Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၇.၆.၂၀၁၂

ဘာသာပြန်သတင်းများ အပိုင်း ()

  1. မြန်မာနိုင်ငံကို လေ့လာအတုယူရန် မြောက်ကိုရီးယားအား တောင်ကိုရီးယားတိုက်တွန်း

(South China Morning Post မှ 6 June 2012 ရက်စွဲပါ S.Korea leader urges North to learn from Myanmar ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာရင်းနှီးမြှုပ်နှံမှု ညီလာခံကို ဇွန်လအတွင်း ကျင်းပမည်

(The Daily Star News မှ 6 June 2012 ရက်စွဲပါ “Myanmar’s investment summit in June” သတင်းကို ဘာသာပြန်ဆိုသည်။)

  1. သမ္မတက ဒုဝန်ကြီးနှစ်ဦးကို ထုတ်ပယ်လိုက်ခြင်းကြောင့် အစိုးရအဖွဲ့တွင်း အပြောင်းအလဲ လုပ်နိုင်ကြောင်း ထင်ကြေးပေးမှု ကြီးထွားလာ

(Reuters News မှ 6 June 2012 ရက်စွဲပါ “Myanmar president axes deputy ministers, slirs reshuffle talk” သတင်းကို ဘာသာပြန်ဆိုသည်။)

  1. ·ထိုင်းနိုင်ငံ ခရီးစဉ်သည် ရလဒ်ကောင်းသည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

(6 June 2012 ရက်စွဲပါ AP ၏ Myanmar’s Suu Kyi says Thai trip was productive သတင်းကို ဘာသာပြန်ဆိုသည်။)

*****************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံကို လေ့လာအတုယူရန် မြောက်ကိုရီးယားအား တောင်ကိုရီးယားတိုက်တွန်း

(South China Morning Post မှ 6 June 2012 ရက်စွဲပါ S.Korea leader urges North to learn from Myanmar ကိုဘာသာပြန်ဆိုသည်)

မြောက်ကိုရီးယားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် လတ်တလော လုပ်ဆောင်နေသည့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို လေ့လာဆည်းပူးကာ ဆယ်စုနှစ်များစွာ အထီးကျန်ဖြစ်နေမှုအား အဆုံးသတ်သင့်ကြောင်း တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်က ဇွန်လ ၆ ရက်နေ့တွင် တိုက်တွန်း ပြောကြားလိုက်သည်။

တောင်ကိုရီးယား အောက်မေ့ဖွယ်နေ့ အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ သမ္မတလီမြောင်က မြန်မာနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှု တိုးတက်စေရန် လုပ်ဆောင်သွားမည့် ကတိကဝတ်ကို ထပ်မံထုတ်ဖော်ပြောဆိုပြီး မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို အားကောင်းမောင်းသန်ရှိသည့် အလားအလာ တစ်ခုအဖြစ်သတ်မှတ်ဖော်ပြသည်။

တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်သည် ပြီးခဲ့သည့် မေလအတွင်း မြန်မာနိုင်ငံသို့ နှစ်ပေါင်း ၃၀ ခန့်နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် သွားရောက် လည်ပတ်ခဲ့သည်။ ယခင် တောင်ကိုရီးယားသမ္မတ ချန်ဒူးဝမ် ၁၉၈၃ ခုနှစ်၊ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်စဉ်က မြောက်ကိုရီးယား အေးဂျင့်များက လုပ်ကြံခဲ့ကြသည်။  မစ္စတာ ချန်ဒူးဝမ်မှာ လုပ်ကြံမှုမှ လက်မတင်လေး လွတ်မြောက်သွားခဲ့သော်လည်း တောင်ကိုရီးယားနိုင်ငံသား ၁၇ ဦး သေဆုံးခဲ့ရသည်။

"မြန်မာနိုင်ငံဟာ များပြားတဲ့ သဘာဝသယံဇာတတွေနဲ့ ကျယ်ပြောလှတဲ့ နယ်နိမိတ်ရှိပေမယ့်လည်း လူတစ်ဦးချင်းစီ ဝင်ငွေဟာ တစ်နှစ်မှာ ဒေါ်လာ ၇၀၀ သာရှိပါတယ်။ ဆိုရှယ်လစ် တံခါးပိတ်စီးပွားရေး စနစ်နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက အတိတ်ကာလမှာ အထီးကျန်ဖြစ်အောင် ပိတ်ဆို့ခဲ့မှုတွေကြောင့် မြောက်ကိုရီးယားနိုင်ငံလို ဖြစ်နေပါတယ်"ဟု ၎င်းကဆိုသည်။

သို့သော် မြန်မာနိုင်ငံသည် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် နှစ်ကာလ ကြာရှည်စွာ အပယ်ခံဖြစ်ခဲ့ရာမှ ယခုအခါ တဖြည်းဖြည်းချင်း ပြန်လည် အသိအမှတ်ပြုခံလာရပြီ ဖြစ်ကြောင်း၊ အကြောင်းမှာ စစ်တပ်ကျောထောက်နောက်ခံ အရပ်သားအစိုးရလက်ထက် ရွေးကောက်ပွဲ ကျင်းပပေးခြင်း၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါလီမန် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရခြင်း အစရှိသည်တို့ကြောင့် ဖြစ်ကြောင်း မစ္စတာလီမြောင်ဘတ်က ပြောသည်။

"ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်မှုနဲ့ ပြုပြင်ပြောင်းလဲရေးဆိုတဲ့ လေတွေက မြောက်အာဖရိကကို ဖြတ်သန်း တိုက်ခတ်တယ်၊ ယခုအခါ အာရှဒေသမှာ အဲဒီလေတွေဟာ အားကောင်းမောင်းသန်နဲ့ သမိုင်းတွင်မယ့် လားရာနဲ့ တိုက်ခတ်နေပါတယ်။ ဘယ်သူမှ ထီးထီးကြီးရပ်ပြီး ဆန့်ကျင်လို့မရပါဘူး" ဟု သမ္မတလီမြောင်ဘတ်က ဆိုသည်။

"မြန်မာနိုင်ငံ လွတ်လပ်ပွင့်လင်းတဲ့ ခေတ်သစ်တစ်ခုကို ဖွင့်လှစ်နိုင်ပြီဆိုတဲ့ အချက်ကို မြောက်ကိုရီးယားနိုင်ငံဆီကို ပေးပို့ဖို့ သမ္မတဦးသိန်းစိန်ကို ကျွန်တော် ပြောဆိုခဲ့ပါတယ်။ မြောက်ကိုရီးယားဆိုတာ မြန်မာနဲ့ ရင်းနှီးမှုရှိတဲ့ နိုင်ငံတစ်နိုင်ငံပါ" ပာု ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံသည် ကွန်မြူနစ်မြောက်ကိုရီးယားနှင့် ချစ်ကြည်ရင်းနှီးမှုကို နှစ်အတော်ကြာ ထိန်းသိမ်းထားခဲ့သည်။ သို့သော် သမ္မတလီမြောင်ဘတ် ပြီးခဲ့သည့် မေလက လာရောက်လည်ပတ်စဉ်အတွင်း နျူကလီးယား ပိုင်ဆိုင်သော မြောက်ကိုရီးယားနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း မြန်မာအစိုးရက ကတိပေး ပြောဆိုခဲ့သည်။

တောင်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေးမှာ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် တောင်ကိုရီးယား စစ်သင်္ဘောအား တော်ပီတိုဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံရမှု ဖြစ်ပေါ်ခဲ့ပြီးနောက် အေးတိအေးစက် ဖြစ်သွားခဲ့သည်။ အဆိုပါ ဖြစ်ရပ်သည် မြောက်ကိုရီးယားကြောင့်ဟု တောင်ကိုရီးယားက စွပ်စွဲပြောဆိုခဲ့သည်။ မြောက်ကိုရီးယားကလည်း မဟုတ်မမှန်ကြောင်း ဒေါသတကြီး ငြင်းပယ်ခဲ့ကာ ထိုနှစ် နိုဝင်ဘာလတွင် တောင်ကိုရီးယားပိုင် ကျွန်းသို့ အမြောက်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြန်ရာ တောင်ကိုရီးယားလေးဦး သေဆုံးခဲ့ရသည်။

--------------------------------------------------------------------------------------------------------------------------------

မြန်မာရင်းနှီးမြှုပ်နှံမှု ညီလာခံကို ဇွန်လအတွင်း ကျင်းပမည်

(The Daily Star News မှ 6 June 2012 ရက်စွဲပါ “Myanmar’s investment summit in June” သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာရင်းနှီးမြှုပ်နှံမှုညီလာခံ ၂၀၁၂ ကို ရန်ကုန်မြို့တော်တွင် ဇွန် ၂၀ မှ ၂၁ အထိ ကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

၎င်းညီလာခံတွင် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံခြင်းအပေါ် အမြင်ကို ပြန်လည် သုံးသပ်ကြမည်ဖြစ်ပြီး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှု သတင်းအချက်အလက် ရရှိနိုင်မည့် ပလက်ဖောင်းအဖြစ် ပေါင်းကူး ဖြည့်ဆည်းပေးမည် ဖြစ်သည်။

ထို့အပြင် ၄င်းညီလာခံသည် စီးပွားရေး မဟာဗျူဟာများနှင့် အောင်မြင်သော ဖက်စပ်လုပ်ငန်းများကို ထွက်ပေါ်လာစေမည် ဖြစ်သည်။

ယင်းညီလာခံတွင် ပြောင်းလဲနေသော မြန်မာနိုင်ငံသစ်၏ ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်ပါ အဓိက စည်းကမ်းချက်များကို ထောက်ပြ သုံးသပ်ခြင်းများကို ပြုလုပ်မည့်အပြင် ရင်းနှီးမြှုပ်နှံမှုအတွက် မြေပိုင်ဆိုင်ခွင်၊့ ငွေပေးငွေယူ ဘဏ္ဍာရေးကိစ္စများ၊ နိုင်ငံခြားချေးငွေများ၊ လုံခြုံမှုရှိရေး ကိစ္စရပ်များအပေါ် အကြံဥာဏ်များ ပေးကြမည်ဟု သိရှိရသည်။

ဒက္ကား အခြေစိုက် PROBE သတင်းမဂ္ဂဇင်းသည်လည်း အဆိုပါညီလာခံ အခမ်းအနား၏ သတင်းမီဒီယာ ပါတနာ အဖြစ်ပါဝင်သည်ဟု ဆိုသည်။

မြန်မာစွမ်းအင်ဝန်ကြီးဌာနမှ စွမ်းအင်စီမံကိန်းရေးဆွဲရေး ညွှန်ကြားရေးမှူးချုပ် ဦးထင်အောင် အပါအဝင် အရေးပါသော စီးပွားရေးဆိုင်ရာဌာနများမှ အကြီးတန်း တာဝန်ရှိသူများစွာသည်လည်း ညီလာခံ တက်ရောက်ရန် အစီအစဉ်ရှိသည်ဟု သိရှိရသည်။

ဘင်္ဂလားဒေ့ရှ် အပါအဝင် အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ သြစတြေးလီးယား၊ ကနေဒါ၊ ဂျပန်နှင့် အခြားနိုင်ငံများစွာတို့သည် မြန်မာနိုင်ငံနှင့် စီးပွားရေး ဆက်ခံလုပ်ကိုင်ရန် အလွန်အမင်း စိတ်အားထက်သန်နေကြသည်။

--------------------------------------------------------------------------------------------------------------------------------

သမ္မတက ဒုဝန်ကြီးနှစ်ဦးကို ထုတ်ပယ်လိုက်ခြင်းကြောင့် အစိုးရ အဖွဲ့တွင်း အပြောင်းအလဲ လုပ်နိုင်ကြောင်း ထင်ကြေးပေးမှု ကြီးထွားလာ

(Routers News မှ 6 June 2012 ရက်စွဲပါ “Myanmar president axes deputy ministers, slirs reshuffle talk” သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာ သမ္မတဦးသိန်းစိန်သည် အာဏာရရှိပြီး ၁၅ လခန့် အကြာတွင် သူ၏ အရပ်သားတစ်ပိုင်းအစိုးရကို ပထမဆုံးအကြိမ် သိသာသော အပြောင်းအလဲများ ပြုလုပ်သည့်အနေဖြင့် စီးပွားရေးအရ အရေးပါသော ဝန်ကြီးဌာနများမှ ဒုဝန်ကြီးနှစ်ဦးကို ဖယ်ရှားလိုက်ခြင်းကြောင့် ပြုပြင်ပြောင်းလဲမှုများကို တွန်းအားပေးရန် အစိုးရအဖွဲ့တွင်း ကျယ်ကျယ်ပြန့်ပြန့် ပြန်လည် နေရာချမှုများ ပြုလုပ်တော့မည်ဟူသော မှန်းဆချက်များ မြင့်တတ်လာစေသည်။

ဆက်သွယ်ရေးနှင့် ကြေးနန်းဝန်ကြီးဌာန ဒုဝန်ကြီး ဦးတင့်လွင်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီး ဦးစိုးအောင် တို့ကို ၄င်းတို့၏ ဆန္ဒအလျောက် တာဝန်မှ အနားယူခွင့်ပေးမည်ဟု သမ္မတရုံးက ထုတ်ပြန်ကြေညာကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဗုဒ္ဓဟူးနေ့က ဖော်ပြခဲ့သည်။

“၄င်းတို့၏ ဆန္ဒအလျှောက်”နှင့် “ကျန်းမာရေးအခြေအနေကြောင့်”ဟူသော စကားလုံးများသည် အစိုးရ အဖွဲ့အစည်းများ၊ ထိပ်တန်း တာဝန်ရှိသူများကို အရေးယူ ထုတ်ပယ်သည့်အချိန်တွင် သွယ်ဝိုက် ညွှန်းဆိုလေ့ရှိသော စကားစုများ ဖြစ်သည်။

၎င်းတို့ နှုတ်ထွက်ရသည့် အကြောင်းရင်းများ၊ ၄င်းတို့ နေရာကို အစားထိုးမည့်သူများ စသည်တို့နှင့် ပတ်သက်၍ မှတ်ချက်ပေးမှု မရှိသော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ပိုမိုရရှိစေရန် သမ္မတကြီး၏ တွန်းအားပေးမှု အစီအစဉ်တစ်ရပ် ဖြစ်ဖွယ်ရှိသည်ဟု နေပြည်တော်မှ ဝန်ကြီးဌာန အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဒီဝန်ကြီးဌာနနှစ်ခုဟာ စိတ်အား ထက်သန်နေတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများစွာနဲ့ ဆက်ဆံနေရတာကြောင့် နိုင်ငံအတွက် အလွန် အရေးပါတဲ့ နေရာတွေ ဖြစ်ပါတယ်”ဟု အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“အခုလို တာဝန်ကအနားပေးခြင်းဟာ သမ္မတကြီးရဲ့ အစီအစဉ် တစ်စိတ်တစ်ပိုင်းပဲ ရှိပါသေးတယ်။ အစိုးရအဖွဲ့ထဲမှာ အခုထက်ပိုပြီး အပြောင်းအလဲတွေ ဖြစ်လာဖို့ မျှော်လင့်နိုင်မယ်လို့ ထင်ပါတယ်”ဟု အဆိုပါပုဂ္ဂိုလ်က ပြောကြားသည်။

မြန်မာနိုင်ငံသစ်၏ ပြောင်းလဲရေးဝါဒီ သမ္မတသစ်က အစိုးရအဖွဲ့အတွင်း ကြီးကြီးမားမား နေရာပြန်လည်ချထားမှု ပြုလုပ်မည်ဟူသော ကောလဟာလများသည် ဝန်ကြီးငါးဦးခန့်အထိကို အဂတိလိုက်စားမှုဖြင့် အရေးယူတော့မည်ဟူသော မှန်းဆချက်များနှင့်အတူ လွန်ခဲ့သော ၂ လခန့်ကပင် ပျံ့နှံ့နေခဲ့သည်။

မနှစ်ကအထိ အုပ်ချုပ်ခဲ့သော တပ်မတော် အစိုးရဟောင်းလက်ထက်တွင် ဝန်ကြီးဌာန ၆ ခု၌ အကြီးစား အဂတိလိုက်စားမှု သက်သေ အထောက်အထားများ တွေ့ရှိရသည်ဟု အစိုးရစာရင်းချုပ်ရုံးက လွှတ်တော်တွင် တင်ပြခဲ့ခြင်းကို ပုဂ္ဂလိက မီဒီယာများက သတင်းဖော်ပြခဲ့ပြီးနောက် အဆိုပါ သတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။

ယင်းဝန်ကြီးဌာနများတွင် ယခု ထုတ်ပယ်ခံရသော ဦးတင့်လွင်နှင့် ဦးစိုးအောင်တို့ တာဝန်ယူခဲ့သလား ဆိုသည်ကိုမူ မသိရ သေးပါ။

ယခင် အစိုးရလက်ထက် ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်ခဲ့သူ သမ္မတ ဦးသိန်းစိန်က ဝန်ကြီးဌာန တာဝန်ရှိသူကို ထုတ်ပယ်ခြင်းမှာ ယခုပထမဆုံးအကြိမ် ဖြစ်သည်။

နိုင်ငံရေး အကဲခတ်သူများ၏ အမြင်တွင် ပြုပြင်ပြောင်းလဲရေး ဝါဒီတစ်ဦး(သို့) ကြိုးဆွဲခံ ရုပ်သေးရုပ်တစ်ရုပ်အဖြစ် အမျိုးမျိုးအဖုံဖုံ ရှုမြင်ခြင်းခံရသော သမ္မတဦးသိန်းစိန်သည် အနောက်အုပ်စု Sanctions များရုတ်သိမ်းရေးကို ထောက်ခံရန် ဒေါ်အောင်ဆန်းစုကြည်ကို စည်းရုံးနိုင်ခဲ့သည့် အပြင် ပြီးခဲ့သော ၄၉ နှစ် စစ်အုပ်ချုပ်ရေးကာလအတွင်း အိပ်မက်ထဲမှာပင် မဖြစ်နိုင်ခဲ့သော နိုင်ငံရေး အပြောင်းအလဲများကို တစ်သီတစ်တန်း ဆက်တိုက် လုပ်ဆောင်ခြင်းဖြင့် ကမ္ဘာတစ်လွှားမှ လက်ခုပ်သံများကို ရယူလျှက်ရှိပြီး၊ နှစ်ပေါင်း ၅၀(ရာစုနှစ်ဝက်)အတွင်း နိုင်ငံတကာ၏ ပထမဆုံးအကြိမ် အသိအမှတ်ပြု ချီးကျူးခြင်းခံရသော မြန်မာ့တပ်မတော်ခေါင်းဆောင်တစ်ဦးအဖြစ် သမိုင်း မှတ်တမ်းဝင်သွားပြီ ဖြစ်သည်။

--------------------------------------------------------------------------------------------------------------------------------

ထိုင်းနိုင်ငံ ခရီးစဉ်သည် ရလဒ်ကောင်းသည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

(6 June 2012 ရက်စွဲပါ AP ၏ Myanmar’s Suu Kyi says Thai trip was productive သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမ၏ မကြာသေးမီက ထိုင်းနိုင်ငံ ခရီးစဉ်တွင် လုပ်ဆောင်မှုများသည် မည်သူ့ကိုမျှ စိတ်ပျက်စေရန် မဟုတ်ကြောင်း ဗုဒ္ဓဟူးနေ့က ပြောဆိုခဲ့ပြီး သူမ၏ လူသိများသော ခရီးစဉ်သည် အစိုးရအား စိတ်အနှောင့်အယှက် ဖြစ်စေမည်ဟု ယူဆမှုများကို ချေဖျက်ခဲ့သည်။

သူမ၏ ရွှေ့ပြောင်းလုပ်သားများထံ သွားရောက်လည်ပတ်မှု၊ ဒုက္ခသည်များထံသွားရောက်မှုနှင့် ဘန်ကောက်၌ ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်ခြင်းများကို တစ်ကမ္ဘာလုံးက အာရုံစိုက်ခဲ့ကြသည်။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးအတွက် (၂၄)နှစ်အတွင်း မြန်မာနိုင်ငံ ပြင်ပခရီးစဉ် ဖြစ်နေခြင်းကြောင့် ဖြစ်သည်။

သမ္မတဦးသိန်းစိန်သည် အဆိုပါ ဖိုရမ်သို့ တက်ရောက်ရန် ဦးစွာစီစဉ်ခဲ့သည်။ ထို့နောက် ရွှေ့ဆိုင်းခဲ့ပြီး၊ နောက်ဆုံး ပယ်ဖျက်ခဲ့သည်။ တာဝန်ရှိသူများက အလုပ်များနေ၍ဟု ဆိုသော်လည်း ဦးသိန်းစိန် စိတ်အနှောင့်အယှက် ဖြစ်ခဲ့သည်ဟု မှန်းဆခဲ့ကြသည်။

“ကျွန်မအနေနဲ့ မြန်မာနိုင်ငံက ဘယ်သူ့ကိုမှ စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ခဲ့မိတယ်လို့ မထင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်မရွှေ့ပြောင်းလုပ်သားတွေ သွားတွေ့တယ်။ ပြီးတော့ သူတို့နဲ့ဆိုင်တဲ့ ထိုင်းနိုင်ငံက တာဝန်ရှိသူ တွေကို သွားတွေ့ပါတယ်။ နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့် အရာတွေ ဆွေးနွေးပါတယ်။”ဟု ဒေါ်အောင်ဆန်းစုကြည်က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပြီး၊ အချို့ နိုင်ငံရေးလှုပ်ရှားသူများ နှစ်သက်သည့် အမည်ဟောင်း ‘Burma’ဟု အသုံးပြု၍ ပြောကြား သွားခဲ့သည်။

မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းသို့ သွားရောက်ရာတွင်လည်း ရလဒ်ကောင်းများထွက်သော ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရကြောင်း သူကပြောသည်။

“ထိုင်းနိုင်ငံမှာ ကျွန်မရဲ့ လုပ်ဆောင်ချက်တွေဟာ မြန်မာပြည်သူတွေအတွက် မကောင်းတဲ့ရလဒ်တွေ ထွက်လိမ့်မယ်လို့ ကျွန်မမထင်ပါဘူး”ဟု သူမက ရန်ကုန်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဦးသိန်းစိန်နှင့် ပူးပေါင်းဆောင်ရွက်မှုသည် သမ္မတ၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို ပြည်တွင်းနှင့် ပြည်ပက ထောက်ခံမှုရရှိရေးတွင် အရေးပါလှသည်။ သူမသည် ဦးသိန်းစိန်၏ လူမှုရေးနှင့် နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများသည် ရိုးသားမှုရှိသည်ဟု ယုံကြည်ကြောင်း သူမ အကြိမ်ကြိမ် ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရက တိုင်းပြည်၏စီးပွားရေး အထောက်အကူပြုရန် ရင်းနှီးမြှုပ်နှံသူများအား ဆွဲဆောင်လျက် ရှိချိန်တွင် မြန်မာနိုင်ငံ၌ ကြုံတွေ့နိုင်သည့် အခက်အခဲများကို အဆိုပါ ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့သည်။

--------------------------------------------------------------------------------------------------------------------------------


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၇.၆.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၁)

  1. ကုန်သွယ်မှု၊ အရေးယူမှုများသည် မြန်မာနိုင်ငံကို အထောက်အကူပြုဟု ဒေါ်အောင်ဆန်းစုကြည် ပြော

(7 June 2012 ရက်စွဲပါ The Age မှ Harich Mc Donald Suu Kyi says trade,sanctions aid Burma ကိုဘာသာပြန်ဆိုသည်။)

  1. ဒေါ်အောင်ဆန်းစုကြည် သြစတြေးလျသို့ သွားဦးမည်

(World News Australia မှ 7 Jun 2012 ရက်စွဲပါ “Suu Kyi to visit Australia”သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံသည် လမ်းကြောင်းမှန်ပေါ် ရောက်နေပြီဟုဆို

(7 June 2012 ရက်စွဲပါ The Japan Times မှ “ ‘On right track’ Myanmar woos investments” ကိုဘာသာပြန်ဆိုသည်။)

****************************

ဘာသာပြန်သတင်းများ

ကုန်သွယ်မှု၊ အရေးယူမှုများသည် မြန်မာနိုင်ငံကို အထောက်အကူပြုဟု ဒေါ်အောင်ဆန်းစုကြည် ပြော

(7 June 2012 ရက်စွဲပါ The Age မှ Harich Mc Donald Suu Kyi says trade,sanctions aid Burma ကိုဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံ၏ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သြစတြေးလျအား ၄င်း၏ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုများနှင့် ကုန်သွယ်မှုများသည် မြန်မာပြည်သူများအား အကျိုးရှိစေမည့် နည်းလမ်းများကိုသာ ကြည့်ကြရန် တိုက်တွန်းခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ နေအိမ်၌ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Bob Carr နှင့် (၄၅)မိနစ်ကြာ တွေ့ဆုံခဲ့ရာတွင် သူက နောက်ထပ် နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများကို အားပေးမှုပြုနိုင်ရန် အရေးယူမှုများကို ပယ်ဖျက်ပေးခြင်းမပြုဘဲ၊ ယာယီ ရုတ်သိမ်းမှုသာ ပြုသင့်ကြောင်း ပြောခဲ့သည်။

“ကျွန်မကတော့ အရေးယူမှုတွေ ယာယီရုတ်သိမ်းတာကိုပဲ နှစ်သက်ပါတယ်။ ဘာလို့လဲဆိုတော့ လုပ်ဆောင်မှုတွေအတွက် ဆုလာဒ်တွေ ရှိတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိသွားစေလို့ ဖြစ်ပါတယ်။ ဒီကောင်းမွန်တဲ့ လုပ်ရပ်တွေကို ဆက်ပြီးထိန်းမထားနိုင်ရင် ဆုလာဒ်တွေ ပြန်လည် ရုတ်သိမ်းသွားနိုင်တယ် ဆိုတာပါပဲ”ဟု သူက တွေ့ဆုံပွဲ အပြီးတွင် သတင်းထောက်များသို့ ပြောကြားခဲ့သည်။

“အရေးယူမှုတွေဟာ နိုင်ငံရေးအရ ကြီးစွာသက်ရောက်မှု ရှိတယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ အဲ့လို သက်ရောက်မှု မရှိဘူးဆိုရင် မြန်မာအစိုးရဟာ အရေးယူမှုတွေ ဖယ်ရှားပေးဖို့ ဒီလောက် စိတ်အားထက်သန်လိမ့်မယ် မဟုတ်ပါဘူး”ဟု သူက ဆိုသည်။

သြစတြေးလျသည် ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော်သို့ ရွေးချယ်တင်မြှောက်ခံရအပြီး ဧပြီလတွင် အရေးယူမှုများ ဖြေလျှော့ပေးခဲ့သည်။

ဆီနိတ်တာ Carr ကပြောကြားရာတွင် ၄င်းအနေဖြင့် မြန်မာနိုင်ငံအား ကုန်သွယ်ရေးနှင့် အကူအညီပေးရေး စဉ်းစားရာတွင် ပြည်သူတို့ အကျိုးရှိမရှိ စမ်းသပ်ပြီးမှ လုပ်ဆောင်မည်ဟု ပြောကြားခဲ့သည်။ “ဒါဟာ မြန်မာနိုင်ငံနှင့် ဆက်ဆံရာမှာ အသုံးပြုရမည့် အဓိပ္ပါယ်ပါတဲ့ ဆုံးဖြတ်ချက်ပါပဲ”ဟု ၄င်းက ဆိုသည်။

ဆီနိတ်တာ Carr ကဒေါ်အောင်ဆန်းစုကြည်အား အစိုးရ ဧည့်သည်အဖြစ် သြစတြေးလျသို့ လာရောက် လည်ပတ်ရန် ဖိတ်ကြားခဲ့ရာ၊ လာမည့်နှစ်တွင် ဖြစ်နိုင်မည်ဟု မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

*****************************

ဒေါ်အောင်ဆန်းစုကြည် သြစတြေးလျသို့ သွားဦးမည်

(World News Australia မှ 7 Jun 2012 ရက်စွဲပါ “Suu Kyi to visit Australia”သတင်းကို ဘာသာပြန်ဆိုသည်)

သြစတြေးလျ အစိုးရ၏ လာရောက်လည်ပတ်ရန် ဖိတ်ကြားမှုကို မြန်မာအတိုက်အခံ ခေါင်းဆောင်က လက်ခံလိုက်ပြီ ဖြစ်သည်။

အရှေ့အောင်အာရှ၏ နောက်ဆုံးပေါ် နာမည်ကျော် မြန်မာနိုင်ငံသို့ ၃ ရက်တာ ခရီးစဉ် ရောက်ရှိလာသော သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဘော့ဘ်ကားက ဖိတ်ကြားမှုကို ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ကမ္ဘာကျော် မြန်မာဒီမိုကရေစီ ခေါင်းဆောင်က သူမအနေဖြင့် ဝမ်းမြောက်ဝမ်းသာ လာရောက် လည်ပတ်လိုကြောင်းနှင့် လာမည့်နှစ်တွင် ဖြစ်နိုင်စရာရှိကြောင်း ပြန်လည်အကြောင်းပြန် ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က “ယူကလစ်ပင်အိုပေါ်မှာ နားနေတဲ့ ကူကာဘူရာ ငှက်ကလေးလို သီချင်းမျိုးတွေနဲ့ ကျွန်မက ကြီးပြင်းခဲ့ရတာဆိုတော့ သြစတြေးလျနဲ့ ပတ်သက်လို့ အများကြီး သိထားသလို ခံစားမိပါတယ်”ပာု သတင်းထောက်များအား ရန်ကုန်မြို့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ပြီးခဲ့သော နှစ်ပေါင်း ၂၀ နီးပါး နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံရမှုကြောင့် အိမ်ပြင်မထွက်နိုင်ခဲ့သော မြန်မာလူထု ခေါင်းဆောင်သည် ယခင်အပတ်က ထိုင်းနိုင်ငံသို့ ပထမဆုံး ပြည်ပခရီးစဉ်ကို သွားရောက်ရန် စီစဉ်ထားသည်။

မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာ အရေးယူ ဒဏ်ခတ်ခဲ့သော Sanctions များက ပြုပြင်ပြောင်းလဲရေး လမ်းပွင့်လာအောင် အထောက်အကူ ပြုခဲ့သည်ပာု သူမက ပြောကြားသည်။

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဘော့ဘ်ကားကလည်း ပြုပြင်ပြောင်းလဲနေသော မြန်မာနိုင်ငံအပေါ် သြစတြေးလျနိုင်ငံက အရေးယူမှုများ ဖြေလျှော့ ပေးနေကြောင်းနှင့် မြန်မာနိုင်ငံသည် အများပြည်သူလူထုကို အကျိုး ဖြစ်ထွန်းစေမည့် ရင်းနှီးမြှုပ်နှံမှု၊ အထူးသဖြင့် တာဝန်သိတတ်၊ တာဝန်ယူတတ်သော ရင်းနှီးမြှုပ်နှံမှုမျိုးကို လိုအပ် နေကြောင်း ရှင်းလင်းပြောကြားသည်။

*****************************

မြန်မာနိုင်ငံသည် လမ်းကြောင်းမှန်ပေါ် ရောက်နေပြီဟုဆို

(7 June 2012 ရက်စွဲပါ The Japan Times မှ “ ‘On right track’ Myanmar woos investments” ကိုဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံ၏ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်ကြီးများအသင်း ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်လာသော ဦးဝင်းအောင်က မြန်မာနိုင်ငံတွင် ဂျပန်စီးပွားရေးလုပ်ငန်းများ ပိုမိုလာရောက်၍ ရင်းနှီးမြှုပ်နှံကြရန် တောင်းဆိုခဲ့သည်။

“မြန်မာနိုင်ငံဟာ နိုင်ငံရေးအရ၊ စီးပွါးရေးအရ လမ်းကြောင်းမှန်ပေါ် ရောက်နေပါပြီ။ ပြေးလမ်းပေါ်ရောက်နေတဲ့ ပျံတက်တော့မယ့် လေယာဉ်လို ဖြစ်နေပါတယ်”ဟု ၄င်းက တိုကျိုတွင် အင်္ဂါနေ့က ပြုလုပ်ခဲ့သော “မြန်မာနိုင်ငံမှ ပြောင်းလဲနေသော အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

“အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။ရင်းနှီးမြှုပ်နှံသူတွေ အကျိုးရှိလိမ့်မယ်ဆိုတာ သေချာတယ်လို့ ပြောလိုပါတယ်”ဟု ၄င်းက ပြောသည်။

ဦးဝင်းအောင်က ဂျပန်သည် မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် နံပါတ်(၁၂)နေရာတွင် ရှိပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ၀.၅၃% ရှိသည်ဟု ဆိုသည်။

တရုတ်သည် စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ၃၄.၂၇% ရှိပြီး၊ နောက်တွင် ထိုင်းက ၂၃.၅၁% ဖြင့် ရပ်တည်နေသည်ဟု ၄င်းကပြောသည်။အမေရိကန်သည် ၀.၆၀% ဖြင့် နံပါတ်(၉)နေရာတွင် ရှိသည်။

ဧပြီလက တိုကျိုသို့ လာရောက်လည်ပတ်သော မြန်မာသမ္မတ ဦးသိန်းစိန်အား ဝန်ကြီးချုပ် Yoshihiko Noda ကပြောကြားခဲ့ရာတွင် ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံက တင်ရှိနေသောကြွေးမြီ ယန်း(၃၀၀) ဘီလီယံကို လျှော်ပစ်မည် ဖြစ်ကြောင်းနှင့် အတိုးနှုန်းနည်းသော ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ချေးငွေများ ပြန်လည်ပေးမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံတွင် အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီ ဥက္ကဌဖြစ်သူ ဦးတင်ထွဋ်ဦးကလည်း ၄င်းနိုင်ငံမှ တိုးတက်လာသော အခြေအနေများကို ဆွေးနွေးခဲ့သည်။

“မြန်မာနိုင်ငံက ပြောင်းလဲမှုတွေဟာ နောက်ပြန်မလှည့်တော့ပါဘူး။ ပုဂ္ဂလိကကဏ္ဍ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ပို့ကုန် တိုးချဲ့ရေးတို့အတွက် ဥပဒေ၊ နည်းဥပဒေသစ်တွေ လုပ်ဆောင်နေတဲ့ လက်ရှိပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေဟာ မြန်မာ့စီးပွားရေးရဲ့ အစိတ်အပိုင်းတွေကို ပြုပြင်နေတာပါပဲ”ဟု ၄င်းကပြောသည်။

“ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲမွဲတေမှုလျှော့ချရေးအတွက် ပြန်လည်အလေးပေးမှုကို အားပေးလျှက် ရှိပါတယ်။ ဆင်းရဲမွဲတေမှုနှုန်းကို လက်ရှိ ၂၆% မှ ၂၀၁၅ ခုနှစ်မှာ ၁၆% ထိလျှော့ချသွားမှာဖြစ်ပါတယ်”ဟု ၄င်းက ဖြည့်စွက်ပြောသည်။

အဆိုပါ ဆွေးနွေးပွဲကို အာရှဖွံ့ဖြိုးရေးဘဏ် အင်စတီကျူနှင့် ဂျပန်နိုင်ငံ ကုန်သည်ကြီးများအသင်းတို့က ပူးတွဲ ကျင်းပပေးခြင်း ဖြစ်သည်။

************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs