Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၂၃.၁.၂၀၁၃

ဘာသာပြန်သတင်းများ

  1. မဲခေါင်မြစ်အားထိန်းသိမ်းကြစို့

(22 Jan 2013 ရက်စွဲပါ The Daily Star မှ Syed Mansur Hashim ရေးသားသော Saving the Mekong River ကိုဘာသာပြန်ပါသည်)

  1. တိုင်းရင်းသားလက်နက်ကိုင်များညွန့်ပေါင်းအဖွဲ့က အစိုးရနှင့် ကချင်ကိစ္စဆွေးနွေးမည်

(AFP News မှ 23 Jan 2013 ရက်စွဲပါ “Ethnic groups to Discuss Kachin with government ” သတင်းကို ဘာသာပြန်ပါသည်)

***************************************************************

ဘာသာပြန်သတင်းများ

မဲခေါင်မြစ်အားထိန်းသိမ်းကြစို့

(22 Jan 2013 ရက်စွဲပါ The Daily Star မှ Sixed Mansur Hashim ရေးသားသော Saving the Mekong River ကိုဘာသာပြန်ပါသည်)

 

(photo credit - internet)

ကီလိုမီတာ ၄၈၈၀ ရှည်လျားသော မဲခေါင်မြစ်သည်မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ကို ဖြတ်သန်းစီးဆင်းသွားခဲ့ပါသည်။ မဲခေါင်မြစ်အောက်ပိုင်းတွင် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်သည့် ဘက်စုံရေလှောင်တမံစီမံကိန်းများကို အဆိုပြုထားပါသည်။ အဆိုပြုထားသော စီမံကိန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ပါက ၂၀၃၀ ခုနှစ်တွင် ရေလှောင်တမံ (၇၀) ခုခန့်ရှိလာမည်ဖြစ်ပါသည်။

Xayaburi ရေလှောင်တမံတည်ဆောက်မည့်နေရာသည် လာအိုနိုင်ငံမြောက်ပိုင်းတွင်ရှိပါသည်။ ပတ်ဝန်းကျင်ဆိုင်ရာပညာရှင်များက အဆိုပါစီမံကိန်းသည် ဂေဟစနစ်ဆိုင်ရာ အမြင်မှကြည့်လျှင် ထိခိုက်မှုများရှိနိုင်ကြောင်း ပြောဆိုထားပါသည်။ ထိုသို့ ကန့်ကွက်ပြောဆိုခဲ့သော်လည်း လာအိုအစိုးရသည် တည်ဆောက်ရန် ကန်ထရိုက်အဖြစ် ဒေါ်လာ (၃.၈) ဘီလီယံဖြင့် ထိုင်းကန်ထရိုက်တာတစ်ဦးအား ပေးအပ်ထားပါသည်။ ၂၀၁၂ ခုနှစ်နိုဝင်ဘာလတွင်လည်း ကန်ထရိုက်အသစ်များကို ကြေညာခဲ့ပါသည်။ လာအိုတောင်ဖက် ကမ္ဘောဒီးယားနှင့် နယ်စပ်မှ ကီလိုမီတာ (၁၀၀) ဝေးသော Se Kong မြစ်သို့ စီးဝင်သော မြစ်လက်တက်နှစ်ခုပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်း နှစ်ခုတည်ဆောက်ရန် ပါဝင်ပါသည်။ Se Kong မြစ်သည် Bolaven လွင်ပြင်တွင် မဲခေါင်မြစ်ထဲသို့ စီးဝင်ပါသည်။

လာအိုမူဝါဒချမှတ်သူများသည် ၎င်းတို့၏ကုန်တွင်းပိတ်နိုင်ငံကို မဲခေါင်မြစ်တွင် ရေလှောင်တမံများ ဆောက်ပြီး လျှပ်စစ်ဓါတ်အားထုတ်လုပ်သော နိုင်ငံဖြစ်ရန်မျှော်လင့်နေပါသည်။ သို့သော် မဲခေါင်မြစ်မှ ရေအရင်းအမြစ်ကို လာအိုတစ်နိုင်ငံတည်းကသာ သုံးရန်မဟုတ်ပဲ ဖြစ်အောက်ပိုင်း ရေကြောင်းသွားလာရေးအတွက် အသုံးပြုနေသော ( Lower maritime basin-LMB) ဗီယက်နမ်နှင့် ကမ္ဘောဒီးယားတို့ဖြင့် ထိပ်တိုက်ရင်ဆိုင်ရမှုများ ရှိလာနိုင်ပါသည်။ (၅၁) နိုင်ငံမှ NGO (263) ၃ ခုပေါင်းထားသော အဖွဲ့မှ အဖွဲ့ဝင်ဖြစ်သူ “Focus on the Global South” ကဲ့သို့သော အဖွဲ့များ၏ ကန့်ကွက်မှုကိုလည်း ကြုံတွေ့ရပါသည်။ ၂၀၁၂ ခုနှစ် ဇူလိုင်လက လာအို အစိုးရသည် Xayaburi ရေလှောင်တမံကို သက်ရောက်မှုများနှင့် ပတ်သက်၍ အကဲဖြတ်ခြင်းများ မပြီးစီးမီအထိ ရပ်ဆိုင်းထားရန်ကြေညာခဲ့ခြင်းကြောင့် ခေါင်းမာမာဖြင့် လုပ်ကိုင်မှုများမှ ခြေလှမ်းတစ်လှမ်း နောက်ဆုတ်သည့် သဘောပြသခဲ့ပါသည်။ လေ့လာမှုများကို လွတ်လပ်စွာပြုလုပ်ခဲ့ရာ အကယ်၍ရေများကို လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးအတွက် လွှဲပြောင်းအသုံးပြုခဲ့ပါက စားနပ်ရီက္ခာလုံခြုံမှုအတွက် အချက်အလက်အပြည့်အစုံ ဖော်ပြခဲ့ပါသည်။ လေ့လာမှုများကို International Center for Environmental Management (ICEM) က မဲခေါင်မြစ် ကော်မရှင် (MRC) အတွက် ပြုလုပ်ပေးခဲ့ပြီး ပတ်ဝန်းးကျင်ဆိုင်ရာအဆင့်နိမ့်ကျသွားမှုများအား  ပြည့်စုံစွာ တင်ပြနိုင်ခဲ့ပါသည်။

လာအိုသည် အဘယ့်ကြောင့် ရေလှောင်တမံတည်ဆောက်ရေးကို အလွန်အကျွံအာရုံပြုရသနည်းဆိုသည်ကို အလွယ်တကူ နားလည်နိုင်ပါသည်။ ၂၀၁၀ အောက်တိုဘာလက ထုတ်ဝေသော MRC အတွက် အစီရင်ခံစာဖြစ်သော “မဲခေါင်မြစ်ကြီးပေါ်မှ ရေအားလျှပ်စစ်စီမံကိန်းများအတွက် ပတ်ဝန်းကျင်ဆိုင်ရာ အကဲဖြတ်ချက် မဟာဗျူဟာ” တွင် အဓီကကျသော စီမံကိန်း (၁၂) ခုအားလုံးလုပ်ဆောင်နိုင်ပါက ဖြစ်လာနိုင်သည့် စီးပွားရေးအရကြွယ်ဝနိုင်မှုကို ဖော်ပြခဲ့ပါသည်။ လာအိုနိုင်ငံသည် အဆိုပါရေအားလျှပ်စစ်များမှရသော ဝင်ငွေ၏ ၇၀% ကို ခံစားနိုင်မည်ဖြစ်ပြီး တစ်နှစ်လျှင်ဒေါ်လာ (၂.၆) ဘီလီယံရရှိနိုင်မည် ဖြစ်ပါသည်။ ကမ္ဘောဒီးယားသည် ၃၀% ကို ခံစားနိုင်မည်ဖြစ်ကာ တစ်နှစ်လျှင်ဒေါ်လာ (၁.၂) ဘီလိယံရရှိ မည်ဟုဆိုပါသည်။ လာအိုက ပိုမို၍အကျိုးခံစားခွင့်ရရှိပါသည်။ အဘယ့်ကြောင့်ဆိုသော် စီမံကိန်းအတော်များများသည် လာအိုနယ်မြေထဲတွင် ရှိနေခြင်းကြောင့် ဖြစ်ပါသည်။ လာအိုနှင့် ကမ္ဘောဒီးယား တို့သည် အဆိုပါစီမံကိန်းများကိုပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုမပါပဲ တည်ဆောက်ခြင်းမပြုနိုင်ပေ။ ထို့ကြောင့် ရရှိလာသော အကျိုးအမြတ်များကို သက်ဆိုင်ရာအစိုးရများသာမက စီမံကိန်းဆောက်လုပ်သူ (သို့မဟုတ်) ငွေကြေးထောက်ပံ့သူများလည်း ရရှိမည်ဖြစ်ပါသည်။ သတ်မှတ်ထားသော ကာလ (၂၅) နှစ်ပြီးဆုံး၍ အဆိုပါစီမံကိန်းများကို သက်ဆိုင်ရာအစိုးရများထံ ပြန်လည်လွှဲပြောင်းပြီးသောအခါတွင်မူ အစိုးရများက အကျိုးအမြတ်ကို အပြည့်အဝခံစားရမည် ဖြစ်ပါသည်။ လာအိုနိုင်ငံတွင် ရေအားလျှပ်စစ်မှ ရရှိသော ဝင်ငွေကို ကျေးလက်လမ်းများ၊ ကျန်းမာရေးနှင့် ပညာရေးအပါအဝင် အခြေခံအဆောက်အဦးနှင့် လူမှုရေးဖွံ့ဖြိုးမှု လုပ်ငန်းများတွင် အသုံးပြုရန် အမျိုးသားလူမှုစီးပွားဖွံ့ဖြိုးစီမံကိန်းနှင့် အမျိုးသားတိုးတက်ရေးနှင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး မဟာဗျူဟာတို့ကို အာဏာအပ်နှင်းပြီး ဖြစ်ပါသည်။

အဆိုပါလေ့လာမှုတွင် အထက်ပါ လက်ခံနိုင်ဖွယ် တိုးတက်မှုများအပြင် အခြားခံသာဖွယ်မရှိသည့်အကြောင်းအရာများကိုလည်း ဖော်ပြခဲ့ပါသည်။ အဆိုပါ စီမံကိန်းကြီးများအနက် တစ်ခုကြောင့်ကပင် ကာလတိုနှင့် အလယ်အလတ်ကာလများအတွက် ဆင်းရဲမွဲတေမှုကို ပိုမိုဆိုးရွားစေမည်ဟု ဆိုပါသည်။ အထူးသဖြင့် မဲခေါင်အနိမ့်ပိုင်းဒေသများတွင်နေထိုင်ကြသော ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးသူများကို အထူးသဖြင့်များစွာ ထိခိုက်နိုင်ကြောင်း ဖော်ပြထားပါသည်။ ရေအားလျှပ်စစ်စီမံကိန်းကြောင့် တိုက်ရိုက်သက်ရောက်မှုများမှာ ပြန်လည်နေရာချထားမှု၊ မြေနေရာဆုံးရှုံးမှုများကြောင့်ပို၍ ဆင်းရဲသူများကို ပြောင်းပြန်အကျိုးသက်ရောက်မှုများ ရှိစေပါသည်။ ငါးဖမ်းလုပ်ငန်းများ ဆုံးရှုံးသွားသောကြောင့် ထိုဒေသများတွင် ငါးမှရရှိသော ပရိုတင်းများမရရှိခြင်းစသည့် အဟာရဆိုင်ရာ ကျန်းမာရေးကို ထိခိုက်ပါသည်။ အဓိကရေလှောင်တမံများ ဆက်လက်လုပ်ဆောင်ပါက လာအိုနှင့် ကမ္ဘောဒီးယားတွင် အမျိုးသားပရိုတင်းရရှိမှု၏ ၃၀% မှာ ဆုံးရှုံးရမည့် အခြေအနေတွင်ရှိပါသည်။ အဆိုပါ အဟာရဓါတ်လုံခြုံမှုပြဿနာသည် ကျေးလက်နှင့်မြို့ပြဆင်းရဲသူများကို ထိခိုက်ဖွယ်ရှိပါသည်ဟု ဖော်ပြထားပါသည်။

Xayaburi ရေလှောင်တမံကို ယခုရပ်ဆိုင်းထားသော်လည်း လာအိုသည် ဆက်လက်ဆောက်လုပ်ရေးကို အရေးဆိုနေပါသည်။ ကမ္ဘောဒီးယားကလည်း ယခုအပတ်နှောင်းပိုင်းတွင် ဘန်ကောက်၌ကျင်းပမည့် မဲခေါင်မြစ်ကော်မရှင် (MRC) အစည်းအဝေးတွင် ထိုကိစ္စထည့်သွင်း မဆွေးနွေးရန် တောင်းဆိုနေပါသည်။ Bangkok Post ၏ အဆိုအရ မဲခေါင်မြစ်အောက်ပိုင်း၊ အများစုမှာ လာအို၌ ရေလှောင်တမံဆယ်ခုထက်မနည်း ဆောက်လုပ်ရန်စီစဉ်ထားသည်ဟု သိရပါသည်။ လှုပ်ရှားသူများ အနေဖြင့်ယာယီအားဖြင့် အနိုင်ရနိုင်သော်လည်း ရေရှည်စီမံကိန်းပျက်သွားရေးအတွက် မူဝါဒဦးစားပေးများချမှတ်လုပ်ဆောင်ရန် လိုအပ်ပါသည်။

-----------------------------------------------------------------------------------------

တိုင်းရင်းသားလက်နက်ကိုင်များညွန့်ပေါင်းအဖွဲ့က အစိုးရနှင့် ကချင်ကိစ္စဆွေးနွေးမည်

(AFP News မှ 23 Jan 2013 ရက်စွဲပါ “Ethnic groups to Discuss Kachin with government ” သတင်းကို ဘာသာပြန်ပါသည်)

 

Photo Credit: AFP

    မြန်မာတိုင်းရင်းသားလက်နက်ကိုင်အုပ်စုများ စုစည်းထားသော အဖွဲ့က ကချင်ပြည်နယ်မှ ပဋိပက္ခအဆုံးသတ်ဖို့ ကြိုးစားသည့်အနေဖြင့် အစိုးရနှင့်ဆွေးနွေးပွဲများ ကျင်းပရန် သဘောတူထားကြောင်း အင်္ဂါနေ့တွင်ပြောကြားသည်။

လက်နက်ကိုင်အုပ်စု တစ်ဒါဇင်ခန့် ပူးပေါင်းဖွဲ့စည်းထားသော United Nationalities Federal Council (UNFC) အနေဖြင့် ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းသူများနှင့် ဖေဖဝါရီလလယ်မတိုင်မှီ ဆွေးနွေးပွဲများ ကျင်းပနိုင်မည်ဟု မျှော်လင့်ကြောင်း UNFC ပြောရေးဆိုခွင့်ရှိသူ ခွန်ဥက္ကာ ကပြောကြားသည်။

“လာမယ့် ဆွေးနွေးပွဲမှာ ကချင်ပြည်နယ်အနေအထားကို အဓိက ဦးစားပေးဆွေးနွေးမှာပါ။ အဲဒီမှာ တိုက်ပွဲပြင်းထန်နေလို့ဖြစ်ပါတယ်။” ဟု ပအို့ဝ် အမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO ဥက္ကဋ္ဌ ခွန်ဥက္ကာက တယ်လီဖုန်းမှတဆင့် သတင်းထောက်ကို ပြောကြားခဲ့သည်။

၎င်းကဆက်လက်၍ “ပထမဆုံး တွေ့ဆုံဆွေးနွေးမှုကို ဖေဖဝါရီလလယ်မတိုင်မီ ထိုင်းနိုင်ငံမှာ ကျင်းပဖြစ်ဖို့များပါတယ်။ ကေအိုင်အို ခေါင်းဆောင် တွေလည်း လာကြလိမ့်မယ်။ ကချင်ကိစ္စကို အဓိကဆွေးနွေးကြမှာပါ” ဟု ရှင်းလင်းပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကေအိုင်အိုအဖွဲ့နှင့် အစိုးရထံမှ လတ်တလော မှတ်ချက်ပေးခြင်း မရှိသေးပါ။

၂၀၁၁ အစောပိုင်းတွင် တပ်မတော်အစိုးရထံမှ အာဏာလွှဲပြောင်းရယူခဲ့သော မြန်မာအရပ်ဖက်အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများစွာနှင့် အပစ်ရပ်သဘောတူညီမှုများ ရရှိထားသော်လည်း ကချင်အုပ်စုနှင့် အကြိမ်ကြိမ်ဆွေးနွေးမှုများတွင် သဘောတူညီမှု မရရှိနိုင်သေးပေ။

ကချင်အုပ်စုက မည်သည့်စေ့စပ်ညှိနှိုင်းမှုတွင်မဆို ၎င်းတို့တောင်းဆိုထားသော နိုင်ငံရေးဆိုင်ရာ ပိုမိုလွတ်လပ်ခွင့်ရရှိရေးကိစ္စကို ထည့်သွင်း ဆွေးနွေး ဖြေရှင်းရမည်ဟု တောင်းဆိုပြောကြား ထားပါသည်။

၂၀၁၁ ဇွန်လ တွင် ၁၇ နှစ်ကြာ အပစ်ရပ်စဲမှုကျိုးပေါက်ပြီးနောက်ပိုင်း တိုက်ပွဲများကြောင့် ဒေသခံထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေး ခဲ့ကြရပြီး၊ လက်ရှိသတင်းပတ်များအတွင်း အစိုးရတပ်များက လေကြောင်းပစ်ကူအသုံးပြုခဲ့သောကြောင့် ပြစ်တင်ဝေဖန်မှုများ ပေါ်ထွက်လာခဲ့သည်။

အစိုးရက လဂျားယန်နယ်မြေတွင် ထိုးစစ်ရပ်ဆိုင်းကြောင်း သောကြာနေ့တွင် ထုတ်ပြန်ကြေညာခဲ့သော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေပြီး ကေအိုင်အေ စခန်းကုန်းများကို စစ်တပ်က နောက်ထပ်သိမ်းပိုက်ရန် ကြိုးစားနေသည်ဟု နယ်မြေခံသတင်းရပ်ကွက်က ပြောကြားသည်။

အစိုးရက တိုက်ခိုက်မှုရပ်ဆိုင်းကြောင်း ကြေညာထားသော်လည်း တပ်မတော်(စစ်တပ်)က ဆက်လက်တိုက်ခိုက်နေခြင်းကြောင့် ဖုံးမရဖိမရ ပေါ်လွင်နေသော ကွဲလဲမှုအားမြန်မာအာဏာပိုင်များ မည်သို့မည်ပုံဖြေရှင်းချက်ပေးမလဲဆိုသည်ကို ပြည်တွင်းပြည်ပ အကဲခတ်လေ့လာသူ များက စောင့်ကြည့်နေကြသည်။

***************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment