Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၂.၈.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. လူထုကိုမချစ်ရင် နိုင်ငံရေးမလုပ်နဲ့

*****************************************

ဆောင်းပါးကဏ္ဍ

လူထုကိုမချစ်ရင် နိုင်ငံရေးမလုပ်နဲ့

ပိုက်တင်

(သြဂုတ်လ၁၂ရက်နေ့ထုတ် Messenger ဂျာနယ်အတွဲ(၃)အမှတ်(၁၂)တွင် ပါရှိသည့် ဆောင်းပါးကို ထုတ်ယူတင်ပြချက်)

နိုင်ငံရေးအလုပ်လုပ်ရင် ဒီမိုကရေစီစနစ်မှာ လူထုကို ချစ်ရပါသည်။ တန်ဖိုးထားရပါမယ်။ အလုပ်အကျွေး ပြုနိုင်ရပါမယ်။ လိုအပ်ရင် ကိုယ်ကျိုးစီးပွားပါ စွန့်လွှတ်ပြီး တိုင်းကျိုးပြည်ကျိုး သယ်ပိုးနိုင်ရပါမည်။ နိုင်ငံရေးဆိုတာ ဒီမိုကရေစီစနစ်မှာတော့ ပရဟိတ အလုပ်သက်သက် ဖြစ်တယ်။ ဖွံ့ဖြိုးပြီးသားနိုင်ငံတွေက ရွေးကောက်ပွဲတွေမှာ ဘီလီယံနာကြီးတွေ သမ္မတရာထူး ဝင်ပြိုင်ကြတာ ကြားဖူးသိဖူးကြမှာပါ။ လုပ်ငန်းကြီးကြီးတွေ ပိုင်ဆိုင်တဲ့ သူဋ္ဌေးကြီးတွေ နိုင်ငံရေးဝင်လုပ်ဖို့ ကြိုးစားကြ သူတို့လုပ်ငန်းတွေ ပိုအောင်မြင်ချင်လို့ မဟုတ်ပါဘူး။ အကျိုးအမြတ် အများကြီး ထပ်လိုချင်လို့ မဟုတ်ပါဘူး။ လူတွေကို ချစ်လို့ပါ။

လူထုနဲ့ တိုင်းပြည်ကို အလုပ်အကျွေးပြုလို့ ရလာမယ့်ဂုဏ်ကို မက်မောကြလို့သာ ဖြစ်ပါတယ်။ လိုအပ်ရင် အဲဒီသူဋ္ဌေးတွေက သူတို့ ပိုင်ဆိုင်တဲ့ စည်းစိမ်ဥစ္စာတွေကို လူထုအတွက်သုံးစွဲဖို့ ဝန်မလေးတတ်ကြပါဘူး။ အရည်အချင်းရှိလို့ ကြီးပွားချမ်းသာ လာကြတဲ့သူတွေ ဖြစ်ပြီးတော့ ရိုးရိုးကုပ်ကုပ် လည်း နေထိုင်တတ်ကြပါတယ်။ ငါကချမ်းသာတာပဲဆိုပြီး ကြွားလုံးလည်း မထုတ်တတ်ကြပါဘူး။ ငွေကြေးစည်းစိမ်တွေကိုလည်း မတရားတဲ့နည်းနဲ့ တိုးပွားသထက် တိုးပွားအောင် အငမ်းမရရှာကြတာ မဟုတ်ဘူး။ လုပ်ရည်ကိုင်ရည်နဲ့ စွမ်းဆောင်ရည် မြင့်မားကြသူတွေပီပီ ရသင့်ရထိုက်တဲ့ အကျိုး အမြတ်ကိုပဲယူပြီး တစ်ဖြည်းဖြည်းချင်း ချမ်းသာကြွယ်ဝ လာကြသူတွေ ဖြစ်ပါတယ်။ သူတို့လိုလူတွေ နိုင်ငံရေးထဲဝင်လာရင် လူထုက အင်မတန် အကျိုးများတတ်တာမျိုး ဖြစ်ပါတယ်။

ဒီမိုကရေစီနိုင်ငံတွေမှာ နိုင်ငံရေးလုပ်တဲ့အများစုက အမတ်ဖြစ်လို့ ဝန်ကြီးဖြစ်လို့ရလာမယ့် အကျိုးအမြတ်တွေကို ခံစားခွင့်တွေကို ထည့်တောင် စဉ်းစာကြတာ မဟုတ်ပါဘူး။ လူထုအကျိုးစီးပွားကို ဆောင်ရွက်ခွင့်ရဖို့ အလုအယက် ပြိုင်ဆိုင်ကြတာ ဖြစ်ပါတယ်။ ဖောက်လွဲဖောက်ပြန် လုပ်တတ်တဲ့သူ ဆိုတာ ရှိတတ်ပေမယ့် အနည်းစုသာဖြစ်ပါတယ်။ ဒီမိုကရက်တစ်လူ့လောင်တစ်ခုမှာ နိုင်ငံရေးသမားတွေအတွက် ရိုးဂုဏ်နဲ့ ပညာဂုဏ်က မရှိမဖြစ် လိုအပ်ချက်များ ဖြစ်ပါတယ်။ အာဏာရှင်ခေတ်မှာက လူထုကိုချစ်ဖို့လည်း မလိုသလို လူထုရဲ့အကျိုးစီးပွားတွေ ဘာတွေဆိုတာက အာဏာရှင်ရဲ့ ဖိနှိပ်မှုအောက်မှာ လူထုနဲ့ အတူအခြားသော ရပိုင်ခွင့်နဲ့ အခွင့်အလမ်းများနဲ့အတူ ပြာပြားဝပ်သွားတာ များပါတယ်။ အာဏာရှင်စနစ်နဲ့  ဒီမိုကရေစီဆိုတာ မိုနဲ့မြေလောက် ခြားနားတယ်ဆိုတာ အထူးပြောနေစရာတောင် လိုမယ်မထင်ပါဘူး။ ဒီမိုကရေစီဆိုတဲ့ စကာလုံးကို လူကြားကောင်းအောင် ပြောနေပြီ စိတ်ဓာတ်က အာဏာရှင်ဆန်နေလို့ မရပါဘူး။ ဒီမိုကရေစီကျင့်စဉ်ဆိုတဲ့ ရည်ရွယ်ချက် မရှိရင်တော့ စောစောစီးစီး နိုင်ငံရေးလောကကနေ ထွက်လိုက် တာ ပိုကောင်းလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီမိုကရေစီစနစ်မှာက အာဏာရှင်စနစ်မှာလို ငါအာဏာရှိတယ်။ ငါဘာလုပ်လုပ်ရတယ်၊ ဘယ်သူကမှ ငါ့ကို ပြောရဲမှာမဟုတ်ဘူးဆိုပြီး ထင်ရာစိုင်တာ လုံးဝလုပ်လို့မရပါ။ အဲဒါတွေအတွက် နိုင်ငံရေးလောကထဲ ဝင်လာတာဆိုရင် အကြီးအကျယ် ပြဿနာနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ ဒီမိုကရေစီ စီရင်ထုံးတွေနဲ့ လျော်ညီအောင် ရေးဆွဲပြဋ္ဌာန်းထားတဲ့ တရားဥပဒေတွေက အပြစ်ပေးဒဏ်ခတ်တာ ခံရပါလိမ့်မယ်။ ဘယ်နိုင်ငံရေးသမားမဆို သတိထားစေချင်ပါတယ်။ ဘယ်သူ့ကိုမှ ပုဂ္ဂိုလ်ရေးအရ ရည်ရွယ်ပြီးပြောတာ မဟုတ်ပါဘူး။ စေတနာနဲ့ နိုင်ငံရေးလုပ်တဲ့ လူတွေရဲ့ ကောင်းကျိုးရော လူထုတစ်ရပ်လုံးရဲ့ကောင်းကျိုးလိုလားလို့ ပြောဆိုခြင်းသာ ဖြစ်ပါတယ်။ တကယ်လို့ ကိုယ်ရည်ကိုယ်သွေးပြည့်မီတဲ့ နိုင်ငံရေးသမားတွေ ဖြစ်စေချင်ပါတယ်။

လူထုကို ချစ်ခင်လေးစားတန်ဖိုးထားရမယ့်အစား မြန်မာပြည်သူလူထု ညံ့တယ်လို့ထင်တဲ့ နိုင်ငံရေးသမား ရှိရင်တော့ အတွေအခေါ်တွေ ပြင်ပါလို့ စေတနာစကာနဲ့ ပြောပါရစေ။ လူထုက နိုင်ငံရေးမသိပါဘူး။ အတွေအခေါ်လဲ နိမ့်ကျပါတယ်။ မဲတောင် ဘယ်လိုထည့်ရကောင်းမှန်း မသိဘဲနဲ့ ရမ်းသန်းပြီးထည့်တယ် ဆိုတဲ့အတွေးတွေ ယောင်လို့တောင် မတွေးကြပါနဲ့။ မြန်မာလူထုက ခေတ်များစွာ ဖြတ်သန်းလာခဲ့ကြသူတွေပီပီ နိုင်ငံရေးနဲ့ ပတ်သက်ရင် သိပ်ကို အကင်းပါး ကြပါတယ်။  ညီညွတ်ရမယ့် ကိစ္စမျိုးမှာအထူးတလည် စည်းရုံးနေစရာမလိုဘဲ အလွန်ညီညွတ်တတ်ကြပါတယ်။ တိုင်ပင် ထားသလို တစ်စိတ်တည်းတစ်ဝမ်းတည်းရှိတတ်ကြပါတယ်။ နိုင်ငံရေးသမားဆိုတာ လူထုကိုအထင်မသေးဖို့ လိုပါတယ်။ ကိုယ်အလုပ်အကျွေးပြုဖို့ တာဝန်ရှိတဲ့ လူထုက အမှန်တကယ် နိုင်ငံရေးနားမလည်ဘဲ အတွေးအခေါ်တွေ ဖြည့်ဆည်းပေးဖို့ လိုအပ်နေတယ်ဆိုရင်တောင် လူထုကို လေးစား တတ်ဖို့ တန်ဖိုးထားဖို့လိုအပ်ပါတယ်။

လူထုရဲ့ အသိတရား မြင့်မားလာအောင် ဦးစီးဦးဆောင်ပြုပြီးမြှင့်တင်ပေးဖို့ တာဝန်လုံးဝရှိပါတယ်။ လူထုကို ညံ့တယ်နိမ့်ကျတဲ့ ဆိုတဲ့အမြင်နဲ့ အထင်သေးအမြင်သေး လုပ်လို့လုံးဝမရပါဘူး။ လုပ်ခွင့်လည်း မရှိပါဘူး။ လူထုက အထင်သေးခံရလည်း သိတယ်။ တန်ဖိုးထားခံရလည်း သိတယ်။ သူတို့ကိုချစ်ရင်လည်း သိပါတယ်။ လူထုကိုမသိလို့ဖြစ်စေ သိလျက်နဲ့ဖြစ်စေ စော်ကားမော်ကား မလုပ်ဖို့လည်း အရေးကြီးပါတယ်။ နိုင်ငံရေး လုပ်တယ် ဆိုတာ လူထုတစ်ရပ်လုံးကို တန်ဖိုး ထားတဲ့ စိတ်နဲ့မှ လုပ်လို့ကောင်းတဲ့အလုပ်ပါ။ နိုင်ငံရေးသမားအဖြစ်နဲ့ အောင်မြင်ချင်တယ်ဆိုရင် လူထုကို အစွမ်းကုန် လေးစား တန်ဖိုးထာတတ်အောင် လေ့ကျင့်ကြရလိမ့်မယ်။

ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို မထောက်ခံတဲ့ ပြည်သူတွေက နိုင်ငံတော်သမ္မတကြီးကို ချစ်ခင်လေးစား ကြည်ညိုကြတာ၊ တပ်မတော်သား တွေက ဒေါ်အောင်ဆန်းစုကြည်ကို လေးစားချစ်ခင် ကြည်ညိုကြတာ ဘာ့ကြောင့်ဖြစ်နိုင်သလဲ၊ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်သမ္မတဟာ ရိုးသား ဖြောင့်မတ်သူဖြစ်ပြီးတော့ အပြောင်းအလဲကို အမှန်တကယ် လုပ်မယ့်သူလို့ သူမယုံကြည်ကြောင်း ပြောဆိုခဲ့ပြီးတော့ တပ်မတော်တော်သားဘဝလည်း လတ်တလော အင်တာဗျူးတစ်ခုမှာ အမျိုးသားသူရဲကောင်းဖြစ်တဲ့ ဦးအောင်ဆန်းရဲ့သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ သူက ဂုဏ်ယူ ကြောင်း ပြောဆိုခဲ့ပါတယ်။  မတူတာတွေရှိပေမယ့် တူတာတွေအကုန် လက်တွဲလုပ်ဖို့ အတိအလင်းထုတ်ဖော်ပြောဆိုထားပါတယ်။

သူတို့နှစ်ယောက်လုံးကို လူထုကချစ်တာ ဘာ့ကြောင့်လဲဆိုတော့ သူတိှု့နှစ်ဦးစလုံးက လူထုကိုချစ်လို့ပါ။ ရဲစွမ်းသတ္တိ ရှိကြသူတွေမို့ပါ။ သမ္မတက နှစ်ငါးဆယ်လောက် အာဏာရှင်စနစ်နဲ့ အုပ်ချုပ်လာတဲ့ တိုင်းပြည်ကို သတ္တိရှိရှိ အပြောင်းအလဲကို အရှိန်အဟုန်ပြင်းပြင်းနဲ့ လုပ်ဖို့ကြိုးစားနေတာ တစ်ကမ္ဘာလုံးက ရင်သပ်ရှုမောဖြစ်ရတယ် မဟုတ်ဘူးလား။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဲစွမ်းသတ္တိကိုတော့ အထူးတလည် ရှင်းပြနေဖို့ လိုမယ် မထင်တော့ပါဘူး။ နှစ်ပေါင်းများစွာ ဒီမိုကရေစီအတွက် ကြံ့ကြံ့ခိုင်ပြီး စွန့်လွှတ်စွန့်စားခဲ့တာ တစ်ခုတည်းကို ကြည့်ရင်ပဲ ထင်ရှားနေပါပြီ။ လူထုကို တန်ဖိုးထား ပြီးလူထုအကျိုးကို ရိုးသားဖြောင့်မတ်စွာနဲ့ ဆောင်ရွက်နေတဲ့ နိုင်ငံရေးသမားတွေကို လူထုက အသေအချာ ယုံကြည်လက်ခံထားဖို့ ဖြစ်ပါတယ်။

ဒီအချက်ကဘာကို ပြနေလဲဆိုတော့ မြန်မာလူထုက အငြိုးအတေး အာဃာတ လုံးဝကင်းစင်ပြီးတော့ နိုင်ငံရေးအရာမှာ အလွန်းအကင်းပါး ကြတယ်ဆိုတဲ့ သဘောပါပဲ။ ၁၉၉၀ ရွေးကောက်ပွဲတုန်းက ဒေါ်စုကို ပုံအောပြီး မဲပေးခဲ့တာက လူထုညံ့လို့ ဟုတ်ပါ့မလား။ ညံ့ဖျင်းတယ်ရင် တစ်နိုင်ငံလုံး တိုင်ပင်မထားဘဲ ဘာ့ကြောင့်အကြောင်းအရ တစ်ခုတည်းမှ ညီညွတ်နေရတာလဲ။ ဒေါ်အောင်ဆန်းစုကြည်က ဦအောင်ဆန်းရဲ့ သမီဖြစ်ပါတယ်။ ဦးအောင်ဆန်းရဲ့ ရိုးသားဖြောင့်မတ်မှုကြောင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့ လေးစားချစ်ခင်မှုကိုရခဲ့တာ ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ဟာ လည်း ရိုးသားမှုနဲ့ စေတနာအရာမှာ ဖခင်ရဲ့ခြေရာကို ထပ်ကြပ်မကွာ လိုက်နင်းမဲ့သူပဲဆိုတာ အကြွင်းမဲ့ ယုံကြည်တာကြောင့် တိုင်းပြည်ကို ဆင်းရဲတွင်း ထဲက ဆွဲထုတ်ပေနိုင်မယ့် ခေါင်းဆောင်တစ်ယာက်ဆိုပြီး ယုံကြည်အားကိုးမှုနဲ့ ဒီမိုကရေစီစနစ်ကို ထူထောင်ပေးနိုင်မယ့် ခေါင်းဆောင်တစ်ယောက်ဆိုတဲ့ မျှော်လင့်ချက်နဲ့ တစ်ခဲနက် ထောက်ခံခဲ့တာပါ။ သမ္မတဦးသိန်းစိန်ကလည်း သမ္မတတာဝန်ယူစကတည်း ယနေ့အချိန်အထိသူရဲ့ ပြည်သူအပေါ်ထားတဲ့ စေတနာမေတ္တာကို ရိုးသားဖြောင့်မတ်စွာနဲ့ ပြသနိုင်ခဲ့ပါတယ်။ လူထုက အခုဒီမိုကရေစီစနစ်ဆီ ဦးတည်တဲ့ အပြောင်းအလဲတွေရဲ့ အသီးအပွင့်တွေကို ဟုတ်တိပတ်တိ မခံစားရပေမယ့် အင်မတန်မှ လိမ္မာပါးနပ်တဲ့ လူထုပီပီသမ္မတကိုယုံကြည်လေးစားစွာနဲ့ ထောက်ခံအားပေးနေကြတာ ကြည့်ရင် မြန်မာလူထုရဲ့ နိုင်ငံရေးအသိစိတ်ဓာတ် ဘယ်လောက်မြင့်မားတယ်ဆိုတာ ရှင်းရှင်း လင်းလင်းကြီးသိနိုင်ပါတယ်။

နိုင်ငံရေးလုပ်မယ့်သူရော လုပ်နေတဲ့သူတွေအနေနဲ့ရော နိုင်ငံရေးလုပ်မယ်ဆိုရင် ကိုယ့်ကိုကိုယ် သေသေချာချာ သုံးသပ်ပါ။ ငါက အတ္တ သိပ်ကြီးတဲ့သူလား။ ရိုးသားဖြောင့်မတ်တဲ့ စိတ်ဓာတ်အခံရှိရဲ့လား လူထုကိုမှန်တကယ် ချစ်ခင်မြတ်နိုး တန်ဖိုးထားရဲ့လား။ နိုင်ငံရေးလုပ်မှာက အကျိုး တစုံတရာမော်ကိုးလို့လား။ အာဏာလိုချင်လို့လား။ ကိုယ်ကျိုးကို (လိုအပ်မှပါ) တကယ်စွန့်ပြီး တိုင်းကျိုးပြည်ကျိုး သယ်ပိုးနိုင်ရဲ့လား စတဲ့မေးခွန်းတွေကို ကိုယ့်ဘာသာကိုယ် ပြန်မေးပါ။ ရိုးသားဖြောင့်မတ်တာသေချာရင် အတ္တနည်းပြီး ရောင့်ရဲတင်းတိမ်တတ်တာ သေချာတယ်။ တကယ်လို့များ အရေးကြုံ ခဲ့ရင် ကိုယ်ကျိုးစွန့်ပြီး တိုင်းကျိုးပြည်ကျိုး လူထုအကျိုးကို သယ်ပိုးထမ်းဆောင်နိုင်တာ သေချာတယ်။ နိုင်ငံရေးလောကထဲကို ခြေစုံပစ်ပြီး ဝင်လိုက်ပါ။ နိုင်ငံရေးသမားအဖြစ် သေချာပေါက် အောင်မြင်နိုင်ပါလိမ့်မယ်။ ရိုးသားတဲ့ စိတ်အခံနဲ့ လူထုကိုချစ်လို့ မဟုတ်ရင်တော့ နိုင်ငံရေးကို မစဉ်းစားပါနဲ့။ စောစောစီးစီး ဘေးထွက်ပြီး တခြားကိုယ်သန်ရာ တစ်ခုခုလုပ်ရင် အကျိုးများပါလိမ့်မယ်။နိုင်ငံရေးလုပ်လို့ဘယ်တေယ့မှ အောင်မြင်မှာ မဟုတ်တော့ ပါဘူး။

အမေရိကန်သမ္မတကနေဒီရဲ့ ကမ္ဘာကျော်စကားတစ်ခွန်းရှိတယ်။ If you want to go to politics,you must love people.If you cant’t love people, don’t go politics လို့ပြောခဲ့တာပါ။နိုင်ငံရေးလုပ်ချင်ရင် လူထုကိုချစ်ရမယ်။ လူထုကိုမချစ်ရင် နိုင်ငံရေးမလုပ်နဲ့ လို့ဆိုပါတယ်။ တကယ်တော့ နိုင်ငံရေးအလုပ်ဆိုတာ အလွန်မွန်မြတ်သန့်စင်တဲ့ အလုပ်ပါ။ အများပြည်သူရဲ့ အကျိုးစီးပွားကို ကိုယ်ကျိုးမဖက် တတ်စွမ်းသလောက် စွမ်းဆောင်တဲ့ အလုပ်က နိုင်ငံရေး ဖြစ်ပါတယ်။ ဒါ့ကြောင့် တကယ့်နိုင်ငံရေးသမားတွေ သူ့တိုင်းပြည်ကသာမက ကမ္ဘာ့ကပါ ချစ်ခင်လေးစားကြတာပေါ့။ သူတို့ ကိုယ်တိုင်ကလည်း လူထုကို ချစ်ခင်လေးစား တန်ဖိုးထားကြတာကိုး။ လူထုကို တကယ်ချစ်ရင်တော့ ချစ်ဟန်မဆောင်ပါနဲ့။ လူထုက မညံ့ပါဘူး။ လူထုအကျိုး သယ်ပိုးသလိုနဲ့ ကိုယ်ကျိုးမရှာပါနဲ့။ လူထုက မညံ့ပါဘူး။

လောလောဆယ် တိုင်းပြည်မချမ်းသာသေးတာနဲ့ စီးပွားရေးနလန်ထူဖို့ အသည်းအသန် ကြိုးစားနေရသေးတာတောင်မှ လူထုက ယုံကြည် မျှော်လင့်စွာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေကြတာကို ကြည့်ရင် လူထုက နိုင်ငံရေးမှာ သိပ်ကိုပါးနပ်ပြီး သူတို့ကို ချစ်ခင်လေးစားတဲ့  စိတ်နဲ့တာဝန် ထမ်းဆောင်နေတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို သူတို့ကလည်း သိပ်ကိုတန်ဖိုးထားကြတယ်။ ချစ်ခင်လေးစားကြတယ်ဆိုတာ ထင်ရှားပါတယ်။

                ဒီတော့နိုင်ငံရေးလုပ်ရင် လူထုကိုချစ်ပါ။ လူထုကိုမချစ်နိုင်ရင်တော့ နိုင်ငံရေးမလုပ်တာအကောာင်းဆုံးပါ။

*****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle2011
yangonchronicle2011

၁၂. ၈. ၂၀၁၂

ပြည်တွင်းသတင်း

  1. သတင်းဂျာနယ်များ ထုတ်တင်စနစ်ပြောင်းလဲမည်
  1. မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်းကောင်စီဖွဲ့စည်းမှုအပေါ် EMG ကန့်ကွက်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. နယ်စပ်ဒုက္ခသည်စခန်းများမှ နိုင်ငံသားများ ပြည်လည်နေရာချထားပေးနိင်ရန် စီစဉ်
  2. ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ဥပဒေသစ်အရ ခန့်ထားရေး ပြည်ခိုင်ဖြိုးပါတီ မေးခွန်းမေးမည်
  3. ပါတီတွင်းဒီမိုကရေစီအတွက် မြောင်းမြ NLD ပါတီဝင်များမှ NLD ပါတီအား သြဂုတ် ၁၂ ရက်နေ့တွင် ဆန္ဒပြမည်

သတင်းနှင့် ဆောင်းပါးကောက်နှုတ်ချက်များ

*******************************

ပြည်တွင်းသတင်း

သတင်းဂျာနယ်များ ထုတ်တင်စနစ်ပြောင်းလဲမည်

ရန်ကုန်  သြဂုတ် ၁၁။

သတင်းစာလွတ်လပ်ခွင့် အပါအဝင် အပိတ်ခံထားရသော သတင်းဂျာနယ်များ ပြန်လည်ထုတ်ဝေခွင့်ပေးရန်  တောင်းဆိုချက်များ ထုတ်ပြန်ခြင်းနှင့် ရှပ်အင်္ကျီအနက်ဝတ်ဆင် စည်းရုံးလှုံဆော်ခြင်းများ သတင်းမီဒီယာသမားများက  ပြုလုပ်ခဲ့ပြီးရက်ပိုင်းအတွင်း ပိတ်ထားသော ဂျာနယ်များကို ပြန်လည်ထုတ်ဝေခွင့် ပေးခဲ့ပြီးနောက် သြဂုတ်လ ၁၃ ရက် နေ့မှစ၍ သတင်းမီဒီယာများအားလုံးကို ထုတ်ဝေဖြန့်ချီပြီးမှသာ စာပေ စိစစ်ရေးသို့ တင်ပြရသောစနစ်သို့ ပြောင်းလဲကျင့် သုံးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန စာပေစိစစ်နှင့်မှတ်ပုံတင်ဦးစီးဌာန အကြီးတန်း အရာရှိတဦးက ပြောကြားသည်။

သြဂုတ် ၁၀ ရက်နေ့က မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်းကောင်စီကို ပြည်ထောင်စုအစိုးရအဖွဲ့က ဖွဲ့စည်းခဲ့ပြီးနောက် ယင်းသို့ ထုတ်ဖော် ပြောကြားခြင်း ဖြစ်သည်။

"ကိုယ့်တာဝန် ကိုယ်ယူခိုင်းလာတဲ့ သဘောလို့ မြင်တယ်"ဟု ၎င်းတို့ ဖော်ပြမည့်သတင်းများအတွက် ဥပဒေအရသာ ဆောင်ရွက် လာနိုင်ကြောင်း The Unity ဂျာနယ်ထုက်ဝေသူ ဦးစောသန်းမြင့်က သုံးသပ်သည်။

The Voice Weekly ဂျာနယ်မှ တာဝန်ရှိသူတဦးကမူ ဂျာနယ်တိုက်တစ်တိုက်စီလျှင် အာမခံငွေသိန်း (၅၀) တင်သွင်းရမည် ဟူသော အစီအစဉ်ကို ထုတ်တင်စနစ်သို့ ပြောင်းလဲခြင်းအတွက် တရားဝင်ခေါ်ယူပြောဆိုပါက စတင်ကျင့်သုံးလာနိုင်ကြောင်း၊ ထုတ်တင်စနစ် ပြောင်းလဲသည် ဖြစ်စေ စာနယ်ဇင်းကောင်စီ ပေါ်လာသည်ဖြစ်စေ အမှန်တကယ်လိုအပ်သည်မှာ လွတ်လပ်စွာ သတင်းရေးသားခွင့်သာ ဖြစ်ကြောင်း သုံးသပ် ပြောကြား သည်။

"တစ်ပတ်ထဲမှာ အာမခံငွေထဲက သိန်း ၅၀ လုံးကုန်သွားနိုင်တယ်"ဟု စာပေစိစစ်ရေး၏ မူဝါဒများနှင့် ဆက်လက် ထိမ်းချုပ်ထားနိုင်ပြီး ပိုမိုတင်းကျပ်လာနိုင်သည့် အခြေအနေအတွက် ၎င်း၏အမြင်ကို ထုတ်ဖော်ပြောကြား သည်။

sweet

                        -----------------------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်းကောင်စီဖွဲ့စည်းမှုအပေါ် EMG ကန့်ကွက်

၂၀၁၂ သြဂုတ်လ ၉ ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြေညာစာအမှတ်(၆၁/၂၀၁၂)ဖြင့် စတင်ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်းကောင်စီဖွဲ့စည်းမှုအပေါ် Eleven Media Group အနေဖြင့် လက်မခံနိုင်ကြောင်း ယင်း၏ သတင်းစာမျက်နှာဝက်ဆိုဒ်တွင် ထုတ်ပြန် ကြေညာခဲ့သည်။

မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်းကောင်စီဖွဲ့စည်းမှုသည် သတင်းမီဒီယာများ၏ ကျင့်ဝတ်ပိုင်းအား ထိန်းကျောင်းနိုင်မည့် အဖွဲ့အစည်းဟု    မယုံကြည်ခြင်းနှင့် အစိုးရ၏ ဒီမိုကရေစီအပြောင်းအလဲအား နောက်ပြန်သွားစေသောလုပ်ရပ်အဖြစ် ရှုမြင်သည့်အတွက်ကြောင့် လက်မခံနိုင်ခြင်း         ဖြစ်ကြောင်း Eleven Media Group ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြပါရှိပြီး အသေးစိတ်အချက်အလက်များကိုမူ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

ပြည်ထောင်စုအစိုးရအဖွဲ့မှ မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်းကောင်စီဖွဲ့စည်းရခြင်း၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၅၄၊ အပိုဒ်ခွဲ(က)အရ နိုင်ငံသားတိုင်းသည် နိုင်ငံတော်၏လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူတို့၏ ကိုယ်ကျင့်တရား အလို့ဌာ ပြဋ္ဌာန်း ထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် မိမိယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ချီခွင့် ရမည် ဆိုသည့် နိုင်ငံသားများ၏ အခွင့်အရေးကို အပြည့်အဝ ခံစားနိုင်စေရန်နှင့် စာနယ်ဇင်းသမားများကို အကာအကွယ် ပေးရန်၊ စာနယ်ဇင်းကျင့်ဝတ်များ ပြုစုရေးဆွဲရန်နှင့် စာနယ်ဇင်းဆိုင်ရာ ပြဿနာများအပေါ် စည်းမျဉ်း၊စည်းကမ်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ကိုင်တွယ်ဖြေရှင်းနိုင်စေရန် ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းမီဒီယာများတွင် ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်းကောင်စီတွင် ဥက္ကဋ္ဌအဖြစ် ဦးခင်မောင်အေး(တရားရုံးချုပ်တရားသူကြီး(ငြိမ်း))မှ တာဝန်ယူ၍ ဒုတိယဥက္ကဋ္ဌ များအဖြစ် ဒေါက်တာအောင်ထွန်းသက်(ကျောင်းအုပ်ကြီး(ငြိမ်း))နှင့် ဒေါက်တာခင်အေး(မောင်ခင်မင်(ဓနုဖြူ))တို့မှ တာဝန်ယူ၍ အခြားစာနယ်ဇင်းဆိုင်ရာ များတွင် ကျော်ကြားသည့်ပုဂ္ဂိုလ်များနှင့် အဖွဲ့ဝင် စုစုပေါင်း(၂၀)ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်းကောင်စီအနေဖြင့် စာနယ်ဇင်းလွတ်လပ်ခွင့်ကို တည်ဆဲဥပဒေများနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ရန်၊ စာနယ်ဇင်းဆိုင်ရာ အငြင်းပွားမှုနှင့် တိုင်ကြားမှုများအပေါ် ဖြေရှင်းဆောင်ရွက်ရန်၊ စာနယ်ဇင်းကျင့်ဝတ်များကို ရေးသားပြုစုပြဋ္ဌာန်းရန်၊  စာနယ်ဇင်းဆိုင် ရာ အတက်ပညာနှင့် ကျင့်ဝတ်သိက္ခာများကို စာနယ်ဇင်းနယ်ပယ်အတွင်းမှ ပုဂ္ဂိုလ်များ သိရှိစေရေးအတွက် လေ့ကျင့်ပညာပေးရန်၊ စာနယ်ဇင်းနယ်ပယ် ၏ အရည်အသွေး၊ အဆင့်အတန်းမြင့်မားတိုးတက်ရေးအတွက် အားပေးကူညီရန် စသည့်ကိစ္စရပ်များကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စာနယ်ဇင်းလောကဖွံ့ဖြိုးရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ သတင်းသမားများ သတင်းရယူ ခြင်းနှင့် သတင်းရေးသားမှုများတွင် ဖြစ်ပွားလာနိုင်သည့် ပဋိပက္ခများကို စေ့စပ်ညှိနှိုင်းခြင်း၊ စာနယ်ဇင်းကျင့်ဝတ်နှင့် မကိုက်ညီသော သတင်းသမားများ အား ခေါ်ယူဆွေးနွေးညှိနှိုင်းခြင်း၊ ပေးအပ်သောတာဝန်နှင့် လုပ်ပိုင်ခွင့်များကို သဘောရိုးဖြင့် ဆောင်ရွက်မှုများအတွက် စာနယ်ဇင်းကောင်စီ၊ ကောင်စီ အဖွဲ့ဝင်များ(သို့) ကောင်စီတာဝန်ပေးအပ်ခြင်းခံရသူများအား ပြစ်မှုကြောင်းအရသော်လည်းကောင်း၊ တရားမကြောင်းအရသော်လည်းကောင်း တရားစွဲ ဆိုခြင်းမှ ကင်းလွတ်ခွင့်ရရှိခြင်း၊ စာနယ်ဇင်းကောင်စီ၏ လုပ်ငန်းတာဝန်နှင့် သက်ဆိုင်သောကိစ္စရပ်များအတွက် ပြည်ထောင်စု အစိုးရအဖွဲ့မှ တဆင့် အစိုးရဌာန အသီးသီးနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကိုလည်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်းကောင်စီ၏ သက်တမ်းသည် ပြန်ကြားရေးဝန်ကြီးဌာနမှရေးဆွဲလျက်ရှိသော ပုံနှိပ်မီဒီယာဥပဒေ(မူကြမ်း)ကို လွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းပြီးနောက် ယင်းဥပဒေနှင့်အညီ ဖွဲ့စည်းသည့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီအား တာဝန်လွှဲပြောင်းပြီးသည့် အချိန် အထိဖြစ်ကြောင်း သိရသည်။

YC

*******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

နယ်စပ်ဒုက္ခသည်စခန်းများမှ နိုင်ငံသားများ ပြည်လည်နေရာချထားပေးနိင်ရန် စီစဉ်

ရန်ကုန်၊ သြဂုတ် ၁၂။

နှစ်ပေါင်း၆၀နီးပါး လက်နက်ကိုင်ပဋိပက္ခများဖြင့် မငြိမ်းချမ်းခဲ့သော ကရင်ပြည်နယ်အတွင်း ကရင်အမျိုးသား အစည်းအရုံး(KNU) လက်နက် ကိုင်အဖွဲ့နှင့် အရပ်သားအစိုးရတို့ ငြိမ်းချမ်းရေးဖော်ဆောင်မူ ပိုမိုပြီပြင်လာသဖြင့်ထိုင်း- မြန်မာနယ်စပ်ရှိ နယ်စပ်ဒုက္ခသည်စခန်းများမှ မြန်မာနိုင်ငံသား တိုင်းရင်းသားများကို ပြည်တွင်း၌ ပြန်လည်နေရာချထားပေးနိုင်ရန် စီစဉ်နေကြောင်း ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်လွင်က ပြောကြားသည်။

ဝေါလေမြိုင်၊ စုကလိ၊ ပိုင်ကျုံနှင့် ရှမ်းရွာသစ်စသော မြို့နယ်ခွဲများအသစ်တည်ထောင်ထားပြီး ယင်း နယ်စပ်ဒုက္ခသည်စခန်းများမှ တိုင်ရင်း   သားများကို ပြန်လည်နေရာချထားပေးရန် စီစဉ်ထားကြောင်း၊ ၎င်းတို့၏ လူမူရေး၊ စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးရေးအတွက် အကူအညီများကို တိုင်း ဒေသကြီး အစိုးရအဖွဲ့အနေနှင့် ကူညီပေးနိုင်ရန် အစီအစဉ်များ ရေးဆွဲထားကြောင်း ၎င်းက ရှင်းပြသည်။

ယခုလတ်တလောတွင်မူ ဒုက္ခသည်စခန်းများမှ ပြန်လည်ဝင်ရောက်လာသူများ မရှိသေးကြောင်း၊ မကြာမီက ဝင်ရောက်လာသော ငြိမ်းချမ်း  ရေးအဖွဲ့များကို စီးပွားရေး ဖွံဖြိုးရေးအတွက် စက်မူဇုန်လုပ်ငန်းများတွင် စီးပွားရေးလုပ်ကိုင်ခွင့်များ ချထားပေးခြင်းကို ပထမဆုံး ဆောင်ရွက်ပေးနေ ကြောင်း ၎င်းကပြောကြားသည်။

“လက်နက်စက်ရုံနဲ့ ဘိန်းဖြူစက်ရုံကလွဲလို့ ဘယ်လုပ်ငန်းမဆို လုပ်ကိုင်ခွင့် ပေးထားပါတယ်”ဟု ကရင်ပြည်နယ်အတွင်း စက်မူဇုံ လုပ်ငန်း     များတွင် ငြိမ်းချမ်းရေးအဖွဲ့များကို ရင်းနှီးမြုပ်နှံမူပေးထားမူအခြေအနေနှင့် ပက်သက်၍  ဗိုလ်မှူး ကြီးအောင်လွင်က ဆိုသည်။

ဧပြီ လအတွင်းက ပြည်ထောင်စုအစိုးရနှင့် ငြိမ်းချမ်းရေးလက်မှတ် ရေးထိုးခဲ့သော မွန်ပြည်သစ်ပါတီကလည်း ဒေသတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းများ စတင်အကောင်အထည် ဖော်နေကြောင်း၊ လမ်းပန်းဆက်သွယ်ရေး လိုအပ်ချက်များကို ဖြည့်စည်းပေးရန် ပြည်ထောင်စုအစိုးရကို တင်ပြထားကြောင်း ယင်းအဖွဲ့အထွေထွေအတွင်းရေးမှူး နိုင်တလညီက ပြောကြားသည်။

ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားများ  ဘဝလုံခြုံမှု ရရှိရေးဆိုင်ရာ မူဝါဒချမှတ်ရေး Migrant Policy အဆိုကို ဂျူလိုင်(၃၁)ရက်နေ့တွင် ပြည်သူ့လွတ်တော်သို့ တင်သွင်းခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် ကရင်ဒုက္ခသည်စခန်း ၇ခု၊ ကရင်နီဒုက္ခသည် စခန်း ၂ခု၊ ရှမ်းဒုက္ခသည်စခန်း ၁ခုနှင့် မွန် ဒုက္ခသည်စခန်း ၁ခုရှိပြီး အဆိုပါ စခန်းများအတွင်းမှ ဒုက္ခသည်ဦးရေ စုစုပေါင်း ၄သိန်းခန့် ရှိကြောင်း ပြည်ပအခြေစိုက် ကရင်သတင်းဌာန တစ်ခုဖြစ်သည့် KIC ဝက်ဆိုက်တွင် ဖော်ပြထားသည်။

Sweet

 -----------------------------------------------------------------------------------------------------------------------------------

ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ဥပဒေသစ်အရခန့်ထားရေး ပြည်ခိုင်ဖြိုးပါတီ မေးခွန်းမေးမည်

ရန်ကုန်။ သြဂုတ် ၁၂။

ဥပဒေထွက်ရှိသည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများကို မူလအတိုင်း တာဝန်ယူ နေစေခြင်းကြောင့် ဥပဒေနှင့်အညီ ပြန်လည်ခန့်ထားရန်ရန် ရှိ၊မရှိ ပြည်ထဲရေးဝန်ကြီးဌာနကို ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြ မေးခွန်းအဖြစ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မေးမြန်းသွားမည်ဖြစ်ကြောင်း ယင်းပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တစ်ဦးက ပြောကြားသည်။

ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပြည်သူလူထုနှင့် အနီးစပ်ဆုံးထိတွေ့နေသည့် အောက်ခြေ အုပ်ချုပ်ရေး အဖွဲ့အစည်း များသည် အဓိကကျသဖြင့် ပြည်သူ့ဆန္ဒနှင့်အညီ ဥပဒေအတိုင်း အမြန်ဆုံးဆောင်ရွက်မှသာ  အစိုးရအပေါ် လူထုယုံကြည်မူ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

Sweet

-----------------------------------------------------------------------------------------------------------------------------------

ပါတီတွင်းဒီမိုကရေစီအတွက် မြောင်းမြ NLD ပါတီဝင်များမှ NLD ပါတီအား သြဂုတ် ၁၂ ရက်နေ့တွင် ဆန္ဒပြမည်

ရန်ကုန်၊  သြဂုတ် ၁၁။

ပါတီတွင်း ဒီမိုကရေစီရရှိနိုင်ရန်အတွက် မြောင်းမြ NLD ပါတီဝင်များမှ NLD ပါတီအား သြဂုတ်လ ၁၂ ရက်နေ့ ဆန္ဒထုတ်ဖော်မည် ဖြစ်ကြောင်း သိရသည်။

“ပါတီတွင်း ဒီမိုကရေစီရရှိနိုင်ဖို့အတွက် မြောင်းမြ NLD ပါတီဝင်တွေ ရာနဲ့ချီပြီးNLD ပါတီကို ဆန္ဒပြမှာပါ။ ဒီအတွက် သက်ဆိုင်ရာ အာဏာပိုင် တွေဆီက ခွင့်ပြုချက်လည်း ရပြီးပါပြီ။ အဓိကကတော့ NLD ပါတီရဲ့ နာယကကြီး ဦးဝင်းတင်ရဲ့ ပြောကြားချက်ကို မကျေနပ်လို့ ဆန္ဒပြမှာပါ”ပာု မြောင်းမြ NLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် မြောင်းမြမြို့နယ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှာ နှစ်ခြမ်းကွဲလျက်ရှိပြီး အဓိကပြဿနာမှာ NLD ပါတီ ရွေးချယ်ပွဲနှင့် ညီလာခံကျင်းပရေး ကော်မရှင်အဖွဲ့မှ ဦးလှဖေလေးအား မကျေနပ်မှုများကို ဗပိာုကော်မတီသို့ သွားရောက်ပြောကြားရာတွင် ဦးဝင်းတင်မှ လက်မခံဘဲ ၎င်း၏သဘောထားများကိုသာ ပြန်လည်ပြောခဲ့သည့်အတွက် မြောင်းမြ NLD ပါတီဝင်များမှ အောက်ခြေပိုင်းမျှတမှု ရှိစေရန်နှင့် ပါတီတွင်း ဒီမိုကရေ စီရရှိစေရေးအတွက် ဆန္ဒပြဆိုရခြင်းဖြစ်ကြောင်း သိရသည်။

“ဧပြီ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတုန်းက ကျွန်တော်တို့ တော်တော်ကို ရုန်းကန်ခဲ့ရတာ။  ညီညီညာညာ စည်းစည်းလုံးလုံးနဲ့ တစ်ဖက်ကို အနိုင်ရရှိအောင် ကြိုးစားခဲ့ရတာပါ။ ဒီအတွက် ကျွန်တော်တို့ ပြန်ရတာက ရင်ထဲက မကျေနပ်မှုတွေပဲ။ ဒါကြောင့် ဒီမကျေနပ်မှုတွေကို သြဂုတ် ၁၂ ရက်နေ့မှာ ကျွန်တော်တို့ ထုတ်ဖော်သွားမှာပါ။ ကျွန်တော်တို့ အောက်ခြေပိုင်းမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို ဗပာိုကော်မတီကလူတွေ သေသေချာ ချာမသိပါဘူး။ သိဖို့လိုအပ်သလို။ မျှတမှု ရှိစေချင်ပါတယ်”ပာု မြောင်းမြ NLD ပါတီဝင်တစ်ဦးက ပြောကြားသည်။

လက်ရှိမြန်မာနိုင်ငံ၏ လွှတ်တော်တွင်း အင်အားကြီးအတိုက်အခံပါတီများဖြစ်ကြသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီသည် ပါတီ တွင်း ဒီမိုကရေစီ အားနည်းလာသကဲ့သို့ ပြည်ခိုင်ဖြိုးပါတီတွင်လည်း ပါတီတွင်းဒီမိုကရေစီရရှိမှုများမှာ တဖြည်းဖြည်း ဆုတ်ယုတ်လာလျက်ရှိကြောင်း မြန်မာ့အရေးလေ့လာနေသူတစ်ဦးက ပြောကြားသည်။

YC

*******************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ကုလသမဂ္ဂ ကိုယ်စားပြုတဲ့ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာကင်တားနားဟာ အခင်းဖြစ်ပွားနေတဲ့ နေရာတွေကို သွားကြည့်ပြီးပြီ။ ကိုယ်တိုင်လည်း ပြဿနာနဲ့ ထိတွေ့နေတဲ့လူတွေကိုလည်း မေးပြီးပြီ။ သွားပြီးပြီ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ဖို့ မလိုတော့ဘူး။လူ့အခွင့်အရေးနှင့် ပတ်သက်တဲ့ အစီအရင်ခံစာမှာ ဘက်လိုက်မှု တစ်စုံတစ်ခု၊ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ နိုင်ငံသားဆိုတဲ့ အခွင့်အရေးကို ရလိုမှု နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်း အချုပ်အခြာအာဏာကို ထိပါးလို့ရှိရင် ကင်တားနားမှာပဲ တာဝန်ရှိမှာဖြစ်တယ်”

သြဂုတ် ၁၂ရက်နေ့ထုတ် New Day ဂျာနယ်အတွဲ(၁) အမှတ်(၂၃)တွင် ပါရှိသည့် “ရခိုင်အရေးအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့ဖို့မလိုဟု ဒေါက်တာ အေးမောင် ပြော” သတင်းမှ ဒေါက်တာအေးမောင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------

“ဒီဟာကို ကျွန်တော့်အနေနဲ့ သဘောမကျဘူး။ NLDပဲဖြစ်ဖြစ် ဘယ်ပါတီကပဲဖြစ်ဖြစ် Good Governance လုပ်မယ်ဆိုရင် ဘယ်သူပဲဖြစ်ဖြစ် သူတို့ ကြေညာမှာ ဘာလို့မလုပ်ရဲရမှာလဲ”

သြဂုတ် ၁၂ရက်နေ့ထုတ် New Day ဂျာနယ် အတွဲ(၁) အမှတ်(၂၃)တွင် ပါရှိသည့် “အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုကိုထုတ်ဖော်ကြေညာပြီးမှ မှတ်တမ်း တင်ထားရန်အဆိုမဲအပြတ်အသတ်ရှုံးနိမ့်”သတင်းမှ သမ္မတအကြံပေးအဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------

ရဲတပ်ဖွဲ့ဆိုတာ ပြည်သူကို အကာအကွယ်ပေးတဲ့ အဖွဲ့အစည်းပါ။ ဒါပေမယ့် ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ကလည်း ရဲတပ်ဖွဲ့ရဲ့ ရံပုံငွေနဲ့ အလုံလောက်လို့ အမှုထည်က အလှူခံတာမျိုး မတ္တာရပ်ခံတာမျိုးတွေ ရှိနိုင်ပါတယ်။ ဒီတော့ ကြာရင် ပြည်သူတွေက အထင်သေးလာနိုင်ပါတယ်။ ရဲတပ်ဖွဲ့ဟာ ကျွန်တော် တို့ရဲ့ လေးစားစရာ ကျွန်တော်တို့ အားကိုးရာသူမှရှိတဲ့ ဂုဏ်သိက္ခာနဲ့ လျော်ညီစွာ ရပ်တည်နိုင်ဖို့ သူ့မှာလည်း ပြည့်စုံလုံလောက်ဖို့ လိုပါတယ်။

သြဂုတ်လ၁၂ရက်နေ့ထုတ် Messenger ဂျာနယ်အတွဲ(၃)အမှတ်(၁၂)တွင် ပါရှိသည့် “ရဲတပ်ဖွဲ့ဝင်များ ပြည်သူလူထုအပေါ် အမှီအခိုကင်း၍ ဂုဏ်သိက္ခာ ရှိစွာရပ်တည်နိုင်ရ/န် အစိုးရကဆောင်ရွက် ပေးသင့်” သတင်းမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရီ၏ ပြောကြားချက်အပေါ် ကောက် နှုတ်ချက်

*****************************

အမှားပြင်ဆင်ချက်

        Yangon Chronicle သတင်းလွှာ အတွဲ (၂) အမှတ် (၂၉)  မျက်နှာဖုံးတွင်ပါသည့် “ရှစ်လေးလုံးအရေးတော်ပုံ ၂၄နှစ်ပြည့် အခမ်းအနား တရားဝင်ခွင့်ရရှိ”  အစား “ရှစ်လေးလုံးအရေးတော်ပုံ ၂၄နှစ်ပြည့်အခမ်းအနား တရားဝင် ကျင်းပခွင့်ရရှိ” ဟု ပြင်ဆင်ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံအပ်ပါ သည်။


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive