Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
Document yangonchronicle 2011 - (2)

Snapshot of the item below:
yangonchronicle 2011 - (2)

၂.၁၁.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ADB က မြန်မာနိုင်ငံအတွက် ကာလတို ရည်မှန်းချက်များ ကြေညာ

(1st Nov 2012 ရက်စွဲပါ One world South Asia မှ ADB announces short-term goals for Myanmar ကိုဘာသာပြန်သည်)

  1. ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံအား ချေးငွေပေးရန် အတည်ပြု

(2 November 2012 ရက်စွဲပါ The Washington Post မှ AP ၏  World Bank approves new aid for Myanmar, prepares to resume lending ကို ဘာသာပြန်သည်)

******************************************************

ဘာသာပြန်သတင်းများ

ADB က မြန်မာနိုင်ငံအတွက် ကာလတို ရည်မှန်းချက်များ ကြေညာ

(1st Nov 2012 ရက်စွဲပါ One world South Asia မှ ADB announces short-term goals for Myanmar ကိုဘာသာပြန်သည်)

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) သည် ၂၀၁၄ခုနှစ်အတွက် မြန်မာနိုင်ငံတွင် ၎င်း၏ လုပ်ငန်းများအတွက် လမ်းညွှန်ဖြစ်ရန် မဟာဗျူဟာကို အတည် ပြုခဲ့သည်။

ADBသည် မြန်မာနိုင်ငံတွင် အပြည့်အဝ ပြန်လည်ဆက်ဆံရေးအတွက် နောက်ထပ်ခြေလှမ်းလှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။ ၎င်းသည် မြန်မာနိုင်ငံတွင် ၂၀၁၄ အတွက် လုပ်ငန်းများလုပ်ဆောင်ရန် ရေတိုမဟာဗျူဟာကို အတည်ပြုခဲ့သည်။

အဆိုပါအစီအစဉ်ကို အောက်တိုဘာလ(၂၆) ရက်နေ့က အတည်ပြုခဲ့ရာ မြန်မာနိုင်ငံတွင် ADBချေးငွေ၊ စီမံကိန်းများ ပြန်လည် လုပ်ဆောင်မည်ဟုအချက်ပေးခဲ့ခြင်းမဟုတ်ပေ။ အဆိုပါလုပ်ငန်းများကိုပြန်လည်လုပ်ဆောင်ရန်မှာ မြန်မာနိုင်ငံက ADB သို့ ပေးရန်ရှိသောခန့်မှန်းခြေ ငွေ ဒေါ်လာ သန်း(၅၀၀)ကို ရှင်းလင်းပြီးမှုပေါ်တွင်မူတည်နေသည်။ မြန်မာနိုင်ငံသည် ADB နှင့် ကမ္ဘာ့ဘဏ်သို့ပေးရန်ရှိသော ငွေများအား ၂၀၁၃၊ ဇန်နဝါရီလတွင် စတင်၍ ရှင်းလင်းမည်ဟု သြဂုတ်လက ချမှတ်ထားသော အစီအစဉ်အရ မျှော်လင့်သည်။

ရေတိုလုပ်ဖော်ကိုင်ဖက်မဟာဗျူဟာ (partnership strategy) သည် ADB ၏ အနာဂတ်ပရိုဂရမ်များနှင့် ပရောဂျက်များအတွက် လုပ်ဆောင် နိုင်မှုနယ်ပယ်သတ်မှတ်နိုင်ရန် အခြေခံဘောင်များအဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်သည်ဟု အရှေ့အာရှ၊ အရှေ့တောင်အာရှနှင့်ပစိဖိတ်မှ လုပ်ငန်းများ အတွက် ADB ၏ ဒုဥက္ကဌ Stephen Groff  ၏ အဆိုအရ သိရှိရသည်။

“ကျွန်တော်လုပ်ကိုင်မယ့် နယ်ပယ်သတ်မှတ်ချက်လေးတွေ လိုအပ်ချက်အရချမှတ်ထားတာပါ။ နောက်အဆင့်တစ်ခုကို မတက်လှမ်းခင် နေသားတကျ လုပ်ကိုင်နိုင်ရေးအတွက် အထောက်အကူ ဖြစ်ပါမယ်။ ဒါကြောင့် ဒါဟာ အရေးကြီးပါတယ်”ဟု Groff  က ပြောသည်။

-----------------------------------------------------------------------------------------------------------------

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံအား ချေးငွေပေးရန် အတည်ပြု

(2 November 2012 ရက်စွဲပါ The Washington Post မှ AP ၏  World Bank approves new aid for Myanmar, prepares to resume lending ကို ဘာသာပြန်သည်)

မြန်မာနိုင်ငံသည် အာဏာရှင်အုပ်ချုပ်မှုအောက်တွင်ကြာမြင့်စွာနေလာခဲ့ပြီးနောက် အံ့သြဖွယ်ကောင်းသောနှုန်းဖြင့် တံခါးဖွင့် လာခဲ့ပြီဖြစ်ကြောင်း၊ သို့သော် ပွင့်လင်းမြင်သာမှုနှင့် စီးပွားရေးအရ အုပ်ချုပ်မှုကောင်းမွန်ရေးအတွက် အင်စတီကျူးရှင်းများတည်ဆောက်ရန် လိုအပ် ကြောင်း ကမ္ဘာ့ဘဏ်က ကြာသပတေးနေ့က ပြောကြားခဲ့ပြီး၊ ဖွံ့ဖြိုးတိုးတက်မှု အကူအညီအတွက် ဒေါ်လာသန်း(၈၀) အတည်ပြုခဲ့သည်။

ကမ္ဘာ့ဘဏ်၏ အရှေ့တောင်အာရှနှင့် ပစိဖိတ် ဒုတိယဥက္ကဌ Pamela Cox က ပြောကြားရာတွင် မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ်သို့ ပေးရန်ငွေ ဒေါ်လာသန်း(၉၀၀) ကို ရှင်းလင်းပြီးပါက ကမ္ဘာ့ဘဏ်အနေဖြင့် နောက်ထပ်ဒေါ်လာ (၁၆၅) သန်းပေးရန် ကတိပေးထားပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံက ပေးရန်ရှိသော ကြွေးမြီများကိစ္စကို ကူညီလျက်ရှိရာ ဇန်နဝါရီလတွင် ပြီးစီးမည်ဟု မျှော်မှန်းရသည်။

မြန်မာနိုင်ငံအပေါ် ဆယ်စုနှစ် နှစ်ခုခန့် အဆက်အသွယ်ပြတ်နေခဲ့ရာမှ မြန်မာအစိုးရသည် စီးပွားရေးနှင့် နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လာခြင်းကြောင့်၊ မြန်မာနိုင်ငံနှင့်ပြန်လည်ဆက်ဆံရေး ပြုလုပ်လာခဲ့သည်။ မြန်မာနိုင်ငံတွင် ပျက်စီးစေသောစစ်တပ်အုပ်ချုပ်ရေး ဆယ်စုနှစ် ငါးခုခန့်အတွင်း အာရှတွင် အဆင်းရဲဆုံး နိုင်ငံအဖြစ်သို့ ရောက်ခဲ့ရသည်။

ကမ္ဘာ့ဘဏ်သည် သြဂုတ်လက ရန်ကုန်တွင် ရုံးဖွင့်လှစ်ခဲ့ပြီး၊ ကြာသပတေးနေ့က ၎င်း၏ ဒါရိုက်တာ ဘုတ်အဖွဲ့သည် လာမည့်(၁၈)လအတွက် မဟာဗျူဟာကို အတည်ပြုခဲ့သည်။ ၎င်းတွင် နည်းပညာအကူအညီများ၊ မြန်မာအစိုးရအား အများပြည်သူနှင့်ပတ်သက်သော ဘဏ္ဍာရေး၊ စည်းမျဉ်းများ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်သော အကြံဥာဏ်များပေးခြင်း၊ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးရေးများ ပါဝင်သည်။

“တံခါးဖွင့်လာရာမှာ အံ့သြဖွယ်အရှိန်နှုန်းနဲ့လုပ်ဆောင်နေတဲ့အစိုးရဖြစ်ပါတယ်” ဟု Cox က သတင်းထောက်များသို့ ပြောသည်။

ကမ္ဘာ့ဘဏ်အနေဖြင့် ပွင့်လင်းမြင်သာမှုကိုအားပေးရန် လိုအပ်သော ပြည်သူလူထုနှင့်သက်ဆိုင်သော စနစ်တည်ဆောက်ရန် အကူအညီ ပေးရေးကို မဟာဗျူဟာရေးဆွဲထားကြောင်း သူကပြောသည်။ မြန်မာပြည်သူများအနေဖြင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ၏ အကျိုးကျေးဇူးကို အမြန်ဆုံး မြင်တွေ့ခံစားကြရရန် လိုအပ်ကြောင်း အလေးအနက်ထားပြောခဲ့သည်။

လက်ရှိအားဖြင့် မြန်မာနိုင်ငံတွင်ပျှမ်းမျှတစ်နှစ်ဝင်ငွေသည် ဒေါ်လာ(၆၀၀)နှင့်(၈၀၀)ကြားတွင်သာရှိပြီး၊ လူဦးရေလေးပုံတစ်ပုံသည် ဆင်းရဲမွဲတေမှု အဆင့်တွင်ရှိနေသည်။ Transparency International ၏ ၂၀၁၁ ခုနှစ်အတွက် အဂတိလိုက်စားမှု ညွှန်းကိန်းအရ မြန်မာနိုင်ငံသည် ၁၈၂နိုင်ငံအနက် အောက်ဆုံးမှစ၍ရေတွက်လျှင်တတိယနေရာတွင်ရှိနေကြောင်းသိရသည်။ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးအစိုးရသည် စီးပွားရေး မူဝါဒတွင် တံခါးဖွင့်မှုများပြုလုပ်လာရာ ယခင်အစိုးရလက်ထက်က လျှို့ဝှက်ထားခဲ့သော ဘတ်ဂျက်ကို ယခုနှစ်တွင် လူသိရှင်ကြားဖြန့်ဝေခဲ့ခြင်းလည်း ပါဝင်သည်။

လှုပ်ရှားသောနိုင်ငံရေးသမားများ စိုးရိမ်နေသောအချက်တစ်ခုမှာ နိုင်ငံတကာအကူအညီ၊ ကုန်သွယ်မှု၊ ရင်းနှီးမြှပ်နှံမှုနှင့်ပတ်သက်သော စီးပွား ရေးအရ အရေးယူမှုများ ဖြေလျော့ပေးခြင်းကြောင့် နိုင်ငံခြားရန်ပုံငွေ အများအပြားဝင်ရောက်လာပါက ပထမဦးဆုံး အကျိုးခံစားရသူများမှာ စစ်တပ်နှင့် ခရိုနီ များ ဖြစ်မည်ဆိုသောအချက်ဖြစ်သည်။

ကမ္ဘာ့ဘဏ်သည် ကြာသာပတေးနေ့က ဒေါ်လာသန်း(၈၀) တန်စီမံကိန်းတစ်ခုကိုအတည်ပြုခဲ့ရာ၊ နိုင်ငံတစ်ဝှမ်း (၁၅) မြို့နယ်ရှိ ရွာများသို့ ဒေါ်လာ(၂၅၀၀၀) စီ ခွင့်ပြုရန်ပါရှိသည်။ အဆိုပါရွာများမှ ကျေးရွာကောင်စီများသည် လမ်း၊ တံတား၊ ဆည်မြောင်း၊ ကျောင်း၊ ကျန်းမာရေး ဆေးပေးခန်း၊ ဈေး စသည်ဖြင့် မိမိတို့ အလိုရှိရာအကူအညီကိုတောင်းနိုင်သည်ဟု ဆိုသည်။

ပြီးခဲ့သည့်လက သမ္မတ Barack Obama ကမ္ဘာ့ဘဏ်ကဲ့သို့သော နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများက မြန်မာနိုင်ငံအပေါ် ငွေချေးခြင်းကို ကန့်သတ်ထားခြင်းအား ဖယ်ရှားပေးခဲ့သည်။

******************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၂.၁၁.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ရခိုင်ပြည်နယ်တွင် လူသားခြင်းစာနာသော ကယ်ဆယ်ရေး အတွက် ဗြိတိန်က ပေါင်၂သန်း ပေးမည်ဟုဆို

(31 October 2012 ရက်စွဲပါ BBC News Burma violence: UK to provide £ 2 m humanitarian relief ကိုဘာသာပြန်သည်)

  1. အရှေ့နှင့်အနောက် ရေနံလုပွဲတွင် ကွင်းသစ်ဖြစ်လာသော မြန်မာနိုင်ငံ

(Oil Price.com မှ 1 Nov 2012 ရက်စွဲပါ “Myanmar: New frontline for East-West oil rush ” သတင်းကို ဘာသာပြန်ဆိုသည်)

  1. ရခိုင်ပြည်နယ် ဆူပူအုံကြွမှုများအတွက် အဖြေရှာရန် ဖိအားပေးမှုများနှင့် မြန်မာအစိုးရ ရင်ဆိုင်နေရ

(Wall Street Journal မှ 28 Oct 2012 ရက်စွဲပါ Myanmar Faces Pressure To Find Solution to Crisis ကိုဘာသာပြန်ဆိုသည်)

  1. နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို မြန်မာလွှတ်တော် အတည်ပြု

(The GULF Today မှ 2 Nov 2012 ရက်စွဲပါ “Myanmar’s Parliament foreign investment bill” သတင်းကို ဘာသာပြန်ဆိုသည်။)

***********************************************

ဘာသာပြန်သတင်းများ

ရခိုင်ပြည်နယ်တွင် လူသားခြင်းစာနာသော ကယ်ဆယ်ရေး အတွက် ဗြိတိန်က ပေါင်၂သန်း ပေးမည်ဟုဆို

(31 October 2012 ရက်စွဲပါ BBC News Burma violence: UK to provide £ 2 m humanitarian relief ကိုဘာသာပြန်သည်)

ဗြိတိန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှတိုင်းရင်းသားများကြား ပြင်းထန်သောဖြစ်ရပ်များတွင် လူသားချင်းစာနာမှုဆိုင်ရာ ကယ်ဆယ် ရေးလုပ်ငန်းများအတွက် ပေါင်စတာလင်(၂)သန်း ကူညီမည်ဖြစ်ကြောင်း ဗြိတိသျှအစိုးရကကြေညာခဲ့သည်။

ဗြိတိန်၏ နိုင်ငံတကာဖွံ့ဖြိုးရေးဌာနကပြောကြားရာတွင် အဆိုပါအကူအညီသည် လူပေါင်း(၅၈၀၀၀)ကျော်အတွက် အရေးပေါ်ရေ၊ ရေသန့်ရှင်း မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုများတွင် အသုံးပြုနိုင်မည်ဟုဆိုသည်။

ရခိုင်ပြည်နယ်တွင် ဗုဒ္ဓဘာသာရခိုင်လူမျိုးများနှင့် မွတ်ဆလင်ရိုဟင်ဂျာ လူနည်းစုများကြားတွင် တင်းမာမှုများမြင့်မားလျက် ရှိနေပါသေးသည်။

အကူအညီပေးရေး လုပ်ငန်းမှာ ချက်ချင်းလိုအပ်နေကြောင်း ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Justine Greeningက ပြောကြားခဲ့သည်။

“မကြာခင်ကဖြစ်ရပ်ကြောင့် ထောင်ပေါင်းများစွာသောလူတွေဟာ နေအိမ်တွေကိုစွန့်ပြီး ထွက်ပြေးကြရပါတယ်။ သူတို့ဟာ အခြေခံဖြစ်တဲ့ ရေနဲ့ သန့်ရှင်းမှု မရှိဘဲ နေထိုင်နေကြရပါတယ်”ဟု ၎င်းက ပြောသည်။

“အခြေအနေတွေဒီထက်ပိုဆိုးပြီး နောက်ထပ်အသက်ဆုံးရှုံးမှုတွေ မဖြစ်ရအောင် ကယ်ဆယ်ရေးလုပ်ငန်းတွေ အခုလုပ်ရပါလိမ့်မယ်”ဟု ဆိုသည်။

“ဗြိတိန်ရဲ့ အကူအညီဟာ ဖြစ်ရပ်ကြောင့်ထိခိုက်ရတဲ့လူတွေအတွက် ရေသန့်နဲ့ သန့်ရှင်းမှု၊ ကျန်းမာရေး စောင့်ရှောက်မှုတွေအတွက် အရေးပေါ် အကူအညီပေးနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဗြိတိန်တစ်နိုင်ငံတည်းနဲ့ မလုံလောက်ပါဘူး။ တခြားအလှူရှင်နိုင်ငံတွေကလည်း ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ဖို့ တောင်းဆိုပါတယ်”ဟု ၎င်းကပင် ပြောသည်။

မြန်မာနိုင်ငံတွင် ဗြိတိန်၏ကယ်ဆယ်ရေးလုပ်ငန်းများမှာ ခြောက်လကျော်ကြာမြင့်မည်ဖြစ်ပြီး၊ NGO အုပ်စုများမှတစ်ဆင့် အကူအညီများ ပေးမည် ဖြစ်သည်။

မြန်မာအစိုးရက အောက်တိုဘာလ(၂၁)ရက်နေ့ကစ၍ဖြစ်ပွားသောနောက်ဆုံးဖြစ်ရပ်များကြောင့် လူပေါင်း(၂၈၀၀၀)ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ရ သည်ဟု ခန့်မှန်းထားသည်။ ဇွန်လကတည်းက ဖြစ်ပွားသောဖြစ်ရပ်နှင့်ပေါင်းလျှင် လူ(၁၀၀၀၀၀) ကျော် နေအိမ်များကို စွန့်ခွာ ထွက်ပြေးကြရသည်။

ရခိုင်ပြည်နယ်တွင် လူမျိုးရေးနှင့်ပတ်သက်သော ပြင်းထန်သည့်ဖြစ်ရပ်များဆက်လက်ဖြစ်ပွားနေပါက တိုင်းပြည်၏ပြုပြင်ပြောင်းလဲရေး အစီအစဉ် များတွင်အန္တရာယ်ရှိလာနိုင်ကြောင်း ကုလသမဂ္ဂကသတိပေးပြောကြားခဲ့သည်။

-------------------------------------------------------------------------------------------------------------------------------

 

အရှေ့နှင့်အနောက် ရေနံလုပွဲတွင် ကွင်းသစ်ဖြစ်လာသော မြန်မာနိုင်ငံ

(Oil Price.com မှ 1 Nov 2012 ရက်စွဲပါ “Myanmar: New frontline for East-West oil rush ” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမှ ကြိုဆိုပါသည်။ တရုတ်တို့အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ဖြစ်ပြီး၊ ရေနံဓါတ်ငွေ့သိုက်များစွာကြွယ်ဝသောမြန်မာနိုင်ငံသည် အမေရိကန်၏ အာရှမူဝါဒနှင့် တရုတ်၏ စွမ်းအင်ဖူလုံရေးမူဝါဒတို့အတွက် အရေးပါသောအစိတ်အပိုင်း ဖြစ်နေသည်။ ထို့အပြင် ရက်စက်ကြမ်းကြုတ်သော တပ်မတော်အစိုးရကအုပ်ချုပ်ခဲ့ပြီး၊ တရုတ်တို့၏ပိုက်လိုင်းစီမံကိန်းအချက်အချာနေရာတွင် မီးလောင်နေသောအဓိကရုဏ်းဖြစ်ပွားနေသည့် ဒေသဖြစ်သည်။

မြန်မာနိုင်ငံတွင်တပ်မတော်အစိုးရမရှိတော့ဟု အချို့ကဆိုကြဖွယ်ရှိသည်။ သို့သော် ယခုပြုပြင်ပြောင်းလဲရေးဝါဒီအစိုးရသစ်ကို တပ်မတော် အစိုးရလက်ထက်ဝန်ကြီးချုပ်ဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်က ဦးဆောင်နေသည်ကို သတိပြုစေလိုသည်။ အမှန်စင်စစ် အပြင် ပက်ကင်ကို ပြင်၍ ပြန်ထုတ်ထားခြင်းသာ ဖြစ်သည်။

မြန်မာနိုင်ငံတွင် တိုင်းပြည်လူဦးရေထက်ဝက်ခန့်မှာ တိုင်းရင်းသားလူမျိုးများဖြစ်သော်လည်း ဗမာတို့ကသာအရာရာကို လွှမ်းမိုးထားဆဲဖြစ်သည်။ သို့သော်လည်း သယံဇာတအများဆုံးတည်ရှိသောပြည်ပကုန်သွယ်ရေးလမ်းကြောင်းများတည်ရှိသောနယ်စပ်တောင်တန်းဒေသများတွင် ၎င်းတိုင်းရင်း သားလူမျိုးများ အခြေစိုက်နေထိုင်နေသောအချက်က အစိုးရကိုများစွာ စိတ်အနှောင့်အယှက်ဖြစ်စေသည်။

မြန်မာအစိုးရ၏ဖြေရှင်းနည်းမှာ တိုင်းပြည်လူဦးရေထက်ဝက်ဖြစ်သော တိုင်းရင်းသားများကိုဇက်ကြိုးကိုင်နိုင်ရေးသာဖြစ်သည်ဟု ယူဆရသည်။ တိုင်းရင်းသားများကလည်း ပြန်လည်တိုက်ခိုက်ရန် ကိုယ်ပိုင်စစ်တပ်များဖွဲ့စည်းခြင်းဖြင့် တုန့်ပြန်ကြသည်။ ပြီးခဲ့သော နှစ်များတစ်လျောက် အနောက်အုပ်စု မီဒီယာများသည် ရွေးကောက်ပွဲအပိတ်ခံ၊ အထိန်းသိမ်းခံ ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပေါ် အာရုံကျခဲ့ကြသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် ဗမာတစ်ဦးဖြစ်နေခြင်းကို မည်သူကမျှအမှန်တကယ်ဆန်းစစ်လိုခြင်းမရှိကြပေ။ သူမနှင့်ဒီမိုကရေစီတွဲဖက်နေခြင်း၊ အာဏာရှင် ဆန့်ကျင်မှုဖြင့်အထိန်းသိမ်းခံရခြင်း၊ စစ်အစိုးရ၏ပြဿနာပေါင်းစုံအတွက် သူမသည်အဖြေဖြစ်နေရခြင်းစသောအချက်များနှင့်ပင် သူမကို ဆန်းစစ်စရာ မလိုအောင်လုံလောက်သွားခဲ့သည်။ ထို့အပြင် သူမသည် ငြိမ်းချမ်းရေးနိုဗယ်ဆုကိုပါရရှိခဲ့သည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီရှိနေပြီဟု လူတိုင်းကတွေးထင်နိုင်သော်လည်း အရပ်ဖက်အုပ်ချုပ်မှု မှန်သမျှကိုကျော်လွန်ကာတပ်မတော်က လှုပ်ရှား နေပြီး၊ ရေနံဓါတ်ငွေ့ဖွံဖြိုးရေးလမ်းကြောင်းရှင်းရန်နှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများပွင့်ရန်အတွက် တိုင်းရင်းသားဒေသများကိုထိုးစစ်ဆင် ထိန်းချုပ်ရန်ကြိုးစားလျက်ရှိသည်။ ဒါတင်မက လွှတ်တော်နေရာ ၂၅% ကိုလည်းအလိုအလျှောက်ရယူထားသေးသည်။ (ဘုရားစူးရစေ့ ဒီမိုကရေစီ ဖြစ်သည်)

လောလောဆယ် ထိုးစစ်ဆင်နွဲနေသောနယ်မြေတစ်ခုမှာ တရုတ်တို့က ရေနံ၊ ယူရေနီယမ်၊ ရေအားလျှပ်စစ်များ ထုတ်လုပ်ရန်မျှော်မှန်းနေသော ကချင်ပြည်နယ်ဖြစ်သည်။ ထိုပြဿနာများနှင့်ပတ်သက်၍ ကမ္ဘာကျော်နိုဗယ်ဆုရှင်က ဘာပြောပါသလဲ။ ဘာတစ်ခွန်းမှ ပြောသံမကြားရပါ။

ထိုအတောအတွင်း နိုင်ငံအနောက်ပိုင်းတွင်ရခိုင်များနှင့် ရိုဟင်ဂျာဘင်္ဂါလီများအကြား အသက်များဆုံးရှုံး၊ အိမ်များမီးလောင်ပျက်စီးကုန်သော အဓိကရုဏ်း များဖြစ်ပွားခဲ့သည်။ ယခုနောက်ဆုံး အခင်းဖြစ်ပွားရာနယ်မြေသည် ဒေါ်လာဘီလျံပေါင်းများစွာတန်သော တရုတ်ဓါတ်ငွေ့၊ ရေနံပိုက်လိုင်းစီမံကိန်း၏ အချက်အခြာနေရာဖြစ်သည်။ ယင်းနယ်မြေတွင် Dawoo Internationl က ကမ်းလွန်ဓါတ်ငွေ့ လိုက်တူးဖော်နေပြီး၊ တရုတ် CNPC ကုမ္ပဏီက ရေနံ၊ ဓါတ်ငွေ့ ပိုက်လိုင်း တည်ဆောက်သွယ်တန်းလျက်ရှိသည်။

မြန်မာနိုင်ငံသည် တရုတ်စွမ်းအင်ဖူလုံရေးမူဝါဒ၏သော့ချက်အစိတ်အပိုင်းဖြစ်နေသည်။ တရုတ်နိုင်ငံသည် ယင်း၏ရေနံစိမ်းလိုအပ်ချက် ၈၀ ရာခိုင် နှုန်း(တစ်ရက်လျှင် စည်၁၀သန်း)ကို အန္တရာယ်များသောမလက္ကာရေလက်ကြားမှ ဖြတ်သန်းသယ်ယူနေရသည်။ ယခုတည်ဆောက်နေသော ပိုက်လိုင်း ကြောင့် ရေနံစိမ်း ၂၀ ရာခိုင်နှုန်းနှင့် ဓါတ်ငွေ့များကို သယ်ယူရန် ဖြတ်လမ်းတစ်ခု ရရှိမည် ဖြစ်သည်။

ယခုအခါ အပေါ်ယံအရေခွံလဲထားသောမြန်မာအစိုးရကို အမေရိကန်ပြည်ထောင်စုက စီးပွားရေး sanctions များရုတ်သိမ်းပေးခြင်း၊ ရင်းနှီးမြှပ်နှံ မှုများ ခွင့်ပြုခြင်းတို့ဖြင့်အသိအမှတ်ပြုနေပြီဖြစ်သည်။ ထိုဆောင်ရွက်ချက်သည် မဟာဗျူဟာမြောက်မြန်မာနိုင်ငံတွင် တရုတ်တို့ယခုထက်ပို၍ ခြေကုပ် ရလာမည်ကို မမြင်လိုခြင်းနှင့်တိုက်ရိုက်ဆက်စပ်နေသည်။ (အာဖရိကတွင် အမေရိကန်တို့ sanctions ဖယ်ရှားမှုနှေးကွေးသောကြောင့် တရုတ်တို့က သယံဇာတများစွာကို ထိန်းချုပ်ခွင့် ရရှိသွားခဲ့သည်)

မည်သို့ပင်ဖြစ်စေ ဤအခြေအနေသည်ကောင်းစွာအဆုံးသတ်လိမ့်မည်မဟုတ်ပေ။ မြန်မာနိုင်ငံတွင် နောက်တစ်ကြိမ်ရွေးကောက်ပွဲကို ၂၀၁၅တွင် ကျင်းပမည်ဖြစ်ရာ ၎င်းမတိုင်မီ လူမျိုးစုအကြမ်းဖက်အဓိကရုဏ်းပိုဆိုးလာဖွယ်ရှိနေပြီး၊ အစိုးရကလည်းသယံဇာတနှင့် ကုန်သွယ်မှု အလားအလာကောင်း သောတိုင်းရင်းသားဒေသများကို အပြီးတိုင်ရှင်းလင်းရန် သုတ်ချေတင်လုပ်ဆောင်ပါလိမ့်မည်။ တိုင်းရင်းသားအုပ်စုများကလည်း ခွန်အားအသစ်၊ စစ်အင်အားအသစ် တို့ဖြင့် ပြန်လည်ထကြွလှုပ်ရှား လာကြပါလိမ့်မည်။

အာဏာနှင့်ငွေကို တပ်မက်သော လူသားတို့၏ လောဘမှာ အတောသတ်နိုင်ခြင်းမရှိပါ။

------------------------------------------------------------------------------------------------------------------

ရခိုင်ပြည်နယ် ဆူပူအုံကြွမှုများအတွက် အဖြေရှာရန် ဖိအားပေးမှုများနှင့် မြန်မာအစိုးရ ရင်ဆိုင်နေရ

(Wall Street Journal မှ 28 Oct 2012 ရက်စွဲပါ Myanmar Faces Pressure To Find Solution to Crisis ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင်းဖြစ်ပွားခဲ့သောဆူပူအုံကြွမှုများနှင့် ပဋိပက္ခများကြောင့် လူပေါင်း ၈၄ ဦး သေဆုံးကာ  ၂၂၀၀၀ ကျော် မှာ လူများပြွတ်သိပ်ကြပ်ညပ်နေသည့် ဒုက္ခသည်စခန်းများရှိရာသို့အိုးပစ်အိမ်ပစ်ထွက်ပြေးခဲ့ကြရသည်။ ယင်းဖြစ်ရပ်များက အသွင်ကူးပြောင်းစ မြန်မာ့ ဒီမိုကရေစီစနစ်အပေါ် အန္တရာယ်ကျရောက်စေမည့်အနေအထားမျိုး ဖန်တီးလာရာမြန်မာအစိုးရအနေဖြင့် ရေရှည်တည်တံ့မည့် အဖြေတစ်ခုထွက်အောင် လုပ်ဆောင်ရတော့မည်ဖြစ်သည်။

မြန်မာအစိုးရအာဏာပိုင်များက ရခိုင်ပြည်နယ်တွင်းရိုဟင်ဂျာမွတ်စလင်လူနည်းစုနှင့် ရခိုင်ဗုဒ္ဓဘာသာဝင်လူများစုတို့အကြား အကြမ်းဖက် တိုက်ခိုက်မှုများ ထပ်မံဖြစ်ပွားခြင်းမရှိကြောင်းပြောဆိုသော်လည်း လူ့အခွင့်အရေးအုပ်စုများက အာဏာပိုင်များအနေဖြင့်ဂိုဏ်းဂဏစွဲတိုက်ခိုက်မှုများ အဆုံး သတ်အောင် လုပ်ကိုင်ပေးကြရန်တိုက်တွန်းပြောဆိုကြသည်။ အကယ်၍ အကြမ်းဖက်မှုများပိုမိုဖြစ်ပေါ်လာမည်ဆိုပါကမြန်မာအစိုးရသစ်လက်ထက် အကောင်အထည်ဖော်လုပ်ဆောင်လျက်ရှိသည့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ လမ်းလွဲသို့ရောက်သွားနိုင်သည်ဟု ကုလသမဂ္ဂက သတိပေးထားသည်။ မြန်မာနိုင်ငံပိုင် ရုပ်သံမီဒီယာထုတ်လွှင့်ချက်အရ ရခိုင်ပြည်နယ်တွင်းနောက်ဆုံးဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုကြောင့် လူပေါင်း ၈၄ ဦး သေဆုံးပြီး ၉၅ ဦး ဒဏ်ရာရရှိခဲ့ကာ အိမ်ခြေပေါင်း ၂၈၁၈ အိမ်မီးလောင်ပျက်စီးခဲ့ရသည်။ သို့သော်လည်း သေဆုံးဒဏ်ရာရရှိသူဦးရေမှာ ထပ်မံတိုးမြင့်လာနိုင်ကြောင်း လူ့အခွင့်အရေးအဖွဲ့များက ခန့်မှန်းပြောဆိုသည်။

နယူးယောက်မြို့အခြေစိုက် Human Rights Watch အဖွဲ့က "ရိုဟင်ဂျာများသည်ဆိုးဆိုးရွားရွားတိုက်ခိုက်ခံနေရသည်" ဟု သတိပေး ပြောဆိုပြီး ရိုဟင်ဂျာများနေထိုင်ရာကျောက်ဖြူဒေသအနီး ပျက်စီးဆုံးရှုံးမှုများကိုရိုက်ကူးထားသည့် ဂြိုဟ်တုဓာတ်ပုံများကိုဖော်ပြသည်။ အဆိုပါ ကျောက်ဖြူမြို့သည် တရုတ်နိုင်ငံသို့စွမ်းအင်ပိုက်လိုင်း စတင်သွယ်တန်းသည့်မြို့လည်းဖြစ်သည်။"တရားဥပဒေစိုးမိုးမှုတည်တံ့ရေးအတွက် အစိုးရက အသေအချာလုပ်ဆောင်ပေးရန် အထူးအရေးကြီးပါတယ်။ ဆူပူအကြမ်းဖက်မှု၊ ထိတ်လန့်ကြောက်ရွံ့မှုနဲ့အယုံအကြည်မရှိမှု စတာတွေဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့လူမှုဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့အစိုးရဦးတည်ချက်တွေနဲ့ ဆန့်ကျင်ဘက်ပဲဖြစ်ပါတယ်။ ဒီကိစ္စဟာတိုးတက်ဖွံ့ဖြိုးမှုအတွက် အဟန့် အတားဖြစ်မလာသင့်ပါဘူး" ဟုကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး၏ အထူး ကိုယ်စားလှယ် Ashok Nigamကပြောကြားသည်။

ရခိုင်လူမျိုးနှင့် ရိုဟင်ဂျာများအပါအဝင် လူပေါင်း ၂၂၀၀၀ ခန့်မှာ ဆူပူအကြမ်းဖက်မှုများကြောင့် ရွှေ့ပြောင်းနေထိုင်ခဲ့ကြရသည်။ နိုင်ငံရေး လေ့လာဆန်းစစ်သများအဆိုအရ အဆိုပါဆူပူအကြမ်းဖက်မှုများကိုပြေလည်အောင်လုပ်ဆောင်နေသည့် ပြုပြင်ပြောင်းလဲရေးစိတ်ဓာတ်ရှိသော မြန်မာ အစိုးရ၏ ကြိုးပမ်းချက်များသည် ယခင်စစ်အစိုးရလက်ထက်နှစ်ပေါင်းများစွာ သန္ဓေတည်ခဲ့သောလူမျိုးရေးနှင့်ဘာသာရေး မုန်းတီးစိတ်များကြောင့်များစွာ ထိခိုက်နစ်နာလျက်ရှိသည်ဟု ဆိုသည်။

------------------------------------------------------------------------------------------------------------------

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို မြန်မာလွှတ်တော် အတည်ပြု

(The GULF Today မှ 2 Nov 2012 ရက်စွဲပါ “Myanmar’s Parliament foreign investment bill” သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာလွှတ်တော်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းကို ကြာသာပတေးနေ့တွင် အတည်ပြုလိုက်ပြီဖြစ်ရာ သမ္မတကမြန်မြန်ဆန်ဆန် လတ်မှတ်ရေးထိုး ထုတ်ပြန်နိုင်လိမ့်မည်ဟု  လွှတ်တော်အမတ်များက မျှော်လင့်နေကြသည်။

အစိုးရက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်လိုခြင်း၊ အခွင့်ထူးခံခရိုနီများက ၎င်းတို့၏လက်ဝါးကြီးအုပ်ခွင့်ကို ကာကွယ်လိုခြင်း၊ ကုမ္ပဏီ လေးများက ဘေးရောက်သွားမည်ကို စိုးရိမ်ခြင်းစသော အရှုပ်အထွေးများကြားတွင် ယင်းဥပဒေကြမ်းသည် လွှတ်တော်နှင့် သမ္မတရုံးအကြား မတ်လထဲက သွားလိုက်ပြန်လိုက် ဖြစ်နေခဲ့သည်။

“သမ္မတကြီးအဆိုပြုထားတဲ့ ပြင်ဆင်ချက်တွေနဲ့အတူဥပဒေကြမ်းကိုအတည်ပြုပေးလိုက်ပါပြီ။ ရက်အနည်းငယ်အတွင်း သူ့ရုံးကိုရောက်သွား တာနဲ့တစ်ပြိုင်နက် သမ္မတကြီးကလတ်မှတ်ထိုးလိုက်မယ်လို့ ဒီတစ်ခါတော့သေချာပြောနိုင်ပါပြီ။” ဟု အမည်မဖော်လိုသော လွှတ်တော်အမတ်တစ်ဦးက Reuters သို့ပြောကြားသည်။

ဥပဒေကြမ်းကိုဆွေးနွေးရန် အောက်တိုဘာလအတွင်းက အရေးပေါ်အစည်းအဝေးကျင်းပခဲ့သော လွှတ်တော်ကော်မတီဝင်တစ်ဦးက ပြင်ဆင် ရမည့် အသေးစိတ်အချက်အချို့ကို အစောပိုင်းက Reuters သို့အသိပေးခဲ့ပါသည်။

အမည်မဖော်လိုသော လွှတ်တော်အမတ်က “ပြည်တွင်းကုမ္ပဏီနှင့် ဖက်စပ်လုပ်ငန်းထူထောင်ရာတွင် အနည်းဆုံးအားဖြင့် စတင်မတည်ငွေ၏ ၃၅% ကို နိုင်ငံခြားကုမ္ပဏီက ထည့်ဝင်ပေးရမည့်စည်းကမ်းချက်ကိုပယ်ဖျက်လိုက်ကြောင်း၊ ဖက်စပ်ကုမ္ပဏီတွင်ထည့်ဝင်ကြမည့် ရှယ်ယာအချိုးကို ပြည်တွင်းကုမ္ပဏီနှင့် နိုင်ငံခြားကုမ္ပဏီကသာ ဆုံးဖြတ်ရမည်ဟု ပြောင်းလဲလိုက်ကြောင်း၊ မည်သည့်အချိုးကို မဆို ၎င်းတို့သဘောတူ ဆုံးဖြတ်ခွင့်ရှိသည်ဟု ဆိုလိုခြင်းဖြစ်ကြောင်း” အသိပေးပြောကြားသည်။

နောက်ထပ်အငြင်းပွားစရာ စည်းကမ်းချက်တစ်ခုမှာ အရေးကြီးသော ကဏ္ဍများတွင် ဖက်စပ်လုပ်ငန်းထူထောင်ရာ၌ နိုင်ငံခြားကုမ္ပဏီကို ရှယ်ယာ ၅၀% သာ ပါဝင်ခွင့်ပေးထားသည့် အချက်ဖြစ်သည်။

“ဒီအချက်ကို ဥပဒေမှာမထည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီအချက်ဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသူတွေကို နှောင့်နှေးသွားစေနိုင်လို့ပါ။ အဲဒီအစား လိုအပ်တဲ့အချိန်မှာ သင့်လျော်တဲ့စည်းမျဉ်း၊ စည်းကမ်းအနေနဲ့ ထည့်သွင်းမှာ ဖြစ်ပါတယ်။ ဒီပြင်ဆင်မှုတွေကို သမ္မတကြီးက အဆိုပြုထားတာပါ။ ဒါ့ကြောင့် ဒီတစ်ကြိမ် သူ့ရုံးကိုပို့လိုက်ရင် လတ်မှတ်ရေးထိုးလိမ့်မယ်လို့ ကျွန်တော် သေချာပေါက်ပြောနိုင်တာပါ။” ဟု ၎င်းလွှတ်တော်ကော်မတီဝင်က ပြောကြားသည်။

သမ္မတဦးသိန်းစိန်သည် စစ်အုပ်ချုပ်ရေးကို အဆုံးသတ်၍ အသွင်ပြောင်းလိုက်သော အရပ်သားအစိုးရအဖွဲ့ အကြီးအကဲအဖြစ် ၂၀၁၁ မတ်လတွင် အာဏာရလာပြီးနောက်ပိုင်းနိုင်ငံရေး၊ စီးပွားရေးအပြောင်းအလဲများ ဆက်တိုက်ပြုလုပ်ခဲ့ခြင်းဖြင့် အနောက်အုပ်စု Sanctions များ ရုတ်သိမ်းသွားအောင်စည်းရုံးနိုင်ခဲ့ပြီး၊ သယံဇာတပေါသော မြန်မာဈေးကွက်၏ အလားအလာကို စိတ်ဝင်စားသည့် နိုင်ငံတကာ ကုမ္ပဏီများ၏ အာရုံကို ဆွဲဆောင်လျက်ရှိသည်။

 

  *****************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive