Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
Document yangonchronicle 2011 - (2)

Snapshot of the item below:
yangonchronicle 2011 - (2)

၁၃.၁၁.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. အာရှအပေါ် အမေရိကန်၏ အာရုံပြုမှုအတွက် အိုဘားမား ပဲ့ကိုင်

(11 November 2012 ရက်စွဲပါ The Australian မှ Shaun Tandon ရေးသားသော Obama steers US towards focus on Asia ကို ဘာသာပြန်သည်)

  1. အမေရိကန်-ထိုင်း စစ်ရေးလေ့ကျင့်ခန်းတွင် လေ့လာသူ အဆင့်အတန်း မြန်မာရရှိ

(Bangkok Post မှ 11 Nov 2012 ရက်စွဲပါ “Myanmar gets observer status at US-Thai War games” သတင်းကို ဘာသာပြန်ဆိုသည်။)

*****************************************************

ဘာသာပြန်သတင်းများ

အာရှအပေါ် အမေရိကန်၏ အာရုံပြုမှုအတွက် အိုဘားမား ပဲ့ကိုင်

(11 November 2012 ရက်စွဲပါ The Australian မှ Shaun Tandon ရေးသားသော Obama steers US towards focus on Asia ကို ဘာသာပြန်သည်)

အမေရိကန် သမ္မတ Barack Obama သည် အင်္ဂါနေ့ ရွေးကောက်ပွဲပြီးကတည်းက နိုင်ငံခြားခရီးစဉ်အဖြစ် မြန်မာနိုင်ငံမှ ပြုပြင် ပြောင်းလဲမှုများကိုအားပေးရန် မြန်မာနိုင်ငံသို့  သမိုင်းဝင်ခရီးစဉ်ကို စီစဉ်လျက်ရှိသည်။ ၎င်း၏ ပထမဆုံးလွှတ်ခဲ့သောအဖွဲ့သည် အဓိကအောင်မြင်မှု ရခဲ့သည်ဟု ရှုမြင်ခဲ့သည်။ ၎င်းသည် ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံများသို့လည်း သွားရောက်မည် ဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် ကာကွယ်ရေးဝန်ကြီး Leon Panetta တို့သည်လည်း ယခုလ အာရှသို့ သွားကြမည့် ဖြစ်သည်။ အားလုံးက အချိန်ကိုက်ဖြစ်နေပြီး၊ အိုဘားမားသည် ကမ္ဘောဒီးယားတွင် အရှေ့အာရှ ထိပ်သီးအစည်းအဝေးတက်မည်ဖြစ်ရာ၊ ပညာရှင်များက အားကောင်းသော လက္ခဏာဟု ရှုမြင်ကြသည်။

“ထပြီး လုပ်လိုက်တာဟာ စကားလုံးတွေထက် အသံပိုကျယ်ကျယ်ထွက်ပါတယ်။ အခုခရီးစဉ်ဟာ Obama ရဲ့ ဒုတိယသက်တမ်းမှာ အာရှအပေါ်မှာ ရှင်းရှင်းလင်းလင်း ပစ်မှတ်ထားတယ်ဆိုတာ အကျယ်ကြီး အော်ပြောလိုက်သလိုပါပဲ” ဟု မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးဗဟိုဌာနမှ Ernie Bower က ပြောသည်။ ယခုခရီးစဉ်သည် ဗီယက်နမ်စစ်ပြီးကတည်းက အမေရိကန်သမ္မတတစ်ဦးအနေဖြင့် အရှေ့တောင်အာရှသို့ ပထမဆုံး ခရီးစဉ်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

Obama သည် သူ၏ကလေးဘဝအချိန်အချို့ အင်ဒိုနီးရှားတွင် ကြီးပြင်းခဲ့သည်။ ထို့ကြောင့် ၎င်းတက်လာစဉ်က အရှေ့တောင်အာရှကို ပို၍ အလေးပေးရန်ကတိပြုခဲ့သည်။ ယခင်သမ္မတ George W Bush လက်ထက်က အီရတ်နှင့် အာဖကန်နစ္စတန်တွင်သာ စစ်ပွဲဆင်နွှဲနေခဲ့ပြီး စွမ်းအားအပြည့်ရှိပြီး အမေရိကန်နှင့် အလွမ်းသင့်သော အာရှဒေသကို လစ်လျှူရှူထားခဲ့သည်။

“ဒါပေမယ့် ဆီးရီးယားအရေးကိစ္စမျိုးကတော့ ဝေးဝေးမနေပါဘူး။ အမေရိကန်ဟာ ၂၀၁၄ မှာ စစ်ပွဲဆင်နွှဲခြင်းပြုမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အာဖကန်က တပ်တွေ ရုတ်သိမ်းတော့မှာပါ။ ဒါဟာ အစိုးရရဲ့ ဒုတိယ သက်တမ်း အစီအစဉ်မှာ အာရှဟာ နေရာရလာမယ်လို့ အဓိပ္ပါယ်ကောက်ယူသင့်ပါတယ်” ဟု Centre for American Progress မှ အကြီးတန်းဖဲလိုး Nina Hachigian က ပြောကြားခဲ့သည်။

Obama သည် အစပိုင်းတွင် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်ရန် အာရုံပြုခဲ့သော်လည်း နောက်ပိုင်းတွင် ၎င်း၏ ဆုံးဖြတ်ချက်မှာ အရှေ့တောင်အာရှဒေသတွင် အမေရိကန်စစ်တပ်၏ကဏ္ဍကို မြှင့်တင်ရန်ပြင်ဆင်ခဲ့သည်။ အမေရိကန်၏ မဟာမိတ်ဂျပန်ကလည်း Beijing သည် နယ်မြေအငြင်းပွားမှုများတွင် ပိုမိုရန်လိုလာကြောင်း စွပ်စွဲခဲ့သည်။

အမေရိကန်သမ္မတရွေးကောက်ပွဲသည် တရုတ်၏ ဆယ်စုနှစ်တစ်ခုတွင် တစ်ခါသာ ပြုလုပ်သော ခေါင်းဆောင်ပိုင်းပြောင်းလဲမှု မစတင်မှီ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သမ္မတဟူကျင်တောင်နေရာကို ဆက်ခံရန်ရှိသည့် Xi Jinping သည် Obama အစိုးရနှင့် အဆင့်မြင့်ပုဂ္ဂိုလ်အဆင့် အစည်းအဝေးများစွာ တွေ့ဆုံပြီး ဖြစ်၍ ရင်းနှီးသူ ဖြစ်သည်။

တရုတ်သည် Obama ၏ ရီပက်ဗလစ်ကင်ပြိုင်ဘက် Mitt Romney ကို ဝေဖန်ခဲ့သည်။ Romney က လက်ရှိ သမ္မတသည် လူ့အခွင့်အရေးကိစ္စများ၊ Beijing ၏ ငွေကြေးတန်ဖိုးနည်းနေမှုအပါအဝင် ကုန်သွယ်ရေး လုပ်နည်းလုပ်ဟန်များ၌ ပျော့ပြောင်းလွန်းကြောင်း စွပ်စွဲခဲ့သည်။

Obama အနိုင်ရပြီးနောက် တရုတ်နိုင်ငံပိုင် Xinhua သတင်းဌာနက အမေရိကန်အစိုးရအား တရုတ်အပေါ်ထားရှိသော မူဝါဒအား ပြန်လည်စဉ်းစားရန် တိုက်တွန်းခဲ့သည်။ ၎င်းက အကြမ်းဖက်ဝါဒ၊ ရာသီဥတုပြောင်းလဲမှုနှင့် စီးပွားရေးရုတ်တရက် ပြောင်းလဲမှုတို့ကဲ့သို့သော တူညီသော စိန်ခေါ်မှုများတွင် ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။

သို့သော် ရှေးရိုးဆန်သော Heritage Foundation ၏ အာရှလေ့လာရေးဗဟိုမှ ဒါရိုက်တာ Walter Lohman က ပြောကြားရာတွင် အမေရိကန် ရွေးကောက်ပွဲနှင့် တရုတ်နိုင်ငံ၏ ခေါင်းဆောင်အပြောင်းအလဲသည် ကမ္ဘာ့ထိပ်တန်း စီးပွားရေးနှစ်နိုင်ငံကြား ဆက်ဆံရေး ဒိုင်းနမစ်မှာ ပြောင်းမသွားနိုင်ကြောင်း ဆိုသည်။

တရုတ်နိုင်ငံတွင် အမျိုးသားရေးဝါဒကြီးထွားလာခြင်း၊ စစ်တပ်ကြီးထွားလာခြင်းနှင့် နယ်မြေတောင်းဆိုမှုများတွင် ပို၍ရန်လိုလာခြင်းတို့ကို အမေရိကန်တို့ ရင်ဆိုင်နေရကြောင်း Lohman က ပြောသည်။

“လူကြိုက်များအောင် မဲဆွယ်နေတာမဟုတ်ပါဘူး”ဟု Lohman က အမေရိကန်က တရုတ်နှင့် ပတ်သက်၍ စိုးရိမ်ပူပန်ရမှု အကြောင်းကို ပြောသည်။

“ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ ဆိုးရွားတဲ့ ရာသီဥတုအခြေအနေကို ဖြတ်သန်းနေရပါတယ်။ ကျွန်တော်တို့အရင်က ကောင်းခဲ့တဲ့ နေ့ရက်တွေကို ပြန်ရောက်မယ်လို့ အဓိပ္ပါယ်မကောက်သင့်ပါဘူး။ ကျွန်တော်ထင်တယ် တရုတ်နဲ့ ကြမ်းတမ်းတဲ့ လမ်းကိုရေရှည်လျှောက်ရမယ်လို့ ထင်ပါတယ်”ဟု ၎င်းက ပြောသည်။

မေးခွန်းထုတ်ရမယ့်အချက်မှာ Obama ၏ နောက်ထပ်သက်တမ်းသည် အာရှမူဝါဒအပေါ် အဘယ်သို့သော သက်ရောက်မှုများရှိမည်ဆိုသည့် အချက်ဖြစ်သည်။ ကလင်တန်သည် အာရှကိုဦးစားပေးအဖြစ် သတ်မှတ်ထားသည်။ သို့သော် သူကလည်း သူ၏ စွမ်းအားပြည့်တက်ကြွသော ထိပ်တန်းအာရှ သံတမန် Kurt Campbell နှင့်အတူ အနားယူရန် စီစဉ်နေသည်။

Obama သည် မြန်မာနိုင်ငံခရီးစဉ်တွင် သမ္မတဦးသိန်းစိန်နှင့်လည်းကောင်း ဒေါ်အောင်ဆန်းစုကြည်နှင့်လည်းကောင်း တွေ့ဆုံရန် စီစဉ်ထားရာ လွန်ခဲ့သည့်လေးနှစ် ၎င်းအိမ်ဖြူတော်သို့ ရောက်ခါစက ထိုကိစ္စကို စဉ်းစားမိမည် မဟုတ်ပေ။၏

ဝါရှင်တန်မှ တာဝန်ရှိသူများကမူ မြန်မာနိုင်ငံကို Obama ၏ မူဝါဒအောင်မြင်မှုတစ်ခုအဖြစ် ညွှန်ပြကြသည်။ ၎င်း၏ မိန့်ခွန်းတွင် ပြောခဲ့ရာ တိုးတက်မှုရရန် အမေရိကန်၏ ရန်သူများအပေါ် လက်ကမ်းမည်ဖြစ်ကြောင်းဆိုခဲ့သည်။ ရီပက်ဗလင်ကင်များကမူ Obama သည် အီရန်နှင့် ဆီးရီးယားကို စကားပြောရန် ကြိုးစားခဲ့ခြင်းကို ဝေဖန်ခဲ့သည်။

US Campaign for Burma မှ အောင်ဒင်ကမူ Obama အား မြန်မာနိုင်ငံသို့ မသွားရန် တိုက်တွန်းခဲ့သည်။ ၎င်းက မြန်မာနိုင်ငံလွှတ်တော်တွင် စစ်တပ်က အကြီးအမှူးဖြစ်ဆဲ ဖြစ်ပြီး၊ Obama ၏ သွားရောက်လည်ပတ်မှုက ဤအချက်ကို ပိုမိုအားကောင်း စေမည်ဟု ပြောခဲ့သည်။

Lohman ကမူ အာရှတွင် အမေရိကန်၏ သက်တမ်းအရင့်ဆုံး မဟာမိတ်ထိုင်းနိုင်ငံသို့ Obama သွားရောက်ရန် ဆုံးဖြတ်ချက်ကို ချီးကျူးခဲ့သည်။ Bush သည် ထိုင်းနိုင်ငံသို့ နှစ်ကြိမ်သွားရောက်ခဲ့ရာ တစ်ကြိမ်မှာ ဒေသတွင်း ထိပ်သီး အစည်းအဝေးတက်ရန် ဖြစ်ပြီး ၂၀၀၈ ခုနှစ်ခရီးစဉ်မှာ မြန်မာနိုင်ငံနှင့် Beijing အိုလံပစ်ကိစ္စ ဖြစ်သည်။ သမ္မတ Bill Cliton သည် 1996 တွင် ထိုင်းနိုင်ငံ သို့သွားရောက်ခဲ့သည်။

"အိုဘားမားအနေနဲ့ အမေရိကန်ရဲ့မဟာမိတ်ဖြစ်တဲ့ ထိုင်းနိုင်ငံကို မသွားဘဲ ထိုင်းနဲ့ဆက်ဆံရေး မပြေပြစ်တဲ့ ကမ္ဘောဒီးယားကို သွားရောက်မယ့်  ခရီးစဉ်ဟာ  နှစ်နိုင်ငံအကြား ဘေးအန္တရာယ်တစ်ခု ဖြစ်လာနိုင်တယ်"ဟု Lohman က ပြောသည်။

 ---------------------------------------------------------------------------------------------------------------------

အမေရိကန်-ထိုင်း စစ်ရေးလေ့ကျင့်ခန်းတွင် လေ့လာသူ အဆင့်အတန်း မြန်မာရရှိ

(Bangkok Post မှ 11 Nov 2012 ရက်စွဲပါ “Myanmar gets observer status at US-Thai War games” သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံသည် လာမည့်နှစ် Corbra Gold အမေရိကန်-ထိုင်း ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွင် လေ့လာသူအဖြစ် ပထမဆုံးအကြိမ် ပါဝင်ဆင်နွှဲတော့မည်ဟု ထိုင်းကာကွယ်ရေးဝန်ကြီးဌာန သတင်းရပ်ကွက်ကပြောကြားသည်။

စစ်ရေးလေ့ကျင့်မှုသို့ မြန်မာကိုဖိတ်ခေါ်မည့် ဆုံးဖြတ်ချက်သည် သမ္မတအိုဘားမား ဒုတိယသက်တမ်းအနိုင်ရရှိပြီးနောက် ချက်ခြင်းပင် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အမေရိကန်ခေါင်းဆောင် တစ်ဦး၏ ပထမဆုံးမြန်မာခရီးစဉ်အဖြစ် ယခုလကုန်တွင် ရန်ကုန်သို့သွားမည့် ဘားရက်အိုဘားမားသည် အရှေ့တောင်အာရှတစ်ခွင်လှည့်လည်စဉ်အတွင်း ထိုင်းနှင့် ကမ္ဘောဒီးယားသို့လည်း တစ်ထောက်ဝင်ရောက် ရပ်နားဦးမည် ဖြစ်သည်။

သတင်းများ၏ အဆိုအရ Cobral Gold တွင် မြန်မာတို့ပါဝင်ရန်အတွက် ထိုင်းနိုင်ငံက အချိန်ယူစည်းရုံးလှုပ်ရှားခဲ့သည်ဟု သိရှိရသည်။

လာမည့်နှစ် Cobral Gold  စစ်ရေးလေ့ကျင့်မှုကို ဖေဖဝါရီလ ၁၁ မှ ၂၃ အထိပြုလုပ်ရန် စီစဉ်ထားပါသည်။

မြန်မာလေ့လာရေးအဖွဲ့သည် စစ်ရေးလေ့ကျင့်ခန်း၏ လူသားချင်းစာနာကူညီမှု၊ ဘေးအန္တရာယ် တုန့်ပြန်မှု၊ စစ်မြေပြင်ဆေးကုသမှု အပိုင်းများတွင် ပါဝင်ဆင်နွှဲကြလိမ့်မည်။

Cobral Gold တွင် လေ့လာသူများကို အမျိုးအစားနှစ်ခုခွဲထားသည်။ ပထမတစ်မျိုးမှာ “multinational planning augmentation teams” ဖြစ်ပြီး စင်င်္ကာပူ၊ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှား၊ အင်ဒိုနီးရှား ကဲ့သို့ နိုင်ငံများပါဝင်ကြသည်။

မြန်မာနိုင်ငံသည် ဒုတိယအမျိုးအစားဖြစ်သော “Coalition observer liaison teams” တွင် ပါဝင်သည်။ ပြီးခဲ့သော ၂၀၁၂ Cobral Gold ၏ ၎င်းအမျိုးအစားတွင် ဘရူးနိုင်း၊ တရုတ်၊ နယ်သာလန်။လာအို၊ နယူးဇီလန်၊ ရုရှား၊တောင်အာဖရိက၊ သီရိလင်္ကာနှင့် ယူအေအီး စသော နိုင်ငံများ ပါဝင်ခဲ့ကြသည်။

သမ္မတအိုဘားမားသည် လာမည့်စနေနေ့မွန်းလွဲပိုင်းတွင် ဘန်ကောက်သို့ရောက်ရှိမည် ဖြစ်ပြီး ဖနွမ်းပင် အရှေ့အာရှထိပ်သီးညီလာခံမတက်မှီ တစ်ညနားမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာနာဆဗီ ဆရီဆိုဒါပေါ ကပြောကြားသည်။ အိုဘားမား မရောက်ခင်ကြာသာပတေးနေ့တွင် ထိုင်းကာကွယ်ရေး ဝန်ကြီး ဆူခွန်ပေါ၏ ဧည့်သည်တော်အဖြစ် အမေရိကန်ကာကွယ်ရေး ဝန်ကြီး လီယွန်ပန်နတ်တာ ရောက်ရှိ လာမည်ဖြစ်သည်။

လီယွန်ပန်နတ်တာ သည်ထိုင်းနိုင်ငံသို့ရောက်ရှိစဉ် ထိုင်း ကြည်း၊ရေ၊လေ လက်နက်ကိုင် တပ်ဖွဲ့များမှ အကြီးအကဲများနှင့်တွေ့ဆုံရန် စီစဉ်ထားသည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးသည် ထိုင်းနိုင်ငံတွင် ရပ်နားပြီးလျှင် ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိဒ် တွင်ကျင်းပမည့် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ရန် ဆက်လက်ထွက်ခွာ မည်ဖြစ်သည်။

 *****************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၁၃.၁၁.၂၀၁၂

ဘာသာပြန်သတင်းများ

  1. တပ်မတော်အစိုးရနှင့် မဟာမိတ်ပြုနေသည်ဟု ဒေါ်အောင်ဆန်းစုကြည် စွပ်စွဲခံရ

(The Statesman News မှ 11 Nov 2012 ရက်စွဲပါ “Suu Kyi accused of allying with military regime” သတင်းကို ဘာသာပြန်ပါသည်။)

  1. တရုတ်က ငွေကြေးဈေးကွက်တွင် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုဆွဲဆောင်

(12 November 2012 ရက်စွဲပါ BBC News မှ China eyes more foreign investment as it raises quotas ကိုဘာသာပြန်သည်)

  1. လုပ်ငန်းတစ်ဝက် ပြီးမြောက်မှုကြောင့် ပြုပြင်ရေးသမားများကို ချီးမြှောက်မည့် အိုဘားမား၏ မြန်မာခရီး

(Reuters သတင်းမှ 9 November 2012 ရက်စွဲပါ “ O-Barma trip rewards reformist for job half done” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

  1. လုပ်ငန်းတစ်ဝက် ပြီးမြောက်မှုကြောင့် ပြုပြင်ရေးသမားများကို ချီးမြှောက်မည့် အိုဘားမား၏ မြန်မာခရီး

(Reuters သတင်းမှ 9 November 2012 ရက်စွဲပါ “ O-Barma trip rewards reformist for job half done” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

  1. အဓမ္မ လုပ်သားခိုင်းစေမှု ပပျောက်အောင် မြန်မာဆောင်ရွက်နေဟု ILO ပြောကြား

(AFP သတင်းမှ 12 November 2012 ရက်စွဲပါ “Myanmar acting to cut forced labour: ILO” သတင်းကို ဘာသာပြန်ဆိုသည်)

***********************************************

ဘာသာပြန်သတင်းများ

တပ်မတော်အစိုးရနှင့် မဟာမိတ်ပြုနေသည်ဟု ဒေါ်အောင်ဆန်းစုကြည် စွပ်စွဲခံရ

(The Statesman News မှ 11 Nov 2012 ရက်စွဲပါ “Suu Kyi accused of allying with military regime” သတင်းကို ဘာသာပြန်ပါသည်။)

ဒီမိုကရေစီအစိုးရစစ်စစ်ကိုမရွေးချယ်နိုင်သေးခင် လက်ရှိအခိုက်အတန့်တွင် မည့်သည့်ရင်းနှီးမြှုပ်နှံမှုမှမပြုလုပ်ကြရန် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူ များကို တောင်းဆိုထားသော မြန်မာအတိုက်အခံပါတီတစ်ခုက ဒေါ်အောင်ဆန်းစုကြည်အားတပ်မတော်အစိုးရ (စစ်အစိုးရ) နှင့် မဟာမိတ် ပြုနေကြောင်း စွပ်စွဲလိုက်ပါသည်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ ဂငယ်ကွေ့ပြန်ကွေ့သွားပြီး အခုဆိုရင် တပ်မတော် အစိုးရရဲ့ အာဘော်၊ လက်တွဲဘော်၊ မဟာမိတ် ဖြစ်နေပါပြီ။ သူမဟာ တပ်မတော်အစိုးရရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်လာနေပါတယ်။ ဒါကြောင့် သူမကို အတိုက်အခံခေါင်းဆောင် ဒီမိုကရေစီခေါင်းဆောင် လို့ခေါ်ဝေါ်တာဟာ မမှန်တော့ပါဘူး”ဟု Parliamentary Democracy Party (PDP-Burma) ဥက္ကဋ္ဌ ဗိုလ်အောင်ဒင်က ကြေညာချက်ထုတ်ပြန်သည်။

ဗိုလ်အောင်ဒင်က ၎င်းတို့ PDP ပါတီသည် ၁၉၄၅ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့သော ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့ လွတ်မြောက်ရေး (ဖဆပလ) အဖွဲ့ချုပ်မှ တိုက်ရိုက်ဆင်းသက်လာခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် နိုင်ငံရေးနှင့်စစ်ရေးအပါအဝင် လေးလမ်းသွား မဟာဗျူဟာကို ချမှတ်ကျင့်သုံးနေသည် ဟုပြောကြားသည်။

နည်းဗျူဟာအရ မိမိတို့ပါတီသည် တပ်မတော်အစိုးရအား လူသားထုအပေါ်ရာဇဝတ်မှုကျူးလွန်မှုဖြင့် တရားစွဲရန်ရည်ရွယ်ထားသည်ဟု ၎င်းက ပြောကြားသည်။

ထို့အပြင် “တရားသော ဥပဒေစိုးမိုးမှုအောက်တွင် စစ်အုပ်ချုပ်ရေးအဆုံးသတ်ကာ ဒီမိုကရေစီအစိုးရစစ်စစ်ရွေးကောက်တင်မြှောက်ခွင့်ရချိန်အထိ ရင်းနှီးမြှုပ်နှံမှုများဆိုင်းငံ့ထားကြရန် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများကို တောင်းဆိုတိုက်တွန်းသည်။” ဟု ၎င်းကြေညာချက်တွင် ဖော်ပြထားသည်။

“တပ်မတော်အစိုးရ စီမံတဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲအတုကို PDP ပါတီက လက်မခံပါဘူး။ ဘာကြောင့်လဲဆိုရင် တပ်မတော်အစိုးရဟာ အခြေခံဥပဒေကို ရေးဆွဲပိုင်ခွင့်မရှိလို့ပါ။ ဒါကြောင့် PDP ဟာ ၁၉၄၇ အခြေခံဥပဒေကိုပဲ အသိအမှတ်ပြုပါတယ်။ ဒါ့အပြင် လွှတ်တော်အမတ်နေရာ ၂၅ ရာခိုင်နှုန်းကို တပ်မတော်အတွက်ဖယ်ပေးတာ၊ စစ်ရေးအတွေ့အကြုံရှိသူကို သမ္မတအဖြစ်ရွေးချယ်ဖို့ မူချထားတာ လိုအပ်ရင်စစ်တပ်က အာဏာသိမ်းခွင့်ရှိတာစတဲ့ အချက်တွေကိုလည်း လက်သင့်မခံနိုင်ပါဘူး။” ဟု ဗိုလ်အောင်ဒင် က ပြောကြားသည်။

“မြန်မာနိုင်ငံကို ဒီမိုကရေစီစနစ်နဲ့ ဖြေးဖြေးမှန်မှန်မိတ်ဆက်ပေးနေတယ်လို့ တပ်မတော်အစိုးရကပြောဆိုနေတာဟာ လိမ်နေတာလို့ PDP က ရှုမြင်ယူဆပါတယ်။ ဘာ့ကြောင့်လဲဆိုရင် ဒီမိုကရေစီနဲ့ စစ်အာဏာရှင်ကို အတူတွဲဖက်မရနိုင်လို့ဖြစ်ပါတယ်။ ဒါ့အပြင် စစ်တပ်ရဲ့ စိတ်နေစိတ်ထားက ပြည်သူတွေကို ဒီမိုကရေစီနဲ့ မိတ်ဆက်မပေးနိုင်ပါဘူး၊ တွန့်တိုနေတယ်ဆိုပါတော့” ဟု ဗိုလ်အောင်ဒင် ကဆက်လက် ပြောကြားသွားခဲ့သည်။

ပြည်တွင်းမှ အကဲခတ်လေ့လာသူအချို့ “လက်ရှိ အခြေအနေအရပြောဆိုမယ်ဆိုရင် အရင်ကကောင်းကွက်မရှိခဲ့တဲ့ တပ်မတော်အစိုးရက အခုလို အသွင်ပြောင်း၊ မူပြောင်း၊ အပြုအမူပြောင်းလဲလာတဲ့အပေါ်မှာ နိုင်ငံတကာနဲ့ပြည်တွင်း အသိုင်းအဝိုင်းက အသိအမှတ်ပြုလက်ခံကြိုဆိုပေးနေကြတဲ့ အနေအထားပါပဲ။ ဒါဟာ အပြုသဘောဆောင်ပြီးလက်တွေ့ကျတယ်၊ မှန်ကန်တယ်လို့ဆိုနိုင်ပါတယ်။ ဒါပေမယ့်လည်းသူတို့ရဲ့ တစ်ကယ့် စိတ်နေ သဘောထား စိတ်ရင်းစေတနာတွေ အခုထက်ပိုပြီး အကောင်းဖက်ကိုရောက်လာစေဖို့အတွက် စောစောကလို ရှင်းရှင်းဘွင်းဘွင်း၊ ပွင့်ပွင့်လင်းလင်း၊ ထောက်ပြဝေဖန်မှုတွေလည်း လိုအပ်ပါတယ်” ဟု မှတ်ချက်ပေးပြောဆိုကြသည်။

 ---------------------------------------------------------------------------------------------------------

တရုတ်က ငွေကြေးဈေးကွက်တွင် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုဆွဲဆောင်

(12 November 2012 ရက်စွဲပါ BBC News မှ China eyes more foreign investment as it raises quotas ကိုဘာသာပြန်သည်)

တရုတ်နိုင်ငံသည် စီးပွားရေးတိုးတက်ကြီးထွားရေး လှိုင်းသစ်ဖြစ်ပေါ်ရေးအတွက် အားပေးသည့်အနေဖြင့် ၎င်း၏ ငွေကြေးဈေးကွက်များကို နိုင်ငံခြားရင်းနှီးမြှပ်နှံသူများ ပိုမို ဝင်ရောက်ခွင့်ပေးမည်ဟု ပြောကြားခဲ့သည်။

အဆင့်မှီသော နိုင်ငံခြား အဖွဲ့အစည်း ရင်းနှီးမြှပ်နှံသူ (Qualified Foreign Institutional Investor-QFII) သည် လက်ရှိသတ်မှတ်ထားသော ထည့်ဝင်ငွေ (quota) ဒေါ်လာ (၈၀) ဘီလီယံ (ပေါ် ၅၀ ဘီလီယံ) ပြည့်ပါက ထပ်မံတိုးမြှင့်ပေးသွားမည် ဖြစ်ကြောင်း တရုတ်က ဆိုသည်။

တရုတ်က ယခု ‘ကိုတာ’ တိုးမြှင့်ပေးခဲ့ခြင်းသည် ယခုနှစ်အတွင်း ဒုတိယအကြိမ်ဖြစ်သည်။

နိုင်ငံရပ်ခြားရှိ တရုတ်ဈေးကွက်ရှိ “ ယွမ်” ရန်ပုံငွေတွင် ထည့်ဝင်လိုသော ရင်းနှီးမြှပ်နှံသူများအတွက် ကန့်သတ်ချက်ပမာဏကိုလည်း တိုးမြှင့်ပေးမည် ဖြစ်သည်။

တရုတ်နိုင်ငံ၏ ရှယ်ယာပိုင်ဆိုင်မှု စည်းမျဉ်းချမှတ်ရေးကော်မရှင် (China Securities Regulatory Commission) အကြီးအကဲ Guo Shuqing  ကပြောကြားရာတွင် ၎င်းတို့သည် တရုတ်ဗဟိုဘဏ်နှင့်လည်းကောင်း၊ နိုင်ငံခြားရေးလဲလှယ်မှု အုပ်ချုပ်ရေးအဖွဲ့နှင့်လည်းကောင်း QFII ကန့်သတ်ချက်ကို ပမာဏတိုးမြှင့်ရန် သဘောတူညီမှု ရှိခဲ့ပြီဖြစ်ကြောင်း ဆိုသည်။

“ဒေါ်လာ (၈၀) ဘီလီယံ အထိသုံးခဲ့ပြီဆိုရင်၊ ကျွန်တော်တို့ သေချာပေါက် တိုးမြှင့်ပေးမှာပါ” ဟု Mr Guo က ပြောခဲ့သည်ဟု Reuters သတင်း အေဂျင်စီက ကိုးကာဖော်ပြသည်။

ဈေးကွက်အတွင်း နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများကို ပိုမိုဆွဲဆောင်နိုင်ရေးအတွက် မိမိတို့သည် တစ်ဦးချင်း QFII များအတွက် ရင်းနှီးမြှပ်နှံမှု ကန့်သတ်ချက် ပမာဏ တိုးမြှင့်ပေးသွားရန် စဉ်းစားနေကြောင်း Mr Guo က ပြောသည်။

“ ကျွန်တော်တို့ တစ်ဦးချင်းအဖွဲ့အစည်းတွေကို ခြားနားတဲ့ အခြေခံတွေနဲ့ ကြည့်မှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် တရုတ်သည် QFII များကို အခွန်ကင်းလွတ်ခွင့် ပေးရန် စဉ်းစားနေကြောင်း ၎င်းကဖြည့်စွက်ပြောသည်။

 ---------------------------------------------------------------------------------------------------------

လုပ်ငန်းတစ်ဝက် ပြီးမြောက်မှုကြောင့် ပြုပြင်ရေးသမားများကို ချီးမြှောက်မည့် အိုဘားမား၏ မြန်မာခရီး

(Reuters သတင်းမှ 9 November 2012 ရက်စွဲပါ “ O-Barma trip rewards reformist for job half done” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသို့ ဘားရက်အိုဘားမားသွားရန် စီစဉ်နေသော ခရီးသည် မြန်မာအုပ်ချုပ်သူများအား ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တစ်ဝက် ပြီးမြောက်ခြင်းအတွက် ချီးမြှောက်ရန် စွန့်စားလိုက်ခြင်းပင် ဖြစ်သည်။ ယခုခရီးစဉ်သည် လက်ရှိပြုပြင်ပြောင်းလဲမှုများကို မျှမျှတတ အသိအမှတ်ပြုခြင်း ဖြစ်ပြီး၊ အာရှသို့ ရွေ့လာသော အမေရိကန် နိုင်ငံခြားရေးမူဝါဒအတွက် အဓိကမဟာမိတ်တစ်ဦးကို မွေးမြူတော့မည် ဖြစ်သည်။ သို့သော်လည်း တရုတ်ခေါင်းဆောင်သစ်များအား မုချမသွေ ရန်လိုလာစေမည် ဖြစ်သည့်အပြင်၊ ခက်ခဲသော အပြောင်းအလဲများ ပြုလုပ်ရန်လိုအပ်နေဆဲ မြန်မာနိုင်ငံအပေါ် ဖိအားပေးမှု လျော့သွားနိုင်သည်။

မည်သို့ပင်ဖြစ်စေ အိုဘားမားသည် မြန်မာရောက် ပထမဆုံး အမေရိကန်သမ္မတ ဖြစ်လာကာ အနည်းငယ် စုတ်ပြဲနေသော ကော်ဇောနီခင်းကြိုဆိုမှုကို မြင်တွေ့ရဖွယ် ရှိသည်။ လွန်ခဲ့သော တစ်နှစ်ခန့်က နေပြည်တော်သို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လာလည်ပြီး နောက်ပိုင်း ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၊ တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်၊ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း တို့သည်လည်း ထိုလမ်းအတိုင်း ရောက်လာခဲ့ကြသည်။

အိုဘားမား၏ ခရီးစဉ်သည် မြန်မာနိုင်ငံ၏ နှစ်ပေါင်း ၅၀ အထီးကျန်နေထိုင်မှုကို အဆုံးသတ်ပေးသည့် သမိုင်းဝင်အပြောင်းအလဲ နှင့် အံကိုက်ပင် ဖြစ်သည်။ မြန်မာအစိုးရသည် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသားများ ရာနှင့်ချီ၍ လွှတ်ပေးခြင်း၊ မီဒီယာဆင်ဆာ ဖျက်သိမ်းခြင်း တို့အပြင် ဒီမိုကရေစီ ကြားဖြတ်ရွေးကောက်ပွဲ စစ်စစ်ကိုလည်း ကျင်းပပြုလုပ်ပေးခဲ့သည်။

မြန်မာအစိုးရသည် စီးပွားရေးကိုလည်း နိုင်ငံရေးနှင့်တန်းတူညီမျှ ကြီးကြီးမားမား ပြောင်းလဲပြင်ဆင်လျက်ရှိသည်။ ပုံသေငွေလဲနှုန်းကို ဧပြီလတွင် စတင်ဖျက်သိမ်းပေးခဲ့ပြီး၊ နိုင်ငံခြားရင်းနှီးမြှပ်နှံသူများနှင့် အဆင်ပြေမည့် ရင်းနှီးမြှပ်နှံမှု ဥပဒေသစ်ကိုလည်း မကြာသေးမီက အတည်ပြုပေးခဲ့သည်။ဥပဒေသစ်အရ အရေးကြီးအကဲဆတ်သော လုပ်ငန်းများမှ လွဲ၍ နိုင်ငံခြားကုမ္ပဏီ ၁၀၀ ရာခိုင်နှုန်း ပိုင်ဆိုင်ခွင့်ပြုထားပြီး၊ အနည်းဆုံးမတည်ငွေ ဖော်ပြထည့်ဝင်ရန်မလိုဟု VDB Loi ဥပဒေလုပ်ငန်းက ဆိုသည်။

သို့သော် မြန်မာနိုင်ငံတွင် အခက်ခဲဆုံး ပြောင်းလဲမှုများ ပြုလုပ်ရန် ကျန်ရှိနေသေးသည်။ ယင်းနိုင်ငံတွင် လွတ်လပ်သော တရားစီရင်ရေး စနစ်မရှိသေးပါ။ လွှတ်တော်အမတ်နေရာ လေးပုံတစ်ပုံကိုလည်း တပ်မတော်(စစ်တပ်) က ယူထားသည်။ ဖိလစ်ပိုင်ပုံစံ ကျေးလက်ကြွေးမြီ ပြဿနာမဖြစ်အောင် မြေအပိုင်စီးမှုများ တားဆီး၍ လယ်ယာပို့ကုန်ကို မြှင့်တင်ရန်အတွက် ထိရောက်သော မြေယာပြုပြင်ပြောင်းလဲရေး လိုအပ်နေသည်။

ယခုအခါ အိုဘားမားသည် မြန်မာနိုင်ငံ နောက်ပြန်မလှည့်နိုင်တော့ ဟူသောအချက်ကို သမ္မတဦးသိန်းစိန်နှင့် သဘောထားချင်း တိုက်ဆိုင်ပါလိမ့်မည်။

အပြေးအလွှားဝင်ရောက်လာပြီးဖြစ်သော ဂျပန်ကဲ့သို့ နိုင်ငံများနှင့် အမှီလိုက်၍ ခုန်ရမည် ဟူသော ဖိအားကိုလည်း ခံစားမိပါလိမ့်မည်။ ထို့အပြင် အရေအတွက်တိုးလာနေသော အာရှမဟာမိတ်များ စာရင်းထဲသို့ မြန်မာနိုင်ငံကိုပါ ပေါင်းထည့်ရန် ဆန္ဒပြင်းပြနေပါလိမ့်မည်။

သို့သော်လည်း တရုတ်ခေါင်းဆောင်သစ်များက ၎င်းတို့၏ အာဖရိကနှင့် ပင်လယ်ကွေ့ နောက်ဖေးပေါက် အဖြစ်သတ်မှတ်ထားသော မြန်မာနိုင်ငံသို့ အမေရိကန် အကြီးအကဲ ရောက်ရှိလာခြင်းကို နှစ်သက်ကြလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် အမေရိကန်တို့အနေဖြင့် ဘယ်သူက အာစရိလဲဆိုသော အချက်ကို သေချာဖို့ လိုလာသည်။

မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးများ ဖြစ်ပေါ်လာရခြင်းမှာ အနောက်အုပ်စု sanctions များ ပိတ်ဆို့မှုတစ်ခုထဲကြောင့် မဟုတ်ဘဲ တရုတ်တို့ လွှမ်းမိုးကြီးစိုးလာသည့် အန္တရာယ်မှ လွတ်မြောက်ရေးလည်း တစ်စိတ်တစ်ပိုင်း ပါဝင်နေသည်။ သို့သော် အမေရိကန် ပိတ်ဆို့မှုများမှာ စာရွက်ပေါ်တွင် တရားဝင်ကျန်ရှိနေသောကြောင့် အိုဘားမားက သမ္မတ လုပ်ပိုင်ခွင့်အာဏာဖြင့် ဆိုင်းငံ့ပေးထားရသည်။ အိုဘားမားအတွက် ယခုအခြေအနေမျိုးတွင် မြန်မာနိုင်ငံကို ထောက်ခံအားပေးရခြင်းသည် ကျန်နေသော မက်လုံးအနည်းငယ်နှင့်အတူ ဖိအားများများပေးရမည့်အခြေသို့ ဆိုက်ရောက်သွားစေသည်။

 ---------------------------------------------------------------------------------------------------------

အဓမ္မ လုပ်သားခိုင်းစေမှု ပပျောက်အောင် မြန်မာဆောင်ရွက်နေဟု ILO ပြောကြား

(AFP သတင်းမှ 12 November 2012 ရက်စွဲပါ “Myanmar acting to cut forced labour: ILO” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် အဓမ္မလုပ်သား ခိုင်းစေမှုနှင့် ကလေးစစ်သားအသုံးပြုမှု များကို အရေးယူဆောင်ရွက်နေပုံရသည်ဟု နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် ILO က တနင်္လာနေ့တွင် ပြောကြားသည်။ အစိုးရက ယင်းလုပ်နည်းကိုင်နည်းဟောင်းများကို  ဖျက်သိမ်းရန် ကြိုးစားနေသော်လည်း ဆက်လက်တိုင်ကြားမှုများ ရှိနေသေးသည်။

နှစ်ပေါင်း ၅၀ စစ်အုပ်ချုပ်ရေး ကာလအတွင်း လူ့အခွင့်အရေး ကြီးမားစွာ ချိုးဖောက်ကြောင်း စွပ်စွဲခံနေရသည့် တပ်မတော်(စစ်တပ်) က စစ်မြေပြင်တွင် အရပ်သားများအား အဓမ္မစေခိုင်းမှုကို တားမြစ်သည့် အမိန့်ထုတ်ပြန်ထားလိုက်ပြီဟု ILO အစီရင်ခံစာက ဆိုသည်။

ယင်းဆောင်ရွက်ချက်သည် ၂၀၁၅တွင် အဓမ္မစေခိုင်းမှု ချုပ်ငြိမ်းသွားအောင် ဆောင်ရွက်ကြရန် ဆိုင်ရာ အဖွဲ့အစည်း အားလုံးက ကတိပေးခဲ့ကြခြင်း၏  သိသိသာသာ ထိရောက်မှုကို ပြသနေသည်ဟု အစီရင်ခံစာက ဆိုသည်။

“နိုင်ငံအနှံ့ အသိုင်းအဝိုင်းများထံမှ ပြန်လည်ကြားသိရသော သတင်းများက အဓမ္မလုပ်သားခိုင်းစေမှု အမှန်တကယ် ဆက်လက် လျော့ကျနေသည်ကို ပြသနေသည်။ တာဝန်ရှိသော အာဏာပိုင်များနှင့် တိုက်ရိုက်တင်ပြဖြေရှင်းခွင့် ရသောကြောင့် ဆိုင်ရာ အသိုင်းအဝိုင်းများ ပို၍ အဆင်ပြေလွယ်ကူလာကြသည်”ဟု ILO က ပြောကြားသည်။

ထို့အပြင် ကလေးစစ်သား အသုံးပြုမှု တားမြစ်ရေး သဘောတူညီချက်သည်လည်း ဇွန်လက လက်မှတ်ထိုးပြီးနောက်ပိုင်း အသက်မပြည့်သော ကလေးစစ်သား ၄၂ဦး ပြန်လွှတ်ပေးခြင်းနှင့်အတူ ပိုမိုထိရောက်မှု ရှိလာပြီး ယခုနှစ်စမှ စ၍ စုစုပေါင်း ၄၆ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ဖြစ်သည်ဟု ILO က ဆိုသည်။

သို့သော် ဇွန်လ ၁၁ရက် မှ အောက်တိုဘာ ၁၁ရက်အကြား တိုင်ကြားစာ ၁၅၈ စောင် ဆက်လက်လက်ခံရရှိခဲ့ရာ မနှစ်က ထိုကာလအတွင်း တိုင်စာ ၁၄၈ စောင်လက်ခံရရှိခဲ့ခြင်းထက် ပိုများလာသည်ဟု ILOက ဆက်လက်ပြောကြားသည်။

မှန်ကန်သော မူဝါဒများ ချမှတ်မှုနှင့် အမိန့်များ ထုတ်ပြန်မှုတို့ရှိလာသော်လည်း လက်တွေ့တွင် ဆန့်ကျင်ကွဲလွဲသော အပြုအမူများ ဆက်ရှိနေဦးမည်ကို မျှော်လင့်ထားကြလိမ့်မည်ဟု ILO အစီရင်ခံစာတွင် ဖော်ပြထားသည်။

အရေအတွက် အတိအကျ မသိရသော်ငြားလည်း မြန်မာအစိုးရ စစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် စစ်တပ်များတွင် အသက် ၁၈ နှစ် မပြည့်သေးသော တပ်သားသစ်များ ထောင်နှင့်ချီ၍ ရှိနေသည်ဟု ယုံကြည်ရသည်။ ထို့အပြင် မြန်မာ့တပ်မတော်သည် မုဒိန်းမှုနှင့် အဓမ္မပေါ်တာဆွဲခြင်း အပါအဝင် ညှင်းပန်းနှိပ်စက်မှုများ ကျူးလွန်လျက်ရှိသည်ဟု စွပ်စွဲခံနေရသည်။

မြန်မာနိုင်ငံတွင် ပြည်ဖုံးကားချသွားခဲ့သော စစ်အုပ်ချုပ်ရေး လက်ထက် ညှင်းပန်းနှိပ်စက်မှု ပုံရိပ်များကို ခွာချရန် ယခုအရပ်ဖက် တစ်ပိုင်းအစိုးရသစ်က ကြိုးစားနေသည်။

လက်ရှိအစိုးရက ပြုလုပ်နေသော သိသာသည့် အပြောင်းအလဲများတွင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းနှင့် အပစ်ရပ်သဘောတူ စာချုပ်လက်မှတ်ရေးထိုးမှုများ ပါဝင်သည်။

ILO က အဓမ္မလုပ်သားခိုင်းစေမှု သတင်းပေး လက်ကမ်းစာရွက်ကို မြန်မာနိုင်ငံ၏ ဘာသာစကား ၇ မျိုးဖြင့် ရေးသားကာ တစ်သန်းကျော် ထုတ်ဝေခဲ့ပြီး၊ ဇွန်လမှစ၍ တပ်မတော် အဖွဲ့အစည်း၊ အစိုးရဌာနဆိုင်ရာများ ဆွေးနွေးပွဲများတွင် ဖြန့်ဝေခဲ့သည်ဟု သိရှိရသည်။

  

**********************************************

 

 

                     


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive