Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁.၅.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင် ဒီဘိတ်နှင့် ရွေးချယ်သင့်သည့် ကဏ္ဍသုံးရပ်

*****************************************

ဆောင်းပါးကဏ္ဍ

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင် ဒီဘိတ်နှင့် ရွေးချယ်သင့်သည့် ကဏ္ဍသုံးရပ်

အောင်မောင်း

ပို့ကုန်ဦးစားပေးနှင့် လွတ်လပ်သောဈေးကွက်၊ အပိုကုန်ကျစရိတ်ကျဆင်းရေး စသည့် အိုင်ဒီယာတို့ကြောင့် အလုံးအရင်းနှင့်ထုတ်လုပ်မှု(Mass Production) မှာ မြေယာ၊ လုပ်အားခနှင့် အရင်းအမြစ်ပေါများသက်သာသော နိုင်ငံများဆီသို့ ရွှေ့ပြောင်းဝင်ရောက်လာကြသည်မှာ ဂလိုဘယ်လိုက်ဇေး ရှင်း၏ ပြယုဂ်တစ်ခု ဖြစ်လာနေပြီဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်လာသော နည်းပညာများကြောင့် ဈေးကွက်ဝေစုနှင့် နည်းပညာ လွှဲပြောင်းခြင်းများသည် ဖွံ့ဖြိုး ဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးမှုနိမ့်ကျနေသော နိုင်ငံများထံသို့ စီးထွက်လာကြသည်။ ယင်းတို့နှင့်အတူ ကျွဲကူးရေပါ ဝင်ရောက်လာသည့် ဒီဘိတ်နှစ်ခုမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းတို့ ဖြစ်သည်။ အခြားသော လူမှုရေး အပြောင်းအလဲဆိုင်ရာ သက်ရောက်မှုများလည်း ရှိသည်။

ဂလိုဘယ်လိုက်ဇေးရှင်း၏ မောင်းနှင်မှုအောက်တွင် စီးပွားရေးဖွံဖြိုးတိုးတက်မှု၊ ယဉ်ကျေးမှုများ တိုက်စားမှုနှင့် သဘာဝပတ်ဝန်းကျင်တို့အကြား ဒီဘိတ် များစွာရှိနေသော်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက ဦးစားပေးကိစ္စရပ်ကဲ့သို့ ဖြစ်နေပြန်သည်။ ယနေ့အထိ အဖြေရှာရန် ခက်ခဲနေသည့် ပြဿနာ မှာ စီးပွားရေးကို အရင်ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ပြီးမှ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းမည်လော၊ သို့တည်းမဟုတ် သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှုအနည်းဆုံး ဖြစ်စေ ရန် တွက်ချက်ပြီးမှ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကိုဖော်ဆောင်မည်လောဆိုသည့် ဒီဘိတ်နှစ်ခုပင် ဖြစ်သည်။

ပိတ်ဆို့မှုများ ရုပ်သိမ်းသွားသည့် နောက်ပိုင်း စီးဝင်လာမည့် ရင်းနှီးမြှုပ်နှံမှုများနှင့် စက်မှုဖွံ့ဖြိုးရေးပေါ်လစီများက မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့အကြား ဒီဘိတ်များစွာ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည်။ ထိုသို့စဉ်းစားရာတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နှစ်ခုလုံးကို ခြုံငုံနိုင်မည့် အခြား အိုင်ဒီယာအသစ်( Alternative Idea)များကိုလည်း ထည့်သွင်းစဉ်းစားသင့်သည်။ လတ်တလောအခြေအနေတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုက အဓိကဖြစ်နေသော်လည်း မိမိနိုင်ငံ ပိုင်ဆိုင်ထားသော အရင်းအနှီးများကို အသုံးချ၍ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးသော ဝန်ဆောင်မှုလုပ်ငန်းများကိုလည်း စဉ်းစားနိုင်သည်။

စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်းနှင့် ပညာရေးဆိုသည့် ကဏ္ဍသုံးခုမှာ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် ကိုက်ညီပြီး သဘာဝပတ်ဝန်းကျင်ကို လည်း ထိခိုက်မှုနည်းစေမည့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ဦးစားပေးရွေးချယ်သင့်သည့် ကဏ္ဍများ ဖြစ်သည်။ နိုင်ငံ့လူဦးရေ၏ ၇၀% ရှိသော ကျေးလက်နေ ပြည်သူများ၏ အဓိက သက်မွေးဝမ်းကျောင်းမှုမှာ စိုက်ပျိုးမွေးမြူရေး ဖြစ်သည်။ ရေ၊ မြေ၊ ရာသီဥတုကောင်းမွန်ပြီး တောင်သူလယ်သမား များစွာရှိသည့်  နိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံတကာပိတ်ဆို့မှုများနှင့် ပြည်တွင်းပိတ်ဆို့မှုများကြောင့် စိုက်ပျိုးရေး အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့ရဘဲ နိုင်ငံ၏ အခြေခံလူတန်းစားများဖြစ်သည့် တောင်သူလယ်သမားတို့၏ဘဝမှာ လူတန်းစေ့နေနိုင်သင့်ပါလျှက် နိမ့်ကျသောလူမှုဘဝများတွင် အကြွေးနွံနှင့် သံသရာ လည်နေရခြင်းမှာ မည်သို့မျှ မဖြစ်သင့်သည့် အခြေအနေပင်ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း စိုက်ပျိုးရေးနှင့် ပတ်သက်သည့် မူဝါဒ များမှာ စာမျက်နှာများပေါ်တွင်သာ အားရဖွယ်ရှိခဲ့ပြီး လက်တွေ့နှင့် ကြီးမားစွာ ကွာဟနေခဲ့သည်။ စိုက်ပျိုးရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ ရေးသားရလျှင် ကျမ်းဆယ်စောင်နှင့်ပင် ပြီးနိုင်မည်မဟုတ်ရာ ယနေ့ခေတ်နှင့် အကိုက်ညီဆုံးဖြစ်မည့် စိုက်ပျိုးရေးစနစ်များနှင့် ဈေးကွက်၏ လိုအပ်ချက် တို့ကို ချိန်ဆ၍ စတင်ပြုပြင်ပြောင်းလဲရန် အခြေခံ၍ စဉ်းစားနိုင်သည်။ တောင်သူလယ်သမားများကို လွတ်လပ်စွာ စိုက်ပျိုးခွင့်ပေးခြင်း၊ နည်းပညာများ တိုးတက်ရရှိစေခြင်း၊ ယနေ့ ကမ္ဘာတွင် ဈေးကွက်ဝင်ဖြစ်လာသည့် အော်ဂဲနစ်သီးနှံဈေးကွက်ကို ဖော်ဆောင်ပေးခြင်းတို့မှာ စတင်စဉ်းစားသင့်သည့် အခြေခံ များဖြစ်သည်။ ဥပမာအနေဖြင့်ကြည့်လျှင် ရေနံကို အားကိုးအားထားပြုနေရသည့် ဘရူနိုင်းနိုင်ငံသည် နောင်အနာဂတ်တွင် ရေနံတွင်းများ ခမ်းသွားနိုင်သည့် အခြေအနေကြောင့် အော်ဂဲနစ်သီးနှံအခြေခံစားသောက်ကုန်နှင့် ပြည်ပမှ သိုး၊ဆိတ်၊ နွားများ တင်သွင်း၍ HALAL အသိအမှတ်ပြု စားသောက်ကုန်စည်များ ထုတ်လုပ်၍ အစ္စလာမ်မစ်နိုင်ငံများသို့ တင်ပို့သည့်လုပ်ငန်းကို လုပ်ကိုင်အောင်မြင်လျက်ရှိသည်။ ရေ၊ မြေနှင့် စိုက်ပျိုးရေးလုပ်သား အမြောက်အများရှိပြီး စားနပ်ရိက္ခာလိုအပ်ချက် မြင့်မားစွာရှိနေသော လူဦးရေအများဆုံး နိုင်ငံကြီးနှစ်ခု၏ ဈေးကွက်နှင့်လက်လှမ်းမှီနိုင်သော မြန်မာနိုင်ငံအနေဖြင့် တန်ဖိုးမြင့် စိုက်ပျိုးရေးထုတ်ကုန်များ ထုတ်လုပ်ခြင်းသည် စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင် ဒီဘိတ် နည်းပါးသည့်  ရွေးချယ်မှုတစ်ခု ဖြစ်နိုင်ပါသည်။

မြန်မာနိုင်ငံတွင် သဘာဝအတိုင်း မပျက်မစီးဘဲ ကျန်ရှိနေသေးသော သဘာဝပတ်ဝန်းကျင်ရှုခင်းများနှင့် ရိုးရာယဉ်ကျေးမှုအတိုင်း နေထိုင်နေ သေးသော တိုင်းရင်းသားဒေသများသည် ခရီးသွားလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန် သဘာဝတရားကြီး၏ လက်ဆောင်မွန်များဖြစ်သည်။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးသော အိမ်နီးချင်းထိုင်းနိုင်ငံတွင်ပင်လျှင် အချို့သော တိုင်းရင်းသားရိုးရာ ပြကွက်များမှာ သရုပ်ပြအနေဖြင့်သာ ပြုလုပ်ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ တိုင်းရင်းသားများ၏ အစစ်အမှန်ဘဝများကဲ့သို့ မဟုတ်တော့ပေ။ ချင်းတောင်တန်းမှ ပါးရဲထိုးသည့် ချင်းတိုင်းရင်းသားများ၊ ကချင်ပြည်နယ် အစွန်အဖျားမှ တရုံလူမျိုး စုလေးများ၊ မြိတ်ကျွန်းစုများဘက်မှ ဆလုံတို့၏ လူနေမှုဘဝများနှင့် ပြည်နယ်နှင့်တိုင်းအသီးသီးရှိ အထင်ကရနေရာများမှာ Eco tourism ကို စနစ်တကျဖော်ဆောင်နိုင်ပါက သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိဘဲ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေနိုင်မည့် စဉ်းစားစရာ နည်းလမ်း တစ်ခု ဖြစ်နိုင်သည်။

အရှေ့တောင်အာရှတွင် ထိပ်တန်းပညာရေးအဆင့် ရှိခဲ့ဖူးသည့် မြန်မာနိုင်ငံ၏ လက်ရှိပညာရေးမှာ စိုးရိမ်ဖွယ်ကောင်းလောက်အောင် နိမ့်ကျ လျက်ရှိသော်လည်း ဒေသတွင်းနိုင်ငံဖြစ်သည့် စင်္ကာပူနိုင်ငံ၏ ပညာရေးတွင် ရင်းနှီးမြှုပ်နှံခဲ့သည့် အတွေ့အကြုံကို ဥပမာယူ၍ ပညာရေးဘက်တွင် ရင်းနှီး မြှုပ်နှံပါက လူသားအရင်းအမြစ် တည်ဆောက်ခြင်းကို အားပေးရုံသာမက သုတေသနလုပ်ငန်းများလည်း ဖွံ့ဖြိုးအားကောင်းလာနိုင်မည် ဖြစ်ပါသည်။ ပြင်ဦး လွင်မြို့မှာ လွန်ခဲ့သည့် ဆယ်စုနှစ်များက ဥယျာဉ်ခြံထွက်လုပ်ငန်းများနှင့် ဆွယ်တာလုပ်ငန်းတို့ကို အခြေပြုခဲ့ရသော်လည်း ပုဂ္ဂလိကဘော်ဒါဆောင်များ စတင်အခြေချသည့် အချိန်မှစ၍ ယင်းဘော်ဒါဆောင်များကို အမှီပြု၍ ပေါ်ပေါက်လာသည့် ဝန်ဆောင်မှုလုပ်ငန်းများကြောင့် ယခုအခါတွင် မြို့၏ စီးပွားရေးလုပ်ငန်းမှာ သိသိသာသာ တိုးတက်သွားခဲ့သည်။ အကယ်၍ ကမ္ဘာ့အဆင့်မှီ ကောလိပ်များ၊ တက္ကသိုလ်များနှင့်ချိတ်ဆက်၍ ပညာရေးတွင် ရင်းနှီး မြှုပ်နှံမှု ပြုလုပ်နိုင်ပါက ထိုကိစ္စမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တိုက်ရိုက်မြင်နိုင်ခြင်းမရှိသည့်တိုင် သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်၍ အငြင်းပွား ဖွယ် မရှိနိုင်သည့် ရွေးချယ်စရာတစ်ခု ဖြစ်ပါသည်။

၂၀၁၅ တွင်ပေါ်ပေါက်လာမည့် အာဆီယံကုန်သွယ်မှုဇုန်နှင့် အနောက်နိုင်ငံများမှ ပိတ်ဆို့မှုများ ရုတ်သိမ်းဖယ်ရှားလိုက်မှုတို့ကြောင့် မြန်မာနိုင်ငံ တွင် စက်ရုံအလုပ်ရုံများ အမြောက်အများ ပေါ်ထွက်လာနိုင်ဖွယ် ရှိပါသည်။ စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ တိုင်းပြည်၏ ဂျီဒီပီ သိသိသာသာ တက်လာနိုင်မည့်အခြေအနေလည်း ရှိပါသည်။ သို့ရာတွင် စက်မှုဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မူဝါဒများ ချမှတ်ရာ၌ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီး မှု၊ သဘာဝအရင်းအမြစ် အသုံးပြုရမှုတို့ကို ထည့်သွင်းတွက်ချက်ထားခြင်းမရှိပါက စီးပွားရေးဖွံ့ဖြိုးမှုနှင့်  သဘာဝပတ်ဝန်းကျင်ပျက်စီးမှု ဒီဘိတ်မှာ မြန်မာ နိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွင် စိတ်ဝင်စားဖွယ်ကောင်းသည့် အခြေအနေတစ်ရပ် ဖြစ်လာနိုင်ပါ သည်။ ယနေ့ခေတ်ကာလ၏ ပေးထားချက်အရ စက်မှုဖွံ့ဖြိုးရေးက တိုင်းပြည်၏စီးပွားရေးကို တိုးတက်စေသည် ဆိုသည့်အချက်မှာ အငြင်းပွားဖွယ်မရှိသော်လည်း မီးခိုးမထွက်သည့် အခြားသော ဝန် ဆောင်မှုလုပ်ငန်းများမှာ ထည့်သွင်းစဉ်းစားသင့်ပြီး ထိုလုပ်ငန်းများက သဘာဝပတ်ဝန်းကျင်ကို အသုံးချရမှုကို လျော့ပါးစေလိမ့်မည်ဖြစ်သကဲ့သို့ တိုင်းပြည် ၏စီးပွားရေးအတွက်လည်း ကြီးမားသော အထောက်အကူတစ်ရပ်ဖြစ်နိုင်သဖြင့် တန်ဖိုးမြှင့်စိုက်ပျိုးထုတ်ကုန်ထုတ်လုပ်ခြင်း၊ သဘာဝပတ်ဝန်းကျင် အခြေခံ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးစေခြင်းနှင့် ပညာရေးတွင် ရင်းနှီးမြှုပ်နှံခြင်းတို့မှာ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့၏ ဒီဘိတ်ကို လျော့ပါးစေမည့် ရွေးချယ်မှုတစ်ရပ်အနေဖြင့် ထည့်သွင်းစဉ်းစားသင့်သည့် အချက်များပင် ဖြစ်ပါသည်။

*****************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle2011
yangonchronicle2011

၂. ၅.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ထားဝယ်ရေနက်ဆိပ်ကမ်း ရပ်ဆိုင်းခြင်းမရှိ
  2. သတ်မှတ်ချိန်ထက် မီးပိုသုံးသည့် စက်မှုဇုန်များ အရေးယူခံရမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. လယ်/ဆည် ဝန်ကြီး လွှတ်တော်ကို တောင်းပန်
  2. အစိုးရအဖွဲ့မှ ဝန်ကြီးများ ပြောင်းလဲနိုင်ဖွယ်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးတစ်ဦး ပြောကြား
  3. သဘောတူညီချက်များ မချိုးဖောက်ရန် KNU မှ စောင့်ကြည့်အဖွဲ့များ ထားရှိမည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

ထားဝယ်ရေနက်ဆိပ်ကမ်း ရပ်ဆိုင်းခြင်းမရှိ

လက်ရှိ ပြင်ပတွင် သတင်းထွက်ပေါ်လျက်ရှိသည့် ထားဝယ်ရေနက်ဆိပ်ကမ်း ရပ်ဆိုင်းလိုက်သည်ဆိုသည့် သတင်းများမှာ ပာုတ်မှန်ခြင်းမရှိဘဲ ယခုနှစ်အတွက် Italian Thai ကုမ္ပဏီ၏ ဘဏ္ဍာရေးနှစ်ကုန် ငွေစာရင်းရှင်းတမ်း ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အပြင်မှာ အသံတွေထွက်နေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို ရပ်ဆိုင်းလိုက်တယ်ဆိုတဲ့ သတင်းက မပာုတ်ပါဘူး။ ထားဝယ်ရေနက် ဆိပ်ကမ်းကို တာဝန်ယူတည်ဆောက်နေတဲ့ အီတာလျံ-ထိုင်းကုမ္ပဏီရဲ့ အခုနှစ်အတွက် ဘက်ဂျက်ကိုသာ ရပ်ဆိုင်းလိုက်တာပါ။ သတင်းထုတ်ပြန်တုန်းက Finance Close ဆိုတဲ့စကားလုံးကို မီဒီယာတွေ အဓိပ္ပါယ်ကောက်လွဲပြီး ရပ်ဆိုင်းတယ်ဖြစ်သွားတာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

ထို့ပြင် ပြည်တွင်းရှိ ထားဝယ်ရေနက်ဆိပ်ကမ်းအတွက် ငွေကြေးထောက်ပံ့ကူညီရန်အတွက် ဂျပန်-ထိုင်း-မြန်မာ ပါဝင်သော ပူးတွဲအဖွဲ့အစည်း တစ်ရပ်ကို ထူထောင်သွားမည်ဖြစ်ပြီး ဂျပန်နိုင်ငံမှလည်း ထားဝယ်ရေနက်ဆိပ်ကမ်း၌ ငွေကြေးရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် စိတ်ပါဝင်စားလျက်ရှိကြောင်း အီတာလျံ-ထိုင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ထားဝယ်ရေနက်ဆိပ်ကမ်းမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် နိုင်ငံတော်တော်များများက စိတ်ဝင်စားနေကြပါတယ်။ အခု ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းမှာ လက်ရှိ လုပ်ကိုင်နေတဲ့ အီတာလျံ-ထိုင်း ကုမ္ပဏီက ရင်းနှီးမြှုပ်နှံတာတွေကို ရပ်ဆိုင်းတော့မှာပါ။ သံမဏိစက်ရုံ မြေနေရာတွေကိုလည်း သုံးလအတွင်း ရောင်းချသွားမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပောာင်းအနီး၌ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်းကို အီတာလျံ-ထိုင်း ကုမ္ပဏီမှ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ၂၀၀၈ ခုနှစ်တွင် မြန်မာအစိုးရနှင့် သဘောတူ စာ ချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

သတ်မှတ်ချိန်ထက် မီးပိုသုံးသည့် စက်မှုဇုန်များ အရေးယူခံရမည်

ပြည်တွင်းရှိ စက်မှုဇုန်များအနေဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် သတ်မှတ်ချိန်ထက် ကျော်လွန်မီးသုံးစွဲပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမှတ်(၂)လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သည်။

အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာချက်တွင် စက်မှုဇုန်များ၊ စက်ရုံ၊အလုပ်ရုံများတွင် ညနေ ၅ နာရီမှ ည ၁၁ နာရီအတွင်း ဓာတ်အားသုံးစွဲခွင့်မပြုကြောင်း ထုတ်ပြန်ကြေညာထားသော်လည်း အချို့ စက်မှုဇုန်များတွင် သတ်မှတ်ချက်အား ဖောက်ဖျက်၍ လုပ်ငန်းဆောင်ရွက်မှုများ ရှိနေသည့်အတွက် ၎င်းတို့ကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

သတ်မှတ်ချက်ဖောက်ဖျက်၍ လုပ်ငန်းဆောင်ရွက်နေသည့် စက်မှုဇုန်များအား ပထမအကြိမ်တွင် ဓာတ်အားဖြတ်တောက်၍ လျော်ကြေးငွေ တောင်းခံခြင်း၊ ဒုတိယအကြိမ်တွင် ဓာတ်အားတစ်လဖြတ်တောက်၍ လျော်ကြေးငွေတောင်းခံခြင်း၊ တတိယအကြိမ်တွင် ဓာတ်အား သုံးလဖြတ်တောက်၍ လျော်ကြေးငွေတောင်းခံခြင်းနှင့် စတုတ္ထအကြိမ်တွင် ရဲစခန်းတွင် အမှုဖွင့်တရားစွဲဆိုပြီး ရာသက်ပန်ဓာတ်အားဖြတ်တောက်၍ အရေးယူသွားမည် ဖြစ် ကြောင်း အမှတ်(၂) လျှပ်စစ်ဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြပါရှိသည်။

“နောက်ပိုင်းကို တစ်နိုင်ငံလုံးမှာ လျှပ်စစ်မီးအပြည့်အဝ ရနိုင်ဖို့အတွက် ကျွန်တော်တို့ကြိုးစားနေပါတယ်။ ခုပာာက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆိုတော့ လျှပ်စစ်ဓာတ်အားမလောက်ဘူး။ ခု တရုတ်ကိုရောင်းထားတဲ့ ဓာတ်အားတွေကိုတောင် ပြန်ဝယ်ပြီးတော့ ပြည်သူတွေ လျှပ်စစ်ဓာတ်အား အပြည့် အဝရဖို့အတွက် လုပ်ဆောင်နေရပါတယ်”ပာု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

YC

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

လယ်/ဆည် ဝန်ကြီး လွှတ်တော်ကို တောင်းပန်

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်၏ ပြည်သူများ လွှတ်တော်ကို အယုံအကြည်ကင်းမဲ့စေရန် Hot News ဂျာနယ်သို့ ပြောကြားချက်များနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ၂၃၂ ဦးက တိုင်ကြားခဲ့သည့်အတွက် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က  ပြည်ထောင်စုလွှတ်တော်တွင် ပြန်လည်တောင်းပန်ခဲ့ကြောင်း သိရသည်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်မှ လွှတ်တော်အား အယုံအကြည်ကင်းမဲ့ကြောင်း ပြောကြား ချက်နှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်တွင် “Hot News ဂျာနယ်ကို မိသားစုအသွင်နဲ့ ဖြေကြားခဲ့ရာမှ လွှတ်တော်ကိုယ်စားလှယ်များ၏ အထင် အမြင်လွဲမှားနေမှုများအပေါ် အနူးအညွှတ် တောင်းပန်ပါသည်”ပာု တောင်းပန်ပြောကြားခဲ့သည်။

၂၀၁၂ မတ်လ ၂၃ ရက်နေ့ထုတ် Hot News ဂျာနယ်တွင် လက်ရှိ ကျင်းပလျက်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်များမှာ စာတက်မြောက်သူများ မပာုတ်ကြောင်း၊ ၁၀ တန်းပင် အောင်မြင်ခြင်းမရှိဘဲ လွှတ်တော်တွင်းသို့ ရောက်ရှိသွားသည့်အတွက် သူများခိုင်းသမျှ လုပ်ဆောင်နေရကြောင်း ပြောကြားခဲ့ သည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များမှ လက်မှတ်ရေးထိုး၍ လွှတ်တော်သို့ တရားဝင်တောင်းပန်ရန် တောင်းဆိုခဲ့သည့်အပြင် ပြည်ထောင်စု လွှတ် တော် အခွင့်အရေး ပူးပေါင်းကော်မတီသို့လည်း တိုင်ကြားခဲ့ကြောင်း သိရသည်။

“အခုလို မှားတာကို မှားတယ်လို့ တောင်းပန်တဲ့ကိစ္စပာာ ရှက်စရာမပာုတ်ပါဘူး။ ခုလို ဝန်ကြီးက တောင်းပန်လိုက်တဲ့အတွက် လွှတ်တော်ကိုယ်စား လှယ်တွေ အထင်အမြင်လွဲနေတဲ့ကိစ္စကလည်း ပြေလည်သွားနိုင်ပါတယ်”ပာု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

                YC

-----------------------------------------------------------------------------------------------------------------------------------

အစိုးရအဖွဲ့မှ ဝန်ကြီးများ ပြောင်းလဲနိုင်ဖွယ်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးတစ်ဦး ပြောကြား

မြန်မာနိုင်ငံ၏ လက်ရှိပြောင်းလဲနေသော ဒီမိုကရေစီကျင့်စဉ်များအရ အစိုးရအဖွဲ့မှဝန်ကြီးများ အပြောင်းအလဲ လုပ်နိုင်ဖွယ်ရှိကြောင်း စက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဧပြီလ ၂၉ ရက်နေ့က နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည့် မီဒီယာ များနှင့် ဝန်ကြီးဌာနများတွေ့ဆုံပွဲတွင် မီဒီယာတစ်ခု၏ မေးမြန်းချက်အား ဖြေကြားခဲ့သည်။

၎င်း တွေ့ဆုံပွဲတွင် မီဒီယာတစ်ခုမှ သတင်းထောက်တစ်ဦးက အစိုးရဝန်ကြီးများ အပြောင်းအလဲရှိ၊မရှိ သိချင်ပါသည်ဆိုသည့် မေးခွန်းအား ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ''ဒါကတော့ ဒီမိုကရေစီစနစ် ဖြစ်တဲ့အတွက် ကြုံရင်လည်း ကြုံရနိုင်တယ်လေ။ ဒီမိုကရေစီစနစ် ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ် ၀န်ကြီးချုပ်တောင် အပြောင်းအလဲ ဖြစ်တာ ရှိတာပဲ။ လွှတ်တော်တွေထဲမှာလည်း အပြောင်းအလဲရှိနေကြတာပဲ။ ဒီမှာလည်း ဒီမိုကရေစီစနစ်ဖြစ်တဲ့အတွက် ကြုံရင်ကြုံမယ်၊ ရှိရင် ရှိလာနိုင်တယ်လေ''ဟု ပြန်လည်ဖြေကြားခဲ့သည်။

အစိုးရအဖွဲ့တွင်း ပြောင်းလဲမှု ကိစ္စရပ်နှင့် ပတ်သက်၍ မိမိလုံးဝ မသိရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက အတည်ပြုပြောကြားပြီးနောက် တရားသဘောအရ မည်သည့်အရာမှ တည်မြဲခြင်းမရှိကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

“ဒီမိုကရေစီ သဘောသဘာဝကို ပြည်သူကလည်း နားလည်ရမယ်။ ကျွန်တော်တို့ အစိုးရက နားလည်ရမယ်။ ဒီမိုကရေစီရဲ့ သဘာဝကိုက ယှဉ်ပြိုင် ရမယ်။ ဒီမိုကရေစီခေတ်မှာ ဒီမိုကရေစီလိုပဲ တွေးရမယ်။ အခုမဲရွေးတယ်။ ဘယ်သူနိုင်နိုင်ပါ။ ပြည်သူက ရွေးချယ်တဲ့အတွက်ကြောင့် ပီတိဖြစ်နေရမှာပါ။ နှစ်ကာလကြာစွာ တပ်မတော်အစိုးရအသွင်နဲ့ နေခဲ့ကြတာဆိုတော့ Appoint လုပ်တက်ဖို့လိုတယ်။ ဝန်ကြီးတာဝန်က နားသွားရင် ခင်ဗျားတို့က တစ်မျိုးထင် တယ်။ ဒီမိုကရေစီမှာ ဒီလိုမပာုတ်ပါဘူး။ ကတ်ဘိနက်ကိုလည်း ပြောင်းလဲရပါမယ်။ နားရတယ်။ ကိုရီးယားနိုင်ငံရဲ့ ဒီမိုကရေစီမှာ ကတ်ဘိနက် Shuffle လုပ်ကြတာရှိတယ်။ ဂျပန်မှာဆိုရင် ဝန်ကြီးချုပ်က ခဏခဏပြောင်းနေတယ်။ ဒါပေမယ့် ဒီမိုကရေစီအလျင် ဖြစ်သွားတော့ ဘာမှမဖြစ်ဘူး ဒါပါပဲ”ပာု ဝန်ကြီး ဦးစိုးသိန်းက ဆိုသည်။

                YC

-----------------------------------------------------------------------------------------------------------------------------------

သဘောတူညီချက်များ မချိုးဖောက်ရန် KNU မှ စောင့်ကြည့်အဖွဲ့များ ထားရှိမည်

မြန်မာအစိုးရနှင့် ကရင်အမျိုးအသား အစည်းအရုံး(KNU) တို့အကြား သဘောတူညီမှုများ ပြုလုပ်ထားသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက်များအပေါ် ချိုးဖောက်မှုများ ပြုလုပ်မလာနိုင်စေရန် KNU မှ စောင့်ကြည့်ရေးအဖွဲ့များ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း KNU မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“မှန်ပါတယ်။ ကျွန်တော်တို့ရဲ့ သဘောတူညီချက်တွေကို မချိုးဖောက်နိုင်ဖို့အတွက် KNU က စောင့်ကြည့်ရေး အဖွဲ့တွေ့ကို ဖွဲ့စည်းသွားမှာပါ။”ပာု KNU မှ တာဝန်ရှိသူတစ်ဦးက  ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၂ ဧပြီ ၆ ရက်နေ့တွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ကရင်အမျိုးသား အစည်းအရုံး(KNU)တို့မှ တွေ့ ဆုံ၍ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

“ပြည်တွင်း ငြိမ်းချမ်းရေး ရရှိဖို့တွေအတွက်က လုပ်ဆောင်ဖို့တွေ အများကြီးလိုအပ်နေပါသေးတယ်။ ခု လောလောဆယ် ကချင်ပြည်နယ်မှာ တောင် တိုက်ပွဲတွေဖြစ်နေလို့ ပြည်သူတွေ စစ်ကိုရှောင်နေရတယ်။ တော်တော်ကို ဒုက္ခရောက်နေတယ်လို့ ကြားပါတယ်။ အစိုးရအနေနဲ့တကယ်ကို ပြည်သူကိုချစ်တယ်ဆိုရင် ငြိမ်းချမ်းရေးအတွက် ဆွေးနွေး ညှိနှိုင်းမှုတွေ ပြုလုပ်သင့်ပါပြီ”ပာု မြန်မာ့အရေး လေ့လာနေသူတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှ စတင်၍ နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့သည့်အပြင် ပြည်တွင်း ငြိမ်းချမ်းရေးများ ရရှိနိုင်စေရန် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့များ ဖွဲ့စည်း၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။

YC

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ထူးထူးခြားခြား ထုတ်ပြန်ဖို့ မရှိသေးပါဘူး။ လုပ်ခဲ့ပြီးတာတွေကို ပြန်ပြီးသုံးသပ်တာ၊ လုပ်ငန်းတာဝန် ခွဲဝေတာတွေလောက်ပဲ လုပ်တာပါ။ ကြားဖြတ် ရွေးကောက်ပွဲရဲ့ Final Report ထွက်လာအောင် လုပ်နေပါတယ်။ နောက် နယ်က ဖိတ်ကြားထားတာတွေကိုလည်း ဆက်သွားဖို့စီစဉ်နေတယ်။ အခုလော လောဆယ်ရှမ်းပြည်နယ်၊ တောင်ကြီးကိုတော့ သွားဖို့ ရှိတယ်”

မေ ၂ ထုတ် The Myanmar Post အတွဲ (၄) အမှတ် (၁၆) တွင်ပါသည့် “၈၈ မျိုးဆက်ကျောင်းသားများ ကြားဖြတ်ရွေးကောက် ပွဲ”သတင်းမှ ဦးကိုကိုကြီး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

အခုဆိုရင် ဆန်ရှင်တွေကို suspend လုပ်လိုက်တယ်ဆိုတော့ နိုင်ငံခြားကုမ္ပဏီတွေ အထိုက်အလျောက် ဝင်လာကြမှာပေါ့။ အဲဒီတော့ မြန်မာ နိုင်ငံအနေနဲ့ ဘာတွေကြိုတင်ပြင်ဆင်ထားဖို့လိုအပ်နေပြီလဲ။

ဆန်ရှင်ကို suspend လုပ်လိုက်လို့ နိုင်ငံခြားကုမ္ပဏီတွေ ဝင်လာမယ်ဆိုတဲ့နေရာမှာ ဆရာတို့အနေနဲ့ ရင်းနှီးမြုပ်နှံမှုဖြစ်ဖို့ လိုတယ်။ ဆရာတို့နိုင်ငံအနေနဲ့ အဲဒီလိုရင်းနှီးမြှုပ်နှံမှုတွေဝင်လာရင် ကိုယ့်နိုင်ငံအတွက် အကျိုးမယုတ်တဲ့နေရာမှာ ရင်းနှီး မြှုပ်နှံဖို့ အားပေးဖို့လိုတာပေါ့။ အဲဒီတော့ ပြင်ဆင်မှုအနေနဲ့ ကြိုပြီး စဉ်းစားဖို့လိုတာက ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို ကိုယ့်နိုင်ငံသားတွေအတွက် အကျိုးရှိတဲ့ အလုပ်အကိုင်ရရှိစေဖို့ အရေးကြီးတယ်။ အခြေခံကတော့ FDI လာလို့ရှိ job creation ပေါ့နော်။ ကိုယ့်နိုင်ငံသားတွေအတွက် အလုပ်အကိုင်အခွင့်အရေးတွေ များများဖန်တီးနိုင်အောင် ဘယ်လိုလုပ်မလဲ။ အဲဒီ ဘက်ကို နည်းနည်းလေးဇောင်းပေးစေချင်တယ်။ အထူးသဖြင့် ပညာတတ်လူငယ်တွေ အလုပ်အကိုင်ရရှိရေးဟာ  ဆရာတို့အတွက် အခြေခံတစ်ခုဖြစ်တယ်လေ။ အဲဒါရအောင် စဉ်းစားဖို့လိုတယ်။

မေ ၂ ထုတ် The Myanmar Post အတွဲ (၄) အမှတ် (၁၆) တွင်ပါသည့် “ဒေါက်တာအောင်ထွန်းသက်နှင့် အင်တာဗျူး” ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

''ကျွန်တော်တို့က ပုဂ္ဂလိကကဏ္ဍကို ပိုပြီးတိုးတက်စေချင်တယ်။ အဲဒီအတွက် အများပိုင်ကုမ္ပဏီတွေလည်း ဖွဲ့ကြပါ။ ပြီးရင် ရှယ်ယာတွေ ရောင်းဝယ်လုပ်ကြ ပါ။ နိုင်ငံတော်ကစီမံနေတဲ့ ဥပမာ ရထား၊ လေကြောင်း ပို့ဆောင်ရေးလုပ်ငန်းတွေလို လုပ်ငန်းတွေကို ပုဂ္ဂလိကကို လွှဲပေးချင်တယ်။ လွှဲပေးဖို့လည်း စီစဉ်ထားတယ်။ ပုဂ္ဂလိကကဏ္ဍ တိုးတက်ဖို့ကို တွန်းအားပေးနေတယ်။ လုပ်တဲ့အခါမှာ နိုင်ငံတော်နဲ့ပုဂ္ဂလိက Joint Venture (JV) စနစ်နဲ့လုပ်ဖို့ကို တွန်းအား ပေးထားတယ်။ ပုဂ္ဂလိကအနေနဲ့ ကိုယ်လုပ်ချင်တဲ့ လုပ်ငန်းကိုတင်ပြပြီး လုပ်ကြပါ။ ကျွန်တော်တို့ကတော့ နိုင်ငံတော်အတွက် အကျိုးရှိမယ့် ဘယ်လုပ်ငန်း မဆို သတ်မှတ်ချက်နဲ့ညီရင် ခွင့်ပြုပေးသွားမယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုရင်လည်း ကျွန်တော်တို့ သတ်မှတ်ထားတဲ့ ဥပမာ သဘာဝပတ်ဝန်းကျင်ကို မထိ ခိုက်ဘူး၊ ပြည်သူကို မထိခိုက်ဘူး။ အဲဒီအချက်တွေနဲ့ညီတဲ့ လုပ်ငန်းတွေကို ရွေးချယ်ခွင့်ပြုမယ်။ ခွင့်ပြုတဲ့အခါ နိုင်ငံအတွက် အကျိုးအမှန် တကယ်ရှိတဲ့ လုပ်ငန်း၊ ဒီလိုမြှုပ်နှံမှုမျိုးလုပ်မယ့် ကုမ္ပဏီဆိုလည်း The Best Company တွေကိုပဲ ရွေးချယ်ခွင့်ပြုပေးမှာ''

မေ ၂ ထုတ် Weekly ELEVEN NEWS အတွဲ (၇) အမှတ် (၃၀) တွင်ပါသည့် “လေကြောင်း၊ ရထားပို့ဆောင်ရေး လုပ်ငန်းများကဲ့သို့ နိုင်ငံပိုင် လုပ်ငန်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုရန် စီစဉ်ထား အစိုးရနှင့် ပုဂ္ဂလိက အကျိုးတူလုပ်ကိုင်မည့် ပုံစံမျိုးဖြင့် ခွင့်ပြုမည်ဖြစ်ပြီး အများပိုင်ကုမ္ပဏီများဖွဲ့၍လည်း လျှောက်ထားရယူနိုင်”သတင်းမှ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မ ရှင် ဥက္ကဋ္ဌ ဦးစိုးသိန်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

**************************************

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs