Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၁၈.၁.၂၀၁၃

ဘာသာပြန်သတင်းများ

  1. တရုတ်အတွက် မြန်မာနိုင်ငံ ပြဿနာ

(17 January 2013 ရက်စွဲပါ the Diplomat မှ David Cohen ရေးသားသော China’s Myanmar Problem ကို ဘာသာပြန်ဆိုပါသည်)

  1. IMF လေ့လာစောင့်ကြည့်ရေး အစီအစဉ် ဆောင်ရွက်ရန် မြန်မာတောင်းဆို

(Reuter Newsမှ 17 January, 2013ရက်စွဲပါ “Myanmar requests IMF monitor Program”သတင်းကို ဘာသာပြန်ဆိုသည်)

  1. ဒိုင်ယာလော့ပြန်စရန် သက်ဆိုင်ရာ အုပ်စုအားလုံးကို ကုလကိုယ်စားလှယ် တိုက်တွန်း

(UN News Centerမှ    17 January 2013ရက်စွဲပါ “Following visit to Myanmar, UN envoy call on all parties to resume dialogue ”သတင်းကို ဘာသာပြန်ဆိုသည်။)

*************************************************************************************

ဘာသာပြန်သတင်းများ

တရုတ်အတွက် မြန်မာနိုင်ငံ ပြဿနာ

(17 January 2013 ရက်စွဲပါ the Diplomat မှ David Cohen ရေးသားသော China’s Myanmar Problem ကို ဘာသာပြန်ဆိုပါသည်)

မြန်မာနိုင်ငံတွင် အသစ်တဖန်ဖြစ်ပွားသော တိုက်ပွဲများသည် ပြီးခဲ့သည့်အပတ်က တရုတ်နယ်စပ်အနီးသို့ ရောက်ရှိလာကာ အိမ်နီးချင်း ယူနန်အစိုးရသည် သက်ရောက်မှုများကို ခံရတော့မည်ဟု တရုတ်မီဒီယာများက သတင်းဖော်ပြကြပါသည်။ ယူနန်တွင် စစ်တပ်များ နယ်စပ်သို့ ရွှေ့ပြောင်းထားရပြီး ကချင်သူပုန်များ ထိန်းချုပ်ထားရာဒေသမှ ဒုက္ခသည်များကို လက်ခံရန် ဒုက္ခသည်စခန်းများ ပြင်ဆင်ထားရပါသည်။

တရုတ်မြန်မာနယ်စပ်တွင် နှစ်နိုင်ငံမှလူများ နေ့စဉ်နယ်စပ်ဖြတ်ကျော်သွားလာနေကြသည်မှာ ပုံမှန်လိုဖြစ်နေသည်။ တရုတ်တွင် ယူနန်နယ်စပ်၌ ဒုက္ခသည်များနှင့်ပတ်သက်သောပြဿနာမှာ အကောင်းအဆိုးရောလျှက်ရှိပါသည်။ ၎င်းသည် ၂၀၀၉ ခုနှစ်က ကိုးကန့်ပြဿနာတွင် ဒုက္ခသည် ၃၇၀၀၀ ဦးအား နေရန်နေရာနှင့် စားစရာများ ဖြည့်ဆည်းပေးခြင်းကြောင့် ချီးကျူးမှု အသင့်အတင့်ရရှိခဲ့ပြီး နှစ်ဘက်စလုံးကို အပစ်အခတ်ရပ်ရေးအတွက် အောင်မြင်စွာ ဖိအားပေးခံခဲ့ရပါသည်။ သို့သော် ပြီးခဲ့သည့် နွေက Human Right Watch က စွပ်စွဲခဲ့ရာတွင် ကချင်ဒုက္ခသည်များကို တရုတ်က နှင်ထုတ်ကြောင်း စွပ်စွဲခဲ့ပါသည်။

ကိုးကန့်နှင့် ကချင်ပြဿနာများတွင် တရုတ်၏ ကိုင်တွယ်ပုံခြားနားရခြင်းမှာ အဘယ်အကြောင်းရင်းခံကြောင့်နည်း။ အဓိကအားဖြင့် ပြဿနာ အကြီးအသေးနှင့် ပဋိပက္ခများတွင် တရုတ်၏အကျိုးစီးပွားနှင့်ပတ်သက်သော ခံယူချက်များအပေါ် မူတည်နေပါသည်။ တရုတ်စကားကိုသာပြောသော ဝ နှင့် နယ်စပ်ခြင်းထိစပ်နေသော ကိုးကန့်သည် တရုတ်ကုန်သည်အများစု အခြေချနေထိုင်၍ မြန်မာနိုင်ငံနှင့် ကုန်သွယ်နေသည့်နေရာဖြစ်ပါသည်။ တရုတ်ကုန်ပစ္စည်းတော်တော်များများတင်ပို့ပြီး သစ်များ မှောင်ခို ဝယ်ယူပါသည်။ ၂၀၀၉ ခုနှစ်က ကိုးကန့် ပဋိပက္ခတွင် တရုတ်အမျိုးသားများ၏ အသက်အိုးအိမ်နှင့် စည်းစိမ်ကို ခြိမ်းခြောက်နေသည်ဟု တရုတ်က စိတ်အခန့်မသင့် ဖြစ်ခဲ့ပါသည်။

၂၀၀၉ ခုနှစ်က Drew Thompson ရေးသားသောဆောင်းပါးတွင် ကိုးကန့်ပြဿနာကို တရုတ်အမျိုးသား ဘလော့ဂါများက တရုတ်၏အားနည်းချက်ကို သရုပ်ဖော်သကဲ့သို့ဖြစ်ကြောင်း အဓိပ္ပာယ်ကောက်ကြပါသည်။ ၎င်းကို အငြင်းပွားနေသော နယ်မြေကိစ္စများနှင့် အမျိုးအစားတစ်ခုတည်းအဖြစ် သတ်မှတ်ကြပါသည်။ နယ်မြေပြဿနာများမှာ အလေးအနက်ထားရမည့် ပြည်တွင်းနိုင်ငံရေးအကျိုးဆက်များဖြစ်စေသည့် နိုင်ငံရေးမူဝါဒပင်ဖြစ်သည်။ (ပါတီက တရုတ်၏အင်အားမှာ တရားဝင်မှုအတွက် မူလအရင်းအမြစ်ဖြစ်ကြောင်း ရှုမြင်ပါသည်။) ကိုးကန့်အရေးအခင်းတွင် တရုတ်သည် ယခုပြည်တွင်းလုံခြုံရေးကြီးကြပ်သည့် ပါတီအကြီးအကဲဖြစ်နေသည့် ထိုစဉ်က နိုင်ငံတော်ကောင်စီဝင် Meng Jianzhu ကို ယူနန်သို့စေလွှတ်၍ ဒုက္ခသည်ကိစ္စတုန့်ပြန်ရေး ကိုင်တွယ်ဖြေရှင်းစေခဲ့ပါသည်။

ထိုကိစ္စနှင့်ဆန့်ကျင်စွာ ပြီးခဲ့သည့်နွေက ကချင်ဒုက္ခသည်ပြဿနာတွင် တရုတ်၌ ဒေသဆိုင်ရာအာဏာပိုင်များကသာ ကိုင်တွယ်ခဲ့ရာ ဤကိစ္စကို Beijing့  ဦးစားပေးအဆင့်နိမ့်သည်ဟု မှတ်ယူနိုင်ပါသည်။ နောက်ထပ်ရောက်လာဖွယ်ရှိသည့် ဒုက္ခသည်များအတွက် ပြင်ဆင်မှုများကိုလည်း ဒေသဆိုင်ရာအာဏာပိုင်များကသာ ကိုင်တွယ်ဖွယ်ရှိပါသည်။ တရုတ်သည် အနည်းဆုံးအားဖြင့် ဒုက္ခသည်များရောက်လာပါက နိုင်ငံတကာ၏ဝေဖန်မှုကို ရှောင်ရှားရန် ကြိုးပမ်းမည်ဟု စာရေးသူကမျှော်လင့်ပါသည်။ သို့သော်ဒုက္ခသည်စခန်းများတွင်လိုအပ်ချက်များပြည်စုံစွာ ဖြည့်ဆည်းပေးမည်လော ဆိုသည်ကိုမူ စောင့်ကြည့်ရဦးမည်ဖြစ်ပါသည်။

တရုတ်အစိုးရ၏ ထိပ်ပိုင်းအဆင့်တွင် ဒုက္ခသည်များလက်ခံရမည့်အရေးကို အလွန်အမင်းစိုးရိမ်လျှက်ရှိပါသည်။ Human Right Watch မှတရုတ်ဆိုင်ရာ ဌာနအကြီးအကဲ Sophie Richardson က စာရေးသူအားပြောပြရာတွင် တရုတ်က မြောက်ကိုရီးယားဒုက္ခသည်များကို အကူအညီများစွာပေးမိခြင်းကြောင့် ဒုက္ခသည်များပိုမိုဝင်ရောက်ရန် အားပေးသလိုဖြစ်မည်ကို စိုးရိမ်ကြောင်းဆိုပါသည်။ ယခုကိစ္စတွင်လည်း ဒုက္ခသည်များကိစ္စကို ဤနည်းအတိုင်းသာစဉ်းစားမည်ဖြစ်ပါသည်။

အထက်ပါအတိုင်းမစဉ်းစားဘဲ မဖြစ်နိုင်သည့်ကိစ္စတစ်ခုမှာ ယခုကချင်ကိစ္စအပေါ် တရုတ်ကအလေးအနက်စဉ်းစားရမည့် ကိစ္စအဖြစ် ခံယူခြင်းရှိမရှိပေါ်တွင် မူတည်ပါသည်။ ပြီးခဲ့သည့် ကြာသာပတေးနေ့က တရုတ်ပြည်မှ ကချင်များသည် နယ်စပ်တွင်ဆန္ဒပြ၍ မြန်မာနိုင်ငံမှ ကချင်လူမျိုးများကို အကာအကွယ်ပေးနိုင်ရေးအတွက် တရုတ်က ကြားဝင်ဆောင်ရွက်ရန် တောင်းဆိုခဲ့ပါသည်။ ထိုသို့ဆန္ဒပြရုံမျှဖြင့် ဖိအားများများဖြစ်မလာနိုင်ဟု ထင်ရပါသည်။ သို့သော် တရုတ်အစိုးရက ကြားဝင်ရန် ကျယ်ကျယ်ပြန့်ပြန့်တောင်းဆိုမှုများရှိနေပြီး မင်ဒရင်းဘာသာဖြင့် ဂျိန်းဖောဟုခေါ်သော တိုင်းရင်းသားအုပ်စု ၅၅ ခုတွင် ပါဝင်နေရာ နိုင်ငံရပ်ခြားရှိ ဟန် တရုတ်အသိုင်းအဝိုင်းကို ခြိမ်းခြောက်မှုရှိပြီဟု တရုတ်ကယူဆလာလျှင်မူ ဖိအားအဖြစ်ဖန်တီးပေးနိုင်မည်ဖြစ်သည်။

ပို၍စိတ်ဝင်စားဖွယ်ကောင်းသည့်အချက်မှာ နိုင်ငံပိုင်သတင်းစာများတွင် တရုတ်အပေါ် အဆိုပါကချင်ပဋိပက္ခ၏ သက်ရောက်မှုများနှင့် ပတ်သက်၍ သတင်းများရေးသားဖော်ပြထားမှုများပင်ဖြစ်ပါသည်။ တရုတ်နယ်စပ် တရုတ်နိုင်ငံဖက်သို့ မြန်မာစစ်တပ်မှ လက်နက်ကြီးများကျရောက်သောအခါ ကြီးမားသော စောဒကတက်မှုများမရှိသော်လည်း နိုင်ငံပိုင်မီဒီယာများက ကုန်သွယ်မှုတွင် သက်ရောက်မှုရှိပုံကို ကျယ်ကျယ်ပြန့်ပြန့် သတင်းများ ရေးသားခဲ့ပါသည်။ နယ်စပ်မြို့များရှိ ဆိုင်ရှင်များနှင့် အင်တာဗျုးများပြုလုပ်ထားပြီး မြန်မာဖောက်သည်များသည် တိုက်ပွဲများစကတည်းက မလာတော့ကြောင်းဖော်ပြထားသည်။

Foreign Policy ကလည်း ဆောင်းပါးရေးသားထားရာတွင် တရုတ်ပညာရှင်များက ဒီမိုကရေစီသို့သွားနေသော မြန်မာအစိုးရ နှင့်ဆက်ဆံရေးများလျှော့ချ၍ နယ်စပ်မှ တိုင်းရင်းသားအုပ်စုများအပေါ် စိတ်ရောကိုယ်ပါ ကူညီထောက်ပံ့မှုများပေးရန် တောင်းဆိုထားမှုများကို ဖော်ပြထားပါသည်။ ယခုလောလောဆယ်တွင်မူ ထိုသို့လုပ်ဆောင်ပါက အကျိုးရှိမရှိအကဲဖြတ်ရန် ခက်ခဲနေပါသေးသည်။ သို့သော် ပြီခဲ့သည့်နှစ်များတွင် တရုတ်သည် တရားဝင်အစိုးရများကိုသာ ထောက်ခံကူညီသည့်မှတ်တမ်းများ စဉ်ဆက်မပြတ်ရှိခဲ့ရာ အကျိုးရှိသည်ဟုဆိုရမည်ဖြစ်ပြီး ခွဲထွက်ရေး လှုပ်ရှားမှုများကို ဆန့်ကျင်ခဲ့ပါသည်။

တရုတ်ခေါင်းဆောင်များအတွက် အရေးကြီးသောကိစ္စဖြစ်နိုင်သည်မှာ ရေလှောင်တမံများကိစ္စဖြစ်ပါသည်။ နိုင်ငံခြားမှဝေဖန်သုံးသပ်သူများက ယုံကြည်နေသည်မှာ ကချင်ပြည်နယ်တွင် မြန်မာက စစ်ဆင်ရေးပြုလုပ်နေသည်မှာ အဆိုပြုထားသော ရေလှောင်တမံနေရာများကို ထိန်းချုပ်မှု ရရေးဖြစ်သည်ဟူသည့်အချက်ဖြစ်သည်။ ထိုရေလှောင်တမံများကို မြန်မာပြည်သူများက မလိုလားသော်လည်း တရုတ်နိုင်ငံပိုင်ကုမ္ပဏီများအတွက်မူ အရေးကြီးနေပါသည်။

အဆိုပါရေလှောင်တမံများ ပြီးစီးသွားခဲ့ပါကထွက်ရှိသောလျှပ်စစ်ဓာတ်အားအများစုကို ယူနန်သို့ပေးပို့မည်ဖြစ်ပါသည်။ လက်ရှိအားဖြင့် ယူနန်အစိုးရမှာ ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံများဖယ်ရှားရန် ဖိအားအတော်အတန် အပေးခံနေရရာ အဆိုပါရေလှောင်တမံများမှာ သန့်ရှင်းသော စွမ်းအင်အရင်းအမြစ်ဖြစ်လာနိုင်ပါသည်။ ရပ်ဆိုင်းထားသော မြစ်ဆုံဆည်ပြန်လည်စတင်ရန်လည်း တရုတ်ကစိတ်အားထက်သန်နေပါသည်။ ထို့ကြောင့် တရုတ်အနေဖြင့် ယခုတိုက်ပွဲများဖြစ်ပွားနေမှုကို စိတ်ထဲ၍ လက်သင့်မခံသော်လည်း ကျိတ်၍ဝမ်းသာနေမည်ဖြစ်ပါသည်။ နိုင်ငံတကာတွင် တရုတ်၏ပုံရိပ်ကို ထိခိုက်စေကာမူ ဖြစ်သင့်သည်ဟု တွက်ဆနေမည်ဖြစ်ပါသည်။

-------------------------------------------------------------------------------------

IMF လေ့လာစောင့်ကြည့်ရေး အစီအစဉ် ဆောင်ရွက်ရန် မြန်မာတောင်းဆို

(Reuter Newsမှ 17 January, 2013ရက်စွဲပါ “Myanmar requests IMF monitor Program”သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် ၎င်း၏စီးပွားရေး ပြုပြင်ပြောင်းလဲမှုများအောင်မြင်ရေးနှင့် ပေးစရာကြွေးဟောင်းများရှင်းလင်းရေးတို့ကို အထောက်အကူ ဖြစ်စေရန်အတွက် တစ်နှစ်ကြာ IMF လေ့လာစောင့်ကြည့်ရေးအစီအစဉ်ကို တောင်းဆိုခဲ့ကြောင်း ကြာသပတေးနေ့က ထုတ်ပြန်သော IMF သတင်းအချက်အလက်များအရ သိရှိရသည်။

နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ IMFက “မြန်မာနိုင်ငံသည်စဉ်ဆက်မပြတ် မျှမျှတတဖွံ့ဖြိုးဖြစ်ပေါ်ရေး၊ကမ္ဘာ့စီးပွားရေးနယ်ပယ်နှင့် မြန်မာနိုင်ငံ ပြန်လည်ပေါင်းစည်းရေး၊ ဆင်းရဲမှုလျှော့ချရေးတို့အတွက် အထောက်အကူဖြစ်စေရန် ကျွမ်းကျင်သူများ လေ့လာစောင့်ကြည့်ရေး အစီအစဉ်ကို ဒီဇင်ဘာလက တောင်းဆိုခဲ့သည်” ဟု ပြောကြားသည်။

နှစ်ပေါင်းများစွာ တံခါးပိတ်ထားခဲ့သော အထီးကျန်နိုင်ငံ အဖြစ်မှ နှေးကွေးစွာ ခေါင်းပြူထွက်လာနေသော မြန်မာနိုင်ငံသည် ၎င်း၏ပေးစရာ ကြွေးဟောင်းများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများ ဆွေးနွေးရန်အတွက် မြီရှင်များ ဖွဲ့စည်းထားသော Paris Club နှင့် ဇန်နဝါရီလတွင် တွေ့ဆုံရန် စီစဉ်ထားသည်ဟု IMFက ဆိုသည်။

မြန်မာနိုင်ငံတွင် ကာလကြာအုပ်ချုပ်ခဲ့သော စစ်ဘက်အစိုးရထံမှ ၂၀၁၁ မတ်လတွင် သမ္မတဦးသိန်းစိန်၏ အရပ်သားအစိုးရက အာဏာလွှဲပြောင်း ရယူပြီးနောက်တွင် စီးပွားရေးနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ အကောင်အထည်ဖော်လျက်ရှိရာ လွတ်လပ်မျှတသော ကြားဖြတ်ရွေးကောက်ပွဲကို ခွင့်ပြုခြင်း၊ ဆန္ဒပြခွင့် စည်းကမ်းများ ဖြေလျှော့ပေးခြင်း၊ အတိုက်အခံနိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်းတို့ကို ဆက်တိုက်ပြုလုပ်ခဲ့သည်။

သို့သော်လည်း ယခုလက်ရှိအချိန်တွင် အခြေခံလူတန်းစားနှင့် လူလတ်တန်းစား ပြည်သူများ စီးပွားရှာရာတွင် လွယ်ကူချောမွေ့စေရန်အတွက်  ယခင်တပ်မတော်အစိုးရလက်ထက်က ကန့်သတ်ချုပ်ချယ်ထားသောစည်းကမ်းဥပဒေများကို  အမြန်ဆုံးပယ်ဖျက်ရှင်းလင်းရန် အရေးပေါ်လိုအပ်နေသည်ဟု အကဲခတ်လေ့လာသူအချို့က ထောက်ပြဝေဖန်ထားသည်။

---------------------------------------------------------------------------------------------------------------------

ဒိုင်ယာလော့ပြန်စရန် သက်ဆိုင်ရာ အုပ်စုအားလုံးကို ကုလကိုယ်စားလှယ် တိုက်တွန်း

(UN News Centerမှ    17 January 2013ရက်စွဲပါ “Following visit to Myanmar, UN envoy call on all parties to resume dialogue ”သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံမှ သက်ဆိုင်ရာ အုပ်စုအားလုံးအား “တင်းမာမှု ဖြေလျှော့ရေး၊ ဒိုင်ယာလော့ ပြန်လည်စတင်ရေး ၊ ကချင်နှင့်ရခိုင်ပြည်နယ်များမှ ဘေးဒဏ်သင့် ပြည်သူများ ထံ လူသားချင်းစာနာမှု အကူအညီရောက်ရှိစေရေး” တို့ကိုလုပ်ဆောင်ကြရန်  ယနေ့တိုက်တွန်းလိုက်သည်။

အဆိုပါသတင်းထုတ်ပြန်ချက်တွင် အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးအကြံပေး ဗီဂျေနမ်ဘီယာက“`၎င်းအနေဖြင့် ၄ရက်ကြာ မြန်မာခရီးစဉ်မှ ပြန်ရောက်ကာစဖြစ်ပြီး၊ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက် ခမ်း အပါအဝင် မြန်မာအစိုးရ အကြီးတန်းတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်”ဟု ပြောကြားသည်။

အဆိုပါတွေ့ဆုံမှုများတွင် “မြန်မာနိုင်ငံ၌ ၂၀၁၁ ဇွန်လမှ စတင်၍အစိုးရတပ်နှင့် သူပုန်များ ပြန်လည် တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၇၅၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်နေသော ကချင်ပြည်နယ်တို့အပါအဝင် နိုင်ငံအနှံ့အပြားတွင် ဆန္ဒပြမှုများတိုက်ခိုက်မှုမျာ ဆက်လက်ဖြစ်ပေါ်နေခြင်းအပေါ် အထွေထွေ အတွင်းရေးမှူးချုပ်မစ္စတာဘန်ကီမွန်း၏ အထူးစိုးရိမ်ပူပန်မှုကို ” မစ္စနမ်ဘီယာကထုတ်ဖော်ပြောကြားခဲ့သည်။

နိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် ဒိုင်ယာလော့ပြန်လည်စတင်ရေးနှင့် ပတ်သက်ပြီး ကုလအထူး ကိုယ်စားလှယ် နမ်ဘီယာက “၎င်းကိစ္စသည် သက်ဆိုင်ရာ အုပ်စုများအကြား ၎င်းတို့အချင်းချင်းသာ ညှိနှိုင်းရမည့်ကိစ္စဖြစ်သော်လည်း ဆက်လက်ဖြစ်နေသော ရှေ့မတိုး နောက်မဆုတ် အကျပ်အတည်းကြီးထွားနေသော တင်းမာမှုများက  နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုနှင့် အသွင်ကူးပြောင်းမှုလမ်းကြောင်း တစ်ခုလုံးကို ထိခိုက်မှာလား သို့မဟုတ် ယခုအချိန်အထိ ရရှိထားသော နိုင်ငံတကာ၏ အကောင်းမြင်မှု အခြေအနေကို ထိခိုက်စေမှာလားဆိုသည်ကိုလေ့လာရန် ကုလသမဂ္ဂတွင် ဝတ္တရား ရှိသည်”ဟု ပြောကြားသည်။

မစ္စတာ နမ်ဘီယာက ဆက်လက်၍မြန်မာနိုင်ငံကို ထောက်ခံအားပေးသွားမည့် ကုလသမဂ္ဂ၏ ကတိ က ဝတ်ကို ထပ်မံပြောဆိုခဲ့ပြီး ကုလသမ​ဂ္ဂ အေဂျင်စီများနှင့် အခြားလူသားချင်းစာနာမှု လုပ်ဖော်ကိုင်ဖက်အဖွဲ့များ အနေဖြင့် ပဋိပက္ခဘေးဒဏ်သင့်ဒေသများတွင် စာနာမှုဆိုင်ရာ အကဲဖြတ်ခွင့် ပိုရရန်လိုကြောင်း၊ သို့မှသာ လတ်တလောပြင်းထန်လာသော ပဋိပက္ခကြောင့် ဒုက္ခရောက်နေသော အသိုင်းအဝိုင်းများထံမှ ထောက်ပံ့ကူညီမှုများကို ဆက်လက်အရှိန်မြှင့်နိုင်မှာဖြစ်ကြောင်း မေတ္တာရပ်ခံ ပြောကြားခဲ့သည်ဟု သိရှိရသည်။

 *******************************************************************************************

တရုတ်ပြည်၏ ကြားဝင်စွက်ဖက်မှုမပြုရေးမူဝါဒကို ကချင်စစ်မက်ပဋိပက္ခ သွေးတိုးစမ်း

 

(VOA News မှ 16 Jan 2013 ရက်စွဲပါ Burma Conflict Tests China’s Policy of Non-Interference ကိုဘာသာပြန်ဆိုသည်)

 

မြန်မာနိုင်ငံမြောက်ပိုင်း၊ ကချင်ပြည်နယ်တွင်း ကေအိုင်အေနှင့် အစိုးရ စစ်တပ်အကြား ပစ်ခတ်တိုက်ခိုက်မှုများမှာ တစ်စထက်တစ်စ ပြင်းထန်လာသလို ကြောက်မက်ဖွယ်ရာလည်းကောင်းလာသည်။

 

အဆိုပါ ကြမ်းတမ်းသည့် စစ်မက်ပဋိပက္ခကြီးမှာ အိမ်နီးချင်းတရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် တဖြည်းဖြည်းချင်း ကူးစက်ပြန့်နှံ့မည့် အနေအထားသို့ရောက်ရှိလာရာ သမ္မတဦးသိန်းစိန် အစိုးရအတွက် အရေးကြီးသည့် စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်ရုံသာမက  တရုတ်အစိုးရအတွက်လည်း စိုးရိမ်သောက တိုးပွားစေသည့် ပြဿနာတစ်ရပ်ဖြစ်လာသည်။

 

ကချင်သူပုန်များက မြန်မာစစ်တပ်သည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း တရုတ်ပြည်နှင့် နီးကပ်နေသည့် လိုင်ဇာမြို့သို့ မော်တာကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သား သုံးဦးသေဆုံးပြီး လူအများအပြား ဒဏ်ရာရရှိသွားခဲ့သည်။

 

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းကလည်း လိုင်ဇာနှင့် တရုတ်ပြည် Nabang မြို့များတွင် နေထိုင်သော ကချင်တိုင်းရင်းသားများက နယ်စပ်ဂိတ်သို့စုဝေးရောက်ရှိလာကာ လက်ရှိဖြစ်ပေါ်နေသာ စစ်မက်အား ကန့်ကွက်ဆန္ဒပြမှုများပြုလုပ်ခဲ့ကြသည်။ မြန်မာနိုင်ငံဘက်အခြမ်းတွင် ရပ်နေသော ကချင်များက လက်ကိုင်ပိုစတာများကိုင်ဆောင်ထားကြပြီး တရုတ်နိုင်ငံဘက်အခြမ်းတွင် ရပ်နေသော ကချင်များက လက်ချင်းချိတ်ကာ တိတ်တဆိတ်ဆန္ဒပြကြသည်။

 

ကချင်သူပုန်များနှင့် မြန်မာအစိုးရသည် လွန်ခဲ့သည့် ၁၈ လ မတိုင်မီကာလအထိ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ထိန်းသိမ်းနိုင်ခဲ့သည်။ လတ်တလော ရက်သတ္တပတ်များတွင်မူ မြန်မာအစိုးရစစ်တပ်က ကချင်ပြည်နယ်ထဲသို့ လေကြောင်းတိုက်ခိုက်မှုအပါအဝင် အင်အားအလုံးအရင်းသုံးကာ ဝင်ရောက်တိုက်ခိုက်လာကြသည်။ လိုင်ဇာမှာမူ စစ်မက်ဇုန်တစ်ခုသဖွယ်အသွင်ပြောင်းသွားသည်။

 

အရှေ့တောင်အာရှဆိုင်ရာလေ့လာရေးအင်စတီကျုမှ လုံခြုံရေးဆိုင်ရာလေ့လာဆန်းစစ်သူ Ian Storey က “ကချင်ပြည်နယ်တွင်း စစ်မက်များက တရုတ်နယ်စပ်ဒေသသို့ နီးစပ်လာသောကြောင့် တရုတ်အစိုးရက လွန်စွာစိုးရိမ်သောကဖြစ်နေသည်မှာ ရှင်းရှင်းလင်းလင်းပင်ဖြစ်ကြောင်း” ပြောကြားသည်။

 

“အကြောင်းအမျိုးမျိုးကြောင့် နယ်စပ်ဒေသမှာ ပဋိပက္ခဖြစ်တာတို့၊ မတည်မငြိမ်ဖြစ်တာတို့ စတာတွေကို တရုတ်နိုင်ငံက မဖြစ်စေချင်ဘူး။ အကြောင်းအရင်းတစ်ခုကတော့ ပဋိပက္ခတွေကြောင့် ယူနန်ပြည်နယ်ထဲကို ဒုက္ခသည်တွေဝင်ရောက်လာမယ့်အရေးကိစ္စပါ။ မြန်မာပြည်မှာ ဒီလိုဖြစ်ရပ်တွေကြောင့် ဒုက္ခသည်တွေ တခြားနိုင်ငံထဲဝင်ပြေးကြရတာမျိုး ကျွန်တော်တို့တွေ မြင်တွေ့ဖူးပါတယ်။ နောက်ပြီးတော့ နယ်စပ်ဒေသ မြန်မာနိုင်ငံပိုင်နက်ထဲမှာ စီးပွားရေးလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားတွေလည်းရှိနေပါတယ်” ဟု ၎င်းကပြောကြားသည်။

 

တရုတ်နိုင်ငံသည် ၎င်း၏ “အခြားနိုင်ငံများအရေးကိစ္စ ဝင်ရောက်စွက်ဖက်မှုမပြုရေး” ဟူသောမူဝါဒနှင့်ပတ်သက်၍ ကာလကြာရှည်စွာ ကိုယ့်ကိုယ်ကို ဂုဏ်ယူခဲ့သည်။ အခြားသော တရုတ်နိုင်ငံရေးလေ့လာဆန်းစစ်သူများက အဆိုပါ မူဝါဒသည် ယေဘုယျအားဖြင့် ကောင်းမွန်သော်လည်း မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အရေးကိစ္စမျိုးက တရုတ်ပြည်အပေါ် ထိခိုက်နစ်နာမှုမျိုးဖြစ်လာနိုင်သည်ဟု ထောက်ပြကြသည်။

 

Chinese Academy of Social Sciences မှ အရှေ့တောင်အာရှမူဝါဒရေးရာ လေ့လာဆန်းစစ်သူ Du Jifeng က အကယ်၍ တရုတ်နိုင်ငံက ပိုမိုတက်ကြွသော အခန်းကဏ္ဍမှ ပါဝင်မှုမပြုလုပ်ပါက ကချင်စစ်မက်ပဋိပက္ခ ဆိုးရွားလာဖွယ်ရှိကြောင်း ပြောကြားသည်။

 

စစ်မက်ပဋိပက္ခတွင် နှစ်ဖက်စလုံးတွေ့ဆုံဆွေးနွေးနိုင်မည့် နေရာဖန်တီးပေးရေးနှင့် နှစ်ဖက်စလုံးက သဘောတူညီမှု၊ လေးစားလိုက်နာမှုရှိမည့် စေ့စပ်ညှိနှိုင်းမှုများပေါ်ထွန်းရေးတို့ကို တရုတ်နိုင်ငံက တက်ကြွစွာလုပ်ကိုင်ပေးနိုင်ကြောင်း ၎င်းကပြောကြားသည်။ မြန်မာအစိုးရဘက်က တရုတ်ပြည် လေကြောင်းနှင့် မြေပိုင်နက်ဆိုင်ရာအခွင့်အရေးများကို ချိုးဖောက်လာချိန်တွင် တရုတ်နိုင်ငံဘက်က ကန့်သတ်ထိန်းချုပ်မှုများကို လျှော့ပေးလာနိုင်ကြောင်းလည်း ၎င်းကပြောဆိုသည်။

 

တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် မြန်မာအစိုးရနှင့် ကေအိုင်အေ အကြားတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် တရုတ်အစိုးရက ငြိမ်းချမ်းရေးအကျိုးဆောင်အဖြစ် ကြားဝင်ကမ်းလှမ်းခဲ့ဖူးသည်။  သို့သော် စစ်မက်ပဋိပက္ခမှာ ပိုမိုဆိုးရွားလာသည်ဖြစ်ရာ ယင်းဆွေးနွေးပွဲကျင်းပရေးမှာလည်း ရှင်းရှင်းလင်းလင်းမရှိတော့ပေ။

 

Ian Storey အဆိုအရ ငြိမ်းချမ်းရေးအကျိုးဆောင်ပြုလုပ်နိုင်သည့် တရုတ်နိုင်ငံ၏ အရည်အချင်းမှာ အကန့်အသတ်များရှိနေသည်။

 

“အတိတ်ကာလတုန်းက တရုတ်အရာရှိတွေက ကြားဝင်ဖျန်ဖြေသူတွေအဖြစ် ပါဝင်လုပ်ကိုင်ခဲ့ကြဖူးတယ်။ ဒါပေမဲ့ နောက်ဆုံးကျတော့ သဘောတူညီချက် ရလဒ်ထွက်ဖို့လုပ်ရမှာက မြန်မာအစိုးရနဲ့ ကချင် ကေအိုင်အေတွေပဲဖြစ်ပါတယ်။ နှစ်ဖက် တွေ့ဆုံဆွေးနွေးမှုတွေ အဆင်ပြေချောမွေ့စွာလုပ်ကိုင်နိုင်အောင် တရုတ်နိုင်ငံက ကြိုးစားအကူအညီပေးနိုင်ပါတယ်၊ ဒါပေမဲ့ နှစ်ဖက်စလုံးကို ဘာလုပ်ရမယ်ဆိုပြီး သတ်မှတ်ပြောဆိုပေးနိုင်မှာတော့မဟုတ်ပါဘူး” ဟု Ian Storey ကပြောကြားသည်။

 

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိကမဟာမိတ်နိုင်ငံအဖြစ် ကာလကြာရှည်စွာ ရပ်တည်ခဲ့သည်။ သို့သော် လတ်တလော နှစ်များအတွင်း မြန်မာအစိုးရက နိုင်ငံတကာဆက်ဆံရေးပုံစံကို တဖြည်းဖြည်းချင်းပြောင်းလဲပစ်လျက်ရှိပြီး ဂျပန်၊ အမေရိကန်ပြည်ထောင်စု၊ အီးယူ အစရှိသည်တို့နှင့် ဆက်ဆံမှုများတိုးမြှင့်လာသည်။

 

မြန်မာနိုင်ငံသည် ၎င်း၏ နိုင်ငံခြားရေးမူဝါဒနှင့် ချဉ်းကပ်မှုများကို ထိန်းညှိလျက်ရှိရာ တရုတ်နိုင်ငံကလည်း ယင်းသို့လိုက်ပါလုပ်ဆောင်သင့်သည်ဟု Du ကပြောကြားသည်။

 

တရုတ်နိုင်ငံသည် ယခင်အတိတ်ကာလက မြန်မာဗဟိုအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရေးကို အရေးတကြီးလုပ်ဆောင်ပေးခဲ့ကြောင်း၊ သို့သော် လာမည့် အနာဂတ်ကာလတွင် တရုတ်အနေဖြင့် မြန်မာနိုင်ငံမှ ပြည်နယ်အစိုးရများ၊ အစိုးရအတိုက်အခံအင်အားစုများအပါအဝင် အခြားသော အခန်းကဏ္ဍများနှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သင့်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

 

မြန်မာတိုင်းရင်းသား လူနည်းစုများနှင့် ဆက်ဆံရေးတိုးမြှင့်ခြင်း၊ အထူးသဖြင့် ပြည်နယ်အစိုးရအဆင့်နှင့် ဆက်ဆံရေးအားကောင်းအောင်ပြုလုပ်ခြင်း အစရှိသည်တို့ကသာ အငြင်းပွားမှုများကို ဖြေရှင်းရန် အကူအညီပေးရာရောက်မည်ဖြစ်ကြောင်း၊ သို့သော် စစ်မက်ပဋိပက္ခများ နယ်စပ်ဒေသတစ်လျှောက်ကူးစက်ပြန့်နှံ့မသွားအောင် အသေအချာလုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း လေ့လာဆန်းစစ်သူများကဆိုသည်။


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment