctions against Myanmar ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော သမိုင်းတွင်သည့် အပြောင်းအလဲများအပေါ် တုံ့ပြန်မှုပြုသည့်အနေဖြင့် ဥရောပသမဂ္ဂ(အီးယူ) က ယခင်က သတ်မှတ် ပြဋ္ဌာန်းထားသည့် ကုန်သွယ်ရေး၊ စီးပွားရေးနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ အပေါ် ပိတ်ဆို့အရေးယူမှုများကို ဆိုင်းငံ့လိုက်ပြီဖြစ်ကြောင်း သံတမန်ကြီးများက AFP သတင်းဌာနသို့ပြောကြားသည်။ သို့သော် ဆိုင်းငံ့လိုက်သည့် ပိတ်ဆို့အရေးယူမှုများတွင် လက်နက်ရောင်းချမှုပိတ်ပင်ထားမှု ပါဝင်ခြင်း မရှိပေ။

မြန်မာနိုင်ငံမှ လုပ်ငန်းပေါင်း ၈၀၀ ကျော်နှင့် လူပုဂ္ဂိုလ် ၅၀၀ အပေါ်သတ်မှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို တစ်နှစ်တာမျှ ဆိုင်းငံ့ရန် အီးယူအဖွဲ့ဝင်နိုင်ငံများ သဘောတူညီမှုပြုခဲ့ပြီးနောက် အဆိုပါဆုံးဖြတ်ချက်ကို အတည်ပြုလိုက်ခြင်း ဖြစ်ကြောင်း သံတမန်တစ်ဦးက ပြောကြားသည်။ အီးယူ၏ အဆိုပါဆုံးဖြတ်ချက်သည် တစ်ချိန်တစ်ခါက နိုင်ငံတကာအသိုင်းအဝိုင်းတွင် အထီးကျန်ဖြစ်ခဲ့သော မြန်မာပြည်တွင်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဝင်ရောက် ယှဉ်ပြိုင်နိုင်ခဲ့သည့် ဧပြီ ၁ ရက် ကြားဖြတ် ရွေးကောက်ပွဲ အပါအဝင် ပြုပြင် ပြောင်းလဲမှုများကို ချီးမြှောက်သည့် အနေဖြင့် ချမှတ်ခဲ့ခြင်းဖြစ်သည်။

"လွန်ခဲ့သည့် တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် သမိုင်းဝင်ပြောင်းလဲမှုများကို ဥရောပသမဂ္ဂ(အီးယူ) က အသိအမှတ် ပြုကာ ဂုဏ်ယူလေးစားမိပါသည်။ အဆိုပါ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို ကြိုဆိုသည့်အနေဖြင့် လည်းကောင်း၊ အားပေးအားမြှောက် ပြုသည့် အနေဖြင့်လည်းကောင်း မြန်မာနိုင်ငံအစိုးရအပေါ် သတ်မှတ်ပြဋ္ဌာန်းထားသည့် ကန့်သတ်ပိတ်ပင်မှုများကို ဥရောပသမဂ္ဂကောင်စီက ဆိုင်းငံ့ပေးသွားမည် ဖြစ်သည်။ သို့သော် လက်နက်ရောင်းချမှုဆိုင်ရာ ကန့်သတ်ပိတ်ပင်မှုကိုမူ ဆက်လက်ထားရှိသွားမည်ဖြစ်သည်" ဟု အီးယူအဖွဲ့ဝင်နိုင်ငံ ဝန်ကြီးများရေး ဆွဲထုတ်ပြန်လိုက်သော ကြေညာချက်တွင်ဖော်ပြထားသည်။

"အီးယူအနေဖြင့် မြန်မာနိုင်ငံရှိ ပကတိအခြေအနေများကို အနီးကပ်စောင့်ကြည့်လေ့လာသွားကာ မိမိ၏လုပ်ငန်းစဉ်များကို အဆက်မပြတ် ဆန်းစစ်သုံးသပ်သွားမည်ဖြစ်သလို ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များမှ ပေါ်ထွန်းလာမည့် တိုးတက်ဖြစ်ထွန်းမှုများကိုလည်း အပြုသဘောဆောင်စွာ တုံ့ပြန်သွားမည်ဖြစ်သည်" ဟု ရေးသားထားသည်။ ထို့ပြင် မြန်မာနိုင်ငံ၌ လွတ်မြောက်ရန် ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများကို ခြွင်းချက်မရှိ လွှတ်ပေးပြီး တိုင်းရင်းသားလူမျိုးများနှင့်ဖြစ်ပေါ်နေသည့် ပဋိပက္ခများအဆုံးသတ်ရန် အီးယူဝန်ကြီးများက မျှော်လင့်လျက်ရှိသည်ဟု ဆိုသည်။

"မြန်မာနိုင်ငံမှာ ကြီးမားလှတဲ့ တိုးတက်ဖြစ်ထွန်းမှုတွေ ပေါ်ထွက်ခဲ့ပြီဖြစ်ပါတယ်။ ဒါပေမဲ့ ပဋိပက္ခတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အင်မတန် စိုးရိမ်ပူပန်မိနေဆဲပဲဖြစ်ပါတယ်" ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလီယံဟေ့ဂ်က ပြောကြားသည်။ "အဲဒီ အတွက်ကြောင့်လည်း ပိတ်ဆို့အရေးယူမှုတွေ အားလုံးကို မဖယ်ရှားသေးဘဲ ဆိုင်းငံ့ထားတာမျိုး လုပ်လိုက်ရတာပါ။ တကယ်လို့ မြန်မာနိုင်ငံဟာ လမ်းလွဲဘက်ကို ရောက်သွားမယ်ဆိုရင် အဲဒီပိတ်ဆို့အရေးယူမှုတွေကို ပြန်လည် ပြဋ္ဌာန်း ကျင့်သုံးသွားနိုင်ပါတယ်" ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

လက်ရှိဖြစ်ရပ်များအနက် ဆန့်ကျင်ဘက်သဘော ဆောင်သည့်ကိစ္စ တစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီတို့က ပါလီမန် လွှတ်တော်သို့ တက်ရောက်မည် မဟုတ်ကြောင်း ထုတ်ဖော်ကြေညာခဲ့ခြင်းပင် ဖြစ်သည်။ ပါလီမန် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ထည့်သွင်း ပြောဆိုရမည့် စာသားကို လက်သင့်မခံသောကြောင့် ဖြစ်သည်။

အီးယူအဖွဲ့တွင်လည်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို တုံ့ပြန်သည့်အနေဖြင့် ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားမည့်ကိစ္စ အပေါ် သဘောထား ကွဲလွဲမှုများ ရှိခဲ့ကြောင်း သိရသည်။ ဂျာမနီနိုင်ငံက ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားရန်ဆန္ဒရှိနေချိန်တွင် ယခင်မြန်မာပြည်ကို ကိုလိုနီ ပြုခဲ့သည့် ဗြိတိန်နိုင်ငံက ဖိအားပေးမှုများ ဆက်လက် ထားရှိလိုသည်။ သို့သော် ဧပြီလ ၁ ရက်နေ့ ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရရှိသည့် ရလဒ် ထွက်ပေါ်လာပြီးနောက် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့က ၁၉၉၆ ခုနှစ်မှ စတင်ကျင့်သုံးခဲ့သော ပိတ်ဆို့ အရေးယူမှုများကို ဆိုင်းငံ့မှုပြုလုပ်ပေးသင့်ကြောင်း တိုက်တွန်းပြောဆိုခဲ့ကြသည်။

အီးယူသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ခရီးသွားလာခွင့် ပိတ်ပင်ကန့်သတ်မှုများနှင့် ငွေကြေးဆိုင်ရာ ပိတ်ဆို့မှုများကို ဖယ်ရှားပေးခဲ့သည်။ အဆိုပါ ဖယ်ရှားမှုတွင် သမ္မတဦးသိန်းစိန်အပါအဝင် မြန်မာထိပ်ပိုင်း အစိုးရအရာရှိ ၈၇ ဦးလည်းပါဝင်သည်။ စီးပွားရေးနယ်ပယ်ကို ကြည့်မည်ဆိုပါက အီးယူသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုကို ပိတ်ပင်ခဲ့သလို မြန်မာပြည်မှ အဖိုးတန်ကျွန်းသစ်၊ သတ္တုနှင့် ကျောက်မျက်ရတနာများ တင်သွင်းမှုကိုလည်း ပိတ်ပင်ခဲ့သည်။ ယခုအခါ ဥရောပမှ စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံသို့ ဝင်ရောက်လုပ်ကိုင်ရန် တာစူလျက်ရှိသလို အီးယူ အဖွဲ့၏ နိုင်ငံခြားမူဝါဒဆိုင်ရာ အကြီးအကဲ ကက်သရင်းအက်ရှ်တန်ကလည်း ဧပြီလ ကုန်ပိုင်းတွင် မြန်မာပြည်သို့ သွားရောက်မည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့အတူ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးကိုလည်း ဘရပ်ဆဲလ်သို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားထားသည်ဟု ၎င်းကဆိုသည်။

"ကျွန်မတို့အီးယူအနေနဲ့ ယခုအခါ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေမှာ ပါဝင် အကူအညီ ပေးနိုင်ဖို့အတွက် မြန်မာအစိုးရနဲ့ တက်ကြွစွာပူးပေါင်းဆောင်ရွက်သွားတော့မှာဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားသည်။

**************************************

ကုလအတွင်းရေးမှူးချုပ် မြန်မာနိုင်ငံသို့ သွားမည်

(Reuters မှ 23 April 2012 ရက်စွဲပါ UN Chief to visit Myanmar to encourage reform ကို ဘာသာ ပြန်ဆိုသည်)

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ယင်းအနေဖြင့် မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ဆက်လက် လုပ်ကိုင်နိုင်ရေး အားပေးရန် မြန်မာနိုင်ငံသို့ မကြာမီ လာရောက် လည်ပတ်မည်ဖြစ်ကြောင်း တနင်္လာနေ့ (မနေ့)က ကြေညာခဲ့သည်။

"သမ္မတ ဦးသိန်းစိန်ထံက ဖိတ်ကြားမှုကို လက်ခံရရှိထားပါတယ်။ ယခု သီတင်းပတ် အကုန်မှာ ထွက်ခွာပါမယ်" ဟု ဘန်က သတင်းထောက်များကို ပြောကြားခဲ့သည်။

"လွန်ခဲ့တဲ့ တစ်နှစ်ခွဲအတွင်း အားတက်ဖွယ် နိုင်ငံရေးအရ စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုတွေ တွေ့ရပါတယ်။ မကြာသေးမီက ရွေးကောက်ပွဲတွေဟာ မှတ်တိုင်ပါပဲ။ မြန်မာနိုင်ငံဟာ ကမ္ဘာကို ပြန်ပြီး တံခါးဖွင့်လာတာ တွေ့နေရပါတယ်" ဟုလည်း ယင်းက ဆိုသည်။

ကုလ တာဝန်ရှိသူများက ပြောကြားရာတွင် ဘန်ကီမွန်းသည် ယခုအပတ်အကုန်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည် ဖြစ်ပြီး ရက်အနည်းငယ် နေထိုင်လိမ့်မည်ဟု ပါရှိသည်။

အမေရိကန်၊ အီးယူနှင့် အခြားနိုင်ငံများမှ မြန်မာအပေါ် ချမှတ်ထားသော အရေးယူမှုများ စတင် ဖြေလျှော့ရန် ဆုံးဖြတ်ခြင်းကို ဘန်က ကြိုဆိုခဲ့သည်။ သို့သော် မြန်မာ၏ မခိုင်မာသေးသော စတင်ပြောင်းလဲမှုအတွက် သတိထားခဲ့သည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်တွင် ကျမ်းကျိန်သည့်ကိစ္စအပေါ် အငြင်းပွားနေသော်လည်း အီးယူက မြန်မာအပေါ် ချမှတ်ထားသော အရေးယူမှုများကို တစ်နှစ် ယာယီ ရုတ်သိမ်းလိုက်ကြောင်း မနေ့က ကြေညာခဲ့သည်။

ကျမ်းကျိန်မှုကိစ္စ အငြင်းပွားမှုကို ဘန်ကီမွန်းအား မေးမြန်းရာ အစိုးရနှင့် အတိုက်အခံတို့သည် ထိုကိစ္စကို ဖြေရှင်းနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဖြေကြားခဲ့သည်။

ဘန်ကီမွန်းသည် မြန်မာနိုင်ငံသို့ ယခင်က နှစ်ကြိမ် သွားရောက်ခဲ့ဖူးရာ ယခုခရီးစဉ်သည် မြန်မာနိုင်ငံတွင် ပြုပြင် ပြောင်းလဲရေးများ လုပ်ဆောင်ပြီးနောက် ပထမဆုံး ခရီးစဉ် ဖြစ်သည်။

****************************************

ယင်းလပ်၏ တရုတ်ခရီးစဉ် (သို့)  ဘေဂျင်း ဩဇာ ကြီးလာသည့် လက္ခဏာ

(VOA News မှ 19 April 2012 ရက်စွဲပါ Thai PM's visit to China a sign of Beijing's rising influence ကို ဘာသာ ပြန်ဆိုသည်)

ထိုင်းနှင့် တရုတ်နိုင်ငံတို့သည် ၂ဝ၁၅ နောက်ဆုံးထား၍ နှစ်နိုင်ငံ နှစ်စဉ် ကုန်သွယ်ရေးကို ဒေါ်လာ ၁ဝဝ ဘီလျံထိ မြှင့်တင်ရန် လိုလားနေကြပြီး ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ထရာ၏ ယခုတစ်ပတ် ဘေဂျင်းခရီးစဉ်တွင် ယင်း ရည်မှန်းချက်ကို ချမှတ်ခဲ့ကြခြင်း ဖြစ်သည်။

ယင်းလပ်နှင့် ဝမ်ကျားပေါင်တို့သည် ဘဏ္ဍာရေးလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်း၊ ပို့ဆောင်ရေး လုပ်ငန်း များတွင် ပူးပေါင်း ဆောင်ရွက်ရေး အတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီး တရုတ်တောင်ပိုင်းနှင့် လာအို၊ ထိုင်း၊ မလေးရှား၊ စင်ကာပူတို့ ဆက်သွယ်မည့် ဒေသတွင်း မြန်နှုန်းမြင့် ရထားလမ်း ကွန်ရက်ကိစ္စ ကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့သည်။

ယင်းလပ်၏ ခရီးစဉ်က အရှေ့တောင်အာရှ၏ အရေးပါသော ကဏ္ဍမှ တရုတ်တို့၏ နေရာကို ခိုင်မာသွားစေသည်ဟု ချူလာလောင်ကွန်း တက္ကသိုလ်မှ နိုင်ငံရေး သိပ္ပံပညာရှင် သီတီနန်ပေါင် ဆူရတ်က မှတ်ချက်ပေးသည်။ ထို့ပြင် ၂ဝဝ၆ အာဏာ သိမ်းပွဲကြောင့် ပြည်ပတွင် တိမ်းရှောင်နေရာသော ယင်းလပ်၏ အစ်ကို ဝန်ကြီးချုပ်ဟောင်း သက်ဆင် လက်ထက်က ဖြစ်ထွန်းခဲ့သော ဆက်ဆံရေးကိုလည်း ခိုင်မာအောင် အထောက်အကူ ဖြစ်စေခဲ့သည်ဟု သီတီနန်က ဆိုသည်။

"တရုတ်နိုင်ငံက မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား တို့အပေါ်မှာ သိသိသာသာ လွှမ်းမိုးထားပါတယ်။ ဗီယက်နမ်ကိုတော့ အနည်းအကျဉ်းပဲ လွှမ်းမိုးနိုင်ပါတယ်။ ဒါပေမဲ့ ထိုင်းက တရုတ်တို့အတွက် အရေးကြီးတဲ့ နိုင်ငံပါ။ ပြီးခဲ့တဲ့ ၁ဝ နှစ်အတွင်း ဒါမှမဟုတ် စစ်တပ်က အာဏာသိမ်းပြီး ပြောင်းလဲလာတဲ့ ကာလမှာ ထိုင်းနိုင်ငံဟာ တရုတ်ဘက်ကို ညွှတ်လာပါတယ်။ ဒါပေမဲ့ သက်ဆင်ကော၊ သူ့ရန်သူတွေကော နှစ်ဖက်စလုံးက တရုတ်ဘက်ကို အလေးသာခဲ့ကြပါတယ်" ဟု သီတီနန်က ဆက်လက် သုံးသပ်သည်။

ယင်းလပ်၏ ခရီးစဉ်တွင် ထိုင်းကုမ္ပဏီ အကြီးအကဲများစွာ လိုက်ပါသွားခဲ့သည်။ မော်တော်ယာဉ်၊ စက်ကိရိယာ၊ အစားအသောက် ဆိုးဆေးနှင့် အိမ်ခြံမြေ ကဏ္ဍမှ ကုမ္ပဏီ ၅ ခုက ထိုင်းတွင် ဒေါ်လာ ၂ ဘီလျံ တန်ဖိုးခန့် ရင်းနှီး မြှုပ်နှံရန် စဉ်းစားနေသည်ဟု ထိုင်းရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့က ကြေညာသည်။ ထိုင်းကုမ္ပဏီများကလည်း တရုတ်ကုမ္ပဏီများနှင့် သဘောတူ တွဲဖက်ကာ ဒေါ်လာ ၂.၄ ဘီလျံခန့် ရင်းနှီး မြှုပ်နှံရန် လေ့လာနေကြသည်ဟု ဆိုသည်။

အရှေ့တောင်အာရှ ဒေသ၏ စီးပွားရေးနှင့် ဖွံ့ဖြိုးမှုကို အဓိက မောင်းနှင်နေသော တရုတ်၏ ကဏ္ဍကို ယခုခရီးစဉ်က မီးမောင်း ထိုးပြနေသည်ဟုလည်း သီတီနန်က ပြောသည်။ "ဖွံ့ထွားနေတဲ့ တရုတ်ဟာ အရှေ့အာရှ စီးပွားရေး ကြီးထွားမှုရဲ့ အဓိက ခေါင်းတွဲ ဖြစ်လာတဲ့အတွက် ဒီခရီးစဉ်ဟာ နိုင်ငံရေး မဟာဗျူဟာအရ သင်္ကေတမြောက်ရုံသာမက များပြားတဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု အကျိုးစီးပွားရေးလည်း ပါဝင်နေပါတယ်" ဟု သီတီနန်က ဆိုသည်။

ထိုင်းသည် တရုတ်နှင့် ရေရှည် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို လွန်ခဲ့သော ၁ဝ နှစ်ခန့်က လက်မှတ် ရေးထိုးခဲ့သော ပထမဆုံး အာဆီယံ နိုင်ငံ ဖြစ်သည်။ ထိုင်းနှင့် တရုတ်နိုင်ငံသည် စီးပွားဆက်နွယ်မှု တိုးတက်လာရေး ကိစ္စအပြင် မဲခေါင်မြစ်ပေါ်ရှိ တရုတ်၊ ထိုင်း၊ လာအို၊ မြန်မာ နယ်စပ်များတွင် ပူးတွဲ ကင်းလှည့်ရေး ကိစ္စကိုလည်း တိုးမြှင့်ဆောင်ရွက်သွားရန် သဘောတူ ခဲ့ကြသည်။

*********************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၄.၄.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1.  ရွေးကောက်ပွဲအပြီး မြန်မာ့နိုင်ငံရေး ဒီလိုဖြစ်စေချင်တယ်

***************************************

ဆောင်းပါးကဏ္ဍ

ရွေးကောက်ပွဲအပြီး မြန်မာ့နိုင်ငံရေး ဒီလိုဖြစ်စေချင်တယ်

အောင်သန်း (အခြေခံပညာ)

(ဧပြီ ၂၅ ထုတ် Weekly ELEVEN NEWS အတွဲ (၇) အမှတ် (၂၉)မှ ထုတ်ယူဖော်ပြသည်။)

ကြားဖြတ်ရွေးကောက်ပွဲ ပြီးဆုံးခဲ့ပြီ။ ပြိုင်ပွဲဆိုတာ အနိုင်-အရှုံး အဆုံးအဖြတ် ခံယူပွဲဖြစ်တယ်။ နိုင်တဲ့သူ ရှိသလို ရှုံးတဲ့သူလည်း ရှိမယ်။ ပြိုင်ပွဲမှာ နိုင်သူကလည်း မောက်မာထောင်လွှားခြင်း မရှိသင့်သလို ရှုံးသူအနေနဲ့လည်း အရှုံးကိုဝန်ခံရဲသည့် စိတ်ဓာတ်ရှိရမယ်။ ဒါမှ အငြိုးအတေးမရှိတဲ့ သန့်ရှင်းတဲ့ ပြိုင်ပွဲ Healthy Competition ဖြစ်ပါမယ်။ ရွေးကောက်ပွဲမတိုင်ခင်၊ အပြိုင်အဆိုင် အကြိတ်အနယ် ကြိုးစားခဲ့ကြပေမယ့် ရွေးကောက်ပွဲပြီးသွားတဲ့အခါ နိုင်သူရော ရှုံးသူပါ အတူလက်တွဲပြီး တညီတညွှတ်တည်း တိုင်းပြည်အကျိုးဆောင်ရွက်ခဲ့ကြတဲ့ အမေရိကန်ရွေးကောက်ပွဲများအကြောင်း အတုယူ နိုင်ဖို့ ပြောပြလိုပါတယ်။ လွတ်လပ်ရေးစစ်ပွဲအပြီး အမေရိကန်ပြည်ထောင်စုမှာ၊ သမ္မတ ရွေးချယ်တင်မြှောက်ပွဲများ ကျင်းပခဲ့ကြတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀ ကျော်က ကျင်းပခဲ့ကြတဲ့ ရွေးကောက်ပွဲများကိုကြည့်ရင် သန့်ရှင်းပွင့်လင်းပြီး ထင်သာ မြင်သာရှိတယ်။ သမ္မတများ၊ နိုင်ငံရေးပါတီများ၊ ကိုယ်ကျိုး မရှာ တိုင်းပြည်နှင့် လူမျိုးအတွက်သာ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ကြတယ်။ နိုင်ငံရေးပါတီများ ယုံကြည်ချက်အယူဝါဒ မတူကြဘူး။ ဒါပေမယ့် တိုင်းပြည်နဲ့ လူမျိုးအတွက် အလုပ်လုပ်ကြတဲ့အခါမှာ တညီတညွှတ်၊ တစ်စိတ်တစ်ဝမ်းတည်း ရှိကြတယ်။ ဒီအစဉ်အလာကောင်းဟာနှစ်ပေါင်း၂၀၀ကျော်လာ ခဲ့ ပေမယ့် အခုထိ ဆက်လက်လက်ဆင့်ကမ်း တည်ရှိနေတယ်။ အဲဒါဟာ ချီးကျူးစရာ၊ အတုယူစရာပဲ။ ၂၀၀၀ ပြည့်နှစ်၊ အမေရိကန် ပြည်ထောင်စု သမ္မတ ရွေးကောက် ပွဲမှာ ဒီမိုကရက်တစ်ပါတီမှ ဒုတိယသမ္မတ အယ်လ်ဂိုးနှင့် ရီပါဘလစ်ကန် ပါတီမှ ဂျော့ဘုရှ်တို့ အကြိတ်အနယ် ပြိုင်ကြတယ်။ ဂျော့ဘုရှ်က မဲအနည်းငယ်နဲ့ ပွတ်ကာသီကာနိုင်တယ်။ ဒုတိယသမ္မတ အယ်လ်ဂိုးက သူရှုံးကြောင်းဝန်ခံပြီး ဂျော့ဘုရှ်နိုင်တဲ့အတွက် ၀မ်းသာကြောင်းနဲ့ ဂုဏ်ပြုကြောင်း ဖုန်းဆက်ပြော တယ်။

ထိုနည်းတူပဲ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်မှာကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ ရီပါဘလစ်ကန်ပါတီမှအရွေးခံသူ ဆီနိတ်တာ ဂျွန်မက်ကိန်းက ဒီမို ကရက်တစ်ပါတီမှ အရွေးခံသူ ဘားရက်အိုဘားမား နိုင်သည်ကိုဝန်ခံပြီး အိုဘားမားအနိုင်ရသည်ကို ဝမ်းမြောက်ဝမ်းသာ ချီးကျူးဂုဏ်ပြုကြောင်းနှင့် နိုင်ငံတော်အတွက် လက်တွဲဆောင်ရွက်မယ့်အကြောင်း ပြောကြားခဲ့တယ်။ ရှုံးတဲ့သူက အရှုံးကိုဝန်ခံရဲပြီး  နိုင်တဲ့သူကလည်း ထောင်လွှားမှု မရှိဘူး။ လက်တွဲ ဆောင်ရွက်ကြဖို့သာ ပြောတယ်။ ပြောတဲ့အတိုင်း၊ တိုင်းပြည်ကိစ္စများ ဆောင်ရွက်ကြရာမှာ သဘောကွဲလွဲမှု၊ အငြင်းအခုန်များ ရှိပေမယ့် လုပ်ငန်းများ ဆောင်ရွက်ရာမှာ တညီတညွတ်တည်း ရှိကြတယ်။ အစိုးရ အပြောင်းအလဲ ရှိပေမယ့် တိုင်းပြည်အုပ်ချုပ်ရေးယန္တရားနဲ့ လုပ်ငန်းများ တုံ့နှေးမှု မရှိဘူး။ ပုံမှန် အတိုင်း လည်ပတ်နေတယ်။ ဒီတိုင်း ပြည်ထိပ်တန်းရောက်နေတာ ဒီစိတ်ဓာတ်နဲ့ ဒီစနစ်ကြောင့်ပဲလို့ ပြောရင် လွန်မယ်မထင်ဘူး။ အတုယူစရာတွေပါ။

နိုင်ငံရေးနဲ့ပတ်သက်ပြီး အတုယူစရာ နောက်တစ်ခု ပြောချင်သေးတယ်။ အဲဒါကတော့ ၁၈၀၁ ခုနှစ်၊ အမေရိကန် ပြည်ထောင်စု သမ္မတဖြစ်လာတဲ့ သောမတ်ဂျက်ဖာဆင် သမ္မတကျမ်းသစ္စာကြိမ်ဆိုပွဲမှာ ပြောခဲ့တဲ့ မိန့်ခွန်းပါ။ ''မိတ်ဆွေများနဲ့ တိုင်းသူပြည်သားများခင်ဗျာ၊ မိတ်ဆွေတို့ ယုံကြည်အားကိုး တင်မြှောက်ခဲ့လို့ တိုင်းပြည်ရဲ့အမြင့်ဆုံးရာထူးကို ရရှိခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ သို့သော်လည်း တိုင်းပြည်ရဲ့ ကံကြမ္မာကို ဖန်တီးနိုင်တဲ့ သမ္မတဆိုတဲ့ ကြီးလေးများပြားတဲ့တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်နိုင်ဖို့ စိုးရွံ့စိတ်ဖြစ်ခဲ့ပါတယ်။ ကျွန်တော် ဒီခန်းမထဲ ၀င်လာတဲ့အခါမှာ မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဘက်များမျက်နှာကို တွေ့လိုက်ရတော့ အားရှိသွားပါတယ်။ နိုင်ငံတော် စည်းကမ်းဥပဒေကို ရေးဆွဲခဲ့ကြတဲ့ ဥပဒေပညာရှင်ကြီးများ၊ စီးပွားရေး ပညာရှင်ကြီးများ စက်မှုလက်မှု ပညာရှင်ကြီးများ၊ ကွန်ဂရက် လူကြီးမင်းများ၏အားသည် တိုင်းပြည်အတွက် အင်အား ဖြစ်လို့ အားတက်မိပါတယ်။ ကျွန်တော်တို့ နိုင်ငံရေးပါတီများအနေနဲ့ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အကြိတ်အနယ် ပြိုင်ဆိုင်ခဲ့ကြပါပြီ။ တရားမျှစွာ၊ လွတ်လပ်စွာ၊ ပြိုင်ဆိုင်ခဲ့ကြတဲ့အတွက် ကျွန်ုပ်တို့ နိုင်ငံတော်ဟာ လွတ်လပ်စွာ ရေးသားခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်ရှိကြောင်း ကမ္ဘာကို ပြသခဲ့ပြီးဖြစ်ပါတယ်။ စကား အခြေအတင် ပြောခဲ့ကြတာတွေ၊ ငြင်းခုံခဲ့ကြတာတွေ ပြီးခဲ့ကြပါပြီ။ အခုအချိန်မှာ ပြည်သူအားလုံး၊ လူမျိုးဘာသာမရွေး၊ စည်းစည်းလုံးလုံး ညီညီညွတ် ညွတ်နဲ့ ကျွန်ုပ်တို့အတွက် ကျွန်ုပ်တို့တိုင်းပြည်အတွက် ကောင်းအောင်လုပ်ကြဖို့ပဲ ကျန်ပါတယ်။ ရွေးကောက်ပွဲမှာ အများစုက အနိုင်ရခဲ့ပါပြီ။ ဒါပေမယ့် လူနည်းစု ရှိနေတယ်ဆိုတာကို မေ့ထားလို့ မရပါဘူး။ အများစုရဲ့ဆန္ဒအရ အုပ်ချုပ်ရမယ်ဆိုတာ မှန်ပါတယ်။ သို့သော်လည်း အများစု၏ အုပ်ချုပ်မှုသည် တရားမျှတ ရပါမယ်။ လူနည်းစု အခွင့်အရေးနှင့် တူညီရပါမယ်။ မှန်ကန်မျှတသော တရားဥပဒေ၏ အကာအကွယ် ရရှိရပါမယ်။ တစ်ဦးကိုတစ်ဦး နာကြင်မှု၊ မဖြစ်စေ တတ်တဲ့ အစိုးရတစ်ရပ်ရှိဖို့ လိုပါတယ်။ အစိုးရတစ်ရပ်သည် မိမိတိုင်းသူပြည်သားအားလုံးကို လွတ်လပ်မှု၊ တရားမျတမှု၊ ငြိမ်းချမ်းသာယာမှုကို ပေးနိုင်စွမ်း ရှိပြီး၊ တိုင်းသူပြည်သားများထံမှ ခေါင်းပုံဖြတ် အမြတ်ကြီးစားမလုပ်တဲ့ စေတနာကောင်းအပြည့်ရှိတဲ့ အစိုးရမျိုးရှိဖို့ လိုပါတယ် …

ကျွန်ုပ်တို့ တစ်ဦးနဲ့တစ်ဦး ရင်းရင်းနှီးနှီး၊ ချစ်ချစ်ခင်ခင်၊ စိတ်ရော ကိုယ်ပါ ညီညွတ်ကြပါစို့။ ငြိမ်းချမ်းမှု၊ ချစ်ခင်မှု၊ လွတ်လပ်စွာ တွေးခေါ်မှု ပြောဆိုမှု၊ ရေးသားမှုမရှိလျှင် ဘ၀သည် အဓိပ္ပာယ်မရှိပါ။ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှု မရှိလျှင် နိုင်ငံရေး လွတ်လပ်မှု မရှိနိုင်ပါ။ သို့ဖြစ်၍ကိုးကွယ်မှု၊ ယုံကြည်မှု မတူ၊ ကွဲပြားသဖြင့် လူနည်းစုများကို အပြစ်ပေးခြင်း၊ ညှဉ်းဆဲနှိပ်ကွပ်ခြင်းများ အလျဉ်းမရှိစေရပါ။ ကျွန်ုပ်တို့ ညီညွတ်နေတဲ့ ကာလပတ်လုံး ပြည်ထောင်စု အစိုးရကို ပြည်သူ့ကိုယ်စားလှယ်များ ရွေးချယ်အုပ်ချုပ်နေသမျှကာလပတ်လုံး၊ ကျွန်ုပ်တို့နိုင်ငံ တည်ရှိနေပါမယ်။ ဒီစနစ်ကြောင့် ကျွန်ုပ်တို့ကံကောင်းသည် ဆိုရပါမယ်။ ဥရောပ အရှေ့အလယ်ပိုင်းနဲ့ အာရှနိုင်ငံများမှာ ဘုရင်များ၊ အာဏာရှင်များ၊ သက်ဦးဆံပိုင်မင်းများ အုပ်စိုးခဲ့ကြလို့ အချင်းချင်း အာဏာလု စစ်ပွဲများ ဖြစ်ခဲ့ကြတယ်။ တိုင်းသူပြည်သားများ သေကြေကြတယ်။ အလုပ်မလုပ်နိုင်လို့ ဆင်းရဲကြတယ်။ အမေရိကန် ပြည်ထောင်စုအနေနဲ့ စစ်ကို မလိုလား ဘူး။ လွတ်လပ်မှု၊ ညီညွတ်မှု၊ တရားမျှတမှုကို လိုလား တယ်။ ဒါကြောင့် စိတ်ဆင်းရဲမှုမရှိဘူး။ မိမိစိတ်တိုင်းကျ လွတ်လွတ်လပ်လပ် တွေးခေါ်ဆောင်ရွက် နိုင်လို့ သားစဉ်မြေးဆက် တည်တံ့ပါမယ်။ ကျွန်ုပ်တို့က ပေါက်ဖွားလာတဲ့ မျိုးဆက်များ တန်းတူရည်တူ အခွင့်အရေး ရှိကြတယ်။ ချမ်းသာတဲ့မိဘက မွေးဖွား လာသူသာ၊ လူမဟုတ်၊ ဆင်းရဲတဲ့မိဘက မွေးဖွားလာသူလည်း လူဖြစ်တယ်။ အခွင့်အရေး တန်းတူရှိတယ်။ ဒီနိုင်ငံမှာ ယုံကြည်ကိုးကွယ်မှု၊ ဘာသာအယူ ကွဲပြားသူ အများအပြားရှိတယ်။ ဘာသာအားလုံး ရိုးသားမှု၊ ဖြောင့်မတ်မှန်ကန်မှု၊ သနားကြင်နာမှု သင်ကြားပေးပြီး သတ္တ၀ါအားလုံးအပေါ် ကြင်နာသနား တယ်။ ဒီလိုပြည့်စုံနေတဲ့အတွက် ကံကောင်းကြပါတယ်။ မိတ်ဆွေ လုပ်ဖော်ကိုင်ဖက် လူကြီးမင်းများခင်ဗျား။ ကျွန်တော်တို့မှာ လိုအပ်နေတာ တစ်ခုရှိပါ တယ်။ အဲဒါကတော့ တွေးခေါ်မြော်မြင်တတ်တဲ့ အသိပညာပါတဲ့။ တစ်ဦးကိုတစ်ဦး နာကြင်မှု၊ မဖြစ်စေတတ်တဲ့ အစိုးရတစ်ရပ် ရှိဖို့လိုပါတယ်။ အစိုးရတစ်ရပ် သည် မိမိတိုင်းသူပြည်သား အားလုံးကို လွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းသာယာမှုကို ပေးနိုင်စွမ်းရှိပြီး၊ တိုင်းသူပြည်သားများထံမှ ခေါင်းပုံဖြတ် အမြတ် ကြီးစား မလုပ်တဲ့ စေတနာကောင်းအပြည့်ရှိတဲ့အစိုးရမျိုးရှိဖို့လိုပါတယ်။

ကျွန်တော့်ရဲ့ တိုတောင်းတဲ့ မိန့်ခွန်းထဲမှာ ကျွန်တော်လုပ်မယ့်ကိစ္စ အားလုံးပြောပြလို့ ကုန်မှာမဟုတ်ပါဘူး။ ကျွန်တော်လုပ်လိုတဲ့ ခံယူချက်၊ ယုံကြည်ချက်များကို အတိုချုံ့တင်ပြပါမယ်။

 ၁။ နိုင်ငံရေး၊ ဘာသာရေး ယုံကြည်မှု၊ ဆင်းရဲချမ်းသာ လူနေမှုအဆင့် မည်သို့ပင် ကွဲပြားပါစေ တူညီသော တရားမျှတမှုကို ရှိစေပါမယ်။

၂။ ကမ္ဘာ့နိုင်ငံအားလုံးနှင့် မိတ်ဆွေအဖြစ် ငြိမ်းချမ်းစွာ ကုန်သွယ်မှု၊ ဆက်ဆံပေါင်းသင်းမှုများ ပြုလုပ်ပါမယ်။

၃။ စစ်သည်လူသားတို့အတွက် ကောင်းကျိုးမပြုပါ။ စစ်ပြုရန်အတွက် မည်သည့်နိုင်ငံနှင့်မျှ မိတ်ဆွေဖွဲ့ခြင်း၊ စာချုပ်ချုပ်ဆို ခြင်း မလုပ်ပါ။

၎။ ပြည်ထောင်စုအစိုးရကို ထောက်ခံနေသော ပြည်နယ်အစိုးရများ၏ တရားသော အခွင့်အရေးအားလုံးကို ထောက်ခံပါ မယ်။

၅။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ပြည်ထောင်စု သာယာအေးချမ်းရေးအတွက် နိုင်ငံတော်စည်းမျဉ်း ဥပဒေနှင့်အညီ ပြည်ထောင်စု ဗဟိုအစိုးရ အာဏာကြီးထွား အောင် ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ဆောင်ရွက်ပါမယ်။

၆။ ပြည်သူများ သူတို့စိတ်ကြိုက် ကိုယ်စားလှယ်များ ရွေးချယ်နိုင်သည့် အခွင့်အရေးရရှိရန် ဆောင်ရွက်ပါမယ်။ ရွေးကောက်ပွဲတွင် တရားမျှတမှုမရှိ၊ မှန်ကန်စွာ ရွေးချယ်ခွင့်မရရှိခဲ့လျှင် တော်လှန်မှု သွေးထွက်သံယိုမှုများ ဖြစ်ပွားပါလိမ့်မယ်။

၇။ ရွေးကောက်ပွဲတွင် မဲအများစုရရှိသူသည် တိုင်းပြည်ကို အုပ်စိုးရပါမည်။ ဤသည်မှာ ပြည်ထောင်စု၏ အနှစ်သာရဖြစ်သည်။ အများစုဆန္ဒကို လွန်ဆန်ပြီး အုပ်ချုပ်ခွင့် ငြင်းဆန်ခဲ့လျှင် အာဏာရှင်စနစ် ဖြစ်သွားပါမယ်။

၈။ တပ်မတော်သည် တိုင်းပြည်၏ ဂုဏ်သိက္ခာဖြစ်တယ်။ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းကာကွယ်သောအားဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာ ရေး၊ လူမျိုးရေးပြဿနာများတွင် ပါဝင်ပတ်သက်ခြင်း မရှိစေလို၊ သာမန်အချိန်တွင် ယင်းသို့သောကိစ္စများကို ကူညီထိန်းသိမ်းစောင့်ရှောက်ရန်၊ အပျော်တမ်း လက်နက်ကိုင်တပ်ဖွဲ့ထား ရှိသင့်သည်။

ပြည်သူတစ်ရပ်လုံးနှင့်ဆိုင်သော ပြည်ပရန်ရှိလာသည့်အခါ Civil Administration ခေါ် မြို့ပြအုပ်ချုပ်သူ နိုင်ငံဝန်ထမ်း အကြီးအကဲ၏ အမိန့်ပေး ခွင့်ပြုမှသာ စစ်တပ်က ပါဝင်တိုက်ခိုက်ရမည်။ မည်သည့်အချိန် မည်သည့်ကိစ္စတွင်မဆို စစ်ဘက်ဆိုင်ရာအရာရှိများသည် မြို့ပြအုပ်ချုပ်သူ အရာရှိ အကြီးအကဲ၏ အမိန့်ကို နာခံရမည်။ မြို့ပြအုပ်ချုပ်သူအရာရှိ၏ အမိန့်မရဘဲ မည်သည့်ကိစ္စမှ ၀င်ရောက်စွက်ဖက် အင်အားသုံးခြင်း မရှိစေရပါ။ ကျွန်ုပ် ဦးဆောင်သော အစိုးရလက်ထက်တွင် လူ့အခွင့်အရေးသည် အဓိကဖြစ်တယ်။ သတင်းအချက်အလက်၊ အသိပညာ၊ ထင်မြင်ယူဆချက်များ လျင်မြန်ချော မွေ့စွာ ပျံ့နှံ့စေရမည်။ ဘာသာရေး လွတ်လပ်မှု၊ အနိုင်အထက် အတင်းအကျပ်ပြုလုပ်ခြင်းမှ လွတ်လပ်မှု၊ လွတ်လပ်စွာပြော ဆိုရေးသားထုတ်ဝေခွင့် လူ တစ်ဦး၏ လွတ်လပ်မှုအတွက်  Habeas Corpus ခေါ် စာချွန်တော်ဥပဒေ တင်းကျပ်ပေးမည်။ အမြော် အမြင်ကြီးစွာဖြင့် ရေးသားအတည်ပြုခဲ့ကြတဲ့ ပညာ ရှင်များရဲ့ ခံယူချက်များကြောင့် တော်လှန်ရေးကြီး အောင်မြင်ခဲ့ပြီး လွတ်လပ်တဲ့ ပြည်ထောင်စုကို တည်ထောင်နိုင်ခဲ့ကြတယ်။ လွတ်လပ်မှုအတွက် အသက် ပေးခဲ့ကြတဲ့ ပုဂ္ဂိုလ်များ၏ ခံယူချက်အပေါ်မှာ နိုင်ငံရေးယုံကြည်ချက်ကို ယထာဘူတကျကျ ဆင်ခြင်၊ သုံးသပ်တည်ဆောက်ခြင်း ဖြစ်တယ်။ လူ့အခွင့်အရေး သည်သာလျှင် လွတ်လပ်မှု၊ လုံခြုံမှုနှင့် ငြိမ်းချမ်းရေးကို ပေးစွမ်းနိုင်မည် ယုံကြည်ပါတယ်။

မိတ်ဆွေပြည်သူတို့၏ ထောက်ခံမှုဖြင့် ကျွန်ုပ်နိုင်ငံတော်သမ္မတ ဖြစ်ခဲ့ပါပြီ။ မိတ်ဆွေတို့ အကူအညီကို ဆက်လက်တောင်းခံလိုပါတယ်။ ကျွန်ုပ် သည် ပုထုဇဉ်လူသားဖြစ်သဖြင့် အမှားရှိနိုင်ပါတယ်။ အမှားရှိခဲ့လျှင် အမှန်ရောက်အောင် ပြုပြင်ပေးပါ။ အမှန်လုပ်သည်ကိုပင် အချို့က မှားသည်ဟု စွပ်စွဲ ကောင်း စွပ်စွဲကြပါမည်။ ကျွန်ုပ်မှန်လျှင် ကျွန်ုပ်ဘက်မှ ရပ်တည်ပေးကြစေလိုပါတယ်။ ကျွန်ုပ် ကတိပေးနိုင်တာကတော့ ကျွန်ုပ်ဖြောင့်မတ်စွာ လုပ်ဆောင် ပါ့မယ်။ ကျွန်ုပ်ကို ထောက်ခံသူရော ကန့်ကွက်သူများကိုပါ တိုင်းသူပြည်သားအားလုံး၏ လွတ်လပ်မှု၊ ပျော်ရွှင်မှုကို ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ဆောင်ရွက် ပါမယ်ဆိုတာပါပဲ။ တိုင်းပြည်သမ္မတအနေနဲ့ ဆောင်ရွက်ရာမှာ မိတ်ဆွေများရဲ့ ပံ့ပိုးမှုလိုအပ်ပါတယ်။ မိတ်ဆွေများအနေနဲ့ ကျွန်ုပ်ထက်၊ သမ္မတအဖြစ် ပိုမို သင့်တော်မည့်သူရှိပါက ကျွန်ုပ်အနေနဲ့ နေရာပေးရန် အသင့်ရှိကြောင်းကိုပါ ထပ်လောင်းပြောကြားလိုပါတယ်။ ဤစင်္ကြာဝဋ္ဌာမှာ ပြည်သူများအား ငြိမ်းချမ်း ရေးနှင့် ပျော်ရွှင်ရေးပေးနိုင်မည့် တန်ခိုးအာဏာများ ရရှိနိုင်စေကြောင်း ဆုတောင်းပါတယ်'' လွန်ခဲ့သော နှစ် ၂၀၀ ကျော်က သမ္မတ သောမတ် ဂျက်ဖာ ဆင်ရဲ့ နိုင်ငံရေးအတွေးအခေါ်များ ယနေ့တိုင် စံပြုနေရဆဲ ဖြစ်တယ်။ ခေတ်စနစ်တွေပြောင်းခဲ့ပေမယ့် မှန်ကန်မှုကတော့ ပြောင်းလဲခြင်း မရှိပါ။ ခေတ်သစ် မြန်မာ့နိုင်ငံရေး ဆောင်ရွက်နေသူများ စံပြုအတုယူနိုင်ကြဖို့ တင်ပြခြင်းဖြစ်ပါတယ်။

Ref; The Making of a Nation နှင့် Amrican Moasie တို့ကို ကိုးကားပါသည်။

*****************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs