Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂.၈.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ငရဲခွေးတစ်ကောင် ကျန်သေးသည်

*****************************************

ဆောင်းပါးကဏ္ဍ

ငရဲခွေးတစ်ကောင် ကျန်သေးသည်

အောင်မောင်း

မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲမှာ Dynamic Change ၊ Dramatic Change ဟု နိုင်ငံတကာတွင် ရေပန်းစားလျက်ရှိနေသည့်တိုင် စစ်ဘက် အုပ်ချုပ်ရေးမှ အရပ်ဘက်အုပ်ချုပ်ရေးသို့ အသွင်ကူးပြောင်းစနိုင်ငံများတွင် ကြုံတွေ့ရလေ့ရှိသည့် ဒီမိုကရေစီစိန်ခေါ်မှုများကို ကြုံတွေ့နေရဆဲ ဖြစ် သည်။ မြန်မာ့ ဒီမိုကရေစီအပြောင်းအလဲသည် လုံးဝပြောင်းလဲသွားပြီဟု ဆိုနိုင်လောက်သည့်တိုင် အချို့အချို့သော စိန်ခေါ်မှုများက အပြောင်းအလဲ မရှိပါဟု ထောက်ပြနိုင်စရာ ရှိနေသေးသည်။ အထူးသဖြင့် ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သည့် လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်နှင့် လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့် (Freedom of Speech and Freedom of Press) မှာ အကြီးအကျယ် စိန်ခေါ်ခံနေရသည့် အနေအထားတွင် ရှိနေပါသည်။

၂၀၀၉- ၂၀၁၀ ခုနှစ်လောက်ခန့်မှမစ၍ မြန်မာမီဒီယာများ အထူးသဖြင့် သတင်းဂျာနယ်လောကမှ ဖြေလျော့မှု များစွာ ရရှိလာခဲ့ပြီး အစိုးရ သစ်လက်ထက်တွင် အပြုသဘောဝေဖန်ချက်များကို ရေးသားထောက်ပြလာနိုင်သည်အထိ လွတ်လပ်ပွင့်လင်းလာခဲ့ပါသည်။ သို့ရာတွင် ယခုအချိန်ထိ နေ့စဉ် သတင်းစာ ထုတ်ဝေခွင့်မရရှိသေးခြင်း၊ အပတ်စဉ်ထုတ် ဂျာနယ်အချို့မှာ တင်ထုတ်စနစ်မှ ထုတ်တင်စနစ်သို့ပြောင်းလဲထုတ်ဝေနိုင်ခွင့် ရရှိခဲ့ သည့်တိုင် ဂျာနယ်ထုတ်ဝေပြီးနောက်ပိုင်း အကျိုးဆက်များကို ဖြေရှင်းနေကြရခြင်း၊ စာပေစိစစ်ရေးကို ဇွန်လအတွင်း ဖျက်သိမ်းမည်ဟု ဆိုသည့်တိုင် လက်ရှိအခြေအနေထိ သတင်းဂျာနယ်များ တရားစွဲခံ၊ အရေးယူခံနေကြရခြင်းများက ဒီမိုကရေစီ အပြောင်းအလဲဟူသည့် ကားတစ်စီးတွင် ဘီးလေးဘီး ရှိသည့်အနက် သုံးဘီးသာ လည်ပတ်နေသည့် သဘောမျိုးဖြစ်နေကြောင်း အထင်အရှားပြသနေသလို ရှိသည်။ အကြောင်းသင့်၍ ဆိုရလျှင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးနှင့် မီဒီယာဟူသော ဘီးလေးဘီးအနက် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးဆိုသည့် ဘီးနှစ်ဘီးက အရှိန်ရနေသည့်တိုင် တရား စီရင်ရေးဘီးက လေလျော့နေသလို မီဒီယာဆိုသည့်ဘီးက လေမရှိသည့်အပြင် ဂျမ်းတုံးအခုခံထားရသကဲ့သို့ ဖြစ်နေသည်။ အစိုးရသစ်လက်ထက်တွင် ဂျာနယ်အချို့ တရားရုံးတွင် အမှုရင်ဆိုင်နေရသလို နောက်ဆုံးအခြေအနေများအရ ကာလအကန့်အသတ်မရှိ အပိတ်ခံရသည့် ဂျာနယ် လေးစောင်အထိ ရှိလာပြီဖြစ်သည်။ ပြည်တွင်းဂျာနယ်နှစ်စောင်မှာ စာပေစိစစ်ရေး၏ မူဝါဒအရသာမက အုပ်ချုပ်ရေးအာဏာ၏ တရားစွဲဆိုမှုကိုပါ ခံနေရသေးသည်။ ဤ သည်မှာ အပြုသဘော ဝေဖန်ထောက်ပြမှုများကို အစိုးရသစ်လက်ထက်တွင် လက်ခံနိုင်စွမ်း၊ သည်းခံနိုင်စွမ်းရှိလာပြီဆိုသည့် သုံးသပ်ချက်ကို သံသယ ဖြစ်ဖွယ်ရှိသည်။ ယခင်က စာပေကင်ပေတိုင်ရုံးဟု နာမည်ကြီးခဲ့သည့် စာပေစိစစ်ရေးကို ဇွန်လအတွင်း ဖျက်သိမ်းမည်ဟု တာဝန်ရှိသူများက ပြောကြား ခဲ့သည့်တိုင် လက်ရှိတွင် ဖျက်သိမ်းခြင်းမရှိသေးသလို စာပေစိစစ်ရေးမူဝါဒအချို့ ပြန်လည်တင်းကျပ်လာခြင်းက မီဒီယာလွတ်လပ်ခွင့် နောက်ကြောင်း ပြန်သွားမည့် လက္ခဏာပင် ဖြစ်သည်။

အုပ်ချုပ်ရေးအာဏာ၏ အမြင့်ဆုံးတာဝန်ရှိသူဖြစ်သည့် နိုင်ငံတော်သမ္မတကိုယ်တိုင် မီဒီယာ၏အားကို ကောင်းစွာ အသုံးချလျှက်ရှိနေသည်ကို တွေ့ရပြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့ကိုယ်တိုင် မီဒီယာရင်းနှီးကျွမ်းဝင်မှုရှိရန် ကြိုးပမ်းအားထုတ်နေကြသဖြင့် အစိုးရသစ်တစ်ဖွဲ့လုံးအနေဖြင့် မီဒီယာ ကို မုန်းတီးမှုရှိပုံမရဟု ရှုမြင်နိုင်ပါသည်။ နိုင်ငံတော်သမ္မတ ၏ တိုင်းပြည်အခြေပြုမိန့်ခွန်းများ၊ ပြည်သူ့လွှတ်တော်ဥက္ကဌ၏ ပြောကြားချက်များတွင် မီဒီယာ ၏ အကျိုးပြုနိုင်စွမ်းကို မကြာခဏ ထည့်သွင်းပြောကြားခဲ့ခြင်းနှင့် အစိုးရအဖွဲ့နှင့် လွှတ်တော်ဆိုင်ရာ အားနည်းချက်များကို ပွင့်လင်းစွာ ထုတ်ဖော် ပြောကြားနေကြခြင်းများကြောင့်လည်း နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်များအနေဖြင့် မီဒီယာအပေါ် အထူးမျှော်လင့်ချက်ထားသည်ဟု ဆိုလိုက ဆိုနိုင်ပါ သည်။

ထိုကဲ့သို့သော အခြေအနေကောင်းများ ရှိပါသော်လည်း ပြည်ပန်းညိုချိုပါလျှက် ဆားကဖျက်ဆိုသကဲ့သို့ တိုင်းပြည်၏ မီဒီယာကဏ္ဍကို ထိန်းချုပ် ခွင့်ရထားသည့် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၏ ပြုပြင်ပြောင်းလဲရေး မလိုလားမှုကြောင့် မြန်မာ့မီဒီယာဖွံ့ဖြိုးတိုးတက်မှုမှာ မြန်မာ့နိုင်ငံရေး ဖြစ်ပေါ် တိုးတက်မှုနှင့် အမီမလိုက်နိုင်ဖြစ်နေသည်ကို တွေ့ရသည်။ ခေါင်းမာဂိုဏ်းသားဟု ကျော်ကြားသည့် ဦးကျော်ဆန်းမှာ ၎င်း၏ ဆရာရင်းဖြစ်သည့် ယခင် အစိုးရ အကြီးအကဲဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမွေဆက်ဆံခွင့်ခွဲတမ်းကြောင့် အစိုးရသစ်လက်ထက်တွင် ပြန်ကြားရေးဝန်ကြီးရာထူးကို ဆက် လက် တာဝန်ယူခွင့်ရခဲ့သည်။ သို့ရာတွင် ၎င်းမှာ ခေတ်ပြောင်းစနစ်ပြောင်းနှင့် နိုင်ငံရေးအခင်းအကျင်းသစ်ကို နားလည်မှုမရှိဘဲ မီဒီယာလွတ်လပ်ခွင့် ရ ရှိသည်နှင့် တပြိုင်နက် ၎င်း၏ အခန်းကဏ္ဍမှေးမှိန်သွားမည့်အရေးကို အကြီးအကျယ် ပူပန်နေပုံရသည်။ ၎င်းကိုယ်တိုင်နှင့် ၎င်း၏ အသိုင်းအဝိုင်း၊ ၎င်း၏ လက်ဝေခံများ စသူတို့၏ အကျိုးစီးပွားကို အထိပါးမခံနိုင်သည့်အတွက် ပြုပြင်ပြောင်းလဲရေးကို မည်သို့မျှ လက်သင့်ခံနိုင်စွမ်းမရှိ ဖြစ်ပုံရသည်။ ထို့ကြောင့် နိုင်ငံတော်သမ္မတ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ ၎င်းအတွက် မျိုရခက်သည့် ဆေးခါးကြီးသဖွယ်ဖြစ်နေသည့်အတွက်ကြောင့် ပြုပြင် ပြောင်းလဲ ရေးလုပ်ငန်းစဉ်များနှင့် ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်မှုကို ၎င်း၏ လုပ်ပိုင်ခွင့် အာဏာအတွင်းမှနေ၍ နည်းမျိုးစုံဖြင့် ဟန့်တားနေသည်။။ မြန်မာ့နိုင်ငံရေးမှာ အပြောင်းအလဲမရှိ အာဏာရှင်အလိုကျ လုပ်ဆောင်နေသည်ဟူသည့် ပုံရိပ်မျိုး ပေါ်ပေါက်စေရန် တမင်တကာ လုပ်ဆောင်နေခြင်းလည်း ဖြစ်သည်။ ဒီမို ကရေစီနောက်ကြောင်းပြန်လှည့်သည်နှင့်အမျှ ယခင်က အာဏာဖြင့်ယစ်မူးနိုင်ခဲ့သည့် အခြေအနေမျိုးကို ပြန်လည်ဆုပ်ကိုင်နိုင်မည့် အိပ်မက်ဖြင့် စိတ်ကူးယဉ်နေသူလည်း ဖြစ်သည်။

နိုင်ငံတော်သမ္မတက ပြုပြင်ပြောင်းလဲရေး လက်ခံနိုင်စွမ်းမရှိသူများအတွက် အနာဂတ်တွင် နေရာမရှိဟု ထုတ်ဖော်ပြောကြားထားသဖြင့် ဦးကျော်ဆန်းအတွက် ခက်ခဲသည့် အနေအထားမျိုးဖြစ်လာသည့်အချိန်တွင် ၎င်းတွင် ရှိသည့်အားနှင့် တုံ့ပြန်ခြင်းဖြစ်သည်။ ကောလဟာလဟု ဆိုသည့် တိုင် သေချာသလောက်နီးပါးရှိနေသည့် သတင်းတစ်ခုမှာ ဝန်ကြီးဌာနများ အပြောင်းအလဲလုပ်မည်ဆိုသည့် သတင်းဖြစ်ပြီး ထိုသတင်းအရ ဦးကျော် ဆန်းမှာ ပြန်ကြားရေးဝန်ကြီးရာထူးကို စွန့်လွှတ်ရတော့မည့် အခြေအနေ ဖြစ်နေသည်။ ထိုအချိန်တွင် ပြည်တွင်းဂျာနယ်အချို့က အဆိုပါသတင်းကို ရေး သားခဲ့ကြရာ ဦးကျော်ဆန်းအနေဖြင့် မည်သို့မျှ ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ ၎င်း၏ လုပ်ပိုင်ခွင့်အာဏာအရ ဂျာနယ်များကို ပြင်းထန်စွာအရေးယူရန် ညွှန်ကြားခဲ့သည်။ တစ်ရက်အတွင်း ပြည်တွင်းဂျာနယ်သုံးစောင် အကန့်အသတ်မရှိ အပိတ်ခံရခြင်းသည် အရှိန်အဟုန်ဖြင့် ထိုးတက်နေသည့် မြန်မာ့ဒီမို ကရေစီကို ခါးပိုင်းက ချိုးဖျက်ချလိုက်သည့် အခြေအနေမျိုး ဖြစ်သည်။

လွန်ခဲ့သည့်ရက်ပိုင်းကပင် နိုင်ငံတော်သမ္မတသည် ပြည်ပသတင်းရုပ်သံတစ်ခုနှင့် ပွင့်လင်းစွာ လက်ခံတွေ့ဆုံပြီး အင်တာဗျူးဖြေကြားခဲ့သည်။ ထိုအင်တာဗျူးတွင် NLD တွင်သာမက အစိုးရအဖွဲ့နှင့် တပ်မတော်အတွင်းတွင်ပါ အပြောင်းအလဲလိုလားမှု မရှိသူများရှိနေကြောင်း၊ ထိုသူများအနေဖြင့် အနာဂတ်နိုင်ငံရေးတွင် ကျန်ရစ်လိမ့်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ရာ အပြောင်းအလဲ မလိုလားသူဟု နံပါတ်တစ်ပေးခံထားရသည့် ဦးကျော်ဆန်း၏ နောက်ဆုံးနေ့များမှာ နီးကပ်လာသည့် သဘောဖြစ်သည်။ ထိုသို့သောအချိန်မျိုးတွင် ၎င်းအနေဖြင့် လက်ဝယ်ရှိနေသည့် လုပ်ပိုင်ခွင့် အာဏာကို အလွဲသုံး၍ အာဏာရှင်ဆန်ဆန် ရမ်းကားလာသည်ကို တွေ့နေရသည်။ ဤသို့သော ရမ်းကားမှုမှာ လိုအပ်သည်ထက်ပို၍ နိုင်ငံရေး အားပြိုင် မှုများ ပါဝင်လာလျှင်မူ အရှိန်အဟုန်ပြင်းပြင်းဖြင့် ချီတက်နေသော မြန်မာ့ဒီမိုကရေစီအတွက် ဝမ်းနည်းဖွယ်ဖြစ်ရပ်ကြီး ဖြစ်ပေလိမ့်မည်။ ဦးကျော်ဆန်း ကဲ့သို့ ခေါင်းမာဂိုဏ်းသားဖြစ်သည့် ဦးတင်အောင်မြင့်ဦးနှင့် ဦးအောင်သောင်းတို့ကဲ့သို့ ငရဲခွေးကြီးများ အစွယ်ကျိုးသွားသည့်တိုင် မြန်မာ့ဒီမိုကရေစီကို အသားဖျက်မည့် ငရဲခွေးတစ်ကောင်ကတော့ လွတ်နေပါသေးသည်။ မြန်မာ့ဒီမိုကရေစီအတွက် အစွယ်ချိုးရမည့် ငရဲခွေးတစ်ကောင်ကတော့ သေချာစွာ ကျန်ရှိနေပါသည်။

*****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle2011
yangonchronicle2011

၂.၈.၂၀၁၂

ပြည်တွင်းသတင်းများ

  1. သာစည်မြို့လယ်ခေါင်ဓါတ်ဆီဆိုင် ရွှေ့ပြောင်းပေးရန် မြို့ခံများစုပေါင်းတောင်းဆို
  2. သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ)မှ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သိရ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. ပြည်ထောင်စုဝန်ကြီးများ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရန် ညွှန်ကြား
  2. NGO များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတစ်ရပ်ပြဋ္ဌာန်းရန်အဆိုတင်သွင်း
  3. ထွေ/အုပ် ညွှန်ကြားရေးမှူးများအား ရာထူးတိုးမြှင့်ပေးမည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

****************************

ပြည်တွင်းသတင်းများ

သာစည်မြို့လယ်ခေါင်ဓါတ်ဆီဆိုင် ရွှေ့ပြောင်းပေးရန် မြို့ခံများစုပေါင်းတောင်းဆို

မန္တလေးတိုင်း မိထ္ထီလာခရိုင် သာစည်မြို့နယ်ရှိ မြို့ခံပြည်သူများက ကောင်းဇော်ဟိန်း စက်သုံးဆီအရောင်းဆိုင်အား မြို့လယ်ခေါင်မှ ဖယ်ရှား ပေးရန် ဇူလိုင်လ (၃၀)ရက်နေ့တွင် ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်း ထိုဆန္ဒပြတောင်းဆိုပွဲတွင် ပါဝင်လှုပ်ရှားသူ ကိုအောင်ကျော်စိုး၏ ပြောကြားချက်အရ သိရသည်။

"ဒီဆိုင်မှာသိုလှောင်ထားတဲ့ ဓါတ်ဆီပမာဏက အရမ်းကိုများတယ်။ ဓါတ်ဆီဂါလံပေါင်း ၁၂၀၀၀၀ကျော်တင်မကဘူး။ အော့တိန်းဆီတွေလဲ သိုလှောင်းထားတယ်။ မီးဘေးအန္တရာယ်တခုခုကြုံလာရင် တမြို့လုံးပြာကျသွားနိုင်တယ်။ လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေ၊ ကျောင်းတွေ၊ ဆေးရုံတွေနဲ့ လည်း အရမ်းနီးနေတယ်။ တောင်းဆိုလို့ မဖယ်ရှားပေးရင်တော့ ကျွန်တော်တို့ သမ္မတဆီအထိစာတင်ပြီး အောင်မြင်တဲ့အထိ ဆက်လက်တောင်းဆို သွားမှာပါ"ဟု ၎င်းက ဆိုသည်။

ကောင်းဇော်ဟိန်းဓါတ်ဆီဆိုင်မှာ မြို့လယ်ခေါင် ပြည်ထောင်စုလမ်းမပေါ်တွင် တည်ရှိပြီး ထိုဓါတ်ဆိုင်နှင့် မိမိနေထိုင်သောအိမ်မှာ လမ်းတ လမ်းသာခြားကြောင်း၊ သာစည်မြို့လယ်ခေါင်တွင် ဓာတ်ဆီဆိုင်ရှိနေခြင်းသည် မြို့လူထုနှင့် ကျောင်းသားများ၊ ဝန်ထမ်းများ၊ ကလေးသူငယ်များ ဘဝ လုံခြုံမှုမရှိသောကြောင့် ဆီဆိုင်ကို မြို့ပြင်သို့ ရွှေ့ပေးရေးအတွက် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ကို မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ သာစည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ဥပဒေနှင့်အညီ တင်ပြလျှောက်ထားခဲ့ရာ ခွင့်ပြုချက်ကိုရရှိခဲ့ကြောင်း  (၃၀.၇.၂၀၁၂)ရက်နေ့ နံနက် (၉း၀၀) မှ (၁၀း၀၀) တွင် လူဦးရေ (၁၀၀) ထက်မပိုဘဲ စတင်စုဝေးလှည့်လည်ခွင့်ရခဲ့ပြီးဖြစ်ကြောင်း ထိုစုဝေးပွဲ၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်နွဲ့ ရင်က ပြောကြားချက်အရ သိရှိသည်။

ထို့နောက် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း၌ ကြွေးကြော်မည့် ကြွေးကြော်သံများမှာ (၁)သာစည်မြို့ သာယာလှပ ရေး၊ (၂)ကောင်းဇော်ဟိန်း စက်သုံးဆီဆိုင်ရွှေ့ပြောင်းရေး၊ (၃)သာစည်မြို့ ပြာမကျရေး၊ (၄)လူထုဆန္ဒ ဖြည့် ဆည်းပေးရေး၊ (၅) ကောင်းဇော်ဟိန်း ဆီဆိုင် ရွှေ့ပြောင်းရေးလှုပ်ရှားမှု "အောင်ရမည် အောင်ရမည်'' တို့ဖြစ်ကြောင်း သိရှိရပြီး ယင်းလှုပ်ရှားမှုအား (၃၀.၇.၂၀၁၂) ရက်နေ့ နံနက်(၉း၀၀)တွင် ငြိမ်းချမ်း စွာစီတန်းလှည့်လည်ခဲ့ကြောင်း သိရှိရသည်။

PL

-----------------------------------------------------------------------------------------------------------------------------------

သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ)မှ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သိရ

ဇူလိုင်လ ၁ ရက်နေ့ နေ့လည် ၃နာရီအချိန်တွင် ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ ရွှေဂုံတိုင်မှတ်တိုင်အနီး တော်ဝင်နှင်းဆီ စားသောက်ဆိုင်ခန်းမ၌ ပြည်တွင်းသတင်းဂျာနယ်တစ်ချို့ အပိတ်ပင်ခံရမှုနှင့် ပတ်သက်၍ သတင်းမီဒီယာသမား ၉၂ဦး၏ သဘောတူညီချက်ဖြင့် သတင်းလွတ်လပ်ခွင့်ကော်မတီ (ယာယီ)အဖွဲ့အား ဖွဲ့စည်း၍ ဇူလိုင်လ ၁ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာချက် ၇ချက် ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။

"ဒီ ထုတ်ပြန်ကြေညာချက် ၇ ချက်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့တဲ့ The Voice Weekly Journal နဲ့ Envoy Journal တို့ကို ပိတ်ပင် တာနဲ့ ပတ်သက်ပြီး အဓိက ထုတ်ပြန်ကြေညာတာပါ။ ဒီလို ထုတ်ပြန်ကြေညာချက်တွေ ထုတ်ပြန်ဖို့ကိုလည်း သတင်းလွတ်လပ်ခွင့်ကော်မတီ (ယာယီ) ဆိုပြီး သတင်းမီဒီယာသမား ၂၃ ဦးနဲ့ ကော်မတီအဖွဲ့ဝင်အဖြစ် ဖွဲ့စည်းပြီးတော့ ထုတ်ပြန်တာပါ။ ပြီးတော့ ဒီထုတ်ပြန်ချက်ထဲမှာလည်း ၁၉၆၂ ခုနှစ် ပုံနှိပ် အက်ဥပဒေနဲ့ မီဒီယာများကို ဖိနှိပ်ကန့်သတ်ထားသော ဥပဒေများကို ချက်ချင်းဖျက်သိမ်းပေးရန် ဆိုတဲ့ အချက်လည်း ထည့်သွင်းထားပါတယ်"ဟု အဆိုပါ ပွဲသို့ တက်ရောက်ခဲ့သည့် ပြည်တွင်းသတင်းမီဒီယာတစ်ဦးက ပြောကြားသည်။

ထို့နောက် ယင်းသို့ သတင်းလွတ်လပ်ခွင့်ကော်မတီ (ယာယီ)ဖွဲ့စည်းရခြင်းနှင့် သဘောထားကြေညာချက်တစ်ရပ် ထုတ်ပြန်ရခြင်းသည် လတ် တလောအခြေအနေ၌ ပြည်တွင်းဂျာနယ်အချို့အား အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိပဲ အချိန်အကန့်အသတ်မရှိ ပိတ်ပင်ထားခြင်းများအား သက်ဆိုင် ရာမှ ပြုလုပ်သောကြောင့် ဖြစ်ကြောင်း သိရှိရပြီး အဆိုပါကော်မတီ၏ သဘောထားထုတ်ပြန်ချက် ၇ချက်ထဲ၌ သတင်းမီဒီယာများ၏ ဆန္ဒမပါရှိဘဲ ရေးဆွဲ ထားသည့် မီဒီယာဥပဒေများအား လက်မခံခြင်းဆိုသည့်အချက်အပါအဝင် သတင်းမီဒီယာများအပေါ် အရေးယူမှုများ ထပ်မံမပြုလုပ်ရန်ဆိုသည့် အချက် များ ပါဝင်ကြောင်း ၎င်း၏ ထပ်မံပြောကြားသည်။

ယင်းထုတ်ပြန်ကြေညာချက် ၂အချက်တွင် ပြုပြင်ပြောင်းလဲမှုများအား ထိခိုက်စေသည့် နောက်ပြန်ဆွဲသော မည်သည့်ပုဂ္ဂိုလ်၊ မည်သည့် လုပ်ရပ်မျိုးမဆို အရေးယူဖယ်ရှားပေးရန်ဆိုသည့်အချက် ပါရှိကြောင်း သိရှိရပြီး အဆိုပါ သတင်းလွတ်လပ်ခွင့်ကော်မတီ (ယာယီ)အား ကော်မတီအဖွဲ့ဝင် ၂၃ ဦးဖြင့် ကော်မတီ ၃ခု ဖွဲ့စည်းခဲ့ပြီး ထိုကော်မတီများ မှာ (၁) လုပ်ငန်းဖြစ်မြောက်ရေးကော်မတီ၊ (၂) သတင်းလွတ်လပ်ခွင့်ကော်မတီ (ယာယီ)ပြန်ကြား ရေးကော်မတီနှင့် (၃) ဆန္ဒထုတ်ဖော်ရေးနှင့် စည်းရုံးရေးကော်မတီတို့ဖြင့် ပါဝင်ဖွဲ့စည်းထားကြောင်း အထက်ပါပုဂ္ဂိုလ်၏ ဆက်လက်ပြောကြားချက်အရ သိရှိရသည်။

ထို့ပြင် ဇွန်လ ၈ရက်နေ့၌ စာပေစိစစ်ရေးမှ တားမြစ်ပိတ်ပင်ခြင်းခံခဲ့ရသည့် လျှပ်တပြက်ဂျာနယ်အား သြဂုတ်လ ၉ရက်နေ့မှ စတင်၍ ပြန်လည် ထုတ်ဝေခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သြဂုတ်လ ၁ ရက်နေ့ ညနေပိုင်း၌ ထုတ်ပြန်အသိပေးခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

ATM

****************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

ပြည်ထောင်စုဝန်ကြီးများ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရန် ညွှန်ကြား

မြန်မာနိုင်ငံရှိ ပြည်ထောင်စုဝန်ကြီးများအားလုံး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရန် နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်မှ ညွှန်ကြားထားကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တစ်ဦးက ပြောကြားချက်အရ သိရသည်။

“အခုဆိုရင် နိုင်ငံတော်သမ္မတရဲ့ သက်တမ်းက သုံးနှစ်အတွင်းပဲရှိပါတော့တယ်။ ဒီကျန်တဲ့သက်တမ်းအချိန်ကာလအတွင်းမှာ ပြည်သူတွေရဲ့ နေ့စဉ်ကြုံတွေ့နေရတဲ့ စားဝတ်နေရေးအခက်အခဲတွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ၊ ကုန်ဈေးနှုန်းတည်ငြိမ်နေဖို့တွေကို ပြေလည်အောင် ဆောင် ရွက်သွားမယ်လို့ ရည်ရွယ်ထားပုံပါပဲ”ပာု အထက်ပါပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်းရှိ လူဦရေ ၇၀ ရာခိုင်နှုန်းမှာ လယ်ယာကဏ္ဍတွင် လုပ်ကိုင်လျက်ရှိသော်လည်း စိုက်စရိတ်ကြီးမြင့်မှု၊ အမြတ်ရရှိမှု နည်းပါးမှုများကြောင့် တောင်သူလယ်သမားများအနေဖြင့်လည်း အခက်အခဲအကြပ်အတည်းနှင့် ကြုံတွေ့နေရပြီး နိုင်ငံတော်သမ္မတအနေနှင့်လည်း မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများရရှိနိုင်စေရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများဖြစ်လာနိုင်စေရန် နိုင်ငံတော်သမ္မတမှဦးဆောင်၍ နေပြည်တော်၌ စီးပွားရေးပြုပြင်ပြောင်း လဲမှု အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

              YC

-----------------------------------------------------------------------------------------------------------------------------------

NGO များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတစ်ရပ်ပြဋ္ဌာန်းရန် အဆိုတင်သွင်း

၂၀၁၂ ဇူလိုင် ၃၀ ရက်နေ့၌ ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၇)ရက်မြောက်နေ့တွင် သင်္ဃန်း ကျွန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က ပြည်တွင်းရှိ အစိုးရမပာုတ်သော လူ့အဖွဲ့အစည်း(NGO)များ ဖွဲ့စည်းရေး အတွက် ခေတ်နှင့်လျော်ညီသော အစိုးရမပာုတ်သော လူ့အဖွဲ့အစည်း(NGO)များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတစ်ရပ်ပြဋ္ဌာန်းနိုင်ရန် နိုင်ငံတော်အစိုးရ အား တိုက်တွန်းကြောင်းအဆိုကို တင်သွင်းခဲ့သည်။

ယင်းအဆိုအား ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ကန့်ကွက်ရန်မရှိကြောင်း ပြန်လည်တင်ပြခဲ့ပြီး ယင်းအဆိုနှင့်ပတ်သက်၍ ဆွေး နွေးမည့်ရက်ကို ထပ်မံကြေညာမည်ဖြစ်ပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များသည် ဇူလိုင် ၃၁ ရက်နေ့ မွန်းလွဲ ၁ နာရီအရောက် အမည် စာရင်း တင်သွင်းကြရမည်ဖြစ်သည်။

လက်ရှိအချိန်တွင် ပြည်တွင်းရှိ NGO များသည် မှတ်ပုံတင်ကြေးကြီးမြင့်နေသည့်အတွက် မှတ်ပုံတင်မှုများပြုလုပ်ရမှာ ခက်ခဲလျက်ရှိပြီး သက် ဆိုင်ရာသို့ လာရောက်မှတ်ပုံတင်သည့် အစိုးရမပာုတ်သည့် NGO များမှာ နည်းပါးလျက်ရှိကြောင်း သိရသည်။

“လက်ရှိမှာ မှတ်ပုံတင်ကြေးက ငါးသိန်းဆိုတော့ NGO တွေအနေနဲ့ မတက်နိုင်ဘူး အများပြည်သူတွေကို ကူညီနိုင်ဖို့အတွက် အသင်းအဖွဲ့တွေ ဖွဲ့ထားတယ်ဆိုမှ မှတ်ပုံတင်ကြေးအရမ်းများတော့ မတက်နိုင်ပါဘူး။ ဒါကြောင့် မှတ်ပုံတင်တဲ့ NGO အဖွဲ့တွေနည်းပါးတာပါ။ အစိုးရအနေနဲ့ NGO တွေ မှတ်ပုံတင်နိုင်မယ့် ဈေးနှုန်းတစ်ခုလောက် ပြင်ဆင်ပေးသင့်ပါတယ်”ပာု NGO တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြည်တွင်း၌ နာဂစ်မုန်တိုင်းအပြီးနောက်ပိုင်းကာလများတွင် အစိုးရမပာုတ်သည့် NGO အဖွဲ့အစည်းများ အများအပြားပေါ်ပေါက်လာခဲ့ပြီး တရားဝင်မှတ်ပုံတင်၍ လုပ်ဆောင်လျက်ရှိသော NGO များမှာ ငါးခုခန့်သာရှိကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ထွေ/အုပ် ညွှန်ကြားရေးမှူးများအား ရာထူးတိုးမြှင့်ပေးမည်

ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများရှိ ညွှန်ကြားရေးမှူးများအား ဒုတိယညွှန်ကြားရေးမှူးအဆင့်ရှိ ရာထူးသို့ တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

“ပြည်နယ်နဲ့တိုင်းတွေမှာ လက်ရှိ ရှိနေတာက ညွှန်ကြားရေးမှူးကအကြီးဆုံးပဲ၊ အဲဒီညွှန်ကြားရေးမှူးနေရာမှာ ဒုတိယညွှန်ကြားရေးမှူးချုပ်တွေ အစားထိုးဖို့ရှိတယ်။ လက်ရှိညွှန်ကြားရေးမှူးတွေက တက်ရင်တက်သွားမှာပေါ့။ သူ့လက်အောက်မှာ ညွှန်ကြားရေးမှူးတစ်ယောက်ရှိမှာပါ”ပာု ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားကြောင်း ပြည်တွင်းအပတ်စဉ်ထုတ် Venus ဂျာနယ်တွင် ဖော်ပြပါရှိသည်။

မြို့နယ် ထွေ/အုပ်များမှ ဦးစီးမှူးများအား ဒုတိယညွှန်ကြားရေးမှူးအဆင့်သို့ တိုးမြှင့်ပေးမည်ဖြစ်သကဲ့သို့ ပြည်နယ်နှင့် တိုင်းဒေသကြီး ထွေ/အုပ် ညွှန်ကြားရေးမှူးများကို ဒုညွှန်ချုပ်အဆင့်သို့ တိုးမြှင့်ပေးသွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် ပြောင်းလဲခန့်အပ်မည့် ရာထူးအဆင့်အတန်းအလိုက် လစာ ငွေများ ချီးမြှင့်ငွေများ တွက်ချက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“တစ်ဦးချင်းစီတိုးသွားဖို့ရှိပါတယ်။ အခုလျာထားချက်တွေလုပ်နေတယ်။ သေချာသလောက်ရှိပြီလို့လည်း ပြော လို့ မရဘူး။ သူတို့ကို လစာ တွေကအစ အကုန်တွက်နေရတာ။ အဲဒီဘဏ္ဍာငွေကြေးကို ပြည်ထောင်စုအဆင့်အနေနဲ့ တွက် ချက်နေတုန်းပါ။ အသေးစိတ်တော့ မလာသေးပါဘူး။ တွက်ချက်နေတဲ့အဆင့်အထိပဲရှိသေးတယ်”ပာု ၎င်းက ထပ်လောင်း ပြောကြားကြောင်း ပြည်တွင်းအပတ်စဉ်ထုတ် Venus ဂျာနယ်တွင် ဖော်ပြပါရှိသည်။

                ထို့ပြင် ယခုကဲ့သို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများရှိ ညွှန်ကြားရေးမှူးများအား အဆင့်တိုးမြှင့်ပေး လိုက်သည့်အတွက် အခက်အခဲများရှိနိုင်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းမှ ပြောဆိုလျက်ရှိသည်။

Ref:Venus

****************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ဘယ်လိုပဲနိုင်ငံတကာတက္ကသိုလ်တွေနဲ့ ဆက်သွယ်ဆက်သွယ် ဒီဆက်သွယ်မှုအားလုံးကို ပညာရေးဝန်ကြီးဌာနကနေပြီး အုပ်စီးထားမယ်ဆိုရင် ခေတ်နဲ့ ဆီလျော်တဲ့ လွတ်လပ်တဲ့တက္ကသိုလ်တွေ မပေါ်လာနိုင်ဘူးလို့ ကျွန်မထင်တယ်”

သြဂုတ် (၂)ရက်နေ့ထုတ် Host News ဂျာနယ် အတွဲ (၃) အမှတ် (၁၀၁) တွင်ပါရှိသည့် “မိုက်ခဏခဏတောင်းပြီး ဆွေးနွေးခဲ့ကြရတဲ့ တက္ကသိုလ်ပညာ ရေးဥပဒေကြမ်း”သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

“ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းရေးကို ဘယ်လိုအဓိပ္ပါယ်ဖွင့်သလဲလို့ အစိုးရဘက်က ငြိမ်းချမ်းရေးဆွေးနွေးတဲ့ ကိုယ်စားလှယ်တွေကို ခဏခဏမေးပါ တယ်။ ခုထက်ထိ တိကျတဲ့အဖြေမရပါဘူး”

“စစ်သားဆိုတာ စစ်မြပြင်မှာ အသက်ရှင်ဖို့အတွက် ဘာမဆိုလုပ်မှာပဲ။ ဘာမှမစဉ်းစားနိုင်ဘူး။ လူမှုရေးချိုးဖောက်တာတွေလည်းရှိတယ်။ တပ်မတော် ဘက်ကရှိသလို ကေအိုင်အေဘက်ကလည်း ရှိတာပဲ။ တကယ်နစ်နာရတာက လူထုတွေဖြစ်တယ်”

သြဂုတ် (၂)ရက်နေ့ထုတ် မြန်မာတိုင်းမ်ဂျာနယ် အတွဲ (၂၉) အမှတ် (၅၈၀) တွင်ပါရှိသည့် “ကချင်စစ်ပွဲမှာ ရေရှည်တွင် စိုးရိမ်စရာဖြစ်လာ” သတင်းမှ ကေအိုင်အေမှ ဗိုလ်ချုပ်ဂွမ်မော်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တည်ဆဲဥပဒေတွေနဲ့ မဆန့်ကျင်လျှင် လွတ်လပ်စွာ ရေးသားခွင့်ရှိတယ်လို့ အခိုင်အမာ ပါပါတယ်။ အခုကိစ္စကတော့ မီဒီယာ တစ်ခုကနေ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးထိခိုက်အောင် ရေးသားဖော်ပြတာမျိုး၊ ဒို့တာဝန်အရေးသုံးပါးကို ဆန့်ကျင်ဖော်ပြတာမျိုး မဟုတ်ဘဲနဲ့ အရေးယူခံ ရတာကတော့ ဒီမိုကရေစီအကူးအပြောင်းကာလနဲ့ ဝိရောဓိဖြစ်စေပါတယ်။ ပြည်ပက သံသယနဲ့စောင့်ကြည့်နေတဲ့ကြားက ဝန်ကြီးဌာနတစ်ခုက ဒီလိုလုပ် တာဟာ စောင့်ကြည့်သူတွေ ကို သူတို့ထင်တာမှန်ကြောင်း သက်သေပြသလို ဖြစ်နေတယ်”

သြဂုတ် ၂ရက်နေ့ထုတ် Bi Weekly Eleven News ဂျာနယ် အတွဲ (၅) အမှတ် (၁၈) တွင်ပါရှိသည့် “The Voice Weekly နှင့် Envoy ဂျာနယ် တို့အား စာပေစိစစ်ရေးမှ ထုတ်ဝေခွင့်ယာယီရပ်ဆိုင်း” သတင်းမှ The Voice Weekly ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်။

**************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive