Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2013
Document yangonchronicle 2013

Snapshot of the item below:
yangonchronicle 2013

 

*

*

၎.၂.၂၀၁၃

နေ့စဉ်ထုတ်သတင်းလွှာ

  1. ပြည်သူ့လွှတ်တော်သို့တိုင်ကြားချက်များအား ထိရောက်စွာဖြေရှင်းနိုင်ခြင်းမရှိသေး
  2. အစိုးရနှင့် KIO ငြိမ်းချမ်းရေးဆွေးနွေးရန် တရုတ်ကြားဝင်မည်
  3. လယ်ယာမြေဥပဒေပါ အချက်များအား ချိုးဖောက်၍ နိုင်ငံတော်စီမံကိန်းများဆောင်ရွက်
  4. တရားရုံးများမထီမဲ့မြင်ပြုမှုဥပဒေကြမ်းတွင် ထောင်ဒဏ်ပြစ်ဒဏ်ကို ပယ်ဖျက်ပေးရန်အဆို ရှုံးနိမ့်
  5. ယာဉ်ထိန်းရဲတပ်ဖွဲ့များ တိုးချဲ့ဖွဲ့စည်းထားသော်လည်း ယာဉ်ကြောပိတ်ဆို့မှုများ သိသိသာသာ လျော့နည်းသွားခြင်း မရှိသေး

***********************************************************************************

နေ့စဉ်ထုတ်သတင်းလွှာ

ပြည်သူ့လွှတ်တော်သို့တိုင်ကြားချက်များအား ထိရောက်စွာဖြေရှင်းနိုင်ခြင်းမရှိသေး

ပြည်သူများ၏ အခက်အခဲ၊ ပြဿနာများအား ပြည်သူ့လွှတ်တော်သို့တိုင်ကြားထားသော်လည်း လက်ရှိအချိန်ထိတိုင် ပြည်သူ့လွှတ်တော်မှ ထိရောက်စွာဖြေရှင်းဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း ပြည်သူ့လွှတ်တော်တရားစီရင်းရေးဥက္ကဋ္ဌ သူရဦးအောင်ကိုက ဖေဖော်ဝါရီ ၂ ရက်နေ့တွင် UMFCCI ၌ ပြုလုပ်ကျင်းပသော တရားစီရင်ရေးဥပဒေရေးရာ ကော်မတီနှင့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ၊ ရှေ့နေများကွန်ရက်တို့၏ ဥပဒေရေးရာဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

ထိုသို့ ပြည်သူများ၏တိုင်ကြားချက်များအား ပြည်သူ့လွှတ်တော်မှထိရောက်စွာ ဖြေရှင်းပေးနိုင်ခြင်းမရှိသေးသော်လည်း တိုင်ကြားစာစုစုပေါင်း အစောင် ၃၀၀၀ခန့်အနက် ၁၀၀၀ ခန့်ကို လွှတ်တော်အရပ်ရပ်သို့ ပြန်လည်ပေးပို့ စီစစ်ထားကြောင်း သိရသည်။

လက်ရှိအချိန်တွင် ပြည်သူ့လွှတ်တော်သို့ပေးပို့လာသည့် ပြည်သူများ၏တိုင်ကြားချက်များကို တရားစီရင်ရေးကော်မတီနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် တရားဥပဒေစိုးမိုးရေးကော်မတီတို့က စီစစ်ဖြေရှင်းမှုများပြုလုပ်လျက်ရှိပြီး ပြည်သူ့လွှတ်တော်သို့ ပြည်သူများ အများဆုံးတိုင်ကြားမှုမှာ အဂတိလိုက်စားမှုနှင့်သက်ဆိုင်သော လာဘ်ပေးလာဘ်ယူမှုများပင်ဖြစ်ကြောင်း သိရသည်။

YC

------------------------------------------------------------------------------------------

အစိုးရနှင့် KIO ငြိမ်းချမ်းရေးဆွေးနွေးရန် တရုတ်ကြားဝင်မည်

လက်ရှိ ကချင်ပြည်နယ်အတွင်း ရင်ဆိုင်တိုက်ပွဲများဖြစ်ပွားလျက်ရှိသော အစိုးရတပ်မတော်နှင့် ကချင်လွတ် မြောက်ရေးအဖွဲ့(KIO)တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန် တရုတ်နိုင်ငံမှ သက်သေအနေဖြင့် လည်းကောင်း ကြားဝင်စေ့စပ်သည့်အနေဖြင့်လည်းကောင်း ကဏ္ဍနှစ်ရပ်တာဝန်ယူ၍ Third Party အဖြစ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

တပ်မတော်နှင့် KIO အကြားတိုက်ပွဲများရပ်တန့်ရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၈ နာရီတွင် စတင်ပြုလုပ်လျက်ရှိပြီး အဆိုပါ ဆွေးနွေးပွဲသို့ KIO ဘက်မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်၊ ဦးဆွမ်လွတ်ဂမ်၊ ဦးလဖိုင်လတို့နှင့် အရာရှိအချို့တက်ရောက်ခဲ့ပြီး အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ ဒုဥက္ကဋ္ဌ ဦးအောင်မင်း၊ ဦးအုန်းကြိုင်တို့တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အစိုးရ၏ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်(KIO)တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို 'ဝ'ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော်(UWSA) ဌာနချုပ် တည်ရှိရာ ပန်ဆန်းမြို့တွင်တွေ့ဆုံဆွေးနွေးရန် UWSA ၏ ဖိတ်ခေါ်မှုအား KIO နှင့် တပ်မတော် နှစ်ဘက်စလုံးမှ လက်ခံခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အစိုးရနှင့် ပြည်တွင်းတိုင်းရင်းသားလက်နက်ကိုင်(၁၁)ဖွဲ့အနက် (၁၀)ဖွဲ့နှင့် ငြိမ်းချမ်းရေးသဘောတူညီမှု ရရှိခဲ့ပြီးဖြစ်သော်လည်း ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)နှင့်မူ လက်ရှိအချိန်ထိတိုင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့တွင် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်တို့ တရုတ်နိုင်ငံ ရွှေလီမြို့တွင် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း နှစ်ဘက်စစ်ဦးစီးချုပ်များ မပါရှိမှုကြောင့် စစ်ရေးဆွေးနွေးမှု မပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

YC

-------------------------------------------------------------------------------------------------------

လယ်ယာမြေဥပဒေပါ အချက်များအား ချိုးဖောက်၍ နိုင်ငံတော်စီမံကိန်းများဆောင်ရွက်

မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်အချို့တွင် လယ်ယာမြေဥပဒေပါ အချက်များအား ချိုးဖောက်၍ နိုင်ငံတော်စီမံကိန်းများ ဆောင်ရွက်လျက် ရှိသည့်အပြင် နိုင်ငံတော်မှ ပြဋ္ဌာန်းထားသည့် လယ်ယာမြေဥပဒေပါအချက်များမှာလည်း လယ်သိမ်းခံတောင်သူများအတွက် အကျိုးခံစားခွင့်နည်းပါး လျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်စီမံကိန်းများဆောင်ရွက်ရန် သတ်မှတ်ထားသည့် မြေဧကထက် ပိုမိုလုပ်ကိုင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် လယ်ယာမြဥပဒေတွင် စီမံကိန်းလုပ်ဆောင်ရန် မြေနေရာများ သိမ်းယူပြီးပါက စီမံကိန်းပြီးစီး သွားသည့်အချိန်တွင် မူလပိုင်ရှင်ထံပြန်လည်ပေးအပ်ရမည်ပာု သတ်မှတ်ပြဋ္ဌာန်း ထားသော်လည်း လက်တွေ့တွင်မူ သတ်မှတ်မြေဧကထက် ပိုမိုရယူထားသည့် မြေဧကများကို မူလပိုင်ရှင်ထံသို့ ပြန်လည်ပေးအပ်ခြင်း မရှိကြောင်းသိရသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်းရှိ တောင်သူများအဆင်ပြေနိုင်စေရန် ယခင်တပ်မတော်အစိုးရလက်ထက်၌ အကြောင်းအမျိုးမျိုးပြ၍ တပ်မတော်မှ သိမ်းယူထားခဲ့သော လယ်မြေများအား သက်ဆိုင်ရာ လယ်သမားများထံ ပြန်ပေးသွားမည်ဖြစ်သည့်အပြင် လယ်သိမ်းခံတောင်သူများအဆင်ပြေနိုင်စေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်၏ စစ်ဆေးရေးကော်မတီဝင်တစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် တပ်မတော်မှိမ်းယူထားသည့် လယ်များပေါ်တွင် တောငသူများသီးစားချခြင်း၊ အကျိုးတူဆောင်ရွက်ခြင်းနှင့် ထွန်ယက် စိုက်ပျိုးခြင်းများမပြုလုပ်ရန် ကာကွယ်ရေးဝန်ကြီးဌာန ညွှန်ကြားထားသည့်အပြင် တပ်မတော်လယ်မြေများအပေါ် အဆိုပါကိစ္စများ လာရောက်ဆောင်ရွက် သည့် တောင်သူများကိုလည်း အရေးယူမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

                YC

-----------------------------------------------------------------------------------------------------------

တရားရုံးများမထီမဲ့မြင်ပြုမှုဥပဒေကြမ်းတွင် ထောင်ဒဏ်ပြစ်ဒဏ်ကို ပယ်ဖျက်ပေးရန်အဆို ရှုံးနိမ့်

photo credit - internet

တရားရုံးမထီမဲ့မြင်ပြုမှု ဥပဒေကြမ်းတွင် ပါဝင်သော ထောင်ဒဏ်ပြစ်ဒဏ်ကို ပယ်ဖျက်ပေးရန် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် တင်သွင်းသောအဆိုကို ဇန်နဝါရီ ၂၈ ရက်နေ့တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ရာ အောင်မြင်မှုမရရှိဘဲ ရှုံးနိမ့်ခဲ့သည်။

တရားရုံးမထီမဲ့မြင်ပြုမှု ဥပဒေကြမ်းကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် တင်သွင်းခဲ့ပြီး ဥပဒေကြမ်းကော်မတီ၏ လေ့လာတွေ့ရှိချက်အစီရင်ခံစာကို အောက်တိုဘာ ၂၂ ရက်နေ့က လွှတ်တော်တွင် ဖတ်ကြားတင်ပြကာ ပြင်ဆင်ချက်အဆိုများ တောင်းခံခဲ့ရာ ဦးသိန်းညွှန့်က အထက်ပါအတိုင်း အဆိုပြုတင်သွင်းခဲ့ခြင်းဖြစ်သည်။

မူလပြဋ္ဌာန်းချက်တွင် မည်သူမဆို တရားရုံးအား မထီမဲ့မြင်ပြုမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား  ၆ လထက်မပိုသော တရားမ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ပါရှိရာ ဦးသိန်းညွန့်က ၆ လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ဟူသော အချက်ကို ပယ်ဖျက်ပေးရန် ပြင်ဆင်ချက်တင်သွင်းခဲ့ခြင်းဖြစ်သည်။

ယင်းအဆိုအား ဆွေးနွေးအတည်ပြုရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက မတ်တပ်ရပ်စနစ်ဖြင့် မဲခွဲဆုံးဖြတ်ရာ ထောက်ခံသူနည်းပါးသဖြင့် အဆိုရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

တရားရုံးများမထီမဲ့မြင်ပြုမှု ဥပဒေမှာ ၁၉၂၆ ခုနှစ်က ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင်လည်း ဦးသိန်းညွန့်က ယင်းဥပဒေကို ပယ်ဖျက်ပေးရန်အဆိုကို တင်သွင်းခဲ့ပြီး ယင်းအဆိုမှာလည်း ရှုံးနိမ့်ခဲ့သည်။

                                                                                                                                        YC

----------------------------------------------------------------------------------------------------

ယာဉ်ထိန်းရဲတပ်ဖွဲ့များ တိုးချဲ့ဖွဲ့စည်းထားသော်လည်း ယာဉ်ကြောပိတ်ဆို့မှုများ သိသိသာသာ လျော့နည်းသွားခြင်း မရှိသေး

photo credit - internet

ရန်ကုန်မြို့ ယာဉ်ကြောရှုပ်ထွေးမှုများဖြေရှင်းရန်အတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့များကို တိုးချဲ့ဖွဲ့စည်းကာ လူစည်ကားသည့် လမ်းဆုံလမ်းခွနေရာ ၇ ခု တွင် စည်းကမ်းမဲ့ယာဉ်များအားအရေးယူခြင်း၊ ယာဉ်ကြောပိတ်ဆို့မှုများ ရှင်းလင်းဆောင်ရွက် ရေးများကို စီမံချက်ချကာ ပြုလုပ်လျှက်ရှိနေသော်လည်း ယာဉ်ကြောပိတ်ဆို့မှုများကို သိသာစွာ ရှင်းလင်းနိုင်ခြင်း မရှိကြောင်း သိရသည်။

ရန်ကုန်မြို့ထဲတွင် ယာဉ်ကြော အဓိကပိတ်ဆို့သည့်နေရာများတွင် ယာဉ်ထိန်းရဲများအင်အားသုံးကာ စည်းကမ်း ဖောက်ဖျက်သည့် ယာဉ်များအား စီမံချက်ဖြင့် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်လျှက်ရှိကြောင်း၊ လုပ်ဆောင်ပြီး ခဲ့သော စီမံချက်ကို ပြန်လည်သုံးသပ်ရမည်ဆိုပါက အောင်မြင်သည်ဟု ပြော၍မရကြောင်း၊ အနည်းငယ်အဆင်ပြေသွားသည်ဟု ပြောလျှင်ပိုမှန်မည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင် လွန်ခဲ့သည့်နှစ်အတွင်း ကားအစီးရေမှာ အဆမတန် ပိုမိုများပြားလာပြီး လမ်းများမှာလည်း လမ်းရှိသည့်အတိုင်း အပြည့်အဝအသုံးမပြုနိုင်သည်များကြောင့် ယာဉ်ကြောရှုပ်ထွေးပြီး ကျပ်နေခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်ဟု သိရသည်။

ရန်ကုန်မြို့ရှိ အကျယ်ဆုံး လမ်းမများမှာ ၆ လမ်းသွားသာဖြစ်ပြီး ယင်း ၆ လမ်းသွားများမှာလည်း ယာဉ်များရပ်ထားခြင်း၊ လမ်းပျက်စီးခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းအချို့ရှိနေခြင်းများကြောင့် ၄ လမ်းလောက်သာ အသုံးပြုနိုင်ကာ လမ်းစွမ်းရည်ကို အပြည့်အဝအသုံးမချနိုင်သော အခြေအနေရှိနေသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၁၉၆၈ ခုနှစ်က ယာဉ်အစီးရေ ၃၄၀၀၀ ခန့်သာ ရှိခဲ့ရာမှ ၂၀၁၁ ခုနှစ်တွင် ယာဉ်အစီးရေ နှစ်သိန်းကျော်ရှိပြီး လက်ရှိကာလတွင် အစီးရေ လေးသိန်းကျော်အထိရှိနေကြောင်း သိရသည်။

ကားအစီးရေများ တိုးလာသည်ဆိုသော်လည်း လက်ရှိရန်ကုန်မြို့လူဦးရေအနေအထားဖြင့်မူ မလုံလောက်သေးကြောင်း၊ စည်းကမ်းမဲ့မောင်းနှင် ကြသကဲ့သို့ လမ်းဘေးဈေးသည်များကြောင့်လည်း လမ်းပိတ်ဆို့မှုဖြစ်ပွားကြောင်း၊ အငှားကား များမှာလည်း စည်းကမ်းတကျမရပ်ကြသောကြောင့် ကားရပ်နားကွင်းများပြုလုပ်ပြီးလျှင်မူ လိုင်းကားများလည်း သူ့နေရာ နှင့်သူ စည်းကမ်းတကျရပ်နိုင်သွားမည်ဖြစ်သောကြောင့် အဆင်ပြေသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ငယာဉ်စည်းကမ်း လမ်းစည်းကမ်းထိန်းသိမ်းရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။

ထိုသို့လမ်းပေါ်တွင် ပါကင်ထိုးရပ်ထားသောကားများကြောင့် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ခြင်းကို အနည်းငယ် ပြေလည်စေရန် အခမဲ့ယာဉ်ရပ်နား စခန်းများကို ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ သိမ်ဖြူလမ်း၊ ဦးချစ်မောင်လမ်း၊ ဝေဇယန္တာလမ်း၊ ဦးဖိုးစိန်လမ်း စသည်တို့ကို ချဲ့ထွင်လျှက်ရှိရာ ၈၀ ရာခိုင်နှုန်းခန်း ပြီးစီးနေပြီဖြစ်ကြောင်းလည်း သိရသည်။

ယာဉ်ကြောပိတ်ဆို့မှုများမှာ ယခုနှစ်ပိုင်းတွင် အလွန်ဆိုးရွားသော ကိစ္စရပ်ကြီးတစ်ခုဖြစ်နေပြီး ရန်ကုန်မြို့နေ ပြည်သူများ၏ နေ့စဉ် လူနေမှုဘဝ အရည်အသွေးကို သွယ်ဝိုက်သောနည်းအားဖြင့် များစွာထိခိုက်လျှက်ရှိသော အနေ အထားတွင်ရှိနေသည်။ ယာဉ်ထိန်းရဲအဖွဲ့များ ပိုမိုတိုးတက်ခန့်ထားကာ ရနိုင်သလောက်သောနည်းလမ်းဖြင့် ယာဉ်ကြော ပိတ်ဆို့မှုအား ဖြေရှင်းလျှက်ရှိသော်လည်း အမှန်တကယ် ကားလမ်းကျပ်သော နေရာစုံသို့ ကာမိအောင် ဆောင်ရွက်နိုင်ခြင်းမရှိသေးဘဲ အခြားသော ကားလမ်းကျပ်ရခြင်းအကြောင်းတရားများကိုလည်း တပြိုင်နက်တည်း ဖြေရှင်းပေးရန် အတွက် ပြည်သူများက လိုလားနေကြသည်။

 YC

 *************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment