Transparency Myanmar

transparency.myanmar@gmail.com

Interview
Document Interview

Snapshot of the item below:
Interview

*

*

၂၂.၁.၂၀၁၃

တွေ့ဆုံမေးမြန်းခန်း

ဗိုလ်ချုပ်မှုးကြီးသန်းရွှေ နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်တာမရှိပါဘူး ဟု ဦးဌေးဦးပြော

(ပြည်တွင်း၊ ပြည်ပ မီဒီယာများမှဖော်ပြပြီး အင်တာဗျူးများကို  ပြည်သူများ သိစေရန်အလို့ဌာ Yangon Chronicle မှ ပြန်လည် တင်ပြအပ်ပါသည်။ ယခုအင်တာဗျူးသည် မဇ္စိုမဂျာနယ် အတွဲ (၂)၊ အမှတ် (၁၈) တွင်ဖော်ပြပြီးဖြစ်သည်။)

ယခင်စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံခွင့်ရသူအနည်းငယ်ထဲမှ တစ်ဦးဖြစ်သော အာဏာရပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌဦးဌေးဦးက ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လက်ရှိအခင်းအကျင်းရောက်အောင် လုပ်ဆောင်ပေးသွားခဲ့ လွှဲအပ်သွားခဲ့ပြီးနောက် ဝင်ရောက်စွက်ဖက်မှုမရှိတော့ကြောင်း ပြောသည်။

သို့သော် လက်ရှိခေါင်းဆောင်အချို့နှင့် အခါအားလျော်စွာ မိသားစုသဘောတွေ့ဆုံဆွေးနွေးမှုများ ရှိနေသည်ဟုဆိုသည်။

ပါတီတွင်း အာဏာထက်သူတစ်ဦးဖြစ်သော ဦးဌေးဦးကို ကချင်စစ်ပွဲနှင့် ငြိမ်းချမ်းရေး အခြေအနေ ယခင်အစိုးရခေါင်းဆောင်များနှင့် ပတ်သက်သည်တို့ကို တယ်လီဖုန်းမှတဆင့် မေးမြန်းထားခြင်း ဖြစ်ပါသည်။

မေး။ ဗိုလ်ချုပ်မှူးကြီးနဲ့ တွေ့လေ့ရှိတယ်လို့သိရှိရပါတယ်။ လက်ရှိကချင်ဒေသ စစ်ပွဲအပေါ် ဗိုလ်ချုပ်မှူးကြီး    ဘယ်လိုသုံးသပ်ပါလဲရှင်။

ဖြေ။ ဟုတ်ပါတယ်။ တွေ့လေ့ရှိပါတယ်။ ကချင်စစ်ပွဲတွေနဲ့ပတ်သက်လို့ သူလည်း သဘောမကျဘူးပေါ့။ သူလည်း ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ချင်တာပေါ့။ သူ နိုင်ငံတော်ကို တာဝန်ယူတဲ့ အချိန်တုန်းကလည်း ငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင် နည်းလမ်းမျိုးစုံနဲ့ကြိုးစားခဲ့တာပဲလေ။ ကျိန်းသေပါတယ်။ စိတ်ရင်းစေတနာ အမှန်နဲ့ကို ဒီအတိုင်းရှိပါတယ်။

 

မေး။ ဦးဌေးဦးအနေကရော ဒီစစ်ပွဲတွေအပေါ် ဘယ်လိုသုံးသပ်ပါသလဲရှင်။

ဖြေ။ ငြိမ်းငြိမ်းချမ်းချမ်းရှိစေချင်တယ်ဆိုရင်တော့ လက်ရှိနိုင်ငံတော် အစိုးရရယ်၊ တပ်မတော်ရယ် နောက်ပြီး ကချင်ဘက် လက်နက်ကိုင်အဖွဲ့အစည်းတွေရယ်၊ ညှိနှိုင်းမှုတွေလုပ်ရမှာပေါ့။ အဓိကကတော့ ကျွန်တော်ထင်ပါတယ် အားလုံးစိတ်ရင်းစေတနာအမှန်နဲ့ ငြိမ်းချမ်းရေးကို လိုလားရမယ်။ နောက်တစ်ခါ ကျွန်တော်တို့ရဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေပေါ့။ နောက် နိုင်ငံတော်မှာကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ့။ ဒီမူဘောင်ထဲကနေပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းလုပ်နိုင်ရင် အကောင်းဆုံးပါပဲ။

 

မေး။ ပါတီကြီးတစ်ခုရဲ့ခေါင်းဆောင်ဖြစ်တဲ့ ဦးဌေးဦးအနေနဲ့ ကေအိုင်အိုနဲ့ ငြိမ်းချမ်းရေးရဖို့လုပ်ရာမှာ ပါဝင်ခဲ့ဖူးတာမရှိတာက ထူးဆန်းနေတယ်လို့ ထင်မိပါတယ်။ အနိမ့်ဆုံး ကေအိုင်အို ထိန်းချုပ်ရာ ဒေသကို သွားရောက်ကြည့်ရှုတာမျိုးမရှိခဲ့ပါဘူး။

ဖြေ။ ကျွန်တော်တို့ပါတီက ပါတီဝင်တွေပါတယ်ဆိုရင် ပါတာပါပဲ။ နောက်တစ်ခါ ကျွန်တော်တို့ကို ထောက်ခံသော ပြည်သူတွေပါတယ်ဆိုရင် ပါတာပါပဲ။ ကျွန်တော်တို့ပါတီ အနေနဲ့တိုက်ရိုက်နာမည်ဖော် ပြတာမရှိသော်လည်း ပါတီရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသိန်းဇော် ကိုယ်တိုင်က ငြိမ်းချမ်းရေးမှာ နိုင်ငံတော်က ဖွဲ့စည်းတဲ့အထဲမှာဒုတိယဥက္ကဠအနေနဲ့လည်း သူပါဝင်တယ်။ နောက်တစ်ခါ လွှတ်တော်ထဲမှာလည်း ငြိမ်းချမ်းရေးအဖွဲ့မှာသူက ဥက္ကဠပါပဲ။ နောက်တစ်ခုကလည်း ကျွန်တော်တို့ ဗဟိုအလုပ်မှုဆောင်တွေဖြစ်တဲ့ ဦးအောင်သောင်းတို့လည်း ဝင်ပြီးဆောင်ရွက်ပေးတယ်။ အခုလည်း ဆောင်ရွက်နေကြပါတယ်။ သို့သော်လည်း ကျွန်တော်ကိုယ်တိုင်လုပ်တာထက်စာရင်တော့ ဦးသိန်းဇော် ကကချင်ပြည်နယ်နဲ့ပိုပြီးနီးစပ်ပါတယ်။  သူက ကချင်ပြည်နယ်တာဝန်ခံလည်း ဖြစ်ပါတယ်။ နောက်တစ်ခါ ဗန်းမော်သားလည်း ဖြစ်ပါတယ်။ သူက ပိုပြီးသင့်တော်ပါတယ်။ ဆိုလိုတာက ပါတီဆိုတာ အမည်မခံသော်လည်း ကျွန်တော်တို့ပါတီဝင်တွေက ဝင်ပြီးဆောင်ရွက်နေတယ်လို့ ပြောလို့ရပါတယ်။

 

မေး။  ကချင်ဒေသနဲ့ပတ်သက်ပြီး ဆောင်ရွက်ထားတာ ဘာများရှိပါသလဲရှင်။

ဖြေ။ ကချင်ဒေသနဲပတ်သက်ပြီးတော့ တည်ငြိမ်အေးချမ်းမှုအရင်ဆုံးရအောင်ဆိုပြီး လွှတ်တော်မှာလည်း အပစ်အခတ်ရပ်စဲဖို့လိုပါတယ်ဆိုတာကို အားလုံး ဝိုင်းထောက်ခံပါတယ်။ အဲဒီမှာလည်း ကျွန်တော်တို့ ပါတီဝင် ကိုယ်စားလှယ်တွေများပါတယ်။ ကျန်တဲ့ပါတီဝင်တွေလည်း အကုန်ထောက်ခံကြပါတယ်။ အမြန်ဆုံး ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေချင်ပါတယ်။ အပစ်အခတ်တွေမရှိရင်ကောင်းတာပေါ့ဗျာ။ ကျန်တဲ့ အကြောင်းရင်းတွေလည်းရှိနိုင်တာပေါ့။ သို့သော်လည်း ဒါတွေက ညှိနှိုင်းပြီးတော့မှ အပစ်အခတ်ရပ်စဲ ရင်ကောင်းမယ်ဆိုတာ ကျွန်တော်တို့သဘော ဒီအတိုင်းပဲရှိပါတယ်။အခု နိုင်ငံတော်ကလည်း အပစ်အခတ်ရပ်စဲပြီဆိုတာ ထုတ်ပြန်တာတွေ့ရပါတယ်။ ဝမ်းသာပါတယ်။

 

မေး။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့တွေ့ခွင့်ရသူ သွားရောက်တွေ့ဆုံလေ့ရှိသူတွေက ဘယ်သူတွေများလဲ သိပါသလားရှင်။

ဖြေ။  ကျွန်တော်မသိပါဘူး။ ကျွန်တော်ကတော့ အခါအားလျော်စွာ တွေ့တာပါ။ ပုံမှန်သဘောမျိုး မဟုတ်ပါဘူး။ သူလည်း တွေ့ခွင့်ပေးနိုင်တဲ့အချိန်မျိုးမှာ သွားပြီးတွေ့တာပါ။ မိသားစုလိုတွေ့တာပါ။ အလုပ်သဘော မဟုတ်ပါဘူး။

 

မေး။ ဗိုလ်ချုပ်မှူးကြီးက ပါတီခေါင်းဆောင်ကို ပါတီကိစ္စ၊ အစိုးရအဖွဲ့ဝင်ကို အစိုးရကိစ္စ၊ တပ်မတော်ကိစ္စဆို ရင် တပ်မတော်ခေါင်းဆောင်အနေနဲ့ ခွဲတွေ့လေ့ရှိတယ်နဲ့ တူပါတယ်။ ဟုတ်ပါသလားရှင်။

ဖြေ။ ကျွန်တော်သိသလောက်ကတော့ ဗိုလ်ချုပ်မှူးကြီးက ဒီစနစ်ကိုရောက်အောင် သူ ပြုစုပျိုးထောင်ပေးခဲ့တယ်။ ဒီစနစ်ကိုရောက်အောင်လည်း သူကြိုးစားပေးခဲ့တယ်။ သူ ကြိုးစားပေးခဲ့ပြီးတော့ လက်ရှိတာဝန်ယူနေတဲ့သူတွေကို ၂၀၁၀ အထွေထွေရွေးကောက်ပွဲ လုပ်ပေးခဲ့တယ်။ ပြီးတော့ အစိုးရသစ်ပေါ်လာတယ်။ လွှတ်တော်တွေလည်းပေါ်လာပြီ။ အဲဒီအချိန်ကစလို့ အားလုံးကို လွှဲပေးလိုက်တဲ့သဘောပါပဲ။ ဘာမှဝင်ရောက်စွက်ဖက်တာ မရှိပါဘူး။

 

မေး။ ဒေါ်အောင်ဆန်းစုကြည်က သမ္မတလုပ်ချင်တယ်လို့ပြောထားပြီးပြီ၊ ဦးဌေးဦး အနေနဲ့ ကြံခိုင်ဖွံ့ဖြိုးရေး ခေါင်းဆောင်အနေနဲ့ သမ္မတရာထူး မျှော်မှန်းထားတာရှိပါသလား။

ဖြေ။ ကျွန်တော်ကတော့ လက်ရှိအနေအထားထိတော့ မရှိပါဘူး။ လက်ရှိအနေနဲ့ကတော့ ကျွန်တော်ဆောင်ရွက်နေရတဲ့ လူတွေကို အကျိုးရှိအောင် တတ်နိုင်သလောက် ဆောင်ရွက်ပေး နေရတာလေးကိုပဲ ဝမ်းသာပါတယ်။

 

မေး။ ဒါဆိုရင် ပြည်သူအကျိုးအတွက်လုပ်ပေးနေရတာကိုပဲ ပိုပြီးကျေနပ်တယ်လို့ဆိုလိုရမှာပေါ့ရှင်။

ဖြေ။ ကျွန်တော့ အနေနဲ့ကတော့ နေရာတွေထက်စာရင် ကိုယ်လုပ်ဆောင်မှုကိုပဲ အလေးထားပါတယ်။ နေရာတွေရှိပေမယ့်လည်း လုပ်ပေးချင်မှ လုပ်နိုင်တာပေါ့။ နောက်တစ်ခါ အခုအခြေအနေမျိုးက ပိုလွတ်လပ်တာပေါ့။ ပြည်သူကြားထဲလည်း အတူတကွလွတ်လွတ်လပ်လပ် ပြောလို့ဆိုလို့ ဆွေးနွေးလို့ ရတဲ့ အနေအထားမျိုးလည်း ရှိတယ်။ ပိုပြီး သဘောကျစရာကောင်းတယ်လို့ ကျွန်တော်မြင်ပါတယ်။

 

မေး။ ၂၀၁၅ ဟာ မြန်မာ့နိုင်ငံရေးမှာ အခရာကျတဲ့ အလှည့်အပြောင်း ဖြစ်မယ်ထင်ပါသလား။

ဖြေ။ နိုင်ငံရေးဆိုတာက နိုင်ငံနဲ့ပြည်သူ ပြည်သားတွေရဲ့ ကောင်းရာကောင်းကျိုးအတွက် ဆောင်ရွက်တယ်ဆိုတဲ့နေရာမှာ အချိန်တွေ၊ ကာလတွေ၊ သတ်မှတ်ချက် မရှိပါဘူး။ အမြဲတမ်းလုပ်နေရမှာပါပဲ။ အခုလည်း အရေးကြီးပါတယ်။ နောင်လည်းအရေးကြီးမှာပါပဲ။ ဒီလိုပဲ ကျွန်တော်မြင်ပါတယ် ။ အချိန်တိုင်းက လုပ်နေရမှာပါပဲ။ စဉ်ဆက်မပြတ် ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် အချိန်တိုင်း အရေးကြီးတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။

 

မေး။ ပြည်ထောင်စု ကြံခိုင်ရေးပါတီအနေနဲ့ ပါတီတွင်းစွမ်းအင်မြှင့်တင်ရေးတွေ နိုင်ငံအဝှမ်းဘယ်လောက် လုပ်ထားသလဲ။ အားနည်းချက်တွေက ဘာတွေလို့ထင်ပါသလဲ။

ဖြေ။ ကျွန်တော်တို့ ပြည်ခိုင်ဖြိုးနဲ့ပတ်သက်လို့ ကျွန်တော်တို့က အရင်အသင်းကို အခြေခံပြီး ဖွဲ့စည်းးတာ ဖြစ်ပါတယ်။ အသင်းတုန်းကလည်း ကျွန်တော်တို့နှစ်သန်းကျော် လေ့ကျင့်ပြီးပါပြီ။ အခုလည်း ပါတီဖြစ်ပြီးနောက်ပိုင်း မြို့နယ်အဆင့်တွေပတ်သက်လို့ အဓိကအားဖြင့်တော့ ရပ်ကျေးစည်းရုံးရေးမှူး တွေကို ကျွန်တော်တို့ လေ့ကျင့်မှုတွေ လုပ်ခဲ့ပါတယ်။ ဗဟိုမှာလည်းကျွန်တော်တို့ လုပ်နေပါတယ်။

 

မေး။ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးနဲ့ရော တွေ့ဆုံတာမျိုး ရှိပါသလား။ ကျန်းမာရေးအနေအထားကော ဘယ်လိုနေလဲ။

ဖြေ။ ကျွန်တော်တို့နဲ့ အဆက်အသွယ်တိုက်ရိုက်မရှိပါဘူး။ သို့သော်လည်း နေကောင်းပါတယ်။ နောက်ပိုင်းတော့ မတွေ့ဖြစ်သေးပါဘူး။ ကြာပါပြီ။ ကျန်းမာရေးကောင်းတယ်လို့ပဲ ကျွန်တော်တို့ ကြားရပါတယ်။

***************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment