Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2013
Document yangonchronicle 2013

Snapshot of the item below:
yangonchronicle 2013

 

*

*

၂၈.၁.၂၀၁၃

နေ့စဉ်ထုတ်သတင်းလွှာ

  1. ဓာတုဗေဒပစ္စည်းများနှင့် ပတ်သက်သည့် ဥပဒေကြမ်းကိုလွှတ်တော်တွင်တင်သွင်းမည်
  2. ပုဂ္ဂလိကဘဏ်များတွင်လယ်ယာမြေများပေါင်နှံခွင့်ပေးမည်
  3. ကြိုးနီစနစ်ဆန်သည့် အကောက်ခွန်ဦးစီးဌာန၏ လာဘ်စားမှုများအား Eleven Media Group တိုင်ကြား
  4. ချင်းပြည်နယ် မြွေတောင်၊ ဖားတောင်တွင် သတ္တုစီမံကိန်းများပွင်လင်းမြင်သာရန်လိုအပ်
  5. အင်းအားသုံးသောင်းရှိ ဝ တပ်မတော်ကိုတရုတ်မှလက်နက်ရောင်းကြောင်းငြင်းဆို

***********************************************************************************

နေ့စဉ်ထုတ်သတင်းလွှာ

ဓာတုဗေဒပစ္စည်းများနှင့် ပတ်သက်သည့် ဥပဒေကြမ်းကိုလွှတ်တော်တွင်တင်သွင်းမည်

photo credit - internet

ဓာတုဗေဒပစ္စည်းများနှင့် ဆက်စပ်ပတ်သက်သည့်လုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် ဥပဒေပါအချက်အလက်များနှင့်အညီ ဆောင်ရွက်နိုင်ရန် အတွက် ဥပဒေမူကြမ်းတစ်ရပ်ကို လွှတ်တော်သို့တင်သွင်းတော့မည်ဖြစ်ကြောင်း  မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်းမှသိရသည်။

အဆိုပါဥပဒေကြမ်းတွင် ဓာတုဗေဒလုပ်ငန်းများနှင့် ပတ်သက်သည့်ဆက်စပ်လုပ်ငန်းများကို နိုင်ငံတကာမှ ပြည်တွင်းသို့တင်သွင်းရာမှစတင်ကာ ပြည်တွင်းဖြန့်ဖြူးခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ တင်သွင်းကုန်ပစ္စည်းများကို ပြန်လည်ပြုပြင်ခြင်း၊ ကန့်သတ်ကုန်ပစ္စည်းများသတ်မှတ်ခြင်း၊ ပြန်လည် စွန့်ပစ်ခြင်းအပါအဝင် အခန်း ၁၅ ခန်းဖြင့် စက်မှုဝန်ကြီးဌာနနှင့် ပညာရှင်များကပူးပေါင်းရေးဆွဲထားခြင်းဖြစ်ကြောင်းသိရသည်။

ပြန်လည်စွန့်ပစ်ရာတွင်လည်းဥပဒေနှင့်အညီစွန့်ပစ်ရန်၊ သယ်ယူပို့ဆောင်ရာတွင်လည်း အန္တရာယ်သတိပေးအမှတ်အသားများနှင့် ကုန်ပစ္စည်း အမည်များဖေါ်ပြရန်၊ ကန့်သတ်တားမြစ်ထားသည့် ဓာတုဗေဒကုန်ပစ္စည်းများကို တင်သွင်းခြင်းမပြုရန် စသည်အချက်များကို လိုက်နာခြင်းမရှိပါက ထောင်ဒဏ်နှင့်ငွေဒဏ်  သို့မဟုတ် ဒဏ်ငွေနှစ်ရပ်လုံးကို ပေးဆောင်ရမည်ဖြစ်ကြောင်းနှင့် ကုန်ပစ္စည်းများကိုလည်းပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမည် ဖြစ်ကြောင်းထည့်သွင်းဖော်ပြထားသည်။

ယခင်က ဓာတုဗေဒကုန်ပစ္စည်းများနှင့်ပတ်သက်သည့် ဥပဒေများမရှိသည့်အတွက် စက်ရုံ၊ အလုပ်ရုံများအနေဖြင့် စနစ်တကျစွန့်ပစ်ခြင်းမရှိသဖြင့် သက်ဆိုင်ရာအာဏာပိုင်များ အရေးယူဆောင်ရွက်ရာတွင် ထိရောက်မှုမရှိခဲ့ပေ။ ယခုအခါ ဥပဒေပြဋ္ဌာန်းပြီးပါကစည်းကမ်းမဲ့ စွန့်ပစ်၊ သယ်ယူ၊ ပို့ဆောင်၊ တင်သွင်း၊ ထုတ်လုပ်ခြင်းများအပေါ် ဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

YC

----------------------------------------------------------------

ပုဂ္ဂလိကဘဏ်များတွင်လယ်ယာမြေများပေါင်နှံခွင့်ပေးမည်

နိုင်ငံတော်အစိုးရမှ အသိအမှတ်ပြုထားသည့် ပုဂ္ဂလိကဘဏ် ၁၇ ခုတွင် လာမည့် ဧပြီလ ၁ ရက်နေ့မှ စတင်ကာ လယ်ယာမြေများ ပေါင်နှံနိုင်တော့မည်ဖြစ်ကြောင်းကို မြန်မာနိုင်ငံတောင်သူလယ်သမားအသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းကပြောကြားကြောင်းသိရသည်။

လယ်ယာမြေများကိုပေါင်နှံရာတွင် ဘဏ်များမှထုတ်ချေးပေးနိုင်သည့် ငွေကြေးပမာဏကိုသတ်မှတ် ထုတ်ပြန်ခြင်း မပြုလုပ်ရသေးသော်လည်း တစ်ဧကလျှင် ကျပ်ငွေ သုံးသိန်းမှ ငါးသိန်းအထိ ထုတ်ချေးပေးရန် မြန်မာနိုင်ငံတောင်သူလယ်သမားအသင်းမှ တင်ပြထားကြောင်း၊ ဘဏ်များတွင် လယ် ပေါင်နှံခွင့်ရသည့်အတွက် စိုက်ပျိုးစရိတ် ချေးငွေများ ပြန်ဆပ်ရမည့်အချိန်တွင် စပါးများကိုစုပုံရောင်းချရသည့်အဖြစ်များမှ ကင်းဝေးနိုင်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ယခုကဲသို့လယ်ယာမြေများပေါင်နှံခွင့်ပေးခြင်းသည် လယ်သမားများအတွင်းစိုက်ပျိုးရေးနှင့် ပတ်သက်သည့် အခက်အခဲများကို ဖြေရှင်းသည့်ကိစ္စရပ်များထဲမှ တစ်ခုသာဖြစ်နိုင်ကြောင်း၊ စိုက်ပျိုးရေးစရိတ်အတွက် ငွေချေးပေးသော်လည်း စပါးနှင့်သီးနှံဈေးကျပါက စိုက်ပျိုးရေးစရိတ်ရှုံးနိုင်သည့်အတွက် အစိုးရအနေဖြင့် အာမခံဈေးနှုန်းများ သက်မှတ်ပေးသင့်ကြောင်းကို လယ်ယာလုပ်ကိုင်နေသူ တောင်သူတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် လယ်ယာမြေမှတ်ပုံတင်ခြင်းကိစ္စများကိုမတ်လ ၃၁ရက်နေ့ နောက်ဆုံးထားကာ ဆောင်ရွက်ပေးမည်ဖြစ်ပြီးမှတ်ပုံတင်ထားသည့် လယ်ယာမြေများသည် ဧပြီလ ၁ ရက်နေ့မှ စတင်ကာဘဏ်များတွင် ပေါင်နှံနိုင်ကြောင်းသိရသည်။

YC

------------------------------------------------------------------------------

ကြိုးနီစနစ်ဆန်သည့် အကောက်ခွန်ဦးစီးဌာန၏ လာဘ်စားမှုများအား Eleven Media Group တိုင်ကြား

photo credit - internet

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနလက်အောက်တွင်ရှိသော အကောက်ခွန်ဦးစီးဌာနရှိ အကြီးအကဲပုဂ္ဂိုလ်အချို့၏ လာဘ်ပေးလာဘ်ယူ ပြုလုပ်မှုများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးပေးရန် Eleven Media Group ၏ ညီနောင်မီဒီယာတစ်ခုဖြစ်သော Eleven Trading မှ လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းထံသို့ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် တိုင်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါတိုင်ကြားစာတွင် အကောက်ခွန်ဦးစီးဌာန၏ ဌာနတွင်းလုပ်ဆောင်မှုများမှာ ယခင်အစိုးရလက်ထက်ကတည်းကကဲ့သို့ပင် ကြိုးနီစနစ် ဆန်သည့်အတွက် လာဘ်ပေးလာဘ်ယူမှုများကို ဖြစ်ပေါ်စေခဲ့ကြောင်းသိရသည်။ ထိုသို့ ဌာနတွင်းလာဘ်ပေးလာဘ်ယူမှုများကြောင့် အခွန်ထမ်းပြည်သူများ အနေဖြင့် အခက်အခဲ၊ ဖိစီးမှုများကိုတွေ့ကြုံခံစားခဲ့ရသည့်အပြင် အစိုးရမှ ဝန်ကြီးဌာနများ၏ လာဘ်ပေးလာဘ်ယူမှုများကို အရေးယူ ဆောင်ရွက်ခဲ့သော်လည်း ဌာနတွင်းလုပ်ထုံးလုပ်နည်းများကြောင့် အောက်ခြေမှစ၍ အထက်အဆင့်ဆင့်ထိတိုင် လာဘ်ပေးလာဘ်ယူမှုများမှာ လျော့ပါးသွားခြင်းမရှိကြောင်း သိရသည်။

ထို့ကြောင့် အကောက်ခွန်ဦးစီးဌာနရှိ အကြီးအကဲအချို့နှင့်ဝန်ထမ်းများ၏ လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်ရာတွင် တာဝန်အရှိဆုံးပုဂ္ဂိုလ်များဖြစ်သော ညွှန်ကြားရေးမှူးချုပ်နှင့် သက်ဆိုင်ရာညွှန်ကြားရေးမှူးများ၊ တာဝန်အရှိဆုံးပုဂ္ဂိုလ်များကိုကော်မတီမှ စုံစမ်းစစ်ဆေး ပေးရန် Eleven Trading မှ တိုင်ကြားခဲ့ကြောင်းသိရသည်။

ထို့ပြင် လက်ရှိအကောက်ခွန်ဦးစီးဌာနသည် လာဘ်ပေးလာဘ်ယူမှုနှင့် အဂတိလိုက်စားမှုအများဆုံးဝန်ကြီးဌာနအဖြစ် ပြည်သူများအကြား ကျော်ကြားလျက်ရှိပြီး အကောက်ခွန်ဦးစီးဌာန၏ ထိပ်ပိုင်းတာဝန်ရှိသူများ၏ တရားဝင်လစာနှင့် ၎င်းတို့၏ လက်ရှိပိုင်ဆိုင်မှုများကို စစ်ဆေးပါက လာဘ်ပေးလာဘ်ယူအဂတိလိုက်စားမှုများကို သိရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။

YC

 ----------------------------------------------------------------

ချင်းပြည်နယ် မြွေတောင်၊ ဖားတောင်တွင် သတ္တုစီမံကိန်းများပွင်လင်းမြင်သာရန်လိုအပ်

photo credit - internet

သတ္တုတူးဖော်ရေးလုပ်ငန်းများလုပ်ကိုင်ရန်စီမံထားသည့် ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် တည်ရှိသည့် မြွေတောင်နှင့် ဖားတောင်တိုတွင် သတ္တုတူးဖော်ရေးလုပ်ငန်းများ လုပ်ဆောင်ရာ၌ ပွင့်လင်းမြင်သာမှုရှိရန်နှင့် တူဖော်ရေးလုပ်ငန်းများ လုပ်ဆာင်ရွက်ရာတွင် နိုင်ငံတကာ စံချိန်စံညွှန်းအတိုင်း လုပ်ဆောင်သင့်ကြောင်း သောကနဒီစိမ်းလန်းစိုပြေရေးအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

မြွေတောင်နှင့် ဖားတောင်ကို ၁၉၇၂ ခုနှစ်တွင် ဂျာမနီမှ ပညာရှင်နှစ်ဦးက ကွင်းဆင်းလေ့လာရာ၌ ပလက်တီနမ်၊ ခရိုမီနီယံအပြင် အနက်ပိုင်း နေရာများတွင် ယူရေနီယမ်သတ္တုများပင်ရှိကြောင်း၊ သက်တမ်းနုနယ်သည့်အတွက် တူးဖော်ရန်မဖြစ်နိုင်သေးကြောင်း၊ သိုသော် ၎င်းတို့ကွယ်လွန်ခါနီး ချိန်တွင် သတ္တုများမရှိပါဟု ပြန်လည်ပြောကြားသွားကြောင်းကို အထက်ချင်းတွင်းဒေသလူငယ်များကွန်ယက်အဖွဲ့ဝင် ချင်းတိုင်းရင်းသားပညာရှင် ဒေါက်တာဗန်ဆွန်းက ပြောကြားသည်။

လက်ပံတောင်းတောင်စီမံကိန်းတွင် ဖြစ်ပွားသည့်ပြသာနာများကဲ့သို့ မဖြစ်စေရန်အတွက် မြွေတောင်၊ ဖားတောင်နှင့် ကဘော်လွင်ပြင် စောင့်ကြည့်ရေးအဖွဲ့ကို ဇန်နဝါရီလ ၁၀ ရက်နေ့၌ ကလေးမြို့ ဘုန်းတော်ကြီးကျောင်း လူမှုရေးပရဟိတအသင်းအဖွဲ့များ၊ အထက်ချင်းတွင်းလူငယ် ကွန်ရက်များနှင့် နိုင်ငံရေးအဖွဲ့များစုပေါင်း၍ ဖွဲ့စည်းခဲ့ကြောင်းသိရသည်။

အဆိုပါအဖွဲ့အနေဖြင့် စီမံကိန်းနှင့် နီးကပ်သောနေရာဒေသများသို့သွားရောက်ပြီး ဖြစ်ပေါ်လာနိုင်သည့် ကောင်းကျိုး၊ ဆိုးကျိုးများနှင့် သဘာဝ ပတ်ဝန်းကျင်နှင့် ပတ်သက်သည့် ဗဟုသုတများကို အသေးစိတ်ဆွေးနွေး ဟောပြောသွားမည်ဖြစ်ကြောင်းသိရသည်။

 

                                                                                                                                                    YC

----------------------------------------------------------------

အင်းအားသုံးသောင်းရှိ ဝ တပ်မတော်ကိုတရုတ်မှလက်နက်ရောင်းကြောင်းငြင်းဆို

တရုတ်-မြန်မာနယ်စပ်တွင်တည်ရှိပြီး မြန်မာနိုင်ငံတွင် တပ်ဖွဲ့ဝင်အင်အားသုံးသောင်းခန့်ရှိသည့် ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ကို တရုတ်နိုင်ငံမှ ခေတ်မှီလက်နက်များရောင်းချနေသည်ဟု သတင်းများအပေါ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဇန်နဝါရီလ ၂၇ ၇က်နေ့တွင် သတင်းထုတ်ပြန်ကာ ငြင်းဆိုလိုက်သည်။

လုံခြုံရေးဆိုင်ရာ လေ့လာစောင့်ကြည့်ရေးအဖွဲ့ဖြစ်သည့် Jane’s Intelligence Review ၏ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ပြန်ချက်ကို တရုတ်နိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အချာအာဏာကိုလေးစားပါကြောင်း        ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်သို့ လက်နက်ရောင်းချခြင်း ဟူသည့် ရေးသားဖော်ပြမှုသည် အခြေအမြစ်မရှိ၍ မှန်ကန်မှုမရှိကြောင်းတရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

Jane’s Intelligence Review ၏ အစီရင်ခံစာတွင် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်အတွက် တရုတ် နိုင်ငံမှရောင်းချရာတွင် ခေတ်မီလက်နက်များဖြစ်သည့် မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များ၊ တင့်ကားဖျက်လက်နက်များ၊ တင့်ကား ၁၂ စီးလည်းပါဝင်ကြောင်း သိရသည်။ အဆိုပါ အစီရင်ခံစာကိုရေးသားသူ Anthony Davis က တရုတ်နိုင်ငံမှ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်သို့ လက်နက်ရောင်းချမှုသည် မြင့်တက်လာကြောင်းကို ၎င်းကဆက်လက် ပြောကြားသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပြည်တွင်းပဋိပက္ခများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရန် တိုက်တွန်းကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် လည်း မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဆွေးနွေးမှုကို တက်ကြွစွာ အကူအညီပေးခဲ့ကြောင်းသတင်းထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

Jane’s Intelligence Review ၏ အစီရင်ခံစာနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သော်လည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ဇန်နဝါရီလ ၂၇ ရက်နေတွင်အခြေအမြစ်မရှိသည့် သတင်းအဖြစ် ငြင်းဆိုကာ ပြန်လည်တုန့်ပြန်ခဲ့သည်။

YC

*************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment