Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၈.၉.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. အီးယူက မြန်မာကို အထူးကုန်သွယ်ခွင့် ပေးရန်စီစဉ်

(Europan Voiceမှ 17Sept,2012 ရက်စွဲပါ “EU to ease trade for Myanmar” သတင်းကိုဘာသာပြန်ဆိုသည်)

  1. ဂြိုလ်တုလွှတ်တင်ရေးအတွက် မြန်မာနှင့် ဂျပန် အလုပ်ရုံဆွေးနွေးပွဲကျင်းပမည်

(Bernama သတင်းဌာနမှ 13 September 2012 ရက်စွဲပါ Myanmar, Japan to HoldWorkshop on Satellite Launching ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာ့နိုင်ငံရေးအကျဉ်းသား ၆၀ ခန့် လွတ်ငြိမ်းချမ်းသာမှုဖြင့် လွတ်မြောက်

(Channel News Asia မှ 18 September 2012 ရက်စွဲပါ About 60 political prisoners freed in Myanmar amnesty ကိုဘာသာပြန်ဆိုသည်)

***********************************************************

အီးယူက မြန်မာကို အထူးကုန်သွယ်ခွင့် ပေးရန်စီစဉ်

(Europan Voiceမှ 17Sept,2012 ရက်စွဲပါ “EU to ease trade for Myanmar” သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံနှင့် ဆက်ဆံရေးပြန်လည် တိုးတက်မှု လက္ခဏာအဖြစ် ဥရောပကော်မရှင်က မြန်မာနိုင်ငံအား အီးယူဈေးကွက်များသို့ အကန့်အသတ်မရှိ ဝင်ခွင့်ပေးရန် အဆိုပြုလိုက်ပြီဖြစ်သည်။

ထိုသို့၁၉၉၇ နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ် အီးယူဈေးကွက်များတွင် အထူးအခွင့်အရေး ကုန်သွယ်ခွင့်ပေးရန် အဆိုပြုလိုက်ခြင်းအားဖြင့် မြန်မာနို်င်ငံနှင့် ပုံမှန်ဆက်ဆံရေးသို့ ဦးတည်သော ဆောင်ရွက်ချက်တစ်ခု ကို အီးယူက ယနေ့ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယခင်က မြန်မာအစိုးရသည် အဓမ္မ လုပ်သားခိုင်းစေမှု ဆိုင်ရာ နိုင်ငံတကာ ကျင့်ဝတ်များကို စနစ်တကျချိုးဖောက် ခဲ့ခြင်းကြောင့် အီးယူနှင့် အထူးကုန်သွယ်ခွင့်ကို လက်လွှတ်ခဲ့ရသည်။ ၁၉၉၀ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ ပြည်လုံးကျွတ်အနိုင်ရရှိခဲ့သော ရွေးကောက်ပွဲရလဒ်ကို လက်ခံရန် တပ်မတော်အစိုးရက ငြင်းဆန်ပြီး နောက်ပိုင်း အီးယူက ချမှတ်ခဲ့သော တားမြစ်မှု၊ ဒဏ်ခတ်မှုများထဲတွင် အဆိုပါ အထူးကုန်သွယ်ခွင့် ပိတ်ပင်မှု ပါဝင်ခဲ့သည်။

သို့သော်လည်း တပ်မတ်ေအစိုးရက နိုင်ငံရေး၊ စီးပွားရေး၊ပြင်ဆင်ပြောင်းလဲမှုများ ဆက်တိုက်ပြုလုပ်လာသည့် အတွက် အနောက်အုပ်စုနိုင်ငံများက ဒေါ်အောင်ဆန်းစုကြည်၏ ထောက်ခံမှုဖြင့် မြန်မာနိုင်ငံအပေါ် sanction များဖြေလျှော့ဖျက်သိမ်းပေးကာ အသိအမှတ်ပြုတုန့်ပြန်ခဲ့ကြသည်။

အီးယူက ဖြေလျှော့ပေးသော ဆောင်ရွက်ချက်များထဲတွင် လူပုဂ္ဂိုလ်များနှင့် ကုမ္ပဏီများအပေါ် ပစ်မှတ်ထားသည့် အရေးယူမှုများ ဖြေလျှော့ပေးခြင်း တို့ပါဝင်သည်။

ဥရောပ ကော်မရှင်၏ ယခုနောက်ဆုံး ဆောင်ရွက်ချက်မျာတွင် လက်နက်ခဲယမ်းမှလွဲ၍ မြန်မာလုပ်ပစ္စည်းများအားလုံးကိုရောင်းဝယ် ခွင့်ပေးရန်နှင့် အီးယူဈေးကွက်များသို့ အခွန်ကင်းလွတ်ကုန်သွယ်ခွင့် ပြုရန်စီစဉ်ထားသည်။ မြန်မာနိုင်ငံသည် အဓမ္မလုပ်သားခိုင်းစေမှုကို အဆုံးသတ်ရေးကိစ္စတွင် သိသိသာသာတိုးတက်မှုများ ရှိလာကြောင်း ILOကဇွန်လတွင အကဲဖြတ်ပြီးနောက် ယခုကဲ့သို့ ဆောင်ရွက်ချက်များ ပေါ်ထွက်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာဖွံ့ဖြိုးမှုအနိမ့်ဆုံးဟု ကုလသမဂ္ဂက သတ်မှတ်ထားသော ၄၈နိုင်ငံသာလျှင် အီးယူ၏ “လက်နက်ကလွဲရင် အားလုံးလာခဲ့” မူဝါဒနှင့် အကျုံးဝင်သည်ဟု သိရှိရသည်။

ဥရောပကော်မရှင်၏ ယခုလက်ရှိ အဆိုပြုချက်ကို အီးယူအဖွဲ့ဝင် ၂၇နိုင်ငံနှင့် ဥရောပပါလီမန်က အတည်ပြုပေးရန်လို အပ်သည်။ လတ်တလော အီးယူသို့ မြန်မာနိုင်ငံက ကုန်သွယ်ခွင့်ရှိသော ပစ္စည်းမှာ အဝတ်အစား(အထည်ချုပ်ထွက်ကုန်) ဖြစ်ပြီး အဓိကအားဖြင့် အတိုက်အခံများကို နှိပ်ကွပ်ရာတွင် အသုံးပြုသော လက်နက်ခဲယမ်းများ (ဥရောပလုပ်)ဝယ်ယူခွင့်ကို ပိတ်ပင်ထားသည်ဟု သိရှိရသည်။

--------------------------------------------------------------------------------------------------------------------------------

ဂြိုလ်တုလွှတ်တင်ရေးအတွက် မြန်မာနှင့် ဂျပန် အလုပ်ရုံဆွေးနွေးပွဲကျင်းပမည်

(Bernama သတင်းဌာနမှ 13 September 2012 ရက်စွဲပါ Myanmar, Japan to Hold Workshop on Satellite Launching ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံအတွက် ဆက်သွယ်ရေးဂြိုလ်တု လွှတ်တင်ပေးနိုင်ရေးအတွက် လာမည့်အောက်တိုဘာလ ဒုတိယပတ်တွင် အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကို မြန်မာနှင့် ဂျပန် ပူးပေါင်းကျင်းပသွားမည် ဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာက ဖော်ပြသည်။ မြန်မာနိုင်ငံ၏ တယ်လီဆက်သွယ်ရေးနှင့် အင်ဖော်မေး ရှင်းအခန်းကဏ္ဍ၏ အရည်အသွေး မြှင့်တင်နိုင်ရေးအတွက် ဂျပန်နိုင်ငံ၏ အကူအညီဖြင့် အဆိုပါဂြိုလ်တု လွှတ်တင်မည့် အစီအစဉ်ကို လုပ်ဆောင်မည် ဖြစ် သည်ဟု Xinhuaသတင်းဌာနက ဆိုသည်။

ယင်းသို့ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မည့် အစီအစဉ်ကို ပို့ဆောင်ရေးဝန်ကြီး ဦးဉာဏ်ထွန်းအောင်နှင့် ဂျပန်အခြေစိုက် မာရူဘီနီ အာကာသ လေကြောင်း ကော်ပိုရေးရှင်းမှ မန်နေးဂျင်း ဒါရိုက်တာ Hiroshi Ikunoတို့ ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း The New Light of Myanmar သတင်းစာက ရေးသား ဖော်ပြသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအတွက် အသေးစား ကမ္ဘာမြေလေ့လာရေး ဂြိုလ်တုလွှတ်တင်ရေး ကိစ္စကို အမြင်ချင်း ဖလှယ်ဆွေးနွေး ကြမည်ဖြစ်သည်။ မိုးလေဝသ ခန့်မှန်းမှုများ၊လေကြောင်းနှင့် ရေကြောင်း ဆက်သွယ်ရေး လုပ်ငန်းများ၊ စိုက်ပျိုးရေး၊ ရေကြောင်းအုပ်ချုပ်ရေး၊ သစ်တော စီမံခန့်ခွဲမှုများနှင့် သတ္တုတူးဖော်ရေး လုပ်ငန်းများအတွက် ယင်းဂြိုလ်တု လွှတ်တင်ရန် စီစဉ်ခြင်းဖြစ်သည်။

ဂျပန်နိုင်ငံက အာကာသ မှတ်တမ်းများ မှတစ်ဆင့် အာကာသနှင့် ဆက်နွှယ်သော မဟာဗျူဟာများကို ရေးဆွဲပေးမည်ဖြစ်ပြီး တက္ကသိုလ်များတွင်

အာကာသဆိုင်ရာ နည်းပညာများကို သင်ကြားပို့ချပေးသွားမည်ဟုဆိုသည်။ ဂြိုလ်တုလွှတ်တင်နိုင်ရေးအတွက် မြန်မာနိုင်ငံတွင် အဖွဲ့ဝင် ငါးဦးပါဝင်သော ဗဟိုကော်မတီ တစ်ရပ်နှင့် အဖွဲ့ဝင် ၇ဦးပါသော လုပ်ငန်းကော်မတီ တစ်ရပ်ကို တည်ထောင်ထားပြီးဖြစ်ကြောင်း အစောပိုင်း သတင်းပေးပို့ချက်များက ဆို သည်။

လတ်တလော အနေအထားတွင် ဂျပန်သည် မြန်မာနိုင်ငံမှ ရရန်ရှိသည့် ကြွေးမြီယန်းငွေ ၃၀၀ဘီလီယံကို လျှော်ပေးခဲ့ပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက် ယန်းငွေ ၁၉၈ဒဿမ ၉ဘီလီယံကို ချေးငွေအဖြစ် ထုတ်ချေးရန် စီစဉ်ထားသည်။

--------------------------------------------------------------------------------------------------------------------

မြန်မာ့နိုင်ငံရေးအကျဉ်းသား ၆၀ခန့် လွတ်ငြိမ်းချမ်းသာမှုဖြင့် လွတ်မြောက်

(Channel News Asia မှ 18 September 2012 ရက်စွဲပါ About 60 political prisoners freed in Myanmar amnesty ကိုဘာသာပြန်ဆိုသည်)

မြန်မာအစိုးရက အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ပြုကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပြီးနောက် နိုင်ငံရေး အကျဉ်းသား ၆၀ကျော်ခန့် လွတ်မြောက်သွားကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့(NLD) မှ အဖွဲ့ဝင် တစ်ဦးက AFPသို့ ပြောကြားသည်။

အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့် ပြုမှုသည် နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိနေချိန်နှင့် တိုက်ဆိုင်မှု ရှိသလို ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောမည့် သမ္မတကြီး ဦးသိန်းစိန်၏ သမိုင်းဝင် အမေရိကန် ခရီးစဉ်နှင့်လည်း တိုက်ဆိုင် နေသည်။

"လွတ်ငြိမ်းချမ်းသာ ခွင့်အရ နိုင်ငံရေး အကျဉ်းသား၆၀လောက် စက်တင်ဘာလ ၁၇ ရက်နေ့မှာ လွတ်မြောက်ခဲ့ပါတယ်။ ကျွန်တော်တို့မှာရှိတဲ့ စာရင်းတွေအရ နိုင်ငံရေးအကျဉ်းသား ၃၀၀လောက် ထောင်တွေအသီးသီးမှာ ဖမ်းဆီးထိန်းသိမ်း ခံထားရပါတယ်"ဟု NLDပါတီဝင် တစ်ဦးက ပြောကြား သည်။ NLDအနေဖြင့်လည်း နိုင်ငံတစ်ဝန်းတွင် လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသားများ ဦးရေကို အတည်ပြုနိုင်ရန် ကြိုးပမ်းခဲ့ကြောင်း ၎င်းကဆို သည်။

NLD မှ နိုင်ငံရေး အကျဉ်းသားများ စာရင်းသည် ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ့နိုင်ငံရေး အကျဉ်းသားများ ကူညီထောက်ပံ့ရေး (AAPP)မှ ကိန်းဂ ဏန်းများနှင့် များစွာတူညီမှု ရှိသည်။

နေပြည်တော်ရှိ အကျဉ်းဦးစီးဌာနမှ အရာရှိတစ်ဦးက AFPသတင်းဌာနသို့ ပြောကြားရာတွင် ဖမ်းဆီးထိန်းသိမ်းထားသော အကျဉ်းသား စုစုပေါင်း ၅၁၄ဦးကို လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်းပြောသည်။ လွတ်မြောက်ခွင့် ရရှိသွားသူ အများစုမှာ နိုင်ငံခြားသားများ ဖြစ်သည်။

"နိုင်ငံခြားသား အကျဉ်းသား စုစုပေါင်း ၃၉၉ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်အရ မနေ့က လွှတ်ပေးလိုက်ပါတယ်။ နိုင်ငံခြားသားတွေဟာ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း နဲ့ လာအို စတာတွေ ဖြစ်ပါတယ်" ဟု ၎င်းကဆိုသည်။ သို့သော် နိုင်ငံရေး အကျဉ်းသားများ ဆက်လက်ကျန်ရှိနေခြင်း ရှိ၊ မရှိဟူသော အချက်နှင့် ပတ်သက်၍ ၎င်းက ပြောဆိုမှု မပြုပေ။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန၏ အဆိုအရ ပြီးခဲ့သည့် ဇူလိုင်လ မြန်မာနိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသော ထိုင်း နိုင်ငံသား ၈၃ဦးလည်း လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့ကြောင်း သိရသည်။

ယခုလို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ရခြင်းမှာ နိုင်ငံတော် တည်ငြိမ်ရေး၊ ထာဝရငြိမ်းချမ်းရေးတို့ကို မြှင့်တင်နိုင်ရေးအတွက် လူသားချင်း စာနာ ထောက်ထားမှုဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ အိမ်နီးချင်း နိုင်ငံများနှင့်လည်း ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရန်လည်း ရည်ရွယ်ကြောင်း နိုင်ငံပိုင် မီဒီယာက သတင်း ထုတ်ပြန်သည်။

မြန်မာအစိုးရသည် အနောက်နိုင်ငံများနှင့် ဆက်ဆံရေး ပြန်လည်ကောင်းမွန် နိုင်ရေးအတွက် နိုင်ငံရေး အကျဉ်းသား ရာပေါင်းများစွာကို လွှတ်ပေး ခဲ့ပြီး ဖြစ်သည်။ သို့သော် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက နိုင်ငံရေး အကျဉ်းသား ၃၀၀ခန့် ဆက်လက်ဖမ်းဆီး ထိန်းသိမ်းခံထားရဆဲ ဖြစ်သည်ဟု ယခု နောက်ဆုံး လွတ်ငြိမ်းချမ်းသာခွင့် မကြေညာမီ ရက်သတ္တပတ်အထိ ပြောဆိုခဲ့ကြသည်။

******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၁၈.၉.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ဟီလာရီကလင်တန်နှင့် ဒေါ်အောင်ဆန်းစုကြည် ဝါရှင်တန်တွင် တွေ့ဆုံမည်

(AP သတင်းဌာနမှ 18 September 2012 ရက်စွဲပါ Myanmar's Suu Kyi meets Clinton in Washington ကိုဘာသာပြန်ဆိုသည်)

  1. တရုတ်တွင် ဆန္ဒပြမှုများကြောင့် ထိခိုက်ရသော ဂျပန်ကုမ္ပဏီများ၏ ရှယ်ယာဈေးကျ

(18 September 2012ရက်စွဲ BBC News မှ China protests: Shares of affected Japanese firm fallကိုဘာသာပြန်ဆိုသည်။)

  1. ဖိနှိပ်ချုပ်ချယ်မှု တိမ်တိုက်များထဲမှ ထိုးထွက်မှုပုံရိပ်(သို့) ပုဂံမြို့ဟောင်း

(The Seattle Timesမှ 14 Sept,2012 ရက်စွဲပါ “Bagan Myanmar; Capital rises above clouds of opression”ဆောင်းပါးကို ဘာသာပြန်ဆိုသည်)

************************************************************

ဘာသာပြန်သတင်းများ

ဟီလာရီကလင်တန်နှင့် ဒေါ်အောင်ဆန်းစုကြည် ဝါရှင်တန်တွင် တွေ့ဆုံမည်

(AP သတင်းဌာနမှ 18 September 2012 ရက်စွဲပါ Myanmar's Suu Kyi meets Clinton in Washington ကိုဘာသာပြန်ဆိုသည်)

မြန်မာအတိုက်အခံ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပေါ် ဖိနှိပ်ချုပ်ချယ်မှုနှင့် ပတ်သက်ပြီး နှစ်ပေါင်းများစွာ ပြစ်တင်ဝေဖန်မှုများ ပြုလုပ်ခဲ့ပြီး နောက် ယခုအခါ အမေရိကန် ပြည်ထောင်စုသည် သူမ၏ လွတ်လပ်မှုကို ချီးမွမ်းဂုဏ်ပြုမှုများ ပြုလုပ်လာသည့် အဆင့်သို့ ရောက်ရှိလာသည်။ ဒေါ်အောင် ဆန်းစုကြည်၏ နှစ်ပေါင်း၂၀ကျော် ကာလအတွင်း ပထမဆုံး အမေရိကန်ပြည်ထောင်စု ခရီးစဉ် စတင်သည့်နေ့ စက်တင်ဘာလ ၁၈ရက်တွင် နိုင်ငံခြာရေး ဝန်ကြီး ဟီလာရီ ကလင်တန်က သူမအား ကြိုဆိုတွေ့ဆုံမည် ဖြစ်သည်။

ဟီလာရီ ကလင်တန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် လွန်ခဲ့သည့် ၉ လခန့်က ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်းစုကြည်၏ အင်လျားကန်ဘေး နေအိမ်တွင် တွေ့ဆုံခဲ့သည်။ ယခုအခါတွင်မူ ၎င်းတို့နှစ်ဦး အနေဖြင့် မြန်မာနိုင်ငံအပေါ် ဆက်လက်ထားရှိနေသည့် စီးပွားရေး ပိတ်ဆို့အရေးယူမှုများ အပါအ ဝင် အရေးကြီးသော နိုင်ငံရေး အပြောင်းအလဲများ အကြောင်းကို ဆွေးနွေးကြလိမ့်မည် ဖြစ်သည်။

စက်တင်ဘာလ ၁၆ ရက်၊ ဝါရှင်တန်သို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာပြီး နာရီပိုင်းအကြာတွင် မြန်မာအစိုးရက အကျဉ်းသား ၅၀၀ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း ကြေညာသည်။ အဆိုပါ အကျဉ်းသားများထဲတွင် နိုင်ငံရေး လှုပ်ရှားမှုဖြင့် ဖမ်းဆီးခံထားရသူများလည်း ပါဝင်သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Victoria Nulandက မြန်မာပြည်တွင် လွတ်ငြိမ်းချမ်းသာခွင့် ရသူများကို အမေရိကန် ပြည်ထောင်စု အနေဖြင့် စုံစမ်းမှု မပြုလုပ်ရသေးကြောင်း ပြောဆိုပြီး သွင်းကုန်ပိတ်ဆို့ အရေးယူမှုများ အမြန်ဆုံး ဖယ်ရှားပေးနိုင်ခြင်း ရှိ၊မရှိဟူသည့် ကိစ္စကို ထင်မြင်သုံးသပ် မှု မပြုပေ။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၀ပြည့်နှစ်၊ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့သည့် အချိန်မှစ၍ အတိုက်အခံ နိုင်ငံရေးသမားဘဝမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဘဝသို့ ပြောင်းလဲနိုင်ခဲ့သည်။ ယခုအခါ သူမအနေဖြင့် မြန်မာပြည်တွင်း လွတ်လပ်စွာ ခရီးသွားလာခွင့် ရရှိထားပြီး ဖြစ်သ လို နိုင်ငံတကာသို့ သွားရောက်မည် ဆိုပါကလည်း တိုင်းပြည်သို့ အဟန့်အတားမရှိ ဝင်ရောက်နိုင်သည့် အခြေအနေတွင် ရှိသည်။ ဒေါ်အောင်ဆန်းစုကြည် သည် လွန်ခဲ့သည့် လေးလတာကာလအတွင်း အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် ဥရောပဒေသသို့ သွားရောက်လည်ပတ်ခဲ့ရာ တိုင်းပြည်ခေါင်းဆောင်များ၏ အချိန်ပေး ကြိုဆိုမှုများ ရရှိခဲ့သည်။

ယခု အမေရိကန် ပြည်ထောင်စု ခရီးစဉ်တွင်လည်း အထူးဧည့်သည်တော်အဖြစ် ဒီမိုကရက်များနှင့် ရီပတ်ဘလီကန်တို့၏ ကြိုဆိုမှုကို ကျိန်းသေရရှိ မည် ဖြစ်သည်။ ၁၇ရက်မျှ ကြာမြင့်မည့် အဆိုပါ အမေရိကန် ခရီးစဉ်တွင် ကွန်ဂရက်၏ အမြင့်ဆုံး ဂုဏ်ပြုဆုကို လက်ခံရရှိမည် ဖြစ်သလို အိမ်ဖြူတော်သို့ လည်ပတ်ရန်လည်း ဖိတ်ကြားခံရဖွယ် ရှိနေသည်။

ယခင် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် အပယ်ခံဖြစ်ခဲ့သည့် မြန်မာနိုင်ငံသည် ဆယ်စုနှစ် ငါးခုမျှ ဖိနှိပ်ချုပ်ခြယ်သည့် စစ်အာဏာရှင် လက်အောက် ရောက်ရှိခဲ့သော်လည်း အင်အားကြီးမား ထူးခြားသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကြောင့် နိုင်ငံတကာ၏ လက်သင့်ခံမှုကို ပြန်လည်ရယူနိုင်ခဲ့သည်။ သမ္မတ အိုဘားမား အုပ်ချုပ်ရေးအဖွဲ့သည် မြန်မာနိုင်ငံနှင့် ပြန်လည်စေ့စပ်ညှိနှိုင်းမှုများကို ရှေ့ဆုံးမှ လုပ်ကိုင်ပြခဲ့သည်။ ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ဟီလာရီ ကလင်တန်ကို မြန်မာနိုင်ငံသို့ စေလွှတ်ခြင်း၊ ယခုနှစ် ဇူလိုင်လတွင် အမေရိကန် ကုမ္ပဏီကြီးများ မြန်မာပြည်၌ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ခွင့်ပြုခြင်း အစရှိသည် တို့ကိုလည်း လုပ်ကိုင်ခဲ့သည်။

"ဒေါ်အောင်ဆန်းစုကြည် အတွက်တော့ ယခု အမေရိကန် ပြည်ထောင်စုခရီးစဉ်မှာ ကွန်ဂရက် ရွှေတံဆိပ်ဆုရယူမယ်၊ သူမဘက်က နှစ်ပေါင်းများစွာ ရပ်တည်ပေးခဲ့တဲ့ သူတွေဖြစ်တဲ့ Activistတွေနဲ့ တွေ့ဆုံပြီး ဂုဏ်ပြုမှုတွေ ပြုလုပ်လိမ့်မယ်"ဟု Amnesty International USA(AIUSA) မှ အမှုဆောင် ဒါရိုက် တာ Suzanne Nosselက ပြောကြားသည်။ အဆိုပါ အဖွဲ့အနေဖြင့် စက်တင်ဘာလ ၁၈ ရက်နေ့တွင် သူမနှင့်တွေ့ဆုံကာ ဂုဏ်ပြုပွဲကျင်းပပြုလုပ်ရန် စီစဉ်ထားသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်ကြောင့် မျိုးဆက်သစ် Activist များထွက်ပေါ်လာအောင် အထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း AI USA ကပြောကြားသည်။

သံတမန်ရေးရာ ချိန်ခွင်လျှာမျှသည့် လုပ်ဆောင်ချက်အနေဖြင့် မြန်မာသမ္မတရုံးဝန်ကြီးဌာန ဝန်ကြီး ဦးအောင်မင်းသည် စက်တင်ဘာလ ၁၉ ရက်နေ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၌ အဆင့်မြင့်ဆွေးနွေးမှုများကိုပြုလုပ်မည်ဖြစ်သည်။ ဦးအောင်မင်းသည် မြန်မာသမ္မတ ဦးသိန်းစိန်၏ အရေးပါသော လက်ထောက်တစ်ဦးဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်များနှင့် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်နေသူလည်းဖြစ်သည်။ ၎င်းသည် အမေရိကန်ကွန်ဂရက်လွှတ်တော်၌ ကျင်းပပြုလုပ်မည့် ဒေါ်အောင်ဆန်းစုကြည်အား ကွန်ဂရက်ရွှေတံဆိပ်ဆု ချီးမြှင့်မည့် အခမ်းအနားသို့လည်း တက်ရောက်မည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် စီးပွားရေးပိတ်ဆို့အရေးယူမှုများဖယ်ရှားရေးအတွက် သမ္မတ ဦးသိန်းစိန်အစိုးရအဖွဲ့၏ ဖိအားပေးထားခံထားရသည်။ သူမကို နှစ်ပေါင်းများစွာထောက်ခံခဲ့ကြသော ဒီမိုကရေစီရေးလှုပ်ရှားသူများက ပိတ်ဆို့အရေးယူမှုများအားလုံးဖယ်ရှားမည့်ကိစ္စကို ဆန့်ကျင်သော်လည်း သူမအနေဖြင့် အဆိုပါ အချက်ကို အလေးအနက်စဉ်းစားရန် ဆန္ဒရှိနေပုံရသည်။ ပြည်ပရောက် အဆိုပါ နိုင်ငံရေးအင်အားစုများက မြန်မာပြည်၏ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ အခြေခိုင်မှုမရှိသေးကြောင်း၊ အချို့သော ပြည်နယ်များတွင် တိုင်းရင်းသားပဋိပက္ခများအရှိန်မြှင့်နေချိန်၌ မြန်မာနိုင်ငံကို ချက်ချင်းလက်ငင်း ချီးမြှောက်မှုမပြုသင့်ကြောင်း ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကွန်ဂရက်ဂုဏ်ပြုဆု လက်ခံရရှိသည့်နေ့တွင် အမေရိကန်လွှတ်တော်မှ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံမည်ဖြစ် သည်။ သို့သော် သူမနှင့် သမ္မတ အိုဘားမားတွေ့ဆုံမှုပြုလုပ်နိုင်ခြင်း ရှိ၊ မရှိကို အိမ်ဖြူတော်က ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

-------------------------------------------------------------------------------------------------------------------------------

တရုတ်တွင် ဆန္ဒပြမှုများကြောင့် ထိခိုက်ရသော ဂျပန်ကုမ္ပဏီများ၏ ရှယ်ယာဈေးကျ

(၁၈ September 2012ရက်စွဲ BBC News မှ China protests: Shares of affected Japanese firm fallကိုဘာသာပြန်ဆိုသည်။)

တရုတ်နိုင်ငံတွင် ဂျပန်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ကြောင့်လုပ်ငန်းများ ယာယီရပ်နား ထားရသော အချို့ဂျပန် ကုမ္ပဏီများ၏ ရှယ်ယာများသည် တိုကျိုတွင် ကျဆင်းခဲ့သည်။

နီဆန်းမော်တာ၏ ရှယ်ယာသည် ၂.၅ရာခိုင်နှုန်း၊ Fast Retilingသည် ၄.၉ရာခိုင်နှုန်းနှင့် ဟွန်ဒါမော်တာသည် ၁.၄ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့ သည်။

အဆိုပါ ကုမ္ပဏီများသည် ၎င်းတို့၏ လုပ်ငန်းများကို ယာယီရပ်နား ထားသော်လည်း ဆန္ဒပြမှုများ အရှိန်မြင့်တက်လာမည်ကို စိုးရိမ်နေရဆဲ ဖြစ် သည်။ “ဒါဟာ အဓိက စိုးရိမ်ပူပန် ရမှုပါပဲ။ဒီကိစ္စကို အသေအချာ အမြန်ဆုံး မကိုင်တွယ်နိုင်ရင် အခြေအနေက ထိန်းမရတဲ့ အခြေအနေက ထိန်းမရတဲ့ အခြေအနေ ဖြစ်သွားမှာ စိုးရိမ်ရပါတယ်”ဟု Fujitsuသုတေသနအဖွဲ့မှ Martin Schulzက BBCသို့ပြောပြသည်။

“ဒီကိစ္စကို တိုးတက်ဖြစ်ပေါ်မှုတိုင်းဟာ ဂျပန်ကုမ္ပဏီတွေကို ထိခိုက်စေမှာ ဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။ ဦးဆန်းမော်တော်သည် ၎င်း၏ စက်ရုံ နှစ်ရုံ အား စက်တင်ဘာ(၁၈)ရက်နေ့အထိ ယာယီပိတ်ထားမည်ဖြစ်ပြီး၊ အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်း ပြောသည်။ ပင်နာဆိုးနစ် ကလည်း Qingdaoရှိ ၎င်း၏စက်ရုံကို စက်တင်ဘာ (၁၈)ရက်နေ့အထိ ပိတ်ထားကြောင်း ပြောခဲ့ပြီး ကင်နွန်ကမူ ၎င်း၏စက်ရုံသုံးခုအား ယာယီရပ်နား ထားကြောင်း ဆိုခဲ့သည်။

ကင်နွန်က ပိတ်ထားရသော စက်ရုံများမှာ  Guangdongပြည်နယ်ရှိ Zhuhaiနှင့် Zhongshanတို့တွင်ဖြစ်ပြီး တတိယ တစ်ခုမှာ ရှန်ဟိုင်းအနီးရှိ Sushouတွင် ဖြစ်သည်။

စိုးရိမ်ပူပန်ရမှုမှာ ဆန္ဒပြမှုများ ရှေ့ဆက်အရှိန်မြင့် နေပါက တရုတ်နိုင်ငံရှိ အဆိုပါ ကုမ္ပဏီများနှင့် အခြားဂျပန် ကုမ္ပဏီများသည် လုပ်ငန်းဆောင်တာ များကို ကာလရှည် ရပ်နားထားရတော့မည့် အရေးဖြစ်သည်။

-------------------------------------------------------------------------------------------------------------------------------

ဖိနှိပ်ချုပ်ခြယ်မှုတိမ်တိုက်များထဲမှ ထိုးထွက်မှုပုံရိပ်(သို့) ပုဂံမြို့ဟောင်း

(The Seattle Timesမှ 14 Sept,2012 ရက်စွဲပါ “Bagan Myanmar; Capital rises above clouds of opression”ဆောင်းပါးကို ဘာသာပြန်ဆိုသည်)

ဘုရားပုထိုးများ ထိုးထိုးထောင်ထောင် ၊ ထူထူထဲထဲဖြင့် တန်ဆာဆင်ထားသော ပုဂံမြို့မိုးသောက်ကောင်းကင်ယံ အရုဏ်ဦး အလင်းတန်းများ ဖြန့်ကြက်လာပြီးနောက် တစ်ချိန်က မြန်မာမြို့ဟောင်း၏ ကောင်းကင်တွင် လေပူသွင်း မီးပုံပျံများ ပျံဝဲတက်လာကာ တစ်ငြိမ့်ငြိမ့် စီးမျောလျက် ရှိသည်။

တစ်ချိန်က Burmaဟု လူသိများခဲ့ပြီး ယခု Myanmarဟု ခေါ်ဝေါ်ကြပြန်သော အရှေ့တောင်အာရှ နိုင်ငံတွင် အများကြီး ပြောင်းလဲလာခဲ့ပြီ။ ယခင် က နိုင်ငံရေးအရ ဖိနှိပ်ချုပ်ခြယ်ကာ တိုင်းပြည်အတွင်းသို့ ဝင်လာကာနိုင်ငံခြားသားများ အပေါ် တင်းတင်းကြပ်ကြပ်ချုပ်ခြယ်ကာ တိုင်းပြည်အတွင်းသို့ ဝင်လာ သော နိုင်ငံခြားသားများအပေါ် တင်းတင်းကြပ်ကြပ် ချုပ်ချယ်ခဲ့သော ဆယ်စုနှစ်ချီ စစ်အုပ်ချုပ်ရေးအလွန် မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲ မှု(သို့မဟုတ်) ပြောင်းလဲပြင်ဆင်မှု အချို့ကို ပြုလုပ်လာခဲ့သည်။ နှစ်ပေါင်းများစွာ အကျယ်ချုပ် ထိန်းသိမ်းခဲ့ ပညာပေးသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားပေါင်းများစွာကို လွတ်လပ်ခွင့် ပေးလျက်ရှိပြီး တိုရစ်ဇင် ခရီးသွားလုပ်ငန်း ကဏ္ဍကိုလည်း တံခါးစဖွင့်ပေးနေသည်။

တပ်မတော် အစိုးရကို အသွင်ပြောင်းလဲထားသော အရပ်ဖက် အစိုးရသည် အရင်လို သံမဏိစည်ကမ်းများဖြင့် ထိန်းချုပ်နေဆဲဖြစ်ပြီး ဖိနှိပ်ချုပ်ချယ် မှု၊ အကြမ်းဖက် နှိပ်ကွပ်မှုများ ရှိနေသေးသည်ဟု လူ့အခွင့်အရေး အုပ်စုများက အစီရင်ခံစာ ထုတ်ပြန်ထားသော်လည်း အပြောင်းအလဲရနံ့ သင်းလာသော တိုင်းပြည်သို့ နိုင်ငံတကာ ခရီးသွား ဧည့်သည်များ ဝင်လာစဲ တစ်ဖွဲဖွဲ ရောက်ရှိနေသည်။

နာမည်ကျော် ပုဂံမြို့ဟောင်း တစ်ဝိုက် ပူနွေးစိုစွတ်နေသော  ဘုရားပုထိုးရာပေါင်း များစွာအကြား လမ်းများပေါ်တွင် နိုင်ငံပေါင်းစုံမှ ခရီးသွား ဧည့်သည် အများစု ခြေဦးတည့်ရာ လှည့်ပတ်ကြည့်ရှုနေကြသည်။ မြန်မာနိုင်ငံရောက် တိုးရစ်များသည်  အချို့က ခြေလျင် တောင်တက်၊ ခရီးထွက်ကြပြီး အချို့က အစိမ်ရောင် စပါးခင်းနှင့် ငိုက်မြည်းနေသော ကျေးရွာများကို လှည့်ပတ်ကြည့်ရှုကြသည်။

အချို့က သဲဖြူလွှလွှ ကမ်းခြေတွင် အဆင့်မြင့်ဇိမ်ခံဟိုတယ်များ တွင်အပန်းဖြေကြပြီး အချို့က တန်ဆာမဆင်သော ဈေးပေါပေါ တည်းခိုခန်းများ တွင် တည်းခိုနေကြသည်။

ပုဂံမြို့ဟောင်း၏ နေ့သစ်အစ မိုးသောက်ယံတွင် မီးပုံးပျံများဖြင့် လေထုထဲ စီးမျောနေကြသူ ခရီးသွားဧည့်သည် များမှာမူလုံးဝပြောင်းလဲသွားသည့် ရနံ့ကို ရှုရှိုက်မိကြမလားဟု မပြောနိုင်ပါ။

စီးပွားရေး အပြောင်းအလဲအတွက် ခရီးသွားလုပ်ငန်း ကဏ္ဍကို တရားဝင် တံခါးဖွင့်ပေးရန် အစိုးရက ပြင်ဆင်နေသော်ငြားလည်း မြန်မာအာဏာပိုင် အကြီးအကဲများ၏ စိတ်ထဲတွင်  နိုင်ငံခြားသားကြောက်သော အစွဲမကျွတ်သေးဟု မြန်မာတို့က ဆိုကြသည်။

******************************************************************************************

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive