Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2013
Document yangonchronicle 2013

Snapshot of the item below:
yangonchronicle 2013

 

*

*

၃၀.၁.၂၀၁၃

နေ့စဉ်ထုတ်သတင်းလွှာ

  1. မြန်မာရဲများ ကုလငြိမ်းချမ်းရေး တပ်တွင်တာဝန်ထမ်းဆောင်ရန် ဘာသာစကား လိုအပ်ချက်သည် အဓိက အတားအဆီးဖြစ်
  2. သမ္မတမှ အရပ်ဘက်အဖွဲ့များ ဖွဲ့ရန် အားပေးသ်ာလည်း တောင်သူလယ်သမားအသင်း ဖွဲ့ခွင့်မရ
  3. ဆင်းရဲမှုလျှော့ချရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များထံမှ တိုင်းဒေသကြီးအစိုးရက ငွေချေးထားရ
  4. KNU ထိပ်သီးအပြောင်းအလဲတွင် မြေမြှုပ်မိုင်းရှင်းလင်းရေး ကြန့်ကြာဖွယ်ရှိ

***********************************************************************************

နေ့စဉ်ထုတ်သတင်းလွှာ

မြန်မာရဲများ ကုလငြိမ်းချမ်းရေးတပ်တွင် တာဝန်ထမ်းဆောင်ရန် ဘာသာစကား လိုအပ်ချက်သည် အဓိကအတား အဆီးဖြစ်

photo credit - internet

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကို ကုလသမဂ္ဂ လက်အောက်ရှိ ငြိမ်းချမ်းရေးတပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်ရန် အတွက် ဖိတ်ခေါ်ခဲ့သော်လည်း အင်္ဂလိပ် ဘာသာစကားအပြင် ကုလသမဂ္ဂ ရုံးသုံးဘာသာ စကားတစ်ခုကိုပါ ထပ်မံ တက်မြောက်ရမည် ဆိုသော အချက်သည် အဓိကအတားအဆီး ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲ တပ်ဖွဲ့စီမံရေးနှင့် လေ့ကျင့်ရေးညွှန်ကြားရေးမှူး ရဲမှူးကြီး ဦးဝင်းခေါင်က ပြောကြားကြောင်း သိရသည်။

ထိုသို့ ငြိမ်းချမ်းရေး တပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်ရန်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များကို လွတ်လပ်ရေး ရပြီး နောက်ပိုင်းတွင် ခေါ်ယူမှုများ ရှိခဲ့ သော်လည်း ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် နောက်ပိုင်းတွင် ခေါ်ယူခြင်းမရှိပဲ ယခု ပြန်လည် ခေါ်ယူကမ်းလှမ်းလာကြောင်း ၎င်းက ဆက်လက် ပြောကြား သည်။

မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးရေးကိစ္စများ ဆောင်ရွက်ရန်အတွက် လေကြောင်း၊ ရေကြောင်း၊ ကမ္ဘာလှည့် ခရီးသည် ကူညီစောင့်ရှောက်ရေး၊ အမြန်လမ်းနှင့် ယဉ်ထိန်းရဲ စသည့်တပ်ဖွဲ့များကို အသစ် ထပ်မံဖွဲ့စည်းရန် စီစဉ်ထားကာ အမြန်လမ်းနှင့် လေကြောင်းရဲတပ်ဖွဲ့များကို ဖွဲ့စည်းထားပြီးဖြစ် ကြောင်းသိရသည်။

ယခုလက်ရှိ မြန်မာနိုင်ငံတွင် မှုခင်းနှင့် သတင်းရဲတပ်ဖွဲ့များအပါအဝင် ရဲတပ်ဖွဲ တစ်ဆယ့်ငါးဖွဲ့ ရှိကာ အင်အား တစ်သိန်း ဝန်းကျင်ခန့်ရှိပြီး ထပ်မံ တိုးချဲ့ဖွဲ့စည်းမည်ဆိုပါက ရဲတပ်ဖွဲ့အင်အား တစ်သိန်းနှစ်သောင်းခန့်တိုးချဲ့လာ နိုင်ကြောင်းသိရသည်။

YC

---------------------------------------------------------------------

သမ္မတမှ အရပ်ဘက်အဖွဲ့များ ဖွဲ့ရန် အားပေးသ်ာလည်း တောင်သူလယ်သမားအသင်း ဖွဲ့ခွင့်မရ

 

Photo:Ministry of Agriculture and Irrigation

နိုင်ငံတော်သမ္မတ အနေဖြင့် အရပ်ဘက်လူအဖွဲ့အစည်းများ ဖွဲ့စည်းရန်အားပေးနေချိန်တွင် တောင်သူလယ်သမား  အသင်းဖွဲ့ရန်အတွက် လုပ်ထုံး လုပ်နည်းအရ နောက်ဆုံးအဆင့်တွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆယ်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်မှ လက်မှတ်ရေးထိုးပေးခြင်း မရှိ သည့်အတွက် ဖွဲ့စည်းခွင့်မရကြောင်းကို မြန်မာနိုင်ငံ တောင်သူလယ်သမားများအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်း ကပြောကြားသည်။

အဆိုပါအသင်းအနေဖြင့် တောင်သူလယ်သမားများ၏ အကျိုးအတွက် ငွေကြေးနှင့် နည်းပညာများကို အမှန်တကယ် ကူညီလုပ်ဆောင်ပေးမည် ဆိုပါက ထောက်ခံအားပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က တုံပြန်ပြောကြားသည်။ သို့သော် ဝန်ကြီးအနေဖြင့် တောင်သူလယ်သမား များစုစည်း တွေ့ဆုံမိပါက နိုင်ငံရေးလှုပ်ရှားမှု ဖြစ်မှာစိုးရိမ်သည့်အတွက် ထောက်ခံချက်မပေးခြင်းဖြစ်သည်ဟု တောင်သူလယ်သမား အသိုင်းအဝိုင်းမှ ထင်မြင်ချက် ပေးကြသည်။

အဆိုပါဝန်ကြီးအနေဖြင့် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ဓနုဖြူမြို့နယ်ရှိ တောင်သူလယ်သမားများနှင့် တွေဆုံရာတွင် တောင်သူလယ်သမားများ အနေဖြင့် ယခင်ရှိရင်းစွဲ အကြွေးများ မြန်မြန်ကျေအောင် ဆပ်နိုင်ရန်အတွက် ထမင်းတနပ် လျော့စားသင့်ကြောင်း အကြံပြု ပြောကြားမှုများနှင့် ပတ်သက်၍ ဝိုင်းဝန်း ဝေဖန်ခြင်းခံရသည်။

နိုင်ငံတော် သမ္မတ၏ အရပ်ဘက်လူအဖွဲ့အစည်းများ၏ အရေးပါမှုအပေါ် ထားရှိသည့် သဘောထားနှင့် ပတ်သက်၍ဝန်ကြီး၏ လုပ်ဆောင်မှု သည် ဆန့်ကျင်ဘက် ဖြစ်နေကြောင်းအဖွဲ့ ဖွဲ့စည်းခြင်းကို ထောက်ခံမှုမပြုသော်လည်း မိမိတို့အဖွဲ့သည် ဒီမိုကရေစီနည်းကျ ဖွဲ့စည်းထားသည် ဖြစ်သည့် အတွက် တောင်သူလယ်သမားများ၏ အကျိုးကို ဥပဒေနှင့် အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသင်း၏ ကြေငြာချက်တွင် ဖော်ပြထားသည်။

အသင်းဖွဲ့စည်းရန်မှတ်ပုံတင် ခွင့်ပြုချက်မရသေးသော်လည်း အဆိုပါအသင်းတွင် မြို့နယ်နှစ်ရာကျော်မှ တောင်သူလယ်သမား နှစ်သိန်းကျော် အသင်းဝင်အဖြစ် လျောက်လွှာတင်ထားကြောင်းသိရသည်။

YC

--------------------------------------------------------------------------

ဆင်းရဲမှုလျှော့ချရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များထံမှ တိုင်းဒေသကြီးအစိုးရက ငွေချေးထားရ

နိုင်ငံတော်မှ ဆောင်ရွက်လျှက်ရှိသော ဆင်းရဲနွမ်းပါးမှု လျှော့ချရေးစီမံကိန်းအတွက် အသေးစားငွေချေး လုပ်ငန်းများနှင့် အခြားသော အစီအမံများ အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရသည် စီးပွားရေး လုပ်ငန်းရှင်များထံမှ ငွေချေးယူခြင်းဖြင့် အကူအညီရယူထားကြောင်းသိရသည်။

ဆင်းရဲမွဲတေမှု လျှော့ချရေးလုပ်ငန်း အကောင်အထည်ဖော်ရာတွင် လိုအပ်သော ငွေကြေးကို စီးပွားရေး လုပ်ငန်းရှင်များမှ ထုတ်ချေးပေးရန် ဝန်ကြီးချုပ်က မေတ္တာရပ်ခံကြောင်း၊ ထိုသို့ ချေးပေးရခြင်းအတွက် စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း အကျိုးအမြတ်အနေဖြင့် အတိုး ၁ ကျပ်ခွဲနှုန်းရရှိ ကြောင်း၊ အဆိုပါ ချေးငွေများအား ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသေးစား စီးပွားရေးလုပ်ကိုင်သူများထံ အတိုး ၂ ကျပ်ခွဲနှုန်းဖြင့် ဝိုင်းကြီးချုပ်စနစ်ဖြင့် ပြန်လည်ထုတ်ချေးပေးကြောင်း သိရသည်။

ယင်းဆင်းရဲနွမ်းပါးမှု လျှော့ချရေးတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဖွဲ့စည်းထားသော အသေးစားလုပ်ငန်း ချေးငွေကော်မတီအပြင် အလုပ်အကိုင်ရှာဖွေဖန်တီးရေးကော်မတီကိုပါ ဖွဲ့စည်းထား ကြောင်း၊ အသေးစားလုပ်ငန်း ချေးငွေကော်မတီအနေဖြင့် ရန်ကုန်မြို့ပေါ်ရှိ ရပ်ကွက်များမှ အသေးစား လုပ်ငန်းများအပြင် ခေါင်းရွက်ဗျတ်ထိုးဈေးသည်များနှင့် တွံတေး၊ တိုက်ကြီး၊ လှည်းကူးမြို့နယ်များရှိ တနိုင်တပိုင် စီးပွားရေး လုပ်ငန်းငယ်များ ကိုပါထုတ်ချေးပေးကြောင်း သိရသည်။

YC

--------------------------------------------------------------------------------------

KNU ထိပ်သီးအပြောင်းအလဲတွင် မြေမြှုပ်မိုင်းရှင်းလင်းရေး ကြန့်ကြာဖွယ်ရှိ

photo credit - internet

မြေမြှုပ်မိုင်းရှင်းသည့် အဖွဲ့များနှင့် စာချုပ် စာတမ်းများ စီစဉ်ပြီးဖြစ်သော်လည်း KNU ထိပ်သီးအပြောင်း အလဲများကြောင့် မိုင်းရှင်းလင်းရေး လုပ်ငန်းများ ကြန့်ကြာဖွယ်ရှိသည်ဟု သိရသည်။

KNU ရွေးကောက်ပွဲများမှာ ယခုမှ ပြီးကာစ အခြေအနေဖြစ်ပြီး အချို့ပြောင်းလဲသွားသော နေရာများတွင် ပြန်ဖြည့်ရမည့်ကိစ္စများ ဆောင်ရွက်ပြီးမှ သာမိုင်းရှင်းလင်းရေး လုပ်ငန်းကို ဆက်လက်ဆွေးနွေးရမည် ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။

ကရင်၊ ကယား၊ ကချင်၊ မွန်၊ ရခိုင်၊ ပဲခူးနှင့် တနင်္သာရီတိုင်းဒေသတို့တွင် အနည်းဆုံး မြို့နယ် ၄ ခု၌ မြေမြှုပ်မိုင်းအပါအဝင် မိုင်းအန္တရာယ်များ ရှိနေပြီး ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းအရှေ့ဘက်ခြမ်းဒေသများတွင် မိုင်းအန္တရာယ်အများဆုံးဖြစ်ကြောင်း မြေမြှုပ်မိုင်းအသုံးပြုမှု စောင့်ကြည့်လေ့လာရေး အဖွဲ့၏ ၂၀၁၂ ခုနှစ်အစီရင် ခံစာတွင် ဖော်ပြထားသည်။

ထို့ကြောင့် အပစ်အခတ် ရပ်စဲရေး အတော်အသင့် ခိုင်မာလာပြီဖြစ်သော ကရင်နှင့် ပဲခူးတိုင်း ဒေသကြီးတို့တွင် မိုင်းရှင်းလင်းရေး ဆောလျင်စွာ ပြုလုပ်ရမည် ဖြစ်သည်ဟု NGO များကသုံးသပ်ကြောင်း သိရသည်။ ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် အတွင်းရှိ KNU ထိန်းချုပ်နယ်မြေကိုစစ် ပြေးဒုက္ခသည်များ ပြန်လည်နေရာ ချထားရန်အတွက် ရည်ရွယ်ကာ မိုင်းရှင်းလင်းရေးပြုလုပ်ရန် KNU နှင့် နော်ဝေအဖွဲ့အစည်းတစ်ခုဖြစ်သော NPA တို့ ဆွေးနွေး သဘောတူထားပြီး ယခု KNU ခေါင်းဆောင်ပိုင်း အပြောင်းအလဲကြောင့် အနည်းငယ် နှောင့်နှေးဖွယ်ရှိသွားခြင်းဖြစ်ကြောင်း သိရသည်။

သမ္မတဦးသိန်းစိန်က နော်ဝေနှင့် လူဇင်ဘတ်နိုင်ငံများမှ အစိုးရကိုယ်စားလှယ်များနှင့်တွေ့ဆုံရာတွင် မိုင်းရှင်းလင်းရေးနှင့် ပတ်သက်၍ အကူ အညီများ တောင်းထားခဲ့ပြီး Myanmar Peace Center လက်အောက်တွင် မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်အတွက် Myanmar Mine Action Center ကိုဖွဲ့စည်းထားကာ မြေမြှုပ်မိုင်းရှင်းလင်းရေးစံညွှန်းတစ်ရပ်ရေးဆွဲနေသည်ဟု သိရသည်။

YC

*************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment