Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၂၁.၇.၂၀၁၂

ဘာသာပြန်သတင်းများ

  1. အမေရိကန်ပြည်ထောင်စု၏ အမြင့်ဆုံး Congressional Award ဆုကို ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူမည်

(Associated Press မှ 18 July 2012 ရက်စွဲပါ “Myanmar’s SuuKyi to receive congressional Award”သတင်းကို ဘာသာပြန်ဆိုသည်။)

  1. မြန်မာနိုင်ငံတွင်နောက်ထပ်ပြောင်းလဲမှုများအတွက်အားပေးခြင်း

( 18 July 2012 ရက်စွဲပါ V0A News မှ ခေါင်းကြီးပိုင်းဖြစ်သော Encouraging further change in Burma ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံ၌ဝင်ရောက်လုပ်ကိုင်ရန် ဗြိတိန်ပုဂ္ဂလိက အစုရှယ်ယာလုပ်ငန်းတစ်ခုကြိုးပမ်း

(Reuters သတင်းဌာနမှ 19 July 2012 ရက်စွဲပါ UK private equity firm cruises into Myanmar as sanctions ease ကိုဘာသာပြန်ဆိုသည်)

*****************************************

ဘာသာပြန်သတင်းများ

အမေရိကန်ပြည်ထောင်စု၏ အမြင့်ဆုံး Congressional Award ဆုကို ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူမည်

(Associated Press မှ 18 July 2012 ရက်စွဲပါ “Myanmar’s SuuKyi to receive congressional Award”သတင်းကို ဘာသာပြန်ဆိုသည်။)

အမေရိကန်လွှတ်တော်က ၎င်း၏ အမြင့်ဆုံးအရပ်ဘက် ဂုဏ်ပြုဆုတံဆပ်ဖြစ်သည့် Congressional Gobal Medal ကို မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုချီးမြှင့်မည်ဟု သိရသည်။

အမေရိကန်ပြည်ထောင်စုသို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်လည်ပတ်သည့်ကာလအတွင်း စက်တင်ဘာ ၁၉ ရက်တွင် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပရန် စီစဉ်ထားသည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် မြန်မာအတိုက်အခံခေါင်းဆောင်သည် နှစ်ပေါင်းနှစ်ဆယ်အတွင်း နိုင်ငံရေးအကျဉ်းသားအဖြစ် နေအိမ်တွင် အထိန်းသိမ်းခံရစဉ်အတွင်း မြန်မာနိုင်ငံပြင်ပသို့ ပြည်ပခရီးမထွက်နိုင်ခဲ့ပေ။

ယခု လွှတ်တော်အမတ်ဖြစ်လာသော မြန်မာအတိုက်အခံခေါင်းဆောင်သည် မကြာသေးမီကထိုင်းနိုင်ငံနှင့် ဥရောပခရီးစဉ်တွင် ခြိမ့်ခြိမ့်သဲ ကြိုဆိုဂုဏ်ပြုခြင်း ခံခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ပြည်ထောင်စုသို့ရောက်ရှိစဉ် Congressional Gobal Medal ဆုကိုသာမကဘဲ စက်တင်ဘာ ၂၁ ရက်နေ့တွင် Atlentic Council ၏ Global Citizen Award ကိုလည်း လက်ခံရယူမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ခရီးစဉ်တွင် အမေရိကန်အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရန် သူမကို ဖိတ်ကြားဦးမည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားသည်။

အမေရိကန်ပြည်ထောင်စုသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်မည့်ကာလသည် ကုလသမဂ္ဂအထွေထွေညီလာခံကျင်းပချိန်နှင့် တိုက်ဆိုင်နေပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကလည်း ဧပြီလမြန်မာနိုင်ငံခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပြီး ကုလသမဂ္ဂ =နှစ်ပတ်လည်ညီလာခံသို့ တက်ရောက်ရန် ဖိတ်ကြားထားသည်ဟု သိရှိရသည်။

                                                                      *******************************************

မြန်မာနိုင်ငံတွင်နောက်ထပ်ပြောင်းလဲမှုများအတွက်အားပေးခြင်း

(18 July 2012 ရက်စွဲပါ V0A News မှ ခေါင်းကြီးပိုင်းဖြစ်သော Encouraging further change in Burma ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ၂၀၁၁ နွေဦးအစိုးရသစ်ဖွဲ့စည်းပြီးကတည်းက တိုးတက်မှုများလုပ်ဆောင်နိုင်ခဲ့သည်။ စစ်အုပ်ချုပ်ရေးစနစ်မှ အရပ်သား အုပ်ချုပ်ရေးသို့ အသွင်ကူးပြောင်းရေးအစတွင် ဧပြီလ၌အားလုံးပါဝင်ပြီး၊ အများလက်ခံသည့် ကြားဖြတ်ရွေးကောက်ပွဲကျင်းပခဲ့ခြင်း၊ မီဒီယာ ကန့်သတ်ချက်အချို့ ဖြေလျော့ပေးခဲ့ခြင်းနှင့် နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်လွှတ်ပေးခဲ့ခြင်းများသည် နိုင်ငံ၏ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းရေးတွင် အရေးကြီးသောခြေလှမ်းများဖြစ်ပြီး မြန်မာခေါင်းဆောင်များသည် ပိုမိုလမ်းဖွင့်ပေးသော၊ ပွင့်လင်းမြင်သာသော၊ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းကို လျှောက်လှမ်းနေသည့် လက္ခဏာပင်ဖြစ်သည်။

အဆိုပါကာလများအတွင်း အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံနှင့်ထိတွေ့ဆက်ဆံရေး မူဝါဒကို ပိုမိုအားကောင်းအောင်ပြုလုပ်ပြီး ဆက်လက်လုပ်ဆောင်ခဲ့ရာ မြန်မာအစိုးရက ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်လာသောအခါ အမေရိကန်က မြန်မာပြည်သူများအကျိုးရှိစေမည့် အပေါင်းလက္ခဏာဆောင်သည့် လုပ်ဆောင်မှုများ လုပ်ပေးခဲ့သည်။ မြန်မာခေါင်းဆောင်များအား အားပေးမှုများပြုလုပ်သည့် တစ်ချိန်တည်းမှာပင် နောက်ထပ်ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ရန် ဖိအားပေးခဲ့သည်။

မြန်မာနိုင်ငံမှ သမိုင်းဝင်ပြောင်းလဲမှုများအပေါ် နောက်ထပ်တုန့်ပြန်မှုတစ်ခုအနေဖြင့် သမ္မတ Barack 0bama သည် အမေရိကန်ပြည်ထောင်စုအနေဖြင့် အရေးယူချမှတ်ထားသော ငွေကြေးဆိုင်ရာနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများကို ဖြေလျော့ပေးပြီး၊ အမေရိကန် ကုမ္ပဏီများကို(၁၅)နှစ်ခန့်အတွင်း ပထမဆုံးအကြိမ်ရင်းနှီးမြှုပ်နှံခွင့်ပြုရန် ဆုံးဖြတ်ခဲ့ကြောင်း ဇူလိုင်လ ၁၁ ရက်နေ့က ကြေညာခဲ့သည်။ မြန်မာ့စီးပွားရေးတွင် အမေရိကန်စီးပွားရေးလုပ်ငန်းများ ပါဝင်လာခြင်းသည် တာဝန်ယူသော ရင်းနှီးမြှုပ်နှံမှုများအတွက် စံပြဖြစ်လာမည့် အလားအလာကောင်းရှိသည်။ ထို့အပြင် နောက်ထပ် ပြောင်းလဲမှုများအတွက် အားပေးခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကို မြှင့်တင်ပေးခြင်းနှင့် မြန်မာပြည်သူများ၏ လူမှုဘ၀များသို့ လုပ်ဆောင်ပေးမှုများ ရှိလာနိုင်သည်။

ယခုလုပ်ဆောင်မှုသည် မြန်မာအစိုးရအပေါ်ချမှတ်ထားသော အရေးကြီးသည့်ကန့်သတ်မှုများကို ဖယ်ရှားပေးခြင်းဖြစ်သော်လည်း၊ အရေးယူ ချမှတ်ထားခြင်းဟူသည့် အခွင့်အာဏာသည်ရှိနေဆဲ ဖြစ်သည်။ အမေရိကန်သမ္မတကြီးသည် မြန်မာနိုင်ငံအပေါ် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်ခြင်း သို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်သည့် မည်သည့်ပုဂ္ဂိုလ်ကိုမဆို ပစ်မှတ်ထားပြီးချမှတ်မည့် အရေးယူမှုများချမှတ်နိုင်ရန် အမေရိကန်အစိုးရ၏ အခွင့်အာဏာကိုလည်း သက်တမ်းတိုးသည့် အမိန့်အာဏာကိုလည်း လက်မှတ်ရေးထိုးခဲ့သည်။

ထို့အပြင် အမေရိကန်စီးပွားရေးလုပ်ငန်းများကို မြန်မာစစ်တပ်တွင်လည်းကောင်း၊ အခြားအစိုးရမဟုတ်သော လက်နက်ကိုင် အုပ်စုများတွင် လည်းကောင်း ရင်းနှီးမြှုပ်နှံမှုကိုခွင့်မပြုပေ။ ရင်းနှီးမြှုပ်နှံသူများသည် နှစ်စဉ် အသေးစိတ်အစီရင်ခံစာ တင်သွင်းရမည်ဖြစ်သည်။ ၄င်းတို့၏ လုပ်ဆောင်မှုများနှင့်ပက်သက်၍ ပြည်သူသို့ အစီရင်ခံစာတင်ရမည် ဖြစ်သည်။ သို့မှသာ ပိုမိုပွင့်လင်းမြင်သာမှုကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး လူထုအခြေပြု အဖွဲ့အစည်းများအနေဖြင့် အမေရိကန်ကုမ္ပဏီများနှင့်ပူးပေါင်းဆောင်ရွက်ပြီး တာဝန်ယူနိုင်သည့် ရင်းနှီးမြှုပ်နှံမှုများဖြစ်စေရန် အားပေးကြရမည် ဖြစ်သည်။

တချိန်တည်းမှာပင် ကျွန်ုပ်တို့သည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင် နောက်ထပ်တိုးတက်မှုများ ဖြစ်ပေါ်ရန်၊ တိုင်းရင်းသားဒေသများတွင် ရန်ဖြစ်နေမှုများရပ်ဆိုင်းရန်၊ နိုင်ငံရေးအကျဉ်းသားများ ခြွင်းချက်မရှိလွှတ်ရန်နှင့် မြန်မာနိုင်ငံ၏ မြောက်ကိုရီးယားနှင့် စစ်ရေးအရကုန်သွယ်မှုများ ရပ်ဆိုင်းသွားရေးတို့ကို ဆက်လက်ဖိအားပေးသွားမည် ဖြစ်သည်။

                                                                        *************************************

မြန်မာနိုင်ငံ၌ဝင်ရောက်လုပ်ကိုင်ရန် ဗြိတိန်ပုဂ္ဂလိက အစုရှယ်ယာလုပ်ငန်းတစ်ခုကြိုးပမ်း

(Reuters သတင်းဌာနမှ 19 July 2012 ရက်စွဲပါ UK private equity firm cruises into Myanmar as sanctions ease ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံအပေါ်ထားရှိသော ပိတ်ဆို့အရေးယူမှုများ လျော့ကျသွားပြီဖြစ်သည့်အတွက် ယခုအခါအနောက်နိုင်ငံမှ စီးပွားရေး လုပ်ငန်းကြီးများသည် မြန်မာ့စီးပွားရေးနယ်ပယ်သို့ ဝင်ရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

ဗြိတိန်နိုင်ငံ၊ လန်ဒန်အခြေစိုက် ပုဂ္ဂလိကအစုရှယ်ယာလုပ်ငန်း တစ်ခုသည်လည်း မြန်မာနိုင်ငံ၌ခရီးသည်တင် ဇိမ်ခံသင်္ဘောများ ပြေးဆွဲပေးမည့် လုပ်ငန်း၌ ရင်းနှီးမြှုပ်နှံတော့မည်ဖြစ်ကြောင်း သိရသည်။

လူဦးရေ သန်း ၅၀ ရှိပြီး ရေနံနှင့် ဓာတ်ငွေ့ကဲ့သို့ သဘာဝရင်းမြစ်များပေါကြွယ်ဝသည့် မြန်မာနိုင်ငံမှ ဘုရားပုထိုးများနှင့် ကိုလိုနီခေတ်လက်ရာ အဆောက်အအုံများက ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်သည် ဆိုသော်လည်း လျှပ်စစ်ဓာတ်အားကဲ့သို့ အဓိကအရေးကြီးသည့် အခြေခံ အဆောက်အဦးကောင်းများ ပေါ်ထွက်လာရန်လိုအပ်လျက် ရှိသည်။

အာရှဒေသမှ စီးပွားရေးလုပ်ငန်းကြီးများမှာ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများဖြင့် မြန်မာနိုင်ငံတွင် ရောက်ရှိနေနှင့်ပြီးဖြစ်သည်။ အာရှပုဂ္ဂလိက အစုရှယ်ယာလုပ်ငန်းများအဆိုအရ ယခုနှစ်အတွင်း မြန်မာပြည်၌ ရင်းနှီးမြှုပ်နှံနိုင်ရေးအတွက် ရန်ပုံငွေရှာဖွေလျက်ရှိကြောင်း သိရသည်။ ရင်းနှီးမြှုပ်နှံမှု အသစ်များနှင့်အတူ ဈေးကွက်သစ်များလည်း ဒွန်တွဲထွက်ပေါ်လာမည်ဖြစ်ရာ ရင်းနှီးမြှုပ်နှံသူများက မြန်မာပြည်တွင်းနယ်ပယ်သစ်တစ်ခု ရရှိနိုင်ရေးအတွက် စိတ်အားထက်သန်လျက်ရှိသည်။

ကုန်ပစ္စည်းများ ရင်းနှီးမြှုပ်နှံမှုတွင် ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးဖြစ်သာ ဂျင်မ်ရော်ဂျာက ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း Oilprice.com နှင့် ပြုလုပ်သော  အင်တာဗျူးတွင် "လက်ရှိကမ္ဘာပေါ်တွင် မြန်မာပြည်သည် အကောင်းဆုံးသော ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများရှိသည့် နေရာဒေ ဖြစ်နိုင်သည်"ဟု ၁၉၇၈ ခုနှစ်တွင် တံခါးဖွင့်စနစ်စတင်ကျင့်သုံးခဲ့သော တရုတ်ပြည်နှင့်နှိုင်းယှဉ်ကာ ပြောဆိုသည်။

"မြန်မာနိုင်ငံဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အာရုံစိုက်မှုကိုခံနေရတယ်။ မြန်မာပြည်တွင်း ဝင်ရောက်လုပ်ကိုင်နိုင်ရေးအတွက် ကြိုးပမ်းမှုတွေ၊ အလေးပေးလုပ်ဆောင်မှုတွေလည်း ရှိနေတယ်။ ဒါပေမဲ့ အခြေခံ အဆောက်အဦးကောင်းတွေ အများကြီးလိုအပ်နေပါတယ်။ အထူးသဖြင့် တိုရစ်ဇင်မှာပေါ့"ဟု ပုဂ္ဂလိက စုရှယ်ယာလုပ်ငန်းတစ်ခုဖြစ်သော TLG  ၏ အကြီးအကဲ Zain Latif က ပြောကြားသည်။

TLG သည် ယခုအခါ ဧရာဝတီမြစ်အထက်ပိုင်း၌ ဇိမ်ခံသင်္ဘောများပြေးဆွဲကာ ဝန်ဆောင်မှုပေးမည့် ကုမ္ပဏီတစ်ခုတည်ထောင်ရန် စီစဉ် လျက်ရှိသည်။ အဆိုပါကုမ္ပဏီသည် အသေးစားပုဂ္ဂလိက အစုရှယ်ယာ အရောင်းအဝယ်ပြုလုပ်မှုကို အဓိကဦးစားပေးသည့်ကုမ္ပဏီဖြစ်ပြီး လာမည့်နှစ်အတွင်း ဒေါ်လာသန်း အနည်းငယ် ရင်းနှီးမြှုပ်နှံမှုဖြင့် ဇိမ်ခံသင်္ဘောများပြေးဆွဲသည့်ဝန်ဆောင်မှုကို စတင်လည်ပတ်နိုင်မည်ဟု မျှော်မှန်းထားသည်။

အခြားသော အာရှပုဂ္ဂလိက အစုရှယ်ယာလုပ်ငန်းများဖြစ်ကြသော ဟောင်ကောင်မှ Cube Capital နှင့် Marc Faber ကျောထောက်နောက်ခံ Leopard Capital တို့သည်လည်း ဒေါ်လာသန်း ၅၀၀ ခန့်ရင်းနှီးမြှုပ်နှံမှုဖြင့် မြန်မာပြည်မှ သဘာဝရင်းမြစ်များ ရှာဖွေရေးကဏ္ဍနှင့် အခြေခံ အဆောက်အဦးများ တည်ဆောက်ရေးကဏ္ဍတို့တွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံနိုင်ရန် စောင့်ဆိုင်းလျက်သည်။

ပြီးခဲ့သည့် လအနည်းငယ်အတွင်း အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့က မြန်မာအပေါ်ပိတ်ဆို့ အရေးယူမှုများကို လျှော့ချ ပေးလိုက်သည်။ အဆိုပါလုပ်ရပ်သည် ၂၀၁၂ ခုနှစ်၊ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲပြီးဆုံးသွားပြီးနောက် မကြာမီအချိန်ကာလတွင် ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း၊ မြန်မာအရပ်သားအစိုးရ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကြောင့် ယခုကဲ့သို့ပိတ်ဆို့မှုများ ဖယ်ရှားပေးခြင်းဖြစ်ကြောင်း လေ့လာသုံးသပ် သူများကဆိုသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ယမန်နှစ်က မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် လာရောက်လည်ပတ်မှုနှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဥရောပဒေသသို့ သမိုင်းဝင် ခရီးသွားရောက်မှုအစရှိသည်တို့က ဧရာမကော်ပိုရေးရှင်းကြီးများအပါအဝင် အနောက်စီးပွားရေးလုပ်ငန်းများ မြန်မာပြည်၌ ရင်းနှီးမြှုပ်နှံမှုလိုစိတ်ရှိလာအောင် အစပျိုးပေးလိုက်သကဲ့သို့ ရှိသည်။

နာမည်ကျော် General Electric ကုမ္ပဏီသည် မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်လာသော ပထမဆုံး အမေရိကန်ကုမ္ပဏီ ဖြစ်လာသည်။ General Electronic က မြန်မာပြည်ရှိ ဆေးရုံ ၂ ရုံအတွက် ဆေးရုံသုံးပစ္စည်းများ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။ ဤအတောအတွင်း၌ပင် ဗြိတိန်အစိုးရ၏ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ဖြစ်သော 'ဗြိတိန်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးအဖွဲ့က ရန်ကုန်မြို့တွင် ယခုလအတွင်း ရုံးခန်းဖွင့်လှစ်နိုင်ရေးအတွက် စီစဉ်လျက်ရှိသည်။ သို့သော် မြန်မာနိုင်ငံ၌ စစ်မှန်သောစတော့နှင့် ငွေချေးစာချုပ်ဈေးကွက်မရှိရာ ရန်ပုံငွေ မန်နေဂျာများကိုဆွဲဆောင်ရန် လွယ်ကူမည်မဟုတ်ပေ။

Charlemagne Capital မှ ပူးတွဲရင်းနှီးမြှုပ်နှံမှုမန်နေဂျာဖြစ်သူ Julian Mayo က မြန်မာနိုင်ငံကို ၁၉၉၀ ပြည့်နှစ်များဆီက ဗီယက်နမ်နှင့် နှိုင်းယှဉ်ပြသည်။ "၁၉၉၅ ခုနှစ်တုန်းက ဗီယက်နမ်မှာ အက်ဆက်(Asset) မန်နေဂျာတွေအများကြီး ရှိထားပြီး ဖြစ်တယ်။ ဆယ်စုနှစ်တစ်ခုရဲ့ အကောင်းဆုံးကာလမှာ ဘယ်သူမှ ပိုက်ဆံကောင်းကောင်း မရှာနိုင်ခဲ့ကြပါဘူး။ မြန်မာမှာလည်း ဒီလိုပဲဖြစ်လာလိမ့်မယ်။ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်း တစ်ခုခုရဖို့အတွက် ဟိုတယ်တွေမှာအချိန်ကုန်ပြီး စိတ်လှုပ်ရှားနေမယ့်သူတွေ အများကြီးတွေ့လာရပါလိမ့်မယ်"ဟု ဆိုသည်။ Julian Mayo သည်လည်း မကြာသေးခင်က မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သေးသည်။

အိမ်ခြံမြေ၊ တိုရစ်ဇင်နှင့် အခြေခံအဆောက်အဦး အစရှိသည်တို့မှာ ပုဂ္ဂလိက အစုရှယ်ယာလုပ်ငန်းများ နှစ်သက်ဖွယ်ရှိသော ကဏ္ဍများပင်ဖြစ်သည်ဟု အဆိုပါဈေးကွက်များတွင် ပါဝင်သူများက ပြောကြားသည်။ သို့သော် မြန်မာပြည်တွင် ခိုင်မာသောထိန်းချုပ်မှုဆိုင်ရာ မူဘောင်မရှိသလို နိုင်ငံခြားသားပိုင်ဆိုင်မှုဥပဒေနှင့် ပတ်သက်၍လည်း စိုးရိမ်စရာများရှိကြောင်း ၎င်းတို့က ဆိုသည်။

"တကယ်လည်ပတ်လုပ်ကိုင်ရေးနဲ့ မဟာဗျူဟာချမှတ်ရေး စတာတွေမှာ အဓိကစိန်ခေါ်မှုတွေ ရှိနေတယ်။ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်က ရေရှည် မက်ခရိုစီးပွားရေး တည်ငြိမ်မှုရှိရေးအတွက် အဓိကအခရာ ကျနေမှာဖြစ်ပါတယ်"ဟု အတိုင်ပင်ခံတစ်ဦးဖြစ်သူ Maplecroft ကဆိုသည်။

*****************************************************************************************************                                


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

သတင်းလွှာ စာဖတ်သူများခင်ဗျာ..

သတင်းလွှာ အတွဲ (၂) အမှတ် (၂၆) ကို ပေးပို့လိုက်ပါတယ်။ ယခုတစ်ပတ်မှာ
၁။ အာဇာနည်နေ့အခမ်းအနား နှစ်ပေါင်း၅၀အတွင်း
နိုင်ငံ့ထိပ်တန်းခေါင်းဆောင်တစ်ဦး တက်ရောက်
၂။ ကချင်စစ်ပွဲနှင့် ပတ်သက်၍ အောက်ခြေတပ်သားတစ်ချို့ စစ်ပွဲအပေါ် ငြီးငွေ့
၃။ ချက်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးအား
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လာရောက်တွေ့ဆုံ
၎။ နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဒီမိုမိတ်ဆွေပါတီများတွေ့ဆုံ
၅။ ဗိုလ်ချုပ်ကြေးရုပ်ရှိ ပန်းခြံများ၌ စီတန်းလှည့်လည် ပန်းခွေချခွင့်
ဥပဒေပုဒ်မ ၅ အရ တားမြစ်ခံရ
၆။ ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းမှ ရရှိသည့် ဝင်ငွေစုစုပေါင်းအား
စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာ
၇။ ဧရာဝတီရေတပ်စခန်းဌာနချုပ်အား စက်လှေပိုင်ရှင်တဦးမှ တရားစွဲဆိုရန်ပြင်ဆင်
၈။ ပါတီဝင်အကူးအပြောင်း သတင်းဖော်ပြမှုအပေါ် NDF သတင်းစာရှင်းလင်းပွဲပြုလုပ်
၉။ ထွန်တုံးတိုက်ပွဲတွင်ပါဝင်သူ ကံကောင်းရွာသားများ တရားစွဲဆိုခြင်းခံရ
၁၀။ သွင်းကုန်၊ ပို့ကုန်ကဏ္ဍများတွင် တရုတ်အား မြန်မာလက်တုန့်ပြန်စတဲ့သတင်းတွေအပြင်
အင်တာဗျူးကဏ္ဍ၊ ဆောင်းပါးများကဏ္ဍ၊ နိုင်ငံတကာ သတင်းများကဏ္ဍကိုလည်း
ထူးထူးခြားခြား ထည့်သွင်းထားပါတယ်။

လေးစားလျှက်
သတင်းလွှာအဖွဲ့
--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံသတင်းရအောင်
ဖော်ပြခြင်းသာဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည်မူရင်းမီဒီယာများ၏
အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။

The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၁.၇.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. တာရှည်ခံ အဖွဲ့အစည်း

*****************************************

ဆောင်းပါးကဏ္ဍ

တာရှည်ခံ အဖွဲ့အစည်း

ဇေယျသူ

(ဇူလိုင် ၂၁ရက်နေ့ထုတ် The Voice Weekly ဂျာနယ် အတွဲ (၈) အမှတ် (၃၁) မှ ထုတ်ယူဖော်ပြချက်။)

ခေါင်းဆောင်တို့ကိုတိုင်းတာသည့် အကောင်းဆုံးသော မှတ်ကျောက်မှာ မိမိခေါင်းဆောင်သော အဖွဲ့အစည်း၊ တိုင်းပြည်အဖြစ် အမွေချန်ထား ရစ်ခဲ့ နိုင် မနိုင်ပင် ဖြစ်သည်။

မည်မျှ သြဇာကြီးမား စွမ်းရည်မြင့်မား ဘုန်းကြီးသောသူဖြစ်စေ တစ်နေ့တွင် သခါင်္ရ သဘောတရားအရ အိုမင်းမစွမ်းသောကြောင့်ဖြစ်စေ၊ ခေါင်း ဆောင်တင်မြှောက်မှုပုံစံအရဖြစ်စေ သေဆုံးသောကြောင့်ဖြစ်စေ နေရာမှ ဖယ်ပယ်ရမြဲဖြစ်သည့်အတိုင်း မိမိမရှိတော့လျှင် ဟန်မပျက် ဆက်လက်လည် ပတ်နိုင်အောင် ကြံဆောင်ထားရစ်ခဲ့ဖို့ လိုသည်။

မိမိရှိနေစဉ်အတွင်း လျှမ်းလျှမ်းတောက် အောင်မြင်သော်လည်း မိမိမျက်နှာလွှဲသွားသည်နှင့် မိမိအဖွဲ့အစည်း ဗုန်းဗုန်းလဲကျသွားခဲ့သည်များကို မြန်မာ့သမိုင်းတွင်လည်းကောင်း၊ ကမ္ဘာ့သမိုင်းတွင်လည်းကောင်း၊ အများအပြား တွေ့ကြရမည်။ နိုင်ငံများအနေနှင့် ခေါင်းဆောင်ညံ့သည်နှင့် တိုင်းပြည် ထိုးကျသွားတတ်ပြီး ခေါင်းဆောင်ထက်လျှင် တိုင်းပြည်တက်လာသောနိုင်ငံများကို တွေ့ရသလို ခေါင်းဆောင်ညံ့သော်လည်း သိပ်မကျဘဲ ခေါင်းဆောင် ကောင်းချိန်တွင် တက်လာသော နိုင်ငံများကို တွေ့ရမည်။

တာရှည်ခံအဖွဲ့အစည်း မတည်ဆောက်နိုင်ရခြင်းမှာ ခေါင်းဆောင်၏ စွမ်းဆောင်­­ရည်­­­­­­­မြင့်မားသောကြောင့် သူ၏ ဆွဲအားရုန်းအားဖြင့် ရွေ့နေ သည်ကို အဖွဲ့အစည်းဆွဲအားကြောင့် ရွေ့နေသည်ဟု ထင်မှတ်မှားသောကြောင့် အဖွဲ့အစည်းတည်ဆောက်ရန် လိုအပ်ကြောင်း မသိမြင်ခြင်းကြောင့် ဖြစ်နိုင်သည်။ နေ့စဉ် လုပ်လက်စအလုပ်အကိုင်များကို ဖြည့်ဆည်းနေရသည်နှင့်ပင် အားကုန်အချိန်ကုန်နေသောကြောင့် လည်းကောင်း၊ အနာဂတ်ကို မျှော်ကြည့်နိုင်စွမ်း အားနည်းသောကြောင့်လည်းကောင်း၊ အဖွဲ့အစည်းတည်ဆောက်ရန် ပျက်ကွက်တတ်ကြသည်။

ခေါင်းဆောင်စဉ်ဆက်မပြတ် မွေးထုတ်ရေး

မိမိမရှိသောအခါ အစားဝင်မည့်သူမရှိ အစားဝင်မည့်သူက အားနည်းသောကြောင့် မျိုးဆက်အလိုက် ခေါင်းဆောင်ခါးမပြတ်အောင် စဉ်ဆက် မပြတ် မွေးထုတ်နိုင်ရေး ဖန်တီးထားရမည်။ အလားအလာကောင်းသူ လူငယ်ခြေတက်များကို လေ့ကျင့်ပျိုးထောင်ပေးရမည်။ အရည်အချင်းအလိုက် လုပ်ငန်းတာဝန် လွှဲအပ်ဆောင်ရွက်စေခြင်း Delegation ပြုလုပ်ပေးရမည်။ တစ်ဗိုလ်ကျတစ်ဗိုလ်တက်နိုင်အောင် လေ့ကျင့်ပေးထားခြင်းဖြင့် ခေါင်း ဆောင်မှု အကြပ်အတည်း မပေါ်ပေါက်နိုင်အောင် စီမံထားနိုင်သည်။

အချို့သောခေါင်းဆောင်တို့သည် မိမိတို့နေရာ အလုရမည်ကို စိုးရိမ်သောကြောင့် ထူးချွန်သူများအား အန္တရာယ်ဟု ရှုမြင်တတ်ကြသည်။ ထို အခါ ထိုသူများကို ဘေးဖယ်ရင်း မိမိကိုသစ္စာရှိမည့်သူများအား နေရာပေးတတ်သောကြောင့် လုပ်နိုင်ကိုင်နိုင်သူမရှိဘဲ ခါးပြတ်သွားတတ်သည်။ ထိုသို့ သော စိတ်မလုံခြုံသည့်ခေါင်းဆောင်များ ထိပ်တွင်ရှိနေပါက မိမိကိုသာအားကိုးကြအောင် မတော်တဆမဟုတ်ဘဲ တမင်ဖန်တီးထားသည့် ခါးပြတ်ခြင်း ဖြစ်သောကြောင့် ကုစားမရနိုင်ပေ။ လက်ဆင့်ကမ်းတာဝန်ယူစေမည့် စနစ်တစ်ခုတည်ဆောက်နိုင်မှသာ တာရှည်ခံအဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်မည်။

တစ်ဦးတည်းအပေါ် မှီခိုရမှုလျော့ချရေး

တစ်ယောက်ကောင်းက တစ်သေင်းဗိုလ်ခြေညက်ညက်ကြေဆိုသည်မှာ ယနေ့ထက်တိုင် မှန်ကန်နေသေးသည့် စကားစုဖြစ်သော်လည်း ထိုပါရမီရှင် ပုဂ္ဂိုလ်မရှိတော့လျှင်ပင် ဆက်လက်အောင်မြင်နိုင်ရေးအတွက် စနစ်တည်ဆောက်ထားရမည်။

တစ်ယောက်တည်းကြဲတတ်သည့် တစ်ယောက်တည်းကိုမှီခိုနေရသည့် နိုင်ငံအဖွဲ့အစည်းတို့တွင် ထိုသူမရှိသည်နှင့် အချိန်အတော်ကြာ တိုင်းပြည် ဖရိုဖရဲဖြစ်သွားတတ်ပြီး ကံမကောင်းလျှင် လုံးဝ ပြိုလဲသွားတတ်သည်။

မိမိကျရာတာဝန်အတိုင်း တာဝန်ခွဲဝေထမ်းဆောင်ခြင်းဖြင့် အများစုပေါင်းဦးဆောင်နိုင်သည့်စနစ် ဖြစ်အောင် တည်ဆောက်ထားရန်လိုသည်။

သတင်းအချက်အလက် စီးဆင်းမှု

တာရှည်ခံအဖွဲ့အစည်းကြီးများတွင် တွေ့ရသည့်အချက်မှာ သက်ဆိုင်ရာသတင်းအချက်အလက် မှန်ကန်မြန်ဆန်အောင် (Information Flow) ဆောင်ရွက်ထားခြင်း ဖြစ်သည်။ ကြားသင့်သည့်သတင်းအချက်အလက်မှန်သမျှ နားခါးသည်ဖြစ်စေ မခါးသည်ဖြစ်စေ အပြင်မှ အတွင်းသို့၊ အထက် အောက်၊ ဘေးတိုက် လွတ်လပ်စွာစီးဆင်းနိုင်အောင် ဖန်တီးထားရမည်။ သို့မှသာ အခြေအနေနှင့် လိုက်လျောညီထွေသည့် မဟာဗျူဟာဆုံးဖြတ်ချက်များ မှန်ကန်စွာ ချမှတ်နိုင်မည်။

တီထွင်ဖန်တီးနိုင်စွမ်း

တာရှည်ခံနိုင်ရန်မှာ အစဉ်တစိုက် ထိုးထွင်းနိုင်စွမ်း (Innovation) အဖွဲ့အတွင်း မြင့်မားရန်လိုသည်။ အကြံဉာဏ်ကောင်းများ ထုတ်ဖော်ရေး (Idea Generation) တွင် ရင်းနှီးမြှပ်နှံထားရမည်။ သုတေသနနှင့် ဖွံ့ဖြိုးရေးကို အားစိုက်လုပ်ဆောင်ရမည်။

ရာထူးအဆင့် နိမ့်သည်မြင့်သည်မဟူ၊ တာဝန်ကြီးသည် ငယ်သည်မရွေး အကြံဉာဏ်ကောင်းများပေးနိုင်ရန် ထိုအကြံဉာဏ်ကောင်းများကို လက်ခံစဉ်းစား ဆုံးဖြတ်နိုင်ရန် ပြုလုပ်ထားသော အဖွဲ့အစည်းများသည် တီထွင်ဖန်တီးနိုင်စွမ်း မြင့်မာကြပြီး စိန်ခေါ်မှုများကိုလည်း ဖြေရှင်နိုင်ကြပါသည်။

ယဉ်ကျေးမှု အစဉ်အလာကောင်း

အဖွဲ့အစည်းကိုယဉ်ကျေးမှု အစဉ်အလာကောင်းများတွင် အခြေခံတည်ဆောက်ခြင်းဖြင့် မည်သူတက်တက် ထိုအစဉ်အလာ ယဉ်ကျေးမှုအား ဖြင့် ရှေ့သို့ ဆက်လက်ချီတက်နိုင်သည်။ အဖွဲ့အစည်းဝင်များက ဂုဏ်ယူနိုင်သည့် ယဉ်ကျေးမှု အစဉ်အလာကောင်းများရှိခြင်းသည် တာရှည်ခံတို့၏ ဂုဏ် အင်္ဂါပင်ဖြစ်ပါသည်။ ဥပမာ-မိမိထုတ်လုပ်သော ကုန်ပစ္စည်းကို ပြစ်မျိုးမှဲ့မထင်အောင် စင်းလုံးချောကောင်းမွန်အောင် ဖန်တီးခြင်းသည် ဂျပန်အီလက်ထ ရောနစ်ကုမ္ပဏီ Sony တွင် စွဲမြဲနေသည့် ယဉ်ကျေးမှုတစ်ခုဖြစ်ပြီး ကုမ္ပဏီကို ကမ္ဘာ့ထိပ်တန်းရောက်အောင် ပို့ဆောင်ပေးခဲ့သည့် ယဉ်ကျေးမှုဖြစ်သည်။ လျှပ်စစ်မီးလုံးကို စတင်တီထွင်သူ ကမ္ဘာကျော်အက်ဒီဆင် တည်ထောင်ခဲ့သည့် General Electric ကုမ္ပဏီတွင် တီထွင်ဖန်တီးသည့် ယဉ်ကျေးမှု (Culture of Innovation) သည် အောက်ခြေမှ ထိပ်ပိုင်းအထိ စမ့်ဝင်နိုင်ခဲ့ပြီး လူတိုင်းလူတိုင်း တီထွင်ဖန်တီးနိုင်အောင်လည်း စီမံပေးထားသည်။ GE သည် ၁၉ရာစုအကုန်ပိုင်း နယူးယောက်စတော့ဈေးကွက် စတင်စဉ်က ပါဝင်ခဲပြီး ယခုအချိန်အထိတိုင် ထိုစတော့ဈေးကွက်တွင်  စာရင်းပေါက်နေသေး သည့် တစ်ခုတည်းသောကုမ္ပဏီ ဖြစ်နေခြင်း၏ အဓိကအချက်မှာ တီထွင်ဖန်တီးယဉ်ကျေးမှုပင် ဖြစ်သည်။

ကမ္ဘာကျော် Apple ကုမ္ပဏီတည်ထောင်သူ စတိဗ်ဂျော့ဘ်စ်သည် ကမ္ဘာပေါ်တွင် သြချရလောက်အောင် နယ်ပယ်အများအပြားတွင် ခေတ် ပြောင်းတော်လှန်ရေး ဆင်နွှဲအောင်မြင်ခဲ့သည်။ ၁၉၇၆ခုနှစ်တွင် ကုမ္ပဏီမှ ကန်ထုတ်ခံရသည်။ ထိုအချိန်တွင် ကာတွန်းဇာတ်လမ်းကုမ္ပဏီတည်ထောင် ကာ ကာတွန်းရုပ်သံလောက တစ်ခေတ်ပြောင်းစေခဲ့ အောင်မြင်ခဲ့သည်။ ၁၉၉၇တွင် Apple သို့ ပြန်လည်ဝင်ရောက်လာပြီး ဒေဝါလီခံရလုဆဲဆဲ အခြေ အနေမှ ကယ်တင်ခဲ့သည်။ ၂၀၁၁ တွင် Apple သည် ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကုမ္ပဏီအဖြစ်သို့ ရောက်ရှိအောင် စတိဗ်ဂျော့ စွမ်းဆောင်နိုင်ခဲ့သည်။ သူ ထုတ်လုပ်ခဲ့သည့် ကုန်ပစ္စည်းများအနက် မည်သည်ကို ဂုဏ်အယူဆုံးနည်းဟု ဂျော့အား သူ၏အတ္ထုပတ္တိရေးသူက မေးသည်။ iPad၊ iPod စသော တော်လှန်သည့် ကုန်ပစ္စည်းအနက်မှ တစ်ခုခုရွေးလိမ့်မည်ဟု ထင်ထားသော်လည်း ဂျော့ဘ်စ်က Apple ကုမ္ပဏီကို တာရှည်ခံကုမ္ပဏီ (Enduring Institution) အဖြစ် တည်ထောင်ရခြင်းကို ဂုဏ်ယူဆုံးပါဟု ဖြေသည်။

တာရှည်ခံအဖွဲ့အစည်းကို တည်ဆောက်နိုင်ပါက ပါရမီရှင်ခေါင်းဆောင် မျက်နှာလွှဲသွားချိန်တွင်လည်း ဆက်လက်တည်တံ့ရုံမျှမက ဆထက် တမ်းပိုး တိုး၍ပင် အောင်မြင်နိုင်သေးပေသည်။

*****************************************

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive