Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၂၈.၁၁.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ဒေါ်စုနှင့် ဗိုလ်ချုပ်

(Foreign Policy မှ December 2012 ရက်စွဲတပ်ထားသော Kurt M.Campbell ရေးသားသည့် The Lady and the General ကိုဘာသာပြန်ဆိုသည်)

***************************************************************************************

ဘာသာပြန်သတင်းများ

ဒေါ်စုနှင့် ဗိုလ်ချုပ်

(Foreign Policy မှ December 2012 ရက်စွဲတပ်ထားသော Kurt M.Campbell ရေးသားသည့် The Lady and the General ကိုဘာသာပြန်ဆိုသည်)

(စာရေးသူ Kurt M.Campell သည်အရှေ့အာရှနှင့် ပစိဖိတ်ရေးရာအမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဖြစ်ပါသည်)

မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ လုပ်ဖော်ကိုင်ဖက်များ ဖြစ်လာလိမ့်မည်ဟု မထင်ရသူများက နိုင်ငံရေးအရ အသွင်ကူးပြောင်းရေးကို အံ့သြဖွယ် မောင်းနှင်နေကြပါပြီ။ ထိုအထဲမှတစ်ဦးမှာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါသည်။ နောက်ပိုင်းမျိုးဆက်များက ဖိနှိပ်မူများကို အကြမ်းမဖက်ပဲ တွန်းလှန်သူ အဖြစ်သတ်မှတ်ကြပြီး၊ ဗိုလ်ချုပ်ဟောင်းတစ်ဦးဟု မထင်မှတ်ရလောက်သူ တစ်ဦးဖြစ်ပါသည်။ ယခုအခါ သူသည် တိုင်ပြည်ကိုလမ်းကြောင်းသစ်သို့ ဦးတည်ရန် ပဲ့ကိုင်နေပါသည်။ ယခုကဲ့သို့ သဘာဝမကျသောတွဲဖက်ခြင်းမျိုးကို မစဉ်းစားမိပေ။ သို့သော် ၎င်းတို့နှစ်ဦးသည် ယခုအခါ ရာစုနှစ်တစ်ဝက် အတွင်း မြန်မာ နိုင်ငံအတွက် မျှော်လင့်ချက်အပြည့်ရှိသော အလှည့်အပြောင်းကို ကိုယ်စားပြုနေကြပြီဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ဒုတိယကမ္ဘာစစ်မတိုင်မှီက အာရှ၏ဆန်အိုးကြီး ဖြစ်ခဲ့ပြီး၊ ကျန်းမာရေး၊ ပညာရေးနှင့် ကြွယ်ဝချမ်းသာမူအဆင့်များတွင် ဒေသအတွင်း၌ မြင့်မားခဲ့ပါသည်။ မြန်မာနိုင်ငံ၏ ကိုလိုနိခေတ်လွန်ကာလ အမွေဆိုးများတွင် ခါးသီးသည့်တိုင်းရင်းသားသွေးခွဲမူများ၊ အိမ်နီးချင်း၏ စစ်အေးတိုင်ပွဲ လျို့ဝှက်စီမံချက်တွင် ဗဟိုချက်၌ ကံမကောင်းစွာ ပါဝင်ရခြင်းများ ပါဝင်ပါသည်။ စစ်အေးတိုက်ပွဲကာလတွင် ဆိုဗိယက်ယူနီယံ၊ တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့သည် မဟာဗျုဟာခြေကုတ်ရယူရန်နှင့် ဝါဒရေးရာ မဟာမိတ်ရရေးတို့ကို ပြိုင်ဆိုင်ခဲ့ကြပါသည်။ ၁၉၆၂ ခုနှစ် အာဏာသိမ်းမူအပြီးတွင် စစ်တပ်သည် နိုင်ငံကိုစုစည်းရန် လိုအပ်သောကြောင့် လိုအပ်သောအင်အားဖြင့် စုစည်းထားရန်နှင့် အစစ်အမှန်သော် လည်းကောင်း၊ စိတ်ကူးဖြင့်သော် လည်းကောင်း နိုင်ငံခြား၏ လွှမ်းမိုးမူပုံစံမျိုးစုံကို ဆန့်ကျင်ရန်ပြောလာခဲ့သည်။ ဗိုလ်ချုပ်များသည် တိုင်းပြည်ကို ပျက်စီးခြင်းသို့ရောက်အောင် တွန်းပို့ခဲ့ကြသည်။

၂၀၀၉ ခုနှစ်အရောက်တွင် အမှန်တကယ်ပြောင်းလဲမူဖြစ်နိုင်သည့် ပွင့်လင်းသည်လက္ခဏာ အနည်းငယ်ကိုသာ တွေ့ရပါသည်။ သို့သော် သမ္မအိုဘားမားသည် မြန်မာနိုင်ငံကို အထီးကျန်ဘဝမှ လွတ်မြောက်ရေးအတွက်ကူညီရန် ယာယီနည်းလမ်းသစ်များဖြင့် ကြိုးပမ်းမူ စတင်ပြုလုပ်ခဲ့ပါသည်။

၂၀၁၀ ခုနှစ် အစောပိုင်းစာရေးသူ၏ မြန်မာနိုင်ငံသို့ ပထမဦးဆုံးခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်းကောင်း၊ ထိုစဉ်က ဝန်ကြီးချုပ်နှင့် စစ်အစိုးရ၏ နံပါတ်လေးခေါင်းဆောင် ဦးသိန်းစိန်နှင့်လည်းကောင်း တွေ့ဆုံခဲ့ပါသည်။ ၎င်းတို့နှစ်ဦးကြား ခြားနားမှုမှာ သိမ့်မကြီးနိုင်ကြောင်း တွေ့ရသည်။ စာရေးသူအား ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြိုရှိ ရုရှားတို့ဆောက်လုပ်ပေးထားသော ဟောင်းနေသည့်ဟိုတယ်ကြီးတစ်ခုတွင် တွေ့ဆုံခွင့်ပေးခဲ့ ပါသည်။ အဆိုပါဟိုတယ်မှာ မြန်မာနိုင်ငံတွင် စစ်အေးတိုက်ပွဲကာလ၏ အကောင်းအဆိုးရောပြွမ်းနေသော အကျိုးဆက်များမှ အကြွန်းအကျန်တစ်ခု ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်အား သူ့ကိုအကျယ်ချုပ်ထားရှိသည့်နေအိမ်မှ ဟိုတယ်သို့ ပို့ပေးခဲ့ပါသည်။ စာရေးသူတို့သည် ၃ နာရီကြာခန့် စကားပြောခဲ့ရာ မြန်မာနိုင်ငံအသစ်အတွက် သူ၏မျော်လင့်ချက်များအကြောင်း ပြောဖြစ်ခဲ့သည်။ သူသည်ကြိုတင်သိထားသည့်အတိုင်း ဆွဲဆောင်အား ကောင်းလှပြီး၊ လက်ရှိ စိတ်ပျက်ဖွယ်အခြေအနေ ရှိလင့်ကစား ဆုံးဖြတ်ချက်ခိုင်မာ အားကောင်းပြီး အကောင်းမြင်မူကို ထင်ဟပ်နေပါသည်။ သူ့အား ဆယ်စုနှစ် နှစ်ခုနီးပါး နေအိပ်အကျယ်ချုပ်ဖြင့် အထီးကျန်ခဲ့သော်လည်း နိုင်ငံတကာဖြစ်ပေါ်တိုးတက်မူများကို အသေးစိတ်ဆုတ်ကိုင်မိကြောင်း ပြသခဲ့ပါ သည်။ သူက နေ့စဉ်ဖြတ်သန်းမှုများပြောရာတွင် နေ့စဉ် BBC ကမ္ဘာသတင်း VOA သတင်းများနားထောင်ပြီး ရေးရေးသာစိတ်ကူးနိုင်သည် သူ၏ အနာဂါတ်နေရာအတွက် ကြိုတင်ပြင်ဆင်နေပုံကို ပြောပြပါသည်။ ယနေ့တွင် လက်တွေ့ အကောင်အထညပေါ်လာပြီ ဖြစ်ပါသည်။ စစ်အစိုးရသည် နိုင်ငံပိုင်သတင်းစာများတွင် စာရေးသူ၏ခရီးစဉ်အား ဖော်ပြရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ဓါတ်ပုံကို ဖြတ်တောက်ဖော်ပြခဲ့ပါသည်။

စာရေးသူသည် ဦသိန်းစိန်ကို နေပြည်တော်တွင်တွေ့ဆုံခဲ့ပါသည်။စာရေးသူတို့က အဓိပ္ပါယ်ရှိသော တွေ့ဆုံဆွေးနွေးပွဲကို အဆိုပြုခဲ့ရာ လုံးဝတုန့်ပြန်မှု မရခဲ့ပေ။ ၎င်းနှင့်သူ၏ ဗိုလ်ချုပ်များသည် ဒေါ်အောင်ဆန်းစုကြည်နှင့်ဆက်ဆံရန် လည်းကောင်း၊ ပြုပြန်ပြောင်းလဲရေး အကောင်းအထည်ဖော်ရန် ၎င်းဆန္ဒရှိပုံ လက္ခဏာလုံးဝမပြခဲ့ပေ။ ဦးသိန်းစိန်သည် ပါဝါရှိသူတစ်ဦးဟု မထင်ရပေ။ခံစားချက်ကို ထုတ်မပြပဲ၊ သဘောထား နူးညံသူဖြစ်ပါသည်။ သို့သော်လည်း ၎င်းနှင့်ပထမဦးဆုံးအကြိမ် တွေ့ဆုံမူတွင် လေသံအတက်အကျ စစ်သားအသံ ဂရုပြု ထိန်းသိမ်းထားပြီး၊ သတိထား သည့် သဘောရှိပါသည်။ ယခုသမ္မတဘဝတွင် သက်ဝင်စေသည့် ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်သော အိုင်ဒိယာများကို တစွန်းတစ ထုတ်ဖော် ပြသခဲ့ခြင်းမရှိပေ။သုံးနှစ်ကြာခဲ့ပြီးနောက်၊ ယခုနှစ်စက်တင်ဘာလတွင် ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်တွင် အမတ်တစ်ဦးအနေဖြင့် အမေရိကန် ပြည်ထောင်စုသို့ လွတ်လပ်စွာ သွားလာနိုင်ခဲ့ပါသည်။ သူသည် ဆုလက်ခံယူရန်နှင့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာအသိုင်းဝိုင်းက ထောက်ခံပံ့ပိုးမှုရရန်နှင့် အဆက်သွယ်သစ်များရရန် လုပ်ဆောင်နိုင်ခဲ့ပါသည်။ သူ၏ ခရီးစဉ်အတွင်း ဦးသိန်းစိန်သည်လည်း အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိလာပါသည်။ ဦးသိန်စိန်သည် ကုလသမဂ္ဂအထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားသည့် ပထမဦးဆုံး မြန်မာနိုင်ငံခေါင်းဆောင် ဖြစ်လာပြီး နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် တွေ့ဆုံခဲ့ပါသည်။ “မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူတွေဟာ ဒိမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် တွေမှာ နောက်ပြန်မလှည့်မယ် ထင်သာမြင်သာခြေလှမ်းများလှမ်းနေပါပြီ”ဟု ၎င်းကပြောပါသည်။ ၎င်းသည်နယူးယောက်တွင် ရှိစဉ်အတွင်း အောင်ဆန်းစုကြည်နှင့် ပုဂ္ဂလိကတွေ့ဆုံမှုဖြင့် တွေဆုံခဲ့ပါသည်။ ၎င်းတို့လုပ်ဖော်ကိုင်ဖက်အဖြစ် ပေါင်းစည်းမူမှာ မဖြစ်နိုင်သောကိစ္စ ဖြစ်သော်လည် နယူးယောက်တွင် ၎င်းတို့တွေ့ဆုံမှုမှာ ၎င်းတို့နှင့် ၎င်းတို့တိုင်းပြည် မည်မျှခရီးပေါက်ခဲ့ပြီဆိုသည်ကို အားကောင်းစွာညွန်ပြခဲ့သည် သင်္ကေတဖြစ်ပါသည်။

၎င်းတို့၏ ဆက်ဆံရေးအစမှာ ၂၀၁၁ ခုနှစ် သြဂုတ်လက လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ပုံတူပန်းချီကားအောက်တွင် တွေ့ဆုံ ပြီး၊ ဦးသိန်းစိန်၏ဇနီးတည်ခင်းသော ညစာစားသုံးခြင်းတွင် စတင်ခဲ့ခြင်းဖြစ်ပါသည်။ ၎င်းတို့သည် တိုင်းပြည်အသစ်တစ်ဖန် ပြန်လည်မွေးဖွားနိုင်ရေး အတွက် မျှော်လင့်ချက်များဖလှယ်၍ သတိဖြင့် ယာယီညှိနှိုင်းခဲ့ရပုံရပါသည်။ ထိုပထမဦးဆုံးတွေ့ဆုံမှုတွင် အာဏာရှင်လူအိုကြီးသန်းရွှေ ၂၀၁၁ ခုနှစ် အနားယူအပြီး မြန်မာနိုင်ငံတွင် ပင့်သက်မှားသည့် ပြောင်းလဲမူများဖြစ်ပေါ်လာရေးအတွက် လုပ်ဆောင်ရန်  သတ်မှတ်နိုင်ခဲ့ပါသည်။ ထို့နောက် ဦးသိန်းစိန်၏ အစိုးရသည် နိုင်ငံရေးအကျဉ်းသားရာပေါင်းများစွာကို လွှတ်ပေးခဲ့ပါသည်။ ပြောဆိုခွင့်၊ စုဝေးခွင့်၊ လှုပ်ရှားခွင့်တို့နှင့်ပတ်သက်၍ ရက်စက်စွာချမှတ်ထားသော ကန့်သတ်မှုများကို ဖြေလျှော့ပေးခဲ့ပါသည်။ တိုင်းရင်းသားလက်နက်ကိုင်အုပ်စု အတော်များများဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရယူနိုင်ခဲ့ပါသည်။ စစ်အစိုးရက ၂၂ နှစ်ကြာ NLD ၏ရွေးကောက်ပွဲအောင်နိုင်မူကို လစ်လျုရူခဲ့ပြီးနောက် လွှတ်တော်တွင်ပါဝင်ရန် ပြန်လည်ခွင့်ပြုသော ရွေးကောက်ပွဲများ ကျင်းပခဲ့ပါသည်။

ပထဝီနိုင်ငံရေးကြောင့်ဖြစ်စေ၊ နိုင်ငံတကာ၏ အဆက်မပြတ်ဖိအားများကြောင့် ဖြစ်စေ မြန်မာနိုင်ငံ၏ ရုတ်တရက်တံခါးဖွင့်လာမူတွင် အဆိုပြုမူများစွာ ရှိလာပါသည်။ သို့သော် အဆိုပါထူးခြားသော ပုဂ္ဂိုလ်ရေးအတွေ့အကြုံများသည် များစွာအလုပ်ဖြစ်လိမ့်မည်ဟု စာရေးသူ ယုံကြည်ပါသည်။ အမေရိကန်အစိုးရနှင့် အဓိကကွန်ဂရက်မဟာမိတ်များသည် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာနိုင်ငံ လွတ်မြောက်ရေး တိုက်ပွဲသူများနှင့် ၎င်းတို့၏ အမှောင်ဆုံးနေ့ရက်များက ဆုံးဖြတ်ချက်ခိုင်မာစွာ အတူရပ်တည်ခဲ့သည် ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် စနစ်ဟောင်းကို ပြောင်းပြန်လှန်၍ ကွဲပြားခြားနားသော လမ်းကြောင်းတွင် လျှောက်လှမ်းရန် လိုအပ်နေချိန်တွင် ဦးသိန်စိန်ရောက်ရှိလာခြင်း ဖြစ်ပါသည်။ သူသည် ဝန်ကြီးချုပ်ဘဝဖြင့် ပြင်ပ ကမ္ဘာသို့ ထိတွေ့ခွင့်ရခဲ့ရာ ဒေသတွင်း မြို့တော်များသို့ ရောက်ခဲ့ပါသည်။ အဆိုပါ မြို့တော်များသည် လွန်ခဲ့သောဆယ်စုနှစ်များက ခေတ်မှီသော ရန်ကုန်မြိုနှင့် ခြားနားစွာဆင်းရဲခဲ့သော်လည်း ယခုအခါ ခေတ်မှီမြို့တော်ကြီးများ ဖြစ်နေသည်ကို တွေ့ခဲ့ရပါသည်။ မြန်မာနိုင်ငံ၏ကျရှုံးမူမှာ မြင်သာထင်သာရှိလှပါသည်။ အပယ်ခံနိုင်ငံ ဖြစ်နေရခြင်း၊အရှေတောင်အာရှနိုင်ငံများအတွက် မြန်မာနိုင်ငံကြောင့် မျက်နှာပျက်စရာများ ဖြစ်ရခြင်းတို့သည် ခေတ်စနစ်ဟောင်း၏ နာကျင်ဖွယ်များဖြစ်ကြောင်း ပြောနိုင်ပါသည်။

ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းရန် ခက်ခဲပါလိမ့်မည်။ အားလုံးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်တို့၏ အားတက်ဖွယ် နမူနာကို လိုက်နာကြရမည်ဖြစ်ပြီး၊ အားလုံး ကောင်းမွန်ရေးအတွက် ခါးသီးသောအမုန်းတရားများနှင့် မယုံကြည်ရမူများကို ဘေးဖယ်နိုင်မှု နမူနာများကို ၎င်းတို့နှစ်ဦးထံမှယူနိုင်မူအပေါ်တွင် မူတည်နေပါသည်။ နိုင်ငံ၏ကောင်းမွန်သော အနာဂါတ်အတွက် ၎င်းတို့နှစ်ဦး၏ ပူးပေါင်းပါဝင်မူသည် ခေါင်းဆောင်နှစ်ဦးအား ၎င်းတို့၏ ဝတ်စုံများကို ဖယ်ခွာစေခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံတကာစံများ၏ အဓိကနေရာတွင် ယူထားပြီး ဦးသိန်းစိန်မှာအကြွင်းမဲ့အာဏာကိုဖြစ်စေသည့် စစ်တပ်၏တာဝန်ရှိသူတစ်ဦး ဖြစ်နေပါသည်။ ၎င်းတို့ ဝတ်စုံများကို ပယ်ဖယ်ပစ်ပြီးမှ ယခုကဲ့သို့ တူညီသော ကိစ္စရပ်များတွင် တွေ့ဆုံနိုင်ခဲ့ပါသည်။ နိုင်ငံသားတစ်ဦး၊ မျိုးချစ်သူတစ်ဦးအနေဖြင့် မြန်မာနိုင်ငံအသစ်အတွက် အတူတကွ ရုန်းကန်ကြိုးပမ်းနေကြပါသည်။ ထိုလုပ်ငန်းစဉ်များကို လုပ်ကိုင်နေကြသည်မှာ စာရေးသူတို့အတွက် သတိမပြုမိပဲမနေနိုင် ဖြစ်ကြရပါသည်။

 

***********************************************************************************

 

                     


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၂၈.၁၁.၂၀၁၂

ပြည်တွင်းသတင်း

  1. ထိုင်းရောက်မြန်မာလုပ်သားများအရေး ILO ကူညီမည်
  2. မြန်မာဆန်စပါးကဏ္ဍ ပုဂ္ဂလိသို့တာဝန်ယူစေတော့မည်

နိုင်ငံရေးသတင်း

  1. တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ လုပ်ပိုင်ခွင့်တိုးမြှင့်နိုင်ရန် ပင်လုံညီလာခံကျင်းပမည်
  2. လွှတ်တော်နှင့်သမ္မတအကြား သဘောထားကွဲလွဲမှုမှာ အသွင်ကူးပြောင်းရေးကိုထိခိုက်နိုင်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

  ********************************************************************************************

ပြည်တွင်းသတင်း

ထိုင်းရောက်မြန်မာလုပ်သားများအရေး ILO ကူညီမည်

ထိုင်းနိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများနှင့် ငါးဖမ်းသင်္ဘောများပေါ်တွင် သွားရောက်အလုပ် လုပ်ကိုင်လျက်ရှိကြသော မြန်မာလုပ်သားများကို ထိုင်း လုပ်ငန်းရှင်များက မတရားဖမ်းဆီးထောင်ချခြင်းများအား အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့(ILO)မှ အပြည့်အဝ ကူညီပေးသွားမည်ဖြစ်ကြောင်း သိရ သည်။

ပြည်ပသို့ ရောက်ရှိနေသည့် မြန်မာလုပ်သားများအနေဖြင့် ဖမ်းဆီးနှိပ်စက်ခံရမှုများအား အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင် တိုင်ကြားနိုင်ခဲ့ ခြင်း မရှိလျှင် မိမိဆွေမျိုး၊ အသိုင်းအဝန်းများမှတဆင့် ရန်ကုန်မြို့ရှိ ILO ရုံးသို့ တိုင်ကြားနိုင်ကြောင်း သိရသည်။ ထိုကဲ့သို့ တိုင်ကြားမှုများကို မြန်မာနိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အစည်း၊ ထိုင်းနိုင်ငံရှိ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများနှင့် ILO တို့မှ ဆက်သွယ်ဆောင်ရွက် ဖြေရှင်းပေးသွားမည် ဖြစ်ကြောင်း ILO မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများတွင် ကိုယ်တိုင်ပြစ်မှု ကျူးလွန်ခြင်းကြောင့် အကျဉ်းကျနေသူများ ရှိသကဲ့သို့ ထိုင်းအလုပ်ရှင်များနှင့် ထိုင်း အာဏာပိုင်များကပူးပေါင်း၍ အကြောင်းမရှိ အကျဉ်းချထားသည့် မြန်မာလုပ်သားများလည်း ရှိကြောင်း သိရသည်။ လက်ရှိအချိန်တွင် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ၏ အရေးကိစ္စကို ထိုင်း-မြန်မာအစိုးရချင်း ပူးပေါင်းဆောင်ရွက် ဖြေရှင်းပေးနေသော်လည်း ထုတ်ပြန်ထားသည့် သတ်မှတ် စည်းကမ်းများကို ထိုင်းလုပ်ငန်းရှင်များက ဖောက်ဖျက်လျက်ရှိနေသေးကြောင်း သိရသည်။

လက်ရှိ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သား  နှစ်သန်းကျော်အနက် ၁.၂ သန်းခန့်သာ ယာယီနိုင်ငံကူး လက်မှတ်ပြုလုပ်၍ မှတ်ပုံတင် ထားကြောင်း သိရသည်။

YC          

*******************************************                   

                 

မြန်မာဆန်စပါးကဏ္ဍ ပုဂ္ဂလိသို့တာဝန်ယူစေတော့မည်

နိုင်ငံတကာတွင် မြန်မာ့ဆန်ဈေးကွက် ရရှိရေးနိုင်စေရေးအတွက် ဆန်စပါးမူဝါဒများ ပြောင်းလဲကျင့်သုံး၍ ဆန်စပါးဈေးကွက်ကို ပုဂ္ဂလိကသို့ လွှဲပြောင်းကာ အပြည်အဝ တာဝန်ယူဆောင်ရွက် စေတော့မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ကမ္ဘာဘဏ်မှ Senior Ecinomist Mr.Paavo Eliste တို့ဦးဆောင်သော ကိုယ်စာလှယ်အဖွဲ့နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးရုံး၌ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်က ယခုကဲ့သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဆန်စပါးမူဝါဒများကိုပြောင်းလဲ၍ ပုဂ္ဂလိကသို့တာဝန်ယူစေခြင်းကြောင့် တောင်သူလယ်သမားများ၏ ဘဝတိုးတက်ရေးနှင့် မြန်မာ့ လယ်ယာကဏ္ဍ မြှင့်တင်ရေးတို့တွင် အထောက်အကူကောင်းများ ရှိလာစေနိုင်မည့်အပြင်၊ လိုအပ်သောနည်းပညာ အကူအညီများကိုလည်း စီးပွား/ကူးသန်းဝန်ကြီးဌာနမှ ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် လက်ရှိအချိန်တွင် ပြည်တွင်းရှိ ဆန်စပါးဆိုင်ရာ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ လိုအပ်သောဆန်မှုဝါဒများကို ချမှတ်နိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

အဆိုပါဆွေးနွေးပွဲတွင် မြန်မာလယ်ယာကဏ္ဍကုန်သွယ်မှု ဖွံဖြိုးတိုးတက်ရေးအတွက် ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး ခေတ်နှင့် လျော်ညီသော ဆန်စပါးမှုဝါဒများ ရေးဆွဲနိုင်ရေးနှင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပရေးတို့အတွက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

YC

***************************************************************************************************

နိုင်ငံရေးသတင်း

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ လုပ်ပိုင်ခွင့်တိုးမြှင့်နိုင်ရန် ပင်လုံညီလာခံကျင်းပမည်

မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားကိုယ်စားလှယ်အားလုံး ပါဝင်တက်ရောက်နိုင်သည့် ပင်လုံညီလာခံကို ကျင်းပပြုလုပ်၍ ယင်းညီလာခံတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ လုပ်ပိုင်ခွင့်များ တိုးမြှင့်နိုင်စေရေးအတွက် အဓိကဆွေးနွေးသွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၂၄ ရက်နေ့တွင် MCC ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲတွင် ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် ပင်လုံညီလာခံတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များကို ပြည်သူများက ရွေးချယ်တင်မြှောက်နိုင်ခွင့် ရရှိနိုင်စေရန်နှင့် ပြည်နယ်အဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းခွင့် ရရှိနိုင်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ပြဋ္ဌာန်းထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများ၏ လုပ်ပိုင်ခွင့်အာဏာကို အတိအကျ ပြဋ္ဌာန်းထားခြင်း မရှိသည့်အတွက် ပြည်ထောင်စုအဆင့်ရှိ ပုဂ္ဂိုလ်များမှ ပေးအပ်သည့် လုပ်ပိုင်ခွင့်များဖြင့်သာ ရပ်တည်နေရကြောင်း သိရသည်။

ထိုသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ လုပ်ပိုင်ခွင့် အားနည်းနေသည့်အတွက် အချို့ကိစ္စရပ်များတွင် အခက်အခဲများရှိပြီး ယင်းကိစ္စ ပြေလည်နိုင်စေရန် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ နိုင်ငံတကာပညာရှင်များနှင့် ဆွေးနွေးခြင်းနှင့် ပင်လုံကဲ့သို့ ညီလာခံပြုလုပ်၍ လုပ်ပိုင်ခွင့်အာဏာ တိုးမြှင့်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

YC

*******************************************

လွှတ်တော်နှင့်သမ္မတအကြား သဘောထားကွဲလွဲမှုမှာ အသွင်ကူးပြောင်းရေးကိုထိခိုက်နိုင်

လွှတ်တော်နှင့် နိုင်ငံတော်သမ္မတအကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေခြင်းသည် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးကိုပါ ထိခိုက် လာနိုင်စေမည် ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး စောင့်ကြည့်လေ့လာနေသူတစ်ဦးက ပြောကြားသည်။

နိုင်ငံတော်အေးချမ်းသာရာရေးနှင့် ဖွံဖြိုးရေးကောင်စီလက်ထက်က ရေးဆွဲပြဋ္ဌာန်းခဲ့သော  ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေနှစ်ခုနှင့် စာရင်းစစ်ချုပ်ဥပဒေများကို ပြည်ဆောင်စုလွှတ်တော်တွင် ပြင်ဆင်အတည်ပြုခဲ့ပြီး နိုင်ငံတော်သမ္မတထံ လက်မှတ်ရေးထိုးရန် ပေးပို့ခဲ့သော်လည်း နိုင်ငံတော်သမ္မတက  သဘောမတူသည့် အချက်များကို သဘောထားမှတ်ချက် ၁၀ ချက်နှင့်အတူ လွှတ်တော်သို့ မတ်လ ၃ ရက်နေ့တွင် ပြန်လည်ပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ သဘောထားပြင်ဆင်ချက်ကို ပြည်ထောင်စုလွှတ်တော်က သဘောတူထောက်ခံသည့်အတွက် နိုဝင်ဘာ ၁၈ ရက်နေ့တွင် နိုင်ငံတော် သမ္မတထံသို့ ဒုတိယအကြိမ် ပြန်လည်ပေးပို့ခဲ့သော်လည်း အဆိုပါ ယင်းဥပဒေကြမ်းကို နိုင်ငံတော်သမ္မတက လက်ခံသဘောတူခြင်း မရှိသည့်အတွက် ပြည်ထောင်စုလွှတ်တော် နာယကထံသို့ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် သဝဏ်လွှာ ပြန်လည်ပေးပို့ခဲ့ကြောင်း သိရသည်။

ထို့ပြင်   ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထားသော ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းကို ပြဋ္ဌာန်းနိုင်ရေး အတွက် နိုင်ငံတော်သမ္မတသို့ လက်မှတ်ရေးထိုးရန် ပေးပို့ရာတွင် သမ္မတက အဆိုပါဥပဒေကြမ်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွှတ်ခြင်း မရှိကြောင်း သဘောထားမှတ်ချက်များနှင့်အတူ ပြည်ထောင်စုလွှတ်တော် နာယကထံသို့ နိုဝင်ဘာလ ၁ ရက်နေ့တွင် သဝဏ်လွှာပေးပို့ခဲ့သည်။

ထိုသို့ လွှတ်တော်နှင့် သမ္မတအကြား သဘောထားကွဲလွဲမှုများသည် အသွင်ကူးပြောင်းရေးကို ထိခိုက်စေနိုင်သည့်အတွက် လွှတ်တော်နှင့် အစိုးရအဖွဲ့အကြား သဘောမတူညီမှုများရှိသော်လည်း လွှတ်တော်အမတ်များကို အာဏာပိုင်များက အလေးထားရန် လိုအပ်သကဲ့သို့ လွှတ်တော် အမတ်များအနေဖြင့်လည်း အုပ်ချုပ်ရေးအာဏာပိုင်များ၏ ဆောင်ရွက်နေမှုများအား ဝင်ရောက်လွှမ်းမိုးချုပ်ကိုင်ခြင်း မပြုလုပ်ရန် လိုအပ်ကြောင်း သိရ သည်။

YC

****************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ          

"ပြည်တွင်းမှာရရှိတဲ့ လုပ်ငန်းရှင်တွေက ကိုယ်နိုင်တဲ့ဝန်နဲ့ပဲ လုပ်နေကြတာဆိုတော့ တကယ်လို့ ပြည်ပက လုပ်ငန်းရှင်တွေသာဝင်ပြီး ရင်းနှီးမြှုပ်နှံမယ် ဆိုရင် ကျွန်တော်တို့အတွက် အင်အားတစ်ခုရသွားတာပေါ့။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်။ နိုင်ငံတကာကဝင်လာပြီး နောင်တစ်ချိန်မှာ ပြည်တွင်း ရွှေဈေးကွက်ကို ဝင်ပြီး ကစားသွားမလား၊ ဒါမျိုးတွေဖြစ်လာရင် ဘယ်လိုကာကွယ်မလဲ။ ဒါတွေတော့ စဉ်းစားဖို့လိုလိမ့်မယ်"

နိုဝင်ဘာ ၂၉ ရက်နေ့ထုတ်၊ အင်ပါယာဂျာနယ်၊ အတွဲ ၄ အမှတ် ၄၇ တွင်ပါရှိသော “မြန်မာ့ရွှေပြည်ပမှ ဝင်ရောက်ဈေးကစားခြင်း မဖြစ်အောင်ကြိုပြင်ထားသင့်”သတင်းမှ  မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေမှူးဦးကျော်ဝင်း ပြောကြားချက်အား ကောက်နှုတ်ချက်။

                                               *********************************************

"လွှတ်တော်အဖွဲ့အစည်းတွေကို အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ တန်းတူရည်တူမထားနိုင်တာပာာ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးမဏ္ဍိုင်တွေကို အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့နောက်မှာပဲ ထားချင်တဲ့ဆိုတဲ့သဘောဖြစ်နေတယ်။ အရင်အစိုးရရဲ့ အကျင့်အတိုင်းပဲ လုပ်ချင်တဲ့ပုံပေါက်နေတယ်"

နိုဝင်ဘာ ၂၉ ရက်နေ့ထုတ်၊ 7Day News ဂျာနယ်၊ အတွဲ ၁၁ အမှတ် ၃၈ တွင်ပါရှိသော “အတည်ပြုပြီး ဥပဒေကြမ်းအပေါ် သမ္မတ မှတ်ချက်ပြုခြင်းအား လွှတ်တော်ကိုယ်စားလှယ်အချို့ဝေဖန်” သတင်းမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင် ပြောကြားချက်အား ကောက်နှုတ်ချက်။

********************************************

“ခေတ်မီတဲ့ဒီမိုကရေစီကို လေးစားတန်ဖိုးထားတဲ့ တပ်မတော်ဖြစ်ဖို့ဆိုရင် တကယ့်ဒီမိုကရေစီနိုင်ငံကြီးတွေရဲ့ တပ်မတော်တွေနဲ့ ပူးပေါင်းမှုရှိဖို့လိုတယ်။ ပြီးတော့ တကယ့်ဒီမိုကရေစီနီုင်ငံကြီးရဲ့ စစ်တပ်နဲ့ပူးပေါင်းခြင်းအားဖြင့် နိုင်ငံရေးကို အရမ်းစွက်ဖက်တဲ့ စစ်တပ်ကနေ ဒီမိုကရေစီကိုလေးစားတဲ့ စစ်တပ် ဖြစ်သွားနိုင်တယ်။ စစ်တပ်ကို ဒီမိုကရေစီ သင်ပေးသလိုပေါ့”

နိုဝင်ဘာ ၂၉ ရက်နေ့ထုတ်၊ 7Day News ဂျာနယ်၊ အတွဲ ၁၁ အမှတ် ၃၈ တွင်ပါရှိသော “Cobra Gold စစ်ရေးလေ့ကျင့်မှုတွင် မြန်မာ့ တပ်မတော်မှ လေ့လာသူသုံးဦးစေလွှတ်ခွင့်ရ”သတင်းမှ နိုင်ငံရေးဆောင်ပါးရှင် နေသန်မောင် ကောက်နှုတ်ချက်။

   ******************************************************************************************

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive