Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2013
Document yangonchronicle 2013

Snapshot of the item below:
yangonchronicle 2013

 

*

*

၂၂.၁.၂၀၁၃

နေ့စဉ်ထုတ်သတင်းလွှာ

  1. စစ်ပွဲလက်ကျန်မြေမြှုပ်မိုင်းများဖော်ထုတ်ရာတွင် ဒေါ်အောင်ဆန်းစုကြည်ကူညီမည်
  2. အာဏာနှစ်ရပ်ကြား အငြင်းပွားဖွယ် ဥပဒေနှစ်ခုကို ပြင်ဆင်သည့် ဥပဒေပြဋ္ဌာန်း
  3. ဖားကန့်တွင် တိုက်ပွဲများကို ခုတုံးလုပ်၍ မငြိမ်သက်မှုများရှိ
  1. အာရှစိမ်းလန်းဖွံဖြိုးရေးဘဏ် ဝန်ထမ်းများကို အစုရှယ်ယာ ခွဲဝေပေးကာ အများပိုင်ဖွဲ့မည်

*************************************************************************************

နေ့စဉ်ထုတ်သတင်းလွှာ

စစ်ပွဲလက်ကျန်မြေမြှုပ်မိုင်းများဖော်ထုတ်ရာတွင် ဒေါ်အောင်ဆန်းစုကြည်ကူညီမည်

စစ်ပွဲလက်ကျန်မြေမြှုပ်မိုင်းများ ရှင်းလင်းဆောင်ရွက်ရာတွင် မိမိအနေဖြင့် ကူညီမည်ဖြစ်ကြောင်းကို ကေအန်ယူ ခေါင်းဆောင်ပိုင်းနှင့် ဇန်နဝါရီလ ၂၀ ရက်နေ့က ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့၌ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခြင်း ဖြစ်ကြောင်း သိရသည်။

မြေမြှုမိုင်းများရှင်းလင်းမှုများအပါအဝင် ငြိမ်းချမ်းရေးဖော်ဆောင်မှုကိစ္စများ၊ ဒေသဖွံ့ဖြိုးတိုးတက်မှုနှင့် မိုင်းသင့်ခြင်း ခံရသောမသန်စွမ်း သူများ၏ဘဝများတိုးတက်ရေး လုပ်ငန်းများတွင် မိမိအနေဖြင့် ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်မှပြောကြားရာတွင် ကေအန်ယူ အနေဖြင့်လည်းပူးပေါင်းပါဝင် ဆောင်ရွက်မည် ဇြစ်ကြောင်းကို ကေအန်ယူ တပ်မဟာ (၃) မှ တပ်မဟာမှူး စောအယ်ကလူသိန်းက ပြောကြားကြောင်းသိရသည်။

ဒေသခံများ၏ ဥယျာဉ်ခြံများသည် တောင်ပေါ်များတွင်ဖြစ်ပြီး မြေမြှုမိုင်းများသည်လည်း တောင်ပေါ်တလျောက် မြှုပ်နှံထားမှုကြောင့် လူကြီးများသာမက အသီးအရွက်ခူးသော ကလေးများပါ မိုင်းနင်းပေါက်ကွဲမှုများဖြစ်တက်ကြောင်းကို ဒေသခံများက ပြောကြားသည်။

ကရင်တိုင်းရင်းသားအများစုနေထိုင်သည့် ကျောက်ကြီးနှင့် မုန်းမြို့နှစ်မြို့ပေါင်းတွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် မသန်စွမ်းဖြစ်ခဲ့ရသူပေါင်း ၃၃၃ ဦး ခန့်ရှိကြောင်း၊ အဆိုပါမြို့များသည် ထိုင်း-မြန်မာ နယ်စပ်နှင့် မိုင် ၂၀ ခန့်ကွာဝေးကာ ရန်ကုန်-နေပြည်တော် အမြန်ကားလမ်းမကြီးနားတွင် တည်ရှိကြောင်းသိရသည်။

                                                                                                                                        YC

-----------------------------------------------------------------------------------------

အာဏာနှစ်ရပ်ကြား အငြင်းပွားဖွယ် ဥပဒေနှစ်ခုကို ပြင်ဆင်သည့် ဥပဒေပြဋ္ဌာန်း

ပြည်ထောင်စုလွှတ်တော်မှ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေနှင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးကာ ထုတ်ပြန်လိုက်ကြောင်း ကိုနိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားကြောင်း သိရသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်သည် နိုင်ငံတော်၏ ရ/သုံးစာရင်းနှင့် ပတ်သက်သည့် ထူးခြားသည့် စစ်ဆေးတွေ့ရှိချက်များကို ပြည်ထောင်စုလွှတ်တော်၊ ပြည်သူလွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် အခါအားလျှော်စွာ တင်ပြမည်ဆိုသည့်စကားရပ်အပြင် တစ်နှစ်လျှင်အနည်းဆုံးတစ်ကြိမ်တင်ပြရမည်ဆိုသည့် စကားရပ်ကိုပါ ထည့်သွင်းဖြည့်စွက်ရမည်ဖြစ်ကြောင်းသိရသည်။

အထက်ပါပြင်ဆင်ချက်များအပြင် ပြည်ထောင်စုစာရင်းစစ်ချုပ်အနေဖြင့် ၎င်းတို့၏ စစ်ဆေးတွေ့ရှိချက်များကို နိုင်ငံတော်သမ္မတမှတဆင့် ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံတင်ပြမည်ဆိုသည့်စကားရပ်အစား နိုင်ငံတော်သမ္မတသို့ တင်ပြသည်နှင့်တစ်ပြိုင်နက် လွှတ်တော်သို့ တင်ပြရမည်ဆိုသည့်အချက်များကိုပါ ပြင်ဆင်ထားကြောင်းသိရသည်။

ဖြည့်စွက်ချက်များအနေဖြင့် ပြည်ထောင်စုလွှတ်တော်က ပြည်ထောင်စုစာရင်းစစ်ချုပ်ကို  ပြည်ထောင်စုဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာ အစိုးရဌာနများ၏ လုပ်ငန်းတာဝန်အကောင်အထည်ဖော်မှုများကို စစ်ဆေးဆောင်ရွက်ရန်အတွက် တာဝန်ပေးအပ်လျှင် စစ်ဆေး၍ပြည်ထောင်စု လွှတ်တော်သို့ ပြန်လည်အစီရင်ခံရမည်ဖြစ်ကြောင်းကို ပုဒ်မ ၁၁ (ဌ) နောက်တွင်(ဍ) ကိုထပ်မံဖြည်စွက်ထည့်သွင်းထားကြောင်းသိရသည်။

အခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေတွင်လည်း အခြေခံဥပဒေဆိုင်ရာခုံရုံး ပုဒ်မ ၆ ကို  ပြည်ထောင်စုလွှတ်တော်မှ သမ္မတထံသို့ ကနဦးတင်ပြထားသည်ကို နိုင်ငံတော်သမ္မတက သဘောထားမှတ်ချက်နှင့် ပြန်လည်ပေးပို့မှုအပေါ် ပြည်ထောင်စုလွှတ်တော်မှ လက်မခံဘဲ မူလပြဋ္ဌာန်းထားသည်အတိုင်း အဖွဲ့ဝင်များကိုရွေးချယ်ရာတွင် နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ အဖွဲ့ဝင်သုံးဦးစီ စုစုပေါင်းကိုးဦးကို ရွေးချယ်ကာ အဆိုပါရွေးချယ်ထားသည့်သူများထဲမှ ဥက္ကဌကို အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဌများက ရွေးချယ်၍ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းပြီး သဘောတူညီချက် ရယူမည်ဖြစ်ကြောင်းနှင့် အဆိုပါအဖွဲ့၏ လုပ်ဆောင်ချက်များကို ပုဒ်မ ၁၂ နောက်ဆက်တွဲပုဒ်မ (ဈ) အရ  ၎င်းတို့ကိုရွေးချယ်မည့်သူများကို ပြန်လည်အစီရင်ခံရမည်ဖြစ်ကြောင်းပါရှိသည်။

ထို့အပြင်ပုဒ်မ ၂၃ ကို ၂၄ အဖြစ်လည်းကောင်း၊ ပုဒ်မ ၂၄ကို ၂၃ အဖြစ်လည်းကောင်း အမှတ်စဉ် ပြန်လည်သက်မှတ်ပြီး ပြန်လည် အမှတ်စဉ်တပ်ထားသော ပုဒ်မ ၂၄ ကို ပုဒ်မ ၂၃ အရ ချမှတ်သော ခုံရုံး၏ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်ဟု အစားထိုးပြောင်းလဲခဲ့၍ ပုဒ်မ ၂၅ ကို ပယ်ဖျက်ကြောင်း စသည်တို့သိရသည်။

နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုပြင်ဆင်သည့်ဥပဒေကို  နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးကာ ပြည်ထောင်စု လွှတ်တော်က ဇန်နဝါရီလ ၂၁ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းလိုက်ကြောင်းသိရသည်။

                                                                                                                                                             YC

------------------------------------------------------------------------------------------------

ဖားကန့်တွင် တိုက်ပွဲများကို ခုတုံးလုပ်၍ မငြိမ်သက်မှုများရှိ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း KIA နှင့် တပ်မတော်တို့ကြား ဖြစ်ပွားနေသော တိုက်ပွဲများကို ခုတုံးလုပ်၍ မငြိမ်သက်မှုများ ဖြစ်ပေါ်ကြောင်းသိရသည်။ ဇန်နဝါရီလ ၁၈ ရက်နေ့က ဖားကန့်မြို့နယ်၊ မှော်ဝိုင်းကျေးရွာအုပ်စု၊ ဒေသအခေါ် အမှိုက်ပုံရွာမှ စိန်စိန်ကျောက်မျက် တူးဖော်ရေးကုမ္ပဏီဝန်းအတွင်းရှိ လူနေနှစ်ထပ်ဆောင်နှင့် ရှင်းလင်းဆောင်တစ်ခုအား မျက်နှာဖုံးစွပ်လူခုနှစ်ဦးတို့က ဓာတ်ဆီဖြင့် ပက်ဖျန်းမီးရှို့ဖျက်ဆီး သွားခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သည်။

မျက်မြင်သက်သေအချို့၏ ပြောကြားချက်အရ ကုမ္ပဏီအမည်အားမေးကာ မီးရှို့ဖျက်ဆီးမှုများပြုလုပ်သွားခြင်းဖြစ်ပြီး မည်သူ့လက်ချက်ဟူ၍ မသိကြောင်း၊ တိုက်ပွဲများဖြစ်နေသောကြောင့် ကုမ္ပဏီများမှာ ရပ်ဆိုင်းထားရပြီး အစောင့် လောက်သာရှိသဖြင့် အသေအပျောက်မရှိကြောင်း၊ ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကို ခုတုံးလုပ်ကာ ဟိုဘက်လိုလို သည်ဘက်လိုလိုဖြင့် ထင်ယောင်ထင်မှားပြုကာ ဝင်ရောက်ဖျက်ဆီးမှုများရှိကြောင်း၊ များသောအားဖြင့် ပုဂ္ဂိုလ်ရေး မကျေနပ်ချက်များဖြစ်ပြီး ကုမ္ပဏီနှစ်ဆယ်ကျော်ရှိသည့်အနက် ယခုကုမ္ပဏီတစ်ခုသာ ယခုကဲ့သို့ ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှု ဖြစ်ပွားစဉ်အတွင်း မီးငြိမ်းသွားရန်အတွက် ကုမ္ပဏီမှ မြေတူး မြေကော်စက်ယန္တရားများဖြင့် မီးရှို့ခံရသော အဆောက်အအုံ များကို ဖြိုချခဲ့ရကြောင်း၊ မကြာမီ မှော်စီဆားကျေးရွာမှ မီးသတ်ကားတစ်စီးရောက်ရှိလာပြီး ငြိမ်းသတ်နိုင်ခဲ့ကြောင်း၊ အခြားအဆောက်အအုံများအား မီးကူးစက်ခြင်းမရှိကြောင်းလည်း သိရသည်။

ယင်းဖြစ်စဉ်ဖြစ်ပွားပြီး နောက်တစ်နေ့ ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၄ နာရီမှ ၉ နာရီခွဲခန့်အထိ ဖားကန့်မြို့ ကာမိုင်းရဲစခန်းသို့ KIA မှ အုပ်စုလိုက်လာရောက်တိုက်ခိုက်ခဲ့ပြီး ရဲ နှစ်ဦးကျဆုံးခဲ့ကြောင်း သိရသည်။ အစိုးရဘက်မှ လဂျားယန်စစ်ဆင်ရေးများကို ဇန်နဝါရီလ ၁၉ ရက် မနက် ၆ နာရီ အချိန်မှ စတင်ရပ်နားရန် ကြေညာထားပြီး ထိုနေ့တွင်ပင် နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၌ KIA နှင့်ကိစ္စတွင် တပ်မတော်က အကန့်အသတ်ဖြင့် ဆောင်ရွက်နေသောစစ်ရေးကိစ္စများအား လုံးဝရပ်ဆိုင်းရန်အမိန့်ပေးထားပြီးဖြစ်သည်ဟု ပြောကြားခဲ့သည်။

-----------------------------------------------------------------------------------------------

အာရှစိမ်းလန်းဖွံဖြိုးရေးဘဏ် ဝန်ထမ်းများကို အစုရှယ်ယာ ခွဲဝေပေးကာ အများပိုင်ဖွဲ့မည်

အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ် (AGD Bank) သည် ဘဏ်၏ အစုရှယ်ယာများအား ဘဏ်ဝန်ထမ်းများ အားလုံးကို အခမဲ့ပေးကာ အများပိုင်ဘဏ် အဖြစ် ပြောင်းလည်းဖွဲ့စည်းသွားမည်ဖြစ်ကြောင်း အဆိုပါဘဏ်မှ အုပ်ချုပ်မှုဒါရိုက်တာဦးရဲမင်းပိုင်က ပြောကြားကြောင်းသိရသည်။

အများနှင့်သက်ဆိုင်သောကုမ္ပဏီပြောင်းလည်းရန်အတွက် အာရှစိမ်းလန်းဖွံ့ဖြိုးမှုဘဏ်သည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ လျှောက်ထားခဲ့ရာယခုအခါတွင် ခွင့်ပြုချက်ရရှိ သွားပြီဖြစ် ကြောင်း၊ အဆိုပါခွင့်ပြုချက်အရ ရင်းနှီးမြှပ်နှုံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနဆီသို့ လုပ်ထုံးလုပ်နည်းများ နှင့် အညီဆက်လက် တင်ပြထားကြောင်း၊ အမြန်အစွန်းများ ခံစားနိုင်ရန်အတွက် ဝန်ထမ်းများအား ရှယ်ယာများ ကိုအလကားပေးသွားမည် ဖြစ်ကြာင်း၎င်းက ဆက်လက်ပြောကြားသည်။

အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ် (AGD Bank) သည် ၂၀၁၀ ခုနှစ် သြဂုတ်လတွင် နေပြည်တော်တွင် စတင် ဖွင့်လှစ်ကာယခုအခါတွင် ဘဏ်ခွဲပေါင်း ၂၅ ခုဖြင့် ဘဏ်လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အတိုးနှုန်းနှင့်ပက်သက်ပြီး အင်တာနက်စာမျက်နှာများပေါ်တွင် ကောလဟာလ သတင်းများ ပြန့်နှံနေသော်လည်း ယနေ့အချိန်အထိ ဗဟိုဘဏ်မှ မည်သည့် ညွှန်ကြားချက်မှ ပေးပို့ထားခြင်း မရှိကြောင်း AGD ဘဏ်၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

လက်ရှိအချိန်တွင် အများပိုင်ဘဏ်အဖြစ်ဆောင်ရွက်လျက်ရှိသော ဘဏ်များမှာ မြန်မာနိုင်ငံသား များဘဏ်၊ ထွန်းဖော်ဒေးရှင်းဘဏ်နှင့် ပထမပုဂ္ဂလိကဘဏ်တို့ဖြစ်ရာ ယခုအခါ အာရှစိမ်းလန်းဖွံ့ဖြိုးရေး ဘဏ်သည် အများပိုင်အဖြစ် ပြောင်းလည်းရန် စီစဉ်လျက်ရှိကြောင်းသိရသည်။

မြန်မာနိုင်ငံသည်နိုင်ငံတကာ အဆင့်မှီသော စတော့အိတ်ချိန်းစနစ်တစ်ခုကို ၂၀၁၄ တွင်ဖြစ်ပေါ်လာရန် အတွက် Myanmar Security Exchange Center မှပြင်ဆင်လျက်ရှိကြောင်းနှင့် အဆိုပါစတော့အိတ်ချိန်းဈေး ကွက်တွင် ပါဝင်နိုင်ရန်အတွက် ကုမ္ပဏီ ၆၀ ခန့်သည်အများပိုင်အဖြစ် ပြောင်းရန်စီစဉ်လျက်ရှိကြောင်း သိရသည်။

                                                                                                                       YC

       *************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment