Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၂၈.၈.၂၀၁၂

ဘာသာပြန်သတင်းများ

  1. အစိုးရအဖွဲ့တွင်း ရာထူးပြောင်းလဲခန့်အပ်မှုများ သမ္မတဦးသိန်းစိန်ပြုလုပ်

(People Daily China မှ 28 August 2012 ရက်စွဲပါ Myanmar announces cabinet reshuffle ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာအစိုးရအဖွဲ့ ရာထူးနေရာပြင်ဆင်မှုတွင် ပြုပြင်ပြောင်းလဲရေးသမားများ အားကောင်းလာ

(Reuters Newsမှ 28August 2012 ရက်စွဲပါ “Myanmar reformers get boost in Cabinet shake-up” သတင်းကို ဘာသာပြန်ဆိုသည်။)

  1. လူမျိုးရေးအကြမ်ဖက်မှုမဟုတ်ဟု မြန်မာဆို

(Egypt Independent News မှ 27 August 2012ရက်စွဲပါ “No ethnic violence here, claims Myanmar” သတင်းကိုဘာသာပြန်ဆိုသည်)

  1. မြန်မာပြည်တွင်း တင်းမာမှုများကို အကူအညီပေးလျှော့ချသွားရန်အသင့်ရှိဟု အီရန် ပြောကြား

(ISNA သတင်းဌာနမှ Saleihi says Iran ready to help reduce Myanmar tensions ကိုဘာသာပြန်ဆိုသည်

  1. အာဆီယံ ဆန်ထုတ်လုပ်သော ငါးနိုင်ငံ မဟာမိတ်ပြုရေး လက်မှတ်ရေးထိုးရန် ပြင်ဆင်

(23 August 2012 ရက်စွဲပါ Bangkok Post သတင်းစာမှ “Five ink deal to form rice cartel” ကိုဘာသာပြန်ဆိုသည်)

 *****************************************

ဘာသာပြန်သတင်းများ

အစိုးရအဖွဲ့တွင်း ရာထူးပြောင်းလဲခန့်အပ်မှုများ သမ္မတဦးသိန်းစိန်ပြုလုပ်

(People Daily China မှ 28 August 2012 ရက်စွဲပါ “Myanmar announces cabinet reshuffle” ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်သည် သြဂုတ်လ ၂၈ ရက်နေ့တွင် ပြည်ထောင်စုအဆင့်ရှိသော ဝန်ကြီးများအား ရာထူးပြောင်းလဲ ခန့်အပ်လိုက် ကြောင်း သမ္မတရုံး၏ ထုတ်ပြန်ချက်ကို နိုင်ငံပိုင် မီဒီယာများက ရေးသားဖော်ပြသည်။

ယခင် စက်မှုဝန်ကြီးဌာန ဝန်ကြီးဦးစိုးသိန်း၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီးဦးအောင်မင်း၊ ဘဏ္ဍာနှင့် အခွန်ဝန်ကြီးဌာန ဝန်ကြီးဦးလှထွန်း နှင့် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနဝန်ကြီး ဦးတင်နိုင်သိန်းတို့အား သမ္မတရုံးဝန်ကြီးဌာန ဝန်ကြီးများဖြစ် ပြောင်းလဲခန့် အပ်လိုက် သည်။

ယခင်အလုပ်သမားဝန်ကြီးနှင့် လူမှုဖူလုံရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဦးအောင်ကြည်ကို ပြန်ကြားရေးဝန်ကြီး အဖြစ် လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကိုမူ သမဝါယမဝန်ကြီး အဖြစ်လည်းကောင်း ပြောင်းလဲခန့်အပ်လိုက်သည်။

ယခင် သမဝါယမဝန်ကြီးဌာနနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနနှစ်ခုတွင် ဝန်ကြီးတာဝန်ယူထားသော ဦးအုန်းမြင့်အား မွေးမြူရေးနှင့် ရေ လုပ်ငန်း ဝန်ကြီးအဖြစ် ခန့်အပ်လိုက်သည်။ ယခင် သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးအေးမြင့်အား စက်မှုဝန်ကြီးအဖြစ်ခန့်လည်းကောင်း၊ ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာနနှင့် အားကစားဝန်ကြီးဌာန နှစ်ခုတွင် ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သော ဦးတင့်ဆန်းအား အားကစားဝန်ကြီး အဖြစ်လည်းကောင်း ခန့်အပ် လိုက်သည်။ ယခုလုပ်ရပ်သည် ၂၀၁၁ ခုနှစ်တွင် အာဏာရရှိခဲ့သည့် မြန်မာအရပ်ဘက် အစိုးရအဖွဲ့ခေါင်းဆောင် သမ္မတဦးသိန်းစိန်၏ အရေးပါသော ရာထူး ရွှေ့ပြောင်းခန့်အပ်မှုကြီး တစ်ရပ်ဖြစ်ကြောင်း သိရသည်။

---------------------------------------------------------------------------------------------------------------------

မြန်မာအစိုးရအဖွဲ့ ရာထူးနေရာပြင်ဆင်မှုတွင် ပြုပြင်ပြောင်းလဲရေးသမားများ အားကောင်းလာ

(Reuters Newsမှ 28August 2012 ရက်စွဲပါ “Myanmar reformers get boost in Cabinet shake-up” သတင်းကို ဘာသာပြန်ဆိုသည်။)

ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ကြသော အစိုးရအဖွဲ့မှ နေရာပြန်ချထားမှု အစီအစဉ်ကို  သမ္မတဦးသိန်းစိန် ကမနေ့က ကြေညာလိုက်ပြီး ၎င်း၏ထိပ်တန်း ပြုပြင်ပြောင်းလဲရေးသမားများကို သော့ချက်ကျသည့် နေရာများသို့ပို့ကာ ယခင် အစိုးရဟောင်း၏ အကြွင်းအကျန် ဝါဒီများကို နေရာရွှေ့ပြောင်းမှု ပြုလုပ် လိုက်သည်။

သမ္မတ၏ ရင်းနှီးသော လုပ်ဖော်ကို်င်ဖက်များ ဖြစ်ကြသည့် စက်မှုဝန်ကြီး ဦးစိုးသိန်း ၊အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဦးတင်နိုင်သိန်း၊ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းတို့ကို သမ္မရုံးဝန်ကြီးများအဖြစ် နေရာပေးလိုက်ခြင်းသည် စစ်အုပ်ချုပ်ရေး ပြည်ဖုံးကားချချိန်တွင် ပြုပြင် ပြောင်းလဲမှုများ မြန်ဆန်လာအောင် အားပေးရန် ကြိုးပမ်းမှုဖြစ်သည်ဟု ယူဆရသည်။

နှစ်ပေါင်းအတန်ကြာ ကြိုတင်မျှော်လင့်နေခဲ့ကြသော ဝန်ကြီး၉ပါး ပြောင်းရွှေ့အစီအစဉ်ကို နိုင်ငံပိုင်ရုပ်သံက ကြေညာလိုက်ပြီဖြစ်ရာ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်း၊ မီဒီယာဆင်ဆာ ဖျက်သိမ်းခြင်း၊ စီးပွားရေး အပြောင်းအလဲများ မိတ်ဆက်ခြင်းတို့ဖြင့် ကမ္ဘာကို အံ့အားသင့်စေခဲ့သူ တပ်မတော် ထိပ်တန်းဗိုလ်ချုပ်ကြီးဟောင်း တစ်ဖြစ်လဲ သမ္မတဦးသိန်းစိန်၏ ခိုင်မာသော အချက်ပြမှုတစ်ခုဟု ရှုမြင်ကြသည်။

အနားယူသွားပြီဟုဆိုသော ယခင်အကြီးအကဲဟောင်း ဦးသန်းရွှေနှင့် နီးစပ်သည်ဟု ယုံကြည်ရသော ဝန်ကြီးနှစ်ပါးကိုမူ အရေးမပါသော ဝန်ကြီး ဌာနများသို့ ရွှေ့ပြောင်းလိုက်သည်။

ယခင် ရထားဝန်ကြီးဟောင်း ဦးအောင်မင်း ယခုသမ္မတရုံးဝန်ကြီး ဖြစ်လာခြင်းသည် ၎င်းဆောင်ရွက်နေသော အပစ်ရပ် တိုင်းရင်းသားတပ်ဖွဲ့ များနှင့် နိုင်ငံရေး စေ့စပ်ညှိနှိုင်းမှုများကို အောင်မြင်အောင် လွတ်လပ်စွာ လုပ်ကိုင်ခွင့် ရလာပါလိမ့်မည်။

ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းမှာမူ သယံဇာတကြွယ်ဝ၍ မဟာဗျူဟာမြောက် နေရာကောင်း တွင် တည်ရှိသော်လည်း စီးပွားရေး ပြိုလဲ နေသော နိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ကာ  အထူးစီးပွားရေးဇုန်များ ဖန်တီးမည့် ကြိုးပမ်းမှုများတွင် အဓိကကျသူ ဖြစ်လာမည်ဟု ယူဆ ကြသည်။

သမ္မတ၏ အတွင်းစည်းထဲသို့ ယခင်ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်းလည်း ပါဝင်လာသည်။ ၎င်းတို့၏ လစ်လပ်နေရာ များကိုမူ မနေ့က ကြေညာချက် တွင် အစားထိုးခြင်း မရှိသေးပါ။

အမည်လိုသော သမ္မတ၏ အကြံပေးတစ်ဦးက “ယခုနေရာ ပြန်လည်ချထားမှုသည် လူမှန်နေရာမှန် ရောက်အောင် ပို့ပေးခြင်းဖြစ်ပြီး အစိုးရ အဖွဲ့အား ပိုမို၍ အားကောင်း၍ ထိရောက်မှုရှိအောင် ရည်ရွယ်ခြင်းဖြစ်သည်”ဟု ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။

မနေ့က ကြေညာချက်မှ ဒုတိယဝန်ကြီး ၁၅ဦး ခန့်အပ်မှုတွင် အမျိုးသမီး၎ဦး နှင့်သမ္မတ၏ အကြံပေး(၃)ဦးတို့ ပါဝင်လာသည်။ ဒေါ်အောင်ဆန်းစု ကြည် အကျယ်ချုပ် ထိန်းသိမ်းခံရစဉ် ကာလတွင်  အစိုးရကိုယ်စားလှယ်အဖြစ် ညှိနှိုင်းရေး တာဝန်ယူရသူ ဦးအောင်ကြည်မှာမူ ပြန်ကြားရေးဝန်ကြီး ဖြစ်လာကာ ဦးကျော်ဆန်းခေတ်အလွန် တစ်ခေတ်ဆန်းလာမည့်  မီဒီယာလောကကို ကြီးကြပ်ရမည်ဖြစ်သည်။

ယခင်အကြီးအကဲဟောင်း ဦးသန်းရွှေ၏ သစ္စာခံတစ်ဦးဟု ယုံကြည်ရသော ဦးကျော်ဆန်းမှာမူ နှစ်ပေါင်းများစွာ ချုပ်ကိုင်လာခဲ့သော ပြန်ကြားရေး ဝန်ကြီးဌာနမှ သမဝါယမဝန်ကြီးဌာနသို့ ပြောင်းရွှေ့ရတော့မည်ဖြစ်သည်။

တပ်မတော် အကြီးအကဲဟောင်းနှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးတင့်ဆန်းမှာမူ လက်ရှိတာဝန်ယူထားသော နှစ်နေရာ အနက်မှ အစိုးရက နယ်ပယ်ချဲ့ထွင်တော့မည့်  ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးနေရာကို ဖယ်ပေးလိုက်ရပြီး အားကစားဝန်ကြီးဌာန တစ်ခုတည်းကိုသာ ကိုင်တွယ်ရတော့မည် ဖြစ်သည်။

---------------------------------------------------------------------------------------------------------------------

လူမျိုးရေးအကြမ်းဖက်မှုမဟုတ်ဟု မြန်မာဆို

(Egypt Independent News မှ 27 August 2012ရက်စွဲပါ “No ethnic violence here, claims Myanmar” သတင်းကိုဘာသာပြန်ဆိုသည်)

ကိုင်ရိုရှိ မြန်မာသံရုံးက နိုင်ငံသားမွတ်စလင်များအပေါ် မုန်းတီးရေး အခြေခံအကြမ်းဖက်မှုများ ကျူးလွန်ခြင်း မရှိကြောင်း အခိုင်အမာ ပြောကြား လိုက်ပြီး ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာ မွတ်စလင်များအပေါ် အစိုးရက လူ့အခွင့်အခွင့်အရေး ညှင်းပန်းနှိပ်စက်မှုများ ကျူးလွန်နေသည်ဟူသော စွပ်စွဲချက်များကိုလည်း ငြင်းဆိုလိုက်သည်။

လူမျိုးရေး အကြမ်းဖက်မှုဟု စွပ်စွဲထားသော နိုင်ငံခြားခေါင်းဆောင်များ၏ ကြေညာချက်များသည် နိုင်ငံခြားသတင်းဌာနများက ထုတ်ပြန်သော သတင်းအမှားများ အပေါ်တွင် အခြေပြု ကိုးကားထားခြင်းဖြစ်သည်ဟု တနလာင်္နေ့က ကြေညာချက်တွင် မြန်မာသံရုံးက အခိုင်အမာပြောကြားသည်။

မကြာသေးမီက ဖြစ်ပွားခဲ့သော အကြမ်းဖက် ဖြစ်ရပ်များသည် လူမျိုးရေးပြဿနာများ၊ အဆင့်တန်း ပြဿနာများနှင့်သာ ဆက်နွယ်နေသည်ဟု မြန်မာသံရုံး၏ ကြေညာချက်တွင် ဖော်ပြထားသည်။ အဆိုပါအကြမ်းဖက်မှု အဓိကရုဏ်း ဖြစ်ပွားမှုကြောင့်  မွတ်စလင်၅၇ဦး အပါအဝင်၈၈ဦး သေဆုံးခဲ့ရ သည်။

“မြန်မာနိုင်ငံသည် ဥပဒေ၏ ပကတိတရားကို ခိုင်ခိုင်မြဲမြဲ ဖမ်းဆုပ်ထားပြီး လက်ရှိအချိန်တွင် နယ်မြေအနေထား မှာငြိမ်းချမ်းနေပြီဖြစ်သည်။ အကြမ်းဖက် အဓိကရုဏ်း ဘေးဒဏ်သင့်သူများကို ကူညီရန်အတွက် အစိုးရနှင့်နိုင်ငံတကာ အသိုင်းအဝိုင်းတို့ အနီးကပ် ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငငံတကာ ကယ်ဆေးရေး အထောက်ပံ့များကိုလည်း ကြိုဆို၍ မျှမျှတတဖြန့်ဝေပေးနေသည်”ဟု မြန်မာသံရုံးက ကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်။

ရခိုင်ဗုဒ္ဓဘာသာ မိန်းကလေးတစ်ဦးကို မွတ်စလင် ၃ဦးက အဓမ္မပြုကျင့် သတ်ဖြတ်မှုအပေါ် လက်စားချေ တုန့်ပြန်သည့် အနေဖြင့် မြန်မာနိုင်ငံ အနောက်ပိုင်း ရိုဟင်ဂျာမူစလင်များ ကိုဒေသခံ ဗုဒ္ဓဘာသာရခိုင်များက သတ်ဖြတ်မှုများ ဖြစ်ပွားနေခြင်းကို ကန့်ကွက်သည့်အနေဖြင့် ဇူလိုင်လက  အစောပိုင်း တွင် ကိုင်ရို မြန်မာသံရုံး အပြင်ဘက်၌ အီဂျစ်လူမျိုးများက ဆန္ဒပြခဲ့ကြသည်။

--------------------------------------------------------------------------------------------------------------------------------

မြန်မာပြည်တွင်း တင်းမာမှုများကို အကူအညီပေး လျှော့ချသွားရန် အသင့်ရှိဟု အီရန်ပြောကြား

(ISNA သတင်းဌာနမှ “Saleihi says Iran ready to help reduce Myanmar tensions” ကိုဘာသာပြန်ဆိုသည်

အီရန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင်းမှ မွတ်စလင်များ၏ အခြေအနေနှင့် ပတ်သက်၍ စိုးရိမ်ပူပန်လျက်ရှိပြီး တိုင်းပြည်တွင် ဖြစ်ပေါ်နေသော တိုင်းရင်းသား လူမျိုးရေးဆိုင်ရာ တင်းမာမှုများကို လျှော့ချနိုင်ရေးအတွက် အကူအညီပေးရန် အသင့်ရှိသည်ဟု နိုင်ငံခြားရေးဝန်ကြီး အလီအက်က ဘာစလင်း က ပြောကြားကြောင်း အီရန်သတင်းဌာISNAက ရေးသားသည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံရာတွင် မစ္စတာ အလီအက်ကဘာစလင်းက "မြန်မာနိုင်ငံသို့ လူသားချင်း စာနာထောက် ထားသော အကူအညီများပေးပို့ရန် မိမိတို့အနေဖြင့် အသင့်ရှိကြောင်း၊ မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေသော တိုင်းရင်းသားလူမျိုးစု ပဋိပက္ခများနှင့် တင်းမာမှုများ ကိုလျှော့ချရာတွင် တီဟီရန် အစိုးရက မိမိတို့၏ လွှမ်မိုးမှုဖြင့် အကူအညီပေးလိုကြောင်း ပြောကြားသည်။

"မြန်မာမွတ်စလင်တွေရဲ့ ဒုက္ခရောက်မှုနဲ့ လတ်တလော ပဋိပက္ခတွေကြောင့် မွတ်စလင်ကမ္ဘာမှာ အများပြည်သူတွေရဲ့ သဘောထားအမြင်တွေဟာ ဝမ်းနည်းကြေကွဲမှုတွေ အလွန်အမင်း လွှမ်းမိုးနေပါတယ်" ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ဗုဒ္ဓဘာသာဝင်များ ကြီးစိုးသော မြန်မာနိုင်ငံ အစိုးရက ရိုဟင်ဂျာ မွတ်စလင်များကို နိုင်ငံသားအဖြစ် အသိအမှတ်မပြုဘဲ တရားမဝင် ဝင်ရောက်လာ သူများအဖြစ် သတ်မှတ်ထားသည်။ သို့သော် ရိုဟင်ဂျာများမှာပါရှင်၊ တူရကီ၊ ဘင်္ဂါလီနှင့် ပသီအနွယ်များ ဖြစ်ကြပြီး မြန်မာနိုင်ငံတွင် နှစ်ကာလကြာမြင့်စွာ နေထိုင်ခဲ့သူများဖြစ်ကြောင်း၊ ၎င်းတို့သည် ၁၈ ရာစုအစောပိုင်း လောက်ကတည်းက မြန်မာနိုင်ငံသို့ ပြောင်းရွှေ့နေထိုင် ခဲ့ကြသူများဖြစ်ကြောင်း အဆိုရှိသည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မိမိတို့နိုင်ငံအနေဖြင့် တိုင်းရင်းသား လူမျိုးစုအားလုံး၏ အခွင့်အရေးများကို အလေးထားပါကြောင်း၊ မွတ်စလင်များအပေါ် ခွဲခြားဆက်ဆံမှု မပြုလုပ်ပါကြောင်း အီရန်နိုင်ငံခြားရေး ဝန်ကြီးအား ပြောကြားသည်။ အီရန်နှင့် မြန်မာနိုင်ငံခြားရေး ဝန်ကြီးနှစ်ဦးသည် ဆွေးနွေးပွဲတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် အကျိုးတူကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ဦးဝဏ္ဏမောင်လွင်သည် ဘက်မလိုက်လှုပ်ရှားမှု ဆွေးနွေးပွဲတက်ရောက်ရန် အီရန်နိုင်ငံ၊ တီဟီရန် မြို့တော်သို့ သြဂုတ်လ ၂၆ရက်နေ့တွင်ရောက် ရှိသည်။

--------------------------------------------------------------------------------------------------------------------------------

အာဆီယံ ဆန်ထုတ်လုပ်သော ငါးနိုင်ငံ မဟာမိတ်ပြုရေး လက်မှတ်ရေးထိုးရန် ပြင်ဆင်

(23 August 2012 ရက်စွဲပါ Bangkok Post သတင်းစာမှ “Five ink deal to form rice cartel” ကိုဘာသာပြန်ဆိုသည်)

အာဆီယံမှ ဆန်ထုတ်လုပ်သော နိုင်ငံငါးနိုင်ငံသည် ဒေသတွင်း မဟာမိတ်အဖြစ် ပူးပေါင်းလျက်ရှိပါသည်။ ထားရှိသော ရည်မှန်းချက်မှာ တစ်နှစ် လျှင် ဆန်ဈေးနှုန်း ၁၀ရာခိုင်နှုန်းစီ မြှင့်တင်သွားရန်ဖြစ်သည်။

ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မြန်မာနှင့် လာအိုနိုင်ငံတို့မှ ကုန်သွယ်ရေးဝန်ကြီးများသည် ယခုနှစ်နှောင်းပိုင်းတွင် အာဆီယံဆန် ဖက်ဒရေး ရှင်းထူထောင်နိုင်ရေးအတွက် သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရန် စီစဉ်လျက်ရှိကြောင်း ကူးသန်းရောင်းဝယ်ရေး အမြဲတမ်းအတွင်းဝန် Yanyong Phuangrachက ပြောကြားသည်။

ယခု လုပ်ဆောင်မှုမှာ တစ်နှစ်လျှင် ဆန်တန်ချိန် သန်း ၂၀ တင်ပို့သော ဒေသတွင်း၏ ပထမဆုံး ပူးပေါင်းဆောင်ရွက်မှု ဖြစ်ကြောင်းMr Yanyong ကပြောကြားသည်။ ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် ဆန်ဈေးနှုန်းမြှင့်တင်ရာတွင် အထောက်အကူ ရနိုင်မည်ဖြစ်သလို ဆန်သည်မရှိမဖြစ် လိုအပ်ချက်ဖြစ်ပြီး ၎င်းတို့၏ အဓိကဝင်ငွေရလမ်း တစ်ခုဖြစ်သည်ဆိုသော အချက်ကိုလည်း အားလုံးကသဘောတူညီကြသည်။

ဆန်ဈေးနှုန်းကို တစ်နှစ်လျင် ၁၀ ရာခိုင်နှုန်းမြှင့်တင်ခြင်းသည် လက်ခံနိုင်ဖွယ်ရှိပြီး စားသုံးသူများ အပေါ်လည်း ကြီးမားသော   အကျိုးသက်ရောက် မှု ရှိလိမ့်မည် မဟုတ်ကြောင်း ၎င်းကဆိုသည်။

"ယခုပူးပေါင်းဆောင်ရွက်မှုဟာ ဆန်ဈေးနှုန်း တည်ငြိမ်နိုင်ပြီး ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံရေးကိုလည်း သေချာစေမှာဖြစ်ပါတယ်" ဟု သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းကပြောဆိုသည်။

သို့သော် ထိုင်းနိုင်ငံ၏ ဆန်ပို့ကုန်အသင်းမှ ဥက္ကဌ Karbsook Iamsuri က မေးခွန်းထုတ်ရာတွင် ဆန်ဈေးနှုန်း ၁၀ရာခိုင်နှုန်းစီ မြှင့်တင်ရေးဟူသော ရည်မှန်းချက်မှာ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်ကဲ့သို့သော အဓိကဖောက်သည် အာဆီယံအဖွဲ့ဝင်များ၏ အကျိုးစီးပွားအား ပဋိပက္ခဖြစ်စေမည်ကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။ သူ၏အမြင်တွင် ဖက်ဒရေးရှင်းအနေဖြင့် ထုတ်လုပ်မှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်ဆိုင်ရာ လိုက်ရောညီထွေမှုရှိစေမည့် စိုက်ပျိုး ရေးကို အလေးပါမည်ဆိုပါက ပိုမိုကောင်းမွန်မည်ဟု ထင်မြင်ကြောင်း ပြောကြားသည်။

ထိုင်းနိုင်ငံသည် ကမ္ဘာ့ဆန်တင်ပို့သူများကို နှစ်ပေါင်း၅၀ခန့် ဦးဆောင်နေခဲ့ပြီး ယခုနှစ်တွင် ဆန်တန်ချိန် ၆ဒဿမ၅သန်း တင်ပို့ရန် ရည်မှန်းထား ကြောင်း၊ ထိုင်း၏အနောက်တွင် ဗီယက်နမ်နှင့် အိန္ဒိယတို့ရှိနေကြောင်း အမေရိကန်ပြည်ထောင်စု၏ ကိန်းဂဏန်း အချက်အလက်များအရသိရသည်။

တစ်နှစ်လျှင်ဆန်တန်ချိန် တစ်သန်းခန့်ထုတ်လုပ်သော ကမ္ဘောဒီးယားနိုင်ငံက ထိုင်းနိုင်ငံ၏ ဆန်ဈေးနှုန်းကို စံအဖြစ်အသုံးပြုပြီး ၎င်း၏ ဆန်ရောင်း ဝယ်မှု ဝင်ငွေတိုးရန် ဆန္ဒရှိနေကြောင်း Mr Yanyongကပြောကြားသည်။ ဖက်ဒရေးရှင်း တည်ထောင်ပြီးပါက ပရီမီယံဆန်အဖြူ ဈေးနှုန်းကို ယခုတစ်နှစ်လျှင် ဒေါ်လာ၅၈၀-၆၀၀ရှိရာမှ ၆၆၀ဒေါ်လာအထိ မြှင့်တင်နိုင်လိမ့်မည်ဟု ၎င်းကခန့်မှန်းသည်။

ထိုင်းနိုင်ငံသည် ၎င်း၏နယ်စပ်များတွင် လွတ်လပ်သော ကုန်သွယ်မှုဇုန်များ ယခုနှစ်ကုန်လောက်တွင် ဖွင့်လှစ်ရန် စီစဉ်လျက်ရှိသည်။ ဆန်တင်ပို့နိုင် ရန် ဆန်စက်များ၊ သန့်စင်ရေး လုပ်ငန်းစဉ်များနှင့် သိုလှောင်ရုံများ နည်းပါးသည့် အိမ်နီးချင်းနိုင်ငံများအတွက် လုပ်ဆောင်ပေးရန်ဖြစ်သည်။

Mr Yanyong ကပြောကြားရာတွင် ထိုင်းနှင့် ကမ္ဘောဒီးယား ဆွေးနွေးမှု၌ ထိုင်း-ကမ္ဘောဒီးယား ကုန်သွယ်ရေးဇုန် ထူထောင်ရေးလည်း ပါဝင်သည်ဟု ဆိုသည်။ ထိုင်းနိုင်ငံ သည် ကမ္ဘောဒီးယားမှ ထွက်ရှိသော စပါးကိုတင်သွင်း၍ ဆန်အဖြစ်ပြန်လည် တင်ပို့ရန် သန့်စင်မည်ဖြစ်သည်။ သို့မှသာ ဆန်ဈေးမြှင့် တင်နိုင်မည် ဖြစ်သည်။

"ဒီလိုအစီအစဉ်မျိုးကို မြန်မာနယ်စပ်မှာ လုပ်ဆောင်ဖို့ အစီအစဉ်ရှိပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံက ကမ္ဘောဒီးယားထက် စပါးပိုစိုက်ပါ တယ်"ဟု Mr Yonyongကပြောကြားသည်။

၎င်းက ဆန်ဈေးတိုးမြှင့်ရန် စီမံကိန်း ရေးဆွဲလျက်ရှိသည်။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံများတွင် သဘာဝ ဘေးအန္တရာယ် ကျရောက်လျက် ရှိခြင်း ကြောင့်ဟု ဆိုသည်။

အမေရိကန် စိုက်ပျိုးရေးဌာနသည် ကမ္ဘာ့ဆန်ထုတ်လုပ်မှု ခန့်မှန်းချက်များကို တန်ချိန်၄၆၅သန်းမှ တန်ချိန် ၄၆၃သန်းသို့ လျှော့ချခန့်မှန်းရန် ပြန်လည်သုံးသပ်ခဲ့ခြင်းသည် သဘာဝ ဘေးအန္တရာယ်ကြောင့်ဖြစ်သည်။

စားသုံးမှုမှာမူ တန်ချိန် ၁ မှ ၁ဒဿမ၅သန်းအထိ တိုးလာမည်ဟု မျှော်မှန်းထားရာ တန်ချိန် ၄၆၆-၄၆၇ သန်းအထိ ရောက်ရှိလာမည်ဖြစ်သည်။

 ************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၈.၈.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ဆောင်ပုဒ်နှင့် မြန်မာ့လူ့အဖွဲ့အစည်း

*****************************************

ဆောင်းပါးကဏ္ဍ

ဆောင်ပုဒ်နှင့် မြန်မာ့လူ့အဖွဲ့အစည်း

အောင်အောင်(ID)

(သြဂုတ် ၂၆ ရက်နေ့ထုတ် Messenger ဂျာနယ် အတွဲ(၃)အမှတ်(၁၄)မှ ထုတ်ယူဖော်ပြချက်။)

ဆောင်ပုဒ်ဆိုသည်မှာ အဖွဲ့အစည်းတစ်ရပ်၏ ရည်ရွယ်ချက်၊ လုပ်ဆောင်လိုမှု၊ ပန်းတိုင် စသည်တို့ကို အကျဉ်းချုံးဖော်ပြထားသော စကားစုဖြစ် သည်။ တိတိရှင်းရှင်းထိထိမိမိနှင့် မိမိ၏ဆိုလိုရင်းကို တစ်ပါးသူထံ၊ အများပြည်သူထံ အချက်ပြသော Message တစ်မျိုးလည်း ဖြစ်သည်။ ဆောင်ပုဒ်တိုင်း သည် ရှင်းလင်းပြတ်သားရန် လိုသလို လှုံဆော်မှုလည်း ပါရသည်။ ပို၍အရေးကြီးသည်မှာ ဆောင်ပုဒ်၏နောက်တွင် အဆိုပါဆောင်ပုဒ်ပါ ဖော်ပြချက်ကို အကောင်အထည်ဖော်သည့် လိုက်နာဆောင်ရွက်သည့် အပြုအမူ လုပ်ဆောင်ချက်များပါရှိရန် လိုအပ်ခြင်းဖြစ်သည်။

စာရေးသူတို့ မြန်မာနိုင်ငံတွင် ဆောင်ပုဒ်များစွာ ရှိပါသည်။ The Land of Motto ဟု ဆိုရလောက်အောင် ဆောင်ပုဒ်များ များခဲ့ပါသည်။ သို့ရာ တွင် လိုက်နာဆောင်ရွက် အကောင်အထည်ဖော်နိုင်သည့် အပိုင်းတွင်မူ များစွာ အားနည်းနေသည်ကို တွေ့ရမည်ဖြစ်သည်။ ဆိုကြပါစို့ အများပြည်သူသုံး ဘတ်စ်ကားပေါ်မှ စိတ်ရှည်သည်းခံလမ်းကြောင်းမှန် မောင်းရန်မော်တော်ကား ဆိုသော ဆောင်ပုဒ်ကို ကပ်ထားသည်မှာ နှစ်ပေါင်းများစွာရှိခဲ့ပြီ။ ကား ဆရာအများစုသည် စိတ်လည်းမရှည်ကြပါ။ သည်လည်းမခံပါ။ လမ်းကြောင်းလည်းမမှန်ပါ။ ရေးသားတင်ပြရန်ပင် လိုမည်မထင်ပါ။ မောင်းသည့်မော် တော်ကား တစ်ခုပဲမှန်ပါသည်။ စိတ်ရှည်သည်းခံ လမ်းကြောင်းမှန်ခဲ့ပါကလည်း ကားဆရာများအနေဖြင့် ခေါက်ရေမပြည့်ဘဲ နောက်တစ်နေ့မောင်းရန် မော်တော်ကားပင် ရှိတော့မည် မဟုတ်ပါ။ မြန်မာပြည်မှ ဘတ်စ်ကားစနစ်သည် စီးသူ၊ မောင်းသူအားလုံး အလွန်အန္တရာယ်များလှကြောင်း ဆောင်းပါး များတွင် မကြာခဏ ဖတ်ရှုရပါသည်။ ယခုထိ မပြင်နိုင်သေးပါ။ စာရေးသူ UN တွင်လည်း အလုပ်လုပ်စဉ် နိုင်ငံခြးသားဝန်ထမ်းများအတွက် မြန်မာပြည် တွင် အသက်အန္တရာယ်ရှိစေမည့် အဓိကအချက်မှာ သူပုန်ရန်၊ ဓားပြရန်မဟုတ်ဘဲ လမ်းပေါ်ရှိ ဘတ်စ်ကား၊ မော်တော်ကားများ၏ အန္တရာယ်ဖြစ်ကြောင်း မှတ်သားခဲ့ဖူးပါသည်။ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ကားပိုင်ရှင်များနှင့် ကားဆရာ၊ စပယ်ယာများစုပေါင်းအဖြေရှာသင့်ပါသည်။ အဖြေရှာစဉ်ကာလနှင့် အဖြေမရစဉ်ကာလကို အဆိုပါဆောင်ပုဒ်ကို ကျေးဇူးပြု၍ ဖြုတ်ထားပေးပါ။

မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်ဆိုတဲ့ ဆောင်ပုဒ်အကြောင်းကိုလည်း ရေးချင်ပါတယ်။ ကြွေးကြော်သံလို့လည်း ဆိုနိုင်ပါတယ်။ အခုတော့ ဒီဆောင်ပုဒ် မရှိတော့ဘူးလို့ ထင်ပါတယ်။ တကယ်ကို ရှင်းလင်းတဲ့ ဆောင်ပုဒ်တစ်ခုပါ။ ရည်မှန်းချက်ကလည်း အင်မတန်မှကြီးမားပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ချေကို ထည့်မတွက်ဘူး။ အရှေ့တောင်အာရှကို လွှမ်းရမည်ဆိုလျှင်တော်သေး၊ အာရှကိုလွှမ်းရမည်ဆိုလျှင်လည်း ဟုတ်သေး၊ ပြည်သူတွေကြား မှာတော့ “လွှမ်းရမည်” ဆိုတဲ့ စကားအစား “လွမ်းရမည်” ဆိုတဲ့စကားသာ ဟာသအဖြစ် ကျန်ခဲ့တယ်။ အခုလာမယ့် Sea Game အတွက် ဆောင်ပုဒ် တော့ လူသိရှင်ကြား မတွေ့မိသေးဘူးလားပဲ။ “စိတ်သစ်၊ လူသစ်၊ မြန်မာသစ်” ဆိုပြီး မကြွားဝါတဲ့ ဆောင်ပုဒ်မျိုးလေးပဲ ဖြစ်စေချင်ပါတယ်။

“ကူညီပါရစေ” ဆိုတဲ့ ဆောင်ပုဒ်လေးဆီ လှည့်ပါရစေ၊ ဆောင်ပုဒ်လေးက ရှင်းပါတယ်။ အဓိပ္ပါယ်လည်းရှိတယ်။ ယဉ်လည်းယဉ်ကျေးတယ်။ ဖတ် လိုက်ရတာနဲ့ အားတောင်နာသွားတယ်။ ဒါပေမယ့် အဲဒီဆောင်ပုဒ်နဲ့အညီ ထိရောက်တဲ့ အကူအညီတွေ ဖြစ်သင့်ပါတယ်။ အများပြည်သူ ယုံကြည်ကိုးစား လောက်တဲ့ အကူအညီမျိုးတွေ ပေးသင့်ပါတယ်။ မျက်စိနီကြောင်ကြောင်၊ နီထွေးထွေးသွားတွေနဲ့ ယူနီဖောင်းမသပ်မရပ်ဝတ်တဲ့ အပြုအမူတွေ ဆင်ခြင်ရ ပါမယ်။ ဟုတ်တာမဟုတ်တာအပထား ပြည်သူကြားမှာတော့ ပြည်သူ့ရဲတွေကို မဖြစ်မနေ အခြေအနေမျိုးမှသာ အားကိုးချင်ကြတာပါ။ ကျွန်တော်ရောက် ခဲ့တဲ့ အာရှနိုင်ငံတော်တော်များများမှာ ရဲတပ်ဖွဲ့ဆိုတာ မြင်လိုက်တာနဲ့ ရှိန်သွားကြပါတယ်။ လူတွေကလည်း တော်တော်အားကိုးပါတယ်။ ထစ်ကနဲဆို ရဲကို ဖုန်းဆက်ခေါ်ကြတာပါ။ ကိုရီးယားမှာ ကျွန်တော်နဲ့ ကျွန်တော့် အင်ဒိုနီးရှားသူငယ်ချင်း ကိုယ်တိုင်လမ်းပျောက်လို့ ဟိုလျှောက်မေး၊ ဒီလျှောက်မေး လုပ်နေတုန်း အနီးကရဲကားတစ်စီးက လမ်းကြုံတယ်ဆိုပြီး တင်ခေါ်သွားခဲ့ဖူးပါတယ်။ အမေရိကားဆိုတာ ရောက်ဖူးတဲ့သူမှ သိပါမယ်။ ရဲကအုပ်ချုပ်တာ ပါ၊ ဆိုလိုတာက ဘယ်မှာကြည်ကြည့် ရဲကားတွေ အမြဲသွားနေတာပါ။ ပွဲတော်၊ ပွဲခင်းရှိရင် ရဲကားတွေ နေရာတိုင်းမှာ မမြင်ချင်မှအဆုံးပါ။ ဘယ်လိုကိစ္စ ဖြစ်ဖြစ် ဖုန်းဆက်ခေါ်ရင် ရဲက ၅ မိနစ်အတွင်း ရောက်လာပါတယ်။ ကျွန်တော့ရှေ့မှာတင် လမ်းပေါ်မှာ လင်မယားချင်းစကားများ၊ မယားလုပ်သူက ဖုန်းဆက်ခေါ်လို့ ၅ မိနစ်အတွင်း ရဲကားရောက်ပြီး ဖြေရှင်းကြပါတယ်။ (တချို့နေရာတွေမှာတော့ ခြွင်းချက်ရှိပါတယ်။ ခေါ်တိုင်းရောက်မလာပါဘူး။ အသားအရောင်ခွဲခြားမှုသဘောထားတွေ တွေ့ရပါတယ်။) အမေရိကားနဲ့ နှိုင်းစရာလားလို့ မေးစရာရှိပါတယ်။ အမေရိကန်ရဲလို မြန်နှုန်း၊ ပြည်သူလူထု ရဲ့ အားကိုးမှုစံနှုန်းမျိုးရအောင်ဆိုပြီး ကိုရီးယားတို့၊ ဂျပန်တို့၊ ထိုင်းတို့မှာ လုပ်နေကြတာပါ။ အဓိကက ဘတ်ဂျက်ပါ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ ဘတ်ဂျက် များများရပြီး ထိရောက်တဲ့ စီမံခန့်ခွဲမှုနဲ့ ပြည်သူချစ်ရတဲ့ရဲတွေ ဖြစ်လာပါစေလို့ ဆုတောင်းပေးပါတယ်။

“လာဘ်ပေးလာဘ်ယူတို့ရန်သူ” ဆိုတဲ့ ဆောင်ပုဒ်အောက်မှာ မြန်မာ့ဝန်ထမ်းလောကကြီး ဘာဖြစ်သွားသလဲ။ ဆောင်ပုဒ်တွေ ဘယ်လောက် ကောင်းကောင်း အထက်က အချို့လူတွေ သဘောထားမမှန်ရင် ဆောင်ပုဒ်ကဆောင်ပုဒ်ပဲ။ ၁၀၀ ရရင် ၁၀ လောက်တော့ စားပေါ့ဆိုတဲ့ Unwritten policy အောက်မှာ၊ နှုတ်ထွက်စကားတွေအောက်မှာ ၁၀၀ ရရင် ၅၀ စားတဲ့သူတွေ၊ ၁၀၀ ရရင် ၁၀၀ အပျောက်ဖျောက်တဲ့သူတွေ ရှိလာပြီး မြန်မာနိုင်ငံ မှာ နိုင်ငံတကာ လာဘ်ပေးလာဘ်ယူမှု ညွှန်းကိန်းမှာ ဘယ်အထိ ရောက်သွားခဲ့သလဲ။ သီတင်းကျွတ်လက်ဆောင်၊ နှစ်သစ်ကူးလက်ဆောင်ဆိုတဲ့ စကား လှလှလေးတွေအောက်မှာ အထုပ်ကြီးငယ်နဲ့ ဝင်ကြပေတော့။ အဲဒီ ကန်တော့လက်ဆောင်အမျိုးမျိုးဝယ်ဖို့ ဝန်ထမ်းငယ်တွေ၊ ဝန်ထမ်းလတ်တွေ ရှာကြ ပေတော့၊ လာဘ်ပေးလာဘ်ယူမှုမှာ မပတ်သက်ချင်တဲ့သူတွေ၊ ကင်းအောင်နေတဲ့သူတွေ အကြောင်းအမျိုးမျိုးနဲ့ ရမယ်ရှာခံရမယ်။ နှိပ်ကွပ်ခံရမယ်။ အခု တော့ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်တဲ့ဥပဒေ ထွက်လာတော့မယ်ဆိုပဲ။

ဆောင်ပုဒ်တွေကတော့ အများကြီးပါ။ ရေးမယ်ဆိုရင် ဘာတဲ့ “အခွန်ဆောင်ထား နိုင်ငံသား၊ လေးစားသမှု တို့ဂုဏ်ပြု”တဲ့။ နိုင်ငံသားတိုင်း အခွန် ဆောင်ကြသလား။ ဆောင်တဲ့သူတွေကို နိုင်ငံတော်က ဂုဏ်ပြုမှာလား။ ဘယ်လိုဂုဏ်ပြုမှာလဲ။ တခြားနိုင်ငံတွေမှာ အခွန်စနစ်ဆိုတာ ထင်သာမြင်သာ ရှိတယ်။ လူဆိုတာ အတ္တသမားတွေ။ ယူပဲယူချင်တာ မပေးချင်ဘူး။ အဲဒီမပေးချင်တဲ့သူတွေ ပေးချင်လာအောင် အခွန်ထမ်းတွေ ပြန်ရမယ့် အခွင့်အရေး တွေကို ချပြဖို့လိုတယ်။ ဆောင်ပုဒ်လောက် တံဆိပ်တုံးလောက်နဲ့တော့ ကိုယ့်ကိုကိုယ်ပဲ ဂုဏ်ပြုကြလိမ့်မယ်။ “အလှူဒါန ပြုကြသူငှာ” ဆိုပြီး တစ်ဖွဲ့ပြီး တစ်ဖွဲ့၊ တစ်ယောက်ပြီးတစ်ယောက် တန်းစီပြီး မျက်နှာလှည့်ပတ် ဓာတ်ပုံအရိုက်ခံတာ ပြည်ပမှာတော့ ကျွန်တော်သိပ်မတွေ့မိဘူးပဲ။ နိုင်ငံခြားမှာ လှူ တယ်ဆိုရင် အပြတ်ပဲ။ ရှိတဲ့စည်းစိမ်ရဲ့ တစ်ဝက် ခုနစ်ဆယ့်ငါးရာခိုင်နှုန်း၊ တချို့ဆို သေရင်အကုန်ယူသွားပဲ။ ယုံကြည်တဲ့အဖွဲ့အစည်းတွေ အတွက် ဆိုရင်လည်းေ ဒ်ါလာသိန်းချီ၊သောင်းချီ လှူကြတာပဲ။ စာရွက်မှာ၊ စာအုပ်မှာ သူတို့နာမည်နဲ့ ငွေပမာဏလေးတွေပဲပါတယ်။ ဘာဖွင့်ပွဲမှမလုပ်ဘူး။ ဘာမုခ် ဦးမှမရှိဘူး။ ဘာ TV သတင်းမှာမှ မပြဘူး။ “ဒါတို့ကျောင်း တို့ကောင်းအောင်ကြိုးစားမည်။”ဆိုတဲ့ ဆောင်ပုဒ်မျိုးကလည်း မလိုလှပါဘူး။ ကိုယ့်ကျောင်း ကိုယ်ကပဲ ကောင်းအောင်လုပ်ရမှာပေါ့။ ကိုယ့်နိုင်ငံ ကိုယ်ကပဲ ကောင်းအောင်လုပ်ရမှာပဲ။ ဒါတွေကို လှုံဆော်နေစရာမလိုဘူး။ ပြောနေရပြီဆိုမှ လှုံဆော် နေရပြီဆိုမှ အဲဒီကျောင်းက စာသင်သားတွေ အဲဒီနိုင်ငံက နိုင်ငံသားတွေ ဘာဖြစ်ကုန်မလဲ။ တို့ကျောင်း ရန်ကုန်တိုင်းဒေသကြီးမှာ ၁ ဖြစ်ရမယ်။ မြန်မာ ပြည်မှာ Top 10 ဝင်ရမယ် ဒီလိုမျိုး ဖြစ်ရမယ်။

စာရေးသူ နိုင်ငံတာဝန်များထမ်းဆောင်စဉ်၊ ပြင်ပအဖွဲ့အစည်များ၌ တာဝန်ထမ်းဆောင်နေစဉ် စာရေးသူလုပ်ဆောင်နေသည့် အလုပ်များနှင့် နံရံများတွင် ချိတ်ထားသည့် ဆောင်ပုဒ်များ၊ ဦးတည်ချက်များ မကိုက်ညီ၊ မညီညွတ်ပါက နောက်ကျောမလုံသလို ခံစားရသည်။ စာရေးသူအနေဖြင့် ဆောင်ပုဒ်များနှင့် ကိုက်ညီအောင် မလုပ်နိုင်ပါက လုပ်ဆောင်နိုင်သည့် ဝန်းကျင်ကို မဖန်တီးနိုင်ပါက အဆိုပါဆောင်ပုဒ်များကို ပြင်လိုက်ချင်သည်။ အစားထိုးလိုက်ချင်သည်။ သို့မဟုတ် အနည်းငယ်ကွယ်ရာတွင် ထားလိုက်ချင်သည်။

စာရေးသူ၏ ပြည်ပအတွေ့အကြုံများအရ နိုင်ငံခြားတွင် ဆောင်ပုဒ်အစား အလုပ်နှင့် သက်သေပြကြသည်။ ဆောင်ပုဒ်ရှိသည့်တိုင် ထင်သာမြင် သာ မရှိလှချေ။ အခြေအနေလှပြီ၊ ကောင်းပြီ၊ ဆောင်ပုဒ်အတိုင်း ဖြစ်နိုင်ခြေရှိပြီဆိုမှ ဆောင်ပုဒ်က ရှေ့ရောက်လာသည်။ ဆောင်ပုဒ်ကတစ်မျိုး၊ ဖြစ်နေ တာကတစ်မျိုး၊ ထို့ထက်ဆိုးသည်မှာ ဆောင်ပုဒ်နှင့် ပြောင်းပြန်ဆန့်ကျင်ဘက် ဖြစ်နေပါက ထိုလူ့အဖွဲ့အစည်း၏ အမြော်အမြင်နည်းမှုကို လူသိရှင်ကြား ဖော်ပြရာရောက်ပါသည်။

ယခု အလှည့်အပြောင်းကာလတွင် ဆောင်ပုဒ်များ သိပ်မတွေ့ရတော့ဟု ထင်သည်။ တွေ့ရသည့်တိုင် ကျယ်ကျယ်လောင်လောင် မရှိလှတော့ ဟု ထင်သည်။ ဆောင်ပုဒ်များသည် မကောင်းဟု မဆိုလိုပါ။ သို့သော် ထိရောက် ရေရှည်ခံဖို့လိုသည်။ ဖြစ်နေသည့်အရာ၊ ဖြစ်လာမည့်အရာများကို ရောင်ပြန်ဟပ်ဖို့ လိုသည်။ ဖြစ်နိုင်ချေကို သုံးသပ်ဖို့လိုသည်။ အဓိက ပြည်သူယုံကြည်ဖို့လိုသည်။ ဖြစ်နိုင်မှလုပ်ပါ။ ဒီဆောင်းပါးရေးရင်း နိုင်ငံတကာ ဆောင်ပုဒ်များအား Internet မှတဆင့် အနည်းငယ် လေ့လာမိသည်။ နိုင်ငံအတော်များများတွင် နိုင်ငံတော်ဆောင်ပုဒ်များရှိသည်ကို တွေ့ရသည်။ ဥပမာ-အမေရိကန်ပြည်ထောင်စု၏ motto မှာ “In God We Trust” ဖြစ်သည်။ ဂျာမနီမှာ “Unity,Justice and Freedom” ဖြစ်ပြီး ပြင်သစ်၏ motto မှာ “Liberty,Equality and Fraternity”  ဖြစ်သည်။ ထိုင်းနိုင်ငံ၏ motto မှာ “Country,Faith and King” ဖြစ်သည်။ မလေးရှားနိုင်ငံမှာ “Unity is strength” ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံကတော့ “Unity is Diversity” ဖြစ်သည်။ စင်ကာပူ၏ motto မှာ “Onward Singapore” ဖြစ်ပြီး ဗီယက်နမ်၏ motto မှာ “Independence,Liberty and Happiness” ဖြစ်သည်။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင်ကော နိုင်ငံတော်ဆောင်ပုဒ်သည် မည်သို့ဖြစ်သင့်သနည်း။

*****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive