Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
Document yangonchronicle 2011 - (2)

Snapshot of the item below:
yangonchronicle 2011 - (2)

၂၂.၁၀.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာ့ပြုပြင်ပြောင်းလဲမှုများ(သို့မဟုတ်) တပ်မတော်လမ်းကြောင်းပြောင်းရခြင်း၏ အကြောင်းရင်း၎ချက်

Christian Science Monitorမှ 20 October 2012ရက်စွဲပါ “Reform in Myanmar: 4 reasons the military changed course” သတင်းကို ဘာသာပြန်ဆိုသည်။

  1. မြန်မာနှင့် လူ့အခွင့်အရေး ဆွေးနွေးပွဲအပေါ် အမေရိကန် သံတမန်အားတက်

(Associated Pressမှ 18 October 2012ရက်စွဲပါ “US envoy encouraged by Myanmar rights dialogue” သတင်း ကို ဘာသာပြန်ဆိုသည်။)

  1. အင်ဒိုချိုင်းနားနှင့် မြန်မာဈေးကွက်ကို Acerမျှော်မှန်း

(Bangkok Postမှ 22October 2012ရက်စွဲပါ “Acer eyes Indochina, Myanmar” သတင်းကို ဘာသာပြန်ဆိုသည်။)

***********************************************************

ဘာသာပြန်သတင်းများ

မြန်မာ့ပြုပြင် ပြောင်းလဲမှုများ(သို့မဟုတ်) တပ်မတော် လမ်းကြောင်း ပြောင်းရခြင်း၏ အကြောင်းရင်း၎ချက်

Christian Science Monitorမှ 20 October 2012ရက်စွဲပါ “Reform in Myanmar: 4 reasons the military changed course” သတင်းကို ဘာသာပြန်ဆိုသည်။

မြန်မာနိုင်ငံကို နှစ်ပေါင်း၅၀ အုပ်ချုပ်ခဲ့သော တပ်မတော်အစိုးရ များနှင့်ရက်စက်ကြမ်းကြုတ်မှုများ အဂတိ လိုက် စားမှုတို့ကို ခွဲခြား၍မရ နိုင်ပေ။ ကြမ်းတမ်းသော ပြည်တွင်းစစ်များ မူးယစ်ဆေးဝါးစီးပွားရေး လုပ်ငန်းများ အဓမ္မခိုင်းစေမှုများ၊ နှင့်အခြား လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန် မှုဖြင့်စွပ်စွဲ ခံရသူ တပ်မတော် အာဏာရှင်ခေါင်းဆောင် ဆက်ဆက်သည် တစ်ချိန်က အရှေ့တောင်အာရှတွင် အချမ်းသာဆုံးနိုင်ငံကို စီးပွားရေး မွဲပြာကျ အောင် ဆွဲချခဲ့ကြသည်။

         လွန်ခဲ့သော တစ်နှစ်ကမူ တပ်မတော် အစိုးရကို ဖျက်သိမ်းကာ ဗိုလ်ချုပ်ဟောင်း အများစုဖြင့် ဖွဲ့စည်းထားသော အရပ်ဖက် အစိုးရဖြင့် အစားထိုးခဲ့ ပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ၊ တိုင်းရင်းသားစစ်တပ်များနှင့် အပစ်ရပ်စဲမှုများ စီးပွားရေး ဖွံ့ဖြိုးအောင် ပြုပြင်ပြောင်းလဲမှုများကို စတင်ဆောင်ရွက်ခဲ့ သည်။

တပ်မတော်အစိုးရ လမ်းကြောင်းပုံစံ ပြောင်းလဲရခြင်း၏ အကြောင်းအရင်း ၄ချက်ကို အောက်တွင်ဆန်းစစ်ထားသည်။  

အာဏာရှင် ခေါင်းဆောင်များ သူတို့ကိုယ် သူတို့ကာကွယ်ခြင်း

မနှစ်ကအထိ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော ဗိုလ်မှူးကြီးဟောင်း သန်းရွှေသည် အာဏာလွှဲပြောင်း ချိန်တွင် သမိုင်းကြောင်းကို ငဲ့စောင်းကြည့် ခဲ့ပုံ ရသည်။ သမိုင်းအစဉ်အလာအရ မြန်မာ့အာဏာရှင် များသည် အဏာလွှဲပြောင်းပြီး နောက်ပိုင်းတွင် အကျယ်ချုပ် ထိန်းသိမ်းခံခဲ့ရကာ ၎င်းတို့မိသားစုဝင် များသည်လည်း စုဆောင်းခဲ့သမျှ ပစ္စည်းဥစ္စာများကို စွန့်လွှတ်ကြရသည်။

နိုင်ငံအကျိုး သယ်ပိုးနိုင်သော်လည်း ကိုယ်ကျိုးအတွက်ပါးနပ်သူ ဦးသန်းရွှေသည် အမည်ခံ အရပ်သား အစိုးရကို လမ်းခင်းပေးခြင်းဖြင့် သူ့ကို အ နိုင်ယူ လောက်အောင် အင်အားရှိသော နောက်ထပ်အာဏာရှင် တစ်ဦးမပေါ်စေရန် သေချာ စီမံခဲ့သည်။  ထို့အတွက် ယနေ့မြန်မာနိုင်ငံ၏ အာဏာသည် တပ်မတော်၊ အစိုးရ အုပ်စုကွဲများ၊ ပိုမိုတက်ကြွ လှုပ်ရှားလာသော လွှတ်တော်တို့အကြား ခွဲဖြန့်ပြန့်ကျဲသွားသည်။

ယခုအခါဦးသန်းရွှေသည် အာဏာရှိစဉ်က စုဆောင်ခဲ့သော ဓနဥစ္စာများဖြင့် ပျော်မွေ့ကာ ကန့်လန့်ကာ နောက်ကွယ်တွင် အေးဆေးငြိမ်းသက်စွာ နေထိုင်ရင်း သံယံဇာတပေါ်သော  နိုင်ငံမှ အမြတ်ထွက်မည့် လုပ်ငန်းများကို ဘယ်သူကအာမခံချက်ပေးနိုင်မလဲ ဆိုသည်ကို စဉ်းစားဆုံးဖြတ်နေပုံရသည်။

တရုတ်အပေါ် မှီခိုရမှုကို လျှော့ချခြင်း      

အနောက်အုပ်စု၏ ပစ်ပယ်ခံရခြင်းတို့ကြောင့် မြန်မာနိုင်ငံသည် အိမ်နီးချင်း ဗလကြီး(အင်အားကြီး) တရုတ်ပြည်အပေါ်  ပို၍ပို၍ မှီခိုခဲ့ရသည်။ ဘီ ဂျင်းက နိုင်ငံတကာ နယ်ပယ်တွင် အကောင်းဆုံး သံတမန်ရေး အကာအကွယ်ပေး ခဲ့သောကြောင့် မြန်မာနိုင်ငံအတွက်မရှိမဖြစ် မဟာမိတ်ဖြစ်လာခဲ့သည်။ မြန်မာ ဗိုလ်ချုပ်ကြီးများသည် (တင်ဒါပိုင်ဆိုင်မှု မရှိ၍ ဈေးနှုန်းနှင့် အရည်အသွေး ကြိုက်သလို သတ်မှတ်နိုင်သော) စစ်လက်နက် ပစ္စည်းများကို တရုတ်ထံမှ ဝယ်ယူခြင်း) ၊ကုန်သွယ်မှုပမာဏ ၃၅ရာခိုင်နှုန်းကို တရုတ်နှင့်ပြုလုပ်ခြင်း၊ ဓာတ်အားဆာလောင်နေသော တရုတ်သို့ရေအားလျှပ်စစ် ရောင်းပေးရန် မြန်မာ နိုင်ငံတွင် အငြင်းပွားဖွယ် ရေလှောင်တမံကြီးများကို တရုတ်ကုမ္ပဏီများအား ဆောက်ခွင့်ပေးခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

မကြာမီနှစ်ပိုင်းများအတွင်း မြန်မာပြည်နောက်ပိုင်းသို့ တရုတ်စီးပွားရေး သမားများ၊ ကုန်သည်များ အလုံးအရင်းနှင့် လှိမ့်ဝင်လာခဲ့ကြသည်။  ၎င်း တို့ကို ဒေသခံများက မနှစ်သက်ကြပေ။ အမှန်စင်စစ် မြန်မာတို့သည် တရုတ်တို့ကို ရှေးကတည်းက ယုံကြည်မှုမရှိကြပေ။ ဘီကျင်းက လူအား၊ငွေအား၊ လက်နက်အား ထောက်ပံ့ပေးထားသော ဗကပတပ်များ (ယခုဝ၊ ကိုးကန့်၊ မိုင်းလား၊ တပ်ဖွဲ့များ)နှင့် အသက်ပေါင်းများစွာ ပေးဆပ်တိုက်ခိုက်ခဲ့ရခြင်းကို မြန် မာစစ်တပ်က မမေ့နိုင်သေးပါ။

ယခုအခါ တရုတ်နိုင်ငံအပေါ် အန္တရာယ်ကြီးမားစွာ အလွန်အကျွံမှီခိုရခြင်းကို လျှော့ချရန်အတွက် တစ်ခုတည်းသော နည်းလမ်းမှာ အနောက်နိုင်ငံ များထံမှ ပြိုင်ဆိုင်မှု အနည်းအကျဉ်းကို မိတ်ဆက်ပေးခြင်းသာ ဖြစ်ကြောင်း မြန်မာအစိုးရ ဆုံးဖြတ်ခဲ့ပုံရသည်။

သို့သော် ထိုသို့ပြုလုပ်ရန်အတွက် ဝါရှင်တန်နှင့် အီးယူ၏ စီးပွားရေး ပိတ်ဆို့မှု Sanctionများ ရုတ်သိမ်းပေးအောင် ဆွဲဆောင်စည်းရုံးဖို့ လိုအပ်လာ သည်။ အကောင်းဆုံး နည်းလမ်းမှာ နိုင်ငံရေး လောကကို စတင်တံခါးဖွင့်ပေးကာ မြန်မာတို့ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်နေပြီဟု ကမ္ဘာကို စည်းရုံး သိမ်းသွင်း ခြင်းဖြစ်သည်။ ထိုအခါ ရွေးကောက်ပွဲများ ထွက်ပေါ်လာသည်။

စီးပွားရေး ပြိုလဲမှုနှင့် အနောက်အုပ်စု Sanctionများကို အဆုံးသတ်ခြင်း

၁၉၈၈အထိ၂၆နှစ် အုပ်စိုးခဲ့သော ဦးနေဝင်းစစ်တပ်က မြောက်ကိုးရီးယားတို့နှင့် နည်းလမ်းရော ရလာဒ်ပါများစွာ ဆင်တူသည့်  ‘မြန်မာဟန် ဆိုရှယ်လစ် လမ်းစဉ်’ကို ကျင့်သုံးခဲ့သည်။ မရှေးမနှောင်း စီးပွားရေးတံခါးဖွင့်မှုကြောင့်ရလာဒ် အချို့ထွက်ပေါ်လာခဲ့သော်လည်း မြန်မာအကြီးတန်း အာဏာ ပိုင်များ အရှေ့တောင်အာရှတစ်ခွင် ပို၍ပို၍ ခရီးထွက်ကြ သည်နှင့်အမျှ ၎င်းတို့နိုင်ငံ မည်မျှခေတ်နောက်ကျ နေသည်ကို နားလည်သိရှိ လာကြသည်။ တစ် ချိန်က ကမ္ဘာ့ဆန်အိုးကြီးဟု တင်စားခဲ့ဘူးသော မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အဆင်းရဲဆုံး ဖြစ်နေပြီ။ ဤဖြစ်ရပ်သည် အမျိုးသားရေး အရှက်ရ စရာကိစ္စဟု မြန်မာခေါင်းဆောင်တို့ ရှုမြင်လာကြသည်။

မြန်မာနိုင်ငံသည် ၂၀၁၅လွတ်လပ်သော အာဆီယံ ဘုံဈေးကွက်သို့ဝင်ရန် ကတိပေးထားသည်။ အကယ်၍ ထိုသို့ ၂၁ရာစု စီးပွားရေး လောကကို လိုက်မှီနိုင်ဖို့ ဆိုလျှင် ဖြစ်နိုင်သမျှ ကဏ္ဍပေါင်းစုံမှ နိုင်ငတကာ အကူအညီရဖို့ လိုအပ်သည်။

ဒီမိုကရက်တိုက်ဇေးရှင်း လုပ်ဖို့လိုလာပြီ။ အနည်းဆုံးအာဖြင် အနောက်အုပ်စု နိုင်ငံများ ကျေနပ်လောက်သည့် အတိုင်းအတာ ဖြစ်ရမည်။

အာရပ်နွေဦးနှင့် အနည်းငယ်သာ သက်ဆိုင်

မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသမျှသည် အာရပ်နွေဦး၏ အာရှပုံစံဟန်ပန် တစ်ခုမဟုတ်ပါ။ မြန်ာမဗိုလ်ချုပ်ကြီးများသည် (အမှန်စင်စစ် ဦးသန်းရွှေ တစ်ဦးတည်း) နှစ်ပေါင်းများစွာကပင် ပြုပြင်ပြောင်းလဲရေး လမ်းကြောင်း ပေါ်တွင်သူတို့ဘာသာ သူတို့လျှောက်ခဲ့ခြင်း ဖြစ်သည်။ အရှေ့အလယ်ပိုင်းမှ အာဏာရှင်များ ကျဆုံးခြင်းကြောင့် ကြောက်စိတ်မဝင်ခင်ကပင် နှေးနှေးကွေးကွေး စခဲ့ခြင်းဖြစ်သည်။

ပို၍အရေးကြီးသော အချက်မှာ ပြုပြင်ပြောင်းလဲမှုများ သည်လူထုအုံကြွမှု ရလာဒ်အဖြစ်ထွက်ပေါ် မလာခြင်းပင်ဖြစ်သည်။ အမှန်စင်စစ် အာဏာရှင် တပ်မတော် အစိုးရ အဆက်ဆက်သည် ၁၉၈၈နှင့် ၂၀၀၇လူထုအုံကြွမှုကို အောင်မြင်စွာ (သို့မဟတ်) ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းခဲ့ကြ သည်။ မြန်မာ့အပြောင်းအလဲသည် အောက်ခြေလူထု တော်လှန်ရေးမှ ထွက်ပေါ်မလာဘဲ အာဏာရှင်တို့၏ ခွင့်ပြုမှုဖြင့် အပေါ်မှအောက်သို့ ဆင်းသက်လာ ခြင်း ဖြစ်သည်။ Top down reform processဟု ခေါ်ကြသည်။ အာဏာကို “ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲသာ ဖိတ်စေချင်သော” ကိုယ်ကျိုးစီးပွား အ ကြောင်းရင်း များကြောင့် ဗိုလ်ချုပ်ကြီးများက (အမှန်စင်စစ် ဦးသန်းရွှေ တစ်ဦးတည်းက) ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အစိုးရသစ် လက်ထက်ကနဦး ၃လခန့် အထနှေးပြီးမှ မြန်ဆန်လာရသော အကြောင်းအရင်းမှာမူ အာရပ်နွေဦးက ကြိမ်တံဖြင့် တို့လိုက်ခြင်းကြောင့် ဖြစ်သည်။

--------------------------------------------------------------------------------------------------------------------------------

မြန်မာနှင့် လူ့အခွင့်အရေး ဆွေးနွေးပွဲအပေါ် အမေရိကန် သံတမန်အားတက်

(Associated Pressမှ 18 October 2012ရက်စွဲပါ “US envoy encouraged by Myanmar rights dialogue” သတင်း ကို ဘာသာပြန်ဆိုသည်။)

ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်၍ နိုင်ငံတကာ အပယ်ခံဘဝမှ ရုန်းထွက်နေသော မြန်မာအစိုးရနှင့် လူ့အခွင့်အရေး ဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲမှ အပြုသဘော ရလာဒ်များ ထွက်ပေါ်နိုင်မည်ဟု အကောင်းဘက်မှ ရှုမြင်ကြောင်း မြန်မာ နိုင်ငံ တွင် အဆင့်မြင့်ဆွေးနွေးပွဲ ကျင်းပပြီး ပြန်လာသည့် အမေရိကန် အကြီးတန်း သံတမန်က ကြာသပတေးနေ့တွင် ပြောကြား သည်။

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပိုစနာ ဦးဆောင်သော အမေရိကန်ကိုယ်စားလှယ် အဖွဲ့သည် ခုသီတင်းပတ်အတွင်း မကြုံစဖူး နှစ်ရက်ကြာ လူ့အခွင့်အရေး ဆွေးနွေးမှုများပြုလုပ်ကြသည်။ ၎င်းဆွေးနွေးပွဲများ သို့မြန်မာအစိုးရ ဝန်ကြီး၃ဦး ၊တပ်မတော်တာဝန်ရှိသူများနှင့်  ပြည်သူ့လွှတ်တော် တရားပဒေစိုးမိုးရေး ကော်မတီဥက္ကဋ္ဌ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့တက်ရောက်ခဲ့ကြသည်။

လူ့အခွင့်အရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ပိုစနာက “အမရိကန် ပြည်ထောင်စုနှင့်  သံတမန်ရေး ပုံမှန်ဆက်ဆံမှု ပြန်စပြီး လပိုင်းအကြာတွင် ပြုလုပ်သော ဆွေးနွေးပွဲမှ ဘာကိုမျှော်လင့်ရမည်ကို မသိကြောင်းနှင့် မြန်မာ တာဝန်ရှိ သူများနှင့် ရိုးသားပွင့်လင်းပြီး လက်တွေ့ကျကျ ဆွေးနွေးလိုသည်ကို တွေ့ရကြောင်း” ပြောကြားသည်။

“ဒီလိုဆွေးနွေးပွဲတွေမှာ တရားသေ ဆုပ်ကိုင်မှုနှင့် လှေနံဓားထစ် ဆွေးနွေးမှုတွေကို တွေ့ရတတ်ပါတယ်။ ဒီတစ် ကြိမ် ဆွေးနွေးပွဲကတော့ တကယ့်ကို ကွဲပြားခြားနားပါတယ်။ အရင်တုန်းက ပြောလို့မရတဲ့ ကိစ္စတွေကို အခုထုတ်ဖော်ဆွေး နွေးနိုင်ပါပြီ။ လက်တွေ့ကျကျ ဆွေးနွေးကြဖို့ လမ်းပွင့်သွားပါပြီ၊ အပြုသဘောရလာဒ်တွေ ရှိလာမယ်လို့ ထင်ပါတယ်” ဟုမိုက်ကယ်ပိုစနာက ရှင်းလင်းပြောကြားသည်။

၎င်းဆွေးနွေးပွဲတွင် မနှစ်က ၇၀၀ခန့်လွှတ်ပေးခဲ့သော်လည်း ရာဂဏန်းခန့်ကျန်ရှိနေဆဲ နိုင်ငံရေးအကျဉ်းသားများ ကိစ္စ၊ တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့များနှင့် စစ်ဆင်ရေးများတွင် လူ့အခွင့်အရေး ပြဿနာများ ထည့်သွင်းရေးဆွဲရေးကိစ္စ များကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ဆွေးနွေးပွဲ၏ အသေးစိတ် အချက်အလက်များ (သို့မဟုတ်) မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသားများ ထပ်မံလွှတ်ပေးမှာလား ဆိုသည်တို့ကို မိုက်ကယ်ပိုစနာက ပြောကြားရန် ငြင်းဆန်သည်။

သို့သော်ရခိုင်ပြည်နယ်မှ အကြမ်းဖက်အဓိကရုဏ်းကိစ္စနှင့် မြောက်ပိုင်းကချင်ပြည်နယ်သို့လူသားချင်း စာနာ ကူညီမှု အစီအစဉ်များရောက်ရှိရေး ကိစ္စများကို အမေရိကန်တို့ဘက်မှ တင်ပြဆွေးနွေးခဲ့သည်ဟု ဆိုသည်။

လူ့အခွင့်အရေး လှုပ်ရှားသူများကမူ “မြန်မာ့ တပ်မတော်၏ လူ့အခွင့်အရေး ချိုးဖောက်ညှင်းပန်းမှုများ ကျန်နေသေးကြောင်းနှင့် မြန်မာနိုင်ငံအပေါ် ဘဏ္ဍာရေး ပိတ်ဆို့မှုများ ဖယ်ရှားပေးသည့် ဝါရှင်တန်၏ ခြေလှမ်းများ မြန်ဆန်လွန်းနေကြောင်း” ဝေဖန်ပြောဆို ထားကြသည်။

နိုဝင်ဘာလဆန်းတွင်ကျင်းပမည့် ကမ္ဘာ့ဘဏ်ဘုတ်အဖွဲ့ အစည်းအဝေးတွင် မြန်မာနိုင်ငံကို ကူညီရန် ထောက်ခံ ဆန္ဒမဲပေးရန် အသင့်ရှိသည်ဟု အ မေရိကန်နိုင်ငံခြားရေးဌာနက ကြာသပတေးနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

တိုင်းရင်းသား လူမျိုးစုံ ၆၅သန်းနေထိုင်သော မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည်သင့်မြတ်မှု ရရှိရန် ခရီရှည် သွားရဦးမည်ကို ညွှန်ပြနေသည်ဟု ဆို နိုင်သော “အပစ်အခတ်ရပ်ထားသော်လည်း အယုံအကြည်ပျက်မှုကျန်ရှိနေသည့် အရှေ့မြောက်ပိုင်း ရှမ်းပြည်နယ်” သို့လည်း မိုက်ကယ်ပိုစနာနှင့်အဖွဲ့က သွားရောက်ကြည့်ရှုခဲ့ကြသည်။

တိုင်းရင်းသား လက်နက်ကိုင်များက အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် လက်မှတ်မထိုးမီ လက်နက်မစွန့်လိုကြ ကြောင်း ၊အစိုးရနှင့် လက်နက်ကိုင် အုပ်စုများအကြား ပီပီပြင်ပြင် ညှိနှိုင်းစေ့စပ်မှုများ လမ်းပွင့်သွားရန်အတွက် ကချင်စစ်ပွဲ အပစ်အခတ် ရပ်စဲခြင်းကို စောင့်မျှော်နေကြကြောင်း  မိုက်ကယ်ပို စနာက ဆက်လက်ပြောကြားသွားသည်။

--------------------------------------------------------------------------------------------------------------------------------

အင်ဒိုချိုင်းနားနှင့် မြန်မာဈေးကွက်ကို Acerမျှော်မှန်း

(Bangkok Postမှ 22October 2012ရက်စွဲပါ “Acer eyes Indochina, Myanmar” သတင်းကို ဘာသာပြန်ဆိုသည်။)

ကမ္ဘာ့ဒုတိယ အကြီးဆုံး တစ်ကိုယ်ရေသုံး ကွန်ပျူတာ ထုတ်လုပ်သူAcer က၂၀၁၅အာဆီယံ ဘုံဈေးကွက် အ တွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ထိုင်းနိုင်ငံတွင် ဒေသတွင်းAcer ပြုပြင်ထိန်းသိမ်းရေး ဆားဗစ်စင်တာ တစ်ခုကို ဖွင့် လှစ်လိုက်သည်။           

ဘတ်ငွေသန်း၅၀တန် ဆားဗစ်စင်တာသည် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား တို့အတွက် ရုံးချုပ်အဖြစ် ဆောင်ရွက်မည်ဟု Acer Computer (Thailand)မှ ဆားဗစ်မန်နေဂျာ ဆိုဖွန်ဗန်ချင်က ပြောကြားသည်။

“၎င်းဆားဗစ်သည် ဝန်ဆောင်မှုကို ၈၀ရာခိုင်နှုန်း မြှင့်ကာသယ်ပို့စရိတ်ကို ၂၀ရာခိုင်နှုန်း လျှော့ချမည်ဖြစ်ကြောင်း နှစ်စဉ်ဆားဗစ် ဝင်ငွေကို ၂၀၁၁ တွင် ဘတ်ငွေသန်း၃၀၀မှ ၂၀၁၅တွင် ဤဒေသ၏ ဆားဗစ်ဝင်ငွေသည် Acer ကမ္ဘာတစ်လွှား ဆားဗစ်ဝင်ငွေ၏ ၁၀ရာခိုင်နှုန်းရှိလာမည် ဖြစ်ကြောင်း” မန်နေ ဂျာ ဆိုဖွန်ကပြောကြားသည်။

Acer Computer (Thailand)မှ အင်ဒိုချိုင်းနား စီမံချက် အကြီးအကဲ အွန်ယာပက်ချူဘန်ချက်က  “Acerကုမ္ပဏီသည် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာတို့တွင် ရုံးခန်းများ ဖွင့်လှစ်ရန် ဒေါ်လာသန်း၃၀ဖိုး သုံးစွဲမည်ဖြစ်ကြောင်း ၊အာဆီယံ ဘုံဈေးကွက်စပြီး နောက်ပိုင်းPCသုံးစွဲမှု ကြီးထွားလာမည့် အချက် ကို လက်ဦးမှု ရယူရန်ဖြစ်ကြောင်း အင်ဒိုချိုင်းနား ဒေသသည် ကုမ္ပဏီဝန်ထမ်း အရေအတွက် ကြီးမားမှုကြောင့်notebook ဈေးကွက်ကြီးထွား နေကြောင်း ၂၀၁၅တွင် Acerအုပ်စု၏ ဝင်ငွေကို ဂဏန်းနှစ်လုံး တိုးပေးနိုင်မည်ဟု မျှော်လင့်ကြောင်း”ဆက်လက် ပြောကြားသွားသည်။

မနှစ်က ထိုင်းနိုင်ငံ၏  Notebook ဈေးကွက်ကို Acerကဦးဆောင်သည်။

******************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၂၂.၁၀.၂၀၁၂

ဘာသာပြန်သတင်းများ

  1. စစ်တပ်ဆက်ဆံရေး စတင်လာမှုသည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတွင် ခြေလှမ်းသစ်ဖြစ်

(20 October 2012 ရက်စွဲပါ VOA News မှ Danielle Bernstein ရေးသားသော Military outreach seen as new step in engaging Burma ကိုဘာသာပြန်ပါသည်)

  1. အမှောင်ထဲမှ ထွက်လာသော မြန်မာနိုင်ငံကို ကြိုဆိုကြစို့

(20 October 2012 ရက်စွဲပါ The Bangkok Post မှ Sirapol Ridhiprasart ရေးသားသော welcoming Myanmar out of darkness ကိုဘာသာပြန်သည်)

***********************************************

ဘာသာပြန်သတင်းများ

စစ်တပ်ဆက်ဆံရေး စတင်လာမှုသည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတွင် ခြေလှမ်းသစ်ဖြစ်

(20 October 2012 ရက်စွဲပါ VOA News မှ Danielle Bernstein ရေးသားသော Military outreach seen as new step in engaging Burma ကိုဘာသာပြန်ပါသည်)

အရှေ့တောင်အာရှတွင် ပြုလုပ်မည့် အကြီးဆုံး နိုင်ငံစုံစစ်ရေး လေ့ကျင့်ပွဲသို့ ပထမဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံအား လေ့လာရန် ဖိတ်ကြားမည် ဖြစ်သည်။ အဆိုပါ ဖိတ်ကြားမှုသည် မြန်မာအစိုးရ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများအတွက် နိုင်ငံတကာ၏ တုန့်ပြန်မှု များထဲမှ တစ်ခုဖြစ်သည်။

                ပင်တဂွန်က ပြောကြားရာတွင် ၎င်းသည် ထိုင်းနိုင်ငံက မြန်မာနိုင်ငံအား Cobra Goldပူးတွဲ စစ်လေ့ကျင့်မှုတွင် ပထမဆုံးအကြိမ် ဖိတ်ကြားရန် စီ စဉ် ခြင်းကို ထောက်ခံခဲ့သည်ဟု ဆိုသည်။ အဆိုပါ ပူးတွဲစစ်လေ့ကျင့်မှုတွင် အမေရိကန်နှင့် အရှေ့တောင်အာရှ နိုင်ငံအချို့မှ အင်အား(၁၀၀၀)ကျော်သည် ထိုင်း နိုင်ငံတွင် နှစ်စဉ်ပြုလုပ်ခဲ့ပြီး၊ ဒေသတွင်းတွင် အကြီးဆုံး နိုင်ငံစုံ လေ့ကျင့်မှုတစ်ခု ဖြစ်သည်။

သြစတြေးလျ အမျိုးသားတက္ကသိုလ် Strategic and Defense Studies Centreမှ အကြီးတန်း ဖဲလိုးဖြစ်သူ John Blaxlandက ပြောကြားရာတွင် စစ်တပ်ချင်း ဆက်ဆံရေးသည် မြန်မာနိုင်ငံ၏ ဈေးကွက်စီးပွားရေးနှင့် ဒီမိုကရေစီ တိုးတက်ထွန်းကားရေးအတွက် အရေးကြီးကြောင်း အဘယ့်ကြောင့်ဆို သော် စစ်တပ်သည် တိုင်းပြည်တွင် အရေးကြီးဆုံးသော အဖွဲ့အစည်းဖြစ်ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

၎င်းကပြောကြားရာတွင် ယခုကဲ့သို့ ဖိတ်ကြားမှုသည် အိမ်နီးချင်းများမှ ကာလရှည်ကြာပစ်ပယ်ခံထားရသော စစ်တပ်အတွက် အသိအမှတ် ပြုခံရမှု ကို ဖြစ်စေပြီး၊ စစ်ရေးလေ့ကျင့်ရာတွင် ပါဝင်သည်ဖြစ်စေ၊ လေ့လာသူအဖြစ် ပါဝင်သည်ဖြစ်စေ ဒေသတွင်း တည်ငြိမ်ရေးအတွက် အရေးကြီးလှသည်ဟု ဆို သည်။

“မြန်မာနိုင်ငံက အာဏာပိုင်တွေဟာ သူတို့ရဲ့ မဟာဗျူဟာဆိုင်ရာ လုံခြုံမှု ဆက်ဆံရေးကို အရင်နဲ့မတူခြားနား စေလိုတယ်ဆိုတာ ရှင်းလင်းနေပါ ပြီ”ဟု ၎င်းကပြောသည်။ “မကြာသေးမီ နှစ်တွေက သူတို့ဟာ တရုတ်နဲ့ အလွန်ရင်းနှီးခဲ့ပါတယ်။ အိန္ဒိယကလည်း ဆက်ဆံရေးစတင်လာပါတယ်။ မြန်မာ နိုင် ငံဟာ အာဆီယံ အဖွဲ့ဝင် ဖြစ်တာနဲ့အညီ Cobra Gold မှာ စတင်ပါဝင်ခွင့်ရလာတာဟာ တကယ်တော့ အရေးကြီးတဲ့ခြေလှမ်းတစ်ခုပါ။ လောလောဆယ် လေ့ လာသူ အဆင့်ရလာတာဟာ ကြီးမားတဲ့ တိုးတက်မှုလို့ ပြောလို့မရပေမယ့် မြန်မာနိုင်ငံကို ဥခွံထဲက ထွက်လာဖို့ အပေါင်းလက္ခဏာဆောင်တဲ့ ခြေလှမ်းတစ် ရပ်တော့ အမှန်တကယ် ဖြစ်ပါတယ်”ဟု ၎င်းကပင်ပြောသည်။         အမေရိကန်သည် မကြာသေးခင်က စီးပွားရေးအရ အရေးယူမှုများ ရုတ်သိမ်းပေးခဲ့ပြီး မြန်မာနိုင်ငံနှင့် ဆက်ဆံရန် အခြားခြေလှမ်းများလည်း လုပ်ဆောင်နေသည်။ ယခုတစ်ပတ်တွင် စစ်တပ်နှင့် လူ့အခွင့်အရေး ကိုယ်စားလှယ်အဖွဲ့ သွားရောက်ခဲ့ သည်။

အမေရိကန်နှင့် မြန်မာစစ်တပ်သည် ၁၉၈၀ခုနှစ်များအထိ ဆက်ဆံရေးများရှိခဲ့ရာ လေ့ကျင့်သင်ကြားပေးမှုများ။ လက်နက်နှင့် အခြားပစ္စည်း ရောင်း ချမှုများလည်း ပါဝင်ခဲ့သည်။ သို့သော် ၁၉၈၈ဒီမိုကရေစီ လှုပ်ရှားမှုများကို စစ်အစိုးရက ချေမှုန်းခဲ့ပြီးနောက် စစ်တပ်ဆက်ဆံရေးများသည် မူးယစ်ဆေးဝါး ဆန့်ကျင်ရေး လုပ်ငန်းများနှင့် ဒုတိယကမ္ဘာစစ်မှ စစ်တပ်ကြွင်းကျန်မှုများ ရှာဖွေရေး ကိစ္စများသာ ရှိပါတော့သည်။

စင်္ကာပူရှိ Institute of Southeast Asian Studiesမှ ပါမောက္ခ ဦးတင်မောင်မောင်သန်းက အရပ်ဖက် ဆက်ဆံရေးမှ တိုးချဲ့၍ စစ်တပ်ချင်း ဆက် ဆံရေး ပြုလုပ်မှုသည် တရုတ်၏ သြဇာလွှမ်းမိုးမှုကို ထိန်းညှိရန် ကြိုးစားမှုဟု ရှုမြင်သည်။

“အမေရိကန်တွေက အရှေ့တောင်အာရှက စစ်တပ်တွေနဲ့ ဆက်ဆံရေးပြုလုပ်တဲ့အခါတိုင်း သူတို့ဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လုပ်ငန်းစဉ် တွေရဲ့ အစိတ်အပိုင်းဖြစ်တယ်လို့ ယူဆချက်နဲ့ ဆက်ဆံပါတယ်။ စစ်တပ်ဟာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို မြန်အောင်သော်လည်းကောင်း၊ နှောင့် နှေးအောင်သော်လည်းကောင်း လုပ်နိုင်ပါတယ်။ မြန်မာဖက်က စဉ်းစားတာက အမေရိကန်က နိုင်ငံတကာ အသိုင်းအဝိုင်းမှာ လူတိုင်းနဲ့ ဆက်ဆံနေပါတယ်။ သတိပြုရမယ့် အချက်က တရုတ်ကို စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်မိဖို့ပါပဲ”ဟု ၎င်းကဆိုသည်။

သို့သော် နိုင်ငံတကာ လူ့အခွင့်အရေး အုပ်စုများကမူ စစ်တပ်နှင့် ဆက်ဆံရေးလုပ်ဆောင်ခြင်းမှာ စောလွန်းသေးကြောင်း သတိပေးခဲ့သည်။ Human Rights Watchမှ မြန်မာအကြောင်း သုတေသနပြုသူ Matthew Smith ကစစ်တပ်သည် တိုင်းရင်းသားများ၏ နယ်စပ်ဒေသများတွင် ကျူးလွန်မှုများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုသို့ဆက်ဆံရေးပြုလုပ်ပြီး စစ်တပ်ကို စစ်တပ်ပီသလာအောင် လုပ်နိုင်မည်ဟု ယုံကြည်နေခြင်းမှာ အသိ တရား မရှိရာ ရောက်ကြောင်း ၎င်းကပြောသည်။

“အဓိက အလေးပေးရမယ့် နယ်ပယ်က ဖြစ်ခဲ့တဲ့ ကျူးလွန်မှုတွေကို တာဝန်ယူဖို့ကိစ္စပါ။ မြန်မာစစ်တပ်နဲ့ အခြားစစ်တပ်ကြား ဆက်ဆံရေး တိုး တက် ဖို့ မလိုအပ်သေးပါဘူး။ အထောက်အထားအပြည့်အစုံရှိတဲ့ ကျူးလွန်မှုတွေအတွက် တာဝန်ယူမှုနဲ့ ပတ်သက်ပြီး တိုးတက်မှုတွေ့ရရင်၊ အပေါင်းလက္ခဏာ ဆောင်တဲ့ ပြုပြင်ပြောင်းလဲရေးတွေ့ရတဲ့ လက္ခဏာပါပဲ။ ဒါကို ကျွန်တော်တို့ မတွေ့ရသေးပါဘူး”ဟု ၎င်းကပြောသည်။

မြန်မာအစိုးရသည် လွန်ခဲ့သည့် နှစ်နှစ်ဆယ်အတွင်း ကမ္ဘာပေါ်တွင် အဖိနှိပ်ဆုံးအစိုးရဖြစ်ခဲ့ပြီး၊ ယခုအခါ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင် နေသည်။ သို့သော် စစ်တပ်သည် ပါလီမာန်တွင် လွှမ်းမိုးထားဆဲဖြစ်ပြီး၊ တိုင်းပြည်၏ အရေးကြီးသော အင်အားစုဖြစ်လျက်ရှိသည်။ ထို့အပြင် ၎င်းသည် တိုင်းရင်းသား သူပုန်များကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်။

--------------------------------------------------------------------------------------------------------------------------------

အမှောင်ထဲမှ ထွက်လာသော မြန်မာနိုင်ငံကို ကြိုဆိုကြစို့

(20 October 2012 ရက်စွဲပါ The Bangkok Post မှ Sirapol Ridhiprasart ရေးသားသော welcoming Myanmar out of darkness ကိုဘာသာပြန်သည်)

(စာရေးသူသည် ပြည်သူ့ကဏ္ဍဖွံဖြိုးမှုကော်မရှင်အောက်ရှိ Public service Executive Development Program တွင်လက်ရှိလုပ်နေပါသည်။ ၎င်းသည် Johns Hopkins တက္ကသိုလ် Paul H Nitze School of Advanced International Studies မှ ဘွဲ့ရသည်)

လက်ရှိအားဖြင့် ထိုင်းနိုင်ငံနှင့် အာဆီယံမှ နိုင်ငံများသည် အနောက်နိုင်ငံများမှ စီးပွားရေးပြဿနာများကို ကျော်လွှားနိုင်ခဲ့ခြင်းကြောင့် ဝမ်းသာရသော အခြေအနေတွင် ရှိသည်။

ထို့အပြင် အာဆီယံအနေဖြင့် အမေရိကန်၏ ပြန်လည်ဆက်ဆံရေးပြုလုပ်လားခြင်းကို တွေ့မြင်လာရရာ လာမည့် ၂၀၁၅အာဆီယံ စီးပွားရေး အသိုင်းအဝိုင်း အတွက် ပါဝါထိန်းညှိမှုတွင် အထောက်အကူဖြစ်စေမည် ဖြစ်သည်။ ထို့ထက်နောက်ဆုံး တိုးတက်မှုမှာ မြန်မာနိုင်ငံနိုးထလာခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၁၀ ရွေးကောက်ပွဲပြီးကတည်းက ကမ္ဘာကြီးကို အံသြမှုများ ဖြစ်စေခဲ့သည်။ လက်ရှိအားဖြင့် မြန်မာနိုင်ငံမှ အသွင်ကူးပြောင်းရေးသည် အာမခံချက်ရှိသည့် ပုံရှိသည်။ အစိုးရဟောင်းသည် မြန်မာနိုင်ငံကို အသွင်ပြောင်းရေးအတွက် ကြီးစွာအားထုတ်ခဲ့သည်။ ဒီမိုကရေစီ လုပ်ငန်းစဉ်များမှာ အရှေ့အလယ်ပိုင်းတွင် အာရပ်နွေဦးပျံ့နှံ့နေချိန်တွင် စတင်ခဲ့ခြင်းဖြစ်သည်။ တိုးတက်မှုများအနက် ၂၀၁၂ကြားဖြတ် ရွေး ကောက်ပွဲတွင် ၄၄နေရာ ရှိသည့်အနက် အမျိုးသား ဒီမိုကရေ စီအဖွဲ့ချုပ်(NLD)က ၄၃နေရာအနိုင်ရရှိခဲ့ခြင်းသည် လွှတ်တော်၌ အများစုနေရာရခဲ့ခြင်း မဟုတ် သော်လည်း အာဏာသည် စစ်တပ်အီလစ်များထံမှ ပြည်သူများထံသို့ တဖြည်းဖြည်းရွှေ့ပြောင်းလာပြီဆိုသည်ကို ထင်ဟပ်နေသည်။

နိုင်ငံရေး ဇာတ်ကောင်နှစ်ဦး၏ ထင်ရှားသော ကြိုးပမ်းအားထုတ်မှုများကြောင့် မည်သူက အာဏာကိုဆုတ်ကိုင်ထားသည်ဆိုသည့် အချက်မှာ အရေးပါမှု လျော့လာပြီဖြစ်သည်။ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် နိုင်ငံအား ဒေသတွင်း အချမ်းသာဆုံးနိုင်ငံပြန်ဖြစ်ရေးနှင့် ၁၉၆၀ခုနှစ်များက ကမ္ဘာ့အကြီးဆုံး ဆန်တင်ပို့သည့် နိုင်ငံပြန်ဖြစ်ရေးတို့ကို ရည်မှန်းလျက် အတူတကွ လုပ်ကိုင်လျက်ရှိသည်။

အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် အရေးယူမှုများ ချမှတ်သင့်သည်ဟု ဆော်သြခဲ့သူ ဒေါ်အောင်ဆန်းစုကြည်သည် မကြာသေးမှီက အလျော့ ပေးသည့် ရပ်တည်ချက်ကို ပြသခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် သူ၏နိုင်ငံခြားခရီးစဉ်တွင် အရေးယူမှုများဖြေလျော့ရန်ပြောကြားခဲ့သည်။ တချိန် တည်းမှာပင် သမ္မတ ဦးသိန်းစိန်ကလည်း တိုင်းရင်းသားများနှင့် ပြန်လည်ပေါင်းစည်းရေးနှင့် စစ်တပ်အတွင်း ဒီမိုကရေစီအပြည့်အဝ ဖော်ဆောင်ရေး အသွင် ကူးပြောင်းမှုကို အလေးအနက်ထားကြောင်း ပြသခဲ့သည်။ အစိုးရသည် စာနယ်ဇင်းများ မထုတ်ဝေမီ စစ်ဆေးခံရသည့်စနစ်ကို ဖြေလျော့ပေးခဲ့သည်။

စာရေးသူသည် ပြည်တွင်းမှ ပြည်သူများနှင့် စကားပြောခွင့်ရခဲ့သည်။ ဆန့်ကျင်ဖက် အမြင်နှစ်မျိုးရှိကြသော်လည်း၊ အကောင်းမြင်သည့် သဘောကို တွေ့ရသည်။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ အကောင်အထည်ဖော်နေပြီး၊ နေရာတကာတွင် တွေ့နိုင်သည်ဟု ဆိုသည်။ မြန်မာတစ်ဦးကက ပြုပြင် ပြောင်း လဲရေး သမားသမ္မတနှင့် ဆုံးဖြတ်ချက်ခိုင်မာသော အတိုက်အခံခေါင်းဆောင်တို့၏ ကြိုးပမ်းအားထုတ်နေမှုများကို သဘောကျကြောင်းဖော်ပြခဲ့သည်။ ကျွန်ုပ်တို့၏ ထိုင်းနိုင်ငံတွင်မူ ညှိနှိုင်းအလျော့ပေး မှုအဖြစ် အလှမ်းဝေး နေဆဲဖြစ်ရာ မြန်မာနိုင်ငံမှ မမျှော်မှန်းထားသော အခြေအနေကောင်းကို ချီးကျူးရမှုမှာ တန် ပေသည်။

ထိုင်းနိုင်ငံမှ ပြည်သူများအနေဖြင့် မြန်မာနိုင်ငံ၏ နိုးထလာမှိုကို အသိအမှတ်ပြုရန် တိုက်တွန်းရေးသည် အရေးကြီးလှသည်။ မြန်မာနိုင်ငံ တက်လာ ခြင်းကြောင့် တိုက်ရိုက်အကျိုးရှိမည့်သူမှာ အခြားသူများမဟုတ်ဘဲ ထိုင်းနိုင်ငံဖြစ်နေခြင်းကြောင့် ဖြစ်သည်။ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် ဆက်ဆံပြီး၊ ရေရှည် နှစ်ဦးနှစ်ဖက် အကျိုးရှိစေရန်ဖြစ်ပြီး၊ တဖက်သက် အမြတ်ထုတ်ရန်မဟုတ်ကြောင်း ပြသရမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် အရာရာ ပြောင်းလဲနေပြီ ဖြစ်ပြီး၊ ထိုင်းနိုင်ငံအတွက် ပထဝီ နိုင်ငံရေးအရ အရေးပါမှုရှိသည်။ မြန်မာနိုင်ငံသည် ဒေသတွင်း၌ အိန္ဒိယ သမုဒ္ဒရာသို့ တိုက်ရိုက်ထွက်ပေါက် ဖြစ်ခြင်းကြောင့်  ပထဝီ အနေအထားသည် သယ်ယူပို့ဆောင်ရေး အရလည်းကောင်း၊ မဟာဗျူဟာ အရလည်းကောင်း အရေးပါသည်။ ကုန်သွယ်ရေကြောင်းတွင် ပြည့် ကျပ် နေသော မလက္ကာ ရေလက်ကြားအား ရှောင်ရှားနိုင်ခြင်းကြောင့် အချိန်ရော၊ ငွေရော သက်သာလှသည်။

မြန်မာအာဏာပိုင်များက မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲရန်နှင့် နယ်စပ်များ တံခါးဖွင့်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းသည် ထိုင်းစီးပွားရေး လုပ်ငန်းများကို မြန်မာနိုင်ငံ၏ သယံဇာတကြွယ်မဝမှုနှင့် စီးပွားရေးတိုးတက်မှုအလားအလာများကို ထည့်သွင်းစဉ်းစားရန် မလိုဘဲနှင့်ပင် သန်း(၆၀)သော ဈေးကွက်သစ်ကြီး ပေါ်ထွန်းလာခြင်းဟု အဓိပ္ပါယ်ဖွင့်ဆိုရမည်။ သယံဇာတ ကြွယ်ဝမှုကိုပါ စဉ်းစားမည်ဆိုပါက ပို၍ဆွဲဆောင်အား ကောင်းမည်ဖြစ်သည်။ ထိုင်းနိုင်ငံ၏ ရင်းနှီးမြှပ်နှံမှုသည် မြန်မာနိုင်ငံတွင် စုစုပေါင်း နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု၏ ၂၃.၈%ရှိပြီး၊ တရုတ်နောက်တွင် ဒုတိယလိုက်သည်။ မြန်မာနိုင်ငံမှ စားသုံးသူများ သည် တရုတ်ပစ္စည်းထက်စာလျှင် ထိုင်းနိုင်ငံမှထုတ်ကုန်များကို ယေဘူယျပိုမိုနှစ်သက်ကြသည်။

လောလောဆယ်အားဖြင့် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှစားသုံးသူများ၏ ယုံကြည်ကိုးစားမှုကို ရယူထားလျက်ရှိသည်။ ၎င်းမှာ ပါဝါ အပျော့ထည် အား ဖြင့် အသာစီး ရထားသည့် အချက်ဖြစ်ရာ ထိုင်းမူဝါဒချမှတ်သူများနှင့် ပုဂ္ဂလိက ကဏ္ဍသည် ထိုင်းနိုင်ငံ၏ စီးပွားရေး အကျိုးစီးပွား အတွက် ထိုအချက်ကို ဆက် လက်တည်ဆောက် ရမည်ဖြစ်သည်။ မကြာတော့မည့် အနာဂတ်တွင် အရေးယူမှု အများစုလည်း ရုတ်သိမ်းသွားတော့မည်ဖြစ်ရာ မြန်မာနိုင်ငံ၏ လျင်မြန်စွာ တိုးတက်မှုသည် အနီးဆုံး အိမ်နီးချင်းများအပေါ် သက်ရောက်မှုများ ရှိလာတော့မည် ဖြစ်သည်။ ယခုအချိန်ထိမူ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံတွင် စီးပွားရေးအရ ပမာဏကြီးကြီးမားမား ပါဝင်မှုရှိနေခြင်းကြောင့် ကံကောင်းနေဆဲဟု ဆိုရမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ၁၉၈၈အာဏာ သိမ်းယူမှု ပြီးကတည်းက ဝါရှင်တန်၏ ဆက်တိုက်ဖိအားပေးမှုကြောင့် အနောက်နိုင်ငံများနှင့် ဂျပန်တို့မှလုပ်ငန်းများ လုပ်ကိုင်ခြင်းမပြုရန် ကန့်သတ်မှုများ ရှိ ခဲ့ပြီး၊ နိုင်ငံခြား ဖွံ့ဖြိုးတိုးတက်မှု အကူအညီများလည်း ရပ်ဆိုင်းသွားခဲ့သည်။ သို့သော်ထိုင်းနိုင်ငံနှင့် အလိုက်အထိုက်ဆက်ဆံရန် ဆိုသည့်မူကို လိုက်နာ ခဲ့ခြင်း ကြောင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး တိုးတက်ရန်များစွာ အထောက်အကူပြုသည်။

သို့သော် ၂၀၁၂ မှစ၍ မြန်မာနိုင်ငံတွင် စီးပွားရေးအရ သြဇာလွှမ်းမိုး နိုင်ရေးအတွက် နိုင်ငံခြား ပြိုင်ဆိုင်မှုများ ပြင်းထန်လာမည်ဖြစ်ရာ ထိုင်းသည် မြန်မာနိုင်ငံနှင့် တိုး၍ဆက်ဆံရန် ကြိုးပမ်းရတော့မည် ဖြစ်သည်။ ယခင်နှစ်အနည်းငယ်က ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နှံမှု အများဆုံး ရှိနေရာမှ တရုတ် ထံ လက်လွှဲပေးခဲ့ရပြီး ဖြစ်သည်။

သို့ဆိုလျှင် ထိုင်းနိုင်ငံဖက်မှ ဘာလုပ်သင့်သနည်း။ အနောက်၏ ပါဝါကြီးသော နိုင်ငံများက အင်အားသေးသော တိုင်းပြည်များကို သြဇာလွှမ်းမိုး နိုင်အောင်ကြိုးပမ်းမှု(imperialism)နှင့် တင်းမာသော ဖိအားများ အကျိုးရလာဒ်ကြောင့် မြန်မာနိုင်ငံသည် နိုင်ငံခြားသားများကို မယုံသော ခံစား မှုမှာ ကိန်း အောင်းလျက်ရှိသည်။ ထို့ကြောင့် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံအပေါ် ဖွံ့ဖြိုးတိုးတက်မှု အကူအညီများပေးပြီး ၎င်း၏ကတိကဝတ်များကို ဖွင့်ပြရမည်ဖြစ် သည်။ ချမ်းသာသော အလှူရှင်များဖြစ်သော တရုတ်၊ ဂျပန်တို့နှင့် ယှဉ်လျှင် ထိုင်းနိုင်ငံ၏ ငွေကြေးဆိုင်ရာ အကူအညီမှာ ပမာဏသေးလှသည်။ သို့သော် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် ယဉ်ကျေးမှုအရလည်းကောင်း၊ ခရီးအကွာအဝေးအရလည်းကောင်း နီးစပ်မှုရှိခြင်းကြောင့်၊ ကျွန်ုပ်တို့အနေဖြင့် လူ့စွမ်းရည် ဖွံ့ဖြိုး တိုးတက်ရေးနှင့် နည်းပညာ ဗဟုသုတများ အကူအညီပေးရန် လွယ်ကူစွာ အဆိုပြုနိုင်သည်။ တကယ်တမ်း အဆိုပါ အကူအညီများက ပို၍ အရေး ပါလှ သည်။ မြန်မာနိုင်ငံသည် ပြင်ပကမ္ဘာနှင့် ရာစုနှစ်တစ်ဝက်ခန့် အထီးကျန် ဖြစ်ခဲ့ခြင်းကြောင့် ၎င်း၏ အဖွဲ့အစည်းများသည် ပြည်သူ့ရေးရာ ကိစ္စများ ကို ကောင်းစွာလုပ်ဆောင်နိုင်ရန် အတွေ့အကြုံနှင့် နည်းပညာ ဗဟုသုတများစွာ နည်းပါးနေသည်။ ချမ်းသာသောနိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်နှင့် အမေရိ ကန်တို့တွင် ထိုင်းထက်နည်းပညာနှင့် အင်စတီကျူးရှင်းဆိုင်ရာ ကျွမ်းကျင်မှုများ ပိုရှိသည်။ သို့သော်အဆိုပါ အားနည်းချက်ကပင် အားသာချက် ဖြစ်ရသည်။ အဘယ့်ကြောင့်ဆိုသော် ထိုင်းနိုင်ငံမှ ပုံစံကို မြန်မာနိုင်ငံအနေဖြင့် အတုယူရန် ပို၍ ကျိုးကြောင်းဆီလျော်သောကြောင့် ဖြစ်သည်။ ဥပမာအချက်အဖြစ် ငွေကြေး ကဏ္ဍတွင် ဖြစ်သည်။

ငွေကြေးကဏ္ဍတွင် အရာရှိ လူပုဂ္ဂိုလ် တစ်ဦးထက် ကျော်လွန်၍ လုပ်ဆောင်နိုင်သော ရှုတ်ထွေးသည့် ငွေကြေးဆိုင်ရာ စက်ပစ္စည်းများနှင့် အဆင့် မြင့် အလိုအလျောက် စနစ်များသည် အဆိပ်အတောက်သဖွယ် ဖြစ်စေသည်။ အမေရိကန် ပြည်ထောင်စုတွင်ပင် ထိုစက်ပစ္စည်းများကြောင့် ၂၀၀၈ခု နှစ်က ငွေကြေးဆိုင်ရာ မတော်တဆပြဿနာများကို ဖြစ်စေခဲ့သည်။ ထိုအချက်တွင် မြန်မာနိုင်ငံ၏ ငွေကြေးဆိုင်ရာ တိုးတက်မှု၌ ထိုင်း၏ပုံစံသည် အသင့်တော် ဆုံး ဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်ခန့်၊ ထိုင်းနိုင်ငံ၏ ငွေကြေးကဏ္ဍ သန္ဓေတည်စက လုပ်ဆောင်လာသာ ယခုအငြိမ်းစား တာ ဝန်ရှိ ပုဂ္ဂိုလ်များနှင့် ယခုလက်ရှိ တာဝန်ရှိသူများသည် ၎င်းတို့၏ လက်တွေ့ကျသော နည်းပညာများကို မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းများနှင့် အင်စတီကျူးရှင်းများသို့ ဖြန့်ကျက်ထားပြီးဖြစ်သည်။ ထိုင်းနိုင်ငံ၏ စတော့အိတ်ချိန်း ညွှန်းကိန်းသည် ပြင်သစ်နိုင်ငံမှ နည်းပညာ ကျွမ်းကျင်မှုဘောင်ကို ကျော်လွန်၍ မြန်မာနိုင်ငံမှ တ ရားမဝင်ချဲထီ အနိုင်အရှုံးပေါ် အဆုံးအဖြတ်ပေးသည်ဟု The Economistသတင်းတွင် ပါရှိသည်။

ထိုသို့သော အားသာချက်များရှိထားလျက်နှင့် အခြားနိုင်ငံများက မြန်မာနိုင်ငံအပေါ်တွင် သြဇာလွှမ်းမိုးနိုင်ရေး လုံ့လထုတ်နေချိန်၌ ထိုင်းတို့က လိပ်သွားနှုန်းဖြင့် ချဉ်းကပ်မည်ဆိုပါက အမှားကြီးမှားမည် ဖြစ်သည်။ ထိုင်းနိုင်ငံ၏ ထိပ်တန်းဦးစားပေး လူထုကိုသိအောင် လုပ်ရမည့်ကိစ္စမှာ မြန်မာနိုင်ငံဖြစ်စေ၊ အာဆီယံပါတနာဖြစ်စေ ထိုင်းနိုင်ငံ၏ အိမ်နီးချင်းများ၏ အရေးပါမှုကို သိအောင် လုပ်ရမည့်ကိစ္စဖြစ်သည်။

အကယ်၍ ထိုင်းပြည်သူများသည် အနောက်ဖက်မှ အိမ်နီးချင်းများ၏ အရေးပါပုံကို သိမြင်လာပါက၊ ၎င်းတို့၏ ဘတ်ဂျက်များ၊ ပိုင်ဆိုင်မှုများကို မြန်မာ နိုင်ငံနှင့် ဆက်ဆံရာတွင် ပိုမိုအသုံးပြုလာကြမည် ဖြစ်သည်။ ကြိုးပမ်းအားထုတ်မှုများ၏ အသီးအပွင့်များ စတင်ထွက်ရှိချိန်တွင် မြန်မာနိုင်ငံ၏ နိုးထလာမှုသည် ဒေသတွင်း၏ အင်ဂျင်အသစ်တစ်လုံး ဖြစ်သည်သာမက အတိအကျဆိုရသော် ထိုင်းနိုင်ငံအတွက်ပါ မောင်းနှင်အားဖြစ်လာမည် ဖြစ်သည်။

***************************************************************************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive