Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၅.၉.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ကလေးစစ်သား ၄၂ ဦး မြန်မာစစ်တပ် ပြန်လွှတ်ပေး

(VOA သတင်းဌာနမှ 5 September 2012 ရက်စွဲပါ Burma Releases 42 Child Soldiers, Vows to End Practice ကိုဘာသာပြန်ဆိုသည်)

  1. Total ကမြန်မာနိုင်ငံတွင် လုပ်ကွက်သစ် ထပ်မံရရှိ

(3 Sept 2012ရက်စွဲပါ Fox Business မှ Dows Jones Newswires ၏ Total get new Myanmar drilling rights ကိုဘာသာပြန်ဆိုသည်။)

***********************************************************

ဘာသာပြန်သတင်းများ

ကလေးစစ်သား ၄၂ ဦး မြန်မာစစ်တပ် ပြန်လွှတ်ပေး

(VOA သတင်းဌာနမှ 5 September 2012 ရက်စွဲပါ Burma Releases 42 Child Soldiers, Vows to End Practice ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင်း အရွယ်မရောက်သေး သူများအား စစ်မှုထမ်းရန် စုဆောင်းမှုနှင့် ကလေးစစ်သား အသုံးချမှုတို့ အဆုံးသတ်ရန် ကြိုးပမ်းချက် တစ်ရပ် အဖြစ် မြန်မာစစ်တပ်က ကလေးစစ်သား ၄၂ ဦးကို လွှတ်ပေးလိုက်ကြောင်းသိရသည်။

မြန်မာနိုင်ငံပိုင် သတင်းစာ အဆိုအရ စစ်ဘက်အရာရှိများက ကလေးစစ်သားများအား ၎င်းတို့၏ မိဘများထံသို့ အခမ်းအနားဖြင့် စက်တင်ဘာလ ၃ရက်နေ့တွင် လွှဲပြောင်းပေးအပ်ခဲ့သည်။ ထို့ပြင် လာမည့် ၁၈ လအတွင်း လက်နက်ကိုင်တပ်ဖွဲ့များ၌ ကလေးစစ်သားအသုံးချမှုအားလုံးကို အဆုံးသတ် သွားမည်ဟု အစိုးရ အရာရှိကြီးများက သံန္နိဋ္ဌာန်ချမှတ်ထားကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းမှာ ဇွန်လအတွင်း ကုလသမဂ္ဂနှင့် ရေးထိုးခဲ့သော သဘောတူညီချက် နှင့်တစ်သားတည်းပင်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာကဆိုသည်။

ကုလမသဂ္ဂအဆိုအရ မြန်မာနိုင်ငံမှ အခြားသော လက်နက်ကိုင်တပ်ဖွဲ့၊ အနည်းဆုံး ၈ ဖွဲ့(အစိုးရစစ်တပ်မပါ)သည် ကလေးစစ်သားများ အသုံးချ သလို အသက်မပြည့်သေးသော ကလေးသူငယ်များကို စစ်သားအဖြစ်စုဆောင်းကြကြောင်းသိရသည်။ ထိုလက်နက်ကိုင် တပ်ဖွဲ့များတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၊ ခွဲထွက်ရေးသူပုန်တပ်ဖွဲ့များလည်းပါဝင်သည်။

မြန်မာအရပ်သား အစိုးရသည် အာဏာရရှိခဲ့သည့် အချိန်မှစ၍ ပြုပြင်ပြောင်းလဲမှုများစွာပြုလုပ်ခဲ့သည်။ မီဒီယာ ကန့်သတ်ချက်များ ပယ်ဖျက်ပေးခြင်း၊ အတိုက်အခံ အင်အားစုများအား ပင်မနိုင်ငံရေး စီးကြောင်းထဲသို့ ပါဝင်ခွင့်ပြုခြင်း၊ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်း အစရှိသည် တို့ လုပ်ကိုင်ခဲ့သည်။

မြန်မာပြည်တွင်း မည်မျှပင် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေစေကာမူ မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများမှာ ဆက်လက်ရှိ နေဆဲပင်ဖြစ်ကြောင်း၊ အထူးသဖြင့် သူပုန်များ ခြေကုပ်ယူထားသည့် နယ်မြေများတွင် ဖြစ်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့များက စွပ်စွဲပြော ဆို ကသည်။

--------------------------------------------------------------------------------------------------------------------------------

Total ကမြန်မာနိုင်ငံတွင် လုပ်ကွက်သစ် ထပ်မံရရှိ

(3 Sept 2012ရက်စွဲပါ Fox Business မှ Dows Jones Newswires ၏ Total get new Myanmar drilling rights ကိုဘာသာပြန်ဆိုသည်။)

ပြင်သစ်၏ ရေနံကုမ္ပဏီဖြစ်သော Total SA (TOT)က ၎င်းသည် မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ခွင့်အသစ် ရရှိကြောင်း တနင်္လာနေ့က ပြောကြားခဲ့သည်။ အရေးယူမှုများ ဖြေလျှော့ပေးပြီးသည့်နောက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းဖြစ်သည်။

Totalသည် ၎င်းလိုင်စင်ရရှိသော မုတ္တမပင်လယ်ကွေ့တွင် ထိုင်းနိုင်ငံပိုင် ကုမ္ပဏီဖြစ်သော PTTအား ၄၀ရာခိုင်နှုန်း ပါဝင်ခွင့်ပေးမည်ဖြစ်သည်။ ၎င်းကုမ္ပဏီနှစ်ခု ရတနာကမ်းလွန် ဓာတ်ငွေ့စီမံကိန်းတွင် ဖက်ဆက်လုပ်ကိုင်လျက်ရှိသည်။

Total ကုမ္ပဏီသည် အရေးယူပိတ်ဆို့မှုများ မချမှတ်မီ ကမြန်မာနိုင်ငံတွင် တည်ရှိခဲ့ပြီး အရေးယူမှုများ ချမှတ်ပြီးနောက် ဆက်လက် လုပ်ကိုင်မှု ကြောင့် လူ့အခွင့်အရေး အုပ်စုများ၏ ဝေဖန်မှုများကို ခံရသူဖြစ်သည်။

Totalက ယခုလုပ်ပိုင်ခွင့် ရရှိခြင်း၏ ရှယ်ယာအတွက် မည်မျှပေးရသည် ဆိုသည်ကိုရှင်းပြခြင်း မရှိပေ။ “ဒီလိုလုပ်ပိုင်ခွင့်ရရှိခြင်းကြောင့် Total ဟာမိမိရဲ့ အားလုံးက အသိအမှတ်ပြုထားတဲ့ ကမ်းလွန်ရေနက်ပိုင်း တူးဖော်ရေး နည်းပညာကျွမ်းကိုင်မှုနဲ့ မြန်မာနိုင်ငံမှာ အလားအလာကောင်းတဲ့ ဟိုက်ဒရို ကာဗွန်သံယံဇာတရှာ ဖွေရေး၊တိုးတက်မှုနဲ့ ရှာဖွေရေးမှာ လုပ်ဆောင်ပေးသွားမှာ ဖြစ်တယ်”ဟုTotal ၏ရှာဖွေရေးနှင့် ထုတ်လုပ်ရေးအကြီးအကဲ Yues-Louis Darricarrere ကပြောကြားခဲ့သည်။

“ဒီလိုလုပ်ခြင်း အားဖြင့်Totalဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေး တံခါးဖွင့်မှုနဲ့ တိုးတက်ကြီးထွားရေးကို ဆက်လက်အထောက်အကူ ပြုသွားမှာပါ” ဟု၎င်း က ဖြည့် စွက်ပြောသည်။

နှစ်ပေါင်းငါးဆယ်ခန့် အထီကျန်ဖြစ်ပြီး စစ်တပ်အုပ်ချုပ်ရေးမှ နိုးထလာသော မြန်မာနိုင်ငံတွင် အသုံးမပြုရသေးသော ရေနံနှင့် ဓာတ်ငွေ့ ကြွယ်ဝမှုတို့သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို များစွာစိတ်ဝင်စားစေသည်။

မြန်မာနိုင်ငံတွင် Total တည်ရှိမှုသည် စစ်အစိုးရကို ပိုမို ချမ်းသာစေကြောင်း ဝေဖန်ခဲ့ကြသော်လည်း၊ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်း စုကြည်ကTotalအား တာဝန်ယူမှုရှိသော ရင်နှီးမြှုပ်နှံသူအဖြစ် ဖော်ပြခဲ့သည်။

Totalနှင့် အမေရိကန်၏ ဧရာမကုမ္ပဏီChevron Crop(cvx) တို့သည် မြန်မာနိုင်ငံတွင် လုပ်ကိုင်လျက်ရှိသော အဓိကကျသော အနောက်တိုင်း ကုမ္ပဏီများ ဖြစ်သည်။ ပြင်သစ်ကုမ္ပဏီက ၎င်းမြန်မာနိုင်ငံတွင် တည်ရှိမှု အတွက် ကာကွယ်ပြောကြားရာတွင် ၎င်း၏ရင်နှီးမြှုပ်နှံမှုသည် ဆင်းရဲသော နိုင်ငံ အတွက် အကူအညီပေးသကဲ့သို့ ဖြစ်ပြီးမြန်မာနိုင်ငံ၏ လူမှုရေးနှင့်နိုင်ငံရေး တိုးတက်ဖွံ့ဖြိုးမှု အတွက်အထောက်အကူဖြစ်ကြောင်း ငြင်းချက်ထုတ်ခဲ့သည်။

ယခူထပ်မံရရှိသော လုပ်ကွက်အတွက် စမ်းသပ်တူးဖော်မှု လုပ်ငန်းများကို လာမည့်ဒုတိယနှစ်ဝက်တွင် စတင်မည်ဖြစ်ကြောင်း Totalကပြောသည်။

******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၅.၉.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံတွင် အမြဲတမ်း ကုန်သွယ်ရေး မဟာမင်းကြီးရုံးထားရှိရန် ကနေဒါစီစဉ်

(AP သတင်းဌာနမှ 4 Spetember 2012 ရက်စွဲပါ Canada to establish permanent trade presence in Myanmar ကိုဘာသာပြန်ဆိုသည်)

  1. လက်ခံနိုင်ဖွယ်မရှိသည့် မြန်မာနိုင်ငံ၏ သဘောထား

(5September 2012ရက်စွဲပါ Bangkok Post မှခေါင်းကြီးပိုင်းဖြစ်သော “Intolerant Myanmar”ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာဈေးကွက်သို့ဝင်ရန် ဟွန်ဒိုင်းပြင်ဆင်

(Just Auto News မှ 4 September 2012 ရက်စွဲပါ“ South Korea Hyundai poised to set up in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

  1. ကီးယားမော်တာက မြန်မာတွင် မော်တော်ကား စတင်ရောင်းချတော့မည်။

(Emerging Frontier Blogမှ 4 September 2012 ရက်စွဲပါ“ Kia Mortors Corp to begin sales in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

****************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံတွင် အမြဲတမ်း ကုန်သွယ်ရေး မဟာမင်းကြီးရုံးထားရှိရန် ကနေဒါစီစဉ်

(AP သတင်းဌာနမှ 4 Spetember 2012 ရက်စွဲပါ Canada to establish permanent trade presence in Myanmar ကိုဘာသာပြန်ဆိုသည်)

ကနေဒါနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် မကြာမီဖွင့်လှစ်တော့မည် ယင်းနိုင်ငံဆိုင်ရာသံရုံးသစ်တွင် အချိန်ပြည့် ကုန်သွယ်ရေးမဟာမင်းကြီးနှင့် ပြည့်ဝသော ကုန်သွယ်ရေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများထားရှိတော့မည်ဖြစ်ကြောင်း ကနေဒါနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးဝန်ကြီး Ed Fast ကပြောကြားသည်။

ယခုလို မကြာမီ ဖွင့်လှစ်တော့မည် သံရုံးသစ်၌ ယင်းသို့ ကုန်သွယ်ရေး မဟာမင်းကြီးနှင့် ဝန်ဆောင်မှု လုပ်ငန်းများ ထားရှိရခြင်းမှာ ကနေဒါ စီးပွား ရေး လုပ်ငန်းများ အနေဖြင့် မြန်မာနိုင်ငံတွင် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများကို လက်တွေ့ကျကျ ရယူနိုင်ရန် ဖြစ်သည်ဟု မစ္စတာ Ed Fastက တယ်လီကွန်ဖရင့် မှတစ်ဆင့် ပြောကြားသည်။ ၎င်းသည် အာဆီယံဒေသသို့ ကနေဒါ ကုန်သွယ်ရေး မစ်ရှင်အဖွဲ့ကို ဦးဆောင်ကာ ရက်သတ္တပတ် ကြာမျှ သွားရောက်ခဲ့သည်။

ကုန်သွယ်ရေးမဟာမင်းကြီးနှင့် ကုန်သွယ်ရေးဆက်နွှယ်ဝန်ဆောင်မှုများ ထားရှိရခြင်းဟူသည့်အဓိပ္ပာယ်မှာ "မြန်မာနိုင်ငံမှ စီးပွားရေးမိတ်ဖက်များသည် ကျင့်ဝတ်ပိုင်းဆိုင်ရာ အမြင့်မားမှု အရှိဆုံးသော အဆင့်အတန်းမှ ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်၊အဖွဲ့အစည်းများဖြစ်သည်" ဟူသောကိစ္စကိုသေချာအောင်လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

"ကနေဒါ-မြန်မာ ကုန်သွယ်ရေး ဆက်ဆံမှုက ကနေဒါ နိုင်ငံသားတွေကို အကျိုးအမြတ် ဖြစ်ထွန်းစေမှာ ဖြစ်ပါတယ်။ သင့်တင့်လျောက်ပတ်တဲ့ ကုန်ပစ္စည်း ဈေးနှုန်းတွေနဲ့ မြင့်တက်လာတဲ့ ကုန်သွယ်ရေးမှဖြစ်ပေါ်လာမယ့်  ဝန်ဆောင်မှုတွေကြောင့် အလုပ်အကိုင်တွေနဲ့ ချမ်းသာကြွယ်ဝမှု တွေကိုရရှိ စေပြီး အကျိုးအမြတ် ဖြစ်ထွန်းမှာ ဖြစ်ပါတယ်" ဟု မစ္စတာ Ed Fastက ပြောကြားသည်။

"ထို့အတူပါပဲ၊ မြန်မာပြည်က စီးပွားရေး မိတ်ဖက်တွေလည်း ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေ၊ လုပ်ငန်းတွေကြောင့် အကျိုးအမြတ် ဖြစ်ထွန်းမှာပါ။ ကနေဒါ စီးပွားရေး လုပ်ငန်းတွေရဲ့ တိုးမြှင့်လုပ်ဆောင်မယ့် ဆောင်ရွက်မှုတွေကြောင့် လူနေမှု အဆင့်အတန်းတွေလည်း မြင့်တက်လာမှာ ဖြစ်ပါတယ်"

မြန်မာနိုင်ငံတွင် အခြေစိုက်မည့် ကုန်သွယ်ရေး မဟာမင်းကြီး ရာထူးရယူမည့်သူမှာ မည်သူမည်ဝါ ဖြစ်သည်ဟူသော အချက်ကို ထုတ်ဖော် ကြေညာ ခြင်း မရှိပေ။ သို့သော် ကနေဒါ အစိုးရ၏ အဆိုအရ အာဆီယံ ဒေသတွင်း နိုင်ငံများနှင့် ထိတွေ့မှု ရှိဖူးသူသာ ဖြစ်လိမ့်မည်။

Ed Fastဦးဆောင်သော ကနေဒါ ကုန်သွယ်ရေး မစ်ရှင်သည် ဗီယက်နမ်၊ ထိုင်း၊ ကမ္ဘောဒီးယား အစရှိသည့် နိုင်ငံများသို့လည်း သွားရောက်ကြ သည်။ ယင်းမစ်ရှင်၏  အဓိက ဦးတည်ချက်မှာ အရှေ့တောင်အာရှ ဒေသတွင်း ကနေဒါ ရင်းနှီးမြှုပ်နှံမှုများနှင့် ကုန်သွယ်မှုများ တိုးမြှင့်ရန် ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လအတွင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီး John Baird က ကနေဒါအနေဖြင့် မြန်မာနိုင်ငံတွင် မကြာမီသံ ရုံးဖွင့်လှစ်တော့မည် ဖြစ် ကြောင်း အသိပေး ကြေညာခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်အစိုးရ လက်ဝယ်မှ အရပ်ဘက် အစိုးရက အာဏာလွှဲပြောင်း ရယူလိုက်သည့် အချိန်မှစ၍ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို သိသာထင်ရှားစွာ တွေ့မြင်လာရသည်။ သို့အတွက်ကြောင့် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က ယခင်မြန်မာနိုင်ငံအပေါ် ပြဋ္ဌာန်းထားသော ပိတ်ဆို့အရေးယူ မှုများအနက်မှ အတော်များများကို ဖယ်ရှားရန် သို့မဟုတ် ဆိုင်းငံ့ပေးလာသည်။

ကနေဒါ နိုင်ငံသည်လည်း မြန်မာအပေါ် သတ်မှတ်ပြဋ္ဌာန်းထားသည့် ပိတ်ဆို့အရေးယူမှုများကို ပြီးခဲ့သည့် ဧပြီလအတွင်း ဆိုင်းငံ့ပေးလိုက်သည်။ "ရှေ့ဆက်လျှောက်ရမယ့် ခရီးက အရှည်ကြီးပါပဲ။ ဒါပေမဲ့ လက်ရှိမြန်မာနိုင်ငံမှာ မြင်တွေ့နေရတဲ့ တိုးတက်ဖြစ်ထွန်းမှုတွေ၊ မြန်မာအစိုးရရဲ့ လုပ်ကိုင်ဆောင် ရွက်မှုတွေကြောင့် ကျွန်တော်အနေနဲ့ အတော့်ကို အားတက်မိပါတယ်" ဟု ၎င်းကဆိုသည်။

--------------------------------------------------------------------------------------------------------------------------------

လက်ခံနိုင်ဖွယ်မရှိသည့် မြန်မာနိုင်ငံ၏ သဘောထား

(5September 2012ရက်စွဲပါ Bangkok Post မှခေါင်းကြီးပိုင်းဖြစ်သော “Intolerant Myanmar”ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် သွေးထွက်သံယို နှိပ်စက်သော စစ်အစိုးရမှပို၍ လက်ခံနိုင်ဖွယ်ရှိသော ပုံစံရှိသည့် အစိုးရ အဖြစ်သို့ ပြောင်းလဲသော အစီအစဉ်တွင် ဆုံးဖြတ်ချက်ခိုင်မာသော ခရီးရှည်ကြီးကို လျှောက်လှမ်း နေပြီဖြစ်သည်။

သို့သော်အလေးအနက်ထားရမည့် ပြဿနာများကို ကျော်လွှားနိုင်ရန်လိုအပ်နေပါသေးသည်။ အစိုးရသစ်၏ မူးယစ်ရာဇာများနှင့် မူးယစ်ဆေးဝါးရောင်းဝယ်မှုများအပေါ် ချဉ်းကပ်မှုများအား ရစရာမရှိမကောင်းလှပေ။ စစ်အာဏာရှင် လက်ထက်တွင် အဆိုးဆုံးအခြေအနေတွင်ရှိခဲ့သော တရားဥပဒေစိးမိုးမှု အခြေအနေမှာလည်း မှုန်းဝါးဝါးရှိနေ ဆဲဖြစ်သည်။ သို့သော်အစိုးရသစ်သည် ရိုဟင်ဂျာများအပေါ် ထားရှိသော ပြုမူပုံများထက်စာလျှင် လုပ်စရာများစွာကို လုပ်ဆောင်ခြင်းမရှိ သေးပေ။

မကြာမီက ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော လူမျိုးရေးအရ ပြင်းထန်သောဖြစ်ရပ်များသည် ကိုင်တွယ်ဖြေရှင်းရ မည့်ကိစ္စများအတွက် အချက်ပေးသည့် သဘောပင်ဖြစ်သည်။ သို့သော်မြန်မာအစိုးရ တာဝန်ရှိသူများသည် နှစ်သိမ့်ရန်ကြိုး စား ပြီးရိုဟင်ဂျာများ ဘအပေါ် အထင်အမြင်မှားစေရန် စီမံကိန်းချ၍ ဆက်လက်လုပ်ဆောင်နေမှုတွင် ပင်ပါဝင်ပတ်သက် လျက်ရှိသည်။ သမ္မတဦးသိန်းစိန်အပါအဝင်  အစိုးရသည် သတ်ဖြတ်မှုများ၊ ဖျက်ဆီးမှုများနှင့် အခြားကိစ္စများအတွက် ရိုဟင်ဂျာများရှိနေမှုအပေါ် အပြစ်တင်လျက်ရှိသည်။

အဆိုပါ အဓိကရုဏ်းများ သုံးလခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း မကြာမကြာ ဆက်လက်ဖြစ်ပေါ် နေခြင်းသည် မတူသောလူမျိုးစုများ အကြားအမြစ်တွယ်နေသော ပြဿနာများ ၏လေးနက်မှုကိုဖော်ပြနေသည်။ အခြားတိုင်းပြည် ဒေသများတွင်လည်း အလားတူပြဿနာမျိုးများရှိသည်။ ယနေ့ကမ္ဘာတွင် မြန်မာနိုင်ငံ၏ ခေါင်းဆောင်မှု မှာတစ်မျိုးတစ်ဘာ သာဖြစ်သည်။ သို့သော်ဦးသိန်းစိန်သည် တင်းမာသော မူဝါဒသဘောထား တင်းမာသောလမ်းကြောင်း ကိုသာရွေးချယ်ခဲ့ ပြီး ရိုဟင်ဂျာများကို တရားမဝင်ဝင်ရောက်လာသူများ အဖြစ်ကြီးစွာအပြစ်တင်ခဲ့သည်။

တနင်္ဂနွေနေ့က မန္တလေးတွင် အံ့သြဖွယ်ရာနှစ်ခုဖြစ်ပျက်ခဲ့သည်။ ပထမတစ်ခုမှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ထောင်ပေါင်းများစွာသည် ရိုင်ဂျာများကို ချွင်းချက်မရှိဘဲ နှင်ထုတ်ရန် သို့မဟုတ် အကျဉ်းစခန်းများ ဆောက်၍ထားရှိရန် အစိုးရကို တောင်းဆိုခဲ့သည်။ ဒုတိယတစ်ခုမှာ အစိုးရအဆိုပါ မရိုးသားသည့် တောင်းဆိုမှုကို ပယ်ချခြင်း မပြုနိုင်ခြင်းပင် ဖြစ်သည်။ ထိုသို့သော ပြောင်ပြောင်တင်းမားမှု လူမျိုးရေးခွဲခြားသည့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ၏ ဘာသာရေးအရ ဆန့်ကျင်ဆန္ဒပြပွဲကို  အစိုးရတာဝန်ရှိသူများက အနည်းဆုံးအားဖြင့် တောင်းဆိုမှုကို လက်မခံနိုင်ကြောင်း တရားဝင်ပြော ကြားမှု တော့ပြုသင့်လှသည်။

သို့သော် သမ္မတ ဦးသိန်းစိန်သည် ဘုန်းတော်ကြီးများ၏ သဘာဝမကျသော ပြင်းထန်သော ယုံကြည်မှုကို  အပေါင်းလက္ခဏာ ဆောင်သော ထောက်ခံမှုသာ ပြုခဲ့သည်။ အမှန်တကယ်တွင်လည်း မန္တလေးမှ ဘုန်းတော်ကြီးများသည် သမ္မတ၏ ရပ်တည်ချက်ကို ထောက်ခံဆန္ဒ ပြခဲ့ခြင်းသာ ဖြစ်သည်။ သမ္မတသည် ဇူလိုင်လက ကုလသမဂ္ဂ ကိုယ်စားလှယ် မစ္စတာ ကင်တားနားအား မိမိတို့၏ တိုင်းရင်းသား မဟုတ်သော တရားမဝင် ရောက်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မရှိနိုင်ကြောင်း ပြောကြားခဲ့သည်။

ထိုကဲ့သို့သော လူမျိုးခြားကို မနှစ်သက်ခြင်းနှင့် မိမိမှလွဲ၍ အခြားလူမျိုးကို လက်မခံခြင်းမျိုးသည် ယနေ့ကမ္ဘာပေါ်တွင် လက်ခံခြင်း မရှိတော့ပေ။ သို့ သော် မြန်မာနိုင်ငံ ကဲ့သို့သော လူမျိုးတုန်းလုပ်ဆောင်ခြင်း နီးပါးအဆင့်မျိုးမရှိပေ။ အခြားအာဆီယံ တိုင်းပြည်များသည် လူများစုနှင့် မတူသော အုပ်စု လေး များကို ပေါင်းစည်းပေးရန် လိုအပ်သည်ဆိုသည်ကို အသိအမှတ် ပြုကြသည်။ ကမ္ဘောဒီးယားတွင်လည်း မူဆလင် များရှိသည်။ မလေးရှားတွင်လည်း ဟိန္ဒူများ ရှိသည်။ ဖိလစ်ပိုင်တွင်လည်း ဗုဒ္ဓဘာသာများရှိသည်။ အဆိုပါနိုင်ငံများတွင် လူနည်းစု တိုင်ရင်းသားများနှင့် ဘာသာရေး အုပ်စုများသည် တိုင်းပြည် နှင့် အတူတကွ ပါဝင်လျက် လုပ်ဆောင်လျက် ရှိသည့်ဥပမာများလည်း ရှိသည်။ မြန်မာနိုင်ငံမှာ ကရင်၊ ရှမ်း၊ ကချင်နှင့် အခြားတိုင်းရင်းသားများ အပါအဝင် အခြားနိုင်ငံသားများသည် ၎င်းတို့သမ္မတ၏ စကားလုံးများအပေါ် မည်သို့ထင်မြင်သည် ဆိုသည်ကို သိချင်စမ်းလှ ဘိတော့သည်။

မြန်မာနိုင်ငံမှ ရိုဟင်ဂျာများသည် ထိုတိုင်းပြည်တွင်မွေး၍ ထိုတိုင်းပြည်တွင်ပင် နေထိုင်သည်ဆိုသည်ကို လူုတိုင်းသဘောတူ လိမ့်မည်ဖြစ်သည်။ သမ္မတ ဦးသိန်းစိန် အနေဖြင့် ၎င်းတို့ကို နှင်ထုတ်ရန်နှင့် ထောင်ခထားရန် တရားဝင်ခွင့်အာဏာနှင့် မူအရ ရပ်တည်ခွင့် မရှိပေ။  နိုင်ငံတကာဥပဒေ၊ ဘာသာ ရေးအရ သင်ကြားထားမှုများနှင့် အားလုံးလက်ခံထားသော လူ့အဖွဲ့ အစည်း ယဉ်ကျေးမှုများအရ မြန်မာသမ္မတ၏ ရှင်းလင်းချက်များတွင် အားနည်းချက်များ ရှိသည်မှာ ပေါ်လွင်နေသည်။

ယခုအခါ ရိုဟင်ဂျာကိစ္စသည် မြန်မာနိုင်ငံ၏ မိတ်ဆွေများနှင့် အိမ်နီးချင်းများ အထူးသဖြင့် အာဆီယံက ကူညီဆောင်ရွက်ပေးရမည့် ကိစ္စဖြစ်လာ သည်။ ရိုဟင်ဂျာများနှင့် ရခိုင်လူမျိုးများ အကြား အဓိကရုဏ်းများကို လက်ခံနိုင်ဖွယ်ရှိသည့် ကိုင်တွယ်ပုံများသည် ဤဒေသတွင်းတွင် လုံခြုံရေးဆိုင်ရာ လက်ခံနိုင်ဖွယ် မရှိသည့် ကိုင်တွယ်ပုံများသည် ဤဒေသအတွင်းတွင် လုံခြုံရေးဆိုင်ရာ ပြဿနာတစ်ရပ် ဖွင့်လှစ်လာသည့် သဘောရှိသည်။

မူစလင်တိုင်းပြည်များနှင့် အစ္စလာမ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC)တို့သည် ကျွန်တော်တို့၏ဒေသကို အာရုံပြုစရာ ဒေသ သစ်တစ်ခုအဖြစ် သတ်မှတ်လာကြပြီဖြစ်သည်။

သမ္မတဦးသိန်းစိန် အနေဖြင့် ၎င်း၏အိမ်နီးချင်းနိုင်ငံများက မည်သို့ထင်မြင်မည်ကို ကြားလိုလိမ့်မည် မဟုတ်ပေ။ သို့သော် အာဆီယံကမူ မြန်မာနိုင်ငံ ၏ လက်ရှိမူဝါဒကို ပြောင်းလဲရန်နှင့် ပို၍ကောင်းသော လမ်းကြောင်းဖြင့်သာ ဖြေရှင်းရန် သမ္မတ ဦးသိန်းစိန်အား ပြောကြားရ လိမ့်မည်ဖြစ်သည်။

--------------------------------------------------------------------------------------------------------------------------------

မြန်မာဈေးကွက်သို့ဝင်ရန် ဟွန်ဒိုင်းပြင်ဆင်

(Just Auto News မှ 4 September 2012 ရက်စွဲပါ“ South Korea Hyundai poised to set up in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

ကြီးကြီးမားမား ဖွံ့ဖြိုးလာမည့် အလားအလာ ရှိသည်ဟု ယုံကြည်ရသော မြန်မာဈေးကွက်သို့ ဝင်ရောက်လှုပ်ရှားရန် တောင်ကိုရီးယား ကားထုတ် လုပ် သူ ဟွန်ဒိုင်း မိုတာကုမ္ပဏီက စီစဉ်နေသည်ဟု မီဒီယာ သတင်းများအရ သိရှိရသည်။

တောင်ကိုရီးယား၏ နာမည်ကျော် ဟွန်ဒိုင်းမိုတာသည် မြန်မာနိုင်ငံမှ ပြည်တွင်းဖြန့်ဖြူးရေး အေဂျင်စီများနှင့် ပူးပေါင်း၍ မော်တော်ကားများ ရောင်းချ သွားရန် စီစဉ်နေပြီး နောက်ပိုင်းကာလတွင် မြန်မာပြည်တွင်း၌ တပ်ဆင်ရေးစက်ရုံ ထူထောင်ရန် စဉ်းစားလျှက်ရှိသည်။၏

မြန်မာနိုင်ငံတွင် တိုက်ရိုက်ကားတင်သွင်းခြင်းကို အစိုးရက တားမြစ်ထားသော်လည်း အစိုးရခွင့်ပြုသော အေးဂျင့်များကိုမူ ကားသွင်းခွင့် ပြုထား သောကြောင့် ဟွန်ဒိုင်းကုမ္ပဏီ အနေဖြင့် ပြည်တွင်းမှ ဒိုင်းမွန်းစတား ကုမ္ပဏီနှင့် ဆွေးနွေးနေသည်ဟု ဆိုးလ်ထုတ် သတင်းစားများက ဖော်ပြထားသည်။

ဟွန်ဒိုင်းက မြန်မာဒိုင်းမွန်း စတားကုမ္ပဏီနှင့် လက်တွဲလှုပ်ရှားစီစဉ်နေသော မြန်မာဈေးကွက်သည် အာရှိတိုက်၏ အကြီးဆုံး ကားဈေးကွက် ဖြစ် သည့် ထိုင်းနိုင်ငံနှင့် ဖွံ့ဖြိုးမှုအလားအလာ မတိမ်းမယိမ်းရှိနေသည်ဟု အကဲခတ် လေ့လာသူများက ဆိုသည်။

--------------------------------------------------------------------------------------------------------------------------------

 ကီးယားမော်တာက မြန်မာတွင် မော်တော်ကား စတင်ရောင်းချတော့မည်။

(Emerging Frontier Blogမှ 4 September 2012 ရက်စွဲပါ“ Kia Mortors Corp to begin sales in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

တောင်ကိုရီးယားကား ထုတ်လုပ်သူကီးယား(KIA) မိုတာကော်ပရေးရှင်းသည် အောက်တိုဘာ(၁)ရက် မှစ၍ မြန်မာနိုင်ငံတွင် မော်တော်ကားများ စတင် ရောင်းချတော့မည်ဟု ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူက ယခင်အပတ်က ပြောကြားသည်။

တောင်ကိုရီးယား ကးထုတ်လုပ်သူ ကီးယား(KIA)မိုတာ ကော်ပရေးရှင်းသည် အောက်တိုဘာ(၁)ရက် မှစ၍ မြန်မာနိုင်ငံတွင် မော်တော်ကားများ စတင် ရောင်းချတော့မည်ဟု ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူက ယခင်အပတ်က ပြောကြားသည်။

မျှော်လင့်ထား သည့်အတိုင်း ဖြန့်ချီရေး ဆိုင်ရာ သဘောတူညီမှု ရရှိပါက ပြည်တွင်းဆူပါ ဆဲဗင်းစတား ကုမ္ပဏီနှင့် ကီးယားက လက်တွဲမည်ဟု သိရှိ ရသည်။

ကီးယားမော်တာ ပြောရေးဆိုခွင့် ရှိသူက “အရောင်းပမာဏကို သတ်မှတ်ချက်မထားပေမယ့် မြန်မာဈေးကွက်ဟာ  အလားအလာ အရမ်းကောင်း ပြီး၊ ကီးယားရဲ့ Picanto နဲ့ Rioကားငယ်လေးတွေ၊ Kစီးရီး လိုက်ထရပ်တွေဟာ မြန်မာဈေးကွက်နဲ့ အံဝင်ခွင်ကျ ဖြစ်မယ်လို့ ယုံကြည်ထားပါတယ်” ဟုပြော ကြားသည်။

ဆိုးလ်တွင် ရုံးစိုက်သော ကီးယားသည် ဟွန်ဒိုင်းနှင့် ညီနောင်ကုမ္ပဏီဖြစ်ပြီး ကီးယားရှယ်ယာ ၃၄ ရာခိုင်နှုန်းကို ဟွန်ဒိုင်းက ထိန်းချုပ်ထားသည်။ ကီးယားနှင့် လက်တွဲရန် စီစဉ်နေသော မြန်မာဆူပါဆဲဗင်းစတား ကုမ္ပဏီကို ဦးစံလင်းဆိုသူက ဦးဆောင်၍ ၁၉၉၃ တွင် ဖွဲ့စည်းခဲ့ပြီး ယခင်တပ်မတော် အစိုးရ လက်ထက်တွင် စက်မှုဇုံကားများ ထုတ်လုပ်ခဲ့သည်ဟု သိရှိရသည်။

ကားလမ်းများကျဉ်းပြီး ဘတ်စ်ကား၊ ဆိုင်ကယ်၊ စက်ဘီး၊ ဈေးသည်များကို ရှောင်တိမ်း မောင်းနှင်ရသော မြန်မာနိုင်ငံတွင် ကီးယား၏ Picanto နှင့် Rio ကားငယ်များက ကောင်းစွာအသုံး တည့်လိမ့်မည်ဟု ယုံကြည်ရသည်။

ကားအို ကားဟောင်းများ ဖျက်သိမ်း၍ အစားထိုးတင်သွင်းခွင့်ပြုခြင်းမှ တဆင့် ဖြေးဖြေးမှန်မှန် ဖွင့်ပေးနေသော မြန်မာဈေးကွက်သို့ ဝင်ရန်အတွက် ကနဦး လေ့လာမှုများ ပြုလုပ်လျက်ရှိသည်ဟု ဟွန်ဒိုင်းနှင့် ကီးယားညီနောင် ကုမ္ပဏီများ၏ ပြောရေးဆိုခွင့် ရှိသူက ပြောကြားသည်။

************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive