Transparency Myanmar

transparency.myanmar@gmail.com

Interview
Document Interview

Snapshot of the item below:
Interview

*

*

၂၆.၁.၂၀၁၃

တွေ့ဆုံမေးမြန်းခန်း

(ပြည်တွင်း၊ ပြည်ပ မီဒီယာများမှဖော်ပြပြီး အင်တာဗျူးများကို ပြည်သူများ သိစေရန်အလို့ဌာ Yangon Chronicle မှ ပြန်လည် တင်ပြအပ်ပါသည်။ ယခုအင်တာဗျူးသည် Yangon Media Group မှ ကူးယူဖော်ပြပါသည်။)

နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်နှင့် အင်တာဗျူး

(ဝေမာသိမ့်တွေ့ဆုံမေးမြန်းသည်)

by Yangon Media Group on Friday, January 25, 2013 at 11:58am

Photo Credit: AP

နိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့က လဂျားယန်ဒေသအား ဇန်န၀ါရီလ ၁၉ ရက် နံနက် ၆ နာရီမှ စတင်ကာ စစ်ရပ်ဆိုင်းမည်ဟူသည့် အချက်ပါ သတင်းထုတ်ပြန်ချက်တစ်ရပ်ကို ဇန်န၀ါရီလ ၁၈ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ ထို့နောက် KIO/ KIA ဘက်မှလည်း ဇန်န၀ါရီလ ၁၉ ရက်နေ့ တွင် လဂျားယန်ဒေသတွင် သာ စစ်ရပ်ဆိုင်းလိုက်ခြင်းမဟုတ်ဘဲ ကချင်ပြည်နယ်အနှံ့တွင် စစ်ရေးလှုပ်ရှားမှုများ လျှော့ချရန် သတင်း ထုတ်ပြန်ချက် တစ်ရပ် ထုတ်ပြန်ခဲ့သည်။ ထို့နောက် ဇန်န၀ါရီလ ၁၉ ရက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ KIO အား တွေ့ဆုံညှိနှိုင်း ဆွေးနွေးရန် ကမ်းလှမ်းသည့်စာကို ပေးပို့ခဲ့ ပြီး ဇန်န၀ါရီလ ၂၀ ရက်တွင် KIO ဘက်မှ ၎င်းတို့နှင့် သီးခြားဆွေးနွေးမှုမလုပ်ဘဲ UNFC (ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ)နှင့်သာ ဆွေးနွေးသွားရန် အကြောင်းပြန်ကြားခဲ့ကြောင်း သိရသည်။ လက်ရှိတွင်လည်း လဂျားယန်ဒေအပါအ၀င် ကချင်ပြည်နယ် အနှံ့အပြားတွင်လည်းကောင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း KIA တပ်မဟာရှိသည့် ဒေသတွင်လည်းကောင်း တိုက်ပွဲများ ပြင်းထန်လျက် ရှိနေကြောင်း အကျိုးတော်ဆောင်များ၏ အဆိုအရသိရသဖြင့် နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ် နှင့် ကချင်ပြည်နယ် ငြိမ်းချမ်းရေးကို ဆောင်ရွက်မည့် အနေအထားများ၊ လက်ရှိဖြစ်ပေါ်နေသော တိုက်ပွဲအခြေအနေ၊ လက်ရှိတပ်မတော်၏ သဘောထား များနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ၏ ငြိမ်းချမ်းရေးဆောင်ရွက်ချက်များနှင့်ပတ်သက်၍ မေးမြန်းခဲ့ပါသည်။

မေး - ဇန်နဝါရီလ ၂၀ ရက်က ထုတ်ပြန်တဲ့ KIO အဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အပေါ် ဘယ်လို သဘောထားမျိုှးရှိပါသလဲ။ လက်ရှိ ကချင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီးဖြစ်ဖြစ်၊ ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက်ပဲဖြစ်ဖြစ် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ နဲ့ UNFC တို့ တွေ့ဆုံသွားဖို့ရှိပါသလား။

ဖြေ - ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီအနေနဲ့ KIO အဖွဲ့ရဲ့ ပြန်ကြားချက်အပေးမှာမူတည်ပြီး လုပ်ငန်းကော်မတီရဲ့ သဘော ထားနဲ့ ရှေ့ဆက်ဆောင်ရွက်မယ့် အစီအစဉ် တွေကို အသိပေးသွားမှာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ မပြောနိုင်သေးပါဘူး။ ကျွန်တော် တစ်ဦးတည်း သဘောထားနဲ့ ပြောရရင်တော့ အခုအရေးအကြီးဆုံး အလုပ်က တိုက်ခိုက်မှုအရှိန်တွေကို လျှော့ချပြီး နှစ်ဦးနှစ်ဖက် ဆွေးနွေးလို့ရမယ့် အခြေအနေ ကောင်းကို ဖော်ဆောင်ဖို့၊ ပဋိပက္ခကြားမှာ ဒုက္ခ ရောက်နေတဲ့ ဒေသခံပြည်သူတွေအတွက် စားဝတ်နေရေး၊ လမ်းပန်းဆက်သွယ်ရေးတွေ အဆင်ပြေ အောင် ဆောင်ရွက်ဖို့က အရေးအကြီးဆုံးလို့ ထင်ပါတယ်။ အဲဒါတွေကိုလုပ်နိုင်ဖို့က ပဋိပက္ခမှာ တိုက်ရိုက်ပါဝင် နေတဲ့ နှစ်ဖက်တွေ့တာက အကောင်းဆုံး ဖြစ်မယ်လို့ထင်ပါတယ်။ ထိုင်းနယ်စပ်မှာရှိနေတဲ့ UNFC က ပုဂ္ဂိုလ် တွေအနေနဲ့ မြေပြင်အခြေအနေကို မသိနိုင်သလို အဆုံးအဖြတ်ပေးနိုင်မယ့် အခြေ အနေလည်း မရှိပါဘူး။ သမ္မတကြီးကလည်း ငြိမ်းချမ်းရေးထပ်မံ ကမ်းလှမ်းချိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကသမ္မတကြီးရဲ့ ညွှန်ကြားချက်အတိုင်း မိမိကိုမိမိ ခုခံဖို့ကလွဲရင် ပစ်ခတ်တိုက်ခိုက်တာမျိုး မလုပ်ပါဘူးလို့ ထပ်မံအတည်ပြု ပြောချိန်မှာ ကေအိုင်အိုဘက်က အခုလို တုန့်ပြန်တဲ့အပေါ် အတော် အံ့သြမိပါတယ်။ သူတို့ဘက်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဆန္ဒမရှိဘူးလားလို့လဲ စိုးရိမ်မိပါတယ်။

 မေး -  KIO ရဲ့ သတင်းထုတ်ပြန်ချက်အရ လက်ရှိမှာလဲ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတယ်လို့ သိရပါ တယ်။ လဂျားယန်ဒေသမှာလည်း တိုက်ပွဲတွေ ဖြစ်နေ တယ်ဆိုတဲ့ အပေါ် ဘာများပြောလိုပါသလဲ။ နိုင်ငံတော်သမ္မတက ကချင်ပြည်နယ်အရေးအပေါ် ဘယ်လို မူဝါဒ တွေ ချမှတ်သွားနေပါသလဲ။

ဖြေ - တပ်မတော်ဘက်က ကချင်ပြည်နယ်သာမက ရှမ်းပြည်မြောက်ပိုင်းဒေသတွေအပါအဝင် မိမိကိုယ်မိမိ ခုခံကာကွယ် တာကလွဲပြီး ပစ်ခတ် တိုက်ခိုက် မှု မလုပ်ပါဘူးလို့ ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ထပ်မံအတည်ပြုပြောခဲ့သလို လဂျားယန်မှာ ဖြစ်နေတဲ့ စစ်ရေးလှုပ်ရှားမှုများကိုလည်း ဇန်နဝါရီလ(၁၉) ရက် နေ့ မနက်ကစတင်ရပ်ဆိုင်းခဲ့ပါတယ်။ ဒါပေမယ့် ဇန်နဝါရီလ ၁၉ ရက်နေ့ မနက်မှာပဲ ကေအိုင်အေ တပ်ဖွဲ့များက ဖားကန့်မြို့နယ်က ကာမိုင်းရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံး ရသလို ဗန်းမော်- လွယ်ဂျယ်ကားလမ်းမှာလည်း အရပ်ကား ၃ စီးကိုမိုင်းခွဲတိုက်လို့ ၂၂ ဦး ဒဏ်ရာ ရပါတယ်။ လဂျားယန်ဒေသဘက်မှာလည်း တပ်မတော်စခန်းကို လာရောက်နှောင့်ယှက် ပစ်ခတ်မှုတွေရှိတယ်လို့ သတင်းတွေရပါတယ်။ ဒီလိုလာရောက် တိုက်ခိုက်တာမျိုးဆိုရင်တော့ ခုခံကာကွယ်ပစ်ခတ်မှုတွေ လုပ်ရမှာပဲ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ စစ်ကြောင်းချီပြီး ကေအိုင်အေ စခန်းများကို ထိုးစစ် ဆင် တိုက်ခိုက်မှုမရှိပါဘူး။ ကေအိုင်အေဘက် ကလည်း အဲသလိုသာ လိုက်နာမယ်ဆိုရင် တိုက်ခိုက်မှုတွေ ချက်ခြင်းရပ်တန့်သွား မယ်လို့ထင်ပါတယ်။

မေး - နိုင်ငံတော်သမ္မတရဲ့ ညွှန်ကြားမှုတွေကို တပ်မတော်က လိုက်နာမှုမရှိဘူးလို့ ဝေဖန်ပြောဆို နေတာတွေလည်း ရှိပါတယ်။ အဲဒါကရော မှန်ပါ သလား။

ဖြေ - တပ်မတော်ဟာ ကွပ်ကဲမှုအဆင့်ဆင့်နဲ့ စနစ်တကျ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိက စမတိုက် ရဘူးဆိုရင် အဲဒီ့အတိုင်း အတိအကျ လိုက်နာနေပါတယ်။ ဒီလိုလိုက်နာတဲ့အတွက်လည်း ပဋိပက္ခအစပိုင်းမှာ တပ်မတော် တပ်ဖွဲ့များကို ကေအိုင်အေဘက်က အခွင့်ကောင်းယူ ချုံခိုတိုက်ခိုက် တာတွေ ရှိခဲ့ပြီး ထိခိုက်မှုတွေတောင် ရှိခဲ့ပါတယ်။ အခုလည်း တပ်မတော်က သမ္မတကြီးနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ညွှန်ကြားချက်တွေကို အတိအကျ လိုက်နာနေပါတယ်။ ကေအိုင်အေဘက်ကတော့ တချို့ တိုက်ခိုက်မှုတွေနဲ့ ပတ်သတ်ပြီး ဗဟိုကမသိဘူး။ အောက်ခြေက လုပ်တာဖြစ်မယ်လို့ ပြောနေတော့ သူတို့ အနေနဲ့ အောက်ခြေတပ်ဖွဲ့တွေကို ကွပ်ကဲနိုင်ရဲ့လားလို့ မေးစရာဖြစ်နေပါတယ်။

မေး - မီဒီယာတွေမှာ KIO ဘက်က ကချင်အကျိုးတော်ဆောင်တွေဘက် ပြန်လည်ဖြေကြားမှုတွေကို မကြာမဏ တွေ့ရပါတယ်။ ကျွန်မတို့ကိုယ်တိုင် ကချင်ကငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေကို ဆက်သွယ်မေးမြန်းတဲ့အခါ လွယ်လွယ်ကူကု ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ပြည်ထောင်စု ငြိမ်းချမ်း ရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ တပ်မတော်ဘက်က သတင်းထုတ်ပြန်မှုတွေ၊ ဆက်သွယ်မေးမြန်းဖို့ ခက်ခဲနေတာ တွေရှိနေတဲ့ အတွက် မီဒီယာတွေက မျှမျှတတသတင်း ဖော်ပြနိုင်ဖို့ တပ်မတော်ဘက်ကသော်လည်းကောင်း၊ အစိုးရအဖွဲ့ကသော် လည်းကောင်း၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီဘက်ကသော်လည်းကောင်း၊ ကချင်ပြည်နယ်အရေး နဲ့ပတ်သက် ပြီး အခြေအနေတွေကို သိရှိနိုင် ဖို့ ဖြေကြားပေး စေလိုပါတယ်။ အခုလက်ရှိမှာလည်း ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ က ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ဘယ်လိုဆောင်ရွက်သွားမလဲဆိုတာ သိချင်ပါတယ်။

ဖြေ - အခုပြီးခဲ့တဲ့ ရက်ပိုင်းများအတွင်းမှာ ကချင်ပြည်နယ်က အခြေအနေများနှင့်ပတ်သက်ပြီး သတင်းတွေ ပိုပြီးထုတ်ပြန် ပေးနေပြီဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကော်မတီကလည်း ထုတ်ပြန်ပေးသွားပါလိမ့်မယ်။ သို့သော် ဆွေးနွေးမှုအချို့ အဆင့် တွေမှာတော့ အခြေအနေအရ အချိန်မတိုင်ခင် ထုတ် ပြောလို့ မရ နိုင်တာမျိုးတော့ ရှိပါတယ်။

မေး - ကချင်ပြည်နယ် အရေးနှင့်ပတ်သက်ပြီး ဖြည့်စွက်ပြောကြားလိုသည်များ ရှိရင် ပြောကြားပေး စေလိုပါတယ်။

ဖြေ - ယနေ့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ KOI/ KIA လက်နက်ကိုင် ပဋိပက္ခသာ ဖြစ်တဲ့အတွက် ဒီအခြေအနေကို အချို့နိုင်ငံရေးပုဂ္ဂိုလ်တွေ၊ မီဒီယာမှာ ရှိတဲ့ ပုဂ္ဂိုလ်တွေက ကချင်စစ်ပွဲလို့သုံးနေတာ မသင့်တော်ဘူးလို့ထင်ပါတယ်။ နိုင်ငံတော်အစိုးရနဲ့ တပ်မတော်က ကချင်တိုင်းရင်းသားတွေကို တိုက်ခိုက် နေတာ မဟုတ်ပါဘူး။ ကချင်ပြည်နယ်အရေးဟာ လွတ်လပ်ရေးမရမီ ကချင်ပြည်နယ် နယ်နမိတ်ကို ဘယ်လို သတ်မှတ်မလဲ ဆိုတာကစပြီး အခုအချိန် အထိရှုပ်ထွေး နက်နဲတဲ့ တိုင်းရင်းသားလူမျိုးစုများအရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် ပထဝီနိုင်ငံရေးအခြေအနေတွေ ပါဝင်ပတ်သက် နေတာဖြစ်တဲ့အတွက် လက်ရှိအခြေအနေ တစ်ခုတည်းကိုပဲကြည့်ပြီး သုံးသပ်လို့ မရပါဘူး။ ဆက်စပ်ပတ်သက် နေတဲ့အကြောင်း အချက်တွေအားလုံး သုံးသပ်ပြောဆိုကြစေ ချင်ပါတယ်။ အဲဒါမှ အဖြေမှန်ကို ရနိုင်မယ်လို့ထင်ပါတယ်။

အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ရှင်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment