Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2013 (2)
Document yangonchronicle 2013 (2)

Snapshot of the item below:
yangonchronicle 2013 (2)

*

*

၂၈.၁.၂၀၁၃

ဘာသာပြန်သတင်းများ (၂)

  1. မြန်မာနိုင်ငံ၏ ပြောင်းလဲမှုအတွက် နောက်ထပ်လက္ခဏာများ

(27 Jan 2013 ရက်စွဲပါ VOA News မှခေါင်းကြီးပိုင်းဖြစ်သော Further signs of change in Burma ကိုဘာသာပြန်ဆိုသည်)

  1. အဘယ့်ကြောင့် ကချင်ပြည်နယ်မှ ပဋိပက္ခသည် မြန်မာနိုင်ငံမှ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေရသနည်း

(24 Jan 2013 ရက်စွဲပါ CNN မှ Hilary Whiteman ရေးသားသော “Why Kachin Conflict threaten Myanmar Peace” သတင်းကို ဘာသာပြန်ပါသည်။)

***************************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံ၏ ပြောင်းလဲမှုအတွက် နောက်ထပ်လက္ခဏာများ

(27 Jan 2013 ရက်စွဲပါ VOA News မှခေါင်းကြီးပိုင်းဖြစ်သော Further signs of change in Burma ကိုဘာသာပြန်ဆိုသည်)

နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC) သည် မြန်မာအစိုးရအာဏာပိုင်များနှင့် ဆွေးနွေးပြီးနောက် မြန်မာနိုင်ငံရှိ ထောာင်များသို့ သွားရောက်ရေး ဆက်လက်လုပ်ကိုင်မည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။

မြန်မာနိုင်ငံမှ စစ်အစိုးရသည် ကန့်သတ်ချက်များချမှတ်ခဲ့ခြင်းကြောင့် ICRC ဝန်ထမ်းများသည် ၂၀၀၅ ခုနှစ်မှစ၍ ထောင်များသို့သွားရောက်၍ နိုင်ငံရေးအကျဉ်းသားများနှင့် အခြားအကျဉ်းသားများအား ကြည့်ရှုနိုင်ခြင်းမရှိတော့ပေ။ အမေရိကန်ပြည်ထောင်စုအနေဖြင့် ICRC ၏ ကြေညာချက်ကို ကြိုဆိုလိုက်ပါသည်။ အဆိုပါ ကြေညာချက်သည် မြန်မာနိုင်ငံ၏ ပြုပြင်ပြေင်းလဲရေးကြိုးပမ်းမှုများအတွက် အရေးကြီးသောတိုးတက်မှုကိုထင်ပာပ်ပါသည်။

ICRC သည် ဂျီနီဗာကွန်ဗင့်ရှင်းကိုအခြေခံ၍ လုပ်ဆောင်သည့်အဖွဲ့ဖြစ်ပြီးတစ်ခါတစ်ရံအကျဉ်းသားများနှင့် ၎င်းတို့၏မိသားစုများကြားတွင် တစ်ခုတည်းသော ဆက်သွယ်ရေးလမ်းကြောင်းအဖြစ် တာဝန်ထမ်းဆောင်ပါသည်။ ယခု၎င်းတို့၏ထောင်များသို့သွားရောက် လည်ပတ်သောအစီအစဉ်ကို ပြန်လည်စတင်တော့မည်ဖြစ်ရာ ICRC ဝန်ထမ်းများသည် ထောင်များနှင့် အလုပ်ကြမ်းစခန်းများရှိထောင်သားများနှင့် ပုံမှန်တွေ့ဆုံနိုင်မည်ဖြစ်ပြီး ၎င်းတို့၏ ကျန်းမာရေးနှင့် အခြေအနေတို့ကိုသိရှိနိုင်ပြီးဆေးဝါးများနှင့် အခြားပစ္စည်းများထောက်ပံ့နိုင်မည်ဖြစ်ပါသည်။ ICRC ခေါင်းဆောင်များသည် မြန်မာအစိုးရက ၎င်းတို့အားထောင်များသို့ အကန့်အသတ်မထားဘဲ သွားရောက်ခွင့်ပေးခဲ့ခြင်းကို ချီးကျူးခဲ့ပြီး သမ္မတဦးသိန်းစိန်နှင့် အခြားတာဝန်ရှိသူ များအပေါ် အပေါင်းလက္ခဏာဆောင်သော စိတ်ထားများအတွက်လည်း ချီးကျူးခဲ့ပါသည်။ ထို့အပြင် မြန်မာအစိုးရသည် ICRC အားပဋိပက္ခကြောင့် ထိခိုက်မှုများရှိသော ဒေသများသို့လည်း သွားရောက်ခွင့်ပြုရန် ကတိပေးခဲ့ပါသည်။

အဆိုပါ သဘောတူညီချက်မှာ မြန်မာနိုင်ငံက နိုင်ငံရေးအရဆန့်ကျင်သူများကို နှိပ်ကွပ်ရန်ထုတ်ပြန်ထားသော တင်းကြပ်သည့် ဥပဒေကို ပယ်ဖျက်ကြောင်း ကြေညာခဲ့ပြီးနောက်ဖြစ်ပါသည်။ အဆိုပါဥပဒေအရ အစိုးရအားဆန့်ကျင်ပြောကြားသူ (သို့မပာုတ်) ရေးသားသူများသည် ထောင်ဒဏ် အနှစ်(၂၀)ထိ အပြစ်ပေးခံရနိုင်ပါသည်။

အမေရိကန်ပြည်ထောင်စုသည် အလားတူဖိနှိပ်သည့်မူဝါဒဥပဒေများကို ပြင်ဆင်ရန်(သို့)ပယ်ဖျက်ရန်ကဲ့သို့သော နိုင်ငံရေးအရ၊ ဥပဒေအရ ပြုပြင်ပြောင်းလဲမှုများကို အစဉ်အားပေးခဲ့ပါသည်။ ကျွနိုပ်တို့သည် မြန်မာနိုင်ငံတွင် ပိုမိုပွင့်လင်းမြင်သာသော၊ ဒီမိုကရေစီနည်းကျသော၊ ပွင့်လင်းသော လူ့အဖွဲ့အစည်းဖြစ်ရေးတို့အတွက် မြန်မာအစိုးရနှင့်လည်းကောင်း၊ လူထုအခြေပြုအဖွဲ့အစည်းများဖြင့်လည်းကောင်း ဆက်လက်၍ အတူလက်တွဲလုပ်ကိုင်သွားမည်ဖြစ်ပါသည်။

                                ---------------------------------------------------------------------------------------------------

အဘယ့်ကြောင့် ကချင်ပြည်နယ်မှ ပဋိပက္ခသည် မြန်မာနိုင်ငံမှ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေရသနည်း

(24 Jan 2013 ရက်စွဲပါ CNN မှ Hilary Whiteman ရေးသားသော “Why Kachin Conflict threaten Myanmar Peace” သတင်းကို ဘာသာပြန်ပါသည်။)

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် အစိုးရတပ်သည် ပဋိပက္ခတွင် ဆက်လက်တိုက်ခိုက်နေခြင်းကြောင့် တိုက်ခိုက်မှုများရပ်ဆိုင်းမည်ဟု အစိုးရ၏ ကတိကဝတ်နှင့် ဝိရောဓိဖြစ်နေသည့် သဘောရှိပါသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့တွင် အစိုးရက အပစ်အခတ်ရပ်စဲရန် ကျေညာခဲ့ပြီးနောက် ရက်များတွင် ကချင်ပြည်နယ် လိုင်ဇာအနီးဝန်းကျင်တွင် အစိုးရတပ်များနှင့် ကေအိုင်အေကြား တိုက်ပွဲများရှိကြောင်း သတင်းများထွက်ပေါ်လာခဲ့ပါသည်။

မြန်မာအစိုးရက ၎င်း၏တပ်များကို မိမိကိုယ်ကိုခုခံကာကွယ်ရန်သာ ပစ်ခတ်ရန်ညွှန်ကြားထားသည်ဟု ပြောပါသည်။ သို့သော် ကေအိုင်အေ၏ နိုင်ငံရေးအဖွဲ့ဖြစ်သော ကေအိုင်အိုက ၎င်းတို့တိုက်ခိုက်ခံနေရဆဲဟု ဆိုပါသည်။

လိုင်ဇာသည် ကေအိုင်အို နှင့် ကေအိုင်အေ တို့၏ ဌာနချုပ်ဖြစ်ပါသည်။ လိုင်ဇာတွင် လူဦးရေ နှစ်သောင်းခန့်ရှိပြီး၊ အနီးဝန်းကျင်တွင် ထောင်ပေါင်းများစွာသော ဒုက္ခသည်များသည် ယာယီတဲများနှင့် နေထိုင် နေကြရသည်ဟု လူ့အခွင့်အရေးအုပ်စုများနှင့် အခြားသတင်းများအရ သိရှိရပါသည်။

“လိုင်ဇာမှာနေတဲ့သူတွေကတော့ ထွက်ပြေးဖို့အဆင်သင့်လုပ်ထားကြပါတယ်။ နေ့တိုင်းဗုံးသံတွေ သေနတ်သံတွေ ကြားနေရပါတယ်။ အစိုးရက ထိုးစစ်ရပ်ပါပြီလို့ ပြောနေပေမယ့် အမှန်ကတော့ မရပ်သေးပါဘူး”  ဟု ကချင်အမျိုးသမီးအဖွဲ့အစည်းမှ ညှိနှိုင်းရေးမှူး Moon Nay Li က CNN သို့ အင်္ဂါနေ့ကပြောပါသည်။

၎င်းအနေဖြင့် ထိုင်းနိုင်ငံတွင် အခြေစိုက်သည်ဟုဆိုသော်လည်း လိုင်ဇာမှ လူများနှင့် စကားပြော ရကြောင်း ၎င်းတို့သည် ဗုံးခိုကျင်းများတူး၍နေရကြောင်း စစ်ပွဲရပ်ဆိုင်းရန် ပျင်းပြသောဆန္ဒများ ရှိနေကြောင်း ဆိုပါသည်။

အဘယ့်ကြောင့် တိုက်ပွဲများ ပြင်းထန်လာရသနည်း

ဇန်နဝါရီလ ၁၈ ရက်နေ့က ကျေညာချက်တွင် မြန်မာအစိုးရက ဖော်ပြထားရာတွင် KIO/KIA ပစ်မှတ်များကို တိကျစွာ ထိမှန်စေရေးအတွက် လေကြောင်းအကူအညီရယူရကြောင်း၊ လိုင်ဇာအနီးမှ တပ်များကို ရိက္ခာပေးပို့သော ကားတန်းများအား တိုက်ခိုက်ခံရသောကြောင့် ဖြစ်ကြောင်း ပြောပါသည်။ ကျေညာချက်တွင် KIA ကလမ်းများ၊ တံတားများအား ဖောက်ခွဲဖျက်ဆီးခဲ့မှုနှင့် အရပ်သားများကို ကချင်တပ်ထဲသို့ ခန့်ထားမှု များနှင့် ပတ်သက်၍ စွပ်စွဲမှုများပြုလုပ်ထားပါသည်။

အစိုးရက မိမိကိုယ်ကို ကာကွယ်ရန်ဟု အကြောင်းပြသော်လည်း ကချင်များအပေါ် တိုက်ပွဲအရှိန်မြင့်လာရခြင်းမှာ အနာဂတ်တွင် ငြိမ်းချမ်းရေးဆွေးနွေးရာ၌ သြဇာပိုမိုရရှိရန် ကြိုးစားခြင်း ဖြစ်နိုင်ကြောင်း Human Rights Watch (HRW) မှ အကြံပေး Mattthew Smith က ပြောကြားခဲ့ပါသည်။

“ပြီးခဲ့တဲ့ ရက်သတ္တပတ်များအတွင်း အစိုးရက တိုက်ခိုက်ခဲ့တဲ့နေရာတွေဟာ လိုင်ဇာကိုကာကွယ်ဖို့ မဟာဗျူဟာကျတဲ့ နေရာတွေဖြစ်နေတယ် ဆိုတာ တွေ့ရပါတယ်။” ဟု Smith ပြောပါသည်။

အချိန်မည်မျှကြာကြာတိုက်နေဦးမှာလဲ

မြန်မာစစ်တပ်နှင့် ကေအိုင်အေတို့သည် ၂၀၁၁ ခုနှစ် ဇွန်လတွင် ပစ်ခတ်မှုများ စတင်ခဲ့ပြီး၊ ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲထားမှု ရပ်ဆိုင်းသွားခဲ့ပါသည်။ ကေအိုင်အို ခေါင်းဆောင်များသည် ၎င်းတို့အား ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ခွင့်မပြုခဲ့ချိန်မှ စ၍ တင်းမာမှုများ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း Smith က ပြောပါသည်။

၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် မြန်မာစစ်တပ်သည် စစ်ရေးအရ အဓိကကျသော ထိုးစစ်ကို စတင်ခဲ့ရာ ကေအိုင်အေ ကလည်း တံတားများ မိုင်းခွဲခြင်း၊ မိုင်းထောင်ခြင်းနှင့် စစ်တပ်ကားတန်းများကို ခြုံခို တိုက်ခိုက်ခြင်းများနှင့် တုံ့ပြန်ခဲ့သည်ဟု Smith ၏ အစီရင်ခံစာအရ သိရှိရပါသည်။

ထိုစဉ်က နှစ်ဖက်စလုံးသည် တာပိန်မြစ်ပေါ်တွင် ဆောက်လုပ်ထားသော ရေအားလျှပ်စစ် စီမံကိန်းကို ထိန်းချုပ်နိုင်ရန် တိုက်ခိုက်ကြခြင်း ဖြစ်သည်ဟု တချို့ကဆိုကြပါသည်။

သို့သော် တင်းမာမှုဖြစ်ရခြင်းသည် ဆည်များကြောင့်သာမဟုတ်ဟု Smith ကပြောပါသည်။ ကချင် ပြည်နယ်တွင် ဖားကန့်၌ ကမ္ဘာပေါ်တွင် တန်ဖိုးရှိသော ကျောက်စိမ်းတွင်းများအပါအဝင် တန်ဖိုးရှိသော သတ္တု များရှိနေပါသည်။ တရုတ်နိုင်ငံသို့သွားသော ရေနံနှင့် ဓါတ်ငွေ့ပိုက်လိုင်းကလည်း ကချင်ပြည်နယ်ကို ဖြတ်သန်း သွားပါသည်။

ကမ္ဘာကမည်သို့တုန့်ပြန်သနည်း

ကချင်ပြည်နယ်မှ တိုက်ပွဲအရှိန်မြင့်လာသောသတင်းများကြောင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို စိတ်ဝင်စားစွာ စောင့်ကြည့်နေသော နိုင်ငံတကာအသိုင်းအဝိုင်းက စိုးရိမ်ပူပန်မှုများ မြင့်တက်လျှက်ရှိပါသည်။

“ပြင်းထန်တဲ့တိုက်ပွဲတွေတိုးလာတာဟာ ကျွန်မတို့ကို ကြီးစွာ ဒုက္ခဖြစ်စေပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး Victoria Nuland က ဇန်နဝါရီလ အစောပိုင်းက ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ပါသည်။

နောက်ပိုင်းတွင် တရုတ်ကလည်း တရုတ်နယ်စပ် ၅၀၀ မီတာအတွင်း ဇန်နဝါရီလ ၁၅ ရက်နေ့က ဗုံးတစ်လုံးကျရောက်အပြီးတွင် နှစ်ဖက်စလုံးတက်နိုင်သမျှထိန်းချုပ်ကြရန် တိုက်တွန်းခဲ့ပါသည်။ “တွေ့ဆုံ ဆွေးနွေးခြင်းသည်သာ မှန်ကန်သော ဖြေရှင်းနည်း ဖြစ်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ နှစ်ဖက်စလုံးက အပစ်အခတ်ရပ်ပြီး စတင်ဆွေးနွေးဖို့ ကြိုးပမ်းလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် Hang Lei ကဇန်နဝါရီလ ၂၂ ရက်နေ့ကပြောကြားခဲ့ပါသည်။

ကုလသမဂ္ဂကလည်း သမ္မတဦးသိန်းစိန် ဇန်နဝါရီလ ၁၉ ရက်နေ့က ကြေညာသော အပစ်အခတ်ရပ်စဲမှု ကို ကြိုဆိုခဲ့ပါသည်။ သို့သော် အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံအတွက် အထူးအကြံပေး Vijay Nambiar ကပြောကြားရာတွင် မြန်မာနိုင်ငံလက်ရှိရရှိထားသော နိုင်ငံတကာနှင့်အပေါင်းလက္ခဏာဆောင်သော အခြေအနေကို ပြောင်းပြန်ဖြစ်စေမည့် သို့မဟုတ် ပြုပြင်ပြောင်းလဲမှုလမ်းကြောင်းကို အားနည်းစေမည့် တင်းမာမှုအသစ်များ ထပ်မံမဖြစ်ပွါးရန် လိုလားကြောင်းပြောပါသည်။

အစိုးရငြိမ်းချမ်းရေးအတွက် မည်သို့ဂတိများပြုခဲ့သနည်း

သမ္မတဦးသိန်းစိန်သည် တိုက်ပွဲများရပ်ဆိုင်းရန် လိုလားကြောင်းထပ်မံပြောကြားခဲ့ပါသည်။ “ကျွန်တော်ဟာ တပ်မတော်နဲ့ တခြားပတ်သက်တဲ့ အစိုးရအေဂျင်စီတွေကို ငြိမ်းချမ်းစွာအဖြေရှာရေး ကြိုးစားကြဖို့ ညွှန်ကြားထားပါတယ်” ဟု ဇန်နဝါရီလ ၂၁ ရက်နေ့ကကျင်းပသော မြန်မာနိုင်ငံ၏ ပထမဆုံးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်တွင် ၎င်းကပြောကြားခဲ့ပါသည်။

ကေအိုင်အို အနေဖြင့်လည်း ထိုနည်း၎င်းတုန့်ပြန်ရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းက အကြံပြု ပြောကြားခဲ့ပါသည်။

ကေအိုင်အိုသည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မရသေးသည့် တစ်ခုတည်းသော အဖွဲ့ဖြစ်ပြီး အခြားတိုင်းရင်းသား အုပ်စုများနှင့် ဆွေးနွေးမှုများ စတင်တော့မည်ဖြစ်ရာ ကေအိုင်အေ အားပါဝင်ရန် ၎င်းက ထပ်မံဖိတ်ကြားခဲ့ပါသည်။

“ကျွန်တော့် အစိုးရဟာ အပစ်အခတ်ရပ်စဲမှုမှသည် ထာဝရငြိမ်းချမ်းရေးရသည်အထိလိုအပ်တဲ့ လုပ်ဆောင်မှုတွေ ဆက်လက်လုပ်သွားမှာပါ” ဟု ၎င်းကပြောပါသည်။ “အပစ်အခတ်ရပ်စဲတဲ့အုပ်စုတွေနဲ့ ပြည်တွင်း အိုးမဲ့ အိမ်မဲ့ ဖြစ်ရသူတွေအတွက် လူမှုစီးပွားအခြေအနေတိုးတက်စေမယ့် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးဖို့ရာ အလွန်အရေးကြီးပါတယ်” ဟု ဆိုပါသည်။

တိုက်ပွဲများကြောင်းအရပ်သားများ မည်သို့ထိခိုက်ရသနည်း

၂၀၁၁ ဇွန်လမှ စ၍ဖြစ်ပွားသော တိုက်ပွဲများကြောင့် ကချင်လူမျိုးများ ထောင်သောင်းချီ၍ ဒုက္ခရောက်ရကြောင်း HRW ၏ အဆိုအရသိရှိရပါသည်။

နောက်ဆုံးခန့်မှန်းချက်များအရ (၉၀၀၀၀) ကျော်နေအိမ်များကို စွန့်ခွာထွက်ပြေးရကြောင်း သိရှိရပါသည်။ သို့သော် ကိန်းဂဏန်းအတိအကျ ရရှိရေးအတွက် အစိုးရက ထိုဒေသသို့ သွားရောက်ရေးကို ကန့်သတ်ချက်များပြုလုပ်ထားသောကြောင့်  အတည်ပြုရန်ခက်ပါသည်။

အစိုးရ၏ အကန့်အသတ်ကြောင့် အကူအညီလိုအပ်နေသော ဒုက္ခသည်များအတွက် အကူအညီပေးရေး အေဂျင်စီများက စိုးရိမ်နေရပါသည်။

“အစိုးရက လုံခြုံရေးအခြေအနေအရ ထိုဒေသတွေကို သွားခွင့်မပြုတာလို့ဆိုပါတယ်” ဟု Medecines San Frontiere’s ၏ အာဆီယံကိုယ်စားလှယ် Maria Guevara ကဆိုပါသည်။ “ကျွန်မတို့ အချို့ဒေသတွေကို ဆေးဝါးတွေပို့ဖို့ ကြိုးစားဖူးတယ်။ ကျွန်မတို့ အသုံးပြုမယ့် လမ်းတွေက တိုက်ပွဲတွေဖြစ်လေ့ရှိတော့ ခက်ခဲနေပါတယ်။” ဟု ၎င်းကပြောပါသည်။

ထိုဒေသများသို့ လွတ်လပ်စွာ ကြားနေအဖြစ်သွားရောက်ခွင့်ပြုရန် ၎င်းက အစိုးရအား တောင်းဆို ခဲ့ပါသည်။

ရေရှည်အပစ်အခတ်ရပ်စဲရေးအတွက် မည်သည့်အခွင့်အလမ်းများရှိသနည်း

ကချင်ပြည်နယ်မှ ပြဿနာအတွက် လွယ်ကူသောဖြေရှင်းနည်းမရှိပေ ၁၉၆၀ ခုနှစ်များဆီက ကေအိုင်အိုနှင့် ကေအိုင်အေသည် ဗဟိုအစိုးရ၏ သြဇာလွှမ်းမိုးမှုကို ဆန့်ကျင်၍ ကချင်ပြည်သူများ၏ အကျိုးစီးပွားကို ကာကွယ်ရန် တည်ထောင်ခဲ့ခြင်းများကို ပြန်လည်စဉ်းစားရမည်ဖြစ်ပါသည်။

ကေအိုင်အိုသည် ကချင်ပြည်နယ်၏ နေရာအတော်များများကို အုပ်ချုပ်ရေးဆိုင်ရာ ထိန်းချုပ်မှုများ ပြုလုပ်ထားပြီး ဆေရုံ၊ စာကြည့်တိုက်၊ သတင်းစာ၊ ရုပ်မြင်သံကြား၊ ရဲ၊ ဆရာအတက်သင်ကျောင်း၊ ကျောင်းများ၊ စသည်ဖြင့် ဖြည့်ဆည်းပေးထားကြောင်း Free Kachin Campaign Website ၏ အဆိုအရ သိရှိရပါသည်။

ယခု နောက်ဆုံး တိုက်ပွဲများသည် အစိုးရနှင့် ကချင်များအကြား ဝိဝါဒ ကွဲစရာများ ပိုမိုနက်ရှိုင်းခဲ့ရသည် ဟု HRW ကပြောပါသည်။ အခြားတိုင်းရင်းသားအုပ်စုများနှင့်ပါ ပြဿနာတက်နိုင်သည့် ခြိမ်းခြောက်မှုများရှိလာပါသည်။

“ကချင်ပြည်နယ်မှာ ကချင်လူမျိုးစု တစ်ခုလုံးက မြန်မာအစိုးရအပေါ် ခါးခါးသီးသီး မုန်းနေပါ တယ်။ ဒါဟာ အလေးအနက်ထားရမယ့် ပြဿနာဖြစ်ပါတယ်။ ကချင်မှာတင်မဟုတ်ဘူး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေကြတဲ့ အခြားတိုင်းရင်းသားတွေလည်း ဒီသဘောထားပါပဲ။ ဒီမုန်းတီးမှုဟာ တိုင်းပြည်ရဲ့ရေရှည် ငြိမ်းချမ်းမှုမှာ အလေးအနက်ထားရမယ့် ပြဿနာဖြစ်လာနိုင်ပါတယ်” ဟု ၎င်းကပြောပါသည်။

***************************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment