Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၁၆.၁.၂၀၁၃

ပြည်တွင်းသတင်း

  1. မြန်မာ့ကျောက်မျက်အသင်း၌ ခရိုနီအချို့ ပါဝင်မှုကြောင့် အမေရိကန်မှ ဆန်ရှင်ပိတ်ပင်မှုဆက်လက်ပြုလုပ်
  2. Mobile Team အဖွဲ့အား လေဆိပ်၊ သင်္ဘောဆိပ်နှင့် ဘူတာရုံများတွင်ပါ ထားရှိမည်
  3. မြန်မာ့သတ္တုလုပ်ငန်း ပြည်သူများလက်ခံမှသာ လုပ်ကိုင်ခွင့်ရရှိမည်

နိုင်ငံရေးသတင်း

  1. အစိုးရအဖွဲ့၏ စီမံကိန်းဆောင်ရွက်မှုများ ပြည်သူများအပေါ်ထိရောက်မှုရှိ၊ မရှိ လွှတ်တော်မှ စောင့်ကြပ်စစ်ဆေးမည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

************************************************************************************

ပြည်တွင်းသတင်း

မြန်မာ့ကျောက်မျက်အသင်း၌ ခရိုနီအချို့ ပါဝင်မှုကြောင့် အမေရိကန်မှ ဆန်ရှင်ပိတ်ပင်မှုဆက်လက်ပြုလုပ်

ယခင်အစိုးရလက်ထက်ကတည်းကပင် မြန်မာ့ကျောက်မျက်အသင်း၌ ခရိုနီအချို့ ပါဝင်နေသည့်အတွက် လက်ရှိအစိုးရသစ်လက်ထက်ထိတိုင် အမေရိကန်နိုင်ငံမှ စီးပွားရေးပိတ်ဆို့မှုကို ဆက်လက်ပြုလုပ်ထားခြင်းဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ ပြောကြားချက်အရသိရသည်။

မြန်မာနိုင်ငံမှထွက်ရှိသည့် ကျောက်မျက်များအပေါ်တွင် လူတစုသာအကျိုးဖြစ်ထွန်းလျက်ရှိသည့်အပြင် အလယ်အလတ်တန်းစား တူးဖော်သူများနှင့် အောက်ခြေလူတန်းစားများတွင် ခံစားခွင့်နည်းပါးလျက်ရှိနေသည့်အတွက် အမေရိကန်နိုင်ငံမှ ပိတ်ဆို့မှုဆက်လက်ထားရှိခြင်း ဖြစ်နိုင်ကြောင်း သိရသည်။

ထို့ကြောင့် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံထွက် သယံဇာတများဖြစ်သည့် မြန်မာ့ကျောက်စိမ်း ကျောက်မျက်တင်ပို့မှုအား ပြန်လည် ခွင့်ပြုပေးနိုင်ရန် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ ရာထူးတာဝန်များရယူထားသော ခရိုနီအချို့ ရာထူးတာဝန်မှ စွန့်လွှတ်ရန်လိုအပ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံမှ ကျောက်စိမ်းတင်ပို့မှုများကို ပိတ်ပင်ထားသည့်အတွက် ယင်းဒေသရှိ သန်းနှင့်ချီသော လက်လုပ်လက်စားတိုင်းရင်းသား ပြည်သူများမှာ ဆင်းရဲမှုဒဏ်ကို အဓိကခံစားခဲ့ရသည့်အပြင် ကျောက်မျက်ဈေးကွက် ပျက်နေသည့်အတွက် တိုင်းရင်းသားဒေသများတွင် ဘိန်းနှင့်အခြား မှောင်ခိုစီးပွားရေးလုပ်ငန်းများနှင့် လက်နက်ကိုင်အကြမ်းဖက်မှုများသာ ပိုမိုတိုးပွားလာခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများအတွက် ကျောက်စိမ်းနှင့် ကျောက်မျက်ကဏ္ဍသည် အဓိကအရေးပါသကဲ့သို့ လက်ဝါးကြီးအုပ်ခရိုနီလုပ်ငန်းရှင်များ၏ စီးပွားရေးတိုးတက်မှုများသည်လည်း ၎င်းကဏ္ဍအပေါ် တွင်သာ မှီတည်နေကြောင်း သိရသည်။

မြန်မာအစိုးရသစ်၏ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုသည့်အနေဖြင့် ၂၀၁၂ ခုနှစ်အတွင်း အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများအနက် ကျောက်မျက်နှင့် လက်နက်တင်ပို့မှုများမှအပ ကျန်ပို့ကုန်တင်ပို့မှုများကို ရုတ်သိမ်းပေးခဲ့သည်။

    YC        

-----------------------------------------------------------------------------

Mobile Team အဖွဲ့အား လေဆိပ်၊ သင်္ဘောဆိပ်နှင့် ဘူတာရုံများတွင်ပါ ထားရှိမည်

တရားမဝင် ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးနှင့် စားသုံးသူကာကွယ်ရေး(Mobile Team)အဖွဲ့အား လေဆိပ်၊ သင်္ဘောဆိပ်နှင့် ရထားဘူတာရုံများတွင်ပါ ထားရှိစစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

ယခုကဲ့သို့ လေဆိပ်၊ သင်္ဘောဆိပ်နှင့် ရထားဘူတာရုံများတွင် Mobile Team အဖွဲ့အားထားရှိရခြင်းမှာ မှောင်ခိုကုန်ပစ္စည်း တင်ပို့ရောင်းချသူများသည် ရေလမ်းကြောင်း၊ လေကြောင်းများနှင့် ရထားလမ်းကြောင်းများမှ တစ်ဆင့် ပြည်တွင်းသို့ ကုန်သွယ်မှုများပြုလုပ်မှု တို့ကြောင့်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းသို့ တရုတ်နိုင်ငံမှ ကျန်းမာရေးထိခိုက်စေမည့် တရားမဝင်စားသောက်ကုန်များ၊ ကုန်ပစ္စည်းများနှင့် ဆေးဝါးများဝင်ရောက်လာ သည့်အတွက် ယင်းကိစ္စရပ်များအား တားဆီးနိုင်ရန် Mobile Team အဖွဲ့အား တရားမဝင်ကုန်သွယ်မှု တားဆီးနိုင်ရန်နှင့် စားသုံးသူများ ဘေးအန္တရာယ်ကျရောက်မည့် အခြေအနေအား ကာကွယ်ပေးနိုင်ရန် နယ်စပ်ကုန်သွယ်ရေးဂိတ်များတွင် ထားရှိခဲ့ကြောင်း သိရသည်။

Mobile Team အဖွဲ့အနေဖြင့် မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်၊ မူဆယ်ခရီးစဉ်နှင့် အခြားဘူတာရုံတို့တွင် စစ်ဆေးသွားမည်ဖြစ်သည့်အပြင် ဧရာဝတီတိုင်းဒေသကြီးများ လာရောက်သည့် သင်္ဘောများ၊ ကုန်တင်ရေယာဉ်တို့နှင့် သွားလာနေကြသည့် ကုန်ပစ္စည်းများနှင့် ခရီးသည်များကို စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မူဆယ်၊ တာချီလိတ်၊ မြဝတီနှင့် နယ်စပ်ကုန်သွယ်မှုဂိတ်များတွင် Mobile Team အဖွဲ့ကိုထားရှိစစ်ဆေးလျက်ရှိပြီး Mobile Team အဖွဲ့တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ကုန်သည်ကြီးများ အသင်းနှင့် မီဒီယာများရှိပုဂ္ဂိုလ်အသီးသီးတို့ပါဝင်ကြောင်း သိရသည်။

YC

--------------------------------------------------------------------------------------

မြန်မာ့သတ္တုလုပ်ငန်း ပြည်သူများလက်ခံမှသာ လုပ်ကိုင်ခွင့်ရရှိမည်

မြန်မာ့သတ္တုလုပ်ငန်းတူးဖော်နိုင်ရန် လူမှုပတ်ဝန်းကျင်ထိခိုက်မှုများနှင့် ရေရှည်အနာဂါတ်အစီအစဉ်များကို ဆန်းစစ်၍ အများပြည်သူလက်ခံနိုင်မှ လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း သတ္တုတွင်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ပြည်တွင်း၊ ပြည်ပကုမ္ပဏီများက သတ္တုတူးဖော်ခွင့်လာရောက်လျှောက်ထားရာတွင် သက်ဆိုင်ရာမှ အဆင့်ဆင့်စီစစ်၍ ပြည်သူများသဘောတူလက်ခံမှသာ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ချထားပေးမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် တရုတ်၊ ရုရှား၊ ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံများနှင့် ပြည်ပကုမ္ပဏီ ၁၀ ခုကျော်ကို ရွှေနှင့် အခြားသတ္တုပစ္စည်းများအား စမ်းသပ်ရှာဖွေခွင့်ပြုထားပြီး ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ထားဝယ်နှင့် မြိတ်ဒေသများတွင် သတ္တုတူးဖော်နိုင်ရေး စမ်းသပ်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း သတ္တုရှာဖွေရေးလုပ်ငန်းများလုပ်ကိုင်နိုင်ရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ အနှစ် ၂၀ ကျော်ကြာ ပြည်ပကုမ္ပဏီ ၆၆ ခုနှင့် ပြည်တွင်းကုမ္ပဏီ ၅၁ ခုတို့အား လုပ်ကိုင်ခွင့်ပြုထားခဲ့ကြောင်း သိရသည်။

ထို့ပြင် ကောလင်းဝန်းသိုဘက်၌ ရွှေတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နိုင်ရန် ရုရှားနိုင်ငံကုမ္ပဏီအား ပထမဦးဆုံးအကြိမ်အဖြစ် စမ်းသပ်ရှာဖွေခွင့်ကို ခွင့်ပြုပေး ထားကြောင်း နေပြည်တော်ရှိ သတ္တုတွင်း ဝန်ကြီးဌာနမှ သိရသည်။

                YC

 

***********************************************************************

နိုင်ငံရေးသတင်း

အစိုးရအဖွဲ့၏ စီမံကိန်းဆောင်ရွက်မှုများ ပြည်သူများအပေါ်ထိရောက်မှုရှိ၊ မရှိ လွှတ်တော်မှ စောင့်ကြပ်စစ်ဆေးမည်

              ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားအဆင့်စီမံကိန်းများ အကောင်အထည်ဖော်မှုများနှင့် ယင်းတို့လုပ်ဆောင်နေမှုများမှ ပြည်သူများအပေါ် ထိရောက်မှုရှိ၊ မရှိအား ပြည်ထောင်စုလွှတ်တော်မှ စောင့်ကြပ်စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။

                ပြည်ထောင်စုအစိုးရအဖွဲ့မှ အောင်မြင်ရန် ဆောင်ရွက်သွားမည်ပာု ကတိပြုတာဝန်ခံထားသည့် အမျိုးသားအဆင့် စီမံကိန်းများကို အတည်ပြုပြဋ္ဌာန်းပြီးပါက အောင်မြင်စွာဆောင်ရွက်နိုင်မှု ရှိ၊ မရှိကို လွှတ်တော်မှ စောင့်ကြည့် သွားမည်ဖြစ်ကြောင်း သိရသည်။

                လက်ရှိ လွှတ်တော်မှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားအဆင့်စီမံကိန်း ဥပဒေနှင့် ပြည်ထောင်စုအစိုးရ၏ ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို ပြည်သူများ၏ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် စိစစ်ရေးဆွဲရမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်က ပြောကြားခဲ့ကြောင်း သိရသည်။

                ထို့ပြင် နိုင်ငံတော်သမ္မတမှ ပြည်ထောင်စုလွှတ်တော်သို့ပေးပို့သည့် နှစ်သစ်ကူးသဝဏ်လွှာတွင် လာမည့် ဘဏ္ဍာနှစ်မှစတင်၍ နိုင်ငံဝန်ထမ်းများ၏ လစာနှင့် ထောက်ပံ့ကြေးများကို တိုးမြှင့်ပေးတော့မည်မည်ပာု ဖော်ပြထားသော်လည်း နိုင်ငံဝန်ထမ်းများ၏ လစာနှင့် ထောက်ပံ့ကြေးတိုးမြှင့်ပေးနိုင်ရန်မှာ နိုင်ငံတော်မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသော မလိုအပ်သည့်စီမံကိန်းများကို ရပ်တန့်ပစ်ရမည်ဖြစ်ကြောင်း သိရသည်။

                ထိုသို့ ရပ်တန့်ပစ်မှသာ ဘတ်ဂျက်လိုငွေပြမှုအတွက် အစိုးရ၏ ငွေစက္ကူရိုက်နှိပ်ထုတ်မှုများနှင့် ငွေကြေးဖောင်းပွမှုများကို ထိန်းချုပ်နိုင်မည်ဖြစ်သည့်အပြင် ဌာနအသီးသီးရှိ ဖွဲ့စည်းပုံပိုလျှံနေသည့် ဝန်ထမ်းအဖွဲ့ အစည်းများအား လျှော့ချပစ်ရန်လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

                နိုင်ငံတော်သမ္မတမှ ပြည်ထောင်စုလွှတ်တော်သို့ပေးပို့သည့် သဝဏ်လွှာတွင် ရသုံးမှန်းခြေငွေစာရင်းနှင့် ပတ်သက်၍ အစိုးရနှင့် လွှတ်တော်အကြား ပွင့်လင်းမြင်သာမှုရှိစွာ ဆွေးနွေးနိုင်ခဲ့မှုကြောင့် လာမည့်ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကို ပိုမိုစနစ်ကျစွာ ပြဋ္ဌာန်းနိုင်တော့မည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

                YC

*******************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ဒီစီမံကိန်းကြီးမှာ ပြည်သူတွေအလုပ်လုပ်နိုင်တဲ့ အခွင့်အလမ်းတွေပေါ်ပေါက်ဖို့ အရည်အသွေးမြှင့်တင်ရေး တွေလိုအပ်တယ်။ စီမံကိန်းအတွက် အထောက်အကူဖြစ်စေတဲ့ စီးပွားရေးဖွံ့ဖြိုးမှု သော့ချက်အရ အလွှာတိုင်း ကလုပ်ငန်းရှင်တွေပါဝင်နိုင်ဖို့ အလုပ်သမားတွေကလည်း သာမန်အလုပ်ကြမ်းသမားဘဝနဲ့တင် မဟုတ်ဘဲ စွမ်းရည်မြင့်လုပ်သားတွေ ဖြစ်လာဖို့ကိုလည်း ဂရုစိုက်ဆောင်ရွက်သွားမယ်။”

(ဇန်နဝါရီလ ၁၇ ရက်နေ့ထုတ် Popular News Journal အတွဲ (၃) အမှတ် (၅) တွင်ပါရှိသော “သီလဝါအထူး စီးပွားရေးဇုန် အလုပ်အကိုင်ရရှိရေး အဓိကအသားပေးမည့် စက်မှုလုပ်ငန်းများ ဖြစ်ပေါ်နိုင်” သတင်းမှ UMFCCI ဥက္ကဠ ဦးဝင်းအောင် ၏ပြောကြားချက်အားကောက်နှုတ်ချက်)

----------------------------------------------------------------------------------

“ငြိမ်းချမ်းရေးကိစ္စကို ချဉ်းကပ်တဲ့ နေရာမှာအစဉ်အလာဖြစ်တဲ့ နှစ်ဖက်စစ်ခေါင်းဆောင်တွေရဲ့ အသံ၊ သဘောထားတွေတင်မကပဲ ဒေသခံ ပြည်သူလူထုရဲ့သဘောထားတွေကိုပါ ဖော်ထုတ်နိုင်ဖို့လိုပါတယ်။ အခုဟာ စစ်မက်ဖြစ်ပွားနေတဲ့အခါကျတော့ ပြည်သူတွေရဲ့ တစ်ကယ့်သဘောထားကို ထုတ်ဖော်နိုင်ခွင့် မရဘူးဖြစ်နေတယ်”

(ဇန်နဝါရီလ ၁၇ ရက်နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၃) အမှတ် (၁၂၉) တွင်ပါရှိသော “ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ဒေသခံပြည်သူများ ပါဝင်ရန် ၈၈ ကျောင်းသားခေါင်းဆောင်များလိုလား” သတင်းမှ ဦးကိုကိုကြီး  ၏ပြောကြားချက်အားကောက်နှုတ်ချက်)

----------------------------------------------------------------------------------

“တပ်မတော်သားတွေဆိုတာ သူတို့မူလတာဝန်ရှိတယ်လေ။ ဒီမှာပဲအမြဲလာနေလို့မရဘူး။ မူလတာဝန်အပေါ်မူတည်ပြီးမှ ဒီကိုမလာနိုင်ရင်တော့ လူလဲတာပေါ့။ အလှည့်ကျစနစ်ကျင့်သုံးတာမဟုတ်ပါဘူး”

(ဇန်နဝါရီလ ၁၇ ရက်နေ့ထုတ် 7 Day News Journal အတွဲ (၁၁) အမှတ် (၄၅) တွင်ပါရှိသော “တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ခန့်အပ်မှု အလှည့်ကျစနစ် ကျင့်သုံးနေခြင်း မဟုတ်ဟုဆို” သတင်းမှ ဗိုလ်ချုပ်ဟောင်းတစ်ဦး ဖြစ်သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဠေးဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်)

*********************************************************************

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment