Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2013
Document yangonchronicle 2013

Snapshot of the item below:
yangonchronicle 2013

 

*

*

၃.၂.၂၀၁၃

နေ့စဉ်ထုတ်သတင်းလွှာ

  1. အစိုးရစီမံကိန်းများ ဆက်လုပ်သင့် မလုပ်သင့်ကို လွှတ်တော်ကော်မတီများ ပြန်လည်ဆန်းစစ်ရန် သူရ ဦးရွှေမန်းတိုက်တွန်း
  2. ပဋိပက္ခဖြစ်ပွားရာနေရာများတွင် ဈေးကွက်လွယ်သော ဘိန်းစိုက်ပျိုးခြင်းကိုသာ ပိုမိုလုပ်ဆောင်
  3. ထိုင်းနိုင်ငံတွင် အကျဉ်းကျခံလျှက်ရှိကြသည့် မြန်မာနိုင်ငံသားများအတွက် နှစ်နိုင်ငံညှိနှိုင်းဆောင်ရွက်ရန်လို
  4. နိုင်ငံသားစိစစ်ရေးကတ်ပြားများအဆင့်မြှင့်ရန် ပြည်တွင်းပြည်ပ ကုမ္ပဏီများ ကမ်းလှမ်း

***********************************************************************************

နေ့စဉ်ထုတ်သတင်းလွှာ

အစိုးရစီမံကိန်းများ ဆက်လုပ်သင့် မလုပ်သင့်ကို လွှတ်တော်ကော်မတီများ ပြန်လည်ဆန်းစစ်ရန် သူရ ဦးရွှေမန်းတိုက်တွန်း

photo credit - internet

ယခုကျင်းပနေဆဲဖြစ်သော ပြည်သူ့လွှတ်တော် (၁၁) ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းက အစိုးရစီမံကိန်းများနှင့် ပတ်သက်ပြီး လုပ်ဆောင်နေဆဲစီမံကိန်းများဆိုပါက ဆက်လက် လုပ်ဆောင်နိုင်ရန် အခက်အခဲနှင့် အကျိုးဖြစ်ထွန်းမှု၊ စတင်မလုပ်ဆောင်ရသေးသော စီမံကိန်းများအတွက် လုပ်သင့် မလုပ်သင့် ဆိုသည်များကို သက်ဆိုင်ရာလွှတ်တော်ကော်မတီများအနေဖြင့် မိမိတို့နယ်ပယ်အတွင်းရှိ စီမံကိန်းများအား ပြန်လည်ဆန်းစစ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

မလှိုင်မြို့နယ် မဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးအေးမောက်က သူဋ္ဌေးရေအားလျှပ်စစ်စီမံကိန်း ပြီးစီးမည့် အချိန်နှင့် လျှပ်စစ်ဓာတ်အားကို မည်သည့်အချိန်တွင် ထုတ်ယူနိုင်မည်ကို သိလိုကြောင်း မေးမြန်းချက်အား လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်ဇော်က ၂၀၁၈ - ၂၀၁၉ ခုနှစ်မှ ပြီးစီးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့မှုအပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ၂၀၀၄ ခုနှစ်က စတင်သော ယင်းစီမံကိန်းသည် ယခု ၂၀၁၃ တွင် ၉ နှစ်ပင်ရှိပြီဖြစ်သော်လည်း ၂၃ ရာခိုင်နှုန်းသာ ပြီးစီးသေးကြောင်း၊ ယင်းကို ဆက်လက် လုပ်ဆောင်လျှင်လည်း ယခုအစိုးရသက်တမ်းအလွန် ၂၀၁၈ မှ ပြီးစီးမည်ဆိုခြင်းမှာ စဉ်းစားဖွယ်ရာဖြစ်ကြောင်း၊ ယခုကာလမှာ ပြည်ထောင်စုလွှတ်တော်ကို ပြည်ထောင်စုအစိုးရက တင်သွင်းသော စီမံကိန်း၊ ဘတ်ဂျက် သို့မဟုတ် ရသုံးမှန်းခြေနှင့် အခွန်ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ပေးရန် ကာလဖြစ်သည့်အတွက် သက်ဆိုင်ရာကော်မတီများအနေဖြင့် စီမံကိန်းများကို စီစစ်ပေးရန် သင့်တော်သော အချိန်ကာလဖြစ်ကြောင်း ပြောကြားသည်။

စီမံကိန်းများမှာ ပြည်သူများ၏ငွေကြေးကို အရင်းတည်၍ လုပ်ဆောင်ရသောကြောင့် ယင်းစီမံကိန်းများမှာ ပြည်သူနှင့် နိုင်ငံကို အကျိုးရှိစေရန် လိုအပ်ကြောင်း၊ ထို့ကြောင့် စီမံကိန်းများ ပြီးစီးသင့်သောအချိန်တွင် ပြီးစီးရန် လွှတ်တော်ကော်မတီများ၏ အကြံပြုမှု၊ ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်ကြောင်းကိုလည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အလေးအနက်ထားကာ ပြောကြားသွားခဲ့သည်။

                                                                                                     YC

-------------------------------------------------------------------------------------

ပဋိပက္ခဖြစ်ပွားရာနေရာများတွင် ဈေးကွက်လွယ်သော ဘိန်းစိုက်ပျိုးခြင်းကိုသာ ပိုမိုလုပ်ဆောင်

photo credit - internet

မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှုလျှော့ချရေးလုပ်ငန်းများကို စီမံကိန်းရေးဆွဲလုပ်ဆောင်နေသော်လည်း ပဋိပက္ခဖြစ်ပွားရာ ဒေသများ၌ တရားဥပဒေ စိုးမိုးရေး အားနည်းသောကြောင့် စီးပွားရေးသမားများ၏ အမြတ်ထုတ်ဆောင်ရွက်မှုများဖြစ်ပေါ်လာကာ ဈေးကွက်လွယ်သော ဘိန်းစိုက်ပျိုးခြင်းလုပ်ငန်းများ မြင့်တက်လာကြောင်းသိရသည်။

ယခင်က ဘိန်းအစား ပန်း၊ ဂျုံ စသည်တို့ကို စိုက်ပျိုးကြသော်လည်း ယခု နယ်မြေမတည်ငြိမ်မှုများ ဖြစ်ပေါ်သောအခါ ဈေးကွက်လွယ်လွယ်ကူကူ ရနိုင်သော ဘိန်းကိုသာပြန်လည်စိုက်ပျိုးကြခြင်းဖြစ်ကြောင်း၊ ဘိန်းသာမက အခြားသော ဓာတုမူးယစ်ဆေဝါးပစ္စည်းများလည်း နယ်စပ်မှ ဝင်လာကြကြောင်း၊ ဘိန်းစိုက်တောင်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းနှင့် ဈေးကွက်ရှာဖွေပေးရန် အရေးကြီးလာပြီ ဖြစ်ကြောင်း သိရသည်။

လက်ရှိပြည်တွင်းဘိန်းစိုက်ပျိုးမှု မြင့်တက်လာခြင်းမှာ နိုင်ငံတကာ စီးပွားရေးပိတ်ဆို့မှုများအပြင် ဝင်ငွေအခွင့်အလမ်းနည်းပါးခြင်းများကြောင့် ဖြစ်သည်။ ထို့ပြင် ပဋိပက္ခဖြစ်နေသော ဒေသများအတွက် စားဝတ်နေရေးဖြေရှင်းရန်မှာ ဘိန်းသည် အဓိကထွက်ပေါက်တစ်ခုဖြစ်နေပြီး ဘိန်းခင်းများကို အစိုးရမှ ဖျက်ဆီးပစ်သော်လည်း ထပ်စိုက်နေကြခြင်းများရှိနေသဖြင့် အကျိုးမရှိဖြစ်နေသည်။

ပဋိပက္ခရှိနေသရွေ့ ဘိန်းစိုက်ပျိုးမှုများ ရှိနေမည်ဖြစ်ပြီး ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးဆောင်ရွက်ရာတွင် တိုင်းရင်းသားအဖွဲ့အစည်းများ အမှန်တကယ် ပူးပေါင်းပါဝင်လာကာ နယ်မြေတည်ငြိမ်အေးချမ်းမှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။

၂၀၁၂ ခုနှစ် ဘိန်းစိုက်ပျိုးမှုဆိုင်ရာ စစ်တမ်းများအရ အရှေ့တောင်အာရှနိုင်ငံများအနက် မြန်မာနိုင်ငံတွင် ဟတ်တာ ၅၁၀၀၀ (ငါးသောင်းတစ်ထောင်)၊ လာအိုတွင် ၆၈၀၀၊  ထိုင်းတွင် ၂၀၉ စိုက်ပျိုးထားကြောင်း ကုလသမဂ္ဂမှ သတင်းထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံရှိ ဟတ်တာ ၅၁၀၀၀ အနက် ၄၆၀၀ မှာ ရှမ်းပြည်နယ်တွင် စိုက်ပျိုးပြီး ကျန်ဧကများမှာ ကချင်၊ ကယားနှင့် မန္တလေးတို့တွင် စိုက်ပျိုးခြင်း ဖြစ်ကြောင်းသိရသည်။

                                                                                                      YC

--------------------------------------------------------------------------------------------

ထိုင်းနိုင်ငံတွင် အကျဉ်းကျခံလျှက်ရှိကြသည့် မြန်မာနိုင်ငံသားများအတွက် နှစ်နိုင်ငံညှိနှိုင်းဆောင်ရွက်ရန်လို

မြန်မာနိုင်ငံတွင် အစိုးရသစ်တက်လာပြီးနောက်ပိုင်း၌ နိုင်ငံရေးအကျဉ်းသားများအပြင် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်များ ပေးခဲ့သော်လည်း ထိုင်းနိုင်ငံရှိ မြန်မာအကျဉ်းသားများအတွက်မူ တစုံတရာ ထိရောက်သော ကူညီဆောင်ရွက်မှုများ မပြုလုပ်နိုင်သေးကြောင်း၊ ယင်း မြန်မာနိုင်ငံသားများအတွက် ထိရောက်သော အကှုအညီပေးမှုများကို မိမိနိုင်ငံ၏ ဥပဒေများနှင့် ညှိနှိုင်းကာ လုပ်ဆောင်သင့်ကြောင်း ကျွမ်းကျင်သူများအသိုင်းအဝိုင်းမှ သိရသည်။

အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံမှာ အကျဉ်းကျနေသော မြန်မာနိုင်ငံသား မည်မျှမှာ မည်သည့် ပြစ်မှုများဖြင့် မည်သို့သောပြစ်ဒဏ်များ ကျခံလျှက်ရှိသည်ကို နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှတဆင့် စုံးစမ်းရန်လိုအပ်ကြောင်း၊ ထိုင်းနိုင်ငံ၏ ဥပဒေအရ ကြီးလေးသော ပြစ်ဒဏ် ချမှတ်ခံထားရသည့် မြန်မာနိုင်ငံသားများအတွက် မြန်မာနိုင်ငံ၏ ဥပဒေများနှင့် ညှိနှိုင်းကာ လွှဲပြောင်း သင့်ကြောင်း၊ ဤသည်မှာ နိုင်ငံရေးအရလည်းကောင်း၊ သံတမန်ရေးအရလည်းကောင်း၊ လူမှုရေးအရ လည်းကောင်း ဆောင်ရွက်သင့်သည့် ကိစ္စပင်ဖြစ်ကြောင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေက ပြောကြားသည်ဟု သိရသည်။

ထိုင်းနိုင်ငံမှ မြန်မာအဖွဲ့အစည်းအချို့က ကောက်ယူထားသောစာရင်းများအရ လက်ရှိတွင် ထိုင်းနိုင်ငံ၌ အကျဉ်းကျခံနေရသော မြန်မာနိုင်ငံသား တစ်သောင်းကျော်ရှိသည့်အနက် ၂၀ ရာခိုင်နှုန်းမှာ အနှစ် ၃၀ မှ သေဒဏ်အထိ ချမှတ်ခံထားရသူများဖြစ်ပြီး အချို့မှာ ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ အဖမ်းခံရကာ ပြစ်ဒဏ်ခံနေရသူများဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ပြစ်ဒဏ်ကျပါက ထောင်ဒဏ် နှစ် ၃၀ မှ တစ်သက်တစ်ကျွန်းအထိဖြစ်ကာ မြန်မာလူမျိုးများမှာ ယင်းဥပဒေဖြင့် အမှန်တကယ် ပြစ်မှုကျူးလွန်ခြင်း မူးယစ်ဆေးဝါးသုံးစွဲခြင်း မရှိပါဘဲ အဖမ်းခံရသည်မျိုး ဖြစ်လေ့ဖြစ်ထရှိကြောင်း ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော အနုပညာရှင်တစ်ဦးက ပြောကြားကြောင်းသိရသည်။

                                                                                                    YC

--------------------------------------------------------------------------------------------

နိုင်ငံသားစိစစ်ရေးကတ်ပြားများအဆင့်မြှင့်ရန် ပြည်တွင်းပြည်ပ ကုမ္ပဏီများ ကမ်းလှမ်း

မြန်မာနိုင်ငံသားများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဇီဝလုံခြုံရေးစနစ်ဖြင့် အဆင့်မြှင့်တင်ရန် စီစဉ်လျှက်ရှိရာ ပြည်တွင်းပြည်ပ ကုမ္ပဏီများက လာရောက်ရင်းနှီးမြှုပ်နှံရန် ကမ်းလှမ်းမှုများရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ပြောကြားကြောင်းသိရသည်။

ထိုသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားအဆင့်မြှင့်တင်ရာတွင် စက်ပစ္စည်းနှင့် ကိရိယာပေါ်မူတည်၍ ဈေးကြီးမြင့်သွားမည်ဖြစ်သည်။ လက်ရှိမှတ်ပုံတင် ကိုင်ဆောင်ထားသူများကို လက်ရှိအတိုင်းထားမည်ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် မှတ်ပုံတင် ပျက်စီး၊ ပျောက်ဆုံးသွားသူများကို လုံခြုံမှုအဆင့်မြင့် မှတ်ပုံတင်ကတ်အသစ်များ ပြုလုပ်ပေးမည်ဖြစ်သည်။

အဓိကမှာ ပြည်သူလူထု ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မည်သည့် ကုမ္ပဏီအား ပေးမည်ကို လောလောဆယ်ပြော၍ မရသေးကြောင်း၊ ခေတ်စနစ်နှင့်ညီအောင် ဆောင်ရွက် သွားရန်အတွက် အချိန်အတိုင်းအတာတစ်ခုအထိ လိုအပ်ပြီး အခြေခံအချက်အလက်များ ပြန်လည်စိစစ် ထည့်သွင်းရေးမှာ အလွန်အချိန်ကြာမည့် လုပ်ငန်းစဉ်ဖြစ်ကြောင်းသိရသည်။

လက်ရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ရာတွင် သတ်မှတ်ထားသောငွေကြေးမှာ နည်းပါးပြီး နေ့ချင်းပြီးဆောင်ရွက်ပေးမည်ဟု ကြေညာထား သော်လည်း အမှန်တကယ်တွင် ပိုမိုကုန်ကျလျှက်ရှိကြောင်း၊ အဆင့်မြင့် မှတ်ပုံတင်ကတ်မှာ စရိတ်အလွန်မြင့်ပါက ပြည်သူများ အခက်အခဲဖြစ်နိုင်ကြောင်း ကိုလည်း အရှေ့ပိုင်းခရိုင်ရုံးမှ လဝကအရာရှိတစ်ဦးက ပြောကြားသည်။

                                                                                                                       YC

 *************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment