Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၉.၆.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံက စီးပွားရေးအတွက် တံခါးဖွင့်

(7 June 2012 ရက်စွဲပါ CNN News မှ Myanmar opens doors to business ကိုဘာသာပြန်ဆိုသည်။)

  1. သြစတြေးလျက မြန်မာ့ပညာရေး ရန်ပုံငွေ ထောက်ပံ့မှုကို ဒေါ်လာ သန်း ၈၀ အထိ တိုးမြှင့်မည်

(WA Today မှ 9 Jun 2012 ရက်စွဲပါ “Burma education aid to total $80 m: Carr”သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံတွင် လုပ်ငန်းချဲ့ရန် မစ်ဆုအိကုမ္ပဏီ စိတ်အားထက်သန်

(Daily Yomiuri News မှ 9 Jun 2012 ရက်စွဲပါ “Mitsui eager to diversify Myanmar business” သတင်းကို ဘာသာပြန်ဆိုသည်)

*****************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံက စီးပွားရေးအတွက် တံခါးဖွင့်

(7 June 2012 ရက်စွဲပါ CNN News မှ Myanmar opens doors to business ကိုဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံသည် ကမ္ဘာကြီးနှင့် တံခါးပိတ်ထားခဲ့သည်မှာ နှစ်ပေါင်း(၅၀)ခန့် ရှိပြီဖြစ်သည်။ သို့သော် ယခုအခါ မြန်မာအစိုးရသည် ပြုပြင်ပြောင်းလဲ ရေး လမ်းကြောင်းကို လျှောက်လှမ်းလာသောအခါ၊ မြန်မာနိုင်ငံသည် တရုတ်နှင့် အိန္ဒိယကြား ပျောက်နေသော အဆက်အစပ်တစ်ခုအဖြစ် ပြန်လည် ထွက်ပေါ်လာခဲ့ပြီး၊ ရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရန် အချိန်ကျပြီလောဟု စဉ်းစားလျှက်ရှိသည်။

ရာစုနှစ်တစ်ဝက်ခန့် စစ်တပ်မှ အုပ်ချုပ်ခဲ့ရာ မြန်မာနိုင်ငံအတွက် စီးပွားရေးအရ အထီးကျန်ဖြစ်ခဲ့ရပြီး၊ အာရှတွင် အချမ်းသာဆုံး နိုင်ငံတစ်ခုမှ အဆင်းရဲဆုံး နိုင်ငံတစ်ခုအဖြစ် ရောက်ရှိခဲ့ရသည်။ သို့သော် ယခုအခါ စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုများသည် နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများနှင့် အတူ တွဲလျက်လုပ်ဆောင်လျှက် ရှိရာ အရပ်သား အစိုးရသစ်သည် စီးပွားရေးလုပ်ငန်းများအတွက် တံခါးဖွင့်ထားပြီး၊ ရင်းနှီးမြှုပ်နှံမှုများ အန္တရာယ်ကင်းစွာ လုပ်ဆောင်နိုင်ပြီဖြစ်ကြောင်း ကမ္ဘာသို့ သက်သေပြရန် စိတ်အားထက်သန်လျှက် ရှိသည်။

မကြာသေးမီက ရန်ကုန်တွင် ကျင်းပသော ရေနံနှင့် ဓါတ်ငွေ့ကွန်ဖရင့်သည် ကမ္ဘာတစ်လွှားရှိ အလားအလာရှိသော ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ခဲ့သည်။ အရေးယူမှုများ ဖြေလျော့သွားခဲ့ပြီဖြစ်ရာ မြန်မာနိုင်ငံတွင် ငွေရှာရန် စဉ်းစားလျှက် ရှိကြသည်။

အမေရိကန် ကုမ္ပဏီဖြစ်သော USR တူးဖော်ရေး ဝန်ဆောင်မှုကုမ္ပဏီကို David La Prade က ဦးဆောင်လာခဲ့ပြီး ပြည်တွင်း ကုမ္ပဏီတစ်ခုအား ရေနံရှာဖွေရေးနှင့် တူးဖော်ရေး နည်းပညာများ ပေးရန် ညှိနှိုင်းလျှက်ရှိသည်။ ၄င်းက အကျိုးအမြတ်က အန္တရာယ်နှင့် ယှဉ်လျှင် ပိုများနေကြောင်း ဆိုသည်။

“စောစောဝင်လာရင်တော့ အမှားလုပ်မိမှာပါပဲ။ အလားအလာကောင်းတဲ့ ဈေးကွက်သစ်မှာ စီးပွားရေး လုပ်တဲ့အခါ မြေမြှုပ်မိုင်းလို အန္တရာယ်တွေ ရှိတတ်ပါတယ်။ ဒါပေမယ့် စောစောဝင်လာနိုင်မှ အခွင့်အလမ်းကောင်း ရမှာပါ”ဟု ၄င်းက CNN ၏ Paula Hancocks ကပြောသည်။

ရင်းနှီးမြှုပ်နှံရန် အခြေအနေများမှာ အသေအချာ တိုးတက်နေပြီဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် ကိုလည်း ရေးဆွဲထားပြီးဖြစ်ရာ၊ အမြတ်ခွန် ကင်းလွတ်ခွင့်ပြုခြင်း၊ မြေအသုံးချမှု သတ်မှတ်ချက်များ၊ အလားအလာ ကောင်းသော ရင်းနှီးမြှုပ်နှံသူများအား အလုပ်လုပ်နိုင်ရန် ရှင်းလင်းသော တရားဝင် အခြေခံ အဆောက်အဦးများ ခွင့်ပြုပေးထားခြင်းများကို တွေ့ရသည်။ ဗဟိုဘဏ်ကလည်း ဧပြီလက ၄င်း၏ ငွေကြေး ဖြစ်သော “ကျပ်”ငွေကို စီမံခန့်ခွဲမည့် နှုန်းရှင် မျှောထားပြီး ဖြစ်သည်။ ယခင်က တရားဝင်နှုန်းသည် မှောင်ခို ဈေးကွက် အမျိုးမျိုးထက် အဆ ၁၀၀ ခန့် မာနေခြင်းကြောင့် တရားဝင်စီးပွားရေး လုပ်ကိုင်သူများ ရင်းနှီး မြှုပ်နှံရာတွင် ပိုမိုကုန်ကျခဲ့ရသည်။

သို့သော် ရင်းနှီးမြှုပ်နှံသူများ၏ ရည်ရွယ်ချက်တွင် ချက်ခြင်း ရင်းနှီးမြှုပ်နှံမှုများ အများအပြား ပြုလုပ်ရန် မဟုတ်သေးပေ။

“စီးပွားရေး ကိုယ်စားလှယ်အဖွဲ့တွေ အများကြီး မြန်မာနိုင်ငံကို လာကြတယ်။ ဒါပေမယ့် ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ကြသေးပါဘူး။ လာမယ့် လအနည်းငယ်အတွင်း ဘာဖြစ်မလဲဆိုတာ စောင့်ကြည့်ဦးမယ်လို့ အကြောင်းပြ ကြပါတယ်”ဟု ကမ္ဘာ့အိမ်ခြံမြေ ကုမ္ပဏီဖြစ်သော Colliers International မှ Tony Picon ကပြောသည်။

အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနှင့် အခြားနိုင်ငံများသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူမှုများကို ဖြေလျော့ပေးခဲ့ကြပြီး၊ ၄င်းတို့၏ နိုင်ငံသားများ မြန်မာနိုင်ငံတွင် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ခွင့်ပြုလျှက်ရှိသည်။

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍ သည်လည်း ပြီးခဲ့သည့် ဒီဇင်ဘာလတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် သွားရောက်ခြဲ့ခင်းကြောင့် လည်းကောင်း၊ နှစ်ပေါင်း ၂၅၀၀ သက်တမ်းရှိ ရွှေတိဂုံ ဘုရားကြီးကို ရုပ်ရှင်ရိုက်ပြမှုကြောင့် အများကို ဆွဲဆောင်ခဲ့သည်။ ယခင်ထက်ပို၍ ဧည့်သည်များကို ဆွဲဆောင် လျှက်ရှိသည်။

“ဟီလာရီက ကျွန်တော်တို့ မလာခင် လာသွားတယ်လေ။ သူက သွားသင့်တယ်ထင်လို့ သွားတာဆိုတော့ ကျွန်တော်တို့အတွက် သွားဖို့ဆုံးဖြတ်တာ လုံလောက်တဲ့ ဥပမာပါ”ဟု အစ္စရေးနိုင်ငံမှ ခရီးသွား Gladys Blank ကပြောကြားခဲ့သည်။

မြန်မာနိုင်ငံသို့ လာရောက်သော ခရီးသွား ဦးရေသည် လွန်ခဲ့သော လေးနှစ်ကထက် နှစ်ဆနီးပါး တက်လာ သည်ဟု မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက ပြောသည်။ တစ်ခုတည်းသော ပြဿနာမှာ ဧည့်သည် တိုးလာခြင်းကြောင့် ရန်ကုန်တွင် ဟိုတယ်ခန်း မလုံလောက်မှု ဖြစ်သည်။

“ဒါဟာ အရေးကြီးတဲ့ ကိစ္စရပ်တစ်ခု ဖြစ်လာပါပြီ။ အစိုးရကလဲ စိုးရိမ်နေတယ်။ ဟိုတယ်တွေ ကိုယ်တိုင်က  ဧည့်သည်တွေ ပြန်ထွက်သွားမှာ စိုးရိမ်နေပါပြီ။ ခရီးသွားကဏ္ဍကို ထိခိုက်လာမှာပါ။ စီးပွားရေးအရလာတဲ့ သူကတော့ လာမှာပဲ။ ဒါပေမယ့် ခရီးသွားကဏ္ဍကို သွားထိမှာပဲ” ဟု Picon ကပြောသည်။

သို့သော် ယခုအထိ ပြောင်းလဲမှုများသည် မြန်မာပြည်သူများ၏ နေ့စဉ်ဘဝကို အနည်းငယ်သာ သက်ရောက်မှု ရှိနေပါသေးသည်။ မြန်မာနိုင်ငံ လူဦးရေ၏ ၃၀% ကျော်သည် ဆင်းရဲမွဲတေလျှက် ရှိနေသေးကြောင်း CIA World Factbook ၏ ဖော်ပြချက်အရ သိရသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးအရ စီးပွားရေးအရ တံခါးဖွင့်မှုများ၏ အကျိုးသက်ရောက်မှု အမှန်တကယ် အကူအညီ လိုအပ်နေသော ပြည်သူများထံ ရောက်ရှိရန် နှစ်အတန် ကြာမည် ဖြစ်သည်။

--------------------------------------------------------------------------------------------------------------------------------

သြစတြေးလျက မြန်မာ့ပညာရေး ရန်ပုံငွေ ထောက်ပံ့မှုကို ဒေါ်လာ သန်း ၈၀ အထိ တိုးမြှင့်မည်

(WA Today မှ 9 Jun 2012 ရက်စွဲပါ “Burma education aid to total $80 m: Carr”သတင်းကို ဘာသာပြန်ဆိုသည်)

မူလတန်းအောင် မြန်မာကလေးငယ်များ အရေအတွက် တိုးပွားလာစေရန် ကြိုးပမ်းသည့် အနေဖြင့် လာမည့် ၄ နှစ်အတွင်း သြစတြေးလျားနိုင်ငံက ဒေါ်လာ သန်း ၈၀ ထောက်ပံ့သုံးစွဲသွားမည်ပာု သိရသည်။

မြန်မာနိုင်ငံတွင် သြစတြေးလျ ထောက်ပံ့သော ပညာရေးစီမံကိန်းများကို စနေနေ့က သွားရောက်ကြည့်ရှုစဉ် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဘော့ဘ်ကားက ထောက်ပံ့ရေး စီမံချက်အသစ်ကို ကြေညာခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှာ မူလတန်းကျောင်းတက်တဲ့ ကလေးတွေထဲက ၅ နှစ်စလုံး ပြီးစီးအောင် တက်နိုင်သူက ထက်ဝက်တောင် မပြည့်ပါဘူးပာု ဘော့လ်ကားက စနေနေ့က ထုတ်ပြန်ကြေညာရာတွင် ပြောကြားခဲ့သည်။

“ဒီအချက်က ဒီကလေးငယ်တွေပာာ မြန်မာ့သမိုင်းမှာ မိဘတွေထက် ပညာရေး အဆင့်နိမ့်တဲ့ ပထမဆုံးမျိုးဆက် ဖြစ်လာ တော့မယ်ဆိုတာကို ညွှန်ပြနေပါတယ်။ ဒီလို ဖြစ်မသွားအောင် သြစတြေးလျနိုင်ငံက သေချာလုပ်ဆောင်ပေးချင်တဲ့ ဆန္ဒရှိပါတယ်”ပာု ဘော့ဘ်ကားက စိုးရိမ်တကြီး ပြောဆိုသည်။

သြစတြေးလျနိုင်ငံက လှူဒါန်းသော ပညာရေးရန်ပုံငွေ ဒေါ်လာ သန်း ၈၀ ကို ဆရာ၊ ဆရာမများအား လေ့ကျင့်သင်တန်းပေးခြင်း၊ ဝေးလံ ခက်ခဲသော ဒေသများသို့ ကျောင်းသုံးစာအုပ်နှင့် စားနပ်ရိက္ခာကူညီခြင်း ကိစ္စများတွင် သုံးစွဲမည့်အပြင် ကလေးသူငယ်များ၏ ကျန်းမာရေးအတွက် မူလတန်းကျောင်းများတွင် ရေနှင့် မိလ္လာသန့်ရှင်းမှုစနစ်များ ဖြည့်ဆည်း ပေးသွားမည်ဖြစ်သည်။

အချို့ဒေသများတွင် ကောင်းစွာလေ့ကျင့်ပေးထားသော ဆရာ၊ ဆရာမ အရေအတွက်မှာ ရာခိုင်နှုန်း ထက်ဝက်ပင် မရှိပါပာုလည်း သြစတြေးလျားနိုင်ငံခြားရေးဝန်ကြီးက ပူပင်ကြောင့်ကြစွာ ပြောကြားသည်။

ထို့အပြင် ကင်ဘာရာမြို့တော်၌ မြန်မာကျောင်းသားများ တက်ရောက်နိုင်ရန် ပညာသင် ထောက်ပံ့ကြေးပေးမည့် သြစတြေးလျားတက္ကသိုလ် အရေအတွက်ကို လာမည့်နှစ်တွင် ၂၀ မှ ၂၀၁၅ တွင် ၅၀ အထိ တိုးမြှင့်သွားမည်ပာု သိရသည်။

ယခု သီတင်းပတ် အစောပိုင်းကလည်း မြန်မာနိုင်ငံ၏ လမ်းလျှောက်တက်စ ဒီမိုကရေစီခြေလှမ်းကို အားပေးရန်အတွက် ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးဒဏ်ခတ်မှု Sanctions များ ဖြေလျော့ပေးလိုက်ပြီပာု သြစတြေးလျနိုင်ငံ ထုတ်ပြန် ကြေညာခဲ့သည်။

--------------------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံတွင် လုပ်ငန်းချဲ့ရန် မစ်ဆုအိကုမ္ပဏီ စိတ်အားထက်သန်

(Daily Yomiuri News မှ 9 Jun 2012 ရက်စွဲပါ “Mitsui eager to diversify Myanmar business” သတင်းကို ဘာသာပြန်ဆိုသည်)

နာမည်ကျော် ဂျပန် မစ်ဆူအိကုမ္ပဏီအုပ်စု အကြီးအကဲ မာဆာမီအီဂျီးမားက မိမိတို့ ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်နေသော လုပ်ငန်းများကို တိုးချဲ့ဖြန့်ကျက်ရန် ဆန္ဒပြင်းပြနေသည်ပာု ထုတ်ဖော် ပြောဆိုလိုက်သည်။

“မြန်မာနိုင်ငံပာာ ပဲအမျိုးမျိုးနဲ့ ပုဇွန်လို စားသောက်ကုန်တွေ၊ ဓာတ်အားပေးစက်ရုံတွေ၊ သင်္ဘောဆိပ်ကမ်းနဲ့ ရေပေးဝေရေး အစရှိတဲ့ လူမှုအခြေခံအဆောက်အဦး လုပ်ငန်းတွေ၊ အထည်အလိပ်နဲ့ စက်မှုလုပ်ငန်းတွေ အပါအဝင် လုပ်ကိုင်စရာ စက်မှုလုပ်ငန်းနယ်ပယ် ကျယ်ပြန့်တဲ့အတွက် စီးပွားရေး လုပ်လို့ကောင်းမယ့် ဒေသတစ်ခု ဖြစ်ပါတယ်”ပာု မစ်ဆူအိကုမ္ပဏီ အကြီးအကဲက မြန်မာအစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် သတင်းထောက်များနှင့် အင်တာဗျူး၌ ပြောကြားသည်။

မြန်မာနိုင်ငံမှ ထုတ်လုပ်သော ဆန်နှင့် သကြားတင်ပို့ခြင်းကို ချက်ခြင်းလက်ငင်း စတင်နိုင်တော့မည်ဖြစ်ပြီး၊ မကြာမီ အတောအတွင်း မိမိတို့ ကုမ္ပဏီအနေဖြင့် မြန်မာ့ဆန်ကို စင်္ကာပူသို့ အစမ်းသဘော တင်ပို့ရန် စီစဉ်နေသည်ပာု မစ္စတာ အီဂျီးမားက ထုတ်ဖော်ပြောကြားသည်။

ဆန်ကို မုန့်ဖုတ်လုပ်ငန်းကဲ့သို့သော ထုတ်ကုန်အမျိုးမျိုးတွင် ကုန်ကြမ်းအဖြစ် အသုံးပြုနိုင်သောကြောင့် ကုန်သွယ်ရေး ဖြန့်ကျက်ခြင်း၏ နမူနာကောင်းတစ်ခုအဖြစ် ကိုယ်စားပြုနေသည်ပာု အီဂျီးမားက ဆိုသည်။

ပို့ကုန်လုပ်ငန်းသည် နိုင်ငံအတွက် နိုင်ငံခြားငွေ ရှာဖွေပေးသော အသုံးဝင်သည့် လက်နက် ကိရိယာတစ်ခုဖြစ်၍၊ မိမိတို့ မစ်ဆူအိကုမ္ပဏီအနေဖြင့် သစ်အပါအဝင် မြန်မာ့ထွက်ကုန်များ တင်ပို့မှုကို အားပေးမြှင့်တင် ပေးသွားမည်ပာု မစ္စတာ အီဂျီးမားက ပြောကြားသည်။

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအလားအလာကို ထင်ကြေးပေးရာတွင် မစ္စတာအီဂျီးမားက “ဖြေရှင်းရမယ့် စိန်ခေါ်မှုများစွာ ရှိနေသည်”ပာု ပြောကြားသည်။ အထူးသဖြင့် အခြေခံအဆောက်အဦးကဏ္ဍ တိုးတက်ရန် လိုအပ်ပြီး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူချောမွေ့စေမည့် ဥပဒေစနစ်တစ်ခု ထူထောင်ရန် လိုအပ်သည်ပာု ၎င်းက မှတ်ချက်ပေး ပြောကြားသွားသည်။

--------------------------------------------------------------------------------------------------------------------------------


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၉.၆.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. လူနှင့် ဖြတ်သန်းမှု

*****************************************

ဆောင်းပါးကဏ္ဍ

လူနှင့် ဖြတ်သန်းမှု

ထက်မြက်

(ပေါ်ပြူလာသတင်းမီဒီယာ၏ အင်တာနက်စာမျက်နှာမှ ကူးယူဖော်ပြချက်)

ယခုနှစ် မေလက ကျွန်တော်သည် ဆရာဒဂုန်တာရာ နေထိုင်ရာ အောင်ပန်းမြို့သို့ ရောက်ရှိခဲ့ပါသည်။ အောင်ပန်းမြို့သို့ သွားရောက်ခြင်းမှာ ဆရာဒဂုန်တာရာ၏ ၉၃ နှစ်မြောက် မွေးနေ့ပွဲသို့ တက်ရောက်ရန်သွားခဲ့ခြင်းဖြစ်၏။ နှစ်စဉ် မေလရောက်တိုင်း ရှမ်းပြည်နယ်တောင်ပိုင်းသို့ ဝတ်မပျက် သွားရောက်ခဲ့ပါသည်။ ကျွန်တော်တို့ မိသားစုနှင့်အတူ စာရေးဆရာ၊ ကဗျာဆရာ၊ ပန်းချီ ဆရာ၊ အယ်ဒီတာ၊ ထုတ်ဝေသူ စသည့် စာပေအသိုင်းအဝိုင်းမှ အနုပညာမောင်နှမ ၃ဝ ကျော်၊ ၄ဝ နီး ပါး ရန်ကုန်မှ တက်ရောက်ခဲ့ကြသည်။ တချို့က ကားနှင့် သွားကြသည်။ တချို့က ရထားနှင့် သွားကြလေသည်။ ရန်ကုန်မှ စာပေအသိုင်းအဝိုင်းကဲ့သို့ပင် မန္တလေးမှလည်း ကားများ၊ ရထားများဖြင့် အသုတ်လိုက် တက်လာကြ၏။ နောက်ပျဉ်းမနားနှင့် အခြားဒေသများမှ လည်း မွေးနေ့ပွဲသို့ တက်တက်ကြွကြွ တက်ရောက်လာပါသည်။ ဆရာဒဂုန်တာရာမှာ ယခု အခါ အသက် ၉၃ နှစ်တင်းတင်း ပြည့်လေပြီ။ ယခုအသက် အရွယ်မှာ ရင့်မှည့်လာသောအရွယ်သို့ ရောက်ပြီဟု ဆိုရမည်။ သို့သော် ဆရာမှာ သတိအနည်းငယ် ချို့ယွင်းသော်လည်း အတော်များများကိုမူ မှတ်မိနေဆဲ ဖြစ်သည်။ ကျွန်တော်တို့နှင့် စာရေးဆရာအသင်းအကြောင်း၊ စာရေးဆရာ ကလပ်အကြောင်း၊ စာရေးဆရာသမဂ္ဂအကြောင်းများကို အားပါးတရနှင့် ကျွန်တော်တို့ကို ပြောပြရာ မှတ်ဥာဏ်မချို့ယွင်းသေးပါ။ အစားကိုလည်း အားပါးတရစား၍ ကျွန်တော်တို့ အားတက်မိပါသည်။ ဆရာသည် ယခုအထိ ‘ရန်သူမရှိ၊ မိတ်ဆွေရှိ၊ မုန်းသူမရှိ၊ ချစ်သူသာရှိ’ ဟူသော အယူအဆကို ကိုင်စွဲပြီး ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် တစ်ဖက် နှင့်တစ်ဖက် ရန်သူများဟု မယူဆဘဲ မိတ်ဆွေများဟု ယူဆပါက ငြိမ်းချမ်းရေးရရှိနိုင်ကြောင်း ယူဆထား၏။ ဆရာက ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့တွင် ဆရာကြီးသခင်ကိုယ်တ်ာမှိုင်း နှင့်အတူ သူမနာ၊ ကိုယ်မနာ ငြိမ်းချမ်းရေးတည်ဆောက်ဖို့၊ တွေ့ဆုံညှိနှိုင်းပြီး အဖြေရှာကြဖို့ လှုံ့ဆော်စည်းရုံးခဲ့သူဖြစ်သည်။ တစ်ချိန်တည်းတွင် ကမ္ဘာ့ငြိမ်း ချမ်းရေး ကွန်ဂရက်တွင်လည်း ပါဝင်ခဲ့သည်။ ကမ္ဘာ့ငြိမ်းချမ်းရေး ညီလာခံကျင်းပရာ စတော့ဟုမ်းမြို့သို့လည်း ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့လေ သည်။ သူ့ဘဝတွင် ငြိမ်းချမ်းရေး လှုပ်ရှားမှုများအတွက် အချိန်အများဆုံး ပေးခဲ့လေသည်။

ဆရာ၏ ၉၃ နှစ်မြောက် မွေးနေ့ကို အောင်ပန်းမြို့၊ မဟာဂန္ဓာရုံကျောင်း၊ ဓမ္မာရုံသစ်ကြီးတွင် ကျင်းပခြင်းဖြစ်ပါသည်။ ယခင်နှစ်ကမူ တည်ရှိနေ သော နိုင်ငံရေးအခြေအနေအရ ဆရာ့မွေးနေ့ကို ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်ခဲ့ပေ။ ဆရာ့ အိမ်အပေါ်ထပ်တွင်သာ ဆရာ့တူမ ဆရာမသင်းမြစန္ဒီ ဦးစီးကာ ကျဉ်းကျဉ်းကျပ်ကျပ် ကျင်းပခဲ့ရ၏။ ယခုမူ ပုဂ္ဂိုလ်ကြီးများ၏ မွေးနေ့အခမ်းအနားကို ဘုန်းကြီးကျောင်းများ၌ ကျင်းပခွင့်ရသလို၊ ဟိုတယ်များ၊ ဓမ္မာရုံများ၊ စားသောက်ဆိုင်များတွင်လည်း ကျင်းပခွင့်ရနေပါပြီ။ ယခုနှစ် ဆရာဒဂုန်တာရာ ၉၃ နှစ်မြောက် မွေးနေ့အခမ်းအနားမှာ အောင်ပန်းတွင် ကျင်းပခဲ့သမျှ၌ တက်ရောက်သူ အများဆုံးဖြစ်သည်။ ပို၍ ထူးခြားသည်မှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ တက်ရောက်လာခြင်းဖြစ်ပါသည်။ ကိုမင်းကိုနိုင် ဦးဆောင်သော ၈၈ မျိုးဆက်ကျောင်းသားများသည် တောင်ကြီး၊ အင်းလေး၊ ကလော၊ ဟဲဟိုး၊ ဟိုပုန်းစသည့် ဒေသများတွင် လူမှုရေးလုပ်ငန်းများကို လုပ် ဆောင်ရင်း၊ ပြည်သူလူထုနှင့်ထိတွေ့ရင်း ဆရာဒဂုန်တာရာ မွေးနေ့ပွဲကို တက်ရောက်လာခြင်းဖြစ်သည်။ ထို ၈၈ မျိုးဆက်ကျောင်းသားများမှာ ထောင်က ထွက်လာပြီးကတည်းက အိမ်တွင်ကုပ်၍ အေးအေးဆေးဆေး မနေခဲ့ကြပေ။ သူတို့ လုပ်ဆောင်နိုင်စွမ်းရှိသမျှကို မမောမပန်း လုပ်ဆောင်နေကြသူများ ဖြစ်၏။ ပေးလာသော အခြေအနေအရ ရေရရှိရေး၊ စာသင်ကျောင်းဆောက်ရေး၊ ဆေးပေးခန်းဆောက်ရေးစသည့် ကိစ္စများမှအစ လူထုအတွက် လိုအပ် သမျှကို နိုင်ငံရေးအရှိန်အဝါ၊ ကျောင်းသားခေါင်းဆောင်အရှိန်အဝါ၊ လူထုထောက်ခံမှုအရှိန်အဝါများဖြင့် ကိုယ်ကျိုးမကြည့်ဘဲ လုပ်ဆောင်နေကြသည့် အလွန်ချီးကျူးထိုက်သူများ ဖြစ်ပါသည်။ သူတို့သည် နိုင်ငံရေးအခြေအနေများ ပွင့်လင်းနေပြီးဖြစ်သော်လည်း သူတို့က နိုင်ငံရေးပါတီလည်း မထူထောင်၊ ရှိနေသော နိုင်ငံရေးပါတီများနှင့်လည်း ပါဝင်ပတ်သက်မှုမရှိဘဲ ပွင့်လင်းလူ့အဖွဲ့အစည်း တည်ဆောက်ရေး ကြွေးကြော်သံဖြင့် လူမှုရေးကိစ္စများကိုသာ တက်တက်ကြွကြွ ဆောင်ရွက်နေလေသည်။ ယနေ့ အသီးသီးက အားတက်သရော တည်ဆောက်နေသော ဒီမိုကရေစီနိုင်ငံ ဖြစ်တည်ရေး၊ ပြည်တွင်းငြိမ်း ချမ်းရေး တည်ဆောက်ရေးတို့တွင် ၈၈ မျိုးဆက်ကျောင်းသားများ တစ်တပ်တစ်အား ပါဝင်လာသောကြောင့် သူတို့၏လုပ်ဆောင်ချက်မှာ ပြည်သူကို လှုံ့ ဆော် စည်းရုံးနိုင်ပေလိမ့်မည်။

ဒဂုန်တာရာ၏ မွေးနေ့မှာ မေလ ၁ဝ ရက်နေ့ဖြစ်သော်လည်း ယခုနှစ် မေလ ၁ဝ ရက်နေ့မှာ ရုံး ပိတ်ရက် မကျသောကြောင့် ရုံးပိတ်ရက် မေလ ၆ ရက် တနင်္ဂနွေနေ့ကို ကျင်းပခဲ့ပါသည်။ ၈၈ ကျောင်းသားခေါင်းဆောင်ကိုကိုကြီးက မွေးနေ့ပွဲမတိုင်မီ ဆရာဒဂုန်တာရာကို ဂါရဝပြုလာရောက် ကန်တော့ သွားသည်ဟု သိရပါသည်။ သူတို့သည် အဖွဲ့လိုက် မြန်မာပြည်တစ်နံတစ်လျားသို့  ပွင့်လင်းလူ့အဖွဲ့အစည်းအတွက် သွားရောက်နေရသောကြောင့် အား လပ်သည်ဟူ၍ မရှိကြပေ။ မွေးနေ့အခမ်းအနားကို မေလ ၆ ရက်၊ မနက် ၈ နာရီခွဲ တွင် စတင်ကျင်းပပါသည်။ တက်ရောက်လာသူ ပြည်သူများနှင့် စာပေ သမားများ၊ နိုင်ငံရေးသမား များအားလုံး ၅ဝဝ ကျော်ခန့်ရှိလိမ့်မည် ထင်ပါသည်။ ဓမ္မာရုံကြီးတစ်ခုလုံး ပြည့်သွားပါသည်။ အခမ်းအနားမှူးမှာ ဆရာအံ့မောင် ဖြစ်သည်။ မန္တလေးမှ ဆရာကိုလေး (အင်းဝဂုဏ်ရည်)၊ ရန်ကုန်မှ ဆရာမောင်သာနိုး၊ ပျဉ်းမနားမှ ဆရာမောင်သင်းခိုင်တို့လည်း တက်ရောက် ဂါရဝပြုကြ သည်။ အခမ်းအနားစသည်နှင့် ဆရာဒဂုန်တာရာကို စာပေသမားများနှင့် ဧည့်ပရိသတ်က ဦးချ ကန်တော့ကြသည်။ နောက် မွေးနေ့အတွက်ပေးပို့သော သဝဏ်လွှာများကို ပေးပို့ကြသည်။ ဗကသများအဖွဲ့ချုပ်သဝဏ်လွှာ၊ မြန်မာနိုင်ငံ စာရေးဆရာများသမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီ၏ သဝဏ်လွှာ၊ အ ထက် မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂ ဖြစ်မြောက်ရေးကော်မတီ၏ သဝဏ်လွှာ စသည့် သဝဏ်လွှာအသီးသီးကို ဖတ်ပြီးသည့်နောက် ကိုမင်းကိုနိုင်က ဒဂုန်တာရာအား ဂါဝရပြုသည့် သူကိုယ်တိုင်ရေးစပ်သော ကဗျာတစ်ပုဒ်ကို ဖတ်ကြားသွားပါသည်။

သူတို့အဖွဲ့မှာ မွေးနေ့ အခမ်းအနားတွင် အေးအေးဆေးဆေး တက်ရောက်ဖို့ အချိန်မရှိပါ။ သူတို့ရှေ့ဆက်ပြီး သွားစရာမြို့ အများအပြားရှိသည်။

သူတို့မှာ လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ဖို့ တခြားဒေသများ၌ ချိန်းဆိုထားပြီးဖြစ်သည်။ မွေးနေ့ရှင်က ကျွေးမွေးသော နံနက်စာကို စားသောက် ပြီးသည်နှင့် ၈၈ မျိုး ဆက်ကျောင်းသားများအဖွဲ့မှာ အောင်ပန်းမှ ထွက်ခွာသွားကြလေသည်။

အစီအစဉ်အရ အထက်မြန်မာ နိုင်ငံ စာရေးဆရာများကိုယ်စား ဆရာကိုလေး(အင်းဝဂုဏ်ရည်) က ဆရာဒဂုန်တာရာအား မွေးနေ့ဂုဏ်ပြုစကား ပြောကြားသည်။ သူ ပြောကြားပြီးသည့်နောက် အောက်မြန်မာနိုင်ငံစာရေးဆရာများကိုယ်စား ပြောကြားရမည့်သူ၏ အလှည့်မှာ ကျွန်တော်ဖြစ်ပါသည်။ ကျွန်တော်က ယနေ့ပြည်သူများ နိုင်ငံရေးသမားများ၊ ကျောင်းသားများ၊ စာပေသမားများနှင့် သက်ဆိုင်သော အခြေအနေတစ်ခုကို စဉ်းစားရင်း ‘လူနှင့်သ မိုင်း ဖြတ်သန်းမှု’ဆိုသော ခေါင်းစဉ်ကို ပြောကြားခဲ့လေသည်။ ကျွန်တော် စဉ်းစားမိသည်မှာ ဆရာဒဂုန်တာရာ၏ သမိုင်းဖြတ်သန်းမှု ဖြစ်ပါသည်။ ဆရာနှင့် ၈၈ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်တို့၏ ဖြတ်သန်းမှုအကြောင်း ဖြစ်သည်။ ဆရာသည် အသက် ၂ဝ အရွယ်က ကျောင်းသားသမဂ္ဂတွင် အမှုဆောင် အဖြစ် ပါဝင်ခဲ့သူဖြစ်သည်။ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ အာဘော် အိုးဝေမဂ္ဂဇင်းတွင် အယ်ဒီတာအဖြစ် တာဝန်ယူခဲ့ပါသည်။ ထိုတာဝန်မှာ ယခင် က ဗိုလ်ချုပ်အောင်ဆန်းကယူခဲ့သလို ဆရာတာဝန်ယူခဲ့သော အိုးဝေမဂ္ဂဇင်း၏ခေါင်းကြီးမှာ နွေဦးဖြစ်လေသည်။ ဆရာသည် သမိုင်းတွင် သူ့ပခုံးပေါ်ကျ သောတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သူလည်း ဖြစ်၏။ သခင်အောင်ဆန်း၊ သခင်ဗဟိန်း၊ သခင်သန်းထွန်းတို့နှင့်အတူ မြန်မာနိုင်ငံ၏ သမိုင်းကို သူဖြတ်သန်းခဲ့ပါသည်။ ပြည်သူလူထုကြီးက သမိုင်းကို ဖန်တီးခဲ့သလို ထိုသမိုင်းကို ဖြတ်သန်းရမည်မှာ မိမိတို့၏ တာဝန်ဖြစ်သည်။ ပြည်သူကို အကျိုးပြု သော၊ သစ္စာမဖောက်သော ဖြတ်သန်းမှုမျိုးဖြင့် ဖြတ်သန်းရမည်။

ကျွန်တော်တို့သည် သမိုင်းကို အားလုံးဖြတ်သန်းနေကြပါသည်။ မှန်ကန်သော ဖြတ်သန်းမှု၊ တာဝန်ကျေသောဖြတ်သန်းမှု စသည်ဖြင့် ဖြတ်သန်းမှု ကောင်းဖို့လိုပါသည်။ လူအချို့သည်လည်း သမိုင်းကို ဖြတ်သန်းခဲ့ဖူးပါသည်။ နိုင်ငံရေးဖြစ်စဉ်များတွင် ပါဝင်ပတ်သက်ခဲ့ဖူးကြသည်။ သို့သော် သူတို့မှာ  ဟို ကွေ့ရောက် ဟိုတက်နှင့် လှော်၊ ဒီကွေ့ရောက် ဒီတက်နှင့်လှော်ဖြင့် ကိုယ်ကျိုးရှာ၊ အနစ်နာမခံရဲသူများဖြစ်သောကြောင့် သူတို့မှာ နာမည်ဆိုးဖြင့် ကျော်ကြားလေသည်။ သူတို့သည် အာဏာရပါတီများ၊ အခွင့်အရေးပေးနိုင်သော အဖွဲ့အစည်းများတွင် ပါဝင်ခဲ့ကြပြီး ရေထဲမိုးထဲရောက်သောအခါ ပြည်သူ ကို သစ္စာဖောက်သွားသူများ၊ သမိုင်းကို ကျောခိုင်းသွားသူများ ဖြစ်သွားကြ၏။ ဒဂုန်တာရာကဲ့သို့ သမိုင်းကို ဖြတ်သန်းသူများနှင့် ၈၈မျိုးဆက်ကျောင်းသား များ၏ ယခုထက်တိုင် သမိုင်းကိုဖြတ်သန်းနေသူအား စဉ်းစားရင်း တစ်လျှောက်လုံးအနစ်နာခံ၊ မိသားစုဘဝကို စွန့်လွှတ်ကာ သမိုင်းကို မှန်မှန်ကန်ကန် လျှောက်လှမ်းနေသည့် ဒေါ်အောင်ဆန်းစုကြည် အကြောင်းကိုလည်း အလေးအနက် ပြန်စဉ်းစားမိသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖော်ဆောင်ရေးနှင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်ပေါင်းများစွာ အကျယ်ချုပ်ထားခံရပြီး သူမရည်ရွယ်ချက်ကို မစွန့်လွှတ်ဘဲ အကြမ်းမဖက်သောနည်းဖြင့် ဒီမိုက ရေစီတည်ဆောက်ဖို့ ကြိုးစားလာခဲ့၏။ ဒေါ်အောင်ဆန်းစုကြည်၏ စွန့်လွှတ်မှု၊ ခေါင်းဆောင်နိုင်မှုတို့ကြောင့် အနောက်နိုင်ငံများက သူမကို အလေးထားကာ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် အပြောင်းအလဲဖြစ်လိုသော မြန်မာ အစိုးရခေါင်းဆောင် များနှင့် နားလည်မှုရယူနိုင်ခဲ့ကြသည်။ လုံးဝဥဿုံ ပြောင်းလဲသည်၊ မပြောင်းလဲသည်ထား၊ ယခင်နှစ်များနှင့်မတူ ပြောင်းလဲနေသည်မှာ မျက်မြင်ကိုယ်တွေ့ ဖြစ်ပါသည်။ သူတို့အားလုံးသည် သမိုင်းကို ဖြတ်သန်းနေကြ သည်။ ပြည်သူလူထုအတွက် အမှန်တကယ် ဖြတ်သန်းမည်ဟု ရိုးရိုးသားသား သဘောထားနိုင်ခဲ့လျှင် သမိုင်းကိုဖန်တီးသော ပြည်သူလူထုကလည်း မည်သူ့ကိုမဆို မျက်ကွယ်ပြုမည် မဟုတ်ပေ။ ထို့ကြောင့် လူသည်သမိုင်းကို ဖြတ်သန်းနေရာတွင် မှန်မှန်ကန်ကန် ဖြတ်သန်းရန် ဖြစ်၏။ မိမိတိုင်းပြည်၊ မိမိ လူမျိုးအတွက် အမှန်ကန်ဆုံး၊ စေတနာအပါဆုံးဖြင့် သမိုင်းကို ဖြတ်သန်းကြပါစို့။

*****************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs