Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၂၆.၁.၂၀၁၃

ဘာသာပြန်သတင်းများ

  1. တရုတ်ပြည်ထက် မြန်မာပိုလွတ်လပ်လာ ဟု လူ့အခွင့်အရေးအုပ်စုပြောကြား

(The Epoch Times မှ 17 Jan 2013 ရက်စွဲပါ “Burma now more free than China, rights group says” သတင်းကို ဘာသာပြန်ပါသည်။)

  1. တရုတ်က ‘ဝ’ တိတ်တဆိတ် လက်နက်ထောက်ပံ့

(25 Jan 2013 ရက်စွဲပါ VOA မှ Daniel Schearf ရေးသားသော With Burma in mind, China quietly support Wa rebels ကိုဘာသာပြန်ပါသည်)

  1.  တိုးရစ်များ ဒလဟောဝင်ရောက်မှုအတွက် မြန်မာ အဆင်သင့်မဖြစ်သေး

(CAN သတင်းဌာနမှ 22 Jan 2013 ရက်စွဲပါ Myanmar not ready to deal with huge influx of tourists:industry players ကိုဘာသာပြန်ဆိုသည်)  

***************************************************************

ဘာသာပြန်သတင်းများ

တရုတ်ပြည်ထက် မြန်မာပိုလွတ်လပ်လာ ဟု လူ့အခွင့်အရေးအုပ်စုပြောကြား

(The Epoch Times မှ 17 Jan 2013 ရက်စွဲပါ “Burma now more free than China, rights group says” သတင်းကို ဘာသာပြန်ပါသည်။

Photo: internet

ပြီးခဲ့သော ဆယ်စုနှစ်များတစ်လျှောက် မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့်တန်းတူ လူ့အခွင့်အရေး မှတ်တမ်းဆိုးဝါးသော တပ်မတော် အစိုးရက အတိုက်အခံမှန်သမျှကို ချေမှုန်းနှိပ်ကွပ်လေ့ရှိသော တံခါးပိတ် အထီးကျန်ဆုံးနိုင်ငံ အဖြစ် သတ်မှတ်ခံခဲ့ရသည်။

သို့ရာတွင် မြန်မာနိုင်ငံသည် အချို့ကဏ္ဍများ၌ တိုးတက်မှုမရှိသော်ငြား မနှစ်ကတစ်နှစ်လုံး သိသိသာသာ ဆက်တိုက်တိုးတက်မှုရှိခဲ့ပြီး၊ နိုင်ငံရေး ဆိုင်ရာအခွင့်အရေး၊ အရပ်သားလွတ်လပ်ခွင့်များ၊ အခြား လွတ်လပ်ခွင့်များ စသည်တို့တွင် တရုတ်နိုင်ငံ၏ရှေ့သို့ရောက်သွားပြီဟု အမေရိကန်အခြေစိုက် အုပ်စု Freedom House ကဆိုပါသည်။ သို့သော် လွတ်လပ်မှုရှိသော နိုင်ငံမဟုတ်သေးဟုလည်း ၎င်းတို့က မှတ်ချက်ပေးသည်။

Freedom House ကဆက်လက်၍ “မြန်မာနိုင်ငံတွင် တပ်မတော်အစိုးရထဲမှ အာဏာလွှဲပြောင်း ရယူထားသော လက်ရှိအစိုးရလက်ထက်၌ ယခင်အထိန်းအသိမ်းခံ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီကို ရွေးကောက်ပွဲဝင်ခွင့်ပေးခြင်း၊ မီဒီယာ၊ အင်တာ နက်၊ စီးပွားရေး လွတ်လပ်ခွင့်များပေးခြင်း၊ နိုင်ငံရေးအကျဉ်သား မြောက်များစွာ လွှတ်ပေးခြင်းတို့ကို ပြုလုပ်ခဲ့သည်” ဟု ပြောကြားသည်။

NLD ပါတီသည် သိသိသာသာလွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့်ရခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲ တွင်နေရာအားလုံးနီးပါး အနိုင်ရရှိခဲ့သည်။ သို့သော် အာဏာရပြည်ခိုင်ဖြိုးပါတီက လွှတ်တော်နေရာအများစုကို ဆက်လက်ထိန်းထားဆဲ ဖြစ်ပြီး၊ တပ်မတော် (စစ်တပ်) ၏ အလွန်အကျွံ့အာဏာ သည်လည်း အခြေခံဥပဒေနှင့် လက်တွေ့နယ်ပယ်တွင် အမြစ်တွယ်နေဆဲ ဖြစ်သည်ဟု Freedom House အစီရင်ခံစာတွင်ဖော်ပြထားသည်။

၁၉၈၀ ခုနှစ်များနှောင်းပိုင်းတွင် Burma မှ Myanmar ဟု အမည်ပြောင်းလိုက်သော အရှေ့တောင်အာရှနိုင်ငံသည် ကချင်၊ ကရင်၊ ရှမ်း အပါ အဝင်တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများနှင့် ပဋိပက္ခကို ဆက်လက်ဖြေရှင်းနေရသည့်အပြင် ရခိုင်ပြည်နယ်မှ ဒေသခံ ဗုဒ္ဓဘာသာ ရခိုင်များနှင့် ရွှေ့ ပြောင်း မွတ်ဆလင် ရိုဟင်ဂျာတို့အကြား ဖြစ်ပွားသောအဓိကရုဏ်းပြဿနာကိုလည်း ကိုင်တွယ်နိုင်ရန် ရုန်းကန်ကြိုးစား နေရသည်။

မြန်မာအာဏာပိုင်များသည် ဆန္ဒပြပွဲများကို ဖိနှိပ်ကိုင်တွယ်သည့် အစီအမံများ၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုများ၊ NGO စီမံချက်များ အပေါ် ဟန့်တားချုပ်ချယ်မှုများ၊ အရှိန်မြှင့်မြေယာ လက်ဝါး ကြီးအုပ်သိမ်းဆည်းမှုများ၊ လွတ်လပ်စွာ တရားစီရင်ခွင့်အပေါ် စွက်ဖက်မှုများကို ဆက်လက် ကျင့်သုံး လုပ်ဆောင်နေသည်ဟု Freedom House အစီရင်ခံစာက ရှင်းလင်းဖော်ပြထားသည်။

သို့သော်လည်း နိုင်ငံရေးနှင့် အရပ်သား လွတ်လပ်ခွင့်ဆိုင်ရာ ရှေ့မတိုးနောက်မဆုတ် ပြဿနာ များတွင် မြန်မာနိုင်ငံက တရုတ်နိုင်ငံကို ဖြတ် တက်သွားပြီဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ အစိုးရမှာမူ ဆင်ဆာ ဖြတ်ခြင်း၊ စောင့်ကြည့်ခြင်း၊ ဖိနှိပ်ချုပ်ချယ်နှိပ်စက်ခြင်း နှင့် အခြားလူ့အခွင့်အရေးချိုး ဖောက်မှုများ အတွက် တာဝန်ရှိနေဆဲ ဖြစ်သည်ဟု အစီရင်ခံစာတွင် ထောက်ပြထားသည်။

၂၀၁၂ တွင် မြန်မာနိုင်ငံသည် နိုင်ငံရေးလွတ်လပ်ခွင့်ဆိုင်ရာ အဆင့်သတ်မှတ်ချက်အနိမ့်ဆုံး ၇ မှ ၆ သို့ လည်းကောင်း ၊ အရပ်သားလွတ်လပ်ခွင့် အဆင့် ၆ မှ ၅ သို့လည်းကောင်း အဆင့်တက်လာခဲ့သော်လည်း တရုတ်နိုင်ငံမှာမူ နိုင်ငံရေးလွတ်လပ်ခွင့်အဆင့် ၇ နှင့် အရပ်သားလွတ်လပ်ခွင့် အဆင့် ၆ တို့တွင် ကျန်ရစ်ခဲ့သည်ဟု Freedom House မှ သုတေသနပညာရှင် ဆာရာကွတ်က RFA သတင်းဌာန သို့ပြောကြား သွားခဲ့သည်။

မြန်မာနိုင်ငံသည် ပြီးခဲ့သော တစ်နှစ်လုံး ပိုမိုလွတ်လပ်စွာစုဝေးခွင့်နှင့် ပြောဆိုခွင့်တို့ရှိလာခဲ့သော်လည်း အစိုးရအဖွဲ့ကို အခြေခံကျကျ အပြောင်း အလဲလုပ်ရန် လိုအပ်နေသေးသည်ဟု ဆာရာကွတ်က သတိပေး ပြောကြားပါသည်။

“ဒီ လွတ်လပ်ခွင့်တွေဟာ အာဏာပိုင်တွေဆီက ရရှိလာတာဖြစ်ပြီး အပြောင်းအလဲ လေငြိမ်သွားချိန်မှာ နောက်ပြန်မလှည့်အောင် တားပေးမယ့် အဖွဲ့အစည်းဆိုင်ရာ ပြောင်းလဲမှုမျိုး မရှိသေးပါဘူး” ဟု သူမက RFA သို့ပြောကြားသည်။

Freedom House က ကမ္ဘာပေါ်ရှိ ၁၉၅ နိုင်ငံကို Free,Partly Free နှင့် Not Free ဟု သုံးမျိုး သုံးစား ခွဲခြားရာတွင် မြန်မာ နှင့် တရုတ်သည် ရုရှား၊ ကျူးဘား၊ အီရန်၊ ဆော်ဒီ တို့နှင့် အတူ Not Free (လွတ်လပ်မှု) အုပ်စုတွင်ပါဝင်နေသည်။

“တရုတ်နိုင်ငံဟာ အဖိနှိပ်ဆုံးနိုင်ငံတစ်ခုဖြစ်နေဆဲပါပဲ။ ဒါ့ကြောင့် Not Free အဆင့် တိုင်းပြည်မှာ နေထိုင်နေကြတဲ့ ကမ္ဘာပြည်သူ ထက်ဝက် ကျော်ရဲ့ ဇာတိမြေလို့ ဆိုရမှပေါ့” ဟု ဆာရာကွတ် ကပြောကြား သွားသည်။

****************************************************

တရုတ်က ‘ဝ’ တိတ်တဆိတ် လက်နက်ထောက်ပံ့

(25 Jan 2013 ရက်စွဲပါ VOA မှ Daniel Schearf ရေးသားသော With Burma in mind, China quietly support Wa rebels ကိုဘာသာပြန်ပါ သည်)

Photo: internet

                မြန်မာစစ်တပ်သည် တရုတ်နယ်စပ်ရှိ ကချင်သူပုန်များအားတိုက်ထခိုက်ရာတွင် အရှိန်မြင့်တင်နေချိန်၌ Beijing သည် ‘ဝ’ စစ်တပ် (United Wa State Army) အား အဆင့်မြင့်လက်နက်များ တိတ်တဆိတ်ရောင်းချ ပေးလျက်ရှိသည်ဟု လုံခြုံရေးသုံးသပ်သူများက ပြောကြားလိုက်ပါသည်။ ‘ဝ’ တို့သည် မြန်မာနိုင်ငံတွင် အကြီးဆုံးလက်နက်ကိုင်အဖွဲ့ကြီး ဖြစ်ပြီး၊ အရှေ့တောင်အာရှတွင် အကြီးဆုံး မူးယစ်ဆေးဝါးရောင်းဝယ် သည့်အဖွဲ့ကြီး ဖြစ်ပါသည်။

မကြာသေးမီ ရက်သတ္တပတ်များက မြန်မာစစ်တပ်သည် ကချင်သူပုန်များကို လေကြောင်းမှလည်းကောင်း၊ လက်နက်ကြီးများဖြင့်လည်းကောင်း တိုက်ခိုက်ခဲ့ရာ နိုင်ငံတကာက အစိုးရ၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများအပေါ် စိုးရိမ်မှုများရှိလာပါသည်။

သို့သော် တရုတ်နိုင်ငံသည် ကချင်ပြည်နယ်တွင် စစ်ရေးအရ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြရန် တိုက်တွန်းနေချိန်တွင်၊ လုံခြုံရေးသုံးသပ်သူများက Beijing တွင် နောက်ထပ်လက်နက်ကိုင် သူပုန်အုပ်စု ဖြစ်သော ‘ဝ’ စစ်တပ် (UWSA) ကို တိတ်တဆိတ် လက်နက်တပ်ဆင်ပေးနေကြောင်း ပြောပါ သည်။

ဒီဇင်ဘာလက ထုတ်ပြန်သော IHS Jane ၏  Intelligence Review တွင် ပြီးခဲ့သည့်နှစ်က တရုတ်သည် ‘ဝ’တို့အား အဆင့်မြင့် လက်နက်များ ဖြည့်ဆည်းပေးခဲ့သည်ဟု ဖော်ပြထားပါသည်။ ထိုသို့ပေးခဲ့ရာ  မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များ ပထမဆုံးအကြိမ်အဖြစ် ပါဝင်ပြီး တင့်ကားဖျက် အားမတ်ကား (၁၂) စီး (Armored Vehicles) လည်းပါဝင်သည်ဟု ဆိုပါသည်။

ထိုင်းနိုင်ငံအခြေစိုက် လုံခြုံရေးသုံးသပ်သူနှင့် အစီရင်ခံစာရေးသားသူ Anthony Davis ကပြောကြားရာတွင် Beijing သည် ‘ဝ’ တို့နှင့် သမိုင်း တစ်လျှောက် ချစ်ကြည်ရင်းနှီးမှုနှင့် လည်းကောင်း၊ မြန်မာအာဏာပိုင်များနှင့် ဆက်ဆံရေးကိုလည်းကောင်း၊ ချိန်ခွင်လျှာညှိရေး ကြိုးပမ်းနေသည်ဟုပြော ကြားခဲ့ပါသည်။

“တရုတ်ဟာ နယ်စပ်တစ်လျှောက်က တိုင်းရင်းသား လက်နက်ကိုင်တွေကို လစ်လျူရှုမထားနိုင်သလို၊ တစ်ချိန်တည်းမှာလည်း မြန်မာအစိုးရကို လစ်လျူရှုထားလို့ မရနိုင်ပါဘူး” ဟု Davis ကပြောကြားပါသည်။  “တရုတ်ဟာ လက်နက်တွေကို တိုက်ရိုက်ထောက်ပံ့နေလားလို့မေးရင်တော့ မဟုတ်ပါ ဘူးလို့ဖြေရမှာပါ။ လက်နက်ရောင်းပေးနေတဲ့ သူတွေဟာ တရုတ်အစိုးရ အကြီးတန်းပုဂ္ဂိုလ်တွေရဲ့ အဆက်တွေပါပဲ။ သူတို့ တိုက်ရိုက်ငွေကြေး ထောက်ပံ့ နေတယ်လို့ မပြောနိုင်ပါဘူး။ သူတို့က ငြင်းလို့ရအောင် လုပ်ထားတာပါ” ဟု၎င်းက ပြောပါသည်။ တရုတ်နိုင်ငံခြားရေးဌာနသည် Intelligence Review နှင့် ပတ်သက်၍ မှတ်ချက်ပေးခြင်းမရှိခဲ့ပေ။

‘ဝ’ သည် မြန်မာနိုင်ငံ၏ အကြီးဆုံးသူပုန်အုပ်စုဖြစ်ပြီး အင်အား (၃၀၀၀၀) ခန့် ရှိပါသည်။ တရုတ်သည် သူတစ်ပါးအရေး ဝင်ရောက်မစွက်ဖက်ရေး မူဝါဒကို ကိုင်ဆွဲထားသော်လည်း၊ တရုတ်သည် ကာလကြာရှည် ကပင် ‘ဝ’ ကို အကြီုးံး လက်နက်ထောက်ပံ့သူဖြစ်ကာ တရားမဝင် အကူအညီပေးနေခြင်း ဖြစ်ပါသည်။

‘ဝ’ သည် ၁၉၈၉ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲပြီး ပြန်လည်ဖွဲ့စည်းသည့် တိုင်းရင်းသား လက်နက်ကိုင်များအနက် တစ်ခုဖြစ်ပါသည်။

Beijing သည် ကွန်မြူနစ်များကို တိုက်ရိုက်ထောက်ပံ့ခဲ့ပြီး နောက်ထပ်ဖွဲ့စည်းသည့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဆက်ဆံရေးကိုလည်း ဆက်လက်ထိန်းသိမ်းခဲ့ပါသည်။

ယေးလ် တက္ကသိုလ် Ph.D ကျောင်းသား Josh Gordon ကပြောကြားရာတွင် တရုတ်စကားပြောသော ‘ဝ’ များသည် တရုတ်နှင့် အလွန်နီးစပ် ကြောင်း၊ တရုတ်၏ ကိုယ်စားလှယ်လို့ ပြော၍ရနိုင်ကြောင်း ဆိုပါသည်။

“ ‘ဝ’ ဒေသအများစုဟာ တရုတ်ငွေ သုံးတယ်။ တရုတ် ဆဲလ်ဖုန်း သုံးတယ်။ တရုတ်လျှပ်စစ်မီးသုံးတယ်။ တရုတ်အင်တာနက် သုံးတယ်” ဟု ၎င်း ကပြောပါသည်။

မြန်မာအစိုးရသည် ‘ဝ’ တို့နှင့် ၁၉၉၀ ခုနှစ်များတွင် အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးခဲ့ပြီး၊ ရှမ်း ပြည်နယ်ရှိ ၎င်းတို့ဒေသကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးခဲ့ပါသည်။ ထိုအခါ ‘ဝ’ တို့သည် အာရှတွင် အကြီးဆုံး မက်သာဖတ်တမင်း ထုတ်လုပ်သူအဖြစ် အသွင်ပြောင်းခဲ့ပြီး ဒေသတွင်းအကြီးဆုံး မူးယစ်ဆေးဝါးရောင်းဝယ် သည့် အဖွဲ့ကြီးဖြစ်လာသည်။

၂၀၁၁ ခုနှစ်က အမေရိကန်မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အေဂျင်စီသည် ထိုင်းနိုင်ငံဖျော်ဖြေရေးနှင့် ပတ်သက်သော နေရာများ၌ ‘ဝ’ ခေါင်း ဆောင် Wei Hsueh Kang ၏ ပုံအား အလိုအရှိဆုံး ပုဂ္ဂိုလ်အဖြစ် ကပ်ထားပါသည်။

လတ်တလောအားဖြင့် တရုတ်တို့သည် ‘ဝ’ တို့အား လက်နက်များ ပေးပို့မှုမြင့်တက်လာသော်လည်း Beijing သည် နယ်စပ်ဒေသ မတည်ငြိမ် အောင်လုပ်ဆောင်နေခြင်း မရှိပေ။ တရုတ်တို့သည် မြန်မာ အာဏာပိုင်များအား ‘ဝ’ ဒေသတွင် ကချင်ပြည်နယ်၌ ထိုးစစ်ဆင်မှုများ ပြုလုပ်သလို ပြုလုပ်မ လာစေရေး တဖက်လှည့်ဖြင့် သတင်းစကားပါး သတိပေးနေခြင်း ဖြစ်ပါသည်ဟု Davis က ပြောပါသည်။

“တရုတ်ဟာ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ပြဿနာဖြစ်အောင်ဆွမနေပါဘူး။  ‘ဝ’ ကို အင်အားဖြည့် ပေးနေတာဟာ စစ်တပ်ကတိုက်မလာအောင် တားနေတာပါ။ သူတို့ဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ ကတည်းက ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရခဲ့တဲ့အတိုင်း ဆက်ရှိနေလိုတာပါ။ ဒါဟာ တရုတ်အတွက် အကျိုးရှိ တယ်လေ” ဟု Davis ကပင် ဆိုပါသည်။

ပြီးခဲ့သည့် ဆယ်စုနှစ်များက စစ်တပ်မှ အုပ်ချုပ်စဉ်တွင် အနောက်နိုင်ငံအရေးယူမှုများကြောင့် တရုတ်သည် မြန်မာနိုင်ငံအပေါ် ကြီးစွာ သြဇာ ညောင်းခဲ့ပြီး၊ သယံဇာတ များကိုလည်း ရယူနိုင်ခဲ့ပါသည်။ သို့သော် မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်၍ အနောက်နိုင်ငံ အရေးယူမှုများ ရုတ်သိမ်းသွားရာတွင် တရုတ်၏ သြဇာလွှမ်းမိုးမှုကို ဟန်ချက်ညီအောင်တန်ပြန် ပြန်လည်လုပ်ဆောင်ရန် ကြိုးစားမှုရှိလာပါသည်။

‘ဝ’ ကို လက်နက်ထောက်ပံ့နေခြင်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးဦးတည်ချက်ပြောင်းသွားခြင်းကို တရုတ်က တုန့်ပြန်ခြင်းဖြစ်ပုံရသည်ဟု Davis ကပြောပါသည်။

Intelligence Review နှင့်ပတ်သက်၍ မြန်မာသမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ် ကလည်း မှတ်ချက် ပေးခြင်းမရှိပေ။

“ကျွန်တော်တို့ဟာ အဲဒါနဲ့ပတ်သက်လို့ ဘာသတင်းမှ မရပါဘူး။ ဒါပေမယ့် တရုတ်က အမြဲတမ်းပြော တာက မြန်မာပြည်တွင်းရေးကို သူတို့ ဝင် ရောက်စွက်ဖက်ခြင်း မပြုပါဘူးဆိုတာပါပဲ။ သူတို့ရဲ့ အာမခံချက်ကို ကျွန်တော်တို့လက်ခံပါတယ်။” ဟု ၎င်းကပြောပါသည်။

ယခုလတွင် တရုတ်သည် အဆင်မြင့် စစ်တပ်ကိုယ်စားလှယ် အဖွဲ့တစ်ခု မြန်မာနိုင်ငံသို့ စေလွှတ်ပြီး နယ်စပ်ဒေသလုံခြုံရေးနှင့် ကချင်ပြည်နယ်မှ တိုက်ပွဲများအကြောင်းကို ဆွေးနွေးခဲ့ပါသည်။ မြန်မာသတင်းစာ The New Light Of Myanmar တွင် တရုတ်တို့သည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေး ပြ ဿနာများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် သဘောတူခဲ့သည်ဟု ဖော်ပြထားပါသည်။

****************************************************

 တိုးရစ်များ ဒလဟောဝင်ရောက်မှုအတွက် မြန်မာ အဆင်သင့်မဖြစ်သေး

(CAN သတင်းဌာနမှ 22 Jan 2013 ရက်စွဲပါ Myanmar not ready to deal with huge influx of tourists:industry players ကိုဘာသာပြန်ဆို သည်)

photo internet

မြန်မာနိုင်ငံ၏ တိုရစ်ဇင်(ခရီးသွား)လုပ်ငန်းမှာ တိုင်းပြည်တွင် နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ကြောင့် တမဟုတ်ချင်း အောင်မြင် ကြီးထွားလျက်ရှိသည်။

မြန်မာ့ခရီးသွားလုပ်ငန်းအသင်း(MTF) ကနောက်ဆုံးထုတ်ပြန်သော ကိန်းဂဏန်းများအရ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် အတွင်း မြန်မာနိုင်ငံသို့ တိုးရစ် (ကမ္ဘာလှည့်ခရီးသည်) ၁ သန်းအထိ စံချိန်တင် ဝင်ရောက်ခဲ့ကြောင်းသိရသည်။

သို့သော် မြန်မာနိုင်ငံတွင်း တိုရစ်ဇင်ဆိုင်ရာ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးမှုမရှိသေး သောကြောင့် အမြောက်အမြားဝင်ရောက်လာမည့် တိုးရစ်များကို လက်ခံရန် အဆင်သင့် မဖြစ်သေး ကြောင်း ခရီးသွားလုပ်ငန်းရှင်များက ပြောကြားသည်။

လွန်ခဲ့သည့် ဆယ်စုနှစ် လေးခုတာကာလကဆိုလျှင် နိုင်ငံခြားမှလာရောက်လည်ပတ်သူများ အနေဖြင့် ကန့်သတ် ချက်များဖြင့်သာ ကြည့်ရှု လေ့လာနိုင်ခဲ့ကြသည်။ တိုးရစ်ဗီဇာရရှိရန်မှာလည်း များစွာမလွယ်ကူလှပေ။ တိုရစ်ဇင် လုပ်ငန်းကို မြှင့်တင်လိုသူများ အနေဖြင့်လည်း အခက်အခဲများနှင့် ကြုံတွေ့ခဲ့ကြရသည်။

Myanmar Marketing Committee မှ ကိုဖြိုးဝေရာဇာက “အရင်တုန်းက Tour Operator တွေနဲ့ဆက်ဆံရတဲ့ အခါတိုင်း မင်းတို့နိုင်ငံကို ငါတို့က မြှင့်တင်ပေးမှာမဟုတ်ဘူးလို့ပဲပြောကြတယ်။ ကျွန်တော်တို့ အကြိမ်ပေါင်းများစွာ ငြင်းပယ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စိတ်ဓာတ်မကျခဲ့ပါ ဘူး။ နိုင်ငံတကာ ကုန်သွယ်ရေးရှိုးပွဲတွေမှာ မြန်မာကို ကျွန်တော်တို့ မြှင့်တင်ခဲ့ကြပါတယ်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံသို့ ယခင်က တစ်နှစ်လျှင် နိုင်ငံတကာ တိုးရစ်ဦးရေ နှစ်သိန်းခန့်သာ ဝင်ရောက်လည်ပတ်ခဲ့ကြသည်။ သို့သော် လွန်ခဲ့သည့် ၂ နှစ်၊ နိုင်ငံရေးနှင့် ပြုပြင်ပြောင်းလဲမှုများ စတင်လုပ်ကိုင်ခဲ့သည့် အချိန်မှစ၍ မြန်မာနိုင်ငံသို့ တိုးရစ် ဝင်ရောက်မှုမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

ယမန်နှစ်ကဆိုလျှင် တိုးရစ် တစ်သန်းခန့်အထိဝင်ရောက်လာခဲ့ရာ ယခင် နှစ်စဉ်ဝင်ရောက်မှုနှုန်းထက် ငါးဆမျှ မြင့်တက်လာခဲ့သည်။

မြန်မာ့ခရီးသွားလုပ်ငန်းအသင်းမှ ဒေါက်တာအောင်မြတ်ကျော်က “အခုလို မြင့်တက်လာမယ်လို့ ကျွန်တော်တို့ ဘယ်တုန်း ကမှ မထင်မှတ် ထားခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နှစ်ပေါင်းများစွာ တိုးရစ်ဝင်ရောက်မှုနှုန်းဟာ အင်မတန် နည်းပါးခဲ့လို့ပါ။ အဲဒါကြောင့် ခုလိုမျိုး အဆမတန်ခုန်တက် သွားမယ်လို့ ကျွန်တော်တို့လုံးဝမမျှော်လင့်ခဲ့ပါဘူး” ဟု ပြောကြားသည်။

နိုင်ငံခြားတိုးရစ် သုံးပုံနှစ်ပုံခန့်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဝင်ရောက်လာခြင်းဖြစ်သည်။ ကျန် တိုးရစ်များမှာမူ ထိုင်းနှင့် တရုတ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်များမှတစ်ဆင့်ဝင်ရောက်ကြခြင်းဖြစ်သည်။

ဥရောပဒေသမှ မြန်မာနိုင်ငံသို့ ဝင်ရောက်သူများတွင် ပြင်သစ်လူမျိုးများ အများဆုံးဖြစ်သည်။ သို့သော် အာရှ ဒေသမှ  လာရောက်လည်ပတ်သူ မှာအများဆုံးဖြစ်သည်ဟု သိရသည်။

မြန်မာ့ခရီးသွားလုပ်ငန်းအသင်းမှ ကိုရန်မင်းက “အများဆုံးကတော့ တရုတ်၊ ထိုင်း၊ မလေးရှား၊ ကိုရီးယားနဲ့ စင်ကာပူကဖြစ်ပါတယ်” ဟုပြော သည်။

လာမည့် ၂၀၁၅ ခုနှစ်တွင် အာဆီယံနိုင်ငံများမှ တိုးရစ်များပိုမိုဝင်ရောက်လာရေးအတွက် မြန်မာအစိုးရက ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါနှစ်တွင် အာဆီယံအသိုင်းအဝိုင်းအစီအစဉ်ဖြင့် ဗီဇာကင်းလွတ်ခွင့်များလည်းထွက်ပေါ် လာရန်ရှိသည်။ သို့ရာတွင် မြန်မာအနေဖြင့် တိုးရစ်အဆ မတန်ဝင်ရောက်လာမှုအတွက် အဆင်သင့်မဖြစ်သေးကြောင်း ခရီးသွားလုပ်ငန်းရှင်များကဆိုသည်။

“ကျွန်တော်တို့ ဟိုတယ်တွေအများကြီးလိုအပ်ပါတယ်။ နိုင်ငံတကာအဆင့်အတန်းမီတဲ့ဟိုတယ်တွေပေါ့။ မြန်မာနိုင်ငံသားတွေ လုပ်ကိုင်နေတဲ့ ဟိုတယ်မျိုး ကျွန်တော်တို့ဆီမှာမရှိပါဘူး။ ဒါပေမဲ့ ဟိုတယ်လုပ်ငန်းလုပ်ကိုင်နေတဲ့ မြန်မာတွေရဲ့အရည်အချင်းကို ကျွန်တော်တို့မြှင့်တင်ပေးနိုင်ပါတယ်။ ဟိုတယ်အခန်းအရေအတွက်ကို တိုးချဲ့သွားဖို့လည်း လိုအပ်ပါတယ်” ဟု ကိုဖြိုးဝေရာဇာကဆိုသည်။

မြန်မာနိုင်ငံတွင် တိုရစ်ဇင်ဆိုင်ရာ အခြေခံအဆောက်အဦကောင်းများလိုအပ်ချက်က မြန်မာ့ခရီးသွားလုပ်ငန်း အသင်းအနေဖြင့် ခရီးသွားလုပ်ငန်း ဆိုင်ရာကွန်ဖရင့်ကြီးတစ်ခု ကျင်းပရသည်အထိ ဖန်တီးခဲ့သည်။ ယင်းကွန်ဖရင့်ကို လာမည့် ဖေဖော်ဝါရီလတွင် ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်မည်ဖြစ် သည်။

***************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment