Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၂.၆.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ဓါတ်ငွေ့ရှာဖွေရေး ကန်ထရိုက်စာချုပ်သစ် မြန်မာလက်မှတ်ထိုး

(IANS News မှ 11 June 2012 ရက်စွဲပါ ‘Myanmar gas exploration contract linked’ သတင်းကို ဘာသာပြန်သည်)

  1. မြန်မာအစိုးရ၏ ဘာသာရေးအဓိကရုဏ်း စနစ်တကျကိုင်တွယ်ပုံကို အီးယူချီးကျူး

(Reuters သတင်းမှ 11 June 2012 ရက်စွဲပါ "EU welcomes measured Myanmar response to rotating" သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်။)

                                                 ****************************

ဘာသာပြန်သတင်းများ

ဓါတ်ငွေ့ရှာဖွေရေး ကန်ထရိုက်စာချုပ်သစ် မြန်မာလက်မှတ်ထိုး

(IANS News မှ 11 June 2012 ရက်စွဲပါ ‘Myanmar gas exploration contract linked’ သတင်းကိုဘာသာပြန်သည်)

မြန်မာနိုင်ငံတွင် ကုန်းတွင်းဓါတ်ငွေ့ရှာဖွေရေး ကန်ထရိုက်တစ်ခုကို လက်မှတ်ရေးထိုးသည်ဟု နိုင်ငံပိုင်မီဒီယာတွင် သတင်းထုတ်ပြန်သည်။

နိုင်ငံပိုင် MOGE၊ စင်္ကာပူ Istech Energy EPS  နှင့်  မြန်မာပုဂ္ဂလိက Smart Technnical Services တို့အကြား ချုပ်ဆိုသော ထုတ်လုပ်ခွဲရေးစာချုပ်အရ အင်ပင်တယ်ကြီးကုန်းဒေသ ကုန်းတွင်းလုပ်ကွက်တွင် ဓါတ်ငွေ့ရှာဖွေမည်ဟု ဆင်ဟွာသတင်းက ဆိုသည်။

မြန်မာအစိုးရ စွမ်းအင်ဝန်ကြီးဌာနက လွန်ခဲ့သော နှစ်မှစတင်၍ နိုင်ငံခြားကုမ္ပဏီများအား ကုန်းတွင်းလုပ်ကွက် ၁၈ ကွက်တွင် ရေနံနှင့် ဓါတ်ငွေ့ရှာဖွေရန် ဖိတ်ခေါ်ကမ်းလှမ်းခဲ့ပြီးနောက် ဤစာချုပ်သည် ၆ ခုမြောက် ကန်ထရိုက်စာချုပ်ဖြစ်သည်။

နိုင်ငံခြားကုမ္ပဏီများသည် မွန်၊ ရခိုင်၊ တင်္နသာရီဒေသများရှိ ကုန်းတွင်းလုပ်ကွက် ၄၉ ခုနှင့် ကမ်းလွန်လုပ်ကွက် ၂၆ ခုမြောက်တွင် ၁၉၈၈ ခုနှစ်မှစ၍ ဝင်ရောက်လုပ်ကိုင်လျက်ရှိသည်။

ယင်းကုမ္ပဏီများမှာ သြစတြေးလျား၊ ဗြိတိန်၊ ကနေဒါ၊ တရုတ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ မလေးရှား၊ ရုရှား၊ စင်္ကာပူ၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံများမှ ဖြစ်ကြသည်။

မြန်မာနိုင်ငံ၏ ပေါကြွယ်ဝသော သဘာဝဓါတ်ငွေ့များသည် ကမ်းလွန်ဒေသများတွင် အဓိကတည်ရှိပြီး၊ အဓိကကမ်းလွန်စီမံကိန်း ၃ ခုနှင့် ကုန်းတွင်းလုပ်ကွက် ၁၉ ခုတို့တွင် ခန့်မှန်းခြေ အရံဓါတ်ငွေ့ ၈၉.၇၂၂ ထရီလီယံကုဗပေရှိသည့်အနက် ၁၈.၀၁၂ ထရီလီယံကုဗပေမှာ ပြန်လည်ဖြည့်တင်း နိုင်သည့် အရံဓါတ်ငွေ့သိုက်များ ဖြစ်သည်ဟု ကျွမ်းကျင်သူများကဆိုသည်။

မြန်မာနိုင်ငံ၏ သဘာဝဓါတ်ငွေ့ရောင်းရငွေသည် ယခင်တစ်နှစ်က (၂၀၁၀-၂၀၁၁ဘဏ္ဍာရေးနှစ်) ဒေါ်လာ ၂.၅၂၂ ဘီလျံမှ မနှစ်က (၂၀၁၁-၂၀၁၂)တွင် ဒေါ်လာ၂.၉၄၇ ဘီလျံသို့ တိုးမြင့်လာခဲ့သည်ဟု တရားဝင်စာရင်းဇယားများအရ သိရသည်။

ထို့အပြင် မြန်မာ့ရေနံနှင့် ဓါတ်ငွေ့ကဏ္ဍရင်းနှီးမြှုပ်နှံမှုသည် ၂၀၁၁ နိုဝင်ဘာလကုန်တွင် စီမံကိန်းပေါင်း ၁၀၄ ခုအတွက် ဒေါ်လာ ၁၃.၈၁၅ ဘီလျံသို့ ရောက်ရှိကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနယ်ပယ်တွင် ၃၄.၁၈ ရာခိုင်နှုန်းဖြင့် လျှပ်စစ်ဓါတ်အားကဏ္ဍရင်းနှီးမြှုပ်နှံမှု၏နောက် ဒုတိယနေရာတွင် ရပ်တည်လျက်ရှိသည်။

*******************************************

မန်မာအစိုးရ၏ ဘာသာရေးအဓိကရုဏ်း စနစ်တကျကိုင်တွယ်ပုံကို အီးယူချီးကျူး

(Reuters သတင်းမှ 11 June 2012 ရက်စွဲပါ "EU welcomes measured Myanmar response to rotating" သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်။)

ပြီးခဲ့သောသတင်းပတ်ကုန်တွင် အနောက်ဖက်ဒေသမြို့များ၌ ဖြစ်ပွားခဲ့သော မွတ်ဆလင်၊ ဗုဒ္ဓဘာသာ အဓိကရုဏ်းအား မြန်မာနိုင်ငံက စနစ်တကျကိုင်တွယ်ခဲ့ခြင်းကို ကျေနပ်မှုရှိကြောင်း ဥရောပသမဂ္ဂက တနင်္လာနေ့တွင် ပြောကြားသည်။

ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် ဘာသာရေးအဓိကရုဏ်းဖန်တီးသော လူစုများက လူနေအိမ်ခြေများကို မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့က သေနတ်မိုးပေါ်ထောင်ပစ်ဖောက် တားဆီးခဲ့ပြီး ဆူပူသောင်းကျန်းသူ မွတ်ဆလင်များ အိမ်နီးခြင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထံသို့ ထွက်ပြေးသွားကြသည်ဟု သိရှိရသည်။

မြန်မာနိုင်ငံ၌ ပြုပြင်ပြောင်းလဲရေးဝါဒီ အစိုးရသစ် မနှစ်က အာဏာရလာပြီးနောက်ပိုင်း အနောက်အုပ်စု Sanctions ရုတ်သိမ်းသွားအောင် စည်းရုံးရာတွင် အထောက်အကူဖြစ်စေသည့် နိုင်ငံရေးလွတ်လပ်ခွင့်ပေးမှု၊ တိုင်းရင်းသားငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးမှုများ စတင်ပြုလုပ်နေချိန်တွင် ယခုဖြစ်ရပ်မှာ အဆိုးဝါးဆုံးလူထုအကြမ်းဖက် အဓိကရုဏ်းတစ်ခုဖြစ်သည်။

ဘရပ်ဆယ်အခြေစိုက် အီးယူက ဤအနေအထားပြောင်းလဲသွားခြင်းကို မယုံကြည်ကြောင်း၊ ပြတ်ပြတ်သားသား ပြောဆိုခဲ့ပြီး မဆုံးနိုင်သောမုန်းတီးမှုဖြင့် လက်စားချေ၊ အကြမ်းဖက်မှုများကို တနင်္ဂနွေနေ့က ကန့်ကွက်သတိပေး ပြောကြားသော သမ္မတဦးသိန်းစိန်၏ စနစ်တကျတုန့်ပြန် ဆောင်ရွက်မှုကို ချီးကျူးပြောဆိုခဲ့သည်။

"ဒီလိုခက်ခဲတဲ့ လူထုအကြမ်းဖက် အဓိကရုဏ်းကို လုံခြုံရေးတပ်ဖွဲ့တွေက မှန်ကန်တဲ့နည်းလမ်းနဲ့ ကိုင်တွယ်နေတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ မြန်မာအစိုးရရဲ့ တိုင်းရင်းသားပဋိပက္ခအားလုံးအပေါ် အလေးထားညှိနှိုင်းဖြေရှင်းမှု ကိုလည်း ကြိုဆိုပါတယ်"ဟု အီးယူအကြီးအကဲ၏ ပြောရေးဆိုခွင့်ရှိသူ မာဂျာကိုစီဂျန်နစ် ကပြောကြားသည်။

လက်ရှိ မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသားများစွာကို လွှတ်ပေးခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကို ရွေးကောက်ပွဲဝင်ခွင့်ပေးခြင်း၊ ဖိနှိပ်ချုပ်ခြယ်တားမြစ်မှုအချို့ကိုရုတ်သိမ်းပေးခြင်းတို့ကို ပြုလုပ်ခဲ့ပြီးနောက်တွင် အီးယူကလည်း အရေးယူဒဏ်ခတ်ထားသော Sanction အများစုကို ဆိုင်းငံ့ပေးလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

အီးယူသည် ယခင်က ကုမ္ပဏီ၊ အဖွဲ့အစည်းပေါင်း ၁၀၀၀ နီးပါး၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ထားခဲ့ပြီး လူပေါင်း ၅၀၀ ခန့်အား ဥရောပဝင်ခွင့်ပိတ်ပင်ထားခဲ့သည်။

သောကြာနေ့တွင် မောင်းတောမြို့မှစတင်ကာ စစ်တွေနှင့် ဒေသတွင်းသို့ လျှင်မြန်စွာပြန်နှံ့ ကူးစက်သွားခဲ့သော အဓိကရုဏ်းများအပြီးတွင် အနည်းဆုံး ၈ ဦးသေဆုံး၍ လူပေါင်းများစွာ ထိခိုက်ဒဏ်ရာရရှိသည်ဟု အာဏာပိုင်များက ပြောကြားသည်။

တနင်္ဂနွေညပိုင်းတွင်မူ စစ်တွေ၊ ခရီးသွားကမ်းခြေတည်ရှိရာ သံတွဲနှင့် တရုတ်တို့ဆိပ်ကမ်း ဆောက်လုပ်နေသော ကျောက်ဖြူမြို့တို့တွင် ညမထွက်ရ၊ ကာဖြူးအမိန့်ထုတ်ပြန်ကြောင်း နိုင်ငံပိုင်ရုပ်သံက ကြေညာခဲ့သည်။

ကုလသမဂ္ဂလည်း ယင်းဒေသမှ ကုလသမဂ္ဂဝန်ထမ်းများကို စတင်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း တနင်္လာနေ့တွင် ကြေညာသည်။

နှစ်ပေါင်းများစွာ အပိတ်ခံလှောင်ခံဘဝမှ ရုန်းထွက်နေသော မြန်မာနိုင်ငံတွင် ယခုအကြမ်းဖက်မှု ဖြစ်ရပ်ကြောင့် ခရီးသွားလုပ်ငန်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတို့ကို ထိခိုက်သွားစေနိုင်သည်ဟု မျှော်လင့်ရသည်။

မြန်မာနိုင်ငံတွင် ကြီးကြီးမားမား လိုအပ်နေသော ကျန်းမာရေး၊ ဆက်သွယ်ရေး၊ အိမ်ယာ၊ စွမ်းအင်နှင့် အခြား အခြေခံအဆောက်အဦးကဏ္ဍများတွင် အနောက်နိုင်ငံကုမ္ပဏီများက ပူးပေါင်းဆောင်ရွက်ကြရန် စိတ်အားထက်သန် လျက်ရှိသည်။

မြန်မာနိုင်ငံသည် မထုတ်ယူရသေးသော သယံဇာတများ အမြောက်အများကျန်ရှိနေပြီး ကမ္ဘာ့ဆန်နှင့် သစ်အဓိကတင်ပို့သူဖြစ်လာရန် အလားအလာရှိနေသည့်အပြင် ကမ္ဘာ့အကြီးဆုံး ဈေးကွက်ကြီးနှစ်ခုဖြစ်သော အိမ်နီးခြင်း တရုတ်နှင့် အိန္ဒိယတို့အကြားတွင် တည်ရှိသောကြောင့် (ထို့အပြင် အာဆီယံဈေးကွက်နှင့်လည်း ချိတ်ဆက်ဦးမည် ဖြစ်၍) အာရှ၏နောက်ဆုံးပေါ် ဈေးကွက်တစ်ခုအဖြစ် ရေပန်းစားနေသည်။

ယခင်ကပင် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်ဆလင်များ မတည့်ပဲ အတူနေထိုင်ခဲ့ကြသော စစ်တွေမြို့တွင် မွတ်ဆလင်များက အိမ်များကို မီးရှို့ဖျက်ဆီးလျက်ရှိသောကြောင့် ရခိုင်ဗုဒ္ဓဘာသာများက ရရာလက်နက်ဆွဲကိုင်ကာ စောင့်ကြပ်နေကြသည်။

စစ်တွေမှာဖျက်ဆီးခံနေရတဲ့ ရွာတွေနဲ့လေဆိပ်ကိုကာကွယ်ဖို့ တပ်ဖွဲ့တွေကို ညွှန်ကြားပြီးပါပြီ၊ တစ်ခြားမြို့တွေမှာလည်း ကာဖြူးအမိန့်ထုတ်ပြန်ဖို့ စီစဉ်နေပါတယ်ဟု သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက ရိုက်တာသတင်းသို့ ပြောကြားသည်။

ယခု အဓိကရုဏ်းတွင် ပါဝင်ပတ်သက်နေသော ရိုဟင်ဂျာများစွာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် နေထိုင်သူများဖြစ်ပြီး ၎င်းတို့အား ဒေသခံ ရခိုင်ဗုဒ္ဓဘာသာဝင်များက လက်ခံလိုခြင်းမရှိကြပါ။

တနင်္လာနေ့ နံနက်က ရိုဟင်ဂျာ ၁၀၀ ခန့်စက်လှေဖြင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာသောကြောင့် ပြန်လည်မောင်းထုတ်ခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ပြောကြားသည်။ တနင်္ဂနွေနေ့ကလည်း စက်လှေငါးစင်းဖြင့် ထွက်ပြေးလာသော ရိုဟင်ဂျာ ၂၀၀ ခန့်ကို ပင်လယ်ပြင်သို့ ပြန်မောင်းထုတ်ခဲ့သည်ဟု နယ်ခြားစောင့်တပ်မှူး အန်ဝါဟူစိန်က ပြောကြားသည်။

မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်တွင် အရေအတွက် ၄၀၀,၀၀၀ နေထိုင်နေသော ရိုဟင်ဂျာများက ၎င်းတို့အား မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုရန် ယခင်ကပင် တောင်းဆိုခဲ့ကြသော်လည်း မြန်မာအစိုးရက ရိုဟင်ဂျာခေါ် ဘင်္ဂါလီများသည် ဘင်္ဂလားဒေ့ရှ်ဖက်မှ တရားမဝင်လာရောက် နေထိုင်သူများဟု သတ်မှတ်ကာ နိုင်ငံသားအဖြစ် အသိအမှတ်ပြုရန် ငြင်းဆန်ထားသည်။ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း ၁၉၉၂ မှစ၍ ရိုဟင်ဂျာများကို ဒုက္ခသည် အဆင့်အတန်းပေးရန် ငြင်းဆန်ခဲ့သည်။

ယင်းသို့ လူစုလူဝေးဖြင့် အကြမ်းဖက်ခြင်းအတွက် ရိုဟင်ဂျာများကို အာဏာပိုင်များက ပြစ်တင်ဝေဖန်ထားသော်လည်း ရိုဟင်ဂျာအရေးလှုပ်ရှားသူများကမူ ဒေသခံရခိုင်များက အကြမ်းဖက်ခြင်း ဖြစ်သည်ဟု ပြန်လည်စွပ်စွဲပြောဆိုလျက်ရှိသည်။

ရခိုင်ပြည်နယ်တွင် ရခိုင်မိန်းကလေးတစ်ဦးကို မွတ်ဆလင်များက အုပ်စုဖွဲ့မုဒိန်းကျင့်၊ သတ်ဖြတ်၊ လုယက်မှုကြောင့် ပြီးခဲ့သော သီတင်းပတ်များအတွင်း တင်းမာမှုများကြီးထွားလာကာ တောင်ကုတ်မြို့တွင် အဝေးပြေးယာဉ်လိုင်းပေါ်မှ မွတ်ဆလင် ၁၈ ဦးကို ဒေသခံရခိုင်များက တိုက်ခိုက်သတ်ဖြတ်ခဲ့ကြပြီးနောက်တွင် ယခုကဲ့သို့ အဓိကရုဏ်းအသွင် ကူးစက်ပျံ့နှံ့ သွားခဲ့ခြင်းဖြစ်သည်။

မုဒိန်းကျင့်၊ လုယက်၊ သတ်ဖြတ်မှု ကျူးလွန်သော တရားခံမွတ်ဆလင် ၃ ဦးကို ခုံရုံးတင်စစ်ဆေးနေသည်ဟု အာဏာပိုင်များက သောကြာနေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီးနောက် အဓိကတရားခံဟု ယူဆရသူမှာ အကျဉ်းထောင်အတွင်း ကြိုးဆွဲချ၍ သူ့ကိုယ်သူ အဆုံးစီရင်သွားသည်ဟု သိရှိရသည်။

*************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၁၂.၆.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ဒေသတွင်းကောင်းမွန်စွာ ချိတ်ဆက်နိုင်ရန် မြန်မာ့မီးရထားနှင့် ကားလမ်းဖောက်လုပ်ရေးအတွက် အိန္ဒိယ ကူညီထောက်ပံ့သင့်

(India Times မှ 10 May 2012 ရက်စွဲပါ India should assist Myanmar to rebuild rail,roads links for better connectivity in the region ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံမှ ရန်ပွဲများသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အန္တရာယ်ရှိသည်ဟု သမ္မတပြော

(10 June 2012 ရက်စွဲပါ The Guaridian  တွင် Francis Wade ရေးသားသော Burma clashes could put transition to democracy at risk, president says ကိုဘာသာပြန်ဆိုသည်။)

                                                   *****************************************

ဘာသာပြန်သတင်းများ

ဒေသတွင်းကောင်းမွန်စွာ ချိတ်ဆက်နိုင်ရန် မြန်မာ့မီးရထားနှင့် ကားလမ်းဖောက်လုပ်ရေးအတွက် အိန္ဒိယ ကူညီ ထောက်ပံ့သင့်

(India Times မှ 10 May 2012 ရက်စွဲပါ India should assist Myanmar to rebuild rail,roads links for better connectivity in the region ကိုဘာသာပြန်ဆိုသည်)

အိန္ဒိယဝန်ကြီးချုပ်မန်မိုဟန်ဆင်း မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့စဉ် အိန္ဒိယ-မြန်မာ ဆက်သွယ်ရေးလမ်းများ ဖောက်လုပ်ရေးအပါအဝင် အခြားအရေးပါသော ဆောင်ရွက်ချက်များကို လုပ်ကိုင် ခဲ့သည်။ ဝန်ကြီးချုပ်မန်မိုဟန်ဆင်းနှင့် မြန်မာအစိုးရအကြား ဆွေးနွေးရာတွင် စီမံကိန်းကြီးများ အပြီးသတ် အကောင်အထည်ဖော်ရေး၊ ကုန်ကျစရိတ်များ တွက်ချက်ရေးနှင့် အခြားသောအရေးကိစ္စများကို ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

အမှန်ဆိုရလျှင် ယခုအချိန်သည် အိန္ဒိယအနေဖြင့် လျင်မြန်ထိရောက်မှုရှိပြီး အဓိပ္ပာယ်ပြည့်ဝသော အကူအညီအထောက်အပံ့များ ပေးအပ်ရန် အချိန်ကောင်းဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦများ၊ ကျန်းမာရေးနှင့် ပညာရေးအစရှိသည်အခန်းကဏ္ဍတို့တွင်ဖြစ်သည်။

မြန်မာသမ္မတဦးသိန်းစိန်နှင့် အိန္ဒိယဝန်ကြီးချုပ်မန်မိုဟန်ဆင်းတို့ အနေဖြင့်လည်း နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန် တူညီသောသဘောထားရှိထားပြီး ဖြစ်သည်။ ထိုသဘောတူညီချက်များတွင် အားနည်းချက်ရှိသည့် နယ်စပ်ဒေသများလုံခြုံရေးမှာ ထိပ်ဆုံးမှပါဝင်ခဲ့သည်။ ဝန်ကြီးချုပ်မန်မိုဟန်ဆင်းနှင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့မှုမှာလည်း နှစ်နိုင်ငံအကျိုးစီးပွားအတွက် လွန်စွာအရေးကြီးသည့် ဦးစားပေးမှုတွင်ပါဝင်သည်။

ဤသို့သောအချိန်မျိုးတွင် အိန္ဒိယအစိုးရအနေဖြင့် မြန်မာစစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွဲ့ဖြိုးရေးပါတီနှင့် ဒေါ်အောင်ဆန်းစုကြည် ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအကြား လက်တွေ့ကျကျချိန်ခွင်လျှာမျှပေးရန်လိုအပ်သည်။

ရန်ကုန်တက္ကသိုလ်နှင့်ခိုလ်ကတ္တားတက္ကသိုလ်အကြား ပူးပေါင်းလုပ်ကိုင်နိုင်ရေးနှင့် ပတ်သက်သော အရေးကိစ္စများကိုလည်း အလေးပေး ရန်လိုအပ်သည်။

မြန်မာသည် နှစ်ကာလကြာရှည်စွာ စီးပွားရေးပိတ်ဆို့မှုများနှင့် ရင်ဆိုင်ခဲ့ရသောကြောင့်ကမ္ဘာ့စီးပွားရေးတိုးတက်မှုအဆင့်အတန်း သတ်မှတ်မှု စာရင်းတွင် ၁၉၀ နေရာ၌သာရှိကြောင်း WHO၏ သတ်မှတ်ချက်အရသိရသည်။ မီးရထားလမ်းများမှာ အိုဟောင်းလျက်ရှိပြီး မြို့အတော်များများသို့ အဆင့်မြင့်အဝေးပြေးလမ်းမကြီးများ ဖောက်လုပ်ထားနိုင်ခြင်းမရှိပေ။ခေတ်မီနည်းပညာ နားလည်တတ်ကျွမ်းသူ လုပ်သားအင်အားမှာလည်း အလွန်အမင်း နည်းပါးလျက်ရှိသည်။

အိန္ဒိယက ပဏာမအဆင့် လုပ်ဆောင်ပေးလျက်ရှိသော ပြန်လည်တည်ဆောက်ပြုပြင်ရေး စီမံကိန်းကြီးများကိုကြည့်လျင် လက်ရှိအချိန်အထိ ရပ်ဆိုင်းထားဆဲ ဖြစ်နေသည်ကိုတွေ့ရသည်။ဥပမာ တာလေမြို့မှ မြေငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားသော မူလတန်းကျောင်း ၆ ခု ပြန်လည်တည်ဆောက်ရေး၊ ရန်ကုန်ကလေးဆေးရုံနှင့် စစ်တွေဆေးရုံအဆင့်မြှင့်တင်တည်ဆောက်ရေး၊တာတာမော်တော်ကားထုတ်လုပ်ရေးစက်ရုံ တည်ဆောက်ရေး၊ ရေဆင်းတွင် စိုက်ပျိုးရေးသုတေသနနှင့် ပညာရေးစင်တာတည်ဆောက်ရေး၊ မန္တလေးတွင် သတင်းအချက်အလက် နည်းပညာအင်စတီကျု တည်ဆောက်ရေး စသည့်စီမံကိန်းများဖြစ်သည်။

အိန္ဒိယသည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ကမ်းရိုးတန်းဒေသ၌ ဆိပ်ကမ်းသစ်တည်ဆောက်ရေး၊ ရထားလမ်းဆက်သွယ်မှုများ တိုးတက်ကောင်းမွန် အောင်ပြုလုပ်ပေးရေး အစရှိသည်တို့နှင့် ပတ်သက်၍ ပြောဆိုလာသည်မှာ ကာလအတော်ပင်ကြာခဲ့ပြီဖြစ်သည်။သို့သော် လက်တွေ့ကျကျ အကောင် အထည်ဖော် ဆောင်ရွက်ပြနိုင်မှုလျော့နည်းနေသည်ကိုတွေ့ရသည်။

အချို့သောစီမံကိန်းကြီးများဖြစ်သည့် တမူး-ကလေးဝ-ကလေးမြို့ကားလမ်းမ အဆင့်မြှင့်တင်ရေး၊ရိုင်နှင့်တီဒင် လမ်းမဖောက်လုပ်ရေး၊ကုလား တန် ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်း အစရှိသည်တို့တွင်ပင် တိုးတက်ဖြစ်ထွန်းမှု အနည်းငယ်ရှိခဲ့သည်။

                                                            *******************************************

မြန်မာနိုင်ငံမှ ရန်ပွဲများသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အန္တရာယ်ရှိသည်ဟု သမ္မတပြော

(10 June 2012 ရက်စွဲပါ The Guaridian  တွင် Francis Wade ရေးသားသော Burma clashes could put transition to democracy at risk, president says ကိုဘာသာပြန်ဆိုသည်။)

(ပြည်ပသြဇာရှိ မီဒီယာများ၏ ရည်ရွှယ်ချက်ဖြင့် မှားယွင်းစွာရေးသားဖော်ပြမှုများကို သိစေသောငှာ ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံတွင် ဘာသာရေးအရခြားနားမှုများကြောင့် ဖြစ်ပေါ်နေသော ပြင်းထန်သော အကြမ်းဖက်မှုများသည်  ဒီမိုကရေစီအသွင် ကူးပြောင်း ရေးကို အန္တရာယ်ဖြစ်စေကြောင်း သမ္မတဦးသိန်းစိန် သတိပေးခဲ့သည်။ မြန်မာနိုင်ငံအနောက်ပိုင်းတွင် ဗုဒ္ဓဘာသာနှင့် မွတ်ဆလင်များကြားတွင် ရန်ပွဲများဖြစ် ပွားပြီး အနည်းဆုံး(၈)ဦးခန့် သေဆုံးပြီး(၁၇)ဦးခန့် ဒဏ်ရာရရှိမှုအပြီး၌ အဆိုပါ ပြည်နယ်တွင် အစိုးရက အရေးပေါ် အခြေအနေ ကြေငြာခဲ့သည်။

တနင်္ဂနွေနေ့အစောပိုင်းက အာဏာပိုင်များသည် ရခိုင်ပြည်နယ်လေးမြို့နယ်တွင် ကာဖျူးထုတ်ပြန်ခဲ့သည်။ ဇွန်လအစောပိုင်းက ဘတ်စ်ကားပေါ်မှ မွတ်ဆလင်(၁၀)ဦး အသတ်ခံရရာမှ တဖြည်းဖြည်း တင်းမာမှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ဦးသိန်းစိန်က ရုပ်မြင်သံကြားမှ စကားပြောရာတွင် အမုန်းတရားများ၊ လက်စားချေလိုခြင်းများကြောင့် ပြင်းထန်သောရက်စက်မှုများ ဖြစ်ပွားခဲ့ရ ကြောင်း ပြောကြားခဲ့သည်။ “တကယ်လို့ကျွန်တော်တို့လူမျိုးရေး၊ဘာသာရေးစိတ်ခံစားမှုတွေကို ရှေ့တန်းတင်မယ်ဆိုရင် ဘယ်တော့မှ မဆုံးနိုင်တဲ့ အမုန်းတရားတွေ၊ လက်စားခြေလိုစိတ်နဲ့မင်းမဲ့စရိုက်တွေကို ရှေ့တန်းတင်မယ်ဆိုရင်၊ ဆက်ပြီးလက်တုန့်ပြန်နေမယ်၊အကြမ်းဖက်ပြီး အချင်းချင်း သတ်ဖြတ် နေမယ်ဆိုရင်၊ ရခိုင်တွေတင်မကဘူး အားလုံးအတွက် ဒုက္ခတွေများလာပြီး အန္တရာယ်ရှိပါတယ်”ဟု ၎င်းကပြောသည်။

“တကယ်လို့ ဒီလိုဖြစ်လာခဲ့ရင် ပြည်သူအများက တိုင်းပြည်ရဲ့တည်ငြိမ်ရေးနဲ့ငြိမ်းချမ်းရေး၊ဒီမိုကရေစီ လုပ်ငန်းစဉ်နဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပြင်းထန်စွာ သက်ရောက်မှုများရှိနိုင်ပြီးဆုံးရှုံးမှုတွေ ဖြစ်လာမယ်လို့ သိသင့်ပါတယ်”ဟု ၎င်းကပြောသည်။

သမ္မတဦးသိန်းစိန်သည် ၎င်း အာဏာရယူပြီးကတည်းက ယခုအကြိမ်သည် ပထမဆုံးအကြိမ်အဖြစ် အရေးပေါ်အခြေအနေ ကြေညာခဲ့ခြင်းဖြစ်ပြီး နောက်ထပ် အမိန့်တစ်စုံတစ်ရာ မထုတ်ပြန်မချင်း အမိန့်တည်နေမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

Razen Bibi ဟုခေါ်သော (၁၂)နှစ်အရွယ် မိန်းခလေးတစ်ဦးသည် မငြိမ်သက်မှုတွင်(၈)ဦးမြောက် အသတ်ခံရသူဖြစ်ပြီး၊ တနင်္ဂနွေနေ့က မောင်တောတွင် သူ၏ နေအိမ်ပြင်ပ၌ အကြမ်းဖက်နှိမ်နင်းရေးရဲတပ်ဖွဲ့၏ ပစ်သတ်ခြင်းခံရကြောင်း သတင်းများကဆိုသည်။ နိုင်ငံခြားသားများ မောင်တောသို့ ဝင်ရောက်ခြင်းကို တားမြစ်ထားသည်။ သို့သော် ရခိုင်စီမံကိန်းတွင် အလုပ်လုပ်နေသော မြန်မာ့ဝန်ထမ်းများနှင့် ရခိုင်ပြည်နယ်ကို စောင့်ကြည့်နေသော နိုင်ငံတကာ NGO များက ပြောကြားရာတွင် ရဲများက ခန္ဓာကိုယ်ကို သယ်ဆောင် သွားသည်ကို တွေ့ရသည်ဟု ဆိုသည်။

ယခုအပတ် ဥရောပသို့ လာရောက်ရန်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်ကလည်း ငြိမ်ငြိမ်သက်သက် ရှိကြရန် မေတ္တာရပ်ခံခဲ့သည်။ သူမ၏ ခရီးစဉ်သည် မြန်မာနိုင်ငံတွင် တိုးတက်မှုလက္ခဏာအတွက် သက်သေပြမှု တစ်ခုဖြစ်လာသော်လည်း ယခုပြင်းထန်သော ဖြစ်ရပ်များသည် သူမ၏ ခရီးစဉ်ကို ပုံရိပ်အနည်းငယ်မကောင်း ဖြစ်စေသည်။

ယခုမငြိမ်သက်မှုများမှာ ဇွန်လ(၃)ရက်နေ့က ရခိုင်ရှိဗုဒ္ဓဘာသာဝင်များက မွတ်ဆလင် ဘုရားဖူးများအား သတ်ဖြတ်ခဲ့ခြင်းက မြစ်ဖျားခံခဲ့ပုံရသည်။ ထိုသို့ သတ်ဖြတ်ခြင်းမှာလည်း မေလနှောင်းပိုင်းက အသက်(၂၆)နှစ်အရွယ် အမျိုးသမီးအား မွတ်ဆလင်အမျိုးသားသုံးဦးက အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ခြင်းကို လက်တုန့်ပြန်ခြင်း ဖြစ်သည်ဟု စွပ်စွဲခဲ့ကြသည်။

ရခိုင်ပြည်နယ်မှ လူမျိုးရေးနှင့်ဘာသာရေးအရ တင်းမာမှုများမှာ ယခုမှ အသစ်ဖြစ်ပေါ်လာသော ကိစ္စမဟုတ်ပေ။ ရခိုင်ပြည်နယ်သည် ဘင်္ဂလားဒေရှ့်နှင့် နယ်စပ်ချင်းထိစပ်နေပြီး၊ မြန်မာနိုင်ငံကလည်း မွတ်ဆလင်ကိစ္စကို အာရုံအမြင့်ဆုံးထားရှိခဲ့သည်။ သို့သော် ယခု ရက်စက်သောဖြစ်ရပ်များမှာ ဆယ်စုနှစ်တစ်ခုတွင်း အဆိုးဝါးဆုံးဖြစ်ပြီး၊ ငြိမ်သက်မှုမရှိပါက မင်းမဲ့စရိုက်များ ဖြစ်နိုင်ကြောင်း နိုင်ငံပိုင် မီဒီယာများက သတိပေးခဲ့သည်။

London School of Economics မှ မောင်ဇာနည်က ပြောကြားရာတွင် အခြေအနေမှာ နှစ်ဖက်လုံးအတွက် ဝမ်းနည်းဖွယ်ဖြစ်ကြောင်း မြန်မာအာဏာပိုင်များ၏ မတရားဖိနှိပ်မှုခံနေရသည့် အတွေ့အကြုံများရှိကြောင်း ဆိုသည်။ မြန်မာအရပ်သားအစိုးရသည် ယခုမငြိမ်သက်မှုကြောင့် အမြတ်ထွက်နိုင်ကြောင်း    ၎င်းက ဖြည့်စွက်ပြောသည်။ အစိုးရက တိုင်းရင်းသားများကို တိုက်ခိုက်နေခြင်းအတွက် အာရုံလွှဲပေးသလိုဖြစ်ကြောင်း ပြောသည်။

ဘာသာရေးအရ လွတ်လပ်စွာ လှုပ်ရှားသောအုပ်စုဖြစ်သည့် Christian Solidarity Worldwide (CSW)က မြန်မာနိုင်ငံတွင် လူမျိုးရေးအရခွဲခြားပြီး ဘာသာရေးအရ လက်သင့်မခံမှုများ တိုးတက်လာမှုအပေါ် ပြင်းထန်စွာ ဝေဖန်ခဲ့သည်။ ယေဘူယျအားဖြင့် မွတ်ဆလင်များကို လူမျိုးရေးခွဲခြားသည့် ဝါဒဖြန့်မှုများ မှန်မှန်တိုးတက်လာခဲ့ကြောင်း ၎င်းကပြောသည်။ ဇွန်လ(၃)ရက် သတ်ဖြတ်မှုပြီးကတည်းက ကုလားခေါင်းဖြတ်ခိုင်းဟုခေါ်သော အုပ်စအပါအဝင် Facebook အုပ်စု အချို့ ထူထောင်ခဲ့ကြသည်။ “ကုလား”ဆိုသည်မှာ မြန်မာများက မွတ်ဆလင်များကို ရည်ညွှန်းခေါ်ဆိုသော စကားလုံး ဖြစ်သည်။

ရိုဟင်ဂျာဆိုသည်မှာ အစိုးရက နိုင်ငံသားမဟုတ်ကြောင်း ငြင်းဆိုခံရသည့် မွတ်ဆလင်လူနည်းစုဖြစ်ပြီး၊ လူမဆန်စွာပြုမူခြင်း ခံရသောအုပ်စု ဖြစ်ကြောင်း CSW ကြေညာချက်က ပြောသည်။ ရိုဟင်ဂျာ သုံးသိန်းခန့်သည် မြန်မာအစိုးရ၏ အရေးယူနှိပ်စက်မှုဖြင့် ရခိုင်ဒေသခံများ၏ လူမျိုးရေးခွဲခြား ဆက်ဆံမှုကြောင့် ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ထွက်ပြေးခဲ့ကြသည်။

၎င်းတို့သည် မြန်မာနိုင်ငံတွင် ကလေးနှစ်ယောက်ယူရန် မူဝါဒချထားခြင်း၊ ခရီးသွားမှုအချို့ ကန့်သတ်ခံထားရခြင်းခံရသော တစ်ခုတည်းသော တိုင်းရင်းသားအုပ်စု ဖြစ်သည်။ လက်မထပ်ဘဲမွေးလာသော ရိုဟင်ဂျာကလေးများမှာ ကျောင်းတက်ခွင့်မရ၊ လက်ထပ်ခွင့်တားမြစ်ခံကြရသည်။

ရခိုင်စီမံကိန်းမှ Chris Lewaက Guardian သို့ ပြောကြားရာတွင် အချို့မီဒီယာသတင်းများက အခြေအနေငြိမ်သက်သွားပြီဟု ပြောနေသော်လည်း အခြေအနေမှာ အထူးသဖြင့် မောင်တောတွင် ပိုမိုဆိုးရွားလာနေပြီး၊ စစ်သားများရာနှင့်ချီ၍ ပိုမိုချထားခဲ့သည်ဟုဆိုသည်။ ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေ၏ အချို့အစိတ်အပိုင်းများ မီးရှို့ခံရပြီး စစ်တွေတွင် မွတ်ဆလင်နှင့် ဗုဒ္ဓဘာသာ အရေအတွက်တူကြောင်း Lewa ကပြောကြားခဲ့သည်။ စစ်တွေတွင် စိုးရိမ်ပူပန်ရမှုများ တိုးတက်လာနေသည်။

ပြည်ပရှိ ရိုဟင်ဂျာအုပ်စု တော်တော်များများက ယခုအပတ်အကုန်က သေဆုံးမှုများအတွက် ရခိုင်ဒေသခံများကို အပြစ်တင်ခဲ့သည်။ Lewa ကမူ မွတ်ဆလင်များကို စစ်တပ်က တိုက်ခိုက်သည်ဟု ဆိုသည်။ Burma Rohingya Organization UK မှ အကြီးအကဲထွန်းခင်ကလည်း ဘုရားရှိခိုးပွဲသွားသောလူအုပ်ကြီးကို တပ်ဖွဲ့က ပစ်သောကြောင့် နှစ်ဦးသေရကြောင်း ဆိုသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် ၈၈ ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ရိုဟင်ဂျာများကို အကြမ်းဖက်သမားများဟု ညွှန်းဆိုခဲ့ရာ ဆန့်ကျင်ဘက်ခံစားမှုများ မြင့်တက်လာသည်။ “ကျွန်တော်ရှင်းရှင်းလင်းလင်း ပြောလိုတာကတော့ ရိုဟင်ဂျာတွေဟာ မြန်မာတိုင်းရင်းသား မဟုတ်ပါဘူး ဆိုတာပါပဲ”ဟု ပြောသည်။

CSW မှ Benedict Rogers ကပြောကြားရာတွင် “ရိုဟင်ဂျာနဲ့ပတ်သက်တဲ့ တိကျတဲ့ သမိုင်းကြောင်းကို ပညာရှင်တွေကြားမှာ ယဉ်ကျေးမှုနည်းလမ်းများအရ ဆွေးနွေးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်သူမှ မငြင်းနိုင်တဲ့အချက်ကတော့ သူတို့ဟာ မြန်မာနိုင်ငံမှာ မျိုးဆက်တွေအများကြီး နေထိုင်လာတယ်ဆိုတာပါပဲ။ နိုင်ငံသားအဖြစ် အသိအမှတ်ပြုသင့်ပါတယ်”ဟု ၎င်းကဆိုသည်။

ယခု မငြိမ်သက်မှုများသည် မြန်မာနိုင်ငံ၏ မခိုင်မာသေးသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို မတည်မငြိမ်ဖြစ်စေမည်ဖြစ်သည်။ စစ်တပ်က ရေးသားထားသော အဓိပ္ပာယ် မရှင်းလင်းသောစာလုံးများ ပါဝင်သော အခြေခံဥပဒေတွင် ကာကွယ်ရေးဦးစီးချုပ်သည် အရေးပေါ်အခြေအနေတွင် အာဏာရယူပိုင်ခွင့် ရှိသည်ဟု ခွင့်ပြုထားသည်။

--------------------------------------------------------------------------------------------------------------------------------


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs