Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၂၅.၁.၂၀၁၃

ဘာသာပြန်သတင်းများ

  1. ကာကွယ်ရေးကဏ္ဍတွင် အိန္ဒိယ-မြန်မာ ဆက်ဆံရေး တိုးမြှင့်သင့်ဟု အိန္ဒိယကာကွယ်ရေးဝန်ကြီး ပြောကြား

(Bernama News မှ 23 Jan 2013 ရက်စွဲပါ “India,Myanmar should enhance in defence ties. Says Minister” သတင်းကို ဘာသာပြန်ပါသည်။)

  1. မြန်မာနိုင်ငံတွင် ကလေးစစ်သားများစုဆောင်းဆဲဟု CSI အစီရင်ခံ

(AFP News မှ 24 Jan 2013 ရက်စွဲပါ “Child Soldiers still recruited in Myanmar:group” သတင်းကို ဘာသာပြန်ပါသည်)

  1. တရုတ်သည် မြန်မာပဋိပက္ခဖြေရှင်းရာတွင် အပြုသဘောဆောင်သော ကဏ္ဍမှပါဝင်ဟု နိုင်ငံခြားရေးဌာန ကပြော

(23 Jan 2013 ရက်စွဲပါ Xinhua News မှ China plays constructive role in Myanmar conflict :FM ကို ဘာသာပြန်ပါသည်)

  1. မြန်မာသို့ ငွေလွှဲလုပ်ငန်း Seven Bank စတင်တော့မည်

(Daily Yomiuri မှ 25 Jan 2013 ရက်စွဲပါ “Seven Bank to offer remittances to Myanmar” သတင်းကို ဘာသာပြန်ပါသည်)

***************************************************************

ဘာသာပြန်သတင်းများ

ကာကွယ်ရေးကဏ္ဍတွင် အိန္ဒိယ-မြန်မာ ဆက်ဆံရေး တိုးမြှင့်သင့်ဟု အိန္ဒိယကာကွယ်ရေးဝန်ကြီး ပြောကြား

(Bernama News မှ 23 Jan 2013 ရက်စွဲပါ “India,Myanmar should enhance in defence ties. Says Minister” သတင်းကို ဘာသာပြန်ပါသည်။)

photo credit - internet

အိန္ဒိယနှင့် မြန်မာနှစ်နိုင်ငံသည် ကာကွယ်ရေးအပါအဝင်ကဏ္ဍအားလုံး၌ အပြန်အလှန်ဆက်ဆံမှုကို ဆက်လက်မြှင့်တင်ကြဖို့လိုကြောင်း အိန္ဒိယ ကာကွယ်ရေးဝန်ကြီး အေကေအန်တိုနီက ပြောကြားလိုက်ပါသည်။

နှစ်နိုင်ငံအကြားအစိုးရနှင့် အခြားအလွှာများ လတ်တလော အပြန်အလှန် လည်ပတ်မှုများက နှစ်နိုင်ငံဆက်ဆံရေးအတွက် အရှိန်အဟုန်သစ်ကို ဖြစ်ပေါ်စေသည်ဟု၎င်းက ဆိုသည်။

မြန်မာသမ္မတဦးသိန်းစိန်ထံ သွားရောက်တွေ့ဆုံခဲ့သူ ကာကွယ်ရေးဝန်ကြီးအန်တိုနီက ကာကွယ်ရေးဆိုင်ရာ ဆက်ဆံမှုခိုင်မာစေရန် နှစ်နိုင်ငံ စလုံး လုပ်ဆောင်နေကြောင်း ပြောကြားသည်။

ပြီးခဲ့သော ၁၈ လအတွင်း အိန္ဒိယအကြီးအကဲ ၃ ဦး မြန်မာနိုင်ငံသို့လာရောက်ခဲ့ခြင်းသည် ဆက်ဆံရေး ခိုင်မာလိုသော အိန္ဒိယအစိုးရ၏ ဆန္ဒကို ထင်ဟပ်နေသည်ဟု အန်တိုနီက ဆိုပါသည်။

“ဒီခရီးစဉ်တွေနဲ့ လတ်တလောကာလ အပြန်အလှန်ချစ်ကြည်ရေးဖလှယ်မှုတွေဟာ နှစ်ဦးနှစ်ဖက်၊ စိုးရိမ်စရာတွေ၊ လိုအပ်ချက်တွေ၊ ခွန်အား တွေကို ကောင်းစွာနားလည် သဘောပေါက်လာစေပါတယ်။” ဟု ၎င်းက ပြောကြားသည်။

မြေပြင်၊ ရေပြင် နယ်နိမိတ်ချင်း ထိစပ်နေကြသော အိမ်နီးချင်းများဖြစ်သည်နှင့်အညီ နှစ်ဖက်စလုံးနှင့် သက်ဆိုင်သော ကိစ္စရပ်များကို ဖြေရှင်းရန် အတူတကွလုပ်ဆောင် သွားကြရမည်ဟုလည်း အန်တိုနီက ဆက်လက် ပြောကြားသည်။

မြန်မာသမ္မတ ဦးသိန်းစိန်ကလည်း “မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနှင့်အရှေ့တောင်အာရှအကြား ပေါင်းကူးတံတားအဖြစ် ပါဝင်နိုင်ပါကြောင်း၊ မြန်မာပိုင်နက်ကို အိန္ဒိယသူပုန်များအား အသုံးပြုခွင့်ပေးမည် မဟုတ်ကြောင်း၊ နှစ်နိုင်ငံမြေပြင်၊ရေပြင် နယ်နမိတ်တစ်လျှောက် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် နှစ်ဖက်လက်နက်ကိုင်တပ်များအကြား ပူးပေါင်းဆောင်ရွက်မှု တိုးတက်ကောင်းမွန်ရေးကို ကြိုဆိုပါကြောင်း” အိန္ဒိယ ကာကွယ်ရေးဝန်ကြီးအား ပြန်လည်ပြောကြားခဲ့သည်။

----------------------------------------------------------------------------------------------

မြန်မာနိုင်ငံတွင် ကလေးစစ်သားများစုဆောင်းဆဲဟု CSI အစီရင်ခံ

(AFP News မှ 24 Jan 2013 ရက်စွဲပါ “Child Soldiers still recruited in Myanmar:group” သတင်းကို ဘာသာပြန်ပါသည်)

photo credit - internet

မြန်မာနိုင်ငံတွင် လက်ရှိနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေသော်ငြားလည်း ကလေးစစ်သားများကို သိမ်းသွင်းစုဆောင်းနေဆဲ ဖြစ်သောကြောင့် အင်အားကြီးမြန်မာစစ်တပ်ကို ကောင်းစွာစောင့်ကြည့်လေ့လာကြရန် လူ့အခွင့်အရေးအုပ်စုက ဗုဒ္ဓဟူးနေ့တွင် တိုက်တွန်းပြောကြားသည်။

မြန်မာအစိုးရသည် နိုင်ငံတကာက အမြဲတမ်းအပြစ်တင်စရာ လူ့အခွင့်အရေးချိုးဖောက်မှုတစ်ခုဖြစ်သည့် ကလေးစစ်သားစုဆောင်းမှုအား အဆုံးသတ်ရေး အစီအစဉ်ကို ကုလသမဂ္ဂနှင့် ဇွန်လတွင် သဘောတူညီထားပြီး ဖြစ်သည်။

ထိုနောက်ပိုင်းတွင် တပ်မတော် (မြန်မာစစ်တပ်) က ကလေး ၄၂ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး နောက်ထပ် လွှတ်ပေးဖွယ်ရှိသည်ဟု မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံသို့ သုတေသန မစ်ရှင် ၃ ဖွဲ့ စေလွှတ်လေ့လာခဲ့သော Child Soldiers International က ပြောကြားသည်။

သို့သော်လည်း အစိုးရတပ်၊ နယ်ခြားစောင့်တပ်နှင့် သူပုန်အုပ်စုများသည် ကလေးစစ်သားများကို အသုံးပြုနေဆဲဖြစ်ပြီး တပ်မတော်သည် အောင်မြင်သော ဆုကြေးစား စုဆောင်းသူများနှင့် ရာထူးအဆင့် တိုးရေး (သို့) စောစီးစွာနှုတ်ထွက်ရေးစသော တပ်တွင်းဖိအားနှင့် ရင်ဆိုင်နေရသည်ဟု လန်ဒန်အခြေစိုက် အုပ်စုက ဆိုပါသည်။

“တပ်မတော်အရာရှိတွေနဲ့ တရားမဝင်စုဆောင်းရေး အေးဂျင့်တွေဟာ အသက် ၁၈ နှစ်အောက် အပါအဝင် တပ်သားသစ်ရရှိဖို့အတွက် ခြိမ်းခြောက်မှု အဓ္ဓမခေါ်ယူမှု၊ ကိုယ်ထိလက်ရောက် အကြမ်းဖက် မှုများကို ဆက်လက်ပြုလုပ်နေကြပါတယ်” ဟု Child Soldiers International အစီရင်ခံစာတွင် တင်ပြထားသည်။

ဘူတာရုံများ၊ ဈေးများ၊ ဘတ်စ်ကားဂိတ်များစသော လူထူထပ်သောနေရာများ (သို့) ကျောင်းသွား၊ ကျောင်းပြန်လမ်းများပေါ်တွင် လူငယ်များကို ရှာဖွေနေသောအရပ်သားများ၊ ရဲများကလည်း ကလေးများကို သိမ်းသွင်းခေါ်ယူနေသည်ဟု အစီရင်ခံစာက ဆိုသည်။

သို့သော်လည်း ပြဿနာ၏ ရှုပ်ထွေးသောသဘာဝကြောင့် ကလေးစစ်သားအရေအတွက်ကို အတိအကျ ကောက်ယူရန် ခက်ခဲသည်ဟု Child Solider International  က ပြောကြားသည်။ ၂၀၁၁ အတွင်း အသက်မပြည့်သူ ခေါ်ယူစုဆောင်းမှု ၂၄၃ မှုရှိသည်ဟု မနှစ်က ကုလသမဂ္ဂအစီရင်ခံစာက ဖော်ပြထားသော်လည်း ၎င်းကိန်းဂဏန်းသည် အဖြစ်မှန်၏ တစ်စိတ်တစ်ပိုင်းမျှသာဖြစ်သည်ဟု ၎င်းအုပ်စုက ထောက်ပြသည်။

မြန်မာအစိုးရက တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးရအောင် ကြိုးပမ်းနေခြင်းကြောင့် ကလေးစစ်သားအသုံးပြုမှု ဖယ်ရှားရေး သဘောတူညီချက်များ ရလဒ်ထွက်ပေါ်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း Child Soldier International က ထုတ်ဖော်ပြောကြားသည်။

တပ်ဖွဲ့ဝင်များ၏ အသက်ကိုစစ်ဆေးရေး၊ တပ်ရင်းတပ်ဖွဲ့အားလုံး၏ သတင်းအချက်အလက်ဆိုင်ရာ ဗဟိုစင်တာစနစ်ဖန်တီးရေးတို့အတွက် နည်းပညာအကူပေးမည်ဟုလည်း CSI အုပ်စုက အကြံပြုကမ်းလှမ်းသည်။

ထို့အပြင် အသက်သတ်မှတ်ချက်ကို ချိုးဖောက်သော စုဆောင်းသူများကို အရေးယူရန်၊ ကလေး စစ်သားများရှိနိုင်သောတပ်များသို့ ကုလသမဂ္ဂ စစ်ဆေးသူများ သွားရောက်လေ့လာရန်၊ ၎င်းကိစ္စနှင့် ပတ်သက်၍ သူပုန်များနှင့်လည်း ထိတွေ့ဆွေးနွေးရန် အစီရင်ခံစာတွင် တိုက်တွန်းဖော်ပြထားသည်။

နာမည်အပျက်ဆုံးကလေးစစ်သားအမှုများထဲမှ တစ်ခုမှာ အရပ်ထက်ပိုရှည်သော သေနတ်များကိုင်ကာ စီးကရက်သောက်ရင်း ဓါတ်ပုံအရိုက်ခံထားသော အသက် ၁၂ နှစ်အရွယ် ကရင်သူပုန်တပ်ဖွဲ့မှ ဂျော်နီနှင့် လူသာထူးတို့ပင်ဖြစ်သည်။

ယခုအခါ အသက် ၂၀ ကျော်အရွယ်ရှိနေပြီဖြစ်သော ဂျော်နီ နှင့် လူသာထူး တို့သည် ၂၀၀၁ ခုနှစ်က ထိုင်းတပ်ဖွဲ့များထံ လက်နက်ချခဲ့ကြသည်။

----------------------------------------------------------------------------------------------------

တရုတ်သည် မြန်မာပဋိပက္ခဖြေရှင်းရာတွင် အပြုသဘောဆောင်သော ကဏ္ဍမှပါဝင်ဟု နိုင်ငံခြားရေးဌာနက ပြော

(23 Jan 2013 ရက်စွဲပါ Xinhua News မှ China plays constructive role in Myanmar conflict :FM ကို ဘာသာပြန်ပါသည်)

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ ပဋိပက္ခကို ဖြေရှင်းရာတွင် တရုတ်နိုင်ငံသည် အပြုသဘောဆောင်သောကဏ္ဍမှ ပါဝင်နေကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Hong Lei က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံမြောက်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင်များကို တရုတ်မှ လက်နက်များဖြည့်ဆည်းပေးနေကြောင်း စွပ်စွဲချက်မေးခွန်းအပေါ် Hong က ပြန်လည်တုန့်ပြန်ဖြေကြားရာတွင် တရုတ်သည်မြန်မာနိုင်ငံမှ ပဋိပက္ခများကို နှစ်ဦးနှစ်ဖက် ဆွေးနွေးညှိနှိုင်းခြင်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာရေးကိုသာ အမြဲတစေ ပြောဆိုခဲ့ကြောင်း ဆိုပါသည်။

၎င်းကပြောကြားရာတွင် တရုတ်သည် အပစ်အခတ်ရပ်စဲရေး ချက်ခြင်းလုပ်ဆောင်ရန် ထပ်တလဲလဲ တောင်းဆိုခဲ့ပြီး တရုတ်-မြန်မာ နယ်စပ်တွင် လုံခြုံရေးနှင့် ငြိမ်းချမ်းရေးထိန်းသိမ်းနိုင်ရန် ပူးပေါင်းကြိုးပမ်းမှုများအတွက် ပြောဆိုခဲ့သည်ဟု ဆိုပါသည်။

မြန်မာအစိုးရသည် ယခုအပတ်အစောပိုင်းက ၎င်းသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တိုက်ခိုက်နေမှုများကို ရပ်ဆိုင်း မည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ ယခု နောက်ဆုံးဖြစ်ပေါ်နေသော တိုက်ပွဲများကြောင့် တရုတ်ကိုစိုးရိပ်ပူပန်မှုများ တိုးပွားစေပါသည်။ တရုတ်သည် မြန်မာနိုင်ငံနှင့် ၂၂၀၀ ကီလိုမီတာ ရှည်သော နယ်စပ်ချင်းထိစပ်နေပါသည်။

အပစ်အခတ်ရပ်စဲရေးသည် တရုတ်အစိုးရ၏ အထူးကိုယ်စားလှယ် Fu Ying သည် ရန်ကုန်သို့ သွားရောက်၍ မြန်မာသမ္မတ ဦးသိန်းစိန်နှင့် စနေနေ့က တွေ့ဆုံအပြီးတွင် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပါသည်။

---------------------------------------------------------------------------------------------------

မြန်မာသို့ ငွေလွှဲလုပ်ငန်း Seven Bank စတင်တော့မည်

(Daily Yomiuri မှ 25 Jan 2013 ရက်စွဲပါ “Seven Bank to offer remittances to Myanmar” သတင်းကို ဘာသာပြန်ပါသည်)

ဖေဖဝါရီလ ၁ ရက်တွင် မြန်မာနိုင်ငံသို့ ငွေလွှဲသည့် ဝန်ဆောင်မှုစတင်တော့မည်ဟု ဂျပန်ဘဏ် Seven Bank က ထုတ်ပြန်ကြေညာသည်။

ဂျပန် လက်လီလုပ်ငန်းကြီး Seven & I Holdings Co ၏ ဆက်စပ်ကုမ္ပဏီ Seven Bank သည် ကမ္ဘာတစ်လွှားနိုင်ငံနှင့် ဒေသ ၂၀၀ ကျော်အတွက် ယင်းကဲ့သို့ ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်လျက်ရှိသည်။

မြန်မာနိုင်ငံအတွက် ဝန်ဆောင်မှုအစီအစဉ်တွင် ဂျပန်နိုင်ငံတစ်လွှားတပ်ဆင်ထားသော ဘဏ်၏ ATM စက် ၁၇,၀၀၀ ခန့်မှတဆင့် ယန်းငွေ ၅၀၀,၀၀၀ အထိ ငွေလွှဲနိုင်မည်ဟု Seven Bank တာဝန်ရှိသူများက ဆိုပါသည်။

Seven Bank ၏ အမေရိကန်စီးပွားဖက် Western Union ၏ မြန်မာပြည်တွင်း ငွေထုတ်ရန်နေရာ ၁၅၅ နေရာတွင် လွှဲငွေကို မြန်မာကျပ်ငွေဖြင့် ထုတ်ယူနိုင်သည်ဟု သိရှိရသည်။

ဂျပန်နိုင်ငံတွင် မြန်မာနိုင်ငံသား ၈၀၀၀ ခန့် နေထိုင်လျက်ရှိပြီး ၎င်းတို့အတွက် ဝန်ဆောင်မှုကောင်းကောင်းပေးရန် မျှော်လင့်ထားသည်ဟု Seven Bank က ပြောကြားသည်။

***************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment