Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၉.၆.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. Cronies တွေနဲ့ နိုင်ငံသစ်၏ စီးပွားရေး

*****************************************

ဆောင်းပါးကဏ္ဍ

Cronies တွေနဲ့ နိုင်ငံသစ်၏ စီးပွားရေး

ဒေါက်တာခင်မောင်ညို

(ဇွန် ၂၉ ထုတ် BiWeekly ELEVEN အတွဲ (၅) အမှတ် (၁၃) မှ ထုတ်ယူဖော်ပြသည်။)

Crony အကြောင်းပြောချင်ပါတယ်။ Crony ရဲ့ မူလအဓိပ္ပယ်ကတော့ မိတ်ဆွေကောင်း မိတ်ဆွေဟောင်းပါပဲ။ ကျွန်တော်တို့ဆီမှာရှိတဲ့ Dictio -nary အတော်များများမှာတော့ Crony ရဲ့ အဓိပ္ပယ်ဟာ ရိုးစင်းတယ်။ (Crony; Close friend of someone especially one of long standing) အနီး ကပ်မိတ်ဆွေ၊ အနီးမိတ်ဆွေ။ ရှေးကတည်းက ခင်မင်တဲ့ မိတ်ဆွေကောင်းမိတ်ဆွေဟောင်းပါပဲ။ ဒါပေမဲ့ ခေတ်သစ်ကိုရောက်လာတော့ စကားလုံးရဲ့ အဓိပ္ပယ်ဟာလည်း ပြောင်းလာတယ်။ Merriam Webster Dictionary မှာကတော့ Crony ဆိုတာ အာဏာရှိသူများနှင့် ပေါင်းစားနေကြသူ စီးပွားရေး သမားများလို့ ဆိုထားပါတယ်။ စာအုပ်ထဲက အတိုင်းဖော်ပြရရင်တော့ A Close friend of someone especially; a friend of someone powerful (such a politician) who is unfairly given special treatment or favours ပါပဲ။ ဥပမာလေး ပေးထားတယ်။ The mayor rewarded his cronies with high paying jobs after he was elected လို့ဖြစ်တယ်။ မြို့တော်ဝန်ဟာ ရွေးချယ်ခံရပြီးတဲ့နောက် သူရဲ့အပေါင်းအသင်း Cronies များကို ပိုက်ဆံရတဲ့ နေရာကောင်းတွေပေးထားတယ်လို့ဆိုတာပါပဲ။

အရည်အချင်းထက်ခင်ရာမင်ရာကို ပစားပေးထားတာမျိုး ဖြစ်တယ်။ ကျွန်တော်တို့ဆီမှာလည်းပြောတဲ့ ဟာသလေးရှိတယ်။

“ဟို ညွန်ချုပ်ရာထူးလွတ်နေတယ်ဆို”

“မလွတ်တော့ဘူး”

“ဟင် ဘယ်သူ့ကို ပေးလိုက်လဲ”

“မောင်ညစ်ကို”

“ဟုတ်လား အဲဒီရာထူးကို မောင်ညစ်ကို ဘာလို့ပေးတာလဲ”

“သူတော်လို့ပေါ့”

“ဘယ်နေရာမှာတော်လဲ”

“ဆွေမျိုးတော်တာလေ” ဆိုတာမျိုးပေါ့။

ကျွန်တော်နေထိုင်ရာ လမ်း ၃၀ အိမ်မှာ သူငယ်ချင်းမောင်ဘသစ်နဲ့ မကြာခဏတွေ့တတ်တယ်။ ကျွန်တော်တို့ နှစ်ယောက်ဟာ ကျောင်းက တည်းက ငယ်သူငယ်ချင်းတွေပါ။ သူက အငြိမ်းစားပါမောက္ခဖြစ်တယ်။ စာတော်သလောက် စာအင်မတန်ဖတ်သူဖြစ်တယ်။ သူက ရှုပဗေဒဌာနက ဖြစ်သော်လည်း နိုင်ငံရေးစီးပွားရေးကိုလည်း အတော်သိတယ်။

“ကိုဘသစ်ရောက်လာတာနဲ့ အတော်ပဲ။ ကျွန်တော်မေးစရာလေးရှိလို့ပါ”

“မေးလည်းမေးပေါ့။ ဟိုဘက်လမ်းက ရွှေညာလက်ဖက်ရည်ဆိုင်လည်း သွားကြတာပေါ့” သူက လက်ဖက်ရည်အတော်ကြိုက်သူဖြစ်တယ်။ ကျွန် တော်တို့နှစ်ယောက်ဟာ မြန်မာ့ဓလေ့လို့တောင် ပြောလို့ရတဲ့ ခုံပုလေးတွေမှာ ထိုင်ကာ လက်ဖက်ရည်မှာကြပါတယ်။

“ကဲ ခင်ဗျားသိချင်တာဘာလဲ” ဟုဆိုပါတယ်။

“ကျွန်တော်တို့နိုင်ငံမှာ ခရိုနီ Crony တွေ အများကြီးရှိတယ်ဆိုတာ ဟုတ်လား”

“ဒါကတော့ နိုင်ငံတကာမှာလည်းရှိတယ်လေ။  ဘယ်နေရာမဆို ထုံးစံပဲကွ။ အာဏာရသူဟာလည်း သူကိုယ်တိုင်မလုပ်ချင်တဲ့ Dirty Job တွေ ကို Crony တွေကိုအပ်တယ်။ Crony တွေကို ပစားပေးပြီး ချမ်းသာမှုဝေစုကို သူတို့ရတာကိုး”

“ဘယ်သူတွေကရတာလဲ”

“အာဏာရှိသူက ဝေစုရတာပေါ့”

“ဒါကြောင့် Crony သို့မဟုတ် Cronies ဟာ မူလအဓိပ္ပယ်ကနေ ပြောင်းသွားတဲ့ စီးပွားရေးဝေါဟာရ ဖြစ်လာတာကိုး”

“ဟုတ်ပ ခေတ်ရဲ့လိုအပ်ချက်ပေါ့”

“ဟုတ်ပါတယ် Crony ရဲ့ မူလအဓိပ္ပယ်ကတော့ မိတ်ဆွေကောင်း မိတ်ဆွေဟောင်းပါပဲ”

“ခင်ဗျားမေးတာ ကျွန်တော်အထာနည်းနည်းပေါက်သလိုပါပဲ”  လက်ဖက်ရည်သောက်ရင်းကို ဘသစ်က ပြောပါတယ်။

“သဘောပေါက်ရင် ခုလာမယ့်အပြောင်းအလဲတွေမှာ တွေ့ရမယ့် Cronies တွေအကြောင်း ပြောပါဦး”

“ကျွန်တော်တို့နိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေကြတယ်။ နိုင်ငံရေးပြောင်းလဲတော့ ကျန်တဲ့စီးပွားရေးတို့ ပညာရေးတို့လည်း ပြောင်း လာမှာပေါ့။ ဒီတော့ နိုင်ငံတစ်ခုတိုးတက်တယ်ဆိုတာ စီးပွားရေးကောင်းတာက အတော်လေး အဓိကကျတယ်။ ဒီလိုစီးပွားရေးကောင်းဖို့ဟာ စီးပွားရေး သမားကောင်းတွေ လိုတယ်။ မြန်မာပြည်မှာ စီးပွားရေးသမား နှစ်မျိုှးရှိတဲ့အထဲမှာ Cronies တွေဟာ ချမ်းသာပြီး အခွင့်အလမ်းကောင်းတွေ ရနေသူတွေ ဖြစ်တယ်”

“စီးပွားရေးသမားနှစ်မျိုးဆိုတာ ရှင်းပါဦး။ ဝိသမာလောဘသမားတွေလို့ ဆိုလိုတာလား”

“ကျွန်တော်က အာဏာရှိသူတွေနဲ့ ပေါင်းစားတဲ့စီးပွားရေးသမားတွေနဲ့ စီးပွားရေးကို စီးပွားရေးအမြင်နဲ့လုပ်တဲ့ စီးပွားရေးသမားလို့ ပြောချင်တာ ပါ။ ဘယ်သူက သမာအာဇီဝကျတယ်၊ မကျဘူးလို့ မပြောလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ စီးပွားရေးဆိုတာ အမြတ်အစွန်းအတွက် လုပ်တာပဲမဟုတ် လား။ Crony တွေကိုတော့ ငါးသလောက်စီးပွားရေးသမားများလို့ ခေါ်တယ်။ ခင်ဗျားကြည့်လေ ငါးသလောက်ဟာ ပေါင်းစားရင် အရိုးမထိတဲ့အပြင် အရ သာလည်းရှိတာကိုး ဟား ဟား”

“ဒါဆိုရင် ကျွန်တော်က အပြုသဘောမျိုးနဲ့မေးချင်တယ်”

“ဟာဗျာ။ ခင်ဗျားကလည်း မေးတာပဲ မေးစရာရှိရင်မေးပေါ့။ ဘယ်သူကမှ အဖျက်သဘောမျိုးမေးတာ မဟုတ်ဘူး။ မေးလိုက်တဲ့အခါ ပွင့်လင်း သွားတယ်လေ။ သူ့ကို အခွင့်အလမ်းပေးလိုက်တာမျိုးတွေ အများကြီးရှိတယ်”

“ဒါပေမဲ့ တချို့မေးခွန်းတွေဆို မမေးသင့်ဘူးလေ။ ဝန်ကြီးပြုတော့မယ်ကြားတယ်။ ဟုတ်ပါသလားဆိုတာမျိုးပေါ့”

“ဒါလည်း အပြင်မှာ ကောလာဟာလဖြစ်နေလို့ သတင်းထောက်မေးတာဖြစ်မှာပေါ့။ ဝန်ကြီးကမသိရင် ကျွန်တော် မသိပါဘူးလို့ဖြေလိုက်ရင် ပြီး တာပါပဲ။ သိနေရင်လည်း ကောလဟာလဆိုတာ မကောင်းပါဘူး။ လူများထိခိုက်တယ်ဆိုတာမျိုး ပြောလို့ရပါတယ်။ တစ်ခုပဲရှိတယ်။ အရေးကြီးတဲ့ ထုတ် ပြန်ချက်တွေသိဖို့ အခြားသူတွေမေးနိုင်တဲ့ အခွင့်အလမ်းတွေ ပိတ်သွားတာတွေဖြစ်ရင်တော့ မကောင်းဘူး။ ကျွန်တော်တစ်ခါကဖတ်ဖူးတယ်။ သတင်း ထောက်က ဝန်ကြီးကို ခင်ဗျားဘယ်နေ့က ဘယ်ဟိုတယ်မှာ အမျိုးသမီးတစ်ယောက်နဲ့ တွေ့တယ်လို့ ပြောနေကြတယ်။ အဲဒါ ခင်ဗျားဇနီးလည်း မဟုတ် ဘူးတဲ့။ အဲဒါဟုတ်ပါသလားလို့မေးရင် ဘယ်လိုဖြေရှင်းမလဲ”

“အင်း အတော်ဆိုးတာပဲ”

“မဆိုးပါဘူး။ ဝန်ကြီးကဖြေတယ်။ တကယ်တော့ ကျွန်တော့်ညီမက သူ့ယောကျာ်းနဲ့ပြဿနာဖြစ်လာလို့ အိမ်ကိုရောက်လာတယ်။ ကျွန်တော်က လည်း ခရီးထွက်မယ့်ဆဲဆဲဖြစ်လို့ သူကျွန်တော့်နောက်လိုက်လာတယ်။ ကျွန်တော်တို့ ဟိုတယ်မှာတည်းကြတော့ သူလည်းပါလာတယ်။ ဟိုတယ်နာမည် လိပ်စာကို ကျွန်တော်ပေးပါမယ်။ ကျွန်တော်ညီမရဲ့ မှတ်ပုံတင်ကအစ စုံစမ်းလို့ရပါတယ်”

“အင် ဒါဆိုလည်း ဝန်ကြီးဟာ ဖြေရှင်းခွင့်ရလိုက်တာပဲပေါ့”

“ဟုတ်ပါတယ်။ ဒါပေမဲ့ ဒါဟာ သတင်းစာထဲထည့်လို့ကောင်းတာမျိုးတော့ မဟုတ်ဘူး။ ကိုယ်ရေးကိုယ်တာတွေက အဓိကဖြစ်နေတယ်။ ကျွန်တော်ဆိုလိုတာက ဘယ်မေးခွန်းကမှ အဖျက်သဘောနဲ့ မေးတာမဟုတ်ဘူးလို့ စဉ်းစားလို့ရပါတယ်။ ခင်ဗျားမေးစရာရှိရင် တည့်တည့်သာမေးပါ။ မြန်မာတွေက မေးခွန်းမေးတာတွေရော မေးခွန်းမေးခံရမှာကော ကြောက်နေတယ်”

“ဟုတ်ကဲ့ပါ ကိုဘသစ်ရာ။ မြန်မာပြည်ဟာ ခုလိုပြောင်းလဲတဲ့ခါတွေမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ရောက်လာမယ်။ ဒီအခါမှာ Cronies တစ်စု ကပဲ ကြီးပွားလာမယ်လို့ ထင်တယ်။ အဲဒါ ဟုတ်ပါသလား”

“ဒါအများကြီးဖြစ်နိုင်တာပေါ့။ သူတို့မှာ အရင်းအနှီးတွေအများကြီးရှိလို့ လုပ်ငန်းတွေအများကြီးလုပ်နိုင်မှာ အသေအချာပေါ့။ ဒါပေမဲ့ အခြားလူ တွေလည်း စီးပွားရေးလုပ်ငန်းမှာ တစ်စတစ်စနဲ့ ဝင်တိုးလာလို့ ရလာနိုင်ပါတယ်။ ဘယ်နေရာမဆို ဒီလိုပဲဖြစ်မှာပါ။

“ခက်တော့ခက်မှာပေါ့နော်”

“ခက်မှာပဲ။ ခုလို ပြောင်းလဲလာတဲ့အါ စီးပွားရေးလုပ်ငန်းတွေ အားလုံးကို ပွင့်လင်းမြင်သာအောင် ဥပဒေတွေနဲ့ ထိန်းရမယ်။ အချိန်တော့ကြာ မယ်။ အမှားအယွင်းတွေ ရှိဦးမှာပဲ။ ဒါကို လက်ခံကြရမယ်။ မြန်မာလူငယ်တွေဟာလည်း Business Tycoon တွေ ဖြစ်လာနိုင်တာပဲ။ သူတို့မှာ ကြိုးစား နိုင်တဲ့အခွင့်အရေးတွေ ရှိလာနိုင်တယ်။ ဥပဒေနဲ့ ထိန်းနိုင်ပြီး တိုင်းပြည်ဟာပွင့်လင်းမြင်သာလာတဲ့အခါ Cronies တွေရဲ့ လက်ဝါးကြီးအုပ်မှုဟာ နည်း လာမယ်။ သူတို့လည်း သဘောပေါက်ပြီး ဈေးကွက်စီးပွားရေးစနစ်မှာ အမှန်အကန်နည်းလမ်းက ပါဝင်လာမှာပါပဲ”

“သူတို့တွေနဲ့ လွယ်ပါ့မလား”

“သူတို့ကို တိုက်ထုတ်တယ်ဆိုတာ မမှန်တဲ့လမ်းပါ။ စီးပွားရေးမှာ မှန်မှန်ကန်ကန်နဲ့ ယှဉ်ပြိုင်သွားရမယ်။ အစိုးရကလည်း လက်ဝါးကြီးအုပ်တဲ့ စနစ်မဖြစ်အောင် ထိန်းရပါတယ်။ အမေရိကန်မှာ အဲဒီလိုဥပဒေရှိတယ်”

“ဟုတ်ကဲ့”

“ဒီခေတ်မှာ ပညာနဲ့လည်း ချမ်းသာလို့ရတယ်။ Bill Gate တို့၊ Steve Jobs တို့ Michael Dell တို့ဆိုရင် လူငယ်လေးတွေ ဘာအရင်းအနှီးမှမရှိ ဘဲ ချမ်းသာလာတယ်”

“သူတို့က Technocrat တွေမဟုတ်လား။ ပညာတော်တယ်လေ”

“ဟုတ်တယ် ဝါရင်းဘို့ဖတ်ဆိုရင် ရင်းနှီးမြုပ်နှံမှုကနေ ချမ်းသာလာတယ်။ ဝေါ့ဒစ္စနီကော အကြိမ်ကြိမ်ဒေဝါလီခံရတဲ့ ကာတွန်းရုပ်ရှင် ထုတ်တဲ့ သူပါ”

“ခင်ဗျားပြောတာ ဟုတ်ပါတယ်”

“အခွင့်အလမ်းတွေရရင် အဆင်ပြေလာနိုင်ပါတယ်။ တိကျတဲ့ဥပဒေတွေနဲ့လုပ်ရင်ကြိုးစားတဲ့ လူတော်တွေဟာ ချမ်းသာလာနိုင်ပါတယ်။ သူတို့ ဟာ Crony ဖြစ်စရာမလိုပါဘူး။ ခင်ဗျားကို ဝါရင်းဘို့ဖတ်ရဲ့ စာတွေ ပေးဖတ်ဦးမယ်”

“ကိုဘသစ်က Cronies တွေကို ထောက်ခံတာပေါ့ ဟုတ်လား”

“ဒါကတော့ ကျွန်တော်တို့ရဲ့ ရွေးချယ်ဖို့လမ်းတွေအများကြီးထဲမှာ ဒါဟာ မလွဲမသွေ ရင်ဆိုင်ရမယ့်လမ်းပါပဲ။ Crony တွေကို လမ်းကြောင်းတည့် ပေးနိုင်ရင် ပိုကောင်းပါတယ်။ ပွင့်လင်းတဲ့ခေတ်မှာ သူတို့လည်း မကောင်းတာတွေလုပ်လို့မရဘူး”

“ပြဿနာတော့ အကြီးကြီးပဲ”

“မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ ကျွန်တော်တို့တစ်တွေ ကြိုးစားလုပ်ဆောင်မှုပေါ်မှာ မူတည်နေတယ်။ အားလုံးသဘောပေါက်တာတွေနဲ့ သက် ဆိုင်တယ်”

“အားလုံးကြိုးစားကြမှာပါ”

*****************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle2011
yangonchronicle2011

၂၉. ၆.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးရန်ပုံငွေ အစီအစဉ်ကို ဦးမြင့်ဆွေကန့်ကွက်
  2. လုပ်ခအချိန်မှန်မရသည့် ဆောက်လုပ်ရေးလုပ်သားများ ပထမဆုံးဆန္ဒပြ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. မြန်မာနှင့်မြောက်ကိုရီးယားဆက်ဆံရေးကို အဓိကဦးစားပေး စဉ်းစားမည်ဟု မစ်ချယ်ဆို
  2. အထူးစီးပွားရေးဇုန်ဥပဒေသစ် ဂျပန်အတိုင်ပင်ခံအဖွဲ့နှင့် ပူးပေါင်းရေးစွဲ
  3. ပြင်သစ်နိုင်ငံ သုံးရက်ကြာခရီးစဉ်မှ NLDပါတီဥက္ကဋ္ဌ ဇူလိုင် ၁ ရက်နေ့ မြန်မာနိုင်ငံသို့ ပြန်ရောက်မည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးရန်ပုံငွေ အစီအစဉ်ကို ဦးမြင့်ဆွေကန့်ကွက်

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် အဓီကရုဏ်း ဖြစ်ရပ်များတွင် နစ်နာဆုံးရှုံးခဲ့ရသည့် ဒေသခံများကို ပြန်လည်ထောက်ပံ့ရန်အတွက် ရုပ်ရှင်၊ ဂီတ၊ သဘင်အနုပညာရှင်များကိုယ်တိုင် ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာများသို့ သွားရောက်၍ အလှုခံမည့်ကိစ္စရပ်ကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေမှ ကန့်ကွက်ခဲ့ကြောင်း သိရသည်။

ဇွန်လနောက်ဆုံးရက်ဖြစ်သည့် ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့များတွင် ရန်ကုန်မြို့ရှိ Junction မော်တင်၊ ပြည်လမ်းရှိ တော်ဝင်စင်တာ၊ Junction Square များတွင် အလှူငွေကောက်ခံမည့်အစီအစဉ်ကို သက်ဆိုင်ရာက ခွင့်ပြုခြင်းမရှိ၍ ဖျက်သိမ်းလိုက်ရကြောင်း အဆိုပါကိစ္စရပ်အား စီစဉ်နေသူ  ဒါရိုက်တာဝိုင်းက ဇွန်လ ၂၈ ရက်နေ့က ရန်ကုန်မြို့၌ ပြောကြားခဲ့သည်။

“ဒီကိစ္စရပ်နဲ့ ပက်သက်ပြီး၊ လတ်တလော ဘာမှမပြောချင်သေးဘူး။ ခွင့်ပြုဖို့တော့ ဆက်ကြိုးစားနေတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ အလှုငွေကောက်ခံခြင်း အစီအစဉ်ကြောင့်ရရှိသည့် လှုဒါန်းငွေများကို အနုပညာရှင်များကိုယ်တိုင် ရခိုင်ပြည်နယ်သို့ သွားရောက်လှူ ဒါန်းမည် ဖြစ်သည်။

“အဲဒီဘက်ကို လှူဒါန်းချင်ရင် အစိုးရရဲ့ အရိပ်အာဝါသအောက်ကနေ သွားမှဖြစ်မှာ၊ မဟုတ်ရင် အလုပ်ဖြစ်မှာမဟုတ်ဘူး” ဟု ရခိုင်တိုင်းရင်းသား များ တိုးတက်ရေးပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းဖြစ်ရပ်များကြောင့် ဒုက္ခသည်စခန်း ၃၀ ကျော်ဖွင့်လှစ်ထားရှိရပြီး၊ ယင်းဒုက္ခသည်စခန်းများတွင် အခြေချနေထိုင်သူ ၂၅၀၀၀ နီးပါးရှိသေးကြောင်း သိရသည်။

အောင်စည်

-----------------------------------------------------------------------------------------------------------------------------------

လုပ်ခအချိန်မှန်မရသည့် ဆောက်လုပ်ရေးလုပ်သားများ ပထမဆုံးဆန္ဒပြ

သုံးပတ်စာ နေ့စားခများကို အချိန်မှန်ပေးခြင်းမရှိသည့် တော်ဝင်မိသားစု ဆောက်လုပ်ရေးကုမ္မဏီအား ကန့်ကွက်သည့်အနေဖြင့် ယင်း၏ အင်းစိန်မြို့နယ်၊ ပေါက်တောရပ်ကွက်ရှိ မုဒိတာအိမ်ရာ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ အလုပ်သမားအင်အား ၂၀၀ ကျော်က ဇွန်လ ၂၈ရက်နေ့ နေ့လယ်၌ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရှိရသည်။

တော်ဝင်ကုမ္မဏီမှ အလုပ်သမားတို့ကို နေ့စဉ်ရှင်းပေးရမည့် နေ့ကြေးများကို ဆိုင်းငံ့ထားသောကြောင့် တစ်နေ့လုပ်မှ တစ်နေ့စားရမည့် အလုပ် သမားမိသားစုတို့၏ ဘဝကို ကြီးမားစွာရိုက်ခတ်ကြောင်း၊ ယင်းကိစ္စရပ်ကို ပြေလည်စွာ ဖြေရှင်းနိုင်ရန် မျှော်လင့်ကြောင်း မဆလာဖျော်အလုပ်သမား ကိုကျော်ဦးက ပြောသည်။

“ကျွန်တော်တို့ တောင်းဆိုချက်တွေက ၁၆ ခုပါပဲ။ ဒီထဲမှာ အဓိက က လုပ်ခကို အချိန်မှန်ပေးဖို့ရယ်၊ ဖယ်ရီစီစဉ်ပေးဖို့ရယ်၊ လုပ်ခကို တိုးမြှင့် ပေးဖို့ရယ်က အဓိကအချက်တွေပါပဲ”ဟု ယင်းဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်သည့် အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

ဆောက်လုပ်ရေး အလုပ်သမားတို့၏ ဆန္ဒထုတ်ဖော်မှုသည် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် အလုပ်သမားတို့၏ လုပ်ခနှင့် ပက်သက်သည့် ခိုင်မာသည့် ဥပဒေတစ်ရပ်ပေါ်ထွက်လာခြင်း မရှိသည့်အတွက် အလုပ်ရှင်၊ အလုပ်သမားပြဿနာများ တစ်နိုင်ငံလုံးတွင် နေ့စဉ်ရက်ဆက် ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ဦးဇော်ဇော်မင်းက ဆိုသည်။

“ဒီကိစ္စမှာလည်း အခုအချိန်ထိ တော်ဝင်ကုမ္မဏီက ဘယ်လိုလုပ်ပေးမယ်၊ ဘယ်လိုဖြေရှင်းပေးမယ်ဆိုတာကိုတော့ အခုအချိန်ထိ အကြောင်းပြန် ခြင်း မရှိသေးပါဘူး”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

တော်ဝင်မိသားစု ကုမ္မဏီလီမိတက်သည် မြန်မာနိုင်ငံတွင် နာမည်ရ ဆောက်လုပ်ရေးကုမ္မဏီတစ်ခုဖြစ်ပြီး၊ ယင်းကုမ္မဏီမှ ဆောက်လုပ်ရောင်း ချသည့် အိမ်ရာအရောင်းစနစ်ကြောင့် ပြင်းထန်စွာ ဝေဖန်ခြင်းခံနေရသည့် ကုမ္မဏီတစ်ခုလည်း ဖြစ်သည်။

အောင်စည်

 *****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

မြန်မာနှင့်မြောက်ကိုရီးယားဆက်ဆံရေးကို အဓိကဦးစားပေး စဉ်းစားမည်ဟု မစ်ချယ်ဆို

မြန်မာနှင့် မြောက်ကိုရီးယားနှစ်နိုင်ငံတို့၏ ဆက်ဆံရေးသည် ပွင့်လင်းမြင်သာမှုမရှိခြင်းကို အမေရိကန် ပြည်ထောင်စုအနေဖြင့် စောင့်ကြည့် ကာ ဖိအားပေးမှုများ ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု၏ မြန်မာနိုင်ငံဆိုင်ရာ မှုဝါဒရေးရာညှိနှိုင်းရေးမှူး မစ္စတာ ဒဲရစ် မစ်ချယ်က အထက်လွှတ်တာ် နိုင်ငံခြားဆက်ဆံရေးကော်မတီထံ ထွက်ဆိုချက်တင်သွင်းရာ၌ ထည့်သွင်းပြောကြားသည်။

“ကျွန်တော့်ကို သံအမတ်အဖြစ် ခန့်အပ်လိုက်ရင် မြန်မာအစိုးရနဲ့ မြောက်ကိုရီးယားအစိုးရတို့ကြား တရားမဝင်ဆက်သွယ်ရေးကို ရပ်တန့်ဖို့ ဖိအားပေးမှုတွေ ဆက်လုပ်သွားမှာပါ”ဟု မစ္စတာ ဒဲရစ်မစ်ချယ်က ဆက်လက်ပြောကြားသည်။

မြန်မာအစိုးရအနေဖြင့် ကုလသမဂ္ဂ၏ အနုမြူမပြန့်ပွားစာချုပ်များတွင် လက်မှတ်ထိုးထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် ယင်းစည်းကမ်း ချက်များကို လိုက်နာရန် တာဝန်ရှိကြောင်း၊ မြန်မာနှင့် မြောက်ကိုရီးယားနှစ်နိုင်ငံကြား တရားမဝင်ဆက်သွယ်မှု မချုပ်ငြိမ်းသရွှေ့ အမေရိကန်ပြည် ထောင်စုနှင့် မြန်မာနိုင်ငံတို့ကြား ပုံမှန်ဆက်ဆံရေးရရှိရန် လွယ်ကူမည်မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

မစ္စတာ ဒဲရစ်မစ်ချယ်သည်  မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရန် ရွေးချယ်ခံထားရသူဖြစ်ပြီး၊ မြန်မာနိုင် ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု၏ မှုဝါဒရေးရာ ညှိနှိုင်းရေးမှူးတာဝန်ကို တစ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ရသူတစ်ဦး ဖြစ်သည်။

အောင်စည်

-----------------------------------------------------------------------------------------------------------------------------------

အထူးစီးပွားရေးဇုန်ဥပဒေသစ် ဂျပန်အတိုင်ပင်ခံအဖွဲ့နှင့် ပူးပေါင်းရေးစွဲ

အထူးစီးပွားရေးဇုန်ဥပဒေသစ်ကို ဂျပန်အတိုင်ပင်ခံကုမ္ပဏီတခုဖြစ်သော နီပွန်ကိုအိကုမ္ပဏီနှင့် နိုင်ငံတော်သမ္မတ စီးပွားရေးအကြံပေးအဖွဲ့ဝင် များ ပူးပေါင်းရေးစွဲခဲ့ပြီး ဝန်ကြီးဌာနများနှင့် စီးပွားရေးအဖွဲ့အစည်းများ၏ သဘောထားအကြံပြုချက်များ ရယူရန်သာ လိုအပ်တော့ကြောင်း ရင်းနှီးမြုပ်နှံမူ ကော်မရှင်မှ အကြီးတန်းအရာရှိတဦးက ပြောကြားချက်အရ သိရှိရသည်။

"ဒီကုမ္ပဏီကိုရွေးချယ်တာက အခြားအတိုင်ပင်ခံအဖွဲ့တွေထက် ပိုပြီးတော့ နိုင်ငံခြားရင်းနှီးမြုပ်နှံမူတွေ အထူးစီးပွားရေးဇုန်တွေမှာ ဝင်ရောက် လုပ်ကိုင်လာအောင် ရာခိုင်နူန်းအားဖြင့် အာမခံချက်ပေးထားလို့ ရွေးချယ်တာလို့ ထင်ပါတယ် "ဟု ၎င်းက ထပ်မံပြောကြားသည်။

စီးပွားရေးတက္ကသိုလ်မှ ပါမောက္ခတဦးကမူ အထူးစီးပွားရေးဇုန်များတွင် ထုတ်ကုန်များကို ပြည်ပတင်ပို့ခွင့်သာ ပေးသင့်ပြီး၊ အလုပ်အကိုင်အခွင့် လမ်းများ ပိုမိုကောင်းမွန်လာစေရန် ပြည်တွင်းဝန်ထမ်းအများစုကို အသုံးပြုရန် အစိုးရမှ ဥပဒေဖြင့် ကန့်သတ်သင့်ကြောင်း ပြောကြားသည်။

ဇွန်လ (၁၉)ရက်နေ့တွင် ပြောကြားသော သမ္မတမိန့်ခွန်းတွင် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန်မှာ ကုန်သွယ်မူနှင့် ရင်းနှီးမြူပ်နှံမူတို့မှာ အဓိက မောင်းနှင်အားဖြစ်ကြောင်း၊ ပြည်သူများ၏ လူမူစီးပွားရေး တိုးတက်ကောင်းမွန်စေရန် ပြည်ပရင်းနှီးမြုပ်နှံမူများကို တိုးတက်လာအောင် ကြိုးပမ်းရ မည်ဖြစ်ကြောင်း သဘာဝသယံဇာတများကို နောင်သားစဉ်မြေးဆက်အထိ စနစ်တကျသုံးစွဲရန် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မူ (Sustainable Develop -ment) ဖြစ်ပေါ်စေရန် စနစ်တကျ စီမံတွက်ချက်အသုံးပြုသွားရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲအပြီး အစိုးရသစ်လက်ထက်တွင် အခန်း (၁၂)ခန်း၊ ပုဒ်မ (၅၈)ချက်ပါဝင်သော အထူးစီးပွားရေးဇုန်ဥပဒေကို ၂၀၁၁ ဇန်နဝါ ရီလတွင် ထုတ်ပြန်နိုင်ခဲ့ပြီး ထိုဥပဒေဟောင်းတွင် ပါဝင်သော နိုင်ငံတကာရင်နှီးမြုပ်နှံသူများကို အနှောင့်အယှက်ဖြစ်စေနိုင်သော အချက်များကို ပြင်ဆင် ရေးဆွဲသွားမည် ဖြစ်သည်။

PL

-----------------------------------------------------------------------------------------------------------------------------------

ပြင်သစ်နိုင်ငံ သုံးရက်ကြာခရီးစဉ်မှ NLDပါတီဥက္ကဋ္ဌ ဇူလိုင် ၁ ရက်နေ့ မြန်မာနိုင်ငံသို့ ပြန်ရောက်မည်

ဇွန်လ ၂၆ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်ရှိ သမ္မတ အိမ်တော်၌ ပြင်သစ်သမ္မတ Francois Hollande နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း ရောက်ရှိခဲ့ကြောင်း သိရှိရပြီး ယင်းတွေ့ဆုံပွဲ၌ နှစ်နိုင်ငံ ရင်းနှီးမြှပ် နှံမှုများနှင့် ပတ်သက်၍ အပြန်အလှန် ပွင့်ပွင့်လင်းလင်း ဆွေးနွေခဲ့ကြကြောင်း သတင်းဖော်ပြချက်များအရ သိရှိရသည်။

ယင်းသို့ နှစ်နိုင်ငံ ရင်းနှီးမြှပ်နှံမှုနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးမှုတွင် ဒေါ်အောင်ဆန်းစုကြည်က ၎င်းတို့အနေဖြင့် ရင်းနှီးမြှပ်နှံမှုတိုင်းအား လက်ခံမည်မဟုတ်ဘဲ လက်ရှိ မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်နှင့် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များအား အထောက်အကူပြုမည့် ရင်းနှီးမြှပ်နှံမှုများ ကိုသာ လက်ခံမည်ဖြစ်ကြောင်း ပွင့်လင်းစွာပြောကြားသွားခဲ့ပြီး ရင်းနှီးမြှပ်နှံမှုများအတွက် တာဝန်သိမှုနှင့် ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ကြောင်း ပြော ကြားသည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၂၇ရက်နေ့၌ ပဲရစ်မြို့တော်ခန်းမတွင် ပြင်သစ်ရောက် မြန်မာမိသားစုများနှင့် တွေ့ဆုံ၍ မိန့်ခွန်း ပြောကြားမှုများ ပြုလုပ်ခဲ့ပြီး ၂၀၀၄ခုနှစ်တွင် ချီးမြှင့်ခံခဲ့ရသည့် ဂုဏ်ထူးဆောင်ပဲရစ်မြို့သူဆုအား ပဲရစ်မြို့တော်ဝန်၏ ပေးအပ်ချီးမြှင့်မှုကို လက်ခံခဲ့ ကြောင်း၊ ယင်းနောက် ပြင်သစ်နိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း NGO အဖွဲ့များနှင့် မြန်မာ့အရေးလုပ်ဆောင်နေသူများအား တွေ့ဆုံခဲ့သေးကြောင်း သိရ သည်။

ဇွန်လ ၂၈ ရက်နေ့၌ ပဲရစ်မြို့သို့ ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းတည်းခိုနေသည့် ရီဂျင်နယ်ဟိုတယ်သို့ ပြင်သစ်သမ္မတ ဟောင်း Mr. Nicolas Sarkozy နှင့် ဇနီးတို့ မနက်ပိုင်းအချိန်တွင် လာရောက်တွေ့ဆုံခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရှိရပြီး ညနေပိုင်း၌ ပဲရစ်မြို့၌ ကျင်းပပြုလုပ်သည့် ညီလာခံတွင် တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပြီး ပြင်သစ်နိုင်ငံ၏ အမျိုးသားလွှတ်တော်နှင့် အထက်လွှတ်တော် နှစ်ရပ်စလုံးအား တက်ရောက်လေ့လာခဲ့ကြောင်း သိရှိရသည်။

ထို့နောက် ၎င်းသည် ဇွန်လ ၂၉ရက်နေ့၌ မြန်မာနိုင်ငံသို့ ပြန်လည်မထွက်ခွာမီ မနက်ပိုင်းအချိန်တွင် ပဲရစ်မြို့ရှိ Orsay ပြတိုက်သို့ သွားရောက် လေ့လာခဲ့ကြောင်း သိရှိရပြီး မြန်မာနိုင်ငံသို့ ဇူလိုင်လ ၁ ရက်နေ့ မနက်ပိုင်းအချိန်၌ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သတင်းဖော်ပြချက်များအရ သိရှိ ရသည်။

NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၁၃ ရက်နေ့မှစတင်၍ ဥရောပခရီးစဉ်အဖြစ် နိုင်ငံငါးနိုင်ငံသို့ သွားရောက်လေ့လာခဲ့ပြီး ဇူလိုင်လ ၁ ရက်နေ့၌ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ရာ ၎င်းအား ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုဂုဏ်ပြုမှုများ ပြုလုပ်ရန်အတွက် ဗိုလ်မှူးဟောင်း ဦးနေမျိုးဇင်ဦးဆောင်သည့်  မြန်မာလူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်မှ ခမ်းခမ်းနားနားကြိုဆိုမှုများ ပြုလုပ်ရန် အစီအစဉ်ရှိကြောင်း ယင်းကွန်ယက်မှ အဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

ATM
****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ကျွန်တော်တို့မှာ တင်ပြချင်တာ ဆွေးနွေးချင်တာလေးတွေတော့ရှိတယ်။ သားငါးကဏ္ဍတို့၊ လယ်ယာကဏ္ဍတို့မှာပေါ့။ ဒါပေမဲ့ လွှတ်တော်လုပ်ထုံးလုပ် နည်းတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့က အကျွမ်းတဝင်မရှိသေးတဲ့အတွက် အဖွဲ့ချုပ်မှာ ဥပဒေပညာရှင်တွေနဲ့ အားလုံးပြန်တိုင်ပင်ရပါမယ်။ အခုချိန်ထိ တော့ ကျွန်တော်တို့ကို အဖွဲ့ချုပ်က ညွှန်ကြားထားတာမျိုး မရှိပါဘူး”

ဇွန် ၂၈ ထုတ် 7DAY NEWS အတွဲ (၁၁) အမှတ် (၁၆) တွင်ပါသည့် “လွှတ်တော်အစည်းအဝေး တက်ရောက်ဆွေးနွေးရန် NLD ပြင်ဆင်ထားပြီ” သတင်းမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းဆွေ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“လယ်သမားတွေက ဒီလိုအဖွဲ့အစည်းကြီးကို ထူထောင်နိုင်ဖို့ဆိုတာ အခက်အခဲရှိတဲ့အတွက် အားလုံးက ဝိုင်းဝန်းကူညီဖို့ လိုပါတယ်။ မြင်းလှည်း၊ ဆိုက် ကားတောင် အဖွဲ့အစည်းရှိတယ်။ တစ်နိုင်ငံလုံးရဲ့ ၇၀ ရာခိုင်နှုန်းရှိတဲ့ တောင်သူတွေအတွက် အစည်းအရုံးမရှိဘူး”

ဇွန် ၂၈ ထုတ် Popular News အတွဲ (၄) အမှတ် (၂၅) တွင်ပါသည့် “လယ်သမားအစည်းအရုံး တစ်နိုင်ငံလုံးတွင် ပေါ်ထွန်းရေး လွှတ်တော်၌ ဆွေးနွေး မည်” သတင်းမှ စလင်းမြို့နှင့် ပွင့်ဖြူမြို့များတွင် တောင်သူလယ်သမား အစည်းအရုံးပေါ်ပေါက်ရန်လိုက်လံဆောင်ရွက်ပေးနေသည့် ဦးကျော်စွာစိုး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“အခုခေတ်မှာ GDP တက်တိုင်း အဲဒီတိုင်းပြည်က လူတွေရဲ့ဝင်ငွေ တိုးတက်တယ်လို့ တရားသေ မတွက်ကြတော့ဘူး။ Wealth Distribution (ဓနဥစ္စာ ခွဲဝေစီးဆင်းမှု) ပုံစံကိုပါ ထည့်တွက်လာကြတယ်။ GDP တော့ တိုးလာပါရဲ့ အဲဒီငွေတွေက ပြည်သူအများဆီကို မရောက်ဘဲနဲ့ လက်တဆုပ်စာ လူတစ်စု လက်ထက်ပဲ ရောက်သွားတဲ့ပုံစံဆိုရင် အဲဒီတိုင်းပြည်မျိုးကို စီးပွားရေးတိုးတက်တယ်လို့ ပြောလို့မရဘူး”

ဇွန် ၂၈ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၈) အမှတ် (၂၄) တွင်ပါသည့် “သမ္မတမိန့်ခွန်းအတိုင်း တစ်ဦးချင်း GDP တိုးရန် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန်လိုအပ်ဟု ကျွမ်းကျင်သူများသုံးသပ်” သတင်းမှ စီးပွားရေး ပညာရှင်တစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

**************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs