Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
Document yangonchronicle2011 Op-Ed

Snapshot of the item below:
yangonchronicle2011 Op-Ed

၅.၁၁.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. မြေစာပင်

*****************************************

ဆောင်းပါးကဏ္ဍ

မြေစာပင်

ကျွန်တော်တို့မြေစာပင်ဟူသော အမည်နာမကိုကြားဖူးကြပေလိမ့်မည်။ လူနှစ်ဦး၏ အားပြိုင်မှုအကြား ဆုံးရှုံးနစ်နာသွားသော တတိယလူကို၊ တတိယအစုအဖွဲ့ကို ရည်ညွှန်းသောစကားရပ်ဖြစ်သည်။ ဤစကားလုံးသည် စကားလုံးအားဖြင့် သုံးလုံးသာရှိသော်လည်း အဆိုပါစကားလုံး၏ နောက်ကွယ်တွင် ထိခိုက်နစ်နာများ၊ ဆုံးရှုံးမှုများ ပါဝင်နေသည်။

ကျွန်တော်အနေဖြင့် ဤဆောင်းပါးတွင် အဆိုပါမြေစာပင်တို့နှင့်ပတ်သက်၍ရလာသော အတွေးအမြင်များကိုတင်ပြပါမည်။ ကျွန်တော်အထက် တွင် ရေးသားသလို မြေစာပင်ဟူသည် နှစ်ဦးကြားကဖြစ်ပေါ်နေသောထိခိုက်မှုကြောင့် သူကရင်ဝယ်ပိုက်ပြီးခံစားလိုက်ရသော တစ်ခြားမသက်ဆိုင်သော သူဖြစ်ပေသည်။ အဆိုပါမြေစာပင်တို့သည် အခြေအနေ၏ဖန်တီးမှုကြောင့် ပေါ်ပေါက်လာသည်။ နိုင်ငံရေး အားပြိုင်မှုကြောင့်သော်လည်းကောင်း၊ စစ်ပွဲ ကြောင့်သော်လည်းကောင်း၊ လူမျိုးရေးပဋိပက္ခကြောင့်သော်လည်းကောင်းနစ်နာသူများသည်လည်း မြေစာပင်များဟုပင်ဆိုနိုင်သည်။ သဘာဝဘေးအန္တရာယ်ကြောင့်၊ မီးလောင်မှုများကြောင့်သော်လည်း ထိခိုက်ခံစားနေရသော မြေစာပင်များ ရှိသည်။

ကျွန်တော်တို့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နယ်ပယ်အများအပြားတွင် မြေစာပင်များမရေမတွက်နိုင်အောင်ရှိနေသည်။ မြန်မာနိုင်ငံအနေနှင့် ကြည့်လျှင်လည်း ပြဿနာနှင့်ယှဉ်၍မြေစာပင်များ ပေါ်ပေါက်လျက်ရှိ သည်။ ယနေ့ကျွန်တော်တို့ မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်တွင် အစိုးရနှင့် လက်နက်ကိုင်တပ်ဖွဲ့များအကြား ဖြစ်ပွားနေသောတိုက်ပွဲများကြောင့် ဒေသခံများသည် စစ်ဘေးဒဏ်မှလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရသည်။ ထို့အတွက် မိသားစုများငြိမ်းချမ်းစွာမနေရ၊ ကလေးများကောင်းစွာစာမသင်ရမှုများ၊ ဒေသတွင်းမတည်ငြိမ်မှုများကြောင့် စီးပွားရေးလုပ်ကိုင်ရမှု အဆင် မပြေ၊ ကုန်သွယ်မှုလမ်းကြောင်းများ အဟန့်အတားဖြစ်ခြင်းကြောင့်ဒေသ၏ဈေးကွက်ကို ထိခိုက်မှုများရှိလာခဲ့သည်။ စစ်ဘေးဒဏ်များ အကြားပြည်သူတို့ အတွက်  ဘဝမလုံခြုံမှုများ၊ စားနပ်ရိက္ခာပြဿနာများရှိနေခဲ့သည်။ အဆိုပါအချက်များကိုကြည့်လျှင် အစိုးရနှင့်လက်နက်ကိုင်အဖွဲ့ကြားက ကချင်ပြည်သူ မြေစာပင်တို့၏ ဘဝဟုဆိုရပေမည်။ နှစ်ဖက်အဖွဲ့များကရော သူတို့အတွက် မည်သို့တာဝန်ယူကြမည်နည်း။

ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်နေသော ရခိုင် - ရိုဟင်ဂျာကိစ္စကိုကြည့်လျှင်လည်း ဒေသခံရခိုင်တို့နှင့်ပြည်ပမှ အခြေချနေထိုင်သူအုပ်စုတို့အကြားက ပဋိပက္ခဖြစ်သည်။ အဆိုပါ အဓိကရုဏ်းကြောင့် ဒေသခံများအနေဖြင့် ဘဝလုံခြုံမှုမရှိခြင်း၊ ကျီးလန့်စာစားအနေအထားမျိုးဖြင့်ရှိနေခဲ့သည်။ နှစ်ဖက် အုပ်စုများ၏ပဋိပက္ခကြားတွင်  ဒေသတွင်းရှိပြည်သူများ၏နေအိမ်များမီးရှို့ခံရသည်။ ဒေသတွင်းမတည်ငြိမ်မှု၏ အကျိုးဆက်ကြောင့် စီးပွားရေး အဆင် မပြေမှု၊ စီးပွားရေးကျဆင်းမှုများဖြစ်လာရသည်။ နိုင်ငံတော်ကို ဒီမိုကရေစီစနစ်ကျင့်သုံးနေချိန်တွင် ရခိုင်ပြည်နယ်မှာဒီမိုကရေစီ၏လွတ်လပ်မှုကို အပြည့်အဝမခံစားကြရရှာဖြစ်နေရသည်။ အဆိုပါအဓိကရုဏ်းကို ဖြစ်အောင်ကြိုးကိုင်သူများကြားတွင် အေးဆေးစွာနေလိုသောပြည်သူတို့မှာ မြေစာပင် ဖြစ်ရရှာသည်။ မြေစာပင်ပြည်သူတို့၏ ဘဝကား လုံခြုံမှုမရှိ ဖြစ်ရပေသည်။

ကြေးနီစီမံကိန်းဆိုလျှင်လည်း ယခင်အစိုးရနှင့်တရုတ်ကုမ္ပဏီများ၏ စီးပွားရေးလုပ်ကိုင်မှုကြောင့်ဒေသခံများ မိမိတို့လယ်မြေများကို စွန့်ခွာရကြ သည်။ ကြေနီစီမံကိန်း၏ သက်ရောက်မှုကြောင့် ပတ်ဝန်းကျင်ကို ထိခိုက်သည်။ ဤသို့သောအခြေအနေများက ဒေသခံပြည်သူများ၏ စီးပွားရေးနှင့် အသက်မွေးမှုကို ထိခိုက်ကာ မြေစာပင်ဘဝသို့ရောက်သွားရလေတော့သည်။

ဤဥပမာများကိုကြည့်လျှင် တာဝန်ရှိသူအဖွဲ့အစည်းများ၏ ရှေ့နောက်မစဉ်းစားဘဲ ပြုမူသော ကာယကံမြောက်ဆောင်ရွက်ချက်များက ပြည်သူ များ၏ဘဝကို မြေစာပင်အဖြစ် အကျပ်အတည်းထဲသို့ တွန်းပို့လိုက်သည့် အနေအထားသို့ရောက်ရှိသွားသည်။ ဤသို့သော မြေစာပင်များ ထပ်မံ များ ပြားမှုမရှိစေရန်အတွက် အစိုးရအဖွဲ့အပါအဝင် တာဝန်ရှိသူများနှင့် အားလုံးသော ပါဝင်ပတ်သက်သူများက ကိစ္စတစ်စုံတစ်ရာပြုလုပ်မည်ဆိုပါက မိမိတို့ ဆောင်ရွက်ချက်သည် အခြားသူများ၏ ဘဝကိုမည်သို့ပြောင်းလဲသွားနိုင်ပြီး မည်သို့သောအကြပ်အတည်းအတွင်သို့ရောက်သွားစေနိုင်သည်ကို မဟာဗျူဟာကျကျ တွေးတောပြီးမှပြုလုပ်သင့်ကြောင်း တင်ပြလိုက်ရပေသည်။

နိုင်မော်

***************************************

     


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2011 - (2)
Document yangonchronicle 2011 - (2)

Snapshot of the item below:
yangonchronicle 2011 - (2)

၆.၁၁.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာနိုင်ငံတွင်း ဖွံ့ဖြိုးမှုများအတွက် အထူးဆွေးနွေးပွဲတစ်ရပ် OIC ကျင်းပမည်

(Bernama သတင်းဌာနမှ 5 Oct 2012 ရက်စွဲပါ OIC to Hold Special Meeting on Myanmar Developments ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံ နိုးထလာသည်။ သို့သော်….။

(5 Nov 2012 ရက်စွဲပါ Khaleeju Times မှ ခေါင်းကြီးပိုင်း ဖြစ်သော Rise Of Myanmar,but……ကို ဘာသာပြန်ပါသည်။)

  1. မြောက်ကိုရီးယားအပေါ် မြန်မာတို့ အချိုးပြောင်းသွားပြီလား

(Forbes မှ 2 Nov 2012 ရက်စွဲပါ “Burma’s dramatic turn on North Korea?” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်။)

*****************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံတွင်း ဖွံ့ဖြိုးမှုများအတွက် အထူးဆွေးနွေးပွဲတစ်ရပ် OIC ကျင်းပမည်

(Bernama သတင်းဌာနမှ 5 Oct 2012 ရက်စွဲပါ OIC to Hold Special Meeting on Myanmar Developments ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမှ လတ်တလော ဖွံ့ဖြိုးတိုးတက်မှုများကို ပြန်လည်သုံးသပ်နိုင်ရေးအတွက် အစ္စလာမစ် ပူးပေါင်းဆောင်ရွက်မှုအဖွဲ့(OIC) မှ နိုင်ငံခြားရေးဝန်ကြီးများကောင်စီအနေဖြင့် Djibouti မြို့တွင် ဆွေးနွေးပွဲတစ်ရပ်ကို နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း IRNA သတင်းဌာနကရေးသားဖော်ပြပါသည်။

နိုဝင်ဘာလ ၄ ရက်နေ့တွင်ထုတ်ပြန်သော OIC ၏ကြေညာချက်တွင် "OIC သည်ရိုဟင်ဂျာမွတ်စလင်များ မြန်မာနိုင်ငံတွင်း တရားဥပဒေဆိုင်ရာ

အခွင့်အရေးများရရှိအောင် ကြိုးပမ်းအားထုတ်မှုများပြုလုပ်နေသည့်တိုင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းစဉ်များကို နိုင်ငံရေးဇာတ်သွင်း မည်မဟုတ်ကြောင်း" ရေးသားဖော်ပြထားသည်။

"ရိုဟင်ဂျာမွတ်စလင်များ၏ အခြေခံဥပဒေရပိုင်ခွင့်ပြန်လည်ရရှိရေးအတွက် OIC ၏ ကြိုးပမ်းအားထုတ်မှုများကို တရားဝင်သံတမန်ရေးရာ လမ်းကြောင်းများမှတစ်ဆင့် လုပ်ကိုင်သွားမည်ဖြစ်သည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများမှတစ်ဆင့်လုပ်ကိုင်သွားမည်မဟုတ်ပေ" ဟု ဖြည့်စွက်ဖော်ပြထားသည်။

ထို့ပြင် ရိုဟင်ဂျာအမှုကိစ္စကို ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ တင်ပြရန်အသင့်အနေအထားတွင်ရှိကြောင်း အဖွဲ့ဝင် ၅၆ နိုင်ငံပါဝင်သည့် OIC

ကအသိပေးပြောကြားသည်။

မြန်မာနိုင်ငံတွင်း ရိုဟင်ဂျာမွတ်စလင်များအပေါ် တမင်သက်သက်အကြမ်းဖက်မှုများနှင့် လူမျိုးဖြုတ်သတ်ဖြတ်ရန် ကြိုးပမ်းချက်များကို

နိုင်ငံတကာအဆင့်ရှိသော အရေးကိစ္စကြီးတစ်ခုအဖြစ်အလေးအနက်ထားဖော်ထုတ်သွားမည်ဖြစ်သည်ဟု OIC ၏ကြေညာချက်ကဆိုသည်။

------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံ နိုးထလာသည်။ သို့သော်….။

(5 Nov 2012 ရက်စွဲပါ Khaleeju Times မှ ခေါင်းကြီးပိုင်း ဖြစ်သော Rise Of Myanmar,but……ကို ဘာသာပြန်ပါသည်။)

မြန်မာနိုင်ငံအပေါ် မီးမောင်းထိုးနေမှုမှာ ဖွံ့ဖြိုးတိုးတက်ရေးကို ဗဟိုပြုလျက်ရှိပါသည်။ သို့သော် ငွေများစွာပေးနေသောအလှူရှင်များမှာ တန်ဖိုး ကြီးကြီး ပေးဆပ်နေရပါသည်။ ၎င်းတို့သည် လူနည်းစုမူဆလင်ရိုဟင်ဂျာများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများပြုလုပ်လျက်ရှိခြင်းအပေါ် လစ်လျူရှု နေကြပါသည်။

ရခိုင်ပြည်နယ်တွင် လွန်ခဲ့သာလအနည်းငယ်အတွင်း ရိုဟင်ဂျာနှင့် ဗုဒ္ဓဘာသာများအကြား ပဋိပက္ခကြောင့် ရာပေါင်းများစွာ အသက်ဆုံးရှုံးရပြီး တစ်သိန်းကျော်အိမ်များကို စွန့်ခွာထွက်ပြေးကြရကြောင်းဆိုပါသည်။ မူဆလင်များမှာ ကမ္ဘာပေါ်တွင် အဆိုးဝါးဆုံးပိုင်ဆိုင်မှုမဲ့လူမျိုးစုဟု အမည်တပ်ကြပြီး အံ့သြဖွယ်ကောင်းသည်မှာ အနောက်ကမ္ဘာက အနည်းငယ်က အသိအမှတ်ပြုခဲ့ကြခြင်း ဖြစ်ပါသည်။

ဥရောပကော်မရှင် အကြီးအကဲ Jose Manuel သည် နေပြည်တော်၌ စနေနေ့က ဒေါ်လာသန်း (၁၀၀) ကျော် အကူအညီပေးခဲ့ရာ တိုင်းရင်းသားအုပ်စုတစ်ခုနှစ်ခုတွင် လက်ရှိဖြစ်နေသောကိစ္စရပ်များကိုမေးမြန်းရန် ဝန်လေးလိမ့်မည်မဟုတ်ဟု ထင်ပါသည်။ အနောက်နိုင်ငံများသည် လည်း ဤကိစ္စမျိုးသည်၎င်းတို့နှင့်ဆက်စပ်နေသော နိုင်ငံမျိုးတွင်သာဖြစ်ခဲ့ပါက ပြင်းထန်စွာကန့်ကွက်လိမ့်မည်ဖြစ်ပါသည်။ သို့သော် ပို၍စိတ်မကောင်း စရာဖြစ်ရသောကိစ္စမှာ ထိုသို့သော နိုင်ငံတကာကစိုးရိမ်ပူပန်ပြီး ကန့်ကွက်နေသောကိစ္စမျိုးကို နိုဘယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်က ရေငုံနှုတ်ပိတ် နေခြင်းဖြစ်ပါသည်။ သူက မြန်မာနိုင်ငံမှ လူနည်းစုအုပ်စုများ၏ အခြေအနေဆိုးများပေါ်မှ အမြတ်ထုတ်ရန်မရှိကြောင်း၊ သူသည် သူ၏ ခံစားမှုနှင့်နီးစပ် သောအကြောင်းအရင်းများ၏ တရားမျှတမှုမရှိသောအခြေအနေများအပေါ် ကတိပြုမှုများရှိခဲ့ပါသည်။ ရိုဟင်ဂျာများကို နိုင်ငံသားဖြစ်ခွင့်မပေးခြင်း ကဲ့သို့သော သံသယဖြစ်ဖွယ်ဥပဒေများကို စစ်အစိုးရအနေဖြင့် ပြန်လည်သုံးသပ်ရန်တိုက်တွန်းခဲ့ခြင်းကြောင့် သူ့အားထောင်ထဲသို့ပို့ခဲ့ဖူးးပါသည်။ ခန့်မှန်းချက်များအရ ရိုဟင်ဂျာ ရှစ်သိန်းကျော်သည် မြန်မာနိုင်ငံတွင် စိတ်မကောင်းဖွယ် ဘဝများတွင်နေထိုင်နေရပါသည်။ နိုင်ငံမဲ့အခြေအနေတွင် ဖြစ်ပါသည်။ ကမ္ဘာတစ်ဝှမ်းမှ လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် ဒီမိုကရေစီစံများကို ကာကွယ်စောင့်ရှောက်နေသူများအနေဖြင့်စစ်အင်အား ကြီးမားမှုအတွက် အကာအကွယ်ယူထားသောနိုင်ငံတွင် ဤမျှလောက်ကြီးမားသောလူ့အသိုင်းအဝိုင်း ဒုက္ခရောက်နေမှုအပေါ် လစ်လျူရူနေရန် မဖြစ်နိုင် ပေ။

ကမ္ဘာ့ဘဏ်၊ ဥရောပဗဟိုဘဏ်နှင့် အမေရိကန်ပြည်ထောင်စုတို့သည် မြန်မာနိုင်ငံပြန်လည် တည်ဆောက်ရေးအတွက် ဦးဆောင်နိုင်ငံများဖြစ်ပြီး ဆက်ဆံရေးပြုလုပ်ရန် နည်းလမ်းများရှာဖွေခဲ့ကြပါသည်။ ၎င်းတို့သည် ရိုဟင်ဂျာကိစ္စသတင်းများကိုစိတ်မဝင်စားနိုင်ပေ။ မြန်မာနိုင်ငံသည် ဒေသတွင်း တွင် နောက်ထပ် ပေါ်ထွက်လာမည့်အံ့သြဖွယ်ဈေးကွက်ကြီးအဖြစ် အားလုံးကခံယူထားကြရာ ၎င်း၏နိုင်ငံရေးတွင် လှိုက်စားနေသောကိစ္စများရှိနေရာ ဂုဏ်ယူမနေသင့်ပေ။ ထို့ကြောင့်မရေရာသောအနာဂတ်ကို  ရှောင်ရှားနိုင်ရန်ဤဆနိးပြားသောညီမျှခြင်းကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် လိုအပ်လျက် ရှိနေပေသည်။

------------------------------------------------------------------------------------------------------

မြောက်ကိုရီးယားအပေါ် မြန်မာတို့ အချိုးပြောင်းသွားပြီလား

(Forbes မှ 2 Nov 2012 ရက်စွဲပါ “Burma’s dramatic turn on North Korea ?” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်။)

အာရှတိုက်၏ အန္တရာယ်ရှိသောအဆက်အသွယ်ဟု တစ်ချိန်ကသမုတ်ခဲ့ကြသော မြန်မာ-မြောက်ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေးသည် ယခုအခါ အံ့အားသင့်ဖွယ်အရှိန်အဟုတ်ဖြင့် ဆက်လက်တိုက်စားပွန်းပဲ့နေသည်။ ဟုတ်ကောဟုတ်ပါရဲ့လား။ အမေရိကန်မူဝါဒချမှတ်သူများနှင့် ဝေဖန် စစ်ဆေးသူအချို့ကမူ နေပြည်တော်သည် ပြုံယမ်းမှ ရန်လိုသောအစိုးရနှင့်ဆက်ဆံရေးကိုတစ်ဆစ်ချိုးပြောင်းလိုက်ပြီဟု ခပ်မြန်မြန် မှတ်ချက်ပေး နေကြသည်။ ယခုလအစောပိုင်းတွင် မြောက်ကိုရီးယားမူဝါဒဆိုင်ရာ အမေရိကန်အထူးသံတမန် ဂလင်းဒေးဗီးဒ်က “မြန်မာနိုင်ငံဟာ လမ်းကြောင်းမှန် ပေါ်ရောက်သွားပြီလို့ ကျွန်တော်ယူဆပါတယ်။ သူတို့ဟာ DPRK မြောက်ကိုရီးယားနဲက ဆက်ဆံရေးကို အခြေခံကျကျပြောင်းလဲပြီး အဆုံးစွန် အပြီးသတ်မယ့်မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ကြပါတယ်” ဟု ပြောကြားခဲ့သည်။ နေပြည်တော်က နျူကလီးယားလက်နက်အစီအစဉ်ကို ကြိုးပမ်းနေသည် ဟူသောထောက်လှမ်းရေးသတင်း ပေါက်ကြားမှုနှင့် ပြုံယမ်းထံမှ တရားမဝင်လက်နက်ဝယ်ယူမှုများကို  ဒေးဗီးစ်က ရည်ညွှန်း ပြောကြားခြင်းဖြစ်ပါသည်။

ယခုအခါ မြန်မာအစိုးရက မြောက်ကိုရီးယားနှင့်ဆက်ဆံရေးအပေါ် သိသိသာသာအချိုးပြောင်းပြနေခြင်းကို သံသယရှိဖို့မလိုတော့ပါ။ မြန်မာ သမ္မတဦးသိန်းစိန်သည် ၎င်းအစိုးရနှင့် အနောက်အုပ်စုအကြားဆက်ဆံရေး မြန်မြန်နွေးထွေးလာစေဖို့ အမှန်တကယ်စိတ်ပါလက်ပါရှိနေပြီး ပြုံယမ်းနှင့် ဆက်ဆံရေးကိုစွန့်လွှတ်ခြင်းသည် အနောက်အုပ်စုအပေါ် အလွန်လွယ်ကူသောချော့မော့နည်းဖြစ်ကြောင်း ကောင်းကောင်းသိနေပြီဖြစ်သည်။ ဦးသိန်းစိန် သည် ယခုလအစောပိုင်းတွင် တောင်ကိုရီးယားသို့ အလည်အပတ်သွားခြင်းဖြင့် ဤအချက်ကို ပြသထားသည်။

ဤနေရာတွင် ပြဿနာတစ်ခုမှာ မြန်မာ-မြောက်ကိုရီးယားဆက်ဆံရေးဝင်ရိုးသည် လက်တွေ့ထက်ပို၍ပြဿနာရှိသည့်ပုံပေါ်နေခြင်းပင် ဖြစ်သည်။ အာဏာရှင်နှစ်နိုင်ငံသည် ငြင်းမရနိုင်သော စစ်ဖက်ဆက်ဆံရေးနှင့် ထောက်လှမ်းရေးသတင်းဖလှယ်မှုများရှိထားခဲ့သောကြောင့် အချို့ဝေဖန်ဆန်းစစ်သူများပြောကြသလို အီရန်-ဆီးရီးယားလက်တွဲမှုနှင့်ယှဉ်နိုင်သောဆက်ဆံရေးဟု ပြောနိုင်ရန် အချက်အလက်အနည်းငယ် ရှိနေဆဲပင်ဖြစ်ပါသည်။ မြန်မာနှင့်မြောက်ကိုရီးယားတို့တစ်ဦးနှင့်တစ်ဦး အယုံအကြည်ပျက်ခဲ့ကြသည့် သမိုင်းကြောင်းကိုလည်း မေ့မထားဖို့လိုပါသည်။ ဤကိစ္စသည် ၁၉၈၃ ခုနှစ်က တောင်ကိုရီးယားသမ္မတ ချန်ဒူးဝမ်အား ရန်ကုန်ခရီးစဉ်တွင် သတ်ဖြတ်လုပ်ကြံရန် မြောက်ကိုရီးယားက လျှို့ဝှက်အေးဂျင့်များစေလွှတ်ခဲ့သည့် သိက္ခာအမဲ့ဆုံးနိုင်ငံတကာ အကြမ်းဖက်ဖြစ်စဉ်တစ်ခုပေါ်တွင်အခြေခံသည်။ ထိုစဉ်က ရန်ကုန်မြို့ဗုံးခွဲလုပ်ကြံမှုတွင် ချန်ဒူးဝမ်ကပ်၍ လွတ်သွားသော်လည်း တောင်ကိုရီးယား ၁၇ ဦးနှင့်မြန်မာအရာရှိ ၄ ဦးတို့ အသက်ဆုံးရှုံးခဲ့ရသည်။

သို့သော် ပြီးခဲ့သောဆယ်စုနှစ်များအတွင်း ရန်သူပတ်လည်ဝိုင်းနေသည့်ကြားတွင် မဟာမိတ်ရှာဖွေနေသော ပြုံယမ်းထဲမှ လက်နက်နှင့် စစ်ဖက်အကူအညီကြီးကြီးမားမားစီးဝင်လာမှုနှင့်အတူ မြန်မာနှင့်ဆက်ဆံရေးကို ပြန်လည်ပေါင်းထုပ်ရန် မြောက်ကိုရီးယားတို့က စီမံနိုင်ခဲ့ပါသည်။ ထို့အပြင် သမ္မတဘွတ်ရှ်အစိုးရက မြောက်ကိုရီးယားအား မိစ္ဆာဝင်ရိုးတန်းနိုင်ငံများအုပ်စုထဲသို့ထည့်သွင်းလိုက်ခြင်းက ပြုံယမ်းအား မြန်မာအာဏာ ရှင်များနှင့် ပို၍လက်တွဲဖြစ်အောင် တွန်းပို့သလိုဖြစ်စေခဲ့သည်။ သို့သော်လည်း နှစ်နိုင်ငံ ဆက်ဆံရေးသည် လုံးဝဥခွံပေါက်ခါစ အနေအထားသာဖြစ်ပြီး အပြန်အလှန် ယုံကြည်မှုဖြင့်မဟုတ်ပဲ လက်နက်နှင့် အကူအညီပေါ်တွင် အခြေခံတည်ဆောက်ထားခြင်းသာ ဖြစ်သည်။

ယခု အခါမြန်မာတို့က မြောက်ကိုရီးယားနှင့်ဆက်ဆံနေမှုများကို အဆုံးသတ်ရန် ပြင်ဆင်နေပြီဟု ကြားသိရသည်မှာ အလွန်မင်္ဂလာရှိပါသည်။ သို့သော် ဤအခြေအနေကို ပိုမတွက်မိအောင် ကျွန်တော်တို့အထူး သတိထားကြဖို့လိုသည်။

*****************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၆.၁၁.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံမှ အတိတ်ကရက်စက်မှုများအတွက် ပြန်ပေါ်လာသော ရှုပ်ထွေးမှု့အသစ်များ

(1 nov 2012 ရက်စွဲပါ Asia Times Online မှ Bertil Lintner ရေးသားသော Myanmar: Old atrocity, new implications ကိုဘာသာပြန်ပါသည်။)

  1. ရိုဟင်ဂျာများကို ကျောထောက်နောက်ခံမပြုနိုင်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

(ပါကစ္စတန်သတင်းစာတစ်စောင်ဖြစ်သော The News မှ 4 Nov 2012 ရက်စွဲပါ Cannot back Myanmar's Rohingya: Suu Kyi ကို ဘာသာ ပြန်ဆိုသည်)

***********************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံမှ အတိတ်ကရက်စက်မှုများအတွက် ပြန်ပေါ်လာသော ရှုပ်ထွေးမှု့အသစ်များ

(1 nov 2012 ရက်စွဲပါ Asia Times Online မှ Bertil Lintner ရေးသားသော Myanmar: Old atrocity, new implications ကိုဘာသာပြန်ပါသည်။)

လွန်ခဲ့သောအနှစ်နှစ်ဆယ်က လက်နက်ကိုင်အစိုးရဆန့်ကျင်ရေးကျောင်းသားအုပ်စုများကျူးလွန်ခဲ့သောရက်စက်လှသည့် သွေးထွက်သံယို ဖြစ်ရပ်များသည် မြန်မာနိုင်ငံတွင်တဖန်ပြဿနာဖြစ်လျက်ရှိရာ မြန်မာနိုင်ငံဒီမိုကရေစီလှုပ်ရှားမှု၏အချို့အစိတ်အပိုင်းများ၊ နိုင်ငံခြားမှထောက်ပံ့ပေးသူများ နှင့် အမည်ခံအရပ်သား အစိုးရအသစ်တို့အပေါ် အကျိုးဆက်များစွာသက်ရောက်မှုရှိလာပေမည်။

အသက်ရှင်ကျန်ရစ်သူများ၊ ခံခဲ့ရသူများ၏မိသားစုများသည် ၎င်း၏နာကျင်မှု၊စိတ်ဆိုးမှုများကို နှစ်ပေါင်းနှစ်ဆယ်ကျော်သိုဝှက်ထားခဲ့ပြီးနောက် ယခုအခါ တာဝန်ရှိသူများအပေါ်တရားစီရင်နိုင်ရေး တောင်းဆိုလျက်ရှိပါသည်။ စွပ်စွဲခံရသောသတ်ဖြတ်ရာတွင်တာဝန်ရှိသူအချို့မှာ ထိုင်းနိုင်ငံတွင် နေထိုင် လျက်ရှိပြီး နိုင်ငံတကာ NGO များကထောက်ပံ့ထားပါသည်။ သို့သော် အကယ်၍နောက်ဆုံးတွင်တရားဥပဒေအတိုင်း စီရင်ခဲ့ပြီထားဦး၊ ဤမျှနှင့်ပင် ရပ်သွားမည်လော။ စစ်တပ်ကရောအတိတ်က ကျူးလွန်ခဲ့မှုများအပေါ် နောက်ကြောင်းပြန်စစ်ဆေးမှုများကို မည်မျှအထိခွင့်ပြုမည်နည်း။

မြန်မာအာဏာပိုင်များသည် ထိုကိစ္စကိုကောင်းမွန်စွာသိရှိသော်လည်းနှုတ်ပိတ်နေသည်မှာ ထင်ရှားလှပါသည်။ မြန်မာနိုင်ငံအတွင်းမှ သတင်း အရင်းအမြစ်တစ်ခုက နှစ်ပေါင်းနှစ်ဆယ်ကြာသည့်တိုင် ကျောင်းသားများသည် အဆိုပါမိမိ ရဲဘော်အချင်းချင်း သတ်ဖြတ်ခြင်းကို မမေ့နိုင်၊ ခွင့်မလွှတ်နိုင်ဟု ဆိုပါက ၁၉၈၈ တွင် စစ်တပ်ကထောင်ပေါင်းများစွာသောသူများကိုသတ်ဖြတ်၍ ထောင်ချခြင်းအပေါ်တရားစီရင်ရေးက မည်သို့နည်းဟု မေးခွန်းထုတ် ထားပါသည်။

၁၉၂၂ အစောပိုင်းက မြောက်ပိုင်းကချင်ပြည်နယ် တရုတ်နယ်စပ်တွင်ရှိသော ABSDF တပ်တွင် ကျောင်းသားတပ်သား ၃၅၀-၄၀၀ ခန့် ရှိသည့်အနက် သုံးပုံတစ်ပုံ (သို့မဟုတ်) ၁၀၇ ဦးအား စစ်တပ်အစိုးရ၏ သူလျှို သို့မဟုတ် ထောက်လှမ်းရေးများဟု စွပ်စွဲခဲ့ပါသည်။

အသက်ရှင်ကျန်ရစ်သူများ၏ ပြောပြချက်အရ (၃၆) ဦးမှာ သတ်ဖြတ်ခံရခြင်း သို့မဟုတ် စစ်ဆေးမေးမြန်းနှိပ်စက်ခြင်းကြောင့် သေဆုံးခြင်း ဖြစ်ခဲ့သည်ဟုသိရပါသည်။ တောထဲတွင် ဒီမိုကရေစီအတွက်နှစ်အတန်ကြာတိုက်ပွဲဝင်ခဲ့သူအချို့လည်း နှိပ်စက်ခံရမှုကြောင့်သေဆုံးကြကြောင်း ပြောပြချက်အရသိရပါသည်။

မန္တလေးမှ နာမည်ကြီး ကျောင်းသားလှုပ်ရှားသူဟောင်းဖြစ်သူ ABSDF မြောက်ပိုင်းဥက္ကဌ ထွန်းအောင်ကျော်မှာ သံပူနှင့်နှိပ်စက်ခံရပြီးနောက် ခေါင်းဖြတ်ခံရသည်ဟု ပြောပြကြပါသည်။ ၎င်းအားခေါင်းမဖြတ်မီ ခေါင်းဖြတ်ခံရသူတစ်ဦးထံမှကျသောသွေးများကို သောက်ခိုင်းခဲ့သည်ဟုဆိုပါသည်။ နောက်ထပ်စွပ်စွဲမှုများပြုလုပ်ပြီး အဖမ်းခံရသူတစ်ဦးမှာအောင်ဖုန်းဆိုသူဖြစ်ပြီး ၎င်း၏ခြေထောက်ကိုမြေမြှုပ်မိုင်းတွင်တွဲချီ၍ဗုံးခွဲခဲ့ရာ ခြေထောက်ပြတ် သွားခဲ့ပါသည်။ ထိုနေ့တွင်ပင် ၎င်းအားခေါင်းဖြတ်သတ်ခဲ့ပါသည်။

ထိုသို့စွပ်စွဲပြီး သတ်ဖြတ်မှုများမှာ ၁၉၉၁ ခုနှစ်နှောင်းပိုင်းတွင်ဖြစ်ပြီး ABSDF စခန်းနှင့် မျက်နှာချင်းဆိုင်ရှိ တရုတ် Yingjiang နယ်ရဲများက မြန်မာလူငယ် ၁၀ ဦးအား လက်နက်များနှင့်အတူဖမ်းဆီးခဲ့ရာမှစတင်ခဲ့ပါသည်။ နောက်ပိုင်း ၎င်းတို့အားစခန်းသို့ပြန်လည်ပို့ပေးခဲ့အပြီးတွင် လူငယ်များကြား ဆိုးရွားသော ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ပါသည်။

နောက်ပိုင်းထွက်လာသော ABSDF ၏ ဗီဒီယိုတိတ်ခွေတွင် စွပ်စွဲမှုမှသည်တရားစီရင်ပုံများကိုပါပြသခဲ့ပါသည်။ ဗီဒီယိုတိတ်မှ အဖြစ်အပျက်များ သည် ၎င်းတို့ကျူးလွန်သော ရာဇဝတ်မှုကိုဝန်ခံသည့် သက်သေများပင်ဖြစ်ပါသည်။ ၎င်းတို့၏ ထွက်ဆိုချက်များမှာ ကမ္ဘောဒီးယားရှိ Khmer Rouge ၏ Tuol Sleng ထောင်ထဲတွင် နှိပ်စက်၍ ဝန်ခံထားသည်များ၏ ပုံစံအတိုင်းအသေးစိတ်ရှိလှပါသည်။ အကျဉ်းကျခံရသူများမှာ ညဖက်တွင်တဲအတွင်း၌ မြေကြီးပေါ်တွင်ခြုံစရာမရှိပဲအိပ်ကြရပါသည်။

“ကျွန်တော်တို့ရဲ့အသက်တွေက သူတို့ရဲ့လက်ထဲမှာဆိုတော့ သူတို့ပြောစေချင်တဲ့အတိုင်းပြောရတာပေါ့” ဟု အသက်ရှင်ရစ်သူရန်ကုန်မှ နာမည်ကြီးပန်းချီဆရာထိန်လင်းကပြောပါသည်။ နောက်ထပ် အသက်ရှင်ကျန်ရစ်ခဲ့သူ နန်းအောင်ထွေးကြည်က ပြောရာတွင် သူ၏ခေါင်းအားသေနတ်ဖြင့် ချိန်၍ သူနားမလည်သော မေးခွန်းများဖြစ်သည့် “မင်း ကိုဘာတွေလုပ်ဖို့ အမိန့်ပေးထားလဲ” ဟု မေးမြန်းသည်ဟု ဆိုပါသည်။

သူသည် ထိုစဉ်က အတွေးအခေါ်ကောင်းသော အသက် ၂၀ အရွယ်ကျောင်းသူတစ်ဦးဖြစ်ပြီး အစိုးရထောက်လှမ်းရေးမှ ဒုဗိုလ်အဆင့်ရှိသူဟု စွပ်စွဲခံခဲ့ရပါသည်။ ယခုအခါ သူသည် ဆစ်ဒနီ မြို့တွင်နေထိုင်ပြီး မြန်မာနိုင်ငံမှ ဒီမိုကရေစီ လှုပ်ရှားမှုများကို ထောက်ခံ့ပံ့ပိုးလျက်ရှိပါသည်။

စွပ်စွဲခံရသူများ၏မိသားစုများ စခန်းသို့လိုက်သွားကြပါသည်။ နန်းအောင်ထွေးကြည်အပါအဝင်အချို့ကိုလွှတ်ပေးခဲ့ပါသည်။ ထိန်လင်း ကဲ့သို့သော အခြားလူများမှာ ထွက်ပြေးရန် ကြိုးစားရင်း အစိုးရတပ်၏ ဖမ်းဆီးခြင်းခံရပြီး ထောင်ထဲတွင် နှစ်ပေါင်းများစွာနေခဲ့ရပါသည်။

ထိုစဉ်က အဆိုပါသတ်ဖြတ်မှုများကို ပြင်ပကမ္ဘာက အာရုံစိုက်မှုနည်းခဲ့ပါသည်။ ထိုင်းနိုင်ငံမှ နေ့စဉ်သတင်းစာ The Nation မှ သတင်းထောက် Yindee Lertcharoenchok သည်မြောက်ပိုင်းစခန်းသို့ သွားရောက်လည်ပတ်ခဲ့ပြီး ထိုအကြောင်းကိုရေးသားခဲ့ပါသည်။ အဆိုပါ သတင်းသည် ၁၉၉၂ ခုနှစ် ဇူလိုင်လ (၁၆) ရက်နေ့က လူသတ်မှုများကိုဖော်ပြထားရာ ယခုမထုတ်ဝေတော့သော ဟောင်ကောင်အခြေစိုက် ထိုစဉ်က အပတ်စဉ်ထုတ် Far Eastern Economic Review ကလည်း မီးမောင်းထိုးဖော်ပြခဲ့ပါသည်။

ထိုစဉ်က အဆိုပါအစိုးရဆန့်ကျင်ရေးကျောင်းသားအုပ်စုများကိုတိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ထောက်ပံ့ နေသော နိုင်ငံတကာအဖွဲ့အစည်းများသည် ထိုကိစ္စကိုရေငုံနှုတ်ပိတ်နေခဲ့ကြပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ ထိုင်းနယ်စပ်ရှိ ABSDF ဗဟိုက ၁၉၉၂ ခုနှစ် မတ်လ ၁ ရက်နေ့က ထိုသို့ဖမ်းဆီးသတ်ဖြတ်ရခြင်းမှာအစိုးရသူလျှိုများက ABSDF ခေါင်းဆောင်များကိုလုပ်ကြံရန် ကြိုးစားခြင်းကြောင့်ဟု အကြောင်းပြ စာ ထုတ်ပြန်ခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။

ထိုစဉ်က ABSDF တစ်ခုလုံး၏ ဥက္ကဋ္ဌအောင်နိုင်သည် မြောက်ပိုင်းစခန်းသို့သွားရောက်ခဲ့ပြီး ဖမ်းဆီးထားမှုများကိုသတ်ဖြတ်ရေးအတွက် ကန့်ကွက်မှုမရှိခဲ့ပေ။ ထိုစဉ်က ၎င်းထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဖမ်းဆီးခံရသူများကိုသူလျှိုအဖြစ်ညွှန်းဆိုခဲ့ပါသည်။ ယခုနှစ် သြဂုတ်လ ၃၁ ရက် နေ့ နိုင်အောင်မြန်မာနိုင်ငံသို့လာရောက်စဉ်တွင် စိတ်ဆိုးလျက်ရှိသောအသက်ရှင်ကျန်ရစ်သူများက လေဆိပ်တွင်လူသတ်သမားဟူသော ဆိုင်းဘုတ် ကိုင်၍ ကြိုဆိုခဲ့ကြပါသည်။

ထိုလူသတ်မှုများ ဖြစ်ပွားစဉ် ABSDF မြောက်ပိုင်းဗျူရို အထွေထွေအတွင်းရေးမှူး ရော်နယ်အောင်နိုင်က ထိုင်းအခြေစိုက်စာရေးဆရာ phil Thornton ၏ Restless Soul စာအုပ်၏ Rehels, Medics and Misfits on the Thai-burma border အခန်းတွင် လူသတ်ရာ၌ ကဏ္ဍတစ်ခု ပါဝင်ခဲ့ပုံကို ဝန်ခံထားပါသည်။

ယနေ့တွင်မူ ရော်နယ်အော်နိုင်သည် ထိုင်းနယ်စပ်အခြေစိုက် Frum For Democracy in Burma အကြီးအကဲဖြစ်ပြီး ချင်းမိုင်တွင် မီဒီယာများကို လေ့ကျင့်သင်ကြားပေးသူဖြစ်နေပါသည်။ သတ်ဖြတ်မှုများတွင်တာဝန်ရှိသည်ဟု စွပ်စွဲခံရသူအချို့သည် ယခုအခါနိုင်ငံတကာအဖွဲ့အစည်းများထံမှ ငွေကြေးထောက်ပံ့မှုများရယူလျက်ရှိပါသည်။ ယခုအခြေအနေမှာ မြန်မာနိုင်ငံနှင့်နိုင်ငံခြားတွင်နေထိုင်လျက်ရှိသည့် အဆိုပါသတ်ဖြတ်မှုမှ လွတ်မြောက် လာသူများက ထိုကိစ္စကို အစဖော် စိန်ခေါ်မှုများ ဖြစ်ပေါ်လျက်ရှိပါသည်။

နိုင်အောင်က Asia Times Online မှ မေးခွန်းကို စာဖြင့်ပြန်လည်ဖြေဆိုရာတွင် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ရခြင်းအတွက် နောင်တရကြောင်း၊ ထိုအဖြစ်အပျက်များမှာ ABSDF ဌာနချုပ်မှ သိရှိခြင်းနှင့် ဆုံးဖြတ်ခြင်း မရှိပဲ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုပါသည်။ The Nation သတင်းစားမှသတင်းကို မတွေ့မချင်း၎င်းကိစ္စကိုမသိကြောင်း၊ အမှန်တကယ်ဖြစ်ပျက်ခဲ့မှုများနှင့် ပတ်သက်၍၎င်း၏ဌာနချုပ်သည် ကာယကံ အားဖြင့်လည်းကောင်း၊ စည်းမျဉ်းစည်းကမ်းအားဏာဖြင့်လည်းကောင်း စုံစမ်းခြင်း၊ လိုက်လံလုပ်ဆောင်ခြင်းများမရှိခဲ့ကြောင်း ၎င်းကဆိုပါသည်။

နိုင်အောင်သည် ဟားဗက်တက္ကသိုလ်၏ Kennedy School of Government တွင် စကောလားရှစ် ရရှခဲ့သော်လည်း အထက်ပါ လူသတ်ပဲါမှ အသက်ရှင်ကျန်သူများကန့်ကွက်မှုကြောင့် ၂၀၀၂ ခုနှစ်တွင် ပြန်လည်ရုတ်သိမ်းခံခဲ့ရပါသည်။ ရော်နယ်အောင်နိုင်မှာလည်း BBC မြန်မာပိုင်းအစီအစဉ်တွင် သတင်းထောက်အဖြစ်ငှားရမ်းခံရသော်လည်း ထိုအကြောင်းပြချက်ကြောင့်ပင်နေရာအတွက် ဆုံးရှုံးခဲ့ရပါသည်။

စာရေးသူနှင့် ယခုလရန်ကုန်တွင်တွေ့ဆုံခဲ့သော အသက်ရှင်ကျန်ရစ်သူများနှင့်သေဆုံးသွားကြသူများ၏ မိသားစုဝင်များသည် အဆိုပါအမှုကိစ္စ များကို ပြောပြရန်စိတ်အားထက်သန်နေကြသည်။ အဆိုပါဖြစ်ရပ်များနှင့်ပတ်သက်ပြီး နောက်ကြောင်းပြန်ရေးသားမှုများ မကြာသေးမီက မြန်မာမီဒီယာ များတွင် ဖော်ပြခဲ့ကြပါသည်။

အသက်ရှင်ကျန်ရစ်သူ ဆမားညီညီ၏အစ်ကိုဖြစ်သူ ဥိးမောင်မောင်ရွှေကရဝိတ်ရေးသားသော ခေတ်သစ်ဟသာင်္ကိုးသောင်းဇာတ်မှ အတွေ့ အကြုံများ စာအုပ်သည်အဆိုပါ လူသတ်ပွဲများကို စိတ်ဝင်စားဖွယ်ရေးသားထားပါသည်။ အသက်ရှင်ကျန်ရစ်သူ တစ်ဦးကပြောကြားရာတွင် ၎င်းတို့သည် ယနေ့အထိလူကြားထဲသို့မထွက်လိုကြောင်း စစ်တပ်သည် ဒီမိုကရေစီလှုပ်ရှားမှုများကိုဆန့်ကျင်ရေးအတွက် ၎င်းတို့ကိုအသုံးချ၍ဝါဒဖြန့်မည်ကို စိုးရိမ် သောကြောင့်ဖြစ်ပါသည်။

တစ်ဖက်တွင်လည်း အသက်ရှင်ကျန်ရစ်သူများမှာ အတိုက်အခံထံမှ စာနာသနားမှုသော်လည်းကောင်း ထောက်ခံမှုသော်လည်းကောင်း အနည်း ငယ်သာရရှိပါသည်။ ထိုကိစ္စအသံကျယ်လာပါက ဒီမိုကရေစီလှုပ်ရှားမှုများကို ထိခိုက်မည်စိုးသောကြောင့် ငြိမ်နေကြခြင်း ဖြစ်ပုံရပါသည်။ အစိုးရအနေဖြင့် ၎င်းတို့၏ တရားမျှတမှုမရှိပဲ နှိပ်စက်ခံရသည်များကို နားထောင်ရန်ဝန်လေးနေခြင်းမှာ ထိုကိစ္စနှင့်နွယ်၍ စစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် စွပ်စွဲမှုများဆက်တိုက်ဖြစ်လာပါက ကိုင်တွယ်ရန်ခဲယဉ်းသောကြောင့် ဖြစ်ပါသည်။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Human Rights Watch နှင့်အခြား လူ့အခွင့်အရေးအဖွဲ့အစည်းများသည် မြန်မာစစ်တပ်၏ တရား ဥပဒေမဲ့ သတ်ဖြတ်ခြင်းများ၊ ဖမ်းဆီးခြင်းများ၊ နှိပ်စက်ခြင်းများနှင့်အဓမ္မပြုကျင့်ခြင်းများနှင့်ပတ်သက်၍ အသေးစိတ်အထောက်အထားများ ရှိနေပါသည်။

“ABSDF ရဲ့ အဖြစ်အပျက်မှာ စစ်တပ်က တိုင်းရင်းသားအုပ်စုများကို ကျူးလွန်သောဖြစ်ရပ်များအတွက် ဥပမာဖြစ်သင့်ပါတယ်” ဟု Human Rights Watch မှ မြန်မာနိုင်ငံအတွက်သုတေသနပြုသူ Daoid Mathieson ကပြောကြားခဲ့ပါသည်။ “ဒီကိစ္စဟာ အတိတ်ကျူးလွန်ခဲ့မှုတွေအပေါ် အရေးယူပေးဖို့ပြည်သူကြားမှာတောင်းဆိုမှုတွေဖြစ်ဖို့ မီးပွားဖြစ်လာနိုင်ပါတယ်။ ကျူးလွန်မှုတွေကိုအရေးယူမှုမရှိ တရားဝင်သဖွယ်လုပ်ဆောင်လာတဲ့ ဆယ်စုနှစ်များစွာ အတွက် ချုပ်ငြိမ်းဖို့ အကောင်းဆုံးလမ်းစဉ်ကို အခြေအတင် ငြင်းခုန်လာကြပါလိမ့်မည်” ဟု ၎င်းကဆိုပါသည်။

မတရားမှုများ ချူပ်ငြိမ်းရေးအတွက် ပထမဆုံးလုပ်ဆောင်ပြရမည့်သူများမှာ ABSDF သတ်ဖြတ်မှုမှ လွတ်မြောက်လာကြသူများ ဖြစ်ပါသည်။ သို့သော် ၎င်းတို့၏အမှုကိစ္စများကို မြန်မာနိုင်ငံမှတရား စီရင်ရေးအဖွဲ့များ သို့မဟုတ် အခြားအဖွဲ့များက ကိုင်တွယ်ရန်ဆန္ဒရှိမရှိ စောင့်ကြည့်ရဦးမည် ဖြစ်ပါသည်။ “အတိတ်ကကျူးလွန်မှုတွေကိုလျစ်လျူရှုထားတာဟာ ကျူးလွန်သူတွေအပြစ်မရှိဘူးးလို့ဆိုလိုတာနဲ့ အတူတူပါပဲ။ အပြစ်မဲ့သားကောင်တွေနဲ့ သူတို့ရဲ့မိသားစုတွေအတွက် အမှန်တရားကိုငြင်းပယ်တာပဲ။ သေနတ်ကိုင်ထားတဲ့မျိုးဆက်သစ်တွေကို အရပ်သားတွေအပေါ်ရက်စက်မှုတွေ တရားဝင် လုပ်လို့ရတယ်လို့ အလေးအနက်ပြောနေသလိုပါပဲ” ဟု Mathieson ကပြောပါသည်။ “မြန်မာ့တပ်မတော်ရော တိုင်းရင်းသားလက်နက်ကိုင်တွေရော တရားဥပဒေရဲ့ ပြည့်စုံတဲ့စုံစမ်းစစ်ဆေးမှုတွေကို ကြုံတွေ့ရဖို့ခဲယဉ်းပါတယ်”  ဟု ၎င်း ကပြောပါသည်။

      ------------------------------------------------------------------------------------------------------------        

ရိုဟင်ဂျာများကို ကျောထောက်နောက်ခံမပြုနိုင်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

(ပါကစ္စတန်သတင်းစာတစ်စောင်ဖြစ်သော The News မှ 4 Nov 2012 ရက်စွဲပါ Cannot back Myanmar's Rohingya: Suu Kyi ကို ဘာသာ ပြန်ဆိုသည်)

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ၎င်းအနေဖြင့်ရိုဟင်ဂျာမွတ်စလင်များကိုယ်စား ထုတ်ဖော်ပြောဆိုပေးမညမဟုတ် ကြောင်း၊ ရခိုင်ပြည်နယ်တွင်းလူစုဖွဲ့ဆူပူအကြမ်းဖက်မှုများတွင် အမှား၊ အမှန်ပိုင်းခြားပေးသောခေါင်းဆောင်မှုမျိုးဖြင့် နှစ်ဖက်စလုံးကိုကျောထောက် နောက်ခံပြုမည်လည်းမဟုတ်ကြောင်း ပြောကြားသည်။

ရခိုင်ပြည်နယ်တွင်းဖြစ်ပွားနေသောပဋိပက္ခတွင် ဒေါ်အောင်ဆန်းစုကြည်ကမည်သည့်ဘက်ကမျှ ရပ်တည်မှုမပြုသည့်အတွက် ဗုဒ္ဓဘာသာဝင် ရခိုင်များနှင့် ရိုဟင်ဂျာမွတ်စလင်များက စိတ်ပျက်အားလျော့လျက်ရှိသလိုနိုင်ငံတကာအသိုင်းအဝိုင်းမှ သူမကိုထောက်ခံအားပေးသူများကလည်း စိတ်ပျက် လျက်ရှိသည်။

ဇွန်လအတွင်းစတင်ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အကြမ်းဖက်မှုများတွင်လူပေါင်းတစ်သိန်းခန့် ရွှေ့ပြောင်းနေထိုင်ခဲ့ကြရသည်။ မကြာသေးခင်က ထပ်မံဖြစ်ပွားသော ဆူပူအကြမ်းဖက်မှုတွင်လည်း လူပေါင်း ၃၀၀၀၀ခန့် ထွက်ပြေးရွှေ့ပြောင်းခဲ့ကြရပြီး လူဒါဇင်နှင့်ချီ၍သေဆုံးခဲ့ကာနှစ်ဖက်စလုံးမှ အိမ်ခြေထောင်ပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်။

"သည်းခံကြဖို့ ကျွန်မတိုက်တွန်းပါတယ်။ ဒါပေမဲ့ ပြဿနာရဲ့ရင်းမြစ်တွေကိုသေသေချာချာလေ့လာကြည့်ရှုမှုမပြုဘဲ ဘယ်သူမှားတယ်၊ မှန်တယ် လို့ ဦးဆောင်ဖြေရှင်းတာမျိုးမလုပ်သင့်ဘူးလို့ထင်ပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က BBC သတင်းဌာနသို့ပြောသည်။

ဥရောပကော်မရှင်ဥက္ကဌ Jose Manuel Barroso နှင့်တွေ့ဆုံပြီးနောက်နေပြည်တော်၌ပြောဆိုရာတွင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံမဲ့ ဖြစ်နေသောရိုဟင်ဂျာများအတွက် မျက်နှာသာပေးပြောဆိုမှုပြုလုပ်မည်မဟုတ်ကြောင်းပြောကြားသည်။ Jose Manuel Barroso ကမူ ဆူပူအကြမ်းဖက် မှုများနှင့်အဆိုပါဖြစ်စဉ်များ၏ အကျိုးဆက်များမြန်မာပြည်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အပေါ် သက်ရောက်လာမည်ကို အထူးပင်စိုးရိမ်ပူပန် မိကြောင်း ပြောဆိုသည်။

"ရခိုင်ပြည်နယ်အရေးကိစ္စမှာ ကျွန်မကို တစ်ဖက်ဖက်ကရပ်တည်ပေးစေချင်တဲ့သူတွေရှိတာကျွန်မသိပါတယ်။ ကျွန်မက ဘယ်ဘက်ကမှ မရပ်တည်ပေးဘူးဆိုတော့ နှစ်ဖက်စလုံးက စိတ်ပျက်နေကြတယ်" ဟုဒေါ်အောင်ဆန်းစုကြည်ကဆိုသည်။

ဒီမိုကရေစီချန်ပီယံတစ်ဦးလည်းဖြစ်ပြီး ယခုအခါပါလီမန်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်နေသည့် ဒေါ်အောင်ဆန်းစုကြည်က အခြားသော ပြဿနာများကို မဖြေရှင်းမီ ပထမအဆင့်အနေဖြင့်တရားဥပဒေစိုးမိုးမှုရှိအောင် ပြုလုပ်ရမည်ဖြစ်ကြောင်းဆက်လက်ပြောဆိုသည်။

"တစ်ဖက်နဲ့တစ်ဖက်သတ်ဖြတ်နေကြမယ်၊ အိုးအိမ်တွေကိုအပြန်အလှန်မီးရှို့ဖျက်စီးနေကြမယ်ဆိုရင်အခြေအနေတွေအားလုံး အတည်တကျဖြစ် အောင် ကျွန်မတို့အနေနဲ့ဘယ်လိုဆက်လုပ်ကြမလဲ" ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ထပ်မံပြောကြားသည်။        

လူဦးရေရှစ်သိန်းခန့်ရှိသောရိုဟင်ဂျာများသည် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင်ဝင်ရောက်လာသူများဖြစ်သည်ဟု မြန်မာအစိုးရက ရှုမြင်ထားသည်။ ကုလသမဂ္ဂကမူ ၎င်းတို့သည် ကမ္ဘာပေါ်တွင် ဖိနှိပ်ချုပ်ခြယ်အခံရဆုံးသော ပြည်သူများအဖြစ်သတ်မှတ်ထားကြောင်းသိရသည်။

                      ***********************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive