Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၃၀.၇.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ကနေဒါကုန်သွယ်ရေးဝန်ကြီး စက်တင်ဘာလတွင် မြန်မာနိုင်ငံသို့လာရောက်

(25July 2012 ရက်စွဲပါ Wall Street ဂျာနယ်မှ Nirmala Menon ရေးသားသော Canada Trade Minister to visit Mynamar in September ကိုဘာသာပြန်ဆိုသည်)

  1. ရိုဟင်ဂျာကိစ္စအပေါ် ရေငုံနှုတ်ပိတ်နေသော ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးထိုးနှက်မှုများနှင့်ရင်ဆိုင်ရ

(The Telegraph သတင်းစာမှ 28 July 2012 ရက်စွဲပါ Aung San Suu Kyi facing backlash for silence on abuses ကိုဘာသာပြန်ဆိုသည်)

*****************************************

ဘာသာပြန်သတင်းများ

ကနေဒါကုန်သွယ်ရေးဝန်ကြီး စက်တင်ဘာလတွင် မြန်မာနိုင်ငံသို့လာရောက်

(25July 2012 ရက်စွဲပါ Wall Street ဂျာနယ်မှ Nirmala Menon ရေးသားသော Canada Trade Minister to visit Mynamar in September ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် အဓိကပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေချိန်တွင် ကနေဒါနိုင်ငံသည် စီးပွားရေး အခွင့်အလမ်းများ၌ လက်သီးမှုရရှိရန် အလျင်အမြန် လှုပ်ရှားလျက်ရှိသည်။

ကနေဒါကုန်သွယ်ရေးဝန်ကြီး Mr Fast ဗုဒ္ဓဟူးနေ့က ပြောကားရာတွင် ၎င်းသည် ကနေဒါကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် တံခါးဖွင့်ရာတွင် ကူညီနိုင်ရန် စက်တင်ဘာလတွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါခရီးစဉ်သည် ကနေဒါအစိုးရက မြန်မာနိုင်ငံတွင် သံရုံးဖွင့်ရန်စီစဉ်နေကြောင်း ကြေညာပြီး နှစ်ပတ်မရှိတရှိတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

Me.Fast က အဆိုပါကြေညာချက်ကို တိုရိုတိုတွင်ကြေညာခဲ့ပြီး မြန်မာနိုင်ငံသို့သွားရောက်မည့် ကနေဒါ၏ပထမဆုံး ကုန်သွယ်ရေးဝန်ကြီး ဖြစ်လာမည် ဖြစ်သည်။

Mr.Fast က ပြောကြားရာတွင် ၎င်းနှင့်အတူ ကနေဒါစီးပွားရေးလုပ်ငန်းရှင်များနှင့် ဥာဏ်ကြီးရှင်အဖွဲ့(Think Thank)များလည်း ပါဝင်မည်ဟုဆိုသည်။

ကနေဒါနိုင်ငံသည် မြန်မာနိုင်ငံတွင် ပြုလုပ်လျက်ရှိသောပြောင်းလဲမှုများကို အားတက်လျက်ရှိပြီး ကနေဒါ၏ သတိထား၍ပြုလုပ်သော ရင်းနှီးမြှုပ်နှံမှုများသည် မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲမှုများကို ဆက်လက်ပြုလုပ်ရန် အထောက်အကူပြုမည်ဟု အစိုးကယုံကြည်ကြောင်း ၎င်းက ပြောသည်။

ကနေဒါသည် မြန်မာနိုင်ငံ၏ အိုဟောင်းနေသော အခြေခံအဆောက်အဦးများကို ခေတ်မီအောင်ပြုပြင်ပေးခြင်းဖြင့် မြန်မာနိုင်ငံမှ အလားအလာရှိသော ဈေးကွက်မှအကျိုးအမြတ်ရှိမည်ဟု မျှော်လင့်လျက်ရှိသည်။

မြန်မာနိုင်ငံမှ ရေနံ၊ ဓာတ်ငွေ့နှင့်သတ္ထုတွင်းစသော သဘာဝသံယံဇာတများသည် ကနေဒါကုမ္ပဏီများအတွက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းကောင်းများကို ဆွဲဆောင်ပေးသည်။

ကနေဒါနိုင်ငံသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသောအရေးယူမှုအများစုကို ဧပြီလက ယာယီရုတ် သိမ်းပေးခဲ့သည်။ ကနေဒါ၏ ရှေးယခင်က ကုန်သွယ်ဖက် နိုင်ငံများဖြစ်သော အနောက်နိုင်ငံများ၏ စီးပွားရေးသည် နှေးကွေးလျက်ရှိခြင်းကြောင့် ဝန်ကြီးချုပ် Stephen Harper ၏ ကွန်ဆာဗေးတစ် အစိုးရ၏ အာရှနှင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရန် တွန်းအားပေးခြင်းကိုလည်း ဖော်ဆောင်ရာရောက်သည်။ ကနေဒါ၏ ပို့ကုန်လေးပုံသုံးပုံသည် အမေရိကန်နိုင်ငံသို့ တင်ပို့နေခြင်းဖြစ်သည်။

      **********************************************

ရိုဟင်ဂျာကိစ္စအပေါ် ရေငုံနှုတ်ပိတ်နေသော ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးထိုးနှက်မှုများနှင့်ရင်ဆိုင်ရ

(The Telegraph သတင်းစာမှ 28 July 2012 ရက်စွဲပါ Aung San Suu Kyi facing backlash for silence on abuses ကိုဘာသာပြန်ဆိုသည်)

ယခုအခါ မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ရိုဟင်ဂျာအရေးကိစ္စများနှင့်ပတ်သက်၍ ထုတ်ဖော်ပြောဆိုမှု မရှိသောကြောင့် ဒီမိုကရေစီအရေး လှုပ်ရှားသူရောင်းရင်းများ၏ နိုင်ငံရေးတိုက်ခိုက်မှုများဖြင့် ရင်ဆိုင်နေရသည်။ မြန်မာနိုင်ငံတွင် စစ်တပ်က ရက်စက်ကြမ်းတမ်းသောနည်းလမ်းဖြင့် ရိုဟင်ဂျာလူမျိုးများအပေါ် ဆက်ဆံနေသည်ဆိုသောကိစ္စအား ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ထုတ်ဖော်ပြောဆိုမှု မပြုသည့်အတွက် အဆိုပါ ဒီမိုကရေစီရေး လှုပ်ရှားသူများက စိတ်ပျက်အားလျော့လျက်ရှိသည်ဟု သိရသည်။  

ကမ္ဘာ့ဒီမိုကရေစီနှင့် လူ့အခွင့်အရေးချန်ပီယံအဖြစ် သတ်မှတ်ခံထားရသော ဒေါ်အောင်ဆန်းစုကြည် နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ် ကျခံနေစဉ်ကာလတစ်လျောက် ၎င်းအားကျောထောက်နောက်ခံပြုခဲ့ကြသူ ဒီမိုကရေစီရေး တက်ကြွစွာလှုပ်ရှားသူများက ယခု ရိုဟင်ဂျာများ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုအပေါ် ဒေါ်အောင်ဆန်းစုကြည် ရေငုံနှုတ်ပိတ်နေသည်ဟု စွပ်စွဲပြောဆိုကြသည်။ ရိုဟင်ဂျာဟူသည် ကမ္ဘာပေါ်တွင် ဖိနှိပ်ချုပ်ခြယ်မှု အခံရဆုံးလူမျိုးများဖြစ်သည်ဟု ကုလသမဂ္ဂ၏ သတ်မှတ်ခြင်းခံထားရသည်။ မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင်း ရက်သတ္တပတ် ရှစ်ပတ်ကြာမျှဖြစ်ပွားခဲ့သော ဆူပူအုံကြွအကြမ်းဖက်မှုများကိစ္စကို ထုတ်ဖော်ပြောဆိုရန် ဒေါ်အောင်ဆန်းစုကြည်က လက်ရှောင်ခဲ့ကြောင်း ဝေဖန်ရေးသမားများက ဆိုသည်။ ရခိုင်ပြည်နယ်တွင်း လူစုဖွဲ့ ဆူပူအကြမ်းဖက်မှုများတွင် ရခိုင်တိုင်းရင်းသားများနှင့် ရိုဟင်ဂျာလူမျိုး ရာဂဏန်းခန့် သေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

အဆက်မပြတ်ထွက်ပေါ်လာသော သတင်းများအရ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာမွတ်စလင်များသည် စစ်တပ်၏ ဖမ်းဆီးရိုက်နှက်ခြင်း၊ ခြိမ်းခြောက်ခံရခြင်း အစရှိသည်တို့နှင့် ရင်ဆိုင်နေရသည်ဟု ဆိုသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ စစ်ဗိုလ်ချုပ်ကြီးဟောင်း သမ္မတဦးသိန်းစိန်အပေါ် ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောဆိုမှု မရှိသောကြောင့် လူမျိုးဖြုတ်သတ်ဖြတ်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟု ဝေဖန်ရေးသမားတို့ကဆိုသည်။

သမ္မတဦးသိန်းစိန်က လူဦးရေရှစ်သိန်းခန့်ရှိသော ရိုဟင်ဂျာမွတ်စလင်များကို ဒုက္ခသည်စခန်း သို့မဟုတ် တတိယနိုင်ငံတစ်နိုင်ငံသို့ ပို့လွှတ်ရမည်ဖြစ်ကြောင်း ပြောဆိုထားသည်။ “ဒါဟာ အင်မတန်စိတ်ပျက်ဖို့ကောင်းတဲ့ ကိစ္စပါ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း ခက်ခဲတဲ့ အခြေအနေထဲမှာ ရောက်နေတယ်။ ဒါပေမဲ့ သူမအနေနဲ့ ယခုထက်ပိုပြီး ပွင့်ပွင့်လင်းလင်း ရဲရဲဝံ့ဝံ့နဲ့ တည့်တိုးမပြောဘဲနေတာကို လူအများစုက စိတ်ပျက် နေကြပါတယ်”ဟု Burma Campaign UK မှ အမှုဆောင်ဒါရိုက်တာ Anna Roberts ကပြောကြားသည်။

Human Rights Watch အဖွဲ့မှ အာရှဒေသဆိုင်ရာ ဒါရိုက်တာ Brad Adams ကမူ “ဒီရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီး ပြောသင့်ပြောထိုက်တာတွေ ပြောရမယ့်အခွင့်အရေးတွေကို ဒေါ်အောင်ဆန်းစုကြည် လက်လွတ်ခံလိုက်ပါတယ်။ ဥရောပဒေသတစ်လျောက် ခရီးထွက်စဉ်က ဒီရိုဟင်ဂျာကိစ္စကို ထိပ်တိုက်ရင်ဆိုင်ပြီး မပြောဆိုခဲ့တဲ့အတွက် အားလုံးက အံ့သြတကြီးဖြစ်ခဲ့ရတယ်”ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် အကောင်အထည်ဖော် လုပ်ဆောင်လျက်ရှိသော ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်များကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပါလီမန်အမတ်တစ်ဦးဖြစ်လာသလို မီဒီယာများအပေါ် ထိန်းချုပ်မှုများလည်း လျော့ကျသွားသည်။ ထို့အတူ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ ကြီးစိုးသည့်နိုင်ငံတွင် ရိုဟင်ဂျာနှင့် မွတ်စလင်များကို ရန်ညှိုးထားသည့် သဘောထားများလည်း မြင့်တက်လာသည်။ အချို့သော ဝေဖန်ရေးဆရာများက ဒေါ်အောင်ဆန်းစုကြည်လည်း အများနည်းတူပင် အသားမည်းသောလူမျိုးများအပေါ် တူညီသည့်သဘောထားထားရှိခြင်း ရှိ၊မရှိကို ရှင်းရှင်းလင်းလင်း မသိနိုင်သေးကြောင်း ပြောဆိုသည်။ “ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်နဲ့ပတ်သက်ပြီး သံသယဖြစ်စရာ ဒါမှမဟုတ် စိုးရိမ်စရာတွေရှိပါတယ်။ သူ့အနေနဲ့ ဘယ်လိုထင်မြင်ချက်ရှိလဲဆိုတာကိုသိဖို့ အင်မတန်ခက်ခဲလှပါတယ်”ဟု Adams ကပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်က ပထမဆုံးအကြိမ် ပါလီမန်လွှတ်တော်၌ ဆွေးနွေးပြောဆိုရာတွင် တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကို အကာအကွယ်ပေးရန် အရေးကြီးကြောင်း ပြောဆိုသည်။ သို့သော် သူမ၏ပြောဆိုမှုမှာ ကရင်နှင့် ရှမ်းကဲ့သို့သော ဗုဒ္ဓဘာသာ အင်အားစုများကိုသာ ရည်ရွယ်သည်ဟု အများက လက်ခံထားကြသည်။

*****************************************************************************************************                                


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၉.၇.၂၀၁၂

ဆောင်းပါးကဏ္ဍ

ဆောင်းပါးကဏ္ဍ

  1. နေရာ

*****************************************

ဆောင်းပါးကဏ္ဍ

နေရာ

ခိုင်ဇာသွင်

(ဇူလိုင်လ၂၉ရက်နေ့ထုတ် Messenger ဂျာနယ် အတွဲ (၃) အမှတ် (၁၀) မှ ထုတ်ယူဖော်ပြချက်။)

ပင်လယ်ကမ်းခြေတွင် ကျင်လည်ကျက်စားလေ့ရှိသော ဝင်ကစွပ်ကောင်လေးများသည် ကိုယ်ပိုင်ခန္ဓာမရှိသည့်အတွက် ခရုခွံလေးများအတွင်းသို့ ဝင်ရောက်ကာ နေထိုင်ကြရသည်။ ထိုနည်းတူစွာပင် လူသားများသည်လည်း မိမိကိုယ်ပိုင်အိမ်ယာများကို မပိုင်ဆိုင်ရသည့်အတွက် အိမ်ရာပိုင်ဆိုင်သူများ ထံမှ တဆင့် ငှားရမ်းကာ နေစရာဖန်တီးကြရသည်။ အိမ်ရာဈေးနှုန်းကြီးမြင့်လာမှုသည် အနာဂတါအတွက် အိမ်ယာပိုင်ဆိုင်နိုင်မည့် အခွင့်အလမ်းများ နည်းပါးသွားပေသည်။

မြန်မာနိုင်ငံတွင် အိမ်ရာမြေဈေးနှုန်းများ ကြီးမြင့်လာမှုသည် လက်ရှိအနေအထားအရ အခြေခံအဆောက်အအုံ အားနည်းနေမှုကြောင့်ဖြစ်ပြီး မြို့ပြနေရာများတွင်သာ ရောင်းဝယ်မှု စုစည်းနေခြင်းကြောင့် ယခုကဲ့သို့ ကြီးမြင့်လာခြင်းဖြစ်ဖြစ်ကြောင်း အိမ်ခြံမြေအပေါ်သုံးသပ်သည့် နယ်ပယ်အသီးသီး က ကျွမ်းကျင်ပုဂ္ဂိုလ်များက ဆိုသည်။

ယခင်က မြို့ပြအိမ်ရာဖန်တီးကြရတွင် အလျားလိုက်ချဲ့ထွင်လာခဲ့ရာ မြို့ပြင်နေရာများတွင် အထိုက်အလျောက် ဖွံ့ဖြိုးမှုများရှိနေသော်လည်း မြေယာရှားပါးမှုနှင့် စီးပွားရေးအရကြည့်ပါလျှင် မြင့်တက်လာကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း အတွင်းရေးမှူး ဦးကိုကိုကြီးက ပြောပါသည်။

“မြေတွေ တဖြည်းဖြည်းတက်လာတာကို သတိထားမိတယ်။ မြေကွက်ရှားလာလို့ ရှိပြီးသားမြေကွက်တွေက ဈေးတက်လာတယ်” ၈၈ နောက်ပိုင်း ဖော်ထုတ်လိုက်တဲ့ မြို့သစ်တွေကလည်း ဖွံ့ဖြိုးလာတယ်ဆိုပေမယ့် ဝန်ထမ်းတွေရဲ့ဝင်ငွေနဲ့ မညီမျှ ဒီထက်ပိုပြီးဝယ်နိုင်ဖို့က လိုက်မမီဖြစ်နေတယ်။ အစိုးရ အခြေခံအဆောက်အုံမဖြည့်ပေးနိုင်လို့ Develop Cost ကို နည်းနည်းပဲယူတယ်။ အရင်တုန်းကတော့ ဝန်ထမ်းအိမ်ရာတွေ ဖော်ထုတ်ပေးခဲ့တယ်ဟု ၎င်းက ပြောသည်။

အင်္ဂလိပ်အစိုးရလက်ထက်က မြေပိုင်ဝယ်ယူနိုင်သည့်သူများကို မြေအကွက်ချ၍ (FREEHOLAND) အဖြစ် ဝယ်ယူသူကို အပိုင်ပေး ရောင်းချခဲ့ သည်။ မြေပိုင်မဝယ်နိုင်သော မြန်မာဆင်းရဲသားများအတွက် မြေကိုအကွက်ရိုက်ပြီး နှစ်သုံးဆယ်ဂရန်ဖြင့် မြေငှားခယူကာ ဂရန်ဖြင့် မြေငှားချထားခြင်း စနစ်ကို ကျင့်သုံးခဲ့သည်။ ၁၈၇၂ ခုနှစ်တွင် မြေကွက်ရောင်းချသည့် လုပ်ငန်းကိုရပ်ဆိုင်းခဲ့ပြီး ဂရန်ဖြင့် မြေငှားချထားခြင်းစနစ်ကို ကျင့်သုံးခဲ့သည်။

ယခင်အစိုးရလက်ထက် ၁၉၈၈-၂၀၀၃ ခုနှစ်အထိ တိုးချဲ့တည်ဆောက်ခဲ့သည့် မြို့သစ်များနှင့် ဖော်ထုတ်ခဲ့သည် အိမ်ရာမြေကွက်များမှာ ရွှေပြည် သာ၊ လှိုင်သာယာ၊ ရွှေပေါက်ကံ္က၊ မင်္ဂလာဒုံ၊ တိုးချဲ့မြို့သစ် ဒဂုံ(မြောက်)၊ ဒဂုံ(အရှေ့)၊ ဒဂုံ(ဆိပ်ကမ်း)၊ ဒလတိုးချဲ့မြို့သစ်နှင့် ဒေါပုံမြို့တိုးချဲ့ မြို့သစ်တို့ဖြစ် ကြောင်း သိရသည်။

“၈၈နောက်ပိုင်းမှာ စီးပွားရေးပိတ်ဆို့မှုနှင့် ယခင်အစိုးရရဲ့ စီမံခန့်ခွဲမှုတွေက ထင်သာမြင်သာမဖြစ်ခဲ့လို့ အခုလို အခက်အခဲတွေ ကြုံနေဦးမှာပဲ။ လက်ရှိအချိန်မှာလည်း အိုးအိမ်ကလည်း ဒီဆောက်လုပ်ရေးလုပ်ငန်းတွေမှာသုံးဖို့ ဘတ်ဂျတ်လိုငွေကို လွှတ်တော်ကိုမတင် နိုင်သေးပါဘူး။ အိမ်ရာပိုင်ဆိုင် ဖို့က ဒီမှာရတဲ့ဝင်ငွေ Ratioနဲ့ အိမ်ခြံမြေဝယ်နိုင်စွမ်းအား Ratio တအားကွာနေပါတယ်။ လစာဝင်ငွေနဲ့ အိမ်ခြံမြေဈေနှုန်းနဲ့က လက်လှမ်းမမီဘူးပေါ့”ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောသည်။

မြန်မာနိုင်ငံတွင် အိမ်ရာပိုင်ဆိုင်မှုသည် အထက်တန်းစားနှင့် အလတ်တန်းစားလူမျိုးသာ ပိုင်ဆိုင်မှုများကြပြီး သာမာန်လူတန်းစားများနှင့် အခြေခံ လူတန်းစားများသည် အိမ်ရာပိုင်ဆိုင်မှု အခွင့်အလမ်း နည်းပါးလျက်ရှိသည်။ ယခင်က ဝန်ထမ်းများသည် မိမိ၏လစာငွေဖြင့် အစိုးရမှဖန်တီးသော အိမ်ယာ များကို ပိုင်ဆိုင်နိုင်ကြသည်။ အဘယ့်ကြောင့်ဆိုသော် ယခင်က ဝန်ထမ်းတစ်ဦး၏ လစာဝင်ငွေနှင့် အိမ်ခြံမြေဈေးနှုန်း Ratioကွာဟမှုနည်းသောကြောင့် ဖြစ်ကြောင်း သိရသည်။

ဆောက်လုပ်ရေးကုမ္ပဏီတချို့သည်လည်း မြို့နေလူတန်းစားများအတွက် အိမ်ရာပိုင်ဆိုင်မှု ဖြစ်ထွန်းရန်ရည်ရွယ်၍  တန်ဖိုးနည်းအိမ်ရာများကို ဖော်ဆောင်ပေးမည့် သတင်းများထွက်ပေါ်ခဲ့ပြီး တချို့အကောင်အထည်ဖော်နိုင်ခဲ့ပေမယ့် တချို့ သတင်းအချက်ကိုသာ ပေးနိုင်ခဲ့သည်။ မည်သည့်အချိန်၊ ဒေသ၊ ငွေကြေးသတ်မှတ်ချက် အတိအကျ ထွက်ပေါ်လာမှု မရှိသေးပေ။ စင်ကာပူနိုင်ငံတွင် အစိုးရကဦးစီးပြီး တိုင်းပြည်ရှိပြည်သူများ အိမ်ရာပိုင်ဆိုင် နိုင်ရန်အတွက် အိမ်ရာများထူထောင်ပေး၍ ဝင်ငွေရှိသည့် စင်ကာပူနိုင်ငံသားများကို ပြန်လည်ချထားပေးခဲ့သည်။

“အဆိုပါတန်ဖိုးနည်းအိမ်ရာထူထောင်ရေးလုပ်ပေးတဲ့ အစီအစဉ်က ကောင်းပါတယ်။ တခြားတိုင်းပြည်မှာလည်း ရှိနေတာပဲ။ အလုပ်ပေးနိုင်လေ ကောင်းလေပဲ။ အဲ့ဒီလိုဖန်တီးပေးနိုင်မယ်ဆိုရင် လူတစ်ဦးဟာ အလုပ်လုပ်မယ်၊ ဝင်ငွေကိုစုမယ်။ သုံးသင့်တာကိုပဲသုံးမယ်။ စင်ကာပူမှာဆိုရင် အစိုးရက ပံ့ပိုးပေးထားတယ်”ဟု အဆိုပါအင်ဂျင်နီယာအသင်းမှ ဦးကိုကိုကြီးက ပြောသည်။

အဆိုပါအိမ်ခြံမြေဈေးနှင့် မြေယာဈေးနှုန်းကြီးမြင့်လာမှုကို ထိန်းကျောင်းသွားမည်ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကောက်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားခဲ့သည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စည်ပင်ရေးကဏ္ဍများထဲမှ တစ်ခုဖြစ်သည့် မြို့ပြမြေယာဖွံ့ဖြိုးတိုးတက်ရေးတွင် တတ်နိုင်သည့်ဘက်မှ ပါဝင်ရန် ရည်ရွယ်ပြီး အိမ်ခြံမြေအကျိုးဆောင်အသင်းများစုစည်းပြီး  မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းကိုလည်း ယခုနှစ် ဇွန်လ (၂၈)ရက်နေ့တွင် တရားဝင် ဖွဲ့စည်းခွင့် ရရှိခဲ့သည်။

“အိမ်ခြံမြေဈေးနှုန်းတွေ မြင့်မားလာမယ်ဆိုရင် သာမာန်ပြည်သူတွေ ထိခိုက်သွားမယ်။ ဈေးနှုန်းထိန်းချုပ်သွားဖို့က တခြားနည်းလမ်းတွေလည်း ရှိဦးမှာပါ အခွန်စနစ်နဲ့ ထိန်းချုပ်မယ် ဆိုရင်လည်း လုပ်ငန်းစဉ်အတိအကျကို လုပ်သွားဖို့တော့လိုတယ်။ အားနည်းချက်ရှိဦးမယ်ဆိုရင် နိုင်ငံတော်အတွက် လည်း အကျိုးမရှိ၊ အလေအလွင့်များလာမယ်”ဟု မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးသန်းဦး(မဏ္ဍိုင်)က ပြောသည်။

သာမာန်လူတန်းစားများနှင့် အခြေခံလူတန်းစားများသည် စားဝတ်နေရေးမပြေလည်မှုများကြောင့် နေစရာရရှိရန် ကိုယ်ပိုင်ဝင်ငွေများဖြင့် အိမ်ငှား နေကြရသည်။ မြို့ပြ၊မြို့လယ်များတွင် ရပ်ဝေးမှလာသည့် ဝန်ထမ်းများ၊ လုပ်သားများ၊ ကျောင်းသားများသည်­­ အဆောင်ငှား၍ နေထိုင်ကြသည်။ မြို့ပြများ တွင် ပိုက်ဆံသုံးနိုင်သည့်လူတန်းစားများ ငှားရမ်းနေထိုင်ကြသည်မှာ အိမ်ရာနေရာအတွက် စိုးရိမ်ပူပန်မှုနည်းသော်လည်း မြို့ပြင်ရပ်ကွက်များတွင် ငှားရမ်း နေထိုင်ကြသည့် သူများသည် အိမ်ရာအတွက် စိုးရိမ်ပူပန်မှုများလှသည်။

“အိမ်ငှားနေရသည့်ဘဝက မလွယ်ပါဘူး။ နေချင်တဲ့နေရာ ပြောင်းချင်တဲ့နေရာ ပြောင်းလို့မရနိုင်ဘူး။ လက်ရှိ ရှိနေတဲ့နေရာကနေ ”တခြားနေရာ ပြောင်းရင် အိမ်ငှားခပိုမြင့်သွားရော၊ အိမ်ငှာခတွေက တစ်နှစ်နဲ့တစ်နှစ် တိုးတိုးလာတယ်။ အိမ်ရှင်တွေကလည်း အိမ်ငှားခကို တိုးပြီးတောင်းတယ်။ အိမ်ပိုင် ဝယ်ဖို့မပြောနဲ့ ငှားနေဖို့တောင် ပိုက်ဆံမနည်းရှာနေရတယ်”ဟု တောင်ဒဂုံတွင်နေထိုင်သည့် အမျိုးသမီးကြီးတစ်ဦးက ပြောပြသည်။

အိမ်ခြံမြေများနှင့်ပတ်သတ်၍ အစိုးရပိုင်းမှ ဖန်တီးပေးမှု အားနည်းနေခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနကလည်း ဘတ်ဂျတ်အပြောင်းအလဲ မရှိ သေးခြင်း၊ နှစ်ရှည်စီမံကိန်းဖြစ်နေခြင်းတို့ကြောင့် မြန်မာ့အိမ်ခြံမြေသည် နောင်အနာဂတ်များတွင်လည်း အကျပ်အတည်းများ ထပ်မံရှိလာဦးမည်ဖြစ် ကြောင်း အမျိုးသားလွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က ထပ်မံပြောသည်။

“ဒီကိစ္စကို လွှတ်တော်မှာ မီးမောင်းထိုးပြလို့ရပေမယ့်အဖြေ မရှိဘူးဖြစ်နေတယ်။ အိမ်ရာကိစ္စက ရေရှည်မှာ မကောင်းတာမဟုတ်ပေမယ့် ဘယ်လို အဖြေရှာမလဲ မသိဘူးဖြစ်နေတာပေါ့။ မြို့ပြင်ကိုပဲ ချဲ့ထွင်နေဦးမယ်ဆိုရင်လည်း Infrastructure မရှိပြန်ဘူး”ဟု ၎င်းက ပြောသည်။

အိမ်ခြံမြေဈေးနှုန်းကို သင့်တော်မည့်ဈေးနှုန်း Margin တစ်ခုအား သတ်မှတ်သွားရန် လိုအပ်ကြောင်း၊ ပြည်တွင်းမှာနေထိုင်သူဦးရေ၊ မြေယာပိုင် ဆိုင်မှု အရောင်းအဝယ်များကို ယေဘုယျတွက်ချက်ပြီး ဈေးနှုန်းသတ်မှတ်ရမည်ဖြစ်ကြောင်းကို စီးပွားရေးသဘောတရားအရ မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးသန်းဦးက ရှင်းပြသည်။

“အခုတော့ အစိုးရက Develop ပိုင်းကို ဦးတည်ပြီး လုပ်နေတယ်၊ Underdevelop နေရာတွေကို စီမံခန့်ခွဲမှု လုပ်ပေးမယ်ထင်တယ်။ အားနည်း ချက်ကတော့ Infrastructure ပေါ့။ အဲဒါကြောင့်ပဲ မြေယာပိုင်နဲ့ မနေနိုင်ကြသေးပါဘူး ထင်ပါတယ်”ဟု မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ အတွင်းရေးမှူး ဦးကိုကိုကြီးက ပြောသည်။

မည်သို့ပင်ဆိုစေကာမူ အငှားခန္ဓာကိုယ်ကို ရှာဖွေနေရသည့် ဝင်ကစွပ်ကောင်လေးများသည် သူတို့၏နေစရာအတွက် အာခဲရှာဖွေရဦးမှာပဲ။ အခန့် သင့်လို့ ခရုခွံလေးများရှာလို့ရလာခဲ့ရင် သူတို့အတွက် နေစရာရှိလာမည်သာ။ သို့သော်လည်း အခြေခံလူတန်းစားများအတွက်မူ အိမ်ရာပိုင်ဆိုင်မှုသည် ရွှေပြည်တော်မျှော်လေတိုင်း……….။

                *****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive