Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
Document yangonchronicle 2011 - (2)

Snapshot of the item below:
yangonchronicle 2011 - (2)

၁၇.၁၂.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. သံတမန်ရေးကိုအလေးမထားသည့်တရုတ်ပြည်

(Japan Times သတင်းစာမှ 16 Dec 2012 ရက်စွဲပါ Dipak Basu ရေးသားသည့် China doesn't respect diplomacy ကိုဘာသာပြန်ဆိုသည်)

  1. အိန္ဒိယနိုင်ငံကို နားလည်ခွင့်လွှတ်ပေးနိုင်သောကြောင့် စိုးရိမ်သံသယမရှိဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

(The Asian Age မှ 15 Dec 2012 ရက်စွဲပါ “No misgivings have to make allowances for friends: Su kyi” သတင်းကို ဘာသာပြန်ဆိုသည်)

****************************************************

ဘာသာပြန်သတင်းမျာ

သံတမန်ရေးကိုအလေးမထားသည့်တရုတ်ပြည်

(Japan Times သတင်းစာမှ 16 Dec 2012 ရက်စွဲပါ Dipak Basu ရေးသားသည့် China doesn't respect diplomacy ကိုဘာသာပြန်ဆိုသည်)

ဒီဇင်ဘာလ ၁၁ ရက်နေ့ထုတ် Japan Times သတင်းစာတွင် "စစ်ရေးချဉ်းကပ်မှုဖြင့် မပြေလည်နိုင်" ဟူသည့် ခေါင်းကြီးပိုင်းကို ဖတ်လိုက်ရသည်။ တရုတ်ပြည်၏ အင်ပါယာချဲ့ထွင်မှုအား သံတမန်ရေးနည်းလမ်းဖြင့် မည်သို့မည်ပုံဟန့်တားနိုင်မည်ဟူသော အချက်ကို ကျွန်ုပ်အနေဖြင့် စဉ်းစား၍သလိုဖြစ်နေသည်။  တရုတ်တွေသည် ၁၉၄၉ ခုနှစ်မှစကာ(မော်စီတုန်းနှင့် ချန်ကေရှိတ်အပါအဝင်) နယ်နမိတ်တစ်ခုပြီးတစ်ခု သိမ်းယူခဲ့ကြသည်။ တိဘက်၊ အရှေ့ပါကစ္စတန်၊ အရှေ့မွန်ဂိုလီးယား၊  မန်ချူးရီးယား၊ ဖော်မိုဆာတို့ကိုသိမ်းယူပြီး အိန္ဒိယ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ရုရှား၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့၏ နယ်နိမိတ်တစ်စိတ်တစ်ဒေသများကို တောင်းယူသည်။

အကယ်၍ နိုင်ငံတစ်နိုင်ငံက တရုတ်၏တောင်းဆိုချက်ကို အလျှော့မပေးဘဲတင်းခဲ့သည့်အခါတိုင်း စစ်မက်ဟူသည့် ရလဒ်ထွက်ပေါ်လာသည်။ ၁၉၆၂ ခုနှစ်တွင် ဖြစ်ပွားသော တရုတ်-အိန္ဒိယစစ်ပွဲ၊ ၁၉၆၉ ခုနှစ် တရုတ်-ဆိုဗီယက် နယ်စပ်ပဋိပက္ခနှင့် ၁၉၇၉ ခုနှစ် တရုတ်-ဗီယက်နမ်စစ်ပွဲ စသည်တို့ဖြစ်သည်။ ယခုအခါတွင်မူ တရုတ်နိုင်ငံသည် တရုတ်ကမ်းခြေမှ ကီလိုမီတာ ၁၀၀၀ ကျော်အကွာအဝေးတွင်ရှိသည့် စပရက်တလေကျွန်းများ၊ တစ်ကြိမ်တစ်ခါမျှ တရုတ်ပြည်၏ အစိတ်အပိုင်းမဖြစ်ခဲ့ဖူးသော ဆန်ကာကူကျွန်းများအပါအဝင် တောင်တရုတ်ပင်လယ်ပြင်တစ်ခုလုံးကို တောင်းဆိုလျက် ရှိသည်။

လက်ရှိအနေအထားမျိုးတွင် တရုတ်ကိုဟန့်တားနိုင်မည့်နည်းလမ်းမှာ စီးပွားရေးနှင့်နိုင်ငံရေးလက်တုံ့ပြန်မှုသာဖြစ်သည်ဟု ရှုမြင်မိသည်။ အကယ်၍ ဂျပန်ကသာ တရုတ်ထုတ်ကုန်ပစ္စည်းများတင်သွင်းမှုကို လက်သင့်မခံတော့ဘဲ တရုတ်ပြည်တွင်းကော်ပိုရိတ်ရင်းနှီးမြှုပ်နှံမှုများကိုပါ ခွင့်ပြုချက်မပေးဘဲနေမည်ဆိုပါက ဘေဂျင်းအစိုးရအနေဖြင့် သဘောထားပျော့ပျောင်းလာနိုင်သည်။ အကယ်၍ အမေရိကန်ပြည်ထောင်စုနှင့် အခြားသော အနောက်နိုင်ငံများက ထိုကဲ့သို့ ကန့်သတ်ပိတ်ပင်မှုတွင် ပူးပေါင်းပါဝင်မည်ဆိုပါက အကျိုးဆက်မှာ ထူးထူးခြားခြားနှင့် ထိရောက်မှုရှိပေလိမ့်မည်။

တိဘက်နှင့် အခြားသောဒေသများသည်ပင် လွတ်လပ်မှုပြန်လည်ရရှိလာနိုင်သည်။ တရုတ်နိုင်ငံသည် သူ့အပေါ်ထားရှိသော အခြားနိုင်ငံ တစ်နိုင်ငံ၏ ချစ်ကြည်ရင်နှီးသည့် အပြုအမူများကို အားနည်ချက် သို့မဟုတ် တရုတ်သြဇာလွှမ်းမိုးချုပ်ကိုင်မှုကို လက်သင့်ခံမှုအဖြစ်အဓိပ္ပာယ်ဖော်ခဲ့သည်။

ဂျပန်နိုင်ငံ အာဏာရ ဒီမိုကရက်တစ်ပါတီ၏ အဆိုပါ ပြဿနာအပေါ် ချဉ်းကပ်ဖြေရှင်မှုမှာ လွန်စွာ ပျော့ပျောင်းလွန်းသည်ဖြစ်ရာ တရုတ်တို့က ရူးနှမ်းသော အပြုအမူအဖြစ်ပင် ရှုမြင်ထားဟန်ရှိသည်။ ယခု ရွေးကောက်ပွဲတွင် အနိုင်ရရှိသွားသည့် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင် ရှင်ဇိုအာဘေးမှာ အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယနှင့် သြစတြေးလျတို့နှင့် မဟာမိတ်ဖွဲ့မှုကို တရုတ်ပြည်သြဇာလွှမ်းမိုးမှုဟန့်တားရေးအဖြစ် လုပ်ကိုင်ဆောင်ရွက် မည်ဖြစ်ရာ ၎င်းသည်သာ ဂျပန်နိုင်ငံအတွက် မှန်ကန်သင့်တော်သော ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်လိမ့်မည်ဟု ယုံကြည်မိပါသည်။

------------------------------------------------------------------------------------------------

အိန္ဒိယနိုင်ငံကို နားလည်ခွင့်လွှတ်ပေးနိုင်သောကြောင့် စိုးရိမ်သံသယမရှိဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

(The Asian Age မှ 15 Dec 2012 ရက်စွဲပါ “No misgivings have to make allowances for friends: Su kyi” သတင်းကို ဘာသာပြန်ဆိုသည်)

အိန္ဒိယနိုင်ငံနှင့် မြန်မာတပ်မတော်အစိုးရဟောင်းတို့ ထိတွေ့ဆက်ဆံခဲ့ခြင်းသည် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် နှစ်သက်ဝမ်းမြောက်ဖွယ်ကိစ္စမဟုတ်သော်လည်း သူမက “တခါတရံ လမ်းလွှဲသွားသည့်တိုင်အောင် မိတ်ဆွေများအတွက် နားလည်ခွင့်လွှတ်ပေးနိုင် သောကြောင့် ထိုကိစ္စအပေါ် စိုးရိမ်သံသယမရှိကြောင်း” ပြောကြားလိုက်ပါသည်။

မြန်မာနိုင်ငံသို့ ပထမဆုံး ချစ်ကြည်ရေးခရီးရောက်ရှိနေသူ အိန္ဒိယပြည်ပရေးရာဝန်ကြီး ဆာလမန်ခါရှစ်နှင့် မိနစ်လေးဆယ်ကြာ တွေ့ဆုံပြီးနောက်တွင် ဒေါ်အောင်ဆန်းစုကြည်က “အုပ်ချုပ်ရေးစနစ်တစ်ခုမှ နောက်တစ်ခုသို့ အသွင်ကူးပြောင်းနေသော မြန်မာနိုင်ငံ၏ အနေအထားကို အိန္ဒိယနိုင်ငံက အလွန်လက်တွေ့ကျသောနည်းလမ်းဖြင့် စစ်ဆေးသုံးသပ်ပေးစေလိုကြောင်း” ပြောကြားခဲ့သည်။

မှန်ကန်စွာစီစဉ်တကျဖြစ်ပေါ်ရေးနှင့် ပတ်သက်ပြီးစိုးရိမ်မှုကို ထုတ်ဖော်ပြောဆိုသော ဒေါ်အောင်ဆန်းစုကြည်က “အမြန်နှုန်းတစ်ခုထဲသာမက ပါဘူး၊ အရာရာအားလုံးပါပဲ” ဟုရှင်းလင်းသည်။

ယင်းသို့တွေ့ဆုံရာတွင်ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍရှိ အခြေခံလူမှုကိစ္စရပ်များ ဖြေရှင်းရန်လိုအပ်နေခြင်းကိုလည်း ဆွေးနွေး ခဲ့ကြသည်ဟုလည်း သိရှိရသည်။

အိန္ဒိယနိုင်ငံအပေါ် သံသယကျန်ရှိနေသေးသလားဟု မေးမြန်းသောအခါ သူမက “မိတ်ဆွေအပေါင်း အသင်းဆက်ဆံရေးမှာ တခါတရံ သူက လမ်းမှားတတ်သလို တစ်ခါတစ်လေ ကိုယ်က လမ်းလွဲတက်ပါတယ်။ ဒါ့ကြောင့် ဒီအပေါ်မှာ ခံစားနေစရာအကြောင်းမရှိပါဘူး” ဟု ဖြေကြားသည်။

ပြီးခဲ့သောလက အိန္ဒိယခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်က “မြန်မာနိုင်ငံနှင့် ပြည်သူများ၏ အခက်ခဲဆုံးကာလများတွင် အိန္ဒိယနိုင်ငံက ပစ်ခွာသွားခဲ့ခြင်းကြောင့် စိတ်မကောင်းဖြစ်မိကြောင်း၊ ယခု အသွင်ပြောင်းနေချိန်တွင် ဒီမိုကရေစီစနစ် အောင်မြင်အောင် ကူညီရပ်တည်ပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း” ပြောကြားခဲ့သည်။

*****************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၁၇.၁၂.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်အား ရခိုင်ပြည်နယ်သို့ စေလွှတ်သင့်

(16 December 2012 ရက်စွဲပါ Bangkok Post မှ Thein Sein should send Suu Kyi to Rakhine ကို ဘာသာပြန်ပါသည်)

  1. မြန်မာနိုင်ငံတွင် အိန္ဒိယစစ်တပ်ပိုင် ဆွီဒင်လက်နက်တွေ့ရှိခြင်းကို ဒေလီစစ်ဆေး

(AFP News မှ ၁၆ ဒီဇင်ဘာ ၂၀၁၂ ရက်စွဲပါ “Delhi probing presence of Swedish arms in Myanmar” သတင်းကိုဘာသာပြန်ဆိုသည်။)

  1. ထိုင်းဝန်ကြီးချုပ် ထားဝယ်သို့သွား ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများက ကန့်ကွက်

(Bangkok Post မှ 17 Dec 2012 ရက်စွဲပါ “PM in Myanmar for Dawei meet” သတင်းကို ဘာသာပြန်ဆိုသည်)

  1. အိန္ဒိယကမြန်မာကို စည်းရုံးရန်ဘာသာရေးဒစ်ပလိုမေစီ ကျင့်သုံး

(The Gulf Today မှ 16 Dec 2012 ရက်စွဲပါ “Khurshid adopts religious diplomacy to woo Myanmar ” သတင်းကို ဘာသာပြန်ဆိုသည်)

***************************************************************************************

ဘာသာပြန်သတင်းများ

ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်အား ရခိုင်ပြည်နယ်သို့ စေလွှတ်သင့်

(16 December 2012 ရက်စွဲပါ Bangkok Post မှ Thein Sein should send Suu Kyi to Rakhine ကို ဘာသာပြန်ပါသည်)

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်သူများကို အပြောင်းအလဲသို့ဆွဲခေါ်ရာတွင် ခေတ်သစ်သမိုင်း၌ သူမတူအောင်ရှိလေသည်။ သူသည် အခက်အခဲကြားမှ ဇွဲရှိရှိဖြင့် ကြိုးပမ်းအားထုတ်မှုမှတဆင့် သူ၏နိုင်ငံသားများကို ရည်မှန်းချက်အား အချိန်၊ ကြိုးစားအားထုတ်မှုနှင့် စုစည်းညီညွတ်မှုများရှိပါက ပြုပြင်ပြောင်းလဲရေး အမှန်တရားဆိုသည်မှာ ဖြစ်နိုင်ကြောင်း နားလည်လာအောင် လုပ်ဆောင်ပြနိုင်ခဲ့ပါသည်။ ယခုဖြစ်ပျက်မှုများသည် အချိန်ကြာမြင့်ခဲ့သော်လည်း နောက်ဆုံးတွင် ၎င်းအနိုင်ရခဲ့ပြီး မှန်ကန်ကြောင်းကို သက်သေပြနိုင်ခဲ့ပါသည်။

များမကြာမီအချိန်က ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ်မှ အခြေအနေများနှင့်ပတ်သက်၍ အေးတိအေးစက်တုန့်ပြန်မှုကြောင့် ဝေဖန်မှုကို ခံခဲ့ရသည်။ အထူးသဖြင့် နိုင်ငံမဲ့ ရိုဟင်ဂျာများ၏ လိုအပ်ချက်များနှင့် ပတ်သက်၍ တုန့်ပြန်မှုမရှိသောကြောင့် ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကျွမ်းကျင်မှုနှင့် အများ၏လေးစားခံရမှုတို့သည် အဆိုပါပဋိပက္ခအတွက် အရေးပါပြီး အပေါင်းလက္ခဏာဆောင်သော သက်ရောက်မှုများရှိနိုင်ပါသည်။ သို့သော် အချိန်အတော်လွန်ခဲ့ပြီဖြစ်ပါသည်။ ထို့ကြောင့် အကယ်၍သာသူ့သဘောဆန္ဒအတိုင်း ဝင်ရောက်လာမှုမရှိပါက သမ္မတဦးသိန်းစိန်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ဆွဲခေါ်ထည့်သွင်းရန်ပင်ဖြစ်ပါသည်။ ၎င်းသည် ဒေါ်အောင်ဆန်းစုကြည်အား ရခိုင်ပြည်နယ်သို့ အမြန်ဆုံးစေလွှတ်ပြီး ရိုဟင်ဂျာကိစ္စ ရေရှည်အဖြေရှာရေးတွင် ဦးဆောင်ကဏ္ဍ၌ လူသိရှင်ကြား ကြေညာ၍ ခန့်အပ်ရမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်တွင် ရှိနေပြီဟုဆိုနိုင်သော်လည်း ရိုဟင်ဂျာများ၏ အခြေအနေမှာ ယခင်အတိုင်းဆိုးရွားဆဲဖြစ်ပြီး ကိုင်တွယ်ဖြေရှင်းရန်ခက်ခဲနေဆဲဖြစ်ပါသည်။ မကြာခင်က ထပ်မံဖြစ်ပွားသော ပြင်းထန်သည့်ဖြစ်ရပ်များကြောင့် လူသားချင်း စာနာသော လိုအပ်ချက်များ ပိုမိုလွှမ်းမိုးလာပြီး ရိုဟင်ဂျာများအပေါ်လူမျိုးရေးခွဲခြားဆက်ဆံမှုများ ပိုမိုကျယ်ပြန့်လာပါသည်။ မြန်မာလူမျိုးများက ရိုဟင်ဂျာများအပေါ် မည်သည့်အခွင့်အရေးမျှ မရစေလိုသည့် ခွဲခြားဆက်ဆံမှုများ ပြုခဲ့ပါသည်။ အစိုးရသည် ရိုဟင်ဂျာများ ခံစားနေရမှုများကို သိပါသည်။ ရခိုင်ပြည်နယ်မှ အခြေအနေများသည် အစိုးရ၏ ပြုပြင်ပြောင်းလဲရေးနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းသို့ ပြန်လည်ဝင်ရောက်ရေးများတွင် များစွာနှောင့်နှေးစေပါသည်။ ရခိုင်ပြည်နယ်ကိစ္စမှာ ဇွန်လနှင့် အောက်တိုဘာလက ဖြစ်ခဲ့သကဲ့သို့ အချိန်မရွေး ထ၍ ပေါက်ကွဲနိုင်ပါသေးသည်။ အကယ်၍များ ထပ်မံဖြစ်ပွားခဲ့ပါက ဒီမိုကရေစီလုပ်ငန်းစဉ်ကြီးတစ်ခုလုံး လမ်းချော်သွားနိုင်ပြီး နိုင်ငံတကာတွင် မြန်မာနိုင်ငံ၏ပုံရိပ် ပျက်ယွင်းသွား နိုင်ပါသည်။

စာရေးသူသည် ရခိုင်ပြည်နယ်သို့ စက်တင်ဘာလက သွားရောက်ခဲ့ရာ ရခိုင်ဗုဒ္ဓဘာသာများရော၊ ရိုဟင်ဂျာမူဆလင်များကပါ ဒေါသဖြစ်မှုနှင့် ကြောက်ရွံ့မှုများမြင့်တက်၍ ပြောပြကြသည်များကို ကြားသိခဲ့ရသည်။ ရခိုင်ပြည်နယ်သည် သဘာဝသယံဇာတပေါသော်လည်း မြန်မာနိုင်ငံတွင် ဒုတိယအဆင်းရဲဆုံးပြည်နယ်ဖြစ်ပါသည်။ ရခိုင်ဗုဒ္ဓဘာသာများက ဗဟိုအစိုးရသည် ၎င်းတို့ကို လျစ်လျူရှုထားပြီး ခွဲခြားဆက်ဆံသည်ဟု ခံစားနေကြရပါသည်။ ဇွန်လက ဖြစ်ရပ်များတွင် နှစ်ဖက်စလုံးက ပါဝင်ခဲ့ကြသော်လည်း ရိုဟင်ဂျာများမှာ သေဆုံးခြင်း၊ ဒဏ်ရာရခြင်းနှင့် ဖျက်ဆီးခံ ရခြင်းများ ပို၍ခံစားကြရပါသည်။ ပြီးခဲ့သည့် အောက်တိုဘာလ အဖြစ်အပျက်တွင်မူ ရိုဟင်ဂျာနှင့် ကမန်မူဆလင်များမှာ ပစ်မှတ်ထားတိုက်ခိုက်ခြင်း ခံရပါသည်။ ရခိုင်ပြည်နယ်၏အခြေအနေမှာ အချိန်မရွေးထ၍ပေါက်ကွဲနိုင်သော အခြေအနေတွင်ရှိနေဆဲဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်က လူသိရှင်ကြားပြောကြားခဲ့ရာတွင် ၎င်းအနေဖြင့် ရခိုင်ပြည်နယ်ကိစ္စတွင် မကြာခင်ကဖွဲ့စည်းသော အမျိုးသားစုံစမ်းရေး ကော်မရှင်အပါအဝင် အစိုးရ၏ကြိုးပမ်းမှုများကို အားနည်းသွားအောင်မလုပ်လိုကြောင်းဆိုခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြည်တွင်းတွင် အာဏာအကန့်အသတ်နှင့်သာ ရှိခြင်းကြောင့် ကျိုးကြောင်းဆီလျော်မှုရှိပါသည်။ သူ့အနေဖြင့် ရွေးချယ်တင်မြှောက်ခံလာရသော ပြုပြင်ပြောင်းလဲလာ သည့်အခြေအနေများမှာ အချိန်မရွေးနောက်ပြန်လှည့် သွားနိုင်ပါသည်။ ထိုအကြောင်းများကြောင့် ဦးစွာစတင်၍ ရွှေ့ရမည့်သူမှာ သမ္မတဦးသိန်းစိန်ပင် ဖြစ်ပါသည်။

အကယ်၍ သမ္မတကြီးသည် ရခိုင်ပြည်နယ်တွင် ပြန်လည်စည်းလုံးညီညွတ်ရေး၊ အကာအကွယ်ပေးရေးနှင့် အကူအညီပေးရေးအတွက် ရိုးသားစွာ ဆန္ဒရှိခဲ့ပါက ဒေါ်အောင်ဆန်းစုကြည်အား ထိုဒေသသို့စေလွှတ်ခြင်းထက် ပိုကောင်းသောလုပ်ဆောင်မှု ရှိလိမ့်မည်မထင်ပေ။ ထိုသို့သောလုပ်ဆောင်မှု သည် ဦးသိန်းစိန်အတွက် နိုင်ငံခေါင်းဆောင်တစ်ဦးအနေဖြင့် ရင့်ကျက်မှုကို သရုပ်ပြသကဲ့သို့ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အားလည်း အရေးကြီးသော ပဋိပက္ခတွင် ကိုင်တွယ်ဖြေရှင်း နိုင်မည့်အခွင့်အလမ်း ပေးလိုက်ခြင်းဖြစ်ပါမည်။ ထိုသို့လုပ်ဆောင်ပါက အရေးအကြီးဆုံးဖြစ်လာနိုင်သည်မှာ ရခိုင်ဒေသကို ရေရှည်ငြိမ်းချမ်းပြီး စဉ်ဆက်မပြတ်လှပသောအနာဂတ်လမ်းကြောင်းပေါ်တွင် ရှိနေစေနိုင်မည်ဖြစ်သည်။

(စာရေးသူ Melanie Teff သည် Refugees International မှ senior advocate တစ်ဦးဖြစ်ပါသည်။ ၎င်းအဖွဲ့သည် အမြတ်မယူသော အဖွဲ့ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်း အိုးမဲ့အိမ်မဲ့များ၊ နိုင်ငံမဲ့များ ရပ်စဲသွားရေးလုပ်ဆောင်သော အဖွဲ့ဖြစ်ပါသည်။ ကုလသမဂ္ဂသော်လည်းကောင်း၊ အခြားအစိုးရများထံမှ လည်းကောင်း ရန်ပုံငွေရယူခြင်းမရှိပါ။ သူသည် ‘Rohingya in Burma: Spotlight on Current Crisis offers opportunity for progress’ အစီရင်ခံစာပူးတွဲရေးသားသူ ဖြစ်ပါသည်။)

 -------------------------------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံတွင် အိန္ဒိယစစ်တပ်ပိုင် ဆွီဒင်လက်နက်တွေ့ရှိခြင်းကို ဒေလီစစ်ဆေး

(AFP News မှ ၁၆ ဒီဇင်ဘာ ၂၀၁၂ ရက်စွဲပါ “Delhi probing presence of Swedish arms in Myanmar” သတင်းကိုဘာသာပြန်ဆိုသည်။)

အိန္ဒိယစစ်တပ်က ၄င်းတို့၏ဂိုဒေါင်မှ လက်နက်များကို မြန်မာတပ်မတော်အစိုးရအပါအဝင် မည့်သည့်နိုင်ငံခြားတိုင်းပြည်ကိုမှ ရောင်းချပေးခဲ့ခြင်း မရှိကြောင်း ငြင်းဆိုလိုက်ပါသည်။ အိန္ဒိယစစ်တပ်သည် ၄င်း၏လက်နက်တိုက်မှ M-3 ကားလ်ဂတ်စတက် တင့်ဖျက်လက်နက်ကို မြန်မာစစ်တပ်၏ လက်ဝယ် တွေ့ရှိခဲ့ပြီးနောက်ပိုင်း ထုချေရှင်းလင်းရန်ဖိအားပေးခံနေရသည်။

မြန်မာတပ်မတော်အစိုးရ အပေါ်ချမှတ်ထားသော လက်နက်ရောင်းဝယ်မှုတားမြစ်ချက်ကို ဖောက်ဖျက်ရာရောက်သည့် အငြင်းပွားဖွယ် တွေ့ရှိမှုနှင့် ပတ်သက်ပြီး ထုချေရှင်းလင်းရန် ဆွီဒင်အစိုးရက အိန္ဒိယအစိုးရကို ယခုသတင်းပတ်အစောပိုင်းတွင်တောင်းဆိုခဲ့သည်။ ကားလ်ဂက်စတင် တင့်ကားပစ်ရိုင်ဖယ်ကို ဆွီဒင်နာမည်ကြီးလက်နက်ကုမ္မဏီ Saab က ထုတ်လုပ်ထားခြင်းဖြစ်သည်။

အိန္ဒိယစစ်တပ်သို့ ရောင်းချပေးထားသောထုတ်လုပ်မှုအမှတ်စဉ်ပါ ဆွီဒင်လက်နက် မြန်မာစစ်တပ်လက်ထဲသို့ရောက်ရှိသွားပုံကို Times of India က မေးမြန်းသောအခါအကြီးတန်းစစ်တပ်တာဝန်ရှိသူက “အိန္ဒိယစစ်တပ်သည် မည်သည့်နိုင်ငံခြားတိုင်းပြည်ကိုမှလက်နက်ရောင်းချခြင်းမရှိကြောင်း၊ ဤကိစ္စကို စစ်ဆင်ရေးညွှန်ကြားရေးမှုးက စစ်ဆေးနေကြောင်း” ရှင်းလင်းဖြေကြားသည်။

ဆွီဒင်နိုင်ငံလက်နက်မပြန့်ပွားရေး၊ ပို့ကုန်ထိန်းချုပ်ရေးအေဂျင်စီက အိန္ဒိယထံမှရှင်းလင်းချက်ကို တောင်းဆိုထားသည်ဟု ကြာသာပတေး နေ့တွင် ဆွီဒင်ကုန်သွယ်ရေးဝန်ကြီးအီဝါဂျော်လင်းက ဆွီဒင်ပါလီမန်သို့ပြောကြားခဲ့သည်။

ရန်ကုန်မြီု့သို့ရောက်ရှိနေသော အိန္ဒိယပြည်ပရေးရာဝန်ကြီး ဆာလမန်ခါရှစ်က “လက်နက်ဖြန့်ဖြူးရောင်းချတဲ့စီးပွားရေးမှာ ကျွန်တော်တို့ မပါဝင်ဘူးဆိုတာကတော့ ရှင်းနေပြီးသားပါ။ ဒီကိစ္စဘယ်လိုဖြစ်သွားသလဲဆိုတာကိုဖော်ထုတ်ဖို့ ကျွန်တော်တို့ကြိုးစားသွားမှာပါ။ ဒါဟာလက်နက် တစ်ခုတည်းပါ။ ဟုတ်တယ်မို့လား။ သိပ်ကြီးလွန်းတဲ့ကမ္ဘာကြီးမှာ လက်နက်လေးတစ်လက်လောက်ကိုတွေ့ရတဲ့ကိစ္စပါ” ဟု သတင်းထောက် များကို ပြောကြားခဲ့သည်။

----------------------------------------------------------------------------------------------------------

ထိုင်းဝန်ကြီးချုပ် ထားဝယ်သို့သွား ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများက ကန့်ကွက်

(Bangkok Post မှ 17 Dec 2012 ရက်စွဲပါ “PM in Myanmar for Dawei meet” သတင်းကို ဘာသာပြန်ဆိုသည်)

ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်ထရာသည် ထားဝယ်အထူးစီးပွားရေးဇုန် နှင့်ပတ်သက်၍ အရေးကြီးသော ဆွေးနွေးမှုပြုလုပ်ရန် တနလာင်္နေ့ တွင် မြန်မာနိုင်ငံ၌ ဦးသိန်းစိန်နှင့် တွေ့ဆုံရန်ရှိသည်။

၎င်းအစည်းအဝေးက ရင်းနှီးမြှုပ်နှံမှုများ၏ ယုံကြည်စိတ်ချမှုကို မြှင့်တင်နိုင်မည်ဟု မျှော်လင့်ရကြောင်း ပို့ဆောင်ရေးဝန်ကြီး ချတ်ချတ်ဆစ်တီပွန် ကပြောကြားသည်။

စီမံကိန်းအတွက် ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ဖြစ်မှုကို အတည်ပြုပြသသည့် ခရီးစဉ်တွင် ယင်လပ် နှင့်အတူ ထိုင်းစီးပွားရေးလုပ်ငန်းရှင် ၄၀ လိုက်ပါသွားကြသည်။

ယင်လပ်သည် ဦးသိန်းစိန်နှင့် တွေ့ဆုံမည်ဖြစ်ပြီး စီမံကိန်းပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်စပ်ရင်းနှီး မြှုပ်နှံမှုများ၏ တိုးတက်မှုအခြေအနေကို လေ့လာစစ်ဆေးမည့်ဖြစ်သည်။

ယခုခရီးစဉ်သည် ၂၀၀၈ မေလက ထားဝယ်စီမံကိန်းအတွက် နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ လက်မှတ်ထိုးပြီးနောက်ပိုင်း ထားဝယ်သို့ ပထမဦးဆုံးအကြိမ် ယင်လပ်ရောက်ရှိလာခြင်း ဖြစ်သည်။

သောကြာနေ့က အစည်းအဝေးတွင် နှစ်နိုင်ငံပူးတွဲ ညှိနှိုင်းရေးကော်မတီက စီမံကိန်း၏အခြေခံ အဆောက်အဦးစနစ်ကို အဆင့် ၃ ဆင့်ခွဲ၍ လုပ်ဆောင်ရန် စီစဉ်ခဲ့သည်ဟု ဝန်ကြီးချတ်ချတ်က ဆိုပါသည်။

ပထမဆုံး Phase Zero အဆင့်တွင် ၂၀၁၄ တွင်အပြီးသတ်ရန်မျှော်လင့်ထားသော အခြေခံစက်မှု လုပ်ငန်းများ ပါဝင်ဖွဲ့စည်းထားသည်။

Phase One အဆင့်တွင် ဆိပ်ကမ်း၊ကားလမ်း၊ရေပေးဝေရေးစနစ်နှင့် ပို့ဆောင်ရေးစနစ်များပါဝင်ပြီး ၂၀၁၅ တွင် အဆင်သင့်ဖြစ်ရန် မျှော်မှန်းထားသည်။

နောက်ဆုံး Phase two  အဆင့်တွင် ကျန်ရှိစက်မှုလုပ်ငန်းများကို ရင်းနှီးမြှုပ်နှံမည် ဖြစ်၍ ၂၀၂၀ တွင် ပြီးစီးမည်ဟု မျှော်လင့်ရသည်။

ထိုင်းနိုင်ငံ မက်တာပွတ် နှင့် ထားဝယ်ကို လျှပ်စစ်ရထားဖြင့် ဆက်သွယ်မည့်စီမံကိန်းကိုလည်း ပူးတွဲ ညှိနှိုင်းရေးကော်မတီက လေ့လာ လျက်ရှိသည်။

ထားဝယ်မှ ထိုင်းနယ်စပ်အထိ လမ်းပိုင်းတစ်ခုထဲကပင် ဘတ်ငွေ ၃၀ ဘီလျံကုန်ကျမည် ဟုဆိုသည်။

စုစုပေါင်း ဘတ်ငွေ ၁၅၀ ဘီလျံကုန်ကျဖွယ်ရှိသော ရထားလမ်းစီမံကိန်းကို ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများက စိတ်ဝင်စားနေကြသောကြောင့် ကုန်ကျစရိတ်လျှော့ချနိုင်ရန်အတွက် Phase One သို့ပြောင်းကာ စောစောအကောင်အထည်ဖော်လိုသည်ဟု ထိုင်းပို့ဆောင်ရေးဝန်ကြီးက ဆိုသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ထားဝယ်ရေနက်ဆိပ်ကမ်းကြောင့် နေရာဖယ်ပေးရသူများကို ပြန်လည်နေရာချထားရာတွင် ကူညီရန် ကမ်းလှမ်းထားသည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆူပရာပေါင် တိုဗီချတ်ချိုင်ကူး ကပြောကြားသည်။

မိမိတို့၏ အစီအစဉ်တွင် လယ်ယာစိုက်ပျိုးရေးစနစ်များ သင်ကြားပေးခြင်းနှင့် သက်မွေးဝမ်းကျောင်းသင်တန်းပေးခြင်းတို့ ပါဝင်သည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆက်လက်၍ “ယင်းသို့ ကူညီမှုကို မြန်မာအစိုးရကလည်း ကျေနပ်မှုရှိကြောင်း၊ ရွှေ့ပြောင်းရွာသားများကို နေရာပြန်ချပြီးသည်နှင့် တစ်ပြိုင်နက် အစီအစဉ်စတင်မည်ဖြစ်ကြောင်း ထားဝယ်စီမံကိန်းကို လာမည့်နှစ်ဧပြီလတွင် စတင်ပုံဖော်ရန် မြန်မာနိုင်ငံဖက်မှ ဆန္ဒရှိနေကြောင်း ” ရှင်းလင်းပြောကြားသည်။

ထိုင်းနိုင်ငံမှ သဘာဝဂေဟစနစ် ပြန်လည်ထူထောင်ရေးဖောင်ဒေးရှင်း အထွေထွေအတွင်းရေးမှူး ဝီတွန်းပန်ပွန်ဆက်ရွန် ကမူ “ထားဝယ် စီမံကိန်း၌ ထိုင်းအစိုးရ၏ရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာနိုင်ငံ၌ တနလာင်္နေ့ဆွေးနွေးမှုတို့ကို လေ့လာစောင့်ကြည့်ကြရန်” ပြည်သူများကို တိုက်တွန်းနှိုးဆော် လိုက်ပါသည်။

“ဒီစီမံကိန်းအကြောင်းအပြည့်အဝသိရှိထားပြီးဆိုတာ ခုထိမသေချာသေးပါဘူး။ စီမံကိန်းမပြီးတော့ဘူးဆိုရင် အစိုးရကဘယ်လိုတာဝန်ယူမှာလဲ။ အခွန်ထမ်းပြည်သူတွေရဲ့ ပိုက်ဆံတွေ ဒီစီမံကိန်းမှာ ပြုန်းတီးသွားမှာပေါ့။ ဒီစီမံကိန်းကနေ အသီးအပွင့်တွေရလာမှာလား။ မြန်မာအစိုးရကကော ဒီစီမံကိန်းကို အပြီးအထိထောက်ခံပံ့ပိုးမှာလား စတဲ့အချက်တွေကို ထိုင်းအစိုးရကဘယ်လိုအာမခံမှာလဲ” ဟု မစ္စတာဝီတွန်းက အစိုးရကို မေးခွန်းထုတ် သည်။

မစ္စတာဝီတွန်းက ဆက်လက်၍ “မြန်မာနိုင်ငံတွင် လက်ရှိတည်ဆောက်ဆဲ ရေနက်ဆိပ်ကမ်းနှစ်ခုရှိနေပြီဖြစ်ကြောင်း၊ ထားဝယ်စီမံကိန်း၏ ပတ်ဝန်းကျင်ထိခိုက်နိုင်ခြေကိုလည်း မိမိစိုးရိမ်ကြောင်း၊ ဒေသခံ ပြည်သူများမှာ ပြောရေးဆိုခွင့် မရှိကြကြောင်း၊ ထိုင်းအရှေ့ဖက်ကမ်းရိုးတန်း စီမံကိန်းထက် ဆယ်ဆကြီးသော ထားဝယ်စီမံကိန်းကြောင့် ဒေသခံများအပေါ် ပတ်ဝန်းကျင်ဆိုးကျိုး သက်ရောက်မှုများရှိလာနိုင်ကြောင်း” သတိပေး ပြောဆိုသည်။

မြန်မာနိုင်ငံမှ Campaign for Democracy Committee ဒုတိယဒါရိုက်တာ ဦးမြင့်ဝေကလည်း ထားဝယ်စီမံကိန်းအတွင်းသို့ အလောတကြီးခုန်မဝင်သင့်ဟု အကြံပြုသည်။

စီမံကိန်းထက် ဆိုးကျိုးသက်ရောက်နိုင်မှုနှင့် ပတ်ဝန်းကျင်ထိခိုက်မှု ပြဿနာဖြေရှင်းရေး အစီအစဉ်များ ကို ကျယ်ကျယ်ပြန့်ပြန့်လေ့လာမှု ပြုလုပ်ရန် ၎င်းကတောင်းဆိုထားသည်။

----------------------------------------------------------------------------------------------------------

အိန္ဒိယကမြန်မာကို စည်းရုံးရန်ဘာသာရေးဒစ်ပလိုမေစီ ကျင့်သုံး

(The Gulf Today မှ 16 Dec 2012 ရက်စွဲပါ “Khurshid adopts religious diplomacy to woo Myanmar ” သတင်းကို ဘာသာပြန်ဆိုသည်)

အိန္ဒိယပြည်ပရေးရာဝန်ကြီး ဆာလမန်ခါရှစ်သည် စနေနေ့က ရန်ကုန်မြို့တော်တွင် ဥာဏ်တော် ၁၅ ပေ ဗုဒ္ဓရုပ်ပွားတော်ကို ဖွင့်လှစ်ပူဇော်ပြီးနောက် ဗုဒ္ဓယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ၃ ရက်ကြာ နိုင်ငံတကာညီလာခံကိုတက်ရောက်ခဲ့ရာ အိန္ဒိယနိုင်ငံက ဘာသာရေးဒစ်ပလိုမေစီ ကျင့်သုံးလိုက်သော နေ့တစ်နေ့ ဖြစ်ခဲ့သည်။

ဝန်ကြီးရာထူးလက်ခံပြီးနောက် ပထမဆုံးပြည်ပခရီးထွက်လာသူ ဆာလမန်ခါရှစ် တက်ရောက်ဖွင့်လှစ်ပေးခဲ့သော ဗုဒ္ဓဘာသာညီလာခံကို အိန္ဒိယ ယဉ်ကျေးမှုကောင်စီနှင့် သီတဂူဗုဒ္ဓတက္ကသိုလ်တို့ ပူးပေါင်းစီစဉ်ခြင်း ဖြစ်ပြီး ၁၀ နိုင်ငံမှ ဘုန်းကြီးများ ပညာရှင်များ တက်ရောက်ခဲ့ကြသည်။

စနေနေ့က ခါရှစ် ဖွင့်လှစ်ပူဇော်ခဲ့သော ဥာဏ်တော် ၁၅ ပေ ဗုဒ္ဓရုပ်ပွားတော်ကို ဝန်ကြီးချုပ်မန်မိုဟန်ဆင်းက မေလခရီးစဉ်တွင် လက်ဆောင် ပေးခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည်လူများစုမှာ ဗုဒ္ဓဘာသာကိုးကွယ်သောနိုင်ငံဖြစ်ပြီး အထက်ပါအခမ်းအနားများသည် အိန္ဒိယ၏ အနုနည်းဒစ်ပလိုမေစီအစီအစဉ် အရ ခြေလှမ်းဖြန့်ကျက်မှု လုပ်ဆောင်ချက်ဟု ဆိုနိုင်ပါသည်။

ခါရှစ်နှင့်၎င်း၏ ဇနီးတို့သည် နှစ်ပေါင်း ၂၆၀၀ သက်တမ်းရှိ ရွှေတဂုံစေတီတော်ကို လှည့်ပတ်ပူဇော် ခဲ့ကြသည်။

ဥာဏ်တော်အမြင့် ၈.၂ မီတာဖြင့် စတင်တည်ဆောက်ခဲ့သော်လည်း ယခုအခါ ၁၁၀ မီတာခန့်ရှိနေပြီ ဖြစ်သော ရွှေတဂုံစေတီတော်ကို ရွှေစင် ရွှေပြားရာပေါင်းများစွာဖြင့် ဖုံးအုပ်ထားပြီး ထိပ်ဆုံးစိန်ဖူးတော်ကို အကြီး ဆုံး ၇၂ ကာရက် ပါဝင်သော စိန်ပွင့်ပေါင်း ၄၅၃၁ ပွင့်ဖြင့် မွမ်းမံထားပါသည်။

မြန်မာပြည်သူများနှင့် နက်နက်နဲနဲဆက်ဆံလိုသော အီန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံမှ ဘေးဒဏ်သင့် ရခိုင်ပြည်နယ်ရှိ ကယ်ဆယ်ရေးလုပ်ငန်းများ အတွက် ဒေါ်လာ ၁ သန်းကူညီရန် ကတိပေးထားသည်။

“မြန်မာနိုင်ငံဟာ အစိုးရအုပ်ချုပ်ပုံစနစ် အသွင်ပြောင်းနေတဲ့နိုင်ငံတွေမှာ နောက်ဆုံးပေါ်ဖြစ်နေတာကြောင့် ကမ္ဘာကစိတ်ဝင်စား စောင့်ကြည့်နေကြပါတယ်။ တစ်ကမ္ဘာလုံးက မြန်မာနိုင်ငံကို ထိတွေ့ဆက်ဆံ လာကြချိန်မှာ အိမ်နီးချင်းဖြစ်တဲ့ ကျွန်တော်တို့ အိနိံ္ဒယနိုင်ငံက နောက်တန်းမှာ ထိုင်နေလို့မရပါဘူး။” ဟု အိန္ဒိယပြည်ပရေးရာဝန်ကြီး ဆာလမန်ခါရှစ်က ရှင်းလင်းပြောကြားသည်။

မြန်မာနိုင်ငံမှာပြည်တွင်း အကဲခတ်လေ့လာသူများကမူ “ကမ္ဘာ့အပျိုစင်တိုင်းပြည်ဖြစ်သော မြန်မာနိုင်ငံသို့ အပြိုင်ခြေချရန် ကြိုးစားခဲ့ကြသော အိမ်နီးချင်းအင်အားကြီး တရုတ်နှင့်အိန္ဒိယတို့သည် ယုန်နှင့်လိပ်ပုံပြင်နှင့် အသွင်သဏ္ဍာန်တူကြောင်း၊ အကျိုးမျှော်၍စွန့်စားရန် ဝန်မလေးသော တရုတ်တို့သည် နှေးကွေးတွေဝေနေသော အိန္ဒိယကို နောက်တွင်အဝေးကြီး ဖြတ်ထားနိုင်ခဲ့ကြောင်း သို့သော်ခြေလှမ်းကြဲလွန်းသော တရုတ်တို့သည် ယခုအခါ မြန်မာနိုင်ငံရေးရာသီဥတု အပြောင်းအလဲကြောင့် အခက်တွေ့နေကြကြောင်း” မှတ်ချက်ပေး ပြောဆိုထားသည်။

************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive