Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၄.၉.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. တရုတ်မြန်မာဆက်ဆံရေးကောင်းမွန်စေရန် တရုတ်ထိပ်တန်းလွှတ်တော်အမတ် အဆိုပြု

(Ximhua သတင်းမှ 14 Sept 2012 ရက်စွဲပါ “Top Legislator raises proposals for China-Myanmar relations” သတင်းကို ဘာသာပြန်ဆိုသည်)

  1. အမေရိကန်အ၀တ်အထည်များတွင် “Made in Myanmar” ပြန်လာတော့မည်လော။

(12 September 2012 ရက်စွဲပါ Glohal Post မှ Patrick Winn ရေးသားသော The Return of “Made in Myanmar” to US closets ကိုဘာသာပြန်ပါသည်။)

***********************************************************

ဘာသာပြန်သတင်းများ

တရုတ်မြန်မာဆက်ဆံရေးကောင်းမွန်စေရန် တရုတ်ထိပ်တန်းလွှတ်တော်အမတ် အဆိုပြု

(Ximhua သတင်းမှ 14 Sept 2012 ရက်စွဲပါ “Top Legislator raises proposals for China-Myanmar relations” သတင်းကို ဘာသာပြန်ဆိုသည်)

အလည်အပတ်ရောက်ရှိနေသော ထိပ်တန်းတရုတ်လွှတ်တော်အမတ်ဝူဘန်ဂူက တရုတ်-မြန်မာဆက်ဆံရေး ပိုမိုရင်းနှီးစေမည့် အဆိုပြုချက် များကိုတင်ပြခဲ့ပြီး နယ်စပ်တည်ငြိမ်ရေးပူးပေါင်းအားထုတ်မှုများ၊ နှစ်နိုင်ငံအကြားဖက်စပ်စီမံကိန်းကြီးများ ချောမွေ့စွာတိုးတက်ရေးကို ကြာသာပတေး နေ့က တိုက်တွန်းလိုက်သည်။

တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်မှ ကော်မတီဥကဋ္ဌဝူက အောက်လွှတ်တော်ဥက္ကဌ ဦးရွှေမန်းနှင့်တွေ့ဆုံစဉ် ယင်းသို့အဆိုပြုခဲ့ခြင်း ဖြစ်သည်။

ဗုဒ္ဓဟူးနေ့က နေပြည်တော်သို့ ရောက်ရှိလာသောဝူသည် မြန်မာနိုင်ငံရောက် ပထမဆုံးအမျိုးသားပြည်သူ့ကွန်ဂရက် NPC ကော်မတီဥက္ကဌ ဖြစ်လာသည်။

နှစ်နိုင်ငံကခေါင်းဆောင်များ၏ သဘောတူညီချက်များကို နှစ်ဖက်စလုံး ထိရောက်စွာအကောင်အထည်ဖော်ကာ ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို နက်ရှိုင်းစေပြီး အပြန်အလှန်အကျိုးရှိသောပူးပေါင်းဆောင်ရွက်မှုနှင့် တိုးတက်မှုများကို အားပေးနိုင်မည်ဟု မျှော်လင့်ကြောင်းဝူ ကပြောကြားသည်။

              ဝူ ကဆက်လက်၍ အဆင့်မြင့်ခရီးစဉ်များ အပြန်အလှန်လည်ပတ်ရန် နှစ်နိုင်ငံစလုံးနှင့်ဆိုင်သော အဓိကကိစ္စရပ်များအပေါ် အချိန်ကိုက် အမြင်ချင်းဖလှယ်ရန် တရုတ်-မြန်မာ မဟာဗျူဟာမြောက် လက်တွဲနိုင်စေမည့် လက်တွေ့စီမံချက်ကိုရေးဆွဲကြရန် တိုက်တွန်းပြောဆိုခဲ့သည်။

“တရုတ်-မြန်မာ နှစ်နိုင်ငံစလုံးအနေဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေမည့်အစီအစဉ်များကိုသာ ဆောင်ရွက်သင့်ကြောင်း၊ တရုတ်-မြန်မာဓါတ်ငွေ့နှင့် ရေနံပိုက်လိုင်းစီမံကိန်းကဲ့သို့သော စီမံကိန်းကြီးများအောင်မြင်ရေးကို သေချာအာမခံသင့်ကြောင်း၊ သို့မှသာ အပြန်အလှန် ကုန်သွယ်ရေးတွင် စိတ်ချယုံကြည်မှုရှိအောင် အားပေးနိုင်မှာဖြစ်ကြောင်း” ဝူ ကဆက်လက်ပြောကြားသည်။        

ထို့အပြင် “နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် စီမံခန့်ခွဲမှုကိစ္စများကို မြန်မာနိုင်ငံနှင့်ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားလိုကြောင်း၊ တရုတ်နိုင်ငံ သည် မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကိုလေးစားကြောင်း၊ မြန်မာနိုင်ငံ၏ ဆိုင်ရာဆိုင်ရာ အုပ်စုများ၊ အဖွဲ့များအနေဖြင့် ငြိမ်းချမ်းစွာ ညှိနှိုင်းမှုမှ တစ်ဆင့် ပြဿနာများကို ဖြေရှင်းနိုင်ကြမည်ဟု မျှော်လင့်ပါကြောင်း” ဝူ ကပြောဆိုခဲ့သည်။

ဆက်လက်ပြီး ဝူ က “ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အရှေ့အာရှပူးပေါင်းဆောင်ရွက်မှုအဖွဲ့၊ အာဆီယံဒေသတွင်းဖိုရမ်၊ မဟာမဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုစသော အစီအစဉ်များတွင် ပူးပေါင်းပါဝင်မှုများကို နှစ်နိုင်ငံစလုံးအရှိန်မြှင့်တင်ကာ တစ်ဦး၏ အကျိုးစီးပွားကို တစ်ဦးက အပြန်အလှန် ကူညီပံ့ပိုးပေးသွားကြရန်” အကြံပြုပြောကြားသည်။

လွှတ်တော်ချင်း အပြန်အလှန်ဖလှယ်မှုနှင့်ပတ်သက်၍ ဝူ နှင့် ဦးရွှေမန်းတို့ နှစ်ဦးစလုံးက နိုင်ငံအုပ်ချုပ်ရေး၊ ဒေသတွင်းနှင့်နိုင်ငံတကာ လွှတ်တော်များနှင့် တိုးမြှင့်ဆက်သွယ်ရေးအပါအဝင် ဒီမိုကရေစီနှင့် တရားရေးစနစ်တို့တည်ဆောက်ရေးတွင် နှစ်နိုင်ငံလွှတ်တော်များ အပြန်အလှန် သင်ယူလေ့လာကြရန်နှင့် နှစ်နိုင်ငံကျယ်ပြန့်သော မဟာဗျုဟာမြောက်လက်တွဲမှုကို ဆက်လက်ခိုင်မာအောင် ဆောင်ရွက်သွားကြရန် ရှင်းလင်းပြောကြား ခဲ့ကြသည်။

              အီရန်နိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံတွင် ဒုတိယခရီးတစ်ထောက်ရပ်နားနေသော ဝူဘန်ဂူ၏ လေးနိုင်ငံခရီးစဉ်တွင် သီရီလင်္ကာနှင့် ဖီဂျီနိုင်ငံ တို့လည်း ပါဝင်သည်ဟု သိရှိရသည်။

                                                                  ***************************************

အမေရိကန်အ၀တ်အထည်များတွင် “Made in Myanmar” ပြန်လာတော့မည်လော။

(12 September 2012 ရက်စွဲပါ Glohal Post မှ Patrick Winn ရေးသားသော The Return of “Made in Myanmar” to US closets ကိုဘာသာပြန်ဆိုသည်။)

အကယ်၍ သင်သည် Levi’s အဟောင်းတစ်ထည်ကိုရရှိခဲ့ပြီဆိုပါက တံဆိပ်ကို ဖတ်ကြည့်လိုက်ပါ။ “Made in Myanmar”ဟု ရေးထားသည်ကို တွေ့ရပါက သင်သည်ရှားရှားပါးပါး ရှေးဟောင်းပစ္စည်းတစ်ခု ရရှိခဲ့ခြင်းဖြစ်ပေသည်။ ထိုစဉ်က အမေရိကန်အဝတ်အထည် ထုတ်လုပ်သူများသည် မြန်မာနိုင်ငံမှ လူမုန်းများသောအစိုးရနှင့် လျှို့ဝှက်အလုပ်လုပ်ပြီး အများ၏ကန့်ကွက်မှုအန္တရာယ်ကြားမှ မြန်မာနိုင်ငံနှင့်စီးပွားရေးလုပ်ရန် စိတ်အား ထက်သန်ခဲ့ကြသည်။

၁၉၉၂ တွင် များစွာပြောင်းလဲသွားခဲ့ပြီး၊ ထိုနှစ်တွင် Levi Strauss သည် မြန်မာနိုင်ငံတွင် စစ်အစိုးရနှင့်၎င်း၏ လူ့အခွင့်အရေးချိုဖောက်မှုများကို တိုက်ရိုက်ထောက်ခံကူညီသလိုဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ရန် မလွယ်ကူသဖြင့်ဟု ကြေညာ၍လုပ်ငန်းများ ရပ်နားခဲ့သည်။

ယခုအခါ မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲမှုလုပ်ရပ်များသည် အနောက်နိုင်ငံအရေးယူမှုများကို အမှိုက်ပုံးထဲလွှင့်ပစ်ရန် ဖြစ်လာသည်။ မြန်မာနိုင်ငံ သည် အခြားအာရှနိုင်ငံများ(ဘင်္ဂလားဒေ့ရှ်နှင့် ဗီယက်နမ်တို့ကိုစဉ်းစားရန်)နှင့် အပြိုင်ဖြစ်လာနေပြီ ဖြစ်သည်။ အမေရိကန်အဝတ်အထည် အမှတ်တံဆိပ် အများအပြား ထုတ်လုပ်ရန်တာဆူနေကြသည်။

ဤသည်မှာ မလွှဲမရှောင်သာ ဖြစ်လာတော့မည်ဖြစ်သည်။ အ၀တ်အထည်ချုပ်လုပ်ခြင်းမှာ တစ်မျိုးတည်းကိုသာ ထပ်ခါထပ်ခါလုပ်ရပြီး ပညာသား မပါခြင်းကြောင့် လုပ်ခနည်းသောလုပ်ငန်းဖြစ်ရာ ထိုလုပ်ငန်းများသည် ဆင်းရဲသောနိုင်ငံများကိုသာ မျက်စိကျကြသည်။ မြန်မာနိုင်ငံသည် အိန္ဒယနှင့် တရုတ်ကြားတွင်ရှိပြီး မဟာဗျူဟာအရစီးပွားရေးအရ မှန်ကန်သောနေရာတွင် ရပ်တည်နေသည်။ အမှန်တကယ်လည်း မြန်မာနိုင်ငံတွင် ထိုထုတ်လုပ်မှု လုပ်ငန်း ပမာဏကြီးမားစွာရှိဖူးသော်လည်း ၂၀၀၃ ခုနှစ်တွင် ဝမ်းနည်းဖွယ်အဖြစ်နှင့် ကြုံခဲ့ရပါသည်။ ထိုနှစ်တွင် အမေရိကန်က မြန်မာနိုင်ငံမှ ပစ္စည်း တင်သွင်းခြင်းကို ပိတ်ပင်ခဲ့သည်။

မြန်မာနိုင်ငံသည် အာရှတွင် အဆင်းရဲဆုံးနိုင်ငံများတွင် တစ်နိုင်ငံဖြစ်သည်။ အလွန်တရာဆင်းရဲသောနိုင်ငံများသည် ထိုဆင်းရဲတွင်းမှ လွတ်အောင်ကြိုးစားရာတွင် ၎င်းတို့အပေါ် ကမ်းလှမ်းလာမှု အနည်းငယ်သာရှိပြီး၊ လုပ်ငန်းကျွမ်းကျင်မှုမရှိသော လူထုကြီးမှာ ပုံမှန်အလုပ်ကိုပင် ခက်ခက်ခဲခဲရှာနေရပြီး လုပ်ခလစာနည်းပါးနေမှုသာ ရှိသည်။ ထို့ကြောင့် အထည်ချုပ်လုပ်ငန်းကို ဂျပန်လူမျိုးသုတေသနပြုသူ Toshihiro Kudo ၏ စကားကိုငှား၍ ပြောရမည်ဆိုလျှင် “The first rung on the industrialization Ladder” (စက်မှုနိုင်ငံပြောင်းလဲရာတွင် အထည်ချုပ်သည် လှေခါးထစ်၏ ပထမအဆင့်)ဟု ဆိုရပေမည်။

အဆိုပါနိုင်ငံများတွင် အထည်ချုပ်လုပ်ငန်းသည် ထုတ်လုပ်မှုကဏ္ဍ၏မောင်းနှင်အားဖြစ်လာကြောင်း ၎င်းကရေးသားခဲ့ပြီး မျှော်လင့်ချက်များ လည်း ကြီးကြီးထားနိုင်ကြောင်း ဆိုသည်။

ထို့ကြောင့် သင်သည် H+M တံဆိပ် Gap တံဆိပ် သို့မဟုတ် အခြားဈေးပေါသော ဆင်းရဲသော အရှေ့တောင်အာရှနိုင်ငံများမှ ချုပ်သော အထည်များကို ဝယ်ယူလိုပါလျှင် မကြာတင်သောကာလ၌ သင်၏အဝတ်ဆင်တွင် “Made in Myanmar”ဟူသော စာတန်းပါသောအဝတ်အထည်များကို မျှော်လင့်နိုင်ပြီ ဖြစ်သည်။

******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၁၄.၉.၂၀၁၂

ဘာသာပြန်သတင်းများ

  1. အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်မှ ငြိမ်းချမ်းရေးအတွေ့အကြုံများကို မြန်မာလေ့လာ

(Bernama သတင်းဌာနမှ 11 September 2012 ရက်စွဲပါ Myanmar Drawing On Experiences of Peace Processes In Indonesia , Philippines ကိုဘာသာပြန်ဆိုသည်)

  1. ဂြိုလ်တုလွှတ်တင်ရေးအတွက် မြန်မာနှင့် ဂျပန် အလုပ်ရုံဆွေးနွေးပွဲကျင်းပမည်

(Bernama သတင်းဌာနမှ 13 September 2012 ရက်စွဲပါ Myanmar, Japan to Hold Workshop on Satellite Launching ကိုဘာသာပြန်ဆိုသည်)  

  1. ရိုဟင်ဂျာများအတွက် နယ်စပ်ဝင်ပေါက်ဖွင့်ထားရန် ဘင်္ဂလားဒေ့ရှ်ကို အမေရိကန်တိုက်တွန်း

(The Washington Post မှ 13 September 2012 ရက်စွဲပါ US wants open Bangladeshi border but safe return of Rohingya to Myanmar in long term ကိုဘာသာပြန်ဆိုသည်)

************************************************************

ဘာသာပြန်သတင်းများ

အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်မှ ငြိမ်းချမ်းရေးအတွေ့အကြုံများကို မြန်မာလေ့လာ

(Bernama သတင်းဌာနမှ 11 September 2012 ရက်စွဲပါ Myanmar Drawing On Experiences of Peace Processes In Indonesia, Philippines ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမှ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အလုပ်အမှုဆောင်ကော်မတီ(PWC)အဖွဲ့ဝင်များသည် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နှစ်နိုင်ငံတွင် ငြိမ်းချမ်းရေးဖော်ဆောင်ရေးနှင့် ပဋိပက္ခဖြေရှင်းရေးလုပ်ငန်းစဉ်တို့တွင် ပါဝင်လုပ်ကိုင်ခဲ့ဖူးသူ ကိုယ်စားလှယ်များနှင့်တွေ့ဆုံကာ အမြင်ချင်းဖလှယ်ခဲ့ကြ သည်။

ထိုသို့တွေ့ဆုံမှုကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဒိုင်ယာလော့ခ်စင်တာ(CHD)၏ကူညီပံ့ပိုးမှုဖြင့် မြို့တော်နေပြည်တော်တွင် စက်တင်ဘာလ ၉ ရက်နေ့က ပြုလုပ်ခဲ့ပြီး ယခင်အင်ဒိုနီးရှား ဒုတိယသမ္မတဟောင်း မိုဟာမက်ယူဆတ်ကာလာ၊ ဖိလစ်ပိုင်စစ်ဦးချုပ်ဟောင်း Endriartono Sutarto၊ အင်ဒိုနီးရှား လူ့အခွင့်အရေးနှင့်တရားစီရင်ရေးဆိုင်ရာ ဝန်ကြီးဟောင်း Hamid Awaludin ၊ ဖိလစ်ပိုင်သမ္မတ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Teresita Quintos Deles၊ စစ်ရေးချုပ်ဟောင်း Alexander Yano ၊ ပါမောက္ခ Mariam Coronel Ferrer၊ သမ္မတအကြံပေး Alma Evangelista နှင့် CHD မှ အရာရှိကြီးများ တက်ရောက်ကြသည်။ မြန်မာနိုင်ငံဘက်ကမူ အစိုးရအဖွဲ့ဝန်ကြီးများဖြစ်သော ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးခင်ရီ၊ ဦးအုန်းမြင့်၊ ဦးသန်းဌေးနှင့် ဒေါက်တာကံဇော်၊ ဒုဝန်ကြီး ဦးအောင်သိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဗိုလ်မှူးကြီးကျော်စိုးဝင်း တို့တက်ရောက်ကြသည်။

မြန်မာနိုင်ငံအနေဖြင့် အခြားသောနိုင်ငံများ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုဖြစ်စဉ်မှ အတွေ့အကြုံများ၊ အမှားများနှင့် အောင်မြင်ဖြစ်ထွန်းမှုများကို လေ့လာနိုင်သည်ဖြစ်သည့်အတွက် ပို၍သင့်တင့်လျောက်ပတ်သော လုပ်ငန်းဆောင်ရွက်မှုများကို လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း PWC အဖွဲ့က ပြောကြား သည်။ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နိုင်ငံတကာမှအကူအညီနှင့် အထောက်အပံ့များကို အရေးတကြီး လိုအပ်ပါကြောင်း၊ မိမိတို့ ကော်မတီသည် သမိုင်းဝင်မည့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်သွားရန် ဆုံးဖြတ်ထားပြီးဖြစ်ပါကြောင်း PWC ကဆိုသည်။ အင်ဒိုနီးရှားနိုင်ငံ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်တွင် ဦးဆောင်လုပ်ကိုင်သူများ၏ ဆန်းသစ်တီထွင်မှုက လွန်စွာအခရာကျသည်။ ဖိလစ်ပိုင်နိုင်ငံတွင်မူ စနစ်တကျ ပုံဖော်ရေးနှင့် အပြီးသတ်ဆောင်ရွက်ရေးဟူသည့် မူဝါဒတို့ကအခရာကျခဲ့သည်။ ဖိလစ်ပိုင်မှ အမျိုးသားညီညွတ်ရေးကောင်စီကဲ့သို့ အခြေခံမူဘောင်တစ်ခု ထွက်ပေါ်လာအောင် လုပ်ကိုင်ရန်လည်းလိုအပ်သည်။ သို့မှသာ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းကို နိုင်ငံတစ်ဝန်းကျယ်ကျယ်ပြန့်ပြန့်နှင့် ထိထိ ရောက်ရောက် လုပ်ကိုင်ဆောင်ရွက်သွားနိုင်မည် ဖြစ်သည်ဟု ကော်မတီက ဆိုသည်။

Ms Quintos Deles ကပြောကြားရာတွင် ပဋိပက္ခများသည် တစ်ခုနှစ်တစ်ခု တူညီမှုမရှိကြောင်း၊ အချို့သောကိစ္စများမှ သင်ခန်းစာ ရယူနိုင်ကြောင်း ပြောကြားပြီး တစ်ဖက်နှင့်တစ်ဖက် အမြင်ချင်းဖလှယ်မှုသည် နိုင်ငံများအကြား ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးအတွက် ညီညွတ်မှုကို ဆောင်ကြဉ်းပေးနိုင်သည်ဟု ယူဆမိသည်ဟု ဆိုသည်။

ယခင် အင်ဒိုနီးရှားဒုတိယသမ္မတကမူ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ဖြစ်ထွန်းမှုကို ကြိုဆိုပါသည်ဟုဆိုပြီး တိုင်းပြည်အနေဖြင့် ထာဝရငြိမ်းချမ်းရေး ပေါ်ထွန်းအောင် တည်ဆောက်နိုင်မည်ဟု မျှော်လင့်လျက်ရှိသည်။

နိုင်ငံရေးတည်ငြိမ်မှုရှိရေး၊ စီးပွားရေးဖွံ့ဖြိုးရေး၊ နိုင်ငံသားတို့၏ လူမှုစီးပွားဖွံ့ဖြိုးရေးတို့အတွက် ပဋိပက္ခပြေလည်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင် ရေး တို့သည် အရေးတကြီးလိုအပ်သောအရေးကိစ္စများ ဖြစ်ကြကြောင်း ၎င်းကဆိုသည်။  

                                                            **************************************************

ဂြိုလ်တုလွှတ်တင်ရေးအတွက် မြန်မာနှင့် ဂျပန် အလုပ်ရုံဆွေးနွေးပွဲကျင်းပမည်

(Bernama သတင်းဌာနမှ 13 September 2012 ရက်စွဲပါ Myanmar, Japan to Hold Workshop on Satellite Launching ကိုဘာသာပြန်ဆိုသည်)  

မြန်မာနိုင်ငံအတွက် ဆက်သွယ်ရေးဂြိုလ်တု လွှတ်တင်ပေးနိုင်ရေးအတွက် လာမည့်အောက်တိုဘာလ ဒုတိယပတ်တွင် အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကို မြန်မာနှင့်ဂျပန် ပူးပေါင်းကျင်းပသွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာကဖော်ပြသည်။ မြန်မာနိုင်ငံ၏ တယ်လီဆက်သွယ်ရေးနှင့် အင်ဖော် မေးရှင်း အခန်းကဏ္ဍ၏ အရည်အသွေး မြှင့်တင်နိုင်ရေးအတွက် ဂျပန်နိုင်ငံ၏အကူအညီဖြင့် အဆိုပါ ဂြိုလ်တုလွှတ်တင်မည့်အစီအစဉ်ကို လုပ်ဆောင်မည် ဖြစ်သည်ဟု Xinhua သတင်းဌာနက ဆိုသည်။

ယင်းသို့ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မည့်အစီအစဉ်ကို ပို့ဆောင်ရေးဝန်ကြီးဦးဉာဏ်ထွန်းအောင်နှင့် ဂျပန်အခြေစိုက် မာရူဘီနီအာကာသ လေကြောင်းကော်ပိုရေးရှင်းမှ မန်နေးဂျင်းဒါရိုက်တာ Hiroshi Ikuno တို့ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း The New Light of Myanmar သတင်းစာက ရေးသားဖော်ပြသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအတွက် အသေးစားကမ္ဘာမြေ လေ့လာရေးဂြိုလ်တုလွှတ်တင်ရေးကိစ္စကို အမြင်ချင်းဖလှယ် ဆွေးနွေး ကြမည်ဖြစ်သည်။ မိုးလေဝသခန့်မှန်းမှုများ၊ လေကြောင်းနှင့် ရေကြောင်းဆက်သွယ်ရေး လုပ်ငန်းများ၊ စိုက်ုပျိုးရေး၊ ရေကြောင်းအုပ်ချုပ်ရေး၊ သစ်တောစီမံ ခန့်ခွဲမှုများနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းများအတွက် ယင်းဂြိုလ်တု လွှတ်တင်ရန်စီစဉ်ခြင်းဖြစ်သည်။

ဂျပန်နိုင်ငံက အာကာသမှတ်တမ်းများမှတစ်ဆင့် အာကာသနှင့်ဆက်နွှယ်သော မဟာဗျူဟာများကို ရေးဆွဲပေးမည်ဖြစ်ပြီး တက္ကသိုလ်များတွင် အာကာသဆိုင်ရာ နည်းပညာများကို သင်ကြားပို့ချပေးသွားမည်ဟု ဆိုသည်။ ဂြိုလ်တုလွှတ်တင်နိုင်ရေးအတွက် မြန်မာနိုင်ငံတွင် အဖွဲ့ဝင်ငါးဦးပါဝင်သော ဗဟိုကော်မတီတစ်ရပ်နှင့် အဖွဲ့ဝင် ၇ ဦးပါသော လုပ်ငန်းကော်မတီတစ်ရပ်ကို တည်ထောင်ထားပြီးဖြစ်ကြောင်း အစောပိုင်း သတင်းပေးပို့ချက်များက ဆိုသည်။

လတ်တလောအနေအထားတွင် ဂျပန်သည် မြန်မာနိုင်ငံမှရရန်ရှိသည့် ကြွေးမြီယန်းငွေ ၃၀၀ ဘီလီယံကို လျှော်ပေးခဲ့ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက် ယန်းငွေ ၁၉၈ ဒဿမ ၉ ဘီလီယံကို ချေးငွေအဖြစ်ထုတ်ချေးရန်စီစဉ်ထားသည်။                     

                                                                        ****************************************************

ရိုဟင်ဂျာများအတွက် နယ်စပ်ဝင်ပေါက်ဖွင့်ထားရန် ဘင်္ဂလားဒေ့ရှ်ကို အမေရိကန်တိုက်တွန်း

(The Washington Post မှ 13 September 2012 ရက်စွဲပါ US wants open Bangladeshi border but safe return of Rohingya to Myanmar in long term ကိုဘာသာပြန်ဆိုသည်)

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှထွက်ပြေးလာသော ရိုဟင်ဂျာဒုက္ခသည်များအတွက် နယ်စပ်တံခါးများ ဆက်လက်ဖွင့်လှစ်ပေးထား သင့်သည်ဟု အမေရိကန်ပြည်ထောင်စုက တိုက်တွန်းပြောဆိုသော်လည်း ရေရှည်ကာလတွင် မြန်မာနိုင်ငံသို့ လုံခြုံစွာပြန်သွားနိုင်ရေးအတွက် ဆော်သြ လိုက်သည်။ ရိုဟင်ဂျာပြည်သူများအတွက် မြန်မာနိုင်ငံတွင်းအခြေအနေမှာ စိုးရိမ်စရာကောင်းနေဆဲပင်ဖြစ်ကြောင်း အမေရိကန်အရာရှိကြီးများက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြို့တော်ဒါကာ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားသည်။

နိုင်ငံမဲ့နေသော ရိုဟင်ဂျာများအတွက် အစားအသောက်နှင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှုများ ထောက်ပံ့ပေးရန် လိုအပ်သည်ဟု ယင်းအမေရိကန် အရာရှိကြီးများက စိုးရိမ်တကြီးပြောကြားပြီး မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအနေဖြင့် ရေရှည်အကျိုးရှိမည့် ဖြေရှင်းချက်တစ်ခု ထွက်ပေါ်အောင် ပူးပေါင်းလုပ်ဆောင်ကြရန် တိုက်တွန်းသည်။

ရိုဟင်ဂျာဒုက္ခသည်များကို နှစ်ပေါင်းများစွာထောက်ပံ့ပေးခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအား Dan W Mozena ကချီးမွမ်းပြောဆိုပြီး ဒုက္ခသည်စာရင်းမဝင်သေးသူ ရိုဟင်ဂျာပေါင်းများစွာအတွက် အလားတူထောက်ပံ့မှုမျိုး ဆက်လက်လုပ်ကိုင်ပေးသွားရန်လည်း တိုက်တွန်းသည်။

Dan Mozena သည် လူမျိုးရေးတင်းမာမှုများနှင့် ဆူပူအုံကြွမှုများဖြစ်ပွားခဲ့သည့် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်သို့သွားရောက်ခဲ့ခြင်း မရှိသော်လည်း ဘင်္ဂလားဒေ့ရှ်ရှိဒုက္ခသည်စခန်းများသို့ ၎င်း၏ ကိုယ်စားလှယ်အဖွဲ့နှင့်အတူ သွားရောက်ခဲ့သည်။ ဒုက္ခသည်စခန်းပြင်ပရှိ ဒုက္ခသည်များ၏ အခြေအနေမှာ စိုးရိမ်စရာကောင်းကြောင်း ၎င်းကဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကောက်ဘဇာရှိ တရားဝင်ဒုက္ခသည်စခန်းနှစ်ခုတွင် ရိုဟင်ဂျာဒုက္ခသည် ၂၈၀၀၀ ခန့်ရှိသည်။

သို့သော် အခြားဒုက္ခသည်ထောင်ပေါင်းများစွာမှာ စခန်းပြင်ပတွင်နေထိုင်ကြရပြီး စား၊ဝတ်နေရေးအတွက် များစွာအခက်အခဲတွေ့ကြုံလျက် ရှိသည်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာသည် မြန်မာနိုင်ငံမှထွက်ပြေးလာသော ရိုဟင်ဂျာဒုက္ခသည်များကို အကူအညီပေးနေသည့် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့သုံးဖွဲ့အား လုပ်ငန်းရပ်ဆိုင်းရန်အမိန့်ပေးခဲ့သည်။ ဘင်္ဂလားဒေ့ရှ်အစိုးရအဆိုအရ ယင်းသို့ပြုလုပ်ရခြင်းမှာ အစ္စလာမစ်အစွန်းရောက် များသည် ရိုဟင်ဂျာဒုက္ခသည်များကို ပစ်မှတ်ထားကာ လူစုဆောင်းလျက်ရှိသည်ဟူသည့် ထောက်လှမ်းရေးသတင်းများရရှိထား၍ ဖြစ်ကြောင်း၊ သို့အတွက်ကြောင့် ကြိုတင်သတိပြုသည့်အနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းသုံးခုအား လုပ်ငန်းရပ်ဆိုင်းရန် တားမြစ်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။

ရိုဟင်ဂျာဒုက္ခသည်များ၏ အခြေအနေနှင့်ပတ်သက်၍ အမေရိကန်အစိုးရအရာရှိကြီးများက စိုးရိမ်ပူပန်လျက်ရှိကြကြောင်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သူ အမေရိကန် လူဦးရေ၊ ဒုက္ခသည်များနှင့် ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာဗျူရိုမှ လက်ထောက်အတွင်းဝန် Kelly Clements ကပြောသည်။

ပြဿနာဖြစ်နေသည့် ရခိုင်ပြည်နယ်တွင်းရိုဟင်ဂျာများရွှေ့ပြောင်းနေထိုင်ရမှုမှာ ယနေ့ထိတိုင် ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း Kelly Clements က ပြောကြားသည်။ သို့သော် မိမိတို့အဖွဲ့အား အဆိုပါ ရိုဟင်ဂျာများရှိရာ နေရာဒေသများကို ကြည့်ရှုလေ့လာခွင့်အစွမ်းကုန်ပေးခဲ့သည့်အတွက် မြန်မာ အစိုးရအား အထူးပင်ကျေးဇူးတင်ကြောင်း ၎င်းကချီးမွမ်းပြောဆိုသည်။

တိုင်းရင်းသားအုပ်စုများ ပြန်လည်သင့်မြတ်ရေးနှင့် ပြန်လည်ပူးပေါင်းနေထိုင်နိုင်ရေးသည် မြန်မာအစိုးရ၏ ပထမဦးစားပေး အစီအစဉ်ဖြစ်သင့် ကြောင်း၊ သို့မှသာ အကျပ်အတည်းများကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံအနေဖြင့် အခက်အခဲဖြစ်ပေါ်နေသော ပြည်သူများ အကူအညီအထောက်အပံ့များရရှိရေးကို သေချာအောင်ပြုလုပ် သင့်ကြောင်း ၎င်းကဆိုသည်။

အမေရိကန်အရာရှိကြီးများသည် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာအကြား အဆက်မပြတ်ဒိုင်ယာလော့ခ်ပြုလုပ်ရန်လည်း တွန်းအားပေးလျက်ရှိသည်။

ရိုဟင်ဂျာများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင်ခိုးဝင်လာသော ရွှေ့ပြောင်းပြည်သူများအဖြစ် မြန်မာအစိုးရကရှုမြင်ထားပြီး ဘင်္ဂလားဒေ့ရှ်ကမူ ၎င်းတို့အားနိုင်ငံသားအဖြစ် အသိအမှတ်မပြုပေ။ ယင်းရိုဟင်ဂျာများသည် မြန်မာနိုင်ငံတွင် ရာစုနှစ်များစွာနေထိုင်ခဲ့သူများဖြစ်ပြီး မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုသင့်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောထားသည်။

ပြီးခဲ့သည့် ၁၉၉၀ ပြည့်နှစ်များအတွင်း မြန်မာစစ်အစိုးရ၏ဖိနှိပ်မှုများကြောင့် ရိုဟင်ဂျာနှစ်သိန်းခွဲခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြသည်။ နောက်ပိုင်းတွင် ၎င်းတို့အနက်မှအများစုကို မြန်မာနိုင်ငံက ပြန်လည်ခေါ်ယူခဲ့သည်။

မြန်မာနိုင်ငံသို့ ရိုဟင်ဂျာများပြန်ပို့နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်က မြန်မာအစိုးရနှင့်နှစ်များစွာ စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ပေ။ တစ်ချိန်တည်းမှာပင် ရိုဟင်ဂျာထောင်ပေါင်းများစွာသည် နယ်စပ်ဒေသကိုဖြတ်ကျော်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်ခဲ့ကြသည်။

******************************************************************************************

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive