Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၁၅.၁.၂၀၁၃

ပြည်တွင်းသတင်း

  1. ရပ်ကွက်အုပ်ချုပ်ရေးမှုးဟောင်းသာ ပြည်လည်ရွေးချယ်ရေးခံရသည့်အတွက် သင်္ဃန်းကျွန်းတွင်ဆန္ဒပြ
  2. မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းတွင် ဆိုးကျိုးများကိုကာကွယ်ရန်လိုအပ်ချက်များရှိ

နိုင်ငံရေးသတင်း

  1. အမျိုးသမီးဝန်ကြီးများ ယခုထက်ပိုမိုထားရေးခန့်ထားရေး အဆိုတင်
  2.  အုပ်ချုပ်ရေးကဏ္ဍတွင် အမြင့်ဆုံးအာဏာရရှိရန် NLD ကြိုးစားမည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

************************************************************************************

ပြည်တွင်းသတင်း

ရပ်ကွက်အုပ်ချုပ်ရေးမှုးဟောင်းသာ ပြည်လည်ရွေးချယ်ရေးခံရသည့်အတွက် သင်္ဃန်းကျွန်းတွင်ဆန္ဒပြ

သင်္ဃန်းကျွန်းမြို့နယ် ဆ/ကရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှုး ရွေးချယ်ရာတွင် ယခင်အုပ်ချုပ်ရေးမှုဟောင်းသာ ပြန်လည်နေရာရရှိသည့် အတွက် ရပ်ကွက်နေပြည်သူများအနေဖြင့်  ရပ်ကွက်အုပ်ချုပ်ရေးမှုးသစ် ရွေးချယ်မှုနှင့် ကြီးကြပ်ရေး အဖွဲ့ကိုပြန်လည် ဖွဲ့စည်းပေးရန် ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေ ၃ နာရီက တောင်ဆိုဆန္ဒပြမှုများပြုလုပ်ခဲ့ ကြောင်းသိရသည်။

အုပ်ချုပ်ရေးမှုး ရွေးချယ်ခံရသူ၏ တပည့်တစ်ဦးက သူ၏ဆရာကိုရွေးရန်တယ်လီဖုန်းနှင့် ဆက်သွယ်စည်းရုံးပြီး၊ မဲထည့်လျှင်ငွေကျပ် ငါးသောင်းပေးမည်ဟုစည်းရုံးကြောင်း၊ လက်ရှိကိစ္စသည်ရပ်ကွက်အုပ်ချုပ်ရေးမှုးရွေးချယ်ရာတွင် ကြီးကြပ်ရေးမှူးအဖွဲ့၏အားနည်းမှုကြောင့် အများလက်မခံ သူကို ရွေးချယ်ခြင်းကြောင့် ဆန္ဒပြရခြင်းဖြစ်ကြောင်းကို  ဆန္ဒပြသူ ဦးညွန့်ဝေက ပြောကြားကြောင်းသိရသည်။

ဆန္ဒပြသူများသည် တရားမျှတမှုမရှိသော ရပ်ကွက်အုပ်ချုပ်ရေးမှုးရွေးချယ်မှုကို ကန့်ကွက်ကြောင်း၊ အများ အကျိုးသယ်ပိုးနိုင်ခြင်းမရှိသော ရပ်ကွက်အုပ်ချုပ်ရေးမှုးရွေးချယ်ရာတွင် ကြီးကြပ်ရေးမှူး ၅ ဦးအလိုမရှိ၊ သမ္မတကြီးရဲ့ စေတနာရပ်ကွက်အဆင့် မြို့နယ်အဆင့်တာဝန်ရှိသူ များကြောင့်မပျက်စီးပါစေနှင့် စသောပိုစတာများ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာကြွေးကြော်ပြီးစီတန်းလှယ့်လည်ဆန္ဒပြကြောင်းသိရသည်။

YC

------------------------------------------------------------

မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းတွင် ဆိုးကျိုးများကိုကာကွယ်ရန်လိုအပ်ချက်များရှိ

ပိုက်လိုင်းတစ်လျှောက်ရှိ နေရာများတွင်ဖြစ်ပေါ်တက်သော ပိုက်လိုင်းအတွင်းမှ ရေနံယိုစိမ့်မှုနှင့် ရေနံပိုက်လိုင်းပေါက်ကွဲမှုများကြောင့် ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများကိုကြိုတင်ကာကွယ်တွက်ဆထားမှုများမရှိကြောင်းကို ပိုက်လိုင်းသွယ်တန်းရာ ဒေသခံများ၊ ပညာရှင်များနှင့် အဖွဲ့အစည်းများက ဝေဖန်သုံးသပ်ကြကြောင်း သိရသည်။

အာဖရိကနှင့် အရှေ့အလယ်ပိုင်းမှတင်ပို့လာသည့်ရေနံများနှင့် ရခိုင်ပြည်နယ်ကျောက်ဖြူမြို့နယ်မှ တရုတ်နိုင်ငံသို့ တင်ပို့မည့် သဘာဝဓာတ်ငွေ့စီမံကိန်းတလျှောက်ရှိ ပိုက်လိုင်းစီမံကိန်းများတွင် ဖြစ်ပေါလာနိုင်သောပြဿနာများနှင့် ဒေသခံများ၏ အကျိုးစီးပွားများကို ဖြေရှင်းပေးရာတွင် အားနည်းချက်များရှိကြောင်းကို ဒေသခံများနှင့် ပညာရှင်အဖွဲ့အစည်းများက ထောက်ပြဝေဖန်ပြောဆိုကြသည်။

ပိုင်းလိုင်းစီမံကိန်းတွင် စွမ်းအင်ဝန်ကြီးဌာနမှ ၄၉.၁ ရာခိုင်နှုန်းနှင့် တရုတ်နိုင်ငံ CNPC မှ ၅၀.၉ ရာခိုင်နှုန်းကို ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းကို စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဋ္ဌေးကပြောကြားခဲ့သည်။ ထိုသို့ပူးပေါင်းဆောင်ရွက်သည်ဆိုသော်လည်း မြန်မာနိုင်ငံအနေဖြင့် ရေနံစည်တစ်စည် ဖြတ်သန်းခမှာ ၁ ဒေါ်လာသာရရှိမည် ဖြစ်ရာအာဖရိကနှင့် အရှေ့အလယ်ပိုင်းမှ တရုတ်နိုင်ငံသို့ယခင် ရေနံတင်ပို့မှုနှုန်းကုန်ကျစရိတ်၏ ၂၁ ရာခိုင်နှုန်းထက်ပင် နည်းပါကြောင်းကို ကျောက်ဖြူမှလူမှုရေးအဖွဲ့အစည်းတစ်ခုမှ ကိုထွန်းလွင်က ပြောကြားကြောင်းသိရသည်။

ဆိုပါရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းသည် မကွေးတိုင်းဒေသကြီးရှိ မြို့နယ် ခုနှစ်မြို့နယ်ကို ဖြတ်သန်းသွားရာတွင် ပိုက်လိုင်းမြှုပ်နှံရာ ဒေသခံများ၏လယ်မြေများနှင့်သီးနှံပင်များ ပျက်စီးမှုများနှင့် ထိုင်သင့်သော လျော်ကြေးများလည်းမရရှိခဲ့ကြောင်း ဒေသခံများက ပြောကြသည်။

၂၀၁၀ ပြည့်နှစ် အောက်တိုဘာလအတွင်းက မကွေးတိုင်းဒေသကြီး၊ မြစ်ခြေတိုက်နယ်ပိုင်၊ ညောင်လှရွာအနီး တွင်သက်တမ်း ၁၀ နှစ်ကျော်ရှိ ကျောက်ခွက်-အရာတော် ရေနံပိုက်လိုင်းသည် ၁၀ လက်မခန့် ပေါက်ကွဲမှုဖြစ်ပွားရာ ရေနံလာခပ်ယူသူ ဒေသခံအများစု မီးလောင်ဒဏ်ကြောင့် ဒဏ်ရာရသူနှင့်သေဆုံးသူများရှိခဲ့သည်။

YC

***********************************************************************

နိုင်ငံရေးသတင်း

အမျိုးသမီးဝန်ကြီးများ ယခုထက်ပိုမိုထားရေးခန့်ထားရေး အဆိုတင်

အမျိုးသမီးများကို ပြည်ထောင်စုအဆင့်ဝန်ကြီးများခန့်အပ်ရာတွင် ယခုထက်ပိုမိုခန့်အပ်နိုင်ရေးအဆိုကို လာမည့်လွှတ်တော်အစည်းအဝေးတွင် အဆိုတင်သွင်းသွားမည်ဖြစ်ကြောင်းကို ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က ပြောကြားကြောင်းသိရသည်။

သမ္မတအနေဖြင့် ပြည်ထာင်စုဝန်ကြီးများခန့်အပ်မည်ဆိုပါက ဝန်ကြီးများခန့်အပ်ရာတွင် ၃၀ ရာခိုင်နှုန်းကို အမျိုးသမီးဝန်ကြီးများ ခန့်အပ်နိုင်ရေး အတွက်ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်ရန် အဆိုတင်သွင်းသွားမည်ဖြစ်ကြောင်းကို ၎င်းက ဆက်လက်ပြောကြားသည်။

ယနေ့အချိန်အထိ အမျိုးသမီးအခွင့်အရေးများနှင့် သက်ဆိုင်သည်အကြောင်းကို လွှတ်တော်အတွင်းနှင့် လွှတ်တော်ပြင်ပရှိဆွေးနွေးမှုများ တွင်လည်း  ထင်ရှားစွာမမြင်ရကြောင်းကို အမျိုးသမီးအခွင့်အရေးများ ဆောင်ရွက်          နေသောငြိမ်းချမ်းရေးဖောင်ဒေးရှင်းမှ ဒေါ်ချင်းချင်းက ပြောကြား ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ပြည်ထာင်စုလွှတ်တော်တစ်ရပ်လုံးအနေဖြင့်အမျိုးသမီးပါဝင်မှုမှာ ၄.၅ ရာခိုင်နှုန်းသာရှိပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ဒေါ်မြတ်မြတ်အုန်းခင် တစ်ဦးသာလျှင် အမျိုးသမီးပြည်ထောင်စုဝန်ကြီးအဖြစ် ပထမဆုံးအမျိုးသမီး ဝန်ကြီးဖြစ်ကြောင်းသိရသည်။

YC

--------------------------------------------------------------

 အုပ်ချုပ်ရေးကဏ္ဍတွင် အမြင့်ဆုံးအာဏာရရှိရန် NLD ကြိုးစားမည်

လာမည့်ရွေးကောက်ပွဲတွင် NLD ပါတီအနေဖြင့် အုပ်ချုပ်ရေးကဏ္ဍတွင် နိုင်ငံ၏အမြင့်ဆုံးအာဏာရရှိရန် ဖေဖော်ဝါရီလတွင်ကျင်းပမည့် ပါတီဗဟိုညီလာခံတွင် ဗဟိုကော်မတီများကို ပြန်လည်ဖွဲ့စည်းပြီး ပါတီဝင်လူငယ်များ၏ အရည်အသွေးကို ပြန်လည်မြှင့်တင်သွားမည်ဖြစ်ကြောင်းကို ပါတီပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောကြောင်းသိရသည်။

အဆိုပါ ပါတီဗဟိုညီလာခံတွင် ဗဟိုကော်မတီ၊ ဗဟိုအလုပ်မှုဆောင် အဖွဲ့များကိုပြန်လည်ဖွဲ့စည်းပြီး၊ ပါတီရှေ့ ဆက်သွားမည့် လုပ်ငန်းစဉ်များကို ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲများတွင် အနိုင်ရရှိရေးအတွက် ဗဟိုအလုပ်မှုဆောင်များမှတစ်ဆင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပါတီအတွင်းဖြစ်ပေါ်နေသော ပြဿနာများကိုလည်း ပါတီအထွေထွေညီလာခံပြီးသည့် အချိန်တွင်ဖြေရှင်း ဆောင်ရွက် သွားမည်ဖြစ်ကာ ယခုအချိန်တွင်ညီလာခံပြီးစီးရေးကို အဓိကထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အင်အားရှိသောနိုင်ငံရေးပါတီကြီးတစ်ခုအနေဖြင့် ခေါင်းဆောင်တစ်ဦးတစ်ယောက်တည်းပေါ်တွင် မှီခိုနေမည့်အစား ပါတီဝင်များအားလုံး အနေဖြင့် အရည်အချင်းပြည့်မှီသူများဖြစ်အောင် ဆောင်ရွက်သင့်ကြောင်းနိုင်ငံရေးလေ့လာသူ အချို့ကသုံးသပ်ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီသည် ပါတီ၏ ရပ်ကွက်၊ ကျေးရွာအဆင့် ဥက္ကဋ္ဌ ရွေးချယ်ပွဲညီလာခံများ တွင်ပြဿနာများရှိခဲ့သည်။

YC

*******************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“မြန်မာနိုင်ငံနဲ့ စီးပွားရေးစတင်ဆောင်ရွက်တော့မယ်ဆိုရင် ပထမဆုံးရင်ဆိုင်ရမယ့် စိန်ခေါ်မှုက ပုံမှန်စနစ်ကျပြီးသား စည်းမျဉ်း၊စည်းကမ်း မူဘောင်မရှိသေးတာပါ၊ ကုန်သွယ်မှုပြုလုပ်မယ်ဆိုရင်လဲ ဒီဘက်ကကုန်ပစ္စည်းတွေကို မှတ်ပုံတင်စာရင်းသွင်းဖို့နဲ့ ဆက်လက်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေဟာ အခုအချိန်ထိ အလွယ်တကူ မသိရှိနိုင်သေးပါဘူး။ မမြင်ရတဲ့ စိန်ခေါ်မှုတွေအတွက် ကျွန်တော်တို့ရင်းနှီးမြှုပ်နှံဖို့ မသေချာပါဘူး"

(ဇန်နဝါရီလ ၁၅ ရက်နေ့ထုတ် ကုမုဒြာဂျာနယ် အတွဲ (၂) အမှတ် (၄၃) တွင်ပါရှိသော "မြန်မာနိုင်ငံဘက်က လိုအပ်ချက်ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ တွေဝေဟုဆို" သတင်းမှ စင်ကာပူ အခြေစိုက် Kino Biotech ရဲ့ အမှုဆောင်ဒါရိုက်တာချုပ် Ting Yen Hock ၏ပြောကြားချက်အားကောက်နှုတ်ချက်)

-------------------------------------------------------------------------------

"လွှတ်တော်က အဓိကလုပ်ရမှာကတော့ အမျိုးသားစီမံကိန်းပါ မူဝါဒတွေ၊ ရည်မှန်းချက်တွေ၊ လုပ်ငန်းစဉ်တွေကို အောင်မြင်အောင်တာဝန်ယူ၊ တာဝန်ခံပြီးလုပ်ပါမယ်ဆိုတဲ့ နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စုအစိုးရ အဖွဲ့ရဲ့ တာဝန်ယူမှု တာဝန်ခံမှုကို စောင့်ကြည့်စစ်ဆေးဖို့ပါပဲ။"

(ဇန်နဝါရီလ ၁၅ ရက်နေ့ထုတ် ကုမုဒြာဂျာနယ် အတွဲ (၂) အမှတ် (၄၃) တွင်ပါရှိသော "ယခုတကြိမ်လွှတ်တော် စီမံကိန်းတွေနဲ့ ဘတ်ဂျက်တွေကို အတည်ပြုမည်" သတင်းမှ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်၏ ပြောကြားချက်အား ကောက်နှုတ်ချက်)

-----------------------------------------------------------------------------

"ကာယကံရှင်တွေဖြစ်တဲ့ အစိုးရနဲ့ KIA ကြားမှာ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့တော့ရှိတာပေါ့။ ဒါပေမယ့် ဝင်ရောက်စေ့စပ်တဲ့သူတွေကလည်း အထင်ကရပုဂ္ဂိုလ်တွေမှ အဆင်ပြေမယ်။ ဥပမာပြောမယ်ဆိုရင် နိုင်ငံရေးအရ ကျွမ်းကျင်သူတွေ နိုင်ငံရေးနယ်ပယ်ကို ပိုသိတဲ့သူမျိုးဆိုရင် ပိုကောင်းပါတယ်။ အဝေးရောက် ကချင်တိုင်းရင်းသားတွေကတော့ ဒေါ်အောင်ဆနိးစုကြည်ကို ရင်ကြားစေ့ဝင်ရောက်ဖို့ တောင်းဆိုကြတာကို သတင်းမှာ ကျွန်တော်ကြည့်လိုက်ရပါတယ်။"

(ဇန်နဝါရီလ ၁၇ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ(၉ ) အမှတ် (၃) တွင်ပါရှိသော "ကချင်ဒေသ ငြိမ်းချမ်းရေးအတွက် တပ်မတော်နှင့် KIA တို့အကြား စေ့စပ်ညှိနှိုင်းသူအဖြစ် ဒေါ်အောင်ဆန်းစုကြည် အားအများစုက လိုလား" သတင်းမှ KIA ဒုတိယဥက္ကဟောင်း ဒေါက်တာတူးဂျာ ၏ပြောကြားချက်အား ကောက်နှုတ်ချက်)

*********************************************************************

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment