Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၂၁.၈.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု အလားအလာအပေါ် ADB အကောင်းမြင်

(20 August 2012 ရက်စွဲပါ VOA News မှ Ron Corben ရေးသားသေား “ADB upbeat on Burma’s growth prospect” ကိုဘာသာပြန်ဆိုသည်။)

  1. သတင်းစားပိုမိုလွတ်လပ်ခွင့်ဆီသို့ နောက်ထပ်ခြေတစ်လှမ်း

(The Washington Times မှ 20 Aug 2012 ရက်စွဲပါ “Myanmar taking another step toward a free press” သတင်းကို ဘာသာပြန်ဆို ပါသည်။)

  1. ဂျပန်စီးပွားရေးတိုးတက်မှုဒုတိယလေးလပတ်အတွင်းနှေးကွေး

(BBC သတင်းဌာနမှ 15 August 2012 ရက်စွဲပါ "Japan's economic growth slows to 0.3% in second quarterကိုဘာသာပြန်ဆိုသည်)

***********************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု အလားအလာအပေါ် ADB အကောင်းမြင်

(20 August 2012 ရက်စွဲပါ VOA News မှ Ron Corben ရေးသားသော “ADB upbeat on Burma’s growth prospect” ကိုဘာသာပြန်ဆိုသည်။)

အာရှဖွံ့ဖြိုးရေးဘဏ် (ADB)ကပြောကြားရာတွင် မြန်မာနိုင်ငံသည် အာရှ၏စွမ်းအားဖြင့် ကြီးပွားတိုးတက်နေမှုမှ အကျိုးအမြတ်များရရှိရန် နေရာ ကောင်းကောင်း ယူထားနိုင်ပြီဖြစ်ကြောင်း သို့သော် ဖွံ့ဖြိုးတိုးတက်မှုသည် စဉ်ဆက်မပြတ် ဖြစ်ပေါ်ပြီး အားလုံးပါဝင်မှု ရှိစေရေး သေချာရန် လိုအပ် ကြောင်း ပြောကြားခဲ့သည်။

ADB ကတနလာင်္နေ့က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားရာ၌ မြန်မာနိုင်ငံသည် ဆယ်စုနှစ်များစွာ ဖွံ့ဖြိုးမှု ရပ်တန့်နေသော  စီးပွားရေးမှ ဖယ်ခွာသွားပြီဖြစ်ပြီး အာရှ၏တိုးတက်မှုမှ အကျိုးအမြတ်များ ရရှိတော့မည်ဖြစ်သည်။

ADB၏စီးပွားရေးပညာရှင် လက်ထောက်အရာရှိချုပ် Cyn Young Park ကပြောကြားရာတွင် မြန်မာနိုင်ငံသည် ရေနံ၊သဘာဝဓာတ်ငွေ့ နှင့် သတ္ထုတို့ကဲ့သို့သော သဘာဝသံယံဇာများ အားကောင်းခြင်းနှင့် အဓိကကျသော ပထဝီအနေအထားကြောင့် မိမိကိုယ်မိမိ ယုံကြည်မှုရှိနေကြောင်း ဖော်ပြထားသည်။

“မြန်မာနိုင်ငံဟာ သူ့ရဲ့ကြွယ်ဝမှု၊ ငယ်ရွယ်သောလူဦးရေ အားကောင်းမှုနှင့် ပထဝီအနေအထားအရ အားသာချက်တွေကိုအခြေခံပြီး တိုးတက် ဖွံ့ဖြိုး မှု အရှိန်မြှင့်နိုင်အောင် အသင့်ဖြစ်နေပါပြီ”ဟု ၎င်းကပြောသည်။

“မြန်မာနိုင်ငံဟာ ဒေသတွင်းတိုးတက်ဖွံ့ဖြိုးမှု အရှိန်မြှင့်နိုင်အောင် အသင့်ဖြစ်နေပါတယ်။ အာဆီယံနှင့် တရုတ်၊အိန္ဒိယကြားမှာ တံတားခင်းပေးနေ ပါတယ်။ ဒေသတွင်းမှာ စီးပွားရေးတိုးတက်မှု အားကောင်းနေတာကလည်း မြန်မာနိုင်ငံ လျင်မြန်စွာ နိုးထလာနိုင်ဖို့အတွက် အထောက်အကူ ဖြစ်စေ ပါတယ်”ဟု ၎င်းကပြောကြား သည်။

မြန်မာစစ်တပ်သည် ၁၉၆၂ကတည်းက အာဏာရယူခဲ့ပြီး  နှစ်ပေါင်းငါးဆယ်နီးပါး မှားယွင်းစွာအာဏာ ရယူခဲ့ပြီး စီမံခန့်ခွဲခြင်းနှင့် အဂတိ လိုက်စား ခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးသည် အာရှ၏ အဆင်းရဲဆုံးနိုင်ငံတစ်ခု ဖြစ်ခဲ့ရသည်။

တစ်ဦးချင်းဝင်ငွေသည် ဒေသတွင်အိမ်နီးချင်းများဖြစ်သော ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ထက် နည်းပါးသည်။ လူလေးဦးတွင် တစ်ဦးသည် ဆင်းရဲမွဲတေမှု သတ်မှတ်ချက်အောက်တွင် နေထိုင်နေရသည်။ အခြေခံအဆောက်အဦးများမှာလည်း ဒေသတွင်းစံထက် များစွာနိမ့်ကျလျက်ရှိပြီး ကျေး လက်နေထိုင်သူများ၏ ၃၀ရာခိုင်နှုန်းသာ လျှပ်စစ်မီးအသုံးပြုခွင့် ရကြသည်။

သို့သော်မြန်မာနိုင်ငံသည် သဘာဝကပေးသော သံယံဇာတများကောင်းစွာရှိသည်။ သဘာဝဓာတ်ငွေ့ အရန်ရှိနေမှုမှာ ၈ထရီလီယံ ကုဗပေရှိပြီး ရေနံစိမ်းစည်ပေါင်း(၂)ဘီလီယံရှိနေသည်။ ထို့ပြင်မြန်မာနိုင်ငံသည် သစ်တော၊ ရေနှင့် စိုက်ပျိုးရေးသံယံဇာတများ လုံလောက်စွာရှိကြောင်း ADBကပြော သည်။

မြန်မာနိုင်ငံ၏ ပြည်သူ့လွှတ်တော်က ၎င်း၏နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဥပဒေတွင် အဓိကဧရိယာများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို  ၃၅-၄၉ ရာခိုင်နှုန်းသာ ထိန်းချုပ်ကန့်သတ်ထားမှု အတည်ပြုပြီးနောက် ယခုအကဲဖြတ်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။

သို့သော် Park ကပြောကြားရာတွင် ရေရှည်၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် အစိုးရ၏ ပြူပြင်ပြောင်းလဲရေး အပေါ် ထားရှိသည့် ကတိကဝတ် များ အပေါ်မူတည်၍ ယုံကြည်မှုရှိလာနိုင်သည်ဟုဆိုသည်။

“မြန်မာနိုင်ငံနှင့်ပတ်သက်လို့ အခုမှအစပဲရှိပါသေးတယ်။ အစိုးရအနေနဲ့  နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ ယုံကြည်မှုရှိလာအောင် ဖြည့်ဆည်းပေးဖို့ လိုပါတယ်”ဟု Parkကပြောသည်။ “အစိုးရရဲ့ပြုပြင်ပြောင်းလဲမှု အစီအစဉ်တွေဟာ ရိုးသားမှုရှိပြီး နောက်ပြန်မလှည့်ပါဘူးလို့ ရင်းနှီးမြှုပ်နှံသူတွေ လက်ခံလာဖို့ကတော့ နဲနဲအချိန်ယူရပါလိမ့်မယ်။ ကတိကဝတ်တွေဟာ မြန်မာနိုင်ငံရဲ့ အင်အားပါပဲ။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ကတိတွေအများကြီး ပေးလိုက်ခြင်းအားဖြင့် မြန်မြန်ပြောင်းသွားနိုင်ပါသေးတယ်” ဟု၎င်းကပြောသည်။

ADB၏ အရှေ့အာရှ၊ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Stephen Groff ကတနင်္ဂနွေနေ့က “အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက်  သတိဖြင့်စိတ်ဝင်တစား အကောင်းမြင်ပါတယ်”ဟု Stephan Groff က ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ် သက်၍ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် အသက်၃၀အောက်လူဦးရေ ရာခိုင်နှုန်းသည် ၂၅ရာခိုင်နှုန်းရှိပြီး၊၁၃သန်းခန့် ရှိသည်။

---------------------------------------------------------------------------------------------------------------------------

သတင်းစားပိုမိုလွတ်လပ်ခွင့်ဆီသို့ နောက်ထပ်ခြေတစ်လှမ်း

(The Washington Times မှ 20 Aug 2012 ရက်စွဲပါ “ Myanmar taking another step toward a free press” သတင်းကို ဘာသာပြန်ပါသည်။)

 ကာလများစွာဖိနှိပ်ချုပ်ချယ်ထားခဲ့သော မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ပြောဆိုခွင့်ပြုရန် အသိသာဆုံး ဖြေလျှော့မှုအဖြစ် သတင်းမီဒီယာအား တိုက်ရိုက်ဆင်ဆာ တည်းဖြတ်မှုကို တနလာင်္နေ့က ဖျက်သိမ်းပေးလိုက်သည်။

သို့သော်လည်း ကိုယ်တိုင်ဆင်ဆာဖြတ်ရမည့် အဖြစ်ကို ဆိုက်ရောက်သွားစေနိုင်သော ဆက်စပ်ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကြောင့် ဘယ် လောက် ပြောင်းလဲသွားမှာလဲဟူသော သံသယမေးခွန်းများ ထွက်ပေါ်လာစေသည်။ ယခု စည်းကမ်းသစ်များအရ ယခင်နှစ် ၅၀ ကာလကဲ့သို့ မထုတ်ဝေခင် ဆင်ဆာတင်ရခြင်းကို လုပ်စရာ မလိုတော့ပေ။

သို့သော်ငြားလည်း နိုင်ငံတော်လုံခြုံရေးကို ကာကွယ်ရန်ဟူသော အကြောင်းပြချက်ဖြင့် မီဒီယာသမားများကို ထောင်ချ၊ နာမည်ဖျက်၊ ထိန်းချုပ်ရန် အာဏာပိုင်များကို ခွင့်ပြုထားသော အရင်လိုခပ်ပြင်းပြင်းဥပဒေများ မပြောင်းမလဲ ရှိနေဆဲပင်ဖြစ်သည်။

ကမ္ဘာတွင် အဖိနှိပ်ခံရဆုံးသူများဟု သတ်မှတိထားခံရသော မြန်မာနိုင်ငံမှ သတင်းထောက်များသည် စောင့်ကြည့်ခံရခြင်း၊ တယ်လီဖုန်း ကြားဖြတ် နားထောင်ခံရခြင်း၊ ဆင်ဆာပိတ်ပင်ခံရခြင်းတို့ကို နှစ်ပေါင်းများစွာ ကြုံတွေ့ခံစားခဲ့ကြရပြီး လွတ်လပ်သော သတင်းစာစောင်များကို နေ့စဉ်ထုတ်ဝေခွင့် မရခဲ့ ကြပေ။

သမ္မတဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး အစိုးရသစ်က ပြီးခဲ့သောနှစ်အတွင်း မီဒီယာချုပ်ချယ်မှုအချို့ကို သိသိသာသာ ဖြေလျှော့ပေးခဲ့ပြီး ယခင် တပ်မတော် အစိုးရလက်ထပ်က စိတ်ကူးပင်မယဉ်နိုင်ခဲ့သော အကြောင်းအရာများနှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံတို့ကို ဖေါ်ပြခွင့်ပေးခဲ့သည်။

သတင်းဂျာနယ်များ အပေါ်နှစ်ပေါင်းများစွာ ချုပ်ချယ်ခဲ့သော ပြန်ကြားရေးဝန်ကြီးဌာနက ယင်း၏၀က်ဘ်ဆိုက်တွင် တနလာင်္နေ့က ကြေငြာချက် ထုတ်ပြန်ခဲ့ပြီး စာပေစီစစ်ရေးနှင့် မှတ်ပုံတင်ဌာနအကြီးအကဲ ဦးတင့်ဆွေကလည်း ရန်ကုန်မြို့တွင် အယ်ဒီတာများအား ၎င်းသတင်းကို ပြောကြားခဲ့သည်။

ယခုသတင်းကို လပေါင်းများစွာ ကြိုတင်မျှော်လင့်နေခဲ့ကြသော်လည်း မီဒီယာနယ်ပယ်ကို ပြင်ဆင်မည့် ဥပဒေသစ်ကို ရေးဆွဲရန် အစိုးရက ရုန်းကန်အားထုတ်နေရခြင်းကြောင့် အကြိမ်ကြိမ် နှောင့်နှေးကြန့်ကြာခဲ့ရသည်။

ဆင်ဆာစနစ်ကို အဆုံးသတ်ချိန်တွင် ဆင်ဆာဘုတ်ကိုလည်း ဖျက်သိမ်းမည်ဟု ဦးတင့်ဆွေက ယခင်ပြောကြားခဲ့သည်။ သို့သော် တနလာင်္နေ့က ကြေငြာချက်တွင်မူ ဆင်ဆာဘုတ်ကို ဆက်လက်ထားရှိမည်ဖြစ်ပြီး ယခင်အတိုင်း ထုတ်ဝေမှု ဆိုင်းငံ့နိုင်သည့်အာဏာကို ဆက်လက် ထိန်းသိမ်းထား မည်ဖြစ်ကြောင်း ရည်ညွှန်းထားပါသည်။

တနလာင်္နေ့က အစည်းအဝေးသို့တက်ရောက်ခဲ့သူ 7 Days သတင်းဂျာနယ်မှ အယ်ဒီတာ ငြိမ်းငြိမ်းနိုင်က “ သတင်းထောက်များသည် ၎င်းတို့၏ သတင်းဆောင်းပါးများကို ဆင်ဆာဘုတ်သို့ တင်ပြရလိမ့်ဦးမည် ဖြစ်ကြောင်း၊ သို့သော် ထုတ်ဝေပြီးမှ တင်ပြရတော့မည် ဖြစ်ကြောင်း” ပြောကြားသည်။

၁၉၆၂ တပ်မတော်အာဏာသိမ်းမှု နောက်ပိုင်းချမှတ်ထားသော ယင်းဥပဒေများတွင် တည်ငြိမ်မှုနှင့် ငြိမ်းချမ်းမှုကို ပျက်ပြားစေနိုင်သော၊ အခြေခံ ဥပဒေကို ဆန့်ကျင်သော၊ တိုင်းရင်းသားလူမျိုးများကို ပုတ်ခတ်စော်ကားသော သတင်းဆောင်းပါးများ မရေးသားရန် တားမြစ်ထားသော စည်းကမ်း များပါဝင်သည်။

အချို့ဥပဒေများသည် လိုရာဆွဲ၍ သုံးနိုင်ရန် ဖွင့်ပေးထားပြီး၊ အစိုးရအပေါ် ပြစ်တင်ဝေဖန်သူများကို အရေးယူနိုင်မည့် အခွင့်အာဏာ ပေးထား သည်။ ပြီးခဲ့သောနှစ်များအတွင်း စာနယ်ဇင်းသမားများအား ထောင်ချရန်အတွက်  ယင်းဥပဒေများကို အကြိမ်ကြိမ် အသုံးချခဲ့သည်။

အစိုးရ၏ ယခုကြေငြာချက်ကို အခြားမြန်မာစာနယ်ဇင်းသမားများကဲ့သို့ပင် ငြိမ်းငြိမ်းနိုင်က ကြိုဆိုလိုက်သော်လည်း “ကျွန်မတို့ကို ဆက်ပြီး စောင့် ကြည့်နေဦးမှာဆိုတော့ အရမ်းကို သတိထားပြီး လုပ်ကြရမှာပေါ့”ဟု ဆက်လက်ပြောကြားပါသည်။

------------------------------------------------------------------------------------------------------------------------------

ဂျပန်စီးပွားရေးတိုးတက်မှုဒုတိယလေးလပတ်အတွင်းနှေးကွေး

(BBC သတင်းဌာနမှ 15 August 2012 ရက်စွဲပါ "Japan's economic growth slows to 0.3% in second quarter”ကို ဘာသာပြန်ဆိုသည်)

ဥရောပဇုန်စီးပွားရေးအကျပ်အတည်းများဆက်လက်ဖြစ်ပေါ်နေခြင်း၊ ဂျပန်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုမှာ ယခုနှစ် ဒုတိယလေးလပတ်တွင် နှေးကွေးသွားကြောင်းသိရသည်။ ဂျပန်၏ ဂျီဒီပီမှာ ပြီးခဲ့သည့် သုံးလတာကာလအတွင်း ၀ဒဿမ၃ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ပထမလေးလပတ်တွင်မူ ၁ ရာခိုင်နှုန်းရှိခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၁ခုနှစ်၏ ဒုတိယလေးလပတ်ကာလနှင့် နှိုင်းယှဉ်မည်ဆိုပါက ဂျပန်စီးပွားရေး အရွယ်အစားမှာ ၁ဒဿမ၄ရာခိုင်နှုန်းဖြင့် ကြီးမားလာခဲ့သည်။

စီးပွားရေး လေ့လာဆန်းစစ်သူများကမူ လာမည့်လများအတွင်း ဂျပန်စီးပွားရေး တိုးတက်မှု နှေးကွေးနေဦးမည်ဖြစ်ကြောင်း၊ ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေးမှာ မရေရာမသေချာမှုများ ရှိနေကြောင်းခန့်မှန်းပြော ဆိုကြသည်။

"ပြည်တွင်းဝယ်လိုအားက အရှိန်လျော့ကျနေတယ်။ ပြည်ပတင်ပို့မှုကလည်း ဥရောပရဲ့ ကြွေးမြီအကျပ်အတည်းကြောင့် အားလျော့လာတယ် ဆို တော့ ဂျပန်စီးပွားရေးဟာ ဇူလိုင်ကနေ စက်တင်ဘာလအတွင်း တုံ့ဆိုင်းသလို ဖြစ်နေပါလိမ့်မယ်"ဟု တိုကျိုအခြေစိုက် Meiji Yasuda LifeInsurance မှ စီးပွားရေးပညာရှင် Yuichi. Kodamaကပြောကြားသည်။

အကြောင်းအရင်းမျိုးစုံ

ဂျပန်စီးပွားရေးသည် လတ်တလော အချိန်ကာလများအတွင်း အကြောင်းပေါင်းစုံကြောင့် ထိခိုက်နစ်နာလျက်ရှိသည်။ ဂျပန်ထုတ် ကုန်ပစ္စည်းများ အတွက် အကြီးမားဆုံးသောဈေးကွက်နှစ်ခု ဖြစ်သည့် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပတို့တွင်အကျပ်အတည်းများရှိနေခြင်းက ဂျပန်နိုင်ငံ၏ ပြည်ပ တင်ပို့မှု အခန်း ကဏ္ဍကို ထိခိုက်စေသည်။ အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးပြန်လည်နာလန်ထူမှုမှာ ယိုင်နဲ့နဲ့ အခြေအနေတွင်ရှိပြီး ဥရောပ ဇုန်မှာမူ ကြွေးမြီပြဿနာနှင့်ရင်ဆိုင်နေရသည်။

နောက်ဆုံးထွက်ရှိလာသော ကိန်းဂဏန်းများအရ ဒုတိယလေးလပတ်ကာလအတွင်း ပြည်ပ ဝယ်လိုအား ကျဆင်းမှုကြောင့် ဂျပန်ဂျီဒီပီမှာ ၀ ဒဿမ ၁ရာခိုင်နှုန်းလျော့ ကျသွားသည်။ တစ်ချိန်တည်းမှာပင် နိုင်ငံခြားတင်ပို့ရောင်းချမှုများ ကျဆင်းနေမှုကို ပြန်လည်မြင့်တက် လာရေး အတွက် ပြည်တွင်းစားသုံးမှုမြှင့်တင်ရန် မလွယ်ကူကြောင်း ဂျပန်စီးပွားရေးမူဝါဒချမှတ်သူများ တွေ့ရှိခဲ့ကြသည်။

အိမ်ထောင်စုတစ်ခု၏သုံးစွဲမှုနှင့် ပုဂ္ဂလိကစားသုံးမှုတို့မှာ ဒုတိယလေးလပတ်အတွင်း (ယမန်နှစ်အလားတူ ကာလကထက်) ၀ဒဿမ၁ရာခိုင်နှုန်း သာမြင့်တက်ခဲ့သည်။

"ပြည်ပဝယ်လိုအား လျော့နည်းလာပါလိမ့်မယ်။ပြည်တွင်း သုံးစွဲမှုနဲ့ အများပြည်သူနဲ့ဆိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာလည်းပြည်ပဝယ်လိုအား ပြန် လည်မြင့်တက်လာအောင် လုပ်ဆောင်မပေးနိုင်ဘူးဆိုတာ ကျွန်တော်တို့သိပါတယ်"ဟု Shinkin Asset Management Company မှစီးပွားရေးပညာရှင် Hiroshi Miyazaki ကပြောကြားသည်။

ထိုသို့ပြည်ပနှင့် ပြည်တွင်းဝယ်လိုအား နှေးကွေးလျော့ကျလာမှုက တိုးတက်မှုအမြန်ဆုံး ပြန်လည်မြင့်တက်လာစေမည့် လုပ်ဆောင်မှုများ ပြုလုပ် ရန် မူဝါဒချမှတ်သူများကို ဖိအားပေးသွားလိမ့်မည်ဖြစ်ကြောင်း လေ့လာဆန်းစစ်သူများက ဆိုသည်။

******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၂၁.၈.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ရိုဟင်ဂျာကိစ္စအပေါ် ဒေါ်အောင်ဆန်းစုကြည် အသံတိတ်နေသည့်အတွက်အနည်းငယ်ပြစ်တင်ဝေဖန်ခံလာရ

(AP သတင်းဌာနမှ 18 August 2012 ရက်စွဲပါ “Suu Kyi's silence on Rohingya draws rare criticism” သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

  1. ရခိုင်ပြည်နယ်မှ လတ်တလောတိုးတက်ဖြစ်ထွန်းမှုများ အပေါ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ၏ ထုတ်ပြန်ကြေညာ ချက်

(Zamboanga News မှ 17August 2012 ရက်စွဲပါ “Statement of Asean Foreign Ministers on the Recent Developments in Rakhine State,Myanmar” သတင်းကိုဘာသာပြန်ဆိုသည်။)

 

*****************************************

ဘာသာပြန်သတင်းများ

ရိုဟင်ဂျာကိစ္စအပေါ် ဒေါ်အောင်ဆန်းစုကြည် အသံတိတ်နေသည့်အတွက်အနည်းငယ် ပြစ်တင်ဝေဖန်ခံလာရ

(AP သတင်းဌာနမှ 18 August 2012 ရက်စွဲပါ Suu Kyi's silence on Rohingya draws rare criticism သတင်းဆောင်းပါးကိုဘာသာပြန်ဆိုသည်)

နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် အာဏာရှင်အစိုးရအုပ်ချုပ်သည့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသံ၊တစ်နည်းအားဖြင့် ပြည်သူ့အသံကို ကိုယ်စားပြုသောပုဂ္ဂိုလ်အဖြစ်သတ်မှတ်ခြင်းခံထားရသည်။

သို့သော် ယခုအခါတွင်မူဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စကားသံမထွက်လိုသော၊ဆွေးနွေးပြောဆိုမှု မပြုလုပ်လိုသော အရေးကိစ္စတစ်ခု ထွက် ပေါ်လာသည်ကို တွေ့ရသည်။ ယင်းမှာ ရခိုင်ပြည်နယ်တွင်းမှ မွတ်စလင် လူနည်းစုဖြစ်ကြသော ရိုဟင်ဂျာများ၏ ဘေးဒုက္ခနှင့်ပတ်သက်သည့် အရေးကိစ္စပင် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံတွင်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ပြဿနာများအတွက် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့သော ကြောင့် နိုဗယ်လ်ငြိမ်းချမ်းရေးဆု ရရှိခဲ့သလို တစ်ကမ္ဘာလုံး၏ အလေးပေးဂုဏ်ပြုမှုကို ရရှိခဲ့သည်။

သို့သော် ယခုရိုဟင်ဂျာ မွတ်စလင်လူနည်းစု၏ ဘေးဒုက္ခနှင့်ပတ်သက်၍ ရင်ဆိုင်ကြုံတွေ့လာရသောမေးခွန်းများကို တိုက်ရိုက်ဖြေဆိုမှုမပြုဘဲ ဝေ့ လည်ကြောင်ပတ် လုပ်နေခြင်းကြောင့် အနည်းငယ် အပြစ်တင် ဝေဖန်ခံလာရသည်။

လူ့အခွင့်အရေး အုပ်စုများကမူ ရိုဟင်ဂျာသည် ဗုဒ္ဓဘာသာဝင်များ ကြီးစိုးသော မြန်မာပြည်၌ အလွန်အမင်း ဖိနှိပ်အုပ်ချုပ်ခံနေရသည် ဟူသော ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်ကို ရည်ညွှန်းပြီး စိတ်ပျက်အားလျော့မိကြောင်း ပြောကြားသည်။

ရိုဟင်ဂျာများအပေါ် နာကြည်းမုန်းတီးမှုများ လျော့ကျသွားအောင်ကြိုးပမ်းရာ၌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လွန်စွာအရေး ပါသည့် အခန်း ကဏ္ဍမှ ပါဝင်နိုင်ကြောင်း၊ ထို့အတူ နိုင်ငံတကာအသိုင်းအဝိုင်းက ရိုဟင်ဂျာကိစ္စအပေါ် ပိုမိုအာရုံစိုက်လာအောင် ပြုလုပ်ရာတွင်လည်း သူမသည် အလွန် အရေးကြီးသည့်နေရာတွင်ရှိကြောင်း ယင်းလူ့အခွင့်အရေးအုပ်စုတို့က ပြောကြားသည်။

"နိုင်ငံရေးအရဆိုရင်တော့ ယခုရိုဟင်ဂျာကိစ္စကို ဖွင့်ဟပြောဆိုပေးတာကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမြတ်လုံးဝထွက်မှာ မဟုတ် ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့မူဝါဒတွေကို စွဲကိုင်ဖို့ကြိုးစားနေတဲ့ အတိုက်အခံသမားတစ်ယောက် မဟုတ်တော့ပါဘူး။ သူမဟာ နိုင်ငံရေးသမား ဖြစ်နေ ပါပြီ။ သူမရဲ့ စိတ်ထဲမှာ လာမယ့်၂၀၁၅ခုနှစ်ရွေးကောက်ပွဲမှာ ဗုဒ္ဓဘာသာဝင်အများစုဆီက မဲရရှိရေးဆိုတဲ့ အမြင်ပဲရှိပါတော့တယ်" ဟု London School of Economics မှ Visiting Fellow တစ်ဦးဖြစ်သူ မောင်ဇာနည်ကဆိုသည်။

ရိုဟင်ဂျာတို့၏ မျိုးဆက်အတော်များများသည်  မြန်မာနိုင်ငံ၌ နေထိုင်ခဲ့ကြသော်လည်း ၎င်းတို့မှာ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခြင်း မခံကြရပေ။ ကုလသမဂ္ဂ၏ အဆိုအရ မြန်မာနိုင်ငံရှိ ခန့်မှန်းခြေရိုဟင်ဂျာလူမျိုး ရှစ်သိန်းခန့်မှာ ကြီးမားလှသည့် ဖိနှိပ်ကန့်သတ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။ ၎င်းတို့အနေဖြင့် လက်ထပ်ထိမ်းမြားရာတွင် ခွင့်ပြုချက်ရရှိရန်လိုအပ်ပြီး ကလေးနှစ်ယောက်နှင့်အထက် ပိုယူ၍မရပေ။ အခြားသော ကျေးရွာများသို့ ခရီးသွား လာရာတွင်လည်း ခွင့်ပြုချက်ရယူရန်လိုသည်။

ရိုဟင်ဂျာများကို မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်လာသော တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအဖြစ် သတ်မှတ်သော်လည်း ဘင်္ဂလား ဒေ့ရှ်အစိုးရက နိုင်ငံသားအဖြစ် အသိအမှတ်မပြုပေ။ နိုင်ငံမဲ့ပြည်သူများအဖြစ်သာ ဘင်္ဂလားဒေ့ရှ်က လက်ခံထားသည်။

ဇွန်လအရောက်တွင် ရခိုင်ပြည်နယ်၌ ရိုဟင်ဂျာ မွတ်စလင်များနှင့် ရခိုင်ဗုဒ္ဓဘာသာဝင်များအကြား သွေးပေစွန်းသော ပဋိပက္ခကြီး ဖြစ်ပွားခဲ့သည်။ ပဋိပက္ခတွင် နှစ်ဖက်စလုံးကအပြန်အလှန် တိုက်ခိုက်ကြသည်။ အိမ်များနှင့်ကျေးရွာများကို မီးရှို့ဖျက်ဆီးပစ်ကြသည်။ လူ့အခွင့်အရေးအုပ်စုများ၏ ခန့်မှန်း ချက်အရ အဆိုပါဖြစ်ရပ်ကြောင့် လူပေါင်းတစ်သိန်းကျော်ခန့် ထွက်ပြေးပြောင်းရွှေ့ နေထိုင်ခဲ့ကြရသည်။

မြန်မာအစိုးရက ပဋိပက္ခတွင် လူပေါင်း(၇၈)ဦး သေဆုံးသည်ဟု ထုတ်ပြန်သော်လည်း လူ့အခွင့်အရေးအုပ်စုများက သေဆုံးသူဦးရေမှာ ထို့ထက်ပို လိမ့်မည်ဟုဆိုကြသည်။

လူ့အခွင့်အရေးအုပ်စုများက မြန်မာအစိုးရသည် ပဋိပက္ခရပ်ဆိုင်းအောင် အနည်းအကျဉ်းသာ လုပ်ဆောင်ပေးခဲ့ကြောင်း၊ ထို့နောက် လုံခြုံရေးတပ်ဖွဲ့ ဝင်များသည် ရိုဟင်ဂျာများကို အဓိကပစ်မှတ်ထားကာ သတ်ဖြတ်ခြင်း၊ မုဒိမ်းပြုကျင့်ခြင်း၊ အဆမတန်ဖမ်းဆီးခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကို လုပ်ဆောင် ခဲ့ကြောင်း စွပ်စွဲပြောဆိုသည်။

ကမ္ဘာကြီး၏ ယမ်းပုံမီးကျမှု အတော်များများသည် မွတ်စလင်ကမ္ဘာမှ လာသည်ဟုပင်ဆိုရမည်။ ဆော်ဒီအာရေဗျနိုင်ငံက မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ မွတ်စလင်များကို လူမျိုးတုံးသတ်ဖြတ်နေသည်ဟု စွပ်စွဲပြောဆိုသည်။

ဆော်ဒီဘုရင် အဗ္ပဒူလာက ရိုဟင်ဂျာများအတွက် ဒေါ်လာသန်း၅၀ လှူဒါန်းမည်ဖြစ်ကြောင်း ကြေညာသည်။ အင်ဒိုနီးရှားနှင့် ပါကစ္စတန်မှ သဘော ထားတင်းမာသော မွတ်စလင်များကမူ မြန်မာအစိုးရကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ကြသည်။

နိုင်ငံပေါင်း ၅၇ နိုင်ငံပါဝင်သောအစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC) က ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုများကို ပြစ်တင်ရှုတ်ချပြီးလာ မည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ၎င်းတို့အနေဖြင့် စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုမည်ဟုဆိုသည်။

သို့သော် အဆိုပါယမ်းပုံမီးကျမှုမှာ မြန်မာနယ်နိမိတ်အတွင်း၌သာ ရှိနေခြင်းဖြစ်သည်။ ရိုဟင်ဂျာ ဆန့်ကျင်ရေး အမျိုးသားရေး စိတ်ဓာတ်များက ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမြတ်တစ်ခုမှ မထွက်နိုင်သော အခြေအနေထဲသို့ ရောက်အောင်တွန်းပို့ထားသည်။ ရိုဟင်ဂျာအကြောင်းကို ထုတ်ဖော် ပြောဆိုမည်ဆိုပါက လူအများစုဖြစ်သော မြန်မာဗုဒ္ဓဘာသာဝင်တို့၏ ချစ်ခင်မြတ်နိုးမှုများ လျော့ကျမည့်အန္တရာယ်ရှိသလို မြန်မာအစိုးရကိုလည်း အမျက် ဒေါသ ထွက်စေမည်ဖြစ်သည်။ လက်ရှိအချိန်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏နိုင်ငံရေးပါတီတို့အနေဖြင့် ပါလီမန်လွှတ်တော်ထဲ ရောက်ရှိပြီးနောက် နိုင်ငံရေး အမြတ်အစွန်းထွက်အောင် ကြိုးပမ်းနေချိန်ဖြစ်သည်။

အကယ်၍ ရိုဟင်ဂျာကိစ္စအပေါ် ရေငုံနှုတ်ပိတ်နေမည် ဆိုပါကလည်း နေအိမ်အကျယ်ချုပ် ကျခံနေရသည့် နှစ်ပေါင်း ၁၅ နှစ်တာကာလတစ်လျှောက်ခိုင်ခိုင်မာမာ ကျောထောက်နောက်ခံပြုလာသူ ဒီမိုကရေစီရေးလှုပ်ရှားသူများအား ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဆန့်ကျင်ရာရောက်နိုင်သည်။ သို့သော် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအုပ်စုဝင် အများစုကမူ မဟတ္တမဂန္ဓီမျိုးဆက်သစ်ဟု တင်စားခေါ်ဆိုခံထားရသူ ဒေါ်အောင်ဆန်းစုကြည်အပေါ် တိုက်ရိုက်ဝေဖန် ပြောဆိုမှုများ မပြုလုပ်မိရန် သတိထားလျက်ရှိသည်။

လူ့ခွင့်အရေးအဖွဲ့တစ်ခုဖြစ်သော Human Rights Watch(HRW) မှ Phil Robertson ကမူ ရခိုင်ပြည်နယ် ပဋိပက္ခများဖြစ်ပွားပြီးနောက် ဥရောပ ဒေသသို့သမိုင်းဝင်ခရီးသွားခဲ့ရာ၌ အဆိုပါအရေးကိစ္စကို သူမအနေဖြင့် ထိပ်တိုင်ရင်ဆိုင်ပြောဆိုမှု မပြုလုပ်ခဲ့ခြင်းသည် "ကံဆိုးမိုးမှောင်ကျမှုတစ်ခု" ဖြစ်သည် ဟုဆိုသည်။

 ဂျနီဗာ၊ ဒတ်ဗလင်နှင့် ပါရီမြို့များတွင် သတင်းထောက်များနှင့် တွေ့ဆုံရာ၌ ရိုဟင်ဂျာကိစ္စကို တိုက်ရိုက်ပြောဆိုမှုမပြုဘဲ တရားဥပဒေစိုးမိုးရေး အရေးကြီးကြောင်းကိုသာ ပြောဆိုခဲ့သည်။ "ပြဿနာတွေရဲ့ဇာစ်မြစ်ကတော့ တရားဥပဒေစိုးမိုးမှု မရှိတာပါပဲ" ဟု ဒတ်ဗလင်မြို့တွင် နာမည်ကျော်အဆိုတော်

ဘိုနိုနှင့်အတူပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည်ကဆိုသည်။ “ရိုဟင်ဂျာများအား မြန်မာနိုင်ငံသားအဖြစ် လက်ခံသင့်လား၊ မသင့် ဘူးလား”ဟု မေးမြန်သောမေးခွန်းကို "ကျွန်မ မသိပါဘူး"ဟု ဖြေကြားသည်။

မြန်မာတိုင်းရင်းသားလူမျိုးစုများရေးရာကျွမ်းကျင်သူ၊ဘင်္ဂလားဒေ့ရှ်နိုင်ငံဖွား ကနေဒါအခြေစိုက်ပညာရှင် အဘစ်ဘဟာဆိုသူက ဒေါ်အောင်ဆန်းစု ကြည်အနေဖြင့် သူမ၏ခိုင်မာသော မူဝါဒများကို ထုတ်ဖော်ပြသမှုမပြုဘဲ နေသည့်အတွက် လွန်စွာအံ့သြတုန်လှုပ်မိသည် ဟုဆိုသည်။

"နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် တစ်ယောက်အနေနဲ့ အများကြီးလုပ်လို့ရတာတွေရှိပါတယ်။ လုပ်နိုင်တာတွေလည်းရှိတယ်။ လူသားချင်း စာနာ ထောက် ထားစရာကောင်းတဲ့ ကိစ္စအပေါ် လျစ်လျူရှုထားတယ်။ ယခုရိုဟင်ဂျာကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်သာ အဓိက မှီခိုအားကိုးလို့ရမယ့် ပုဂ္ဂိုလ်ဖြစ်တယ်လို့လည်း ကျွန်တော်ထင်ခဲ့တယ်"ဟု ၎င်းကဆိုသည်။

လက်ရှိအနေအထားတွင် မြန်မာသမ္မတဦးသိန်းစိန်၏ ထင်ပေါ်ကျော်ကြားမှုမှာ ရခိုင်ပဋိပက္ခအပေါ် နှိမ်နင်းဖြိုခွင်းမှုများ ပြုလုပ်ပြီးကတည်းက ပိုမို ကြီးမားလာသည်ဟု လေ့လာဆန်းစစ်သူများကဆိုသည်။ ရိုဟင်ဂျာများကို တခြားနိုင်ငံတစ်နိုင်ငံသို့ ပို့လွှတ်ရမည်ဟူသော ဦးသိန်းစိန်၏ပြောဆိုမှုနောက် ကွယ်တွင် မြန်မာဗုဒ္ဓဘာသာဝင်အများစု၏ တွန်းအားများ ပါဝင်ပေလိမ့်မည်။ သို့သော် ဦးသိန်းစိန်၏အဆိုကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ပယ်ချခဲ့သည်။

"ယခုကိစ္စဟာ ဒီမိုကရေစီဖော်ဆောင်နေတဲ့ ကျွန်တော်တို့တိုင်းပြည်အတွက် မျှော်လင့်မထားတဲ့ အခက်အခဲတစ်ခုဖြစ်ပါတယ်" ဟု ဗွီအိုအေ အမေ ရိကန်အသံ သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဦးသိန်းစိန်ကပြောဆိုသည်။ မွတ်စလင်နိုင်ငံများ၏ စွပ်စွဲချက်ဖြစ်သော မြန်မာပြည်တွင် လူမျိုးဖြုတ် သတ်ဖြတ်မှုများ ပြုလုပ်နေသည်ဟူသော ကိစ္စကိုလည်း ဦးသိန်းစိန်က ငြင်းပယ်ခဲ့သည်။

အင်တာနက်အွန်လိုင်းတွင် ထွက်ပေါ်နေသော လူသေအလောင်းများပါဝင်သည့် ဓာတ်ပုံများမှာ ရခိုင်ပြည်နယ် ပဋိပက္ခမှဓာတ်ပုံများ မဟုတ် ကြောင်း၊ အခြားနိုင်ငံတစ်နိုင်ငံတွင် ဖြစ်ပွားသည့် ဓာတ်ပုံများသာ ဖြစ်နိုင်ကြောင်း ဦးသိန်းစိန်ကဆိုသည်။

ဦးသိန်းစိန်သည် သူ၏များစွာသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကြောင့် ပြည်တွင်း၊ ပြည်ပမှ ချီးမွမ်းပြောဆိုခြင်း ခံထားရသူဖြစ်သည်။ သို့သော်လည်း ရခိုင်ပြည်နယ်အရေးကိစ္စကိုကြည့်လျှင် မြန်မာနိုင်ငံအနေဖြင့် ခရီးရှည်ကြီး လျှောက်လှမ်းရဦးမည်ဟူသော အချက်ကို မြင်တွေ့နိုင်သည်ဟု ကုလသမဂ္ဂက မှတ်ချက်ပေးသည်။

--------------------------------------------------------------------------------------------------------------------------------

ရခိုင်ပြည်နယ်မှ လတ်တလောတိုးတက်ဖြစ်ထွန်းမှုများ အပေါ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ထုတ်ပြန်ကြေညာချက်

(Zamboanga News မှ 17August 2012 ရက်စွဲပါ “Statement of Asean Foreign Ministers on the Recent Developments in Rakhine State,Myanmar” သတင်းကိုဘာသာပြန်ဆိုသည်။)

ဖနွမ်းပင်မြို့တော်၌ အစည်းအဝေးကျင်းပကာ တိုင်ပင်ညှိနှိုင်းမှုများ ပြုလုပ်အပြီးတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက အောက်ပါကြေညာချက် ကို ထုတ်ပြန်သည်။

(၁) အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများက မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ဒီမိုကရေစီကူးပြောင်းရေးဖြစ်စဉ်အပေါ် အင်တိုက်အားတိုက် ထောက်ခံမှုကို ထပ်မံအတည်ပြုသည်။ ထိုသို့အပြုသဘောဆောင်သော ကိစ္စနှင့်ပတ်သက်၍ ၂၀၁၂မေ၂၈နှင့် ၂၀၁၂ဇွန်၃ရက်တွင် ဖြစ်ပွားသော ရခိုင်ပြည်နယ်တွင် လတ်တလောတိုးတက်ဖြစ်ပေါ်မှုများကို အာဆီယံနိုင်ငံခြားရေးဝန်ကြီများ က မျက်ခြည်မပျက် လေ့လာလျက်ရှိသည်။

(၂) ဒုက္ခရောက်နေသော ပြည်သူများ၊ အသိုင်းအဝိုင်းများ၏ လူသားချင်စာနာမှုဆိုင်ရာ လိုအပ်ချက်များကို ဖြေရှင်းပေးရာတွင် ကုလအေဂျင်စီများ အင်ဂျီအို များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း အပါအဝင် မြန်မာအစိုးရ၏ ပြည်တွင်းရေးကိစ္စ ကိုင်တွယ်ဆောင်ရွက်ချက်များကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ကြို ဆိုသည်။

(၃)ရခိုင်ပြည်နယ်၌ လူသားချင်းစာနာသော အကူအညီပေးရေးကိစ္စကို ဆောင်ရွက်ရာတွင် လိုအပ်သော ထောက်ခံပံ့ပိုးမှုပေးကြရန် မြန်မာအစိုးရက တောင်း ဆိုထားခြင်းနှင့် ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက အဆင်သင့်ရှိကြောင်း ထုတ်ပြန်သည်။

(၄) မြန်မာနိုင်ငံရှိ စုံလင်သော လူမျိုးအသိုင်းအဝိုင်းများအကြား အမျိုးသားစည်းလုံးမှုနှင့် အဆင်ပြေညီညွတ်မှုရှိအောင် အားပေးမြှင့်တင်ခြင်းသည် လက်ရှိ ဒီမိုကရေစီကူးပြောင်းခြင်းနှင့် ပြုပြင်ပြောင်းလဲခြင်းလုပ်ငန်းစဉ်တွင် အဓိကအစိတ်အပိုင်းအဖြစ် ပါဝင်သည်ဆိုသော အချက်ကို အာဆီယံနိုင်ငံခြားရေး ဝန်ကြီး များက မီးမောင်းထိုး၍ ထပ်မံတောင်းဆိုသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီ အသွင်ကူးပြောင်းခြင်းလုပ်ငန်းစဉ်မှ နောက်ပြန်မလှည့်ဟူသော ကတိကဝတ်ကို မပြောင်းမလဲ စောင့်ထိန်းလိမ့်မည်ဟု အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက မျှော်လင့်ယုံကြည် စိတ်ချထားကြောင်း အလေးထား ထုတ်ဖော်ပြောကြားသည်။

************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive