Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
Document yangonchronicle2011 Op-Ed

Snapshot of the item below:
yangonchronicle2011 Op-Ed

၂၅.၁၁.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ပြောပြန်ရင်လည်း အောင်မင်းလွန်ရာကျမယ်

*************************************************************************************************

ဆောင်းပါးကဏ္ဍ

ပြောပြန်ရင်လည်း အောင်မင်းလွန်ရာကျမယ်

နားခါးသော အမှန်တရား

လက်ပန်းတောင်းတောင်သပိတ်စခန်းတွင် တရုတ်နိုင်ငံအပေါ် မှတ်ချက်ပြုပြောကြားသည့်စကားကြောင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်း အနေဖြင့် မီဒီယာများ၏ အပြင်းအထန်ဝေဖန်မှုကိုခံနေရသည်။ တရုတ်ကိုလည်းကြောက်ရကြောင်းနှင့် မြန်မာနိုင်ငံပေါ်တွင်ရှိသည့် တရုတ်ကျေးဇူး ထောက်ထားရမည်ဟု မှတ်ချက်ပြုပြောဆိုခဲ့ခြင်းက တိုင်းပြည်၏သယံဇာတများကို ဂုတ်သွေးစုပ်ယူနေသည်ဟု ခံစားနေရသည့် မြန်မာပြည်သူများ အတွက်မူ နားခါးစရာ အမှန်တရားတခုလည်း ဖြစ်ခဲ့ရပါသည်။

တရုတ်ကိုကြောက်ရသလား

မန်ချူးတရုတ်တို့၏ လေးကြိမ်တိုင်တိုင် ကျူးကျော်မှုကို ပြန်လည်တွန်းလှန်နိုင်ခဲ့မှု၊ မွန်ဂိုတရုတ် တို့အား မြေလှန်စနစ်ဖြင့် တိုက်ပွဲတန့်သွားအောင် နှင့် ပြန်ဆုတ်သွားအောင် စွမ်းဆောင်နိုင်ခဲ့မှု စသည့် ကျောင်းစာသင် သမိုင်းစာအုပ်ထဲမှ စာသားများဖြင့် ရွှေထီးဆောင်းခဲ့သည့် ကာလများကို စိတ်ကူးဖြင့် မျှော်ကြည့်၍ မိမိဟာဒယကို မိမိအစာကျွေးနေ၍ မရတော့သည့် ခေတ်ဖြစ်ပါသည်။  ယနေ့ ကမ္ဘာတွင် စစ်ရေးအရ အင်အားအကြီးဆုံးဟု ဆိုရသည့် အမေရိကန်ပြည်ထောင်စုပင်လျှင် တရုတ်ပြည်ကို မလွန်ဆန်နိုင်သော အကြောင်းတရားများ ရှိနေပါသည်။ တရုတ်ပြည်၏ အကြွေးတွေ အမေရိကန် ဘဏ်တွေမှာ လည်ပင်းခိုက်နေသမျှ တရုတ်တွေကို အမေရိကန်တွေ မျက်နှာချိုသွေးနေရပါသေးသည်။ ယနေ့ခေတ်ကား ခေတ်မီတိုးတက်သည့် လက်နက်ဆန်းတွေရှိနေသည် ဆိုဦးတော့ ၊ နျူကလီး ယား လက်နက်တွေ ပိုင်ဆိုင်ထားသည့် နိုင်ငံတွေပင် ဖြစ်ဦးတော့ သမာရိုးကျ လက်နက်ကိုင်တိုက် သည့် စစ်ပွဲများထက် Soft Power ဟု ခေါ်သည့် ပါဝါအပျော့များဖြင့် နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်၏ Realism Theory ကို ကျင့်သုံးနေကြသည့်ခေတ်ဖြစ်ပါသည်။ ဆိုရလျှင် ယူနန်ပြည်သာ သာမျှသာ ရှိသည့် မြန်မာနိုင်ငံအနေဖြင့် လက်ရှိအခြေအနေကို ကြည့်ပါက တရုတ်ကို ကြောက်ရသလား ဟုဆိုလျှင် အဖြေက ရှင်းပါသည်။ နားခါးစရာအမှန်တရားအဖြစ် တရုတ်ကို ကြောက်ရပါသည်။

တရုတ်ကို ဘာလို့ကြောက်ရ

မြန်မာပြည်တဝက်ကို သိမ်းမိလုနီးပါး ချီတက်လာသည့် ဗကပ တွေကို ပုဂံခေတ်သူရဲကောင်းလေးဦး စေလွှတ်၍ တိုက်ခိုက် အောင်မြင်ခဲ့ရသည်မဟုတ်ပါ။ တရုတ်တို့က ၎င်းတို့၏ နိုင်ငံခြားရေးပေါ်လစီကို အပြောင်းအလဲလုပ်ပြီး ဗကပ တွေကို လူသူ လက်နက်အင်အား ထောက်ပံထားထားမှုကို  တိကနဲ ဖြတ်၍ မြန်မာစစ်အစိုးရနှင့် ထိတွေကဆက်ဆံရန် ဆုံးဖြတ်လိုက်၍သာ ယနေ့ မြန်မာနိုင်ငံ ကွန်မြူနစ်နိုင်ငံ ဖြစ်မနေခြင်းဖြစ်ပါသည်။ ဗကပကို တရုတ်ထောက်ပံ့ထားချိန်တွင် ယနေ့မြန်မာ့တပ်မတော်ထက် စွမ်းဆောင်ရည်နှင့်တိုက်ရည်ခိုက်ရည် (လက်နက်အင်အားမဟုတ်) အပြတ်အသတ် သာသော မြန်မာ့တပ်မတော်သားတွေ၏ အသက်ဇီဝန်တွေ တဖြုတ်ဖြုတ်ကြွေခဲ့ရသည်ကို ခံစားခဲ့ရသည့် တပ်မတော်သားမိသားစုဝင်တွေ သိနိုင်ပါလိမ့်မည်။ အနီးစပ်ဆုံး ယနေ့ အချိန်ထိ မြင်တွေ့နေ ရသည့် တရုတ်သြဇာခံ ကိုးကန့်နှင့် ဝ လက်နက်ကိုင် အဖွဲ့များကို မြန်မာအစိုးရအနေဖြင့် ခပ်ကြမ်းကြမ်း ကိုင်တွယ်ခြင်း မပြုဝံ့သည်က သက်သေပင်ဖြစ်ပါသည်။ ကချင်လက်နက်ကိုင်များ၏ နောက်ကွယ်တွင် တရုတ်ပြည်၏စနက် များစွာပါနေပါသေးသည်။ ယနေ့ မန္တလေးသည် တရုတ်ပြည်တပိုင်းဖြစ်နေပြီဖြစ်သလို အထက်မြန်မာပြည်၏ စီးပွားရေးဗဟို ဖြစ်သည့် မန္တလေးဈေးချိုသည် တရုတ်ပြည်မှ ကုန်သည်များ၏ အကြွေးများဖြင့် လည်ပတ်နေရပြီး တရုတ်တို့ တစ်ကွက်ရွှေ့ရုံမျှဖြင့် အချိန်မရွေး စီးပွားရေးအကျပ်အတည်းတွေ့နိုင်ပါသည်။ အလားတူကိစ္စရပ်တွေများစွာ ရှိနေပြီး အစိုးရအနေဖြင့်လည်း အကြီးအကျယ် အကျပ်ရိုက်နေပါလိမ့်မည်။ မြန်မာ့ဒီမိုကရက် တိုက်ဇေးရှင်းမှာ တရုတ်တို့၏ သြဇာလွှမ်းမိုးလာမှုကို အင်အားချိန်ခွင်လျှာ ပြန်ညှိနိုင်ရန် ကြိုးစားမှုက ရာခိုင်နှုန်းများများ ပါဝင်ကြောင်း နိုင်ငံတကာရေးရာ ပညာရှင်တို့၏ သုံးသပ်ချက်ကို ကြည့်လျှင် ယခုပြဿနာကို မြင်သာ နိုင်ပါသည်။

တရုတ်ကျေးဇူး ဘာတွေရှိသလဲ

ယနေ့အခါသမယသည် မိမိနိုင်ငံကို အကျပ်အတည်းရောက်အောင် လုပ်နိုင်သော အင်အားရှိသည့် နိုင်ငံကြီးက အနှောင့်အယှက် မပေးခြင်းသည်ပင်လျှင် ကျေးဇူးတင်စရာကောင်းနေသည်ဟု ဆိုရတော့မည့် အခြေအနေ ဖြစ်သည်။ အဓိက ရန်သူ ဗကပကို အထောက်အပံ့ဖြုတ်လိုက်မှု၊ ကိုးကန့်နှင့် ဝကဲ့သို့ လက်နက်ကိုင်များကို ငြိမ်ငြိမ်နေရန် သြဇာညောင်းထားနိုင်မှု၊ စသည့် စစ်ရေးကိစ္စရပ်များကို ဘေးဖယ်၍ နိုင်ငံတကာမှ ပိတ်ဆို့အရေးယူထားချိန်တွင် မိမိတိုင်းပြည်ကို စီးပွားရေးအရ ကူညီထောက်ပံ့မှုနှင့် ကုန်သွယ်မှုတို့ကို လွတ်လွတ်လပ်လပ် လုပ်ဆောင်ခဲ့သည်မှာ တရုတ်ပြည်ပင် ဖြစ်ပါသည်။  တရုတ်နှင့် မြန်မာ စီးပွားရေးဆက်ဆံမှုတွင် မြန်မာတို့အနေဖြင့် များစွာ နစ်နာခဲ့ရသည်မှာ မှန်ပါသည်။ တရုတ်တို့ အနေဖြင့် ချွန်းကို ဆင်နှင့်လဲယူရသကဲ့သို့ အမြတ်ထွက်သည်မှာလည်း မှန်ပါသည်။ သို့ရာတွင် မြန်မာပြည်က ဆင်ကို အပေါစားချွန်းနှင့်ပင် မလဲနိုင်ဟု ပိတ်ဆို့ထားသည့် နိုင်ငံတွေနှင့်ယှဉ်လျှင် တရုတ်ပြည်နှင့် စီးပွားရေး ဆက်ဆံနိုင်ခဲ့မှုက မြန်မာနိုင်ငံအတွက် အသက်ရှုပေါက် တပေါက်ဖြစ်ခဲ့ ပါသည်။

တရုတ်ပြည်နှင့် လမ်းပေါက်၍သာ မန္တလေးအပါအဝင် ရှမ်းပြည်မြောက်ပိုင်း တကြော ဖွံ့ဖြိုး တိုးတက်လာခဲ့ခြင်းပင်ဖြစ်သည်။ တရုတ်ကသာသည်၊ မြန်မာက နာသည် ဆိုသည့် ကိစ္စရပ်ကတော့ အားကြီးသူက အနိုင်ရစမြဲဆိုသည့် သဘောတရားအတိုင်းပင်ဖြစ်ပါသည်။ အနောက်နိုင်ငံများက မဝယ်သည့် အချိန်တွင် တရုတ်ကို ရသည့်ဈေးနှင့်ရောင်းပြီး အသက်ဆက်ခဲ့ရသည်က တရုတ်တွေကို ကြံဖန်ကျေးဇူးတင်စရာဖြစ်၍ တရုတ်ကျေးဇူး မြန်မာအပေါ်တွင် တကယ်ပင်ရှိခဲ့ပါသည်။ အကြောင်း ဆက်၍ ဆိုရလျှင် ကုလသမ္မဂ လုံခြုံရေးကောင်စီကို အသုံးချ၍ မြန်မာနိုင်ငံအား အီရတ်နှင့် အာဖဂန်ကဲ့သို့သော မအောင်မြင်သည့် ဒီမိုကရေစီအိတ်စပို့လုပ်ရေးများကို တရုတ်ပြည်က ၎င်း၏ ဗီတို အာဏာဖြင့် မားမားမတ်မတ်ရပ်၍ ကာကွယ်ပေးခဲ့မှုကြောင့်သာ(သူ့အကျိုးစီးပွားလည်း ပါသည်ပေါ့) မြန်မာတွေ အီရတ်လို အဖြစ်မျိုးနှင့် မကြုံခဲ့ရခြင်းဖြစ်ပါသည်။ နောက်ဆုံးဖြစ်ရပ်အဖြစ် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်ရ၍ ဒေါ်လာ သန်း၃၀၀၀ ကျော်မျှ လျော်ရနိုင်သည့် ကိစ္စတွင် တရုတ်တွေ အပြုံးမပျက် သေး၍ ကျေးဇူးတင်စရာဖြစ်နေပါသေးသည်။

ပြောပြန်ရင်လည်း အောင်မင်းလွန်ရာကျတယ်

မြန်မာတွေပြောနေကျ ဆိုရိုးစကားဖြစ်သည့် ပြောပြန်ရင်လည်း အောင်မင်းလွန်ရာကျတယ် ဆိုသည့် စကားမှာ အောင်မင်းဆိုသည့် ပုဂ္ဂိုလ်မှာ အမှန်တွေကို ပြောသော်လည်း ပြေပြေပြစ်ပြစ် မပြောတတ်၍ အမြဲတမ်းအပြစ်တင်ခံရသည်၊ သို့သော် ၎င်းပြောသော အမှန်တရားတွေမှာ ပိဿလေးနှင့် နံဘေး ပစ်သလိုဟု ဆိုရမလို နာလိုခံခက် အမှန်တရားများဖြစ်နေ၍လည်း ၎င်းမှာ ဆက်လက်၍ အပြစ်တင် ခံရဆဲဖြစ်သည်ဟု အဓိပ္ပါယ်ထွက်သည်။ ယခုကိစ္စတွင်လည်း တရုတ်ကို ကြောက်ရသည်၊ ကျေးဇူးရှိပါသည် ဆိုသည့် ၎င်း၏ မှတ်ချက်မှာလည်း အောင်မင်းလွန်သွားသည့် စကားပင်ဖြစ်ပါသည်။ အညာဒေသမှ ရိုးသားသော ဒေသခံပြည်သူများကို ဘေးတီးကောင်းသော မီဒီယာများရှေ့မှောက်တွင် အရပ်စကားနှင့် တဲ့တိုး ပြောလိုက်ခြင်းကလည်း လွန်သွားသည့်အချက် တချက်ပင်ဖြစ်ပါသည်။ အကြောင်းအကြောင့်၊ ယခင်ဆက်ဆံရေးများကြောင့်၊ အိမ်နီးချင်းဝတ္တရားများကြောင့်၊ စိုသည့်လက် မခြောက်စေချင်တော့သည့် သဘောတရားကြောင့်၊ မြစ်ဆုံကိစ္စတွင် အားနားထားရသောကြောင့် ၊ မြန်မာတွေ ကတိမတည် မိတ်ဆွေအသစ်ရလျှင် သစ္စာဖောက်သည်ဟု ရှုမြင်ခံရနိုင်သောကြောင့် စသည်ဖြင့် ထိုအကြောင်း တရားများကြောင့် တရုတ်တို့နှင့် မျက်နှာအပျက်မခံနိုင်တော့ကြောင်း၊ အမေရိကနှင့် ပြေလည်ရုံမျှဖြင့် တရုတ်ပြည်နှင့် ဆက်ဆံရေးကို ယတိပြတ် ဖြတ်၍ မရနိုင်ကြောင်း၊ ထို့ပြင် ယခင်အစိုးရက လုပ်ခဲ့သည့် ကိစ္စကို ယခုအစိုးရက တာဝန်မယူနိုင်ဟု ဆိုခြင်းမှာ ကလေးဆန်သည့် လုပ်ရပ်မျိုးဖြစ်၍ နိုင်ငံတကာ ဆက်ဆံရေးတွင် ထိုသို့ လုပ်၍ မရကြောင်း၊ မြစ်ဆုံကိစ္စမှာ MoU ဖြစ်၍ ယခုကိစ္စမှာ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရခြင်းဖြစ်၍ သဘောသဘာဝခြင်းမတူကြောင်း၊ ဒီမိုကရေစီ အသွင်ကူးပြောင်းစ နိုင်ငံများတွင် စစ်တပ်များကို နိုင်ငံရေးမှ ဆုတ်ခွာစေရန် ရန်ပုံငွေများဖန်တီးပေးရခြင်းနှင့် အကျိုးစီးပွား ခံစားခွင့်ပြုရခြင်းများကြောင့် ဦးပိုင်ကုမ္ပဏီကိုလည်း ကြည့်ရှုရကြောင်း စသည်ဖြင့် ကျယ်ကျယ်ပြန့် ပြန့် ရှင်းလင်းပြောကြားခဲ့လျှင် အောင်မင်း လွန်ခဲ့လိမ့်မည်မဟုတ်ပါ။ အထူးသဖြင့် တရုတ်ပြည်ကို ပညာပေးရန် ရည်ရွယ်ချက်ဖြင့် တရုတ်နှင့်စီမံကိန်းကို ရပ်ဆိုင်းလျှင်ပင် အခြားနိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများက မြန်မာလူထုသည် စီမံကိန်းမှန်သမျှ ကန့်ကွက်နေသည်၊ မြန်မာတွေမှာ ကတိမတည်ဘဲ အများညီလျှင် မှားသည့် ကိစ္စကိုပင် အမှန်လုပ်တတ်ကြသည်ဟု ရှုမြင်သွားပြီး ရင်းနှီးမြှုပ်နှံမှုများ မပြုလုပ်တော့ရန် ဆုံးဖြတ်လိုက်ပါက စီးပွားရေးတိုးတက်မှုကို ဖော်ဆောင်နေရသော ဒီမိုကရေစီ နိုင်ငံသစ်အတွက် များစွာထိခိုက် နိုင်ကြောင်း၊ ထို့ကြောင့် ယခုဖြစ်ပျက်ခဲ့သည့် ကိစ္စကို သင်ခန်းစာယူ၍ နောင်လာမည့် ရင်းနှီးမြှုပ်နှံမှု တိုင်းကို အသေအချာ စိစစ်လက်ခံသွားမည် ဖြစ်ကြောင်းတို့ကိုပါ တပါတည်း ရှင်းလင်းပြောကြားခဲ့သင့်ပါသည်။  သို့သော်လည်း ခါးသီးသော အမှန်တရားကို နားဝင်ချိုအောင် မပြောတတ်သော ဦးအောင်မင်း ယခုတကြိမ်တွင်အမှန်တကယ် လွန်သွား ခဲ့ပြီဖြစ်ပါသည်။

အမှိုက်ထဲကရွှေ၊ အရှုံးထဲက အမြတ်

နှစ်ပေါင်းငါးဆယ်ကျော်အတွင်း အထူးသဖြင့် လွန်ခဲ့သည့် ၂၃နှစ်အတွင်း အာဏာရှင်စနစ်အောက် တွင် အစိုးရပိုင် မီဒီယာများမှ မစားရဝခမန်း ဖွံ့ဖြိုးတိုးတက်မှုကြီးများကို ပြသပြီး နောက်ကွယ်တွင် အမှန်တကယ် ဖြစ်ပျက်နေသည့် အကျပ်အတည်းများကို သတင်းအမှောင်ချထားခဲ့၍ မြန်မာပြည်သူ တွေ ဘာမှ မသိခဲ့ရ ၊ အချို့ကိစ္စတွေကို သိပါလျှက်နှင့်ပင် ပြန်လည်စောဒက မတက်ဝံ့ဘဲ ခေါင်းငုံ့ခံခဲ့ရသည့် အာဏာရှင်စနစ်ကို ပြန်ပြောင်း သတိရစေလိုပါသည်။ ဒီမိုကရေစီဟုဆိုပါလျှက် မျက်ရည်စမ်းစမ်းကျပြီး လုပ်ချင်တာဆက်လုပ်မည်ဟု ဆိုသော ဦးကျော်ဆန်းကဲ့သို့ ဝန်ကြီးနှင့်လည်း ကြုံခဲ့ရပြီးဖြစ်ပါသည်။ အချက်အလက် အခိုင်အမာမရှိဘဲ ပြောချင်ရာပြောပြီး ဆက်လုပ်မည်ဆိုသည့် လျှပ်စစ်ဝန်ကြီးဟောင်း ဦးဇော်မင်းလို ပုဂ္ဂိုလ်မျိုးနှင့်လည်း ဆုံခဲ့ရပြီးဖြစ်သည်။

ယခုဦးအောင်မင်းကိုယ်တိုင် လာရောက်ဖြေရှင်းသည့် ကိစ္စတွင် ၎င်းအနေဖြင့် စကားမှားခဲ့သည်မှာ မှန်ပါသည်။အာဏာရှင်စနစ်ကတည်း လုပ်ခဲ့သည့် လက်ပန်းတောင်း စီမံကိန်းသည် လွတ်လပ်စွာ ပြောရေးဆိုခွင့်၊ ပြန်လှန်စောဒကတက်ပိုင်ခွင့် ရှိလာသည့် ယခုအချိန်တွင် အစိုးရ၏ ထိပ်တန်း ပုဂ္ဂိုလ်တဦးက ပြည်သူများကြမ်းတပြေး တည်း ဆောင့်ကြောင့်ထိုင်၍  အစိုးရအနေဖြင့် အမှန်တကယ် ရင်ဆိုင်နေရသည့် အကျပ်အတည်းများကို ပြည်သူထံ ပွင့်လင်းစွာ ချပြဆွေးနွေးနေပြီ ကို ကြည့်လျှင် မြန်မာနိုင်ငံ၏ နိုင်ငံရေးပွင့်လင်းမှုနှင့် အစိုးရ၏ တာဝန်ခံမှု၊ ပြည်သူထံ ပွင့်လင်းမြင်သာရှိမှုတို့ကို ရှင်းလင်းစွာ တွေ့မြင်ရမည်ဖြစ်ပါသည်။ အစိုးရနှင့် ပြည်သူ တဝိုင်းတည်းထိုင်၍ ပြဿနာကို အဖြေရှာနိုင်မှုသည်ပင်လျှင်  မြန်မာ့ဒီမိုကရေစီအရေးအတွက် ဝမ်းသာစရာဖြစ်ပါသည်။ လက်ရှိ ဖြစ်နေသောကိစ္စ၊ တရုတ်နှင့် ထိပ်တိုက်တိုးမည့် ကိစ္စများကို ဖြေရှင်းရာတွင် အကောင်းဆုံး နည်းလမ်းကို အစိုးရနှင့် ပြည်သူ ခေါင်းချင်းဆိုင် အဖြေရှာနိုင်ရန် ကြိုးပမ်းခြင်းသည်ဖြင့် မြန်မာ့ဒီမိုကရေစီကို တန်ဖိုးတက်စေပါလိမ့်မည်။ ဖြစ်ခဲ့သည့် ကိစ္စများကို သင်ခန်းစာယူ၍ နိုင်ငံ့အရေးအတွက် အနာဂတ် ကိစ္စရပ်များကို စားပွဲပေါ်တွင် ပူးပေါင်းအဖြေရှာသည့် နည်းထက် လမ်းဟောင်းလိုက်၍ ထိပ်တိုက်နည်းဖြင့် ရင်ဆိုင်လျှင်မူ မြန်မာ့ဒီမိုကရေစီအရေးကို ပြည်သူကိုယ် တိုင်က၊ မီဒီယာများကိုယ်တိုင်က နောက်ပြန်လှည့်နေသည်နှင့် တူနေပါလိမ့်မည်။ အစဉ်အလာကဲ့သို့ ဖြစ်နေသည့် တစ်ဖက်နှင့် တစ်ဖက် စကားအမှားကို အပြစ်တင်ထိပ်တိုက်ရင်ဆိုင်ခြင်းထက် နိုင်ငံတော်အတွက် အစိုးရ နှင့် ပြည်သူ စားပွဲပေါ်တွင် ပူးပေါင်းအဖြေရှာဖွေနိုင်သည့် အခွင့်အရေးကို အမိအရဆုပ်ကိုင်၍ အနာဂတ်တွင် မြန်မာ့ဒီမိုကရေစီ တိုးတက်ရေး လုပ်ဆောင်သွားနိုင်ရန် အလား အလာကောင်း များရှိနေခြင်းကို ယခုကိစ္စက မီးမောင်းထိုးပြနေပြီး ဤသည်ပင်လျှင် အမှိုက်ထဲက ရွှေဖြစ်လာသည်ဟု ဆိုရတော့မည်ဖြစ်ပါသည်။

***************************************************************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၂၅.၁၁.၂၀၁၂

ဘာသာပြန်သတင်းများ

  1. အရှေ့တောင်အာရှသည်ထင်သည်ထက်ပိုခက်သည်ဟု Obama တွေ့မြင်

(24 November 2012 ရက်စွဲပါ Jakart Post မှ Murrary Huanter ရေးသားသော Obama finds South East Asia much tougher than the thought ကိုဘာသာပြန်သည်)

  1. ထိုင်းအစိုးရ ဆန့်ကျင်ဆန္ဒပြမှုကြီး ဘန်ကောက်တွင်ဖြစ်ပေါ်၊ မျက်ရည်ယိုဗုံးများဖြင့် လူစုခွဲ

(BBC သတင်းဌာနမှ 24 Nov 2012 ရက်စွဲပါ Thai police fire tear gas at Bangkok anti-government rally ကိုဘာသာပြန်ဆိုသည်)

***************************************************************************************

ဘာသာပြန်သတင်းများ

 အရှေ့တောင်အာရှသည်ထင်သည်ထက်ပိုခက်သည်ဟု Obama တွေ့မြင်

(24 November 2012 ရက်စွဲပါ Jakart Post မှ Murrary Huanter ရေးသားသော Obama finds South East Asia much tougher than the thought ကိုဘာသာပြန်သည်)

အမေရိကန်သမ္မတ barck Obama ၏ထိုင်းနှင့်မြန်မာနိုင်ငံခရီးစဉ်များသည် မှတ်တိုင်ဖြစ်ခဲ့ပြီး ကောင်းမွန်စွာ ပြီးဆုံးသွားခဲ့ ပါ သည်။ ၎င်းသည်မှန်ကန်သောကိစ္စများ လုပ်ဆောင်နိုင်ခဲ့ပြီး မြန်မာခရီးစဉ်တွင်လည်း သံသယဖြစ်ဖွယ်များ ရှိသော်လည်းမှန် ကန်သော သတင်းစကား များပေးနိုင်ခဲ့ပါသည်။ အထူးသဖြင့်၎င်းခရီးစဉ်တွင် အားလုံးညီညွတ်ခဲ့ပြီး၊ ရန်ကုန်တက္ကသိုလ်တွင် မိန့်ခွန်းပြောကြေားရာ၌ အားလုံးပါဝင်နိုင်ရေးကိုကောင်းစွာ ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံရှိစာစောင်များတွင်လည်း၎င်း၏ခရီးစဉ်ကို နွေးထွေးစွာကြိုဆိုခဲ့ပါ သည်။

ကမ္ဘောဒီးယားခရီးစဉ်ကိုလည်း ထိုနည်းလည်းကောင်းဟု ပြောနိုင်ပါသည်။ မြန်မာခရီးစဉ်ကဲ့သို့ပင် Obama ၏ ကမ္ဘောဒီးယား ခရီးစဉ်ကိုလူအခွင့်အရေး လှုပ်ရှားသူများက ဝေဖန်ခဲ့ ကြပါသည်။ အဆိုပါခရီးမှာ ပို၍စိတ်ပူပန်မှုများ ရှိနိုင်ဖွယ်ရှိပါသည်။ အဘယ်ကြောင့်ဆိုသော်မြန်မာနိုင်ငံမှ ဦးသိန်းစိန်သည်ဖြေလျှော့မှု လမ်းစဉ်တွင်သွားနေပြီး ကမ္ဘာကြီးကို တံခါးဖွင့်ပေးလာနေသော်လည်း ဟွန်ဆန်သည် ကမ္ဘောဒီးယားတွင် အဓိကကျသော ပြုပြင်ပြောင်းလည်းမှုများ ပြုလုပ်ရန်နှောင့်နှေးနေဆဲခြင်းကြောင့်ဖြစ်ပါသည်။

Human Rights Watch က လွန်ခဲ့သောအနှစ်နှစ်ဆယ်က ကမ္ဘောဒီးယား၏ လူအခွင့်အရေး ချိုးဖေါက်မှုများ အကြောင်းကို ရေးသားဖော်ပြခဲ့ပြီ၊ အိုဘားမားအားက မ္ဘောဒီးယားသို့လာရောက်ခြင်းသည် အာဆီယံနှင့်အရှေအာရှထိပ်သီး အစည်းအဝေး တက်ရောက် ရန်သာ ဖြစ်ကြောင်းကြေညာရန်တိုက်တွန်းခဲ့ပါသည်။

အိုဘားမားသည် ကမ္ဘောဒီယားဝန်ကြီးချုပ်ဟွန်ဆန်နှင့် တွေဆုံသည့်အချိန်များတွင် တင်းမာမှုများရှိခဲ့ကြောင်း သတင်းများထွက် ပေါ်ခဲ့ပါသည်။အိုဘားမားက တိုက်ရိုက်မဟုတ်ပဲ ၎င်း၏အစိုးရအဖွဲသည် ယခင်ကဟွန်ဆန်အားလူအခွင့်အရေးမှတ်တမ်းများ၊ နိုင်ငံရေးအ ရ ခြိမ်းခြောက်မှုများ၊ အတိုက်အခံခေါင်းဆောင်များအား ထောင်ချမှုများ၊ လယ်သမားများအား ၎င်း၏လယ်မြေ များမှ နှင်ထုတ်မှုများ၊ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲမကျင်းပရခြင်းများ အတွက် ဝေဖန်ခဲ့ဘူပါသည်။

ခေါင်းဆောင်နှစ်ဦးတွေ့ဆုံမှုကို The Cambodian Daily ကသတင်းဖော်ပြခဲ့ရာ အိုဘားမား ၏ လက်ထောက် များက မီဒီယာများ သို့ပေးထားသောသတင်းနှင့် ကွဲပြားခြားနားနေသည်ကိုတွေ့ရပါသည်။

အမေရိကန်ဒုတိယ အမျိုးသားလုံခြုံရေး အကြံပေး BenRhodes ၏ပြောကြားချက်ကိုကိုးကား၍ Reuters ကဖော်ပြရာတွင် တွေ့ဆုံမှုမှာလူအခွင့်အရေး ကိစ္စအတွက်သာဖြစ်သည် ဟုဆိုပါသည်။ အစည်းအဝေးအပြီးတွင် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Park Sokhon က ပြောကြားရာတွင်အမေရိကန်အမတ်များက တောင်း ဆိုမှုများ ကြောင့်အိုဘားမားသည် လူအခွင့်အရေးကိစ္စကို သာ ပြောကြားခဲ့သည်ဟုဆိုပါသည်။

အစည်းအဝေးမတိုင်မီက အိုဘားမားကအတိုက်အခံခေါင်းဆောင် Sam Rainsy အားပြစ်ဒါဏ် (၁၁)နှစ် မျက်ကွယ်တွင်ထောင် ချထားခြင်းအားရုတ်သိမ်း၍ ကမ္ဘောဒီးယားသို့ပြန်လာခွင့်ပြုရန်တိုက်တွန်းမှုများ ရှိခဲ့ပါသည်။ Prak Sokhon ၏အဆိုအရအိုဘားမား သည် ထိုကိစ္စကိုပြေားကြားခဲ့ခြင်း မရှိကြောင်း သိရပါသည်။

Prak Sokhon ၏အဆိုအရ ဟွန်ဆန်သည် ၁၉၇၀ ခုနှစ် များဆီကလုံနိုးအစိုးရသို့ချေးခဲ့သော အမေရိကန် ဒေါ်လာသန်း (၄၀၀) အပေါ်ပမာဏ ၃၀ ရာခိုင်နှုန်း ထိလျှော့ပေးရန်နှင်အတိုးနှုန်းကိုလည်ုး တစ်ရာခိုင်နှုန်း သာပေးရန် တောင်းဆိုခဲ့သော်လည်း အိုဘားမား က ဘာမှမတုန့်ပြန်ခဲ့ကြောင်းဆိုပါသည်။

ဟွန်ဆန်မှာနိုင်ငံရေးလုပ်လာသည်မှာ ကြာပြီးဖြစ်ပြီး နိုင်ငံခြားခေါင်းဆောင်များ၏ မကြာမကြာ အဝေဖန်ခံ ရသဖြင့်အသားကျ နေ သူဖြစ်ပါသည်။ ကမ္ဘောဒီးယားသည် တရုတ်၊ တောင်ကိုရီးယား၊ ဗီယံနမ်တို ထံမှ ငွေအသုံးပြုမှုနှင့် ပတ်သက်၍ လည်းကောင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍လည်းကောင်း ကန့်သတ်ချက်များမပါသော အကူအညီများရယူနေပါသည်။ ထိုကြောင့် အိုဘားမား ၏ လည်ပတ်မှုနှင့်ကြေညာချက်များမှာ ကျွဲပါးစောင်းတီး သာဖြစ်လိမ့် မည်။

ထိုကြောင့်အမေရိကန်၏ အာရှဗဟိုပြုမှုတွင် ကမ္ဘောဒီးယားပါဖွယ်မရှိပေ။ ရေတပ်သဘောင်္များ လာရောက် လည်ပတ်ခြင်း၊ စစ်တပ်ချင်းပူးတွဲလေ့ကျင်ခြင်း၊ အကြမ်းဖက်မှုနှိမ်နင်းရေး လေ့ကျင့်ပေးခြင်း နှင့်လူကုန်ကူးမှုများအတွက် လွန်ခဲ့သော ငါးနှစ်အတွင်း လုပ်ဆောင်မှု များသည်အမေရိကန်-ကမ္ဘောဒီးယားဆက်ဆံရေးအတွက်အနည်းငယ်သာနွေးထွေးမှုရှိစေခဲ့ပါသည်။ အိုဘားမာကမ္ဘောဒီး ယား    သို့လာခြင်းမှာဟွန်ဆန်အတွက် ရုပ်မြင်သံကြားတွင် အမေရိကန် သမ္မတနှင့်ယှဉ်တွဲ ပါဝင်ခွင့်ရသည့် အမြတ်ထွက်ပါသည်။

ယခု အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွင်လ့ည်းတရုတ်နှင့်အငြင်းပွားမှု ကိစ္စတစုံတစ်ရာ သဘောတူညီမှု မရှိခဲ့ပေ။ ဖိလစ်ပိုင်က ကမ္ဘောဒီးယား အား ဗီယက်နမ်နှင့် ပိုင်နက်အငြင်းပွားမှုကိစ္စမဆွေးနွေးရန် လုပ်ဆောင်မှုကြောင့် ကန့်ကွက် ခဲ့ပါသည်။ ထိုနယ်မြေ ကိစ္စများနှင့်ပတ်သက်၍ ယခုထိပ်သီးဆွေးနွေးပွဲတွင်မီဒီယာ များ၏မေး မြန်းချက်ကို ဖြေကြားခြင်း မရှိပေ။

ယခုခရီးစဉ်တွင် အိုဘားမား အတွက်ဒေသတွင်း တွင်သဘောတူညီမှု ရရှိရေး ခက်ခဲပုံကို အနီးကပ်တွေ့ရှိပြီး သင်ခန်းစာပင်ဖြစ် ပါသည်။  အိုဘားမား၏ အာရှဗဟိုပြုရေးသည် လွတ်လပ်သော ကုန်သွယ်မှုရရန်လိုအပ်လှပါသည်။ သို့မှသာ စီးပွားရေးဆက်လက် ကြီးထွားနိုင်ပြီး၊ ဒေသတွင်း တွင် တရုတ်နှင့် ပါဝါ ဟန်ချက်ညီအောင် ထိန်းထားနိုင်မည် ဖြစ်ပါသည်။ ရှေ့တွင် ခက်ခဲသောလမ်းများ ရှိနေဦးမည်သာဖြစ်ပါသည်။

----------------------------------------------------------------------------------------------

ထိုင်းအစိုးရ ဆန့်ကျင်ဆန္ဒပြမှုကြီး ဘန်ကောက်တွင်ဖြစ်ပေါ်၊ မျက်ရည်ယိုဗုံးများဖြင့် လူစုခွဲ

(BBC သတင်းဌာနမှ 24 Nov 2012 ရက်စွဲပါ Thai police fire tear gas at Bangkok anti-government rally ကိုဘာသာပြန်ဆိုသည်)

ထိုင်းနိုင်ငံ၊ မြို့တော် ဘန်ကောက်တွင် ထောင်ပေါင်းများစွာသော ဆန္ဒပြသူများက လက်ရှိ ဝန်ကြီးချုပ် ရင်လတ်ရှင်နာဝပ်ထရာ အား ဆန့်ကျင်သည့် ဆန္ဒထုတ်ဖော်ပြသမှုကြီးပြုလုပ်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယို ဗုံးများအသုံးပြု၍ လူစုခွဲရန် ကြိုးပမ်းလျက်ရှိကြောင်းသိရသည်။ ဝန်ကြီးချုပ် ရင်လတ်သည် ရာထူးမှ ထုတ်ပယ် ခြင်း ခံလိုက်ရသော ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ညီမဖြစ်ပြီး ၎င်းသည်အကိုဖြစ်သူ၏ကြိုးဆွဲရာ လုပ်ကိုင်နေ သူ ဖြစ်သည်ဟု စွပ်စွဲပြောဆိုသူအုပ်စုက ဆန္ဒပြမှုကြီးကို ဦးဆောင်ခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များ အချင်းများကြရာ ရဲတပ်ဖွဲ့ဝင် အနည်းဆုံး ၇ ဦးခန့် ဒဏ်ရာရရှိသွား ကြောင်း၊ ပါလီမန်လွှတ်တော်အနီး Royal Plaza ရှိ ဆန္ဒပြရာနေရာကို အဟန့်အတားများဖြင့် တားဆီးထားပြီး ယင်းနေရာသို့ဝင်ရောက်ရန် ကြိုးပမ်းသူများအား အဓိကရုဏ်း နှိမ်နင်းရေး တပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများ၊ ပလပ်စတစ်အကာအကွယ်များအသုံးပြုကာ နှိမ်နင်းလျက်ရှိကြောင်း BBC သတင်းထောက် ကဆိုသည်။

ဆန္ဒပြမှုကို ကန့်သတ်ပိတ်ပင်မှုများမရှိသော်လည်း အစိုးရအဆောက်အအုံများအနီးရှိ လမ်းများသို့ ဆန္ဒပြသူ များ ဝင်ရောက်နိုင်မှု မရှိစေရန် ရဲတပ်ဖွဲ့က ကန့်သတ်ဟန့်တားထားသည်ဟု BBC သတင်းထောက် Joanh Fisher ကပြောကြားသည်။ "ကျွန်တော်တို့ မျက်ရည်ယိုဗုံးတွေအသုံးပြုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ဆန္ဒပြ သူတွေက ရဲတွေကိုပိတ်ဆို့တာ တို့၊ သတ်မှတ်ထားတဲ့လုံခြုံရေး စည်းမျည်းစည်းကမ်းတွေအတိုင်လိုက်နာမှုမရှိတာတို့တွေဖြစ်ပေါ်နေလို့ပါ" ဟု ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် Piya Uthaya က Reuters သတင်းဌာနသို့ပြောကြားသည်။

ရဲတပ်ဖွဲ့ဝင်များအဆိုအရ ဓား၊ ကျည်ဆန် အပါအဝင် အမျိုးအစားစုံလင်သော လက်နက်များအား ဆန္ဒပြသူ များထံမှ သိမ်းဆီးရမိကြောင်းသိရသည်။ ဆန္ဒပြမှုကို ဦးဆောင်သူမှာ စစ်တပ်ဗိုလ်ချုပ်ကြီးဟောင်း Boonlert Kaewprasit ဖြစ်ပြီး ၎င်းတို့အုပ်စုက ရင်လတ်ရှင်နာဝပ်ထရာ အစိုးရသည် အဂတိလိုက်စားမှုများပြုလုပ်ကာ ထိုင်းဘုရင်အား စော်ကားမော်ကားပြုလုပ်မှုများကိုလျစ်လျူရှု ထား ကြောင်း စွပ်စွဲပြော ဆိုသည်။

 ဒီဆန္ဒပြပွဲက အစိုးရကို မောင်းထုတ်နိုင်မယ်ဆိုတာ ကျွန်တော်ယုံကြည်တယ်။ လက်ရှိထိုင်းအစိုးရဟာ အဂတိလိုက်စားပြီး ရက်စက်ကြမ်းတမ်းတယ်ဆိုတာ တစ်ကမ္ဘာလုံးကတွေ့နိုင်တယ်။ ရုပ်သေးအစိုးရ ဆိုတာကိုလည်း တစ်ကမ္ဘာလုံးကတွေ့နိုင်တယ်"ဟု၎င်းကစွပ်စွဲပြောဆိုသည်။ယမန်နှစ်ကဒီမိုကရေစီနည်းလမ်းတကျရွေးကောက်တင်မြှောက်ခြင်းခံလိုက်ရသူ ဝန်ကြီးချုပ် ရင်လတ်ရှင်နာဝပ်ထရာသည်စီတန်းလှည့်လည်ဆန္ဒပြမှုပြုလုပ်နေစဉ်အတွင်း ရဲတပ်ဖွဲ့ဝင် ၁၇၀၀၀ နီးပါး ဖြန့်ကျက်ထားရန် အမိန့်ထုတ်ခဲ့ပြီး အထူးလုံခြုံရေးဥပဒေတစ်ရပ်ကိုလည်း ပြဋ္ဌာန်း လိုက်သည်။

                                                       ************************************************************************************************

 

                     


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive