Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၇.၂.၂၀၁၃

ဘာသာပြန်သတင်းများ

  1. Standard Chartered Bank  မြန်မာနိုင်ငံတွင်ကိုယ်စားလှယ်ရုံး တရားဝင်ပြန်ဖွင့်

(7 February 2013 ရက်စွဲပါ Bernama မှ Stanchart Officially re-open representative office in Myanmar ကိုဘာသာပြန်ပါသည်)

  1. မဲခေါင်မြစ်အတွင်း တရုတ်-လာအို-မြန်မာ-ထိုင်း ပူးတွဲကင်းလှည့်ရေး အစီအစဉ်

(6 February 2013 ရက်စွဲပါ People’s daily online မှ Luo Zheng ရေးသားသော China-Laos-Myanmar-Thailand joint patrol on Mekong river ကို ဘာသာပြန်ပါသည်)

  1. မြန်မာနိုင်ငံမှ ကချင်ပြည်နယ်ငြိမ်းချမ်းရေးဆိုင်ရာ ပူးတွဲကြေညာချက်ကို ဘန်ကီမွန်းကြိုဆို

(Bernama News မှ 7 February 2013 ရက်စွဲပါ “Ban hails Joint statement on peace in Myanmar” သတင်းကို ဘာသာပြန်ဆိုပါသည်)

  1. မြန်မာနိုင်ငံတွင် မော်တော်ကားထုတ်လုပ်မှုကို Suzuki ပြန်စတော့မည်

(Japan Today မှ 7 feb 2013 ရက်စွဲပါ “Suzuki to resume auto production in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

***************************************************************

ဘာသာပြန်သတင်းများ

Standard Chartered Bank  မြန်မာနိုင်ငံတွင်ကိုယ်စားလှယ်ရုံး တရားဝင်ပြန်ဖွင့်

(7 February 2013 ရက်စွဲပါ Bernama မှ Stanchart Officially re-open representative office in Myanmar ကိုဘာသာပြန်ပါသည်)

Photo Credit by Online

Standard Chartered Bank (Stanchart) သည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ၎င်း၏ကိုယ်စားလှယ်ရုံးကို တရားဝင်ပြန်လည်ဖွင့်လှစ်ပြီး ဖြစ်ပါသည်။ အာဆီယံဈေးကွက်တွင် (၁၀) နိုင်ငံစလုံး၌ရှိသော တစ်ခုတည်းသောအဓိကနိုင်ငံတကာဘဏ်ဖြစ်ရန် လုပ်ဆောင်ခဲ့ပါသည်။

Stanchart က ၎င်း၏ထုတ်ပြန်ကြေညာချက်တွင် ငွေကြေးအဖွဲ့အစည်းများသည် မြန်မာနိုင်ငံကိုကမ္ဘာ့စီးပွားရေးအသိုင်းအဝိုင်းနှင့် ပြန်လည် ချိတ်ဆက်ရာတွင် အဓိကကျသောနေရာမှကူညီနိုင်သည်ဟု ဖော်ပြထားပါသည်။

“တိုင်းပြည်၏ကူးသန်းရောင်းဝယ်ရေးနှင့် သန်စွမ်းသောငွေကြေးကဏ္ဍဖြစ်ရန် ကြိုးပမ်းမှုများတွင် နည်းပညာအကူအညီပေးခြင်းဖြင့် အထောက် အကူပြုကြားခံပစ္စည်းအဖြစ် လုပ်ဆောင်ပေးနိုင်ပါသည်။” ဟု ဖော်ပြထားပါသည်။

အရှေ့တောင်အာရှဒေသတစ်လွှားတွင် ကုန်သွယ်မှုနှင့် စီးပွားရေးအောင်မြင်ရေးအတွက် တိုင်းပြည်တစ်ခုချင်း စီးပွားရေးကြီးပွားတိုးတက်မှုသည် မောင်းနှင်အားဖြစ်ကြောင်း အမှုဆောင်အရာရှိ Peter Sands က ပြောဆိုမှုကို ကြေညာချက်တွင် ကိုးကားဖော်ပြထားပါသည်။

“မြန်မာပြည်မှာကျွန်တော်တို့ရောက်ရှိလာခြင်းဟာတစ်ကမ္ဘာလုံးကကျွန်တော်တို့ရဲ့ဖောက်သည်ကွန်ယက်ကြီးကိုအခွင့်အလမ်းတွေချိတ်ဆက်မိ အောင် အကူအညီပေးနိုင်ရုံမက မြန်မာနိုင်ငံရဲ့ စဉ်ဆက်မပြတ် တိုးတက်ရေးကြိုးပမ်းမှုကို ဝင်ရောက်လုပ်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။” ဟု၎င်းက ဆိုပါသည်။

ကိုယ်စားလှယ်ရုံးသည် ဆူးလေဘုရားအနီး Centre point Tower တွင်ရှိကာ Tina Singhasacha က အုပ်ချုပ်ပါသည်။

Stanchart သည် ဈေးကွက် (၇၀) တွင် ရုံးပေါင်း (၁၇၀၀) ရှိခြင်းကြောင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ထူထောင်ထားခြင်းဖြင့် ၎င်း၏ နိုင်ငံတကာမှ ဖောက်သည်များ မြန်မာနိုင်ငံမှ အခွင့်အလမ်းများကို အသင့်ရယူနိုင်ရန် အထောက်အကူပြုမည် ဖြစ်ပါသည်။

----------------------------------------------------------------------------------------------

မဲခေါင်မြစ်အတွင်း တရုတ်-လာအို-မြန်မာ-ထိုင်း ပူးတွဲကင်းလှည့်ရေး အစီအစဉ်

(6 February 2013 ရက်စွဲပါ People’s daily online မှ Luo Zheng ရေးသားသော China-Laos-Myanmar-Thailand joint patrol on Mekong river ကို ဘာသာပြန်ပါသည်)

Photo Credit by People’s Daily Online

မဲခေါင်မြစ်သည် ကမ္ဘောဒီးယားတွင် ‘အမေ’ ဟု အဓိပ္ပါယ်ရပြီး (၂၁၃၉) ကီလိုမီတာ ရှည်လျားကာ အရှေ့တောင်အာရှတွင် အကြီးဆုံးမြစ် ဖြစ်ပါသည်။ သို့သော် ၂၀၁၁ ခုနှစ်အောက်တိုဘာ (၅) ရက်နေ့တွင် မြစ်အတွင်း၌ တရုတ်သဘောင်္သား (၁၃) ယောက် အသတ်ခံရသော ဝမ်းနည်းဖွယ် ဖြစ်ရပ်ကြုံတွေ့ခဲ့ရပါသည်။

စာရင်းဇယားများအရ မဲခေါင်မြစ်အတွင်း ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း တရုတ်ကုန်သွယ်သောသင်္ဘောများအပေါ် ပုံစံမျိုးစုံဖြင့်တိုက်ခိုက်မှု များ စုစုပေါင်း (၃၅) မှုခန့်ရှိရာ (၁၅) ဦးသေဆုံးပြီး၊ (၃၁) ဦး ဒဏ်ရာရရှိကာ စီးပွားရေးအရ ယွမ်တစ်သန်းကျော်ဆုံးရှုံးခဲ့ရပါသည်။

၂၀၁၁ အောက်တိုဘာ (၅) ရက် ဝမ်းနည်းဖွယ်ဖြစ်ရပ်ဖြစ်ပြီး (၆၆) ရက်အကြာတွင် တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့သည် ပူးတွဲ ကင်းလှည့်ရေးကို စတင်နိုင်ခဲ့ပါသည်။ “လုံခြုံရေးပုဂ္ဂိုလ်များ၏ တာဝန်ကဘာလဲ” ၊ “ပြီးခဲ့သည့်နှစ်အတွင်း မဲခေါင်မြစ်အတွင်းသို့ လုံခြုံရေးနှင့် ပတ်သက်၍ ဘာတွေတိုးတက်ခဲ့သလဲ” ဆိုသည့်မေးခွန်းများကို သိနိုင်ရန်၊ သတင်းထောက်သည် (၈) ကြိမ်မြောက်ကင်းလှည့်ခရီးစဉ်တွင် လိုက်ပါသတင်းယူခဲ့ပါသည်။

ကုန်သွယ်သည့်သင်္ဘောပေါ်သို့ လုံခြုံရေးတာဝန်ရှိသူများနှင့်တက်ရောက်ပြီး၊ သင်္ဘောကပ္ပတိန် Li Gang  နှင့် စကားပြောခဲ့ပါသည်။ ၂၀၁၁ အောက်တိုဘာ (၅) ရက်နေ့ကအဖြစ်အပျက်ကို ပြန်ပြောင်းပြောပြခဲ့ရာ ထိုအဖြစ်အပျက်ကြောင့် သုံးလခန့်အထိ မြစ်အတွင်းအလုပ်လုပ်ရန် ကြောက်နေ ခဲ့ ပြီး သင်္ဘောအား ရောင်းချပစ်ရန်အထိစိတ်ကူးခဲ့ကြောင်း ပြောပါသည်။ “အခုရောကြောက်သေးလား” ဟု သတင်းထောက် က မေးမြန်း ခဲ့ပါသည်။ Li Gang က ပြုံး၍ ပြောကြားရာတွင် “မကြောက်တော့ပါဘူး ပူးတွဲကင်းလှည့်တဲ့ သင်္ဘောတွေရှိတဲ့အတွက် လုံခြုံတယ်လို့ ခံစားရပါတယ်” ဟု ဆိုပါသည်။

မဲခေါင်မြစ်အတွင်း ပူးတွဲကင်းလှည့်ရေးစတင်လုပ်ဆောင်ပြီး ရက်အနည်းငယ်အကြာတွင် ၎င်းမြင်တွေ့ကြားသိရသည်များကို ပြောပြရာတွင် သတင်းထောက်တွင် ခံစားမှုမျိုးစုံဖြစ်ရပါသည်။ မဲခေါင်မြစ်အတွင်း ကင်းလှည့်ရခြင်းမှာ စစ်မက်ဖြစ်ပွားနေသောနေရာတွင် ငြိမ်းချမ်းရေးထိန်းသိမ်းရသော တာဝန်မျိုးမဟုတ်ပေ။ Aden ပင်လယ်ကွေ့အတွင်း ပင်လယ်ဓမြရန်မှ ကာကွယ်ရန်ရေကြောင်းစောင့်ရှောက်မှုပေးခြင်းမျိုးလည်း မဟုတ်ပေ။ သို့သော် ၎င်းသည် ကြီးမားသောကဏ္ဍမှ ပါဝင်နေပါသည်။ ဒေသတွင်း တည်ငြိမ်မှုကို စောင့်ရှောက်ခြင်း၊ မဲခေါင်မြစ်အတွင်းသွားလာနေသော သင်္ဘောများ၏ လုံခြုံရေးကိုအကာအကွယ်ပေးခြင်းနှင့် ထိုဒေသတွင်နေထိုင်သောလူအများ၏ လုံခြုံရေးကိုအကာအကွယ်ပေးခြင်းများကို တာဝန်ယူထားပါသည်။ အထက်ကဆိုခဲ့သော ငြိမ်းချမ်းရေးထိန်းသိမ်းမှုနှင့် ရေကြောင်းစောင့်ရှောက်မှုပေးခြင်းတို့ကဲ့သို့ပင် စွန့်စား၍ အန္တရာယ်များသော တာဝန်ယူရခြင်းရှိပါသည်။

-------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံမှ ကချင်ပြည်နယ်ငြိမ်းချမ်းရေးဆိုင်ရာ ပူးတွဲကြေညာချက်ကို ဘန်ကီမွန်းကြိုဆို

(Bernama News မှ 7 February 2013 ရက်စွဲပါ “Ban hails Joint statement on peace in Myanmar” သတင်းကို ဘာသာပြန်ဆိုပါသည်)

Photo Credit by Bernama News

မြန်မာအစိုးရနှင့်ကေအိုင်အေအဖွဲ့တို့၏ ငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်းသူများက ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ခြင်းကို ကုလအထွေထွေ အတွင်းရေးမှူးချုပ်ဘန်ကီမွန်းက ကြိုဆိုလိုက်ပြီး၊ ကချင်ပြည်နယ်တွင် စစ်မှန်သောစဉ်ဆက်မပြတ်ငြိမ်းချမ်းရေးရအောင် ဆက်လက်အားထုတ် ကြိုးပမ်းကြရန် သက်ဆိုင်ရာအုပ်စုများကို တိုက်တွန်းလိုက်ပါသည်။

“မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီနဲ့ကေအိုင်အေကိုယ်စားလှယ်အဖွဲ့ နှစ်ဖက်စလုံးက ကချင်ပြည်နယ်မှာအကြမ်းဖက် တိုက်ခိုက်မှုတွေလျှော့ချဖို့နဲ့ ဒီလိုလျှော့ချတာကိုအကဲခတ်စောင့်ကြည့်သွားကြဖို့အတွက် လုပ်ငန်းဆောင်တာအားလုံးကိုလုပ်ဆောင်သွားကြဖို့ သဘောတူ ညီခဲ့ကြတယ်လို့ ပူးတွဲကြေညာချက်ထုတ်ပြန်တာကို အထွေထွေအတွင်းရေးမှူးချုပ်က ကြိုဆိုလိုက်ပါတယ်။ ” ဟု ဘန်ကီမွန်း၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားကြောင်း Xinhua သတင်းဌာနက ကိုးကားထုတ်ပြန်ပါသည်။

နိုင်ငံရေးဒိုင်ယာလော့ဒ် ဆွေးနွေးရန်ပြင်ဆင်သည့်အနေဖြင့် ကေအိုင်အေကိုတိုက်ခိုက်မှုရပ်ဆိုင်းကြောင်း မြန်မာအစိုးရက ဇန်နဝါရီလ ၁၈ ရက်နေ့ တွင်ကြေညာပြီးနောက် ၁၇ ရက်အကြာတွင် တရုတ်နယ်စပ် ရွှေလီမြို့၌ မြန်မာအစိုးရနှင့်ကေအိုင်အေ နှစ်ဖက်စလုံး၏ ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

မြန်မာအစိုးရက လဂျားယန်နယ်မြေတွင် မိမိတပ်ဖွဲ့များတိုက်ခိုက်နေမှုကို ဇန်နဝါရီလ ၁၉ ရက်နေ့တွင် စတင်ရပ်ဆိုင်းကြောင်း ထုတ်ပြန်ကြေညာ ထားသည်။

မြန်မာအစိုးရက ကေအိုင်အေ ဌာနချုပ်အခြေစိုက် လိုင်ဇာမြို့ကို မသိမ်းဟု ပြောကြားထားသော်လည်း လိုင်ဇာမြို့အဝင်အထိ တပ်စွဲပိတ်ဆို့ထား သောကြောင့် လိုင်ဇာကို မြို့ပျက်ဖြစ်အောင် အဆက်ဖြတ်ထားခြင်းနှင့် အတူတူပင်ဖြစ်ကြောင်း နယ်စပ်မှစစ်ရေးအကဲခတ်များက မှတ်ချက်ပေးကြသည်။

အောက်တိုဘာလက နောက်ဆုံးဆွေးနွေးပွဲတွင် မြန်မာ့စစ်တပ်ဖက်မှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး ပါဝင်ခဲ့သော်လည်း ကေအိုင်အေဘက်မှ စစ်တပ်ကိုယ်စားလှယ် မတက်ရောက်သောကြောင့် ဆွေးနွေးမှုပျက်ပြားကာ တိုက်ပွဲများ ပြင်းထန်ခဲ့ခြင်းဖြစ်သည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် က ထုတ်ဖော်ပြောဆိုထားသည်။

ယခု နောက်ဆုံးအချီဆွေးနွေးပွဲတွင်မူ ကေအိုင်အေဖက်မှ ဗိုလ်ချုပ်ဂွမ်မော် ပါဝင်တက်ရောက်ခဲ့သော်လည်း မြန်မာစစ်တပ် (တပ်မတော်) ဖက်မှ အဆင့်မြှင့်ကိုယ်စားလှယ် တက်ရောက်ခြင်းမရှိဟု သိရှိရသည်။

--------------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံတွင် မော်တော်ကားထုတ်လုပ်မှုကို Suzuki ပြန်စတော့မည်

(Japan Today မှ 7 feb 2013 ရက်စွဲပါ “Suzuki to resume auto production in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

Photo Credit by Japan Today

ဂျပန်ကားထုတ်လုပ်သူ Suzuki က မြန်မာနိုင်ငံတွင် ထုတ်လုပ်မှုပြန်လည်စတင်တော့မည်ဟု ဗုဒ္ဓဟူးနေ့ကပြောကြားလိုက်ရာ တစ်ချိန်က တံခါးပိတ် မြန်မာဈေးကွက်သို့ ခြေချနေသည့် အာရှဒုတိယစီးပွားရေး အင်အားကြီးဂျပန်၏ နောက်ဆုံးခြေလှမ်းတစ်ခုပင် ဖြစ်ပါသည်။

အိန္ဒိယနိုင်ငံတွင် Marati Suzuki လုပ်ငန်းဖြင့် ကြီးကြီးမားမားအောင်မြင်မှုရနေသော ကားငယ်ထုတ်လုပ်သူ Suzuki (Myanmar) Motor ကို ပြန်လည်စတင်ရန်အတွက် ဒေါ်လာ၇ သန်းရင်းနှီးမြှုပ်နှံမည်ဟု ဆိုပါသည်။

၁၉၈၈ မှ ၂၀၁၀ အတွင်း မြန်မာအစိုးရနှင့် ဖက်စပ်လုပ်ကိုင်ခဲ့သော စက်ရုံတွင် မေလမှစ၍ ထုတ်လုပ်မှုပြန်လည်စတင်မည်ဟု Suzuki ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ထိုစက်ရုံကို ကန်ထရိုက်သက်တမ်းကုန်လွန်ချိန်တွင် ပိတ်ထားခဲ့သည်ဟု ဆိုသော်လည်း ထိုအချိန်တွင်သက်တမ်းတိုး သဘောတူညီချက်များ မရခဲ့ခြင်းနှင့် ပတ်သက်၍ ၎င်းကရှင်းလင်းခြင်း မပြုပါ။

ကနဦးတွင် ပြည်တွင်းဈေးကွက်အတွက် လစဉ် Carry မီနီထရပ်အစီး ၁၀၀ မျှသာ ထုတ်လုပ်သွားဦးမည်ဖြစ်ပြီး၊ ပြည်တွင်းဝန်ထမ်း ၉၀ ခန့်အထိ အသုံးပြုမည်ဟု သိရှိရသည်။

၎င်းကဆက်လက်၍ “မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကူးပြောင်းရေး အားထုတ်မှုတွေကြောင့် နိုင်ငံခြားကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံရေး လှုပ်ရှားမှုတွေ ကလည်း အင်တိုက်အားတိုက်ရှိနေပါတယ်။ မော်တော်ကားဈေးကွက်ကလည်း အသွင်ပြောင်းကာလလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဈေးကွက်ဖွံ့ဖြိုး လာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပြီး အဲလိုအချိန်မှာ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေချင်ပါတယ်” ဟု ပြောကြားပါသည်။

အင်္ဂါနေ့တွင် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့သော ဂျပန်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ရေး စည်းရုံးလှုပ်ရှားသူ ကီဒန်ရင်အဖွဲ့၏ အကြီးအကဲက မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် ငွေကြေးနှင့်ကျွမ်းကျင်မှုဆိုင်ရာ အကူအညီများ ပေးအပ်သွားမည်ဟု ပြောကြားခဲ့သည်။

ထိုအတောအတွင်း တိုကျိုအာဏာပိုင်များကလည်း မြန်မာတို့ပေးရန်ရှိသော ကြွေးမြီ ယန်းငွေ ဘီလျံ ၅၀၀ အနက်မှ ဘီလျံ ၃၀၀ (ဒေါ်လာ ၃.၂ ဘီလျံ)ကို လျှော်ပေးမည်ဖြစ်ကြောင်း ပြောကြားထားပြီးဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံ၏ ဓါတ်အားစနစ်ကို ကူညီအဆင့်မြှင့်တင်ပေးရန် ကျေးလက်ဖွံ့ဖြိုးရေးကို မြှင့်တင်ရန် နှင့် သဘောတူထားသော စက်မှုဇုံကို ထောက်ပံ့ရန်အတွက် ယန်းငွေဘီလျံ ၅၀ ထပ်မံချေးဦးမည်ဟု ဂျပန်အစိုးရက ယခင်လက ပြောကြားထားသည်။

မြန်မာနိုင်ငံသည် ယခင်တပ်မတော်အစိုးရလက်ထက်က စီမံခန့်ခွဲမှုအလွဲများကြောင့် စီးပွားရေးပြိုလဲကျသွားပြီဖြစ်သော်လည်း လက်ရှိအစိုးရသစ် က ကြီးကြီးမားမား နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးအပြောင်းအလဲများ ပြုလုပ်နေပြီဖြစ်သောကြောင့် နိုင်ငံရပ်ခြားကုမ္ပဏီများ အသစ်တဖန်ပြန်လည် စိတ်ဝင်စားလာအောင်နှိုးဆွပေးလျက်ရှိသည်။

သို့သော် ယခင်အစိုးရ လက်ထက်က နေရာတကာတွင် တင်းကြပ်ထားသော စည်းမျဉ်းစည်းကမ်း ချုပ်ချယ်မှုများကို လက်ရှိအစိုးရက ထိရောက်စွာ ဖြေလျှော့ရှင်းလင်းခြင်း မပြုသေးဟု အကဲခတ်လေ့လာသူအချို့က မှတ်ချက်ပေးထားသည်။

*********************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment