Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၂၅.၉.၂၀၁၂

ဘာသာပြန်သတင်းများ အပိုင်း(၃)

  1. ကချင်ပြည်နယ်တွင် စစ်မီးတောက်လောင်နေဆဲ

(15 Sept 2012 ရက်စွဲပါ The Economist မှ Myanmar’s Kachin State Still ablaze ကိုဘာသာပြန်ဆိုသည်)

  1. GE က မြန်မာအစိုးရပိုင် လေကြောင်းလိုင်းသို့ ဂျက်နှစ်စီးဌားရမ်းမည်                       

(24 September 2012ရက်စွဲပါ  Reuters မှ GE to Lease two jets to Myanmar airline in continued expansion ကိုဘာသာပြန်ဆိုသည်)

  1. ရင်းနှီးမြှုပ်နှံမှုဥပဒေကို သမ္မတကြီးကဆိုင်းငံ့ထားဟု တာဝန်ရှိသူပြောကြား

(AFP သတင်းမှ 25 September 2012 ရက်စွဲပါ “Myanmar leader stalls investment law: govt official”သတင်းကို ဘာသာပြန်ဆိုသည်)

************************************************************

ဘာသာပြန်သတင်းများ

ကချင်ပြည်နယ်တွင် စစ်မီးတောက်လောင်နေဆဲ

(15 Sept 2012 ရက်စွဲပါ The Economist မ Myanmar’s Kachin State Still ablaze ကိုဘာသာပြန်ဆိုသည်)

မီးမပျက်သော ရှားရှားပါးပါးနေ့ရက်များတွင် အင်တာနက်ကဖေးတွင် လာနေကျဖောက်သည်များသည် မြေပြန့်မှလာသောသတင်းကောင်းများကို ဖတ်ရှုနေကြသည်။ မြန်မာနိုင်ငံသည် ဆယ်စုနှစ်ပေါင်းများစွာ အပယ်ခံဖြစ်ခဲ့ရပြီးနောက် အစိုးရသစ်သည် ပြုပြင်ပြောင်းလဲရေးများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ရန် တွန်းအားပေးလာခြင်းကြောင့် အနောက်နိုင်ငံများနှင့်ဆက်ဆံရေးမှာ လျင်မြန်သောနှုန်းဖြင့် နွေးထွေးလာသည်။ အမေရိကန်နှင့် ဥရောပမှ အဓိကကုမ္ပဏီကြီးများကလည်း ရင်းနှီးမြှုပ်နှံရန်အသင့် စောင့်နေကြသည်။ အဓိက အတိုင်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း လွှတ်တော်ကိုယ်စားလှယ်အသစ်ဖြစ်လာပြီး ကမ္ဘာအနှံသို့ လွတ်လပ်စွာသွားလာလျက်ရှိရာ လာမည့်အပတ်တွင် အမေရိကန်သို့သွားရောက်မည် ဖြစ်သည်။ နိုင်ငံခြားသားခရီးသွားများလည်း ပိုမိုဝင်ရောက်လျက်ရှိပြီး ခရီးသွားရန်အကောင်းဆုံးနေရာအဖြစ် ခရီးသွားကြော်ငြာများတွင် ဖော်ပြလာသည်။

မြန်မာနိုင်ငံမြောက်ပိုင်း စစ်ဘေးဒဏ်ခံနေရသော ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားတွင်မူ အခြေမအနေများကဆန့်ကျင်ဘက်ဖြစ်ပြီး အခြား နိုင်ငံတစ်ခုသို့ရောက်နေလား ထင်မှတ်ရသည်။ ဗုံးကွဲမှုအမျိုးမျိုးနှင့် ကချင်လူမျိုးများတိုး၍ဖမ်းဆီးနေမှုြုမင်ကွင်းများသည် ချိုင့်ခွက်ပေါလှသော လမ်းမကြီးများပေါ်တွင်ဖုံးလွှမ်းနေသော အခြေအနေဆိုးများ ဖြစ်သည်။ ဧပြီလက နိုင်ငံအ၀ှမ်းတွင် သမိုင်းဝင်ကြားဖြတ်ရွေးကောက်ပွဲကျင်းပနေချိန်တွင် ကချင်ပြည်နယ်၌ မဲဆန္ဒပေးခွင့်မရခဲ့ကြပေ။ လျှပ်စစ်မီးမရရှိခြင်းသည် ပုံမှန်ဖြစ်နေခြင်းနှင့်အလုပ်လက်မဲ့များ ရှိနေရသည့်အထဲတွင် ပြည်တွင်းစစ်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ရသော ထောင်ပေါင်းများစွာသောရွာသားများ ထပ်တိုးပွားလာရသည်။

မြန်မာစစ်တပ်နှင့်ကချင်စစ်တပ် KIA  ကြား တိုက်ပွဲများသည် ယမန်နှစ်က ပြန်လည်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်ကတည်းက ယခုအထိ တိုင်းရင်းသားကချင်လူမျိုး(၇၅၀၀၀)ကျော်သည် ဘိုးဘွားအစဉ်အဆက် နေထိုင်ခဲ့သောနယ်မြေများကို စွန့်ခွာထွက်ပြေးခဲ့ကြရသည်။ လူ့အခွင့်အရေး အုပ်စုများက ပြောကြားရာတွင် ယခု ဒုက္ခသည်အသစ်များသည် စစ်တပ်၏သနားညှာတာမှုမရှိသော အရပ်သားများအပေါ် အဓမ္မပြုကျင့်ခြင်း၊ နှိပ်စက်ခြင်းနှင့် အခြားချိုးဖောက်မှုများ၏သားကောင်များ ဖြစ်ကြောင်း ပြောကြသည်။ စစ်တပ်နှစ်ဖက်စလုံးကို ကလေးစစ်သားများရှေ့တန်းသို့ စေလွှတ်ခြင်းအတွက် စွပ်စွဲမှုများရှိခဲ့သည်။ နှစ်ဖက်စလုံးက မြေမြှုပ်မိုင်းများထောင်ထားခြင်းကြောင့် စစ်သားများရောအရပ်သားများပါ ထိခိုက်ဒဏ်ရာရမှုများ ရှိသည်။

KIA ၏ အဓိကဌာနချုပ်ဖြစ်သည့် မြစ်ကြီးနားတောင်ဖက် မိုင် ၄၀ ခန့်(၆၄ ကီလိုမီတာ)အကွာတွင်ရှိသော လိုင်ဇာပတ်ပတ်လည်ရှိစခန်းများတွင် ကချင်ဒုက္ခသည်များ ဆက်လက်တိုးပွားနေပြီး မိသားစုများတွင်အသက်ရှင်သန်ခဲ့သည့် ဇာတ်ကြောင်းကိုယ်စီနှင့် ဖြစ်သည်။  Thaung Naw Din သည် မြန်မာစစ်တပ်မှ လက်နက်ကြီးများဖြင့် ထောင့်ပေါင်းစုံမှပစ်ခတ်ခြင်းကြောင့် ၎င်းလယ်လုပ်သောရွာမှ မေလတွင် ထွက်ပြေးလာခဲ့သည်။ မြေကြီးပေါ်မှာ အလောင်းတွေအများကြီးပဲဟု ၎င်းကပြောသည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာအစိုးရသည် KIA ထိန်းချုပ်ထားသော နယ်မြေရှိဒုက္ခသည်စခန်းများတွင် လူသားချင်းစာနာသော အကူအညီပေးမှုများ ဖြတ်တောက်ထားခြင်းကြောင့် စားနပ်ရိက္ခာများအကန့်အသတ်နှင့် ဖြစ်နေသည်။ ဆေးဝါးများမှာလည်း မလုံလောက်သည့် အခြေအနေတွင်ရှိသည်။

ယခုကချင်ပြည်နယ်တွင်ဖြစ်ပေါ်နေသော အခြေမအနေများသည် အနောက်နိုင်ငံများ၏ လက်ခံမှုပိုမိုရလာသော ပြုပြင်ပြောင်းလဲရေးများနှင့် ဆန့်ကျင်ဖက်ဖြစ်နေသည်။ ဥိးသိန်းစိန်အစိုးရသည် ကရင်နှင့်မွန်ကဲ့သို့သော ဆယ်စုနှစ်ပေါင်းများစွာ အစိုးရကိုတိုက်ခိုက်လာသော တိုင်းရင်းသားသူပုန် အုပ်စုများနှင့် အပစ်အခတ်ရပ်ဆဲရေးသဘောတူညီချက်များ ရရှိခဲ့သည်။ KIA မှ ကိုယ်စားလှယ်များနှင့်လည်း တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် လည်းကောင်း၊ ကချင်ပြည်နယ်မိုင်ဂျာယန်တွင်လည်းကောင်း ညှိနှိုင်းဆွေးနွေးမှုအတော်များများ ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ကရင်နှင့်ညှိနှိုင်းရာတွင် အောင်မြင်မှုရခဲ့သော ရထားဝန်ကြီးဟောင်းဦးအောင်မင်းက ကချင်နှင့်စကားပြောရာတွင် တာဝန်ယူလျက်ရှိပါသည်။ ကချင်ပြည်နယ်တစ်ခုလုံးတွင် အခြေအနေပြောင်းနေသော်လည်း ပြောင်းလဲလိုခြင်းမရှိသေးသည့် ဗိုလ်ချုလ်များကသာဦးဆောင်နေသည့်သဘောရှိသည်။

ဝေဖန်သုံးသပ်သူများနှင့် သူပုန်ခေါင်းဆောင်များ၏အဆိုအရ ကချင်ပြည်နယ်တွင်ရန်လိုပြီးတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေရခြင်းအတွက် အတိုချုပ်အကြောင်းပြရလျှင် ငွေအတွက်ကြောင့်ဟု သိရှိရပါသည်။ တိုင်းပြည်အတွင်းဝယ် မထိမတို့ရသေးသောသယံဇာတများစွာ ရှိနေရာ၊ ကချင်ပြည်နယ်ရှိသော တောင်များနှင့် မြစ်ဝှမ်းများတွင် သစ်၊ သတ္တုများနှင့် အရေးပါဆုံးမှာ ယခင်စစ်အစိုးရလက်ထက်က လက်မှတ်ရေးထိုးခဲ့သော တရုတ်တို့၏ ဘီလီယံဒေါ်လာတန် စွမ်းအင်စီမံကိန်းများရှိနေသည်။ အမှန်တစ်ကယ်ပင်(၁၇)နှစ်ကြာ အပစ်အခတ်ရပ်ဆိုင်းသွားစေခဲ့သော ယမန်နှစ် ဇွန်လက မြန်မာတပ်က(KIA)တပ်စခန်းကို တိုက်ခိုက်ခဲ့သောနေရာမှာ အငြင်းပွားနေသော ရေလှောင်တမံနေရာအနီးတွင် ဖြစ်သည်။ ယနေ့ အပြင်းအထန်ဆုံးတိုက်ပွဲအချို့သည် ရှမ်းပြည်နယ်ရှိ တရုတ်၏ အဓိကပိုက်လိုင်းနှစ်ခုရှိသည့်နေရာများတွင် ဖြစ်ပွားနေသည်မှာ တိုက်ဆိုင်ခြင်းတော့ မဟုတ်တန်ရာပေ။

(KIA)တာဝန်ရှိသူများက ယခုပဋိပက္ခများမဖြစ်မီကပင် ဖြစ်လာတော့မည်ဆိုသည်ကို ကြိုတင်သိနေခဲ့ကြောင်း ဆိုသည်။ ၁၉၉၄ ခုနှစ်က အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့သော်လည်း ပြီးခဲ့သည့်နှစ်များအတွင်း မြန်မာအစိုးရသည် စွမ်းအင်ဆာလောင်နေသည့် တရုတ်နှင့်အဓိကညှိနှိုင်းမှုများ ပြုလုပ်ရာတွင် မိမိတို့ကချင်များကို ဖုတ်လေသည့်ငပိရှိသည်ဟုပင်မထင်ပဲ နှိမ်ထားခဲ့ကြောင်း ကချင်ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွမ်မော်က ပြောကြားခဲ့သည်။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ နယ်ခြားစောင့်တပ်ပြုလုပ်ပြီး အစိုးရထံဒူးထောက်ရန်(KIA)က ငြင်းဆန်ခဲ့သောအခါ မြန်မာအစိုးရက ဇွတ်အတင်းလုပ်ဆောင်လာခဲ့သည်။ “ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ရပိုင်ခွင့်အခွင့်အရေးတွေကို လေးစားစေလိုတာပါ။ ဒါပေမယ့် သူတို့တွေက တွေ့ဆုံဆွေးနွေးဖို့ စိတ်ဆန္ဒမရှိပါဘူး”ဟု ဂွမ်မော်ကပြောသည်။

                                                        ****************************************************

GE က မြန်မာအစိုးရပိုင် လေကြောင်းလိုင်းသို့ ဂျက်နှစ်စီးဌားရမ်းမည်                       

(24 September 2012 ရက်စွဲပါ  Reuters မှ GE to Lease two jets to Myanmar airline in continued expansion ကိုဘာသာပြန်ဆိုသည်)

General Electric Co.(GE)သည် တနလာင်္နေ့က မြန်မာနိုင်ငံပိုင်လေကြောင်းလိုင်းသို့  Embraer SA လုပ်ဂျက်လေယာဉ်နှစ်စီးငှားရမ်းရန် သဘောတူခဲ့သည်။ ယခုသဘောတူညီမှုမှာ အမေရိကန်ကကာလကြာရှည် အထီးကျန်ပြုထားသောနိုင်ငံအပေါ် စီးပွားရေးအရဆက်ဆံမှုများပြုလုပ်ရန် ပြန်လည်တံခါးဖွင့်ပေးခဲ့ပြီးနောက် သဘောတူညီချက်များတွင် နောက်ဆုံးထွက်ပေါ်လာမှု ဖြစ်သည်။

အမေရိကန်၏ အကြီးဆုံးကုမ္ပဏီအုပ်စုကြီး၏ လေယာဉ်ငှားရမ်းရေးဌာနခွဲက ပြောကြားရာတွင် ၎င်းသည်(Embraer E 190)ဂျက်နှစ်စီးကို မြန်မာ့လေကြောင်းသို့ နိုဝင်ဘာနှင့်ဒီဇင်ဘာလတွင် ပေးပို့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သဘောတူညီသော ဈေးနှုန်းကိုမူ ပြောကြားခြင်းမရှိပေ။

အမေရိကန်ပြည်ထောင်စုသည် မေလက မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော စီးပွားရေးအရ အရေးယူမှုများကို ယာယီရုတ်သိမ်းပေးခဲ့သည်။

ပြီးခဲ့သည့်ဇူလိုင်လက GE သည် မြန်မာပြည်တွင်းကိုယ်စားလှယ်မှတဆင့် ဆေးရုံနှစ်ခုသို့ X-Ray စက်များတင်သွင်းရန် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ရာ အမေရိကန်ကုမ္ပဏီများတွင် မြန်မာနိုင်ငံ၌ ပထမဆုံးလုပ်ငန်းစတင်သော ကုမ္ပဏီဖြစ်ခဲ့သည်။ အမေရိကန်ဥပဒေက ခွင့်ပြုပါက မြန်မာနိုင်ငံတွင်ရုံးဖွင့်ရန် ရည်မှန်းထားကြောင်း Fairfield အခြေစိုက် GE ကပြောသည်။

အချိုရည်ကုမ္ပဏီများဖြစ်သော(Coca-Cola)နှင့် (Pepsi)တို့သည် လွန်ခဲ့သည့်နှစ်လအတွင်း မြန်မာနိုင်ငံတွင် ၎င်းတို့၏အချိုရည်များရောင်းချရန် သဘောတူညီချက် ရရှိခဲ့ကြပြီးဖြစ်သည်။

                                                                ********************************************************

ရင်းနှီးမြှုပ်နှံမှုဥပဒေကို သမ္မတကြီးကဆိုင်းငံ့ထားဟု တာဝန်ရှိသူပြောကြား

(AFP သတင်းမှ 25 September 2012 ရက်စွဲပါ “Myanmar leader stalls investment law: govt official”သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာသမ္မတသည် ကြာမြင့်စွာစောင့်မျော်နေကြသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကိုဆိုင်းငံ့ထားကာ ပြင်ဆင်မှုများထပ်မံပြုလုပ်ပေးရန် တောင်းဆိုထားသည်ဟု တာဝန်ရှိသူတစ်ဦးက တနင်္လာနေ့က ပြောကြားသည်။

သမ္မတဦးသိန်းစိန်က ယင်းဥပဒေမူကြမ်းကို မှတ်ချက်များပေးကာ လွှတ်တော်သို့ယခုသီတင်းပတ်ကုန်တွင်ပြန်ပို့ခဲ့သည်ဟု သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဆိုသည်။

“လွှတ်တော်ကအတည်ပြုလိုက်တဲ့ ဥပဒေပါစည်းကမ်းချက်အချို့ကို သမ္မတကြီးက ပြင်စေချင်တာပါ”ဟု ဦးဇော်ဌေးက AFP သို့ ပြောကြားသည်။

မြန်မာနိုင်ငံသည် သယံဇာတပေါများမှု၊ လူဦးရေများပြားမှု၊ တရုတ်နှင့်အိန္ဒိယအကြား မဟာဗျူဟာမြောက် တည်ရှိမှုတို့ကြောင့် ဒေသတွင်း ပေါ်ထွက်လာမည့် ဈေးကွက်အသစ်ဟု ရင်းနှီးမြှုပ်နှံသူများစွာက ရှုမြင်နေကြသည်။

ဦးသိန်းစိန်အစိုးရ၏ ဆက်တိုက်ပြုပြင်ပြောင်းလဲမှုများကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ယခင် တပ်မတော်အစိုးရဟောင်းအပေါ် အရေးယူဒဏ်ခတ်ခဲ့သည့် Sanctions များကို ပြန်လည်ရုတ်သိမ်းပေးနေပြီ ဖြစ်သည်။

တံခါးပိတ်ချွတ်ခြုံကျနိုင်ငံ၏ စီးပွားရေးစန်းထမှုတွင် ဝေစုရရန်အတွက် Coca-Cola နှင့် GE အပါအဝင် နိုင်ငံတကာကုမ္ပဏီကြီးများ မြန်မာနိုင်ငံသို့ ဝင်လာကြလေပြီ။

သို့သော်လည်း ပြည်တွင်းကုမ္ပဏီများနှင့်ဖက်စပ်ပူးပေါင်းရာ၌ နိုင်ငံခြားကုမ္ပဏီများအား ရှယ်ယာ ၅၀ ရာခိုင်နှုန်းသာပိုင်ဆိုင်ခွင့်ပေးခြင်း အပါအဝင် ကိုယ်ကျိုးစီးပွားကာကွယ်မှုစည်းကမ်းများ ထည့်သွင်းထားသောဥပဒေကို စိုးရိမ်ပူပန်ကြောင်း လေ့လာစောင့်ကြည့်သူများက ထုတ်ဖော်ပြောဆိုထားကြ သည်။

ရိုးမဘဏ်ဒု-ဥက္ကဌ ဦးမြတ်သင်းအောင်က “သမ္မတကြီး၏ ပြုပြင်ပြောင်းလဲရေးအသိုင်းအဝိုင်းနှင့် အပျံသင်စလွှတ်တော်ထဲမှ နှေးနှေးသွားချင်သူ အုပ်စုအကြား သဘောထားကွဲလွဲမှုများကြောင့် ဥပဒေထုတ်ပြန်ရေးမှာ ရှုတ်ထွေးနေသည်”ဟု ပြောကြားသည်။

“ကျွန်တော်တို့ဈေးကွက်ကို ကာကွယ်နေမယ်ဆိုရင် ရင်းနှီးမြှုပ်နှံမယ့်သူတွေ ဝင်လာမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ဈေးကွက်ကို ဖွင့်ကိုဖွင့်ရမှာပါ။ ဒါမှမဟုတ်ရင် နောက်မှာအဝေးကြီးပြတ်ကျန်ခဲ့လိမ့်မယ်”ဟု ဦးမြတ်သင်းအောင်က ဆိုသည်။

                နောက်တစ်ကြော့ လွှတ်တော်အစည်းအဝေးကို အောက်တိုဘာလတတိယပတ်တွင် စတင်မည်ဖြစ်သော်လည်း ဥပဒေထုတ်ပြန်ရေးကို မည်မျှ ဆိုင်းငံ့ထားမည်ကို မသိရသေးပါ။

ရန်ကုန်မှ နာမည်ကျော်ပညာရှင် ဦးအောင်ထွန်းသက်က “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို ခြိမ်းခြောက်မှုတစ်ခုဟု မယူဆသင့်ဘဲ၊ နှစ်ပေါင်း ၅၀ ခေတ်နောက်ကျနေသော စီးပွားရေးကဏ္ဍအတွက် မရှိမဖြစ်လိုအပ်သည့် ငွေအရင်းအနှီးနှင့် နည်းပညာ ကျွမ်းကျင်မှုများဆွဲဆောင်နိုင်မည့် အခွင့်အလမ်းဟု ရှုမြင်သင့်ကြောင်း”ရှင်းလင်းပြောကြားသည်။

“ကျွန်တော်တို့ နိုင်ငံရဲ့စီးပွားရေးဟာ ခုန်ထဖို့ လိုနေပါတယ်။ ဒီဥပဒေဟာ အမှီလိုက်နိုင်မယ့် စီးတော်ယာဉ်ဖြစ်ဖို့ လိုတယ်”ဟု ဦးအောင်ထွန်းသက်က AFP သို့ပြောကြားသည်။

ယခင်အစိုးရလက်ထက် အဆက်အသွယ်ကောင်းမှုကြောင့် ကြီးပွားလာခဲ့ကြသောခရိုနီများက နိုင်ငံခြားကုမ္ပဏီများအား တံခါးဖွင့်ပေးမည့် ဥပဒေကို ကန့်ကွက်နေကြပြီး၊ ပြည်တွင်းကုမ္ပဏီအချို့ကလည်း နိုင်ငံခြားသားများနှင့် ယှဉ်ပြိုင်ရမည်ကို စိုးရိမ်နေကြသည်ဟု အကဲခတ်လေ့လာသူများက ပြောကြားသည်။

သို့သော်လည်း ယခင်အဆိုပြုဥပဒေထက် ပိုမိုဖြေလျှော့ထားသောပုံစံကို ယခုလအစောပိုင်းတွင် လွှတ်တော်အမတ်များက သဘောတူခဲ့ကြသည်။

အနည်းဆုံးရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၅ သန်းနှင့် ရှယ်ယာ ၄၉ ရာခိုင်နှုန်းသာ ပိုင်ဆိုင်ခွင့်ပေးသောစည်းကမ်းသည် ကန်ထရိုက်လုပ်ငန်း အသေးစားများကို တားဆီးရာရောက်သည်ဟု စိုးရိမ်မှုများထွက်ပေါ်လာပြီးနောက်တွင် ယင်းစည်းမျဉ်းကို လွှတ်တော်အမတ်များက ပြင်ဆင်ပေးခဲ့ကြသည်။

နှစ်ပေါင်း ၅၀ သက်ဆိုးရှည်စစ်အုပ်ချုပ်ရေးကို မနှစ်ကအဆုံးသတ်ခဲ့ပြီးချိန်မှစ၍  ကြီးကြီးမားမား နိုင်ငံရေးအပြောင်းအလဲများ ဆက်တိုက်ပြုလုပ်ခဲ့ပြီးနောက်တွင် စီးပွားရေးနယ်ပယ် အပြောင်းအလဲများကိုဦးစားပေးရန် သမ္မတဦးသိန်းစိန်က ဆုံးဖြတ်ထားသည်ဟု သိရှိရသည်။

မြန်မာနိုင်ငံသည် နိုင်ငံခြားကုမ္ပဏီများအား သတ္တုတွင်းကဏ္ဍတွင်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့ပြီး၊ ရေနံဓါတ်ငွေ့ရှာဖွေထုတ်လုပ်ရေး ကန်ထရိုက် စာချုပ်များကို ဆက်တိုက်လက်မှတ်ရေးထိုးခဲ့သည်။

လတ်တလောအချိန်အထိ မြန်မာ့စွမ်းအင်ကဏ္ဍ အသီးအပွင့်များကို ဆင်းရဲနွမ်းပါးသောပြည်သူများ မခံစားရသေးဘဲ၊ နိုင်ငံခြားကုမ္ပဏီများနှင့် မြန်မာအာဏာပိုင်အကြီးအကဲများကသာ ခွဲဝေစားသုံးလျက်ရှိသည်ဟု ဆန်းစစ်လေ့လာသူများက ဝေဖန်ထောက်ပြထားသည်။

******************************************************************************************

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၂၅.၉.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြောက်ကိုရီးယားတွင် လယ်ယာကဏ္ဍ ပြုပြင်ပြောင်းလဲရေးစတင်မည်

(24 September 2012 ရက်စွဲပါ BBC Newsမှ North Korea to introduce farming reform ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာဈေးကွက်သို့ SMEs များဝင်ရောက်ရန် တိုက်တွန်း

(25 september 2012 ရက်စွဲပါ  The star online  မှ Sharidan M.Ali ရေးသားသော SMEs urged to enter Myanmar market ကို ဘာသာပြန်ဆိုသည်)

  1. ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံးအိန္ဒိယခရီးကို နိုဝင်ဘာလတွင် စီစဉ်

(Times of India  မှ 23 Sept 2012  ရက်စွဲပါ  “After her release, Su Kyi’s  first visit to India in Nov” သတင်းကိုဘာသာပြန်ဆိုသည်)

***********************************************************

မြောက်ကိုရီးယားတွင် လယ်ယာကဏ္ဍ ပြုပြင်ပြောင်းလဲရေးစတင်မည်

(24 September 2012 ရက်စွဲပါ BBC Newsမှ North Korea to introduce farming reform ကိုဘာသာပြန်ဆိုသည်)

မြောက်ကိုရီးယားနိုင်ငံတွင် လယ်သမားများသည် ၎င်းတို့၏သီးနှံများကို နိုင်ငံတော်သို့သာ ပေးနေရခြင်းအစား ပိုမိုပိုင်ဆိုင်ခွင့်ပြုမည့် ပြုပြင်ပြောင်းလဲရေးအစီိအစဉ် ထွက်ပေါ်လာဖွယ်ရှိကြောင်း သတင်းများက ဆိုသည်။

အဆိုပါလုပ်ဆောင်မှုသည် နိုင်ငံပိုင်စီးပွားရေးစနစ်ကြောင့် စားနပ်ရိက္ခာပြတ်လတ်မှု အကြီးအကျယ်ဖြစ်နေခြင်းတွင် ထုတ်လုပ်မှုတိုးတက်အောင် မြှင့်တင်သည့် ကြိုးပမ်းမှုတစ်ရပ်ဖြစ်သည်။

အဆိုပါပြောင်းလဲမှုကို တရားဝင်ကြေညာခြင်း မရှိသေးပေ။

သို့သော် ပြောင်းလဲမှုကိုခေါင်းဆောင်သော အစိုးရသည် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ စတင်လုပ်ဆောင်ရန် စီစဉ်နေကြောင်း ပြီးခဲ့သည့် လများအတွင်း သတင်းများထွက်ပေါ်လာခဲ့သည်။

အင်္ဂါနေ့တွင် မြောက်ကိုရီးယားပါလီမန်သည် ရှားရှားပါးပါးဒုတိယအကြိမ် နှစ်ပတ်လည်အစည်းအဝေး ကျင်းပရန်ရှိသည်။ ထိုအစည်းအဝေးတွင် ဆွေးနွေးမည့် အကြောင်းအရာကိုထုတ်ပြန်မည်ဟု သတင်းများမရရှိပေ။

ဖြစ်နိုင်သော ပြောင်းလဲမှုများကို မြောက်ကိုရီးယားနိုင်ငံတွင်းရော ပြင်ပတွင်ပါသတင်းများ ထွက်ပေါ်ခဲ့သည်။

လက်ရှိအားဖြင့် မြောက်ကိုရီးယားတွင် လယ်သမားများသည်သီးနှံများကို ၎င်းတို့၏မိသားစုအတွက် အချိုးတစ်ခုချန်ပြီး အားလုံးကိုနိုင်ငံတော်သို့ ပေးသွင်းရသည်။

သို့သော် ပြုံယမ်းတောင်ဖက်မှ လယ်သမားနှစ်ဦးက AP သို့ပြောကြားရာတွင် အစိုးရသို့အချိုးတစ်ခုပေးသွင်းပြီး ကျန်သီးနှံများကို ပိုင်ဆိုင်ခွင့် ပြုမည့် စည်းမျဉ်းသစ်သည် ယခုနှစ်နှောင်းပိုင်းတွင်မှ စတင်မည်ဟုဆိုသည်။

“ဒီနှစ် သီးနှံအထွက်ကောင်းမယ်လို့ မျှော်လင့်ပါတယ်။ ကိုယ့်လုပ်အားနဲ့ရတဲ့ သီးနှံကို ပိုင်ဆိုင်ခွင့်ရမှာမို့ ကျွန်တော်ပျော်ပါတယ်”ဟု လယ်သမားကြီး O Young Aeက AP သို့ ပြောသည်။

Reuters ကလည်း အဆိုပါအစီအစဉ်ကို သတင်းပေးပို့ခဲ့ပြီး Beijing နှင့်ပြုံယမ်းမှ အတည်မပြုနိုင်သော သတင်းရင်းမြစ်များကို ကိုးကား ဖော်ပြခဲ့သည်။

“လယ်သမားတွေ စားနပ်ရိက္ခာ ပိုစိုက်ပျိုးလာအောင် မက်လုံးရှိလာပါပြီ။ ဒေသပေါ်မူတည်ပြီး ၃၀-၅၀% ကိုရောင်းချသိုလှောင်ခွင့်ရမှာပါ”ဟု Reuters  ကရင်းမြစ်မှရသော သတင်းကို ကိုးကားဖော်ပြခဲ့သည်။

တရားဝင်သတင်းကြေညာချက် မရှိသေးသော်လည်း ယခုဖြစ်လာမည့်ပြောင်းလဲမှုသည် ခေါင်းဆောင်သစ်ကင်ဂျုံအန်၏ ညွန်ကြားမှုအောက်တွင် ဖြစ်လာမည့် လက္ခဏာအဖြစ်ရှုမြင်ကြောင်း သုံးသပ်သူများကရှုမြင်သည်။

၎င်း၏ ဦးလေးဖြစ်သူအာဏာရှိသည့် Chang Song-tackသည် ပြီးခဲ့သည့်လက တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုတို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပုံရသည်ဟု ယုံကြည်ရသည်။

မြောက်ကိုရီးယားတွင် ပြည်သူများကိုကျွေးမွေးရန် စားနပ်ရိက္ခာလုံလောက်အောင် မစိုက်ပျိုးနိုင်ပေ။ ၁၉၉၀ များအလယ်တွင်ဖြစ်သော အငတ်ဘေးကြောင့် လူများထောင်သောင်းချီ၍ သေဆုံးခဲ့သည်ဟု ယုံကြည်ရသည်။

ဇူလိုင်လကထုတ်ပြန်သော ကုလသမဂ္ဂအစီရင်ခံစာတွင် လူဦးရေ ၂၄ သန်းရှိသော မြောက်ကိုရီးယား၌ လူဦးရေ၏သုံးပုံနှစ်ပုံသည် စားနပ်ရိက္ခာ ပြတ်လပ်မှုဒဏ်ကို ကြီးစွာခံစားရသည်ဟု ခန့်မှန်းထားသည်။

                                ***************************************************

မြန်မာဈေးကွက်သို့ SMEs များဝင်ရောက်ရန် တိုက်တွန်း

(25 september 2012 ရက်စွဲပါ  The star online  မှ Sharidan M.Ali ရေးသားသော SMEs urged to enter Myanmar market ကို ဘာသာပြန်ဆိုသည်)

အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ(SMEs)သည် မြန်မာနိုင်ငံဈေးကွက်သို့ဝင်ရောက်၍ အခွင့်အလမ်းများ ရယူသင့်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် လက်ရှိအားဖြင့် နိုင်ငံစုံကော်ပိုရေးရှင်းကြီးများနှင့်  ပြိုင်ဆိုင်မှုနည်းလျက် ရှိနေသေးသောကြောင့်ဖြစ်သည်ဟု  CIMB အာဆီယံ  သုတေသနအင်စတီကျူ၏  CEO ဖြစ်သူ John Pang က ပြောကြားလိုက်သည်။

“မြန်မာနိုင်ငံဟာ ဒေသအတွင်းမှာ စီးပွားရေးအမြန်ဆုံးတိုးတက်လာဖို့ရှိနေတာကြောင့်  နိုင်ငံစုံကော်ပိုရေးရှင်းများဟာ မြန်မာနိုင်ငံကိုဝင်ရောက်ဖို့ စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ ကြန့်ကြာနေတာကြောင့်  ဝင်မလာနိုင်သေးပဲရှိနေပါတယ်ဟု ၄င်းကပြောပါတယ်။

“ဒါကြောင့် SMEs တွေဟာ ယခုလောလောဆယ်မှာ  နိုင်ငံစုံကော်ပိုရေးရှင်းများထက် မြန်မာနိုင်ငံကိုဝင်ရောက်ဖို့ အခွင့်အလမ်း ပိုကောင်း နေပါတယ်။ ဘာလို့လဲဆိုတော့ စီးပွားရေးလုပ်ငန်းအသေးစားတွေဟာ  အနည်းငယ်မသေချာမရေရာတဲ့ ဝန်းကျင်မျိုးမှာ ပိုပြီးလုပ်သာကိုင်သာ ရှိပါတယ်။ ရွှေ့ရပြောင်းရလွယ်ကူတဲ့အတွက် ဖြစ်ပါတယ်”ဟု ၄င်းက MyanmarးThe New Silk Road  ခေါင်းစဉ်ဖြင့် CIMB အာဆီယံ SME ဖိုရမ်အပြီးတွင် မနေ့က StarBiz သို့ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးသည် ယခုနှစ်တွင် ၆%၊ လာမည့်နှစ်တွင် ၆.၃% တိုးတက်မည်ဟု Pang ကမျှော်လင့်နေပါသည်။ ၂၀၁၃ နောက်တွင် မှန်ကန်သောမက်ခရိုစီမံခန့်ခွဲမှု(macro management)ပြုလုပ်နိုင်ပါက ၈% ထိတက်နိုင်ကြောင်း ၄င်းကဆိုသည်။

ပြုပြင်ပြောင်းလဲရေးမလုပ်ဘူးဆိုရင်တောင် လာမယ့်နှစ်အနည်းငယ်အတွင်းမှာ ၈%ထိ အမြန်ဆုံးတိုးတက်ဖို့ အလားအလာရှိနေပါတယ်။ ဒါဟာ များပြားတဲ့ပမာဏပါဘဲ။ ကျွန်တော်တွေ့ရတဲ့ အားတက်ဖို့ကောင်းတဲ့အချက်တစ်ခုကတော့ သူတို့ဟာပြုပြင်ပြောင်းလဲရေးအတွက် ဆန္ဒရှိနေတဲ့ နောက်ကွယ်မှာ နိုင်ငံရေးအရစိတ်အားထက်သန်မှု ရှိနေတယ်ဆိုတာပါဘဲ။ ဒီအချက်ကို ရှင်းရှင်းလင်းလင်း တွေ့နေရပါတယ်” ဟု ၄င်းကပင် ပြောသည်။

မြန်မာနိုင်ငံသည် ယခုနှစ်နှင့် လာမည့်နှစ်များတွင် စီးပွားရေးအရကြီးမားသော အဖြစ်အပျက်များ ရှိလာလိမ့်မည်ဟု Pang က ၄င်း၏ ရှင်းလင်း တင်ပြမှုတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။

“မြန်မာနိုင်ငံဟာ နှစ်ပေါင်း(၅၀)လောက် စစ်တပ်ကအုပ်ချုပ်ခဲ့အပြီး ၂၀၁၁ မတ်လ အရပ်သားအစိုးရသစ်  တက်လာပြီးတဲ့နောက် အာရှမှာ နောက်ဆုံးထွက်ပေါ်လာတဲ့ စီးပွားရေးအရ မျက်နှာစာသစ် နိုင်ငံတခုဖြစ်ပါတယ်။ စီးပွားရေးအရ၊ နိုင်ငံရေးအရ တံခါးပွင့်လာပါတယ်။ နိုင်ငံရေးအရ အန္တရာယ် သိပ်မရှိနိုင်ပါဘူး။ဒါပေမယ့် စွမ်းဆောင်နိုင်စွမ်း ရှိလာဖို့ကတော့ ဥပဒေကို အမြန်ဆုံးပြဌာန်းပေးဖို့ပါဘဲ”ဟု ၄င်းကပြောသည်။

လွန်ခဲ့တဲ့ တစ်နှစ်ကျော်အတွင်း မြန်မာနိုင်ငံတွင် ကြီးမားသောစီးပွားရေးနှင့် နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့သည်။ အရေးယူမှုများလည်း ရုတ်သိမ်းသွားခဲ့သည်။ သံတမန်ဆက်ဆံရေးများ ပြန်လည်လုပ်ဆောင်လာပါသည်။ နိုင်ငံတကာအဖွဲ့အစည်းများကလည်း ပြန်လည်ဆက်ဆံလာပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများလည်း အလုံးအရင်းဝင်ရောက်ရန် ပြင်ဆင်လျက်ရှိပါသည်။

SMEs များအတွက် လက်လီဈေးကွက်၊ ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် အခွင့်အလမ်းများရှိကြောင်း Pang က ပြောပါသည်။

“ဒါပေမယ့် မြန်မာနိုင်ငံမှာ စီးပွားရေး ဘယ်လိုလုပ်ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ တချို့ကဏ္ဍတွေမှာ ပြည်တွင်းက ပါတနာနဲ့ ဖက်စပ်လုပ်ဖို့ လိုကောင်းလိုမှာ ဖြစ်ပါတယ်။ ဒါပေမယ့် တချို့ကဏ္ဍတွေမှာ အထူးကင်းလွတ်ခွင့်တွေရှိပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှုံမှုဥပဒေ ပေါ်လာရင်တော့ ရှင်းသွားမှာပါ”ဟု Pang က ပြောသည်။

                                                                *************************************************

ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံးအိန္ဒိယခရီးကို နိုဝင်ဘာလတွင် စီစဉ်

(Times of India  မှ 23 Sept 2012  ရက်စွဲပါ  “After her release, Su Kyi’s  first visit to India in Nov” သတင်းကိုဘာသာပြန်ဆိုသည်)

လာမည့်နေရူးအမှတ်တရဟောပြောပွဲတွင် အမှာစကားပြောကြားပေးရန် အိန္ဒိယနိုင်ငံက ဖိတ်ကြားထားခြင်းကို မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လက်ခံလိုက်သည်။

ရက်အတိအကျ မသတ်မှတ်ရသေးသော်လည်း နိုဝင်ဘာလတတိယပတ်အတွင်း ကျင်းပဖွယ်ရှိသောကြောင့် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်မှလွတ်မြောက်ပြီး ပထမဆုံးအိန္ဒိယခရီးစဉ် ဖြစ်လာလိမ့်မည်ဟု ဆိုသည်။

အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် ယခုနှစ်အစောပိုင်း ရန်ကုန်မြို့တွင်တွေ့ဆုံစဉ် ဟောပြောပွဲတက်ရောက်ရန် ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည်(Jawaharlal Nahru award for international understanding)ဆုကို ၁၉၉၂ တွင် လက်ခံ ရရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အတွေးအခေါ်နှင့် နိုင်ငံရေးစိတ်ဓါတ်တို့သည် မဟတ္တမဂန္ဒီနှင့် နေရူးတို့ထံမှ ဆင်းသက်လာသော်ငြားလည်း ယခုနှစ်များအတွင်း သူမနှင့် အိန္ဒိယနိုင်ငံ၏ဆက်ဆံရေးတွင် အဖုအထစ်များစွာ ရှိခဲ့သည်။ သူမအကျယ်ချုပ် ထိန်းသိမ်းခံနေရစဉ်ကာလတွင် အိန္ဒိယနိုင်ငံက မြန်မာတပ်မတော်အစိုးရနှင့် ဆက်ဆံရေးကောင်းအောင် ကြိုးစားခဲ့သည်။ အိန္ဒိယတာဝန်ရှိသူများက သူမနှင့်အဆက်မပြတ်သော်လည်း ပြင်းထန်သော နိုင်ငံတကာ(Sanctioan)များအောက်မှ မြန်မာအာဏာပိုင်များကို နက်နက်ရှို်င်းရှိုင်းထိတွေ့ဆက်ဆံခဲ့သည်။ အိန္ဒိယ၏ အပြုအမူကြောင့် ဒေါ်အောင်ဆန်းစုကြည် စိတ်ပျက်လက်ပျက် ဖြစ်ရသည်ဟုကြားသိရသည်။

ယခုနှစ် အစောပိုင်းဝန်ကြီးချုပ် မိုဟန်ဆင်း၏ ခရီးစဉ်တွင် အိန္ဒိယအစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို အတိုင်အခံခေါင်းဆောင်အဖြစ် အသိအမှတ်ပြု ဆက်ဆံခဲ့သည်။ ဝန်ကြီးချုပ်ဆင်းသည် အခြား နိုင်ငံတကာ ခေါင်းဆောင်များကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့သွားရောက် တွေ့ဆုံကြသည့်ပုံစံနောက်သို့မလိုက်ဘဲ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ်တွေ့ဆုံခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် မည်သို့ပင် ရင်းနှီးသည့် တိုင်အောင် လိုက်နာရမည့်ဝတ္တရားများကို စောင့်ထိန်းခြင်းသည် အိန္ဒိယ၏ပုံစံဖြစ်သည်။

ယခုသီတင်းပတ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က မဟတ္တမဂန္ဒီနှင့် နေရူးတို့သည် သူမ၏အတွေးအခေါ်ကို များစွာလွှမ်းမိုးခဲ့ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

                                       ******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive