Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၁၁.၁.၂၀၁၃

ပြည်တွင်းသတင်း

  1. နိုင်ငံခြားသားများအား တိုက်ခန်းဝယ်ယူခွင့်ပြုပါက ဈေးနှုန်းများမြင့်တက်လာနိုင်ကြောင်း လုပ်ငန်းရှင်များပြောကြား
  2. သီလဝါအထူးစီးပွားရေးဇုန်တည်ဆောက်ရေးတွင် မြန်မာ ၅၁ ရာခိုင်နှုန်း၊ ဂျပန် ၄၉ ရာခိုင်နှုန်း ဖက်စပ်လုပ်ကိုင်မည်

နိုင်ငံရေးသတင်း

  1. လွှတ်တော်သက်တမ်းနှစ်နှစ်ပြည့်သော်လည်း ဥပဒေများ ပြင်ဆင် ရေးဆွဲရန် လိုအပ်ချက်များရှိ
  2. ပြုပြင်ပြောင်းလည်းရေးဆောင်ရွက်ရာတွင် အားနည်းချက်များရှိ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

************************************************************************************

ပြည်တွင်းသတင်း

နိုင်ငံခြားသားများအား တိုက်ခန်းဝယ်ယူခွင့်ပြုပါက ဈေးနှုန်းများမြင့်တက်နိုင်ကြောင်း လုပ်ငန်းရှင်များပြောကြား

မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လာရောက်လုပ်ဆောင်မည့် နိုင်ငံခြားသားများအား တိုက်ခန်းဝယ်ယူခွင့် ပြုလိုက်ပါက တိုက်ခန်း ဈေးနှုန်းများ မြင့်တက်လာနိုင်ကြောင်း အိမ်ခြံမြေလုပ်ငန်းရှင်များက သုံးသပ်ပြောကြားခဲ့သည်။

ထိုသို့ တိုက်ခန်းဈေးနှုန်း ကြီးမြင့်မှုများကြောင့် ပြည်တွင်းနေ လူလတ်တန်းစားများအတွက် တိုက်ခန်းဝယ်ယူနိုင်မှု ကျပ်တည်းလာနိုင်သော် လည်းနိုင်ငံခြားသားများ စီးပွားရေးလုပ်ကိုင်ရာတွင် အခြေခံနေရေးထိုင်ရေး အဆင်ပြေစေရန်နှင့် နိုင်ငံခြားငွေရရှိရေး၊ စီးပွားရေးကောင်းမွန်လာနိုင်စေရေး အတွက် ဝယ်ယူခွင့်ပြုသင့်ကြောင်း လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

လက်ရှိရေးဆွဲလျက်ရှိသည့် ကွန်ဒိုမီနီယံဥပဒေတွင် နိုင်ငံခြားသားများအား တိုက်ခန်းဝယ်ယူခွင့်ပြုသည့် ဥပဒေများကို ထည့်သွင်းပြဋ္ဌာန်းသွား မည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံတကာ ဥပဒေများတွင် မိမိနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံခြားသားများအား မြေဝယ်ယူခွင့်မပြုထားသော် လည်း တိုက်ခန်းဝယ်ယူခွင့်ကိုမူ ခွင့်ပြုပေးထားကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ စီးပွားရေးအချက်အချာ အကျဆုံးမြို့တော်တစ်ခုဖြစ်သည့် ရန်ကုန်မြို့တော်၌ လူဦးရေများပြားလာခဲ့သော်လည်း တိုက်ခန်းတိုးချဲ့ဆောက်လုပ်နိုင်မှု နည်းပါးသည့်အတွက် တိုက်ခန်းဈေးနှုန်းများမှာ ယခင်ထက် အဆပေါင်းများစွာ မြင့်တက်လာလျက်ရှိကြောင်း သိရသည်။

YC

---------------------------------------------------------------

သီလဝါစီးပွားရေးဇုန်တည်ဆောက်ရာတွင် မြန်မာ ၅၁ ရာခိုင်နှုန်း၊ ဂျပန် ၄၉ ရာခိုင်နှုန်း ဖက်စပ်လုပ်ကိုင်မည်

သီလဝါအထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနှင့် ဂျပန်တို့ဖက်စပ်လုပ်ကိုင်မှာဖြစ်ပြီး အကျိုး အမြတ်ကို မြန်မာနိုင်ငံမှ (၅၁) ရာခိုင် နှုန်းနှင့် ဂျပန်နိုင်ငံမှ (၄၉) ရာခိုင်နှုန်းခွဲဝေသွားမည်ဖြစ်ကြောင်းကို UMFCCI ရုံးချုပ်တွင်  ဇန်နဝါရီလ ၉ ရက်နေ့တွင်ကျင်ပ သောအခမ်းအနားတွင် အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးဆက်အောင်က ပြောကြားခဲ့သည်။

                မြန်မာဘက်မှရင်းနှီးမြှုပ်နှံခွင့်ရသော ၅၁ ရာခိုင်နှုန်းကို အများပိုင်ကုမ္ပဏီတစ်ခုထူထောင်ကာ လုပ်ကိုင်သွားမည် ဖြစ်ကြောင်း၊ ဂျပန်ဘက်မှ အဓိကကုမ္ပဏီကြီး သုံးခုပါဝင်မည်ဖြစ်ပြီး ဂျပန်အစိုးရအဖွဲ့အစည်းများလည်း ပါဝင်လာနိုင် ကြောင်းသိရသည်။

စက်မှုဇုန်အတွင်းပိုင်း တည်ဆောက်ရေးလုပ်ငန်းများကို မြန်မာနှင့် ဂျပန်လုပ်ငန်းရှင်များက ပူးပေါင်းတည်ဆောက် မည်ဖြစ်ပြီး၊ စက်မှုဇုန်အပြင် ပိုင်းနေရာများကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ယူတည်ဆောက်သွားမည်ဖြစ်ကြောင်း ဒုဝန်ကြီးမှဆက်လက်ပြောကြားသည်။

စက်မှုဇုန်အကောင်အထည်ဖော် တည်ဆောက်ပြီးသွားပါက ပြည်တွင်းပြည်ပရှိလုပ်ငန်းရှင်များကို စက်ရုံများ တည်ဆောက်ခွင့်ပြုမည်ဖြစ်ပြီး ယခုအချိန်တွင် စင်ကာပူ၊ ထိုင်း၊ အမေရိကန်နှင့် ဥရောပနိုင်ငံတချို့မှ စက်ရုံများတည် ဆောက်ရန် ကမ်းလှမ်းထားကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်တွင်တည်ရှိသော သီလဝါအထူးစီးပွားရေးဇုန်သည်မြေဧက ၂၄၀၀ ဟက်တာ ခန့်ရှိပြီး အရှေ့တောင် အာရှတွင်အကြီးဆုံးစီးပွားရေးဇုန်ဖြစ်ကာ ၂၀၁၅ ခုနှစ်တွင် လုပ်ငန်းများလည်ပတ်နိုင်မည် ဖြစ်ကြောင်းသိရသည်။

YC

***********************************************************************

နိုင်ငံရေးသတင်း

လွှတ်တော်သက်တမ်းနှစ်နှစ်ပြည့်သော်လည်း ဥပဒေများ ပြင်ဆင် ရေးဆွဲရန် လိုအပ်ချက်များရှိ

ယခုနှစ် ဇန်နဝါရီတွင် လွှတ်တော်များ ကျင်းပသည်မှာ နှစ်နှစ်ပြည့်သွား ပြီဖြစ်သော်လည်း ခေတ်နှင့် လျှော်ညီသော ဥပဒေအသစ်များထပ်မံ ရေးဆွဲရန် လိုအပ်သကဲ့သို့ ပြုပြင်ရန်လိုအပ်နေသော ဥပဒေများလည်း အများအပြား ရှိနေသေးသည်ဟု လွှတ်တော်ကိုယ်စားလှယ် အချို့ကပြောကြား ကြောင်းသိရသည်။

လွှတ်တော် နှစ်နှစ် ပြည့်သော်လည်း ဥပဒေများကို လုံလောက်စွာ ဥပဒေပြုရေးဆွဲနိုင်ခြင်းမရှိကြောင်း၊ ဥပဒေဟောင်းများမှာလည်း မပြီးပြတ်ဘဲ ရှိနေကြောင်း၊ ထို့ကြောင့် ယခု ၂၀၁၃၊ ဇန်နဝါရီ ၉ ရက်နေ့တွင် စတင်သည့် လွှတ်တော်အစည်းအဝေးများတွင် ဥပဒေကိစ္စကို ပိုမိုအလေးပေး ဆောင်ရွက် ကြလိမ့်မည်ဟု ထင်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

ယခုနှစ်တွင် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရန်ရှိနေပြီး ၂၀၁၄ တွင် အာဆီယံဥက္ကဋ္ဌ၊ ၂၀၁၅ တွင် AFTA (ASEAN FREE TRADE AREA) တို့အား ပါဝင်ဆက်တိုက်လုပ်ဆောင်သွားရန် ရှိနေသော မြန်မာနိုင်ငံအနေဖြင့် ခေတ်နှင့် လျှော်ညီသော၊ စည်းစနစ်ကျနသော ဥပဒေ လုပ်ထုံး လုပ်နည်းများ အလျင်အမြန်ပေါ်ထွက်ရန်မှာ အလွန်အရေးကြီးပါသည်။

ပြီးပြည့်စုံသည့် ဥပဒေများမှာပင် ခေတ်ပြောင်း စနစ်ပြောင်း အခြေအနေများတွင် ပြင်ဆင် ဖြည့်စွက် အသစ်ပြဋ္ဌာန်း ပယ်ဖျက်ရသည်များရှိရာ ယခုမြန်မာနိုင်ငံအနေနှင့်လည်း ဥပဒေများကို အမြဲစောင့်ကြည့်လေ့လာနေပြီး ခေတ်နှင့်အညီ ပြုပြင်နေရန်လိုအပ်ကြောင်း၊ ပယ်ဖျက်ရမည့် ဥပဒေများ လည်း ကျန်ရှိနေသေးကြောင်း၊ ဥပဒေများမှာ ပြည်သူတွေကို ဝန်ပိတာမျိုးမဖြစ်စေရန် အရေကြီးပြီး ဥပဒေသစ်များရေးဆွဲရန်လည်း လိုအပ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်အချို့က ပြောကြားသည်။

ပြည်သူ့လွှတ်တော်က ကော်မရှင်၊ ကော်မတီအသီးသီးတို့အား အရေးကြီးပြီး လတ်တလောလိုအပ်နေသည့် ဥပဒေများကို ပြင်ဆင်ရေးဆွဲရန် တာဝန်ပေးထားပြီး အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးကော်မတီက ယခု လွှတ်တော်တွင် မူပိုင်ခွင့်ဥပဒေကြမ်းတင်သွင်းရန်ရှိကြောင်း သိရသည်။

YC

-----------------------------------------------------------

ပြုပြင်ပြောင်းလည်းရေးဆောင်ရွက်ရာတွင် အားနည်းချက်များရှိ

မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်ရာတွင် လက်တွေ့လုပ်ဆောင်မှုပိုင်းတွင် လိုသလောက် ခရီးမရောက်ပဲ စိတ်ကူးနှင့် စကားလုံး မျုားသာဖောင်းပွလျက်ရှိကြောင်း လူထုအခြေပြုအဖွဲ့တစ်ခုက ပြောကြားကြောင်း သိရသည်။

ထို့ပြင် လွှတ်တော်မှ အတည်ပြု ပြဋ္ဌာန်းထားသော ဥပဒေများအား အစိုးရအဖွဲ့မှ လက်တွေ့ဖော်ဆောင်ရာတွင် အားနည်းလျက်ရှိနေ သေးသော်လည်း လက်ရှိအချိန်တွင် ယခင်ထက် ပိုမိုပွင့်လင်းမြင်သာမှုရှိသည့်အတွက် ပြည်သူများ၏ အခက်အခဲပြဿနာများကို လွတ်လပ်စွာ ပြောဆို ဖော်ထုတ် လာနိုင်ခဲ့ကြောင်း သိရသည်။ ထိုသို့ ပိုမိုပွင့်လင်းမြင်သာမှုရှိလာသော်လည်း လက်တွေ့ဆောက်ရွက်မှုအပိုင်းများတွင် အားနည်နေသေး ကြောင်းကို ၈၈ မျိုးဆက်ကျောင်းသားဟောင်းများအဖွဲ့မှ ဦးကိုကိုကြီးက ပြောကြားကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍနှင့်ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲများ၊ အစည်းအဝေးပွဲများတွင် ပြုပြင်ပြောင်းလဲရေးအတွက် ပြောကြားမှုများ ရှိနေသော်လည်း လက်တွေ့လုပ်ဆောင်ရာတွင် အားနည်မှုများရှိနေကြောင်းကို အငြိမ်းစားစိတ်ပညာ ပါမောက္ခ တစ်ဦးမှပြောကြားကြောင်းသိရသည်။

အလွှာအသီးသီးရှိ ပြည်သူလူထု၏အသံများကိုလည်း အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးဌာနများမှ တာဝန်ရှိသူများသည် အလေး ထား ဂရုစိုက်မှုအားနည်းနေသေးကြောင်း လူ့အခွင့်အရေးပညာပေးဋ္ဌာန (မြန်မာနိုင်ငံ)ရှိ တာဝန်ရှိသူ တစ်ဦးကသုံးသပ်ပြောကြားသွားသည်။

YC

*******************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ 

“စစ်သုံ့ပန်း ၂၇ ယောက်ကို KIA ကလွှဲပေးဖို့ တိတိကျကျပြောပြီးဖြစ်ပါတယ်။ အစိုးရကလည်း လက်ခံဖို့လုပ်နေ ပါတယ်။ ဒါမျိုးဆိုတာက ရော့အင့်လို့ပြော ပြီး လွှဲပေးလို့မရပါဘူး။ တရားဝင်လွှဲမယ်လို့ပြောပြီးသားဖြစ်သလို ဒီဘက်ကလည်း လက်ခံဖို့အဆင်သင့်ဖြစ်နေပါပြီ။ စစ်သုံ့ပန်းတစ်ယောက်ချင်းစီနဲ့ ကျွန်တော်တို့ တွေ့တဲ့အခါ အများစု ကအိမ်ပြန်ချင်နေကြတာကို သိရပါတယ်။ အချိန် တိတိ ကျကျကိုတော့ပြောဖို့ခက်ပါတယ်။”

ဇန်နဝါရီလ ၁၅ ရက်နေ့ထုတ် News Watch Journal အတွဲ (၇) အမှတ် (၈၀) တွင်ပါရှိသော “KIA မှ ဖမ်းဆီးထားသော မြန်မာ စစ်သုံ့ပန်း များနေအိမ်ပြန်ချင်နေကြပြီဟုဆို” သတင်းမှ ကိုမြအေး ၏ပြောကြားချက် အားကောက်နှုတ်ချက်

--------------------------------------------------------------

“သမ္မတဦးသိန်းစိန် အစိုးရရဲ့ လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေး၊ အဂတိလိုက်စားမှုကင်းရှင်းရေးနဲ့ ပတ်သက်ပြီး လုပ်ဆောင်ချက်တွေအပေါ် ဗြိတိသျှ အစိုးရကကြိုဆိုပါတယ်။ ပပျောက်ဖို့ဆိုတာ အစိုးရရဲ့ အာဏာသက်ရောက်မှု အရေးကြီးတယ်။ ကော်မတီကို တစ်နေ့ကမှ ဖွဲ့စည်းလိုက်တာမို့ ဘယ်လောက်အထိအကျိုးသက်ရောက်မှုရှိမယ် မခန့်မှန်းနိုင်သေးဘူး”

ဇန်နဝါရီလ ၁၁ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၄၁) တွင်ပါရှိသော “လာဘ်ပေး လာဘ်ယူမှု ပပျောက် ဖို့ ပြည်သူ့အသံအရေးပါ” သတင်းမှ ဗြိတိသျှသံရုံး (ရန်ကုန်) ဒုတိယအတွင်းဝန်မစ္စတာ Joe Fisher ၏ပြောကြားချက်အား ကောက်နှုတ်ချက်

--------------------------------------------------------------

“ပြည်သူအများသာယာချမ်းမြေ့ဖို့ဆိုတာ အလုပ်လက်မဲ့ ပပျောက်ရေးက အရေးကြီးပါတယ်၊ ကျေးရွာတွေမှာ လယ်မရှိ၊ ယာမရှိ၊ လှည်းမရှိ၊ နွားမရှိ အလုပ် လက်မဲ့တွေ အများကြီးရှိနေတယ်။ ကျေးရွာအုပ်စုအလိုက် ကုန်ထုတ်လုပ်ငန်းတွေထူထောင်ပေးခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီး ပေါ် ပေါက်လာနိုင် လိမ့်မယ်လို့ စဉ်းစားလို့ရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များ မည်ကဲ့သို့စဉ်းစားပါမည်လဲ”

ဇန်နဝါရီလ ၁၁ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၄၁) တွင်ပါရှိသော “လယ်သမား အလုပ်သမား ဆင်းရဲတွင်းလွတ်ဖို့ဆိုတာ” သတင်းမှ ဦးခင်အောင်မြင့် ၏ပြောကြားချက်အား ကောက်နှုတ်ချက်

**********************************************************************

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment